Tuesday, July 26, 2022

ဘာကြီးလဲ ( ၁၆ )


 နောက်တစ်နေ့ မှာ ပင် လမင်းစိုး သူ့အခန်းထဲကို ၉ : ၁၅ နာရီ မှာ ဝင်တော့ သူ့ အခန်း သည် တစ်စုံတစ်ရာ ထူးခြားနေသည် ဟု ခံစားရသည် ။ ခဏငေးပြီးတော့ မှ သတိရသည် ' ညိုမောင် ' ငါ သူ့ ကို သန့်ရှင်းရေး လုပ်ခိုင်းထားတာပဲ ဆိုတာ သတိ ရသည် ။


သူ့ စားပွဲ ပေါ် က ပစ္စည်းတွေ က လွဲ၍ ကျန်ပစ္စည်းတွေ အားလုံးက နေသားတကျ ရှိနေသည် ။ အဲယားဖလက်ရှ် လိမ္မော်ရနံ့ကလေး ကိုလည်း သင်းသင်းကလေး ရသည် ။ Air - con ကလည်း ပို၍ အေးစိမ့်နေသလို ခံစားရသည် ။ အရင်တုန်းကတော့ လမင်းစိုး သည် သူ့ အခန်း ကို ( ၃ ) လ တစ်ခါလောက် သာ ရှင်းတတ်သူ ဖြစ်သည် ။


သူ့ အခန်း ရှေ့မှာ ဗေဒါရောင် လိုက်ကာကြီးတွေ ကို ဆွဲဖယ် လိုက်တော့ ညိုမောင့် ကို စာရေးစားပွဲတွေ ကို အေးအေးဆေးဆေး သုတ်နေတာ ကို တွေ့ရသည် ။


ပြီးတော့ ပြတင်းပေါက် မှန်တွေ ကို ဆပ်ပြာစပရေးဘူး နှင့် ဖြန်းပြီး အဝတ်စုတ် နှင့် သုတ်သည် ။ ပြီးတော့ ညိုမောင် သည် သူ့ နာရီကို ငုံ့ ကြည့်သည် ။ နောက်ပြီး အရေးကြီး ဟန် ဖြင့် စားပွဲနောက် နှင့် ရှေ့တွင် ရှိသော ခုံတွေ ကို စားပွဲပေါ် ကောက်၍ တင်ပြီး ဖုန်စုတ်စက် ဖြင့် ဖုန်တွေ စုတ်သည် ။


ပြီးတော့ နေသားတကျ ပြန် စီ ၍ ထားသည် ။


ထို အလုပ်တွေ အားလုံး ကို လုပ်နေသော ညိုမောင့် မျက်နှာတွင် ဒေါသ မရှိ ။ မကျေနပ်တာ မရှိ ။ အားငယ် ညှိုးနွမ်းနေတာ မရှိ ။ ပကတိအတိုင်း ပင် ရှိသည် ။ လမင်းစိုး က အနောက်ဘက် ဓာတ်လှေကား မှ တက် လာသဖြင့်သာ ညိုမောင် မသိခြင်း ဖြစ်သည် ။


ထို့နောက် နာရီ ကို ညိုမောင် ငုံ့ ကြည့်သည် ။ သူ့ သန်ရှင်းရေး လုပ်ပြီးသော အရာအားလုံး ကို စေ့စေ့စပ်စပ် ကြည့်သည် ။ ပြီးတော့ ညိုမောင် သည် သူ့ သန့်ရှင်းရေးကိရိယာတွေ အားလုံး ကို ယူ ပြီး သူ့ အခန်း ရှေ့မှာပင် အနောက်ဘက် ရှိ စတိုခန်း သို့ ထွက်သွားခဲ့သည် ။ ညိုမောင့် မျက်နှာတွင် ဒေါသ မရှိ ။ သို့သော် နူတ်ခမ်း က ဘာတွေမှန်း မသိတာတွေ ကို တော့ ရွတ်၍ နေတာကို လမင်းစိုး သတိထား မိသည် ။


သိပ် မကြာခင် ကုမ္ပဏီဝန်ထမ်းများ ရောက်လာကြ၏ ။ သူတို့ နေရာ ၊ သူတို့ ခုံတွေ အရင်တုန်း ကလို မဟုတ်ဘဲ သန့်ရှင်း တောက်ပနေတာ ကို တွေ့ တော့ အံ့ဩ ကြသည် ။ အချင်းချင်း လှမ်း၍ မေးကြသည် ကို လမင်းစိုး အခန်း ထဲ မှ ငေး၍ ကြည့် နေမိသည် ။


Reception လည်း ထို့ သန့် ပြန့်နေပါသည် ။ သို့သော် Reception သည် အရင်တုန်း က လို အသက် ဝင် မနေတော့ဘဲ တိတ်တဆိတ် တာဝန်များ ကို ထမ်းဆောင် နေကြတာ ကိုသာ လမင်းစိုး တွေ့ရသည် ။


လမင်းစိုး သူ့ ခုံ တွင် ထိုင်ပြီး တစ်ယောက်တည်း စဉ်းစား နေခဲ့သည် ။ သူ့ လုပ်ရပ်သည် ခံစားမှု ကို ဦးစား ပေးခဲ့သည့် လုပ်ရပ် လား ၊ ကုမ္ပဏီ ၏ တကယ် ချမှတ်ထားသော စည်းကမ်း လား ။


လမင်းစိုး ဝေခွဲ၍ မရပါ ။ သူ လိုချင်ခဲ့သည် က ညိုမောင် သည် သန့်ရှင်းရေးသမား ဆိုသော ရာထူး ကို တူးတူးခါးခါး ငြင်းဆိုပြီး သူ့ ကို ဝမ်းနည်းပက်လက် တောင်းပန်စေချင်တာ ဖြစ်သည် ။ သို့သော် သူ လိုချင်သလို ဖြစ်၍ မလာခဲ့ ။ ဥက္ကကျော် ကတော့ ရှင်း သည် ။ သူ့ အရည်အချင်း က ဌာနမှူး တစ်ယောက် အရည်အချင်း မို့ ဌာနမှူး ရာထူး ကို တောင်းသည် ။ လမင်းစိုး က သုံးလ အစမ်း ခိုင်း ပြီးမှ စဉ်းစားမည် ဆိုသဖြင့် ထွက် သွားခဲ့သည် ။ အခု ဒီ ညိုမောင် ဆိုတဲ့ ငတိ က ဘာကြောင့် သူ့ အနှိပ်အစက် ကို အပြုံး ဖြင့် ခံ နိုင် နေရသနည်း ။


ထိုအချိန်မှာ ပင် ကိုကို့ ထံ မှ Fax တစ်ခု ဝင်လာသည် ။ Fax က ဂျပန် မှာ ဆွေးနွေးမှုများ အဆင် မပြေ ။ မြသဇင် နှင့် မပြေလည်ပါ ၊ Share ကိစ္စများ ခဏမှေးထားပြီး အသေးစိတ် ကို ရောက်မှ ပြောပြမယ် ဆိုတာပဲ ဖြစ်သည် ။


ဘာတွေ ဖြစ်ကုန်ပြီလဲ ဆိုတာ ကို လမင်းစိုး မစဉ်းစားတက်တော့ ။


ကမ္ဘာကြီး သည် အရှိန်တစ်ခု နှင့် လည်ပတ်နေရသည် ဟု ဆိုလျှင် ထို အရှိန် ထဲတွင် လမင်းစိုး သည် အများနည်းတူ ပါဝင်နေသည် ဟု ဆိုရမည် ဖြစ်၏ ။


ပိတောက်ဦး နှင့် မိုးဦးစက်များ သည် ချိန်းဆိုထားခြင်း မဟုတ်ပါ ။


အခြေအနေ ဟု ခြုံ၍ ခေါ်လျှင်ရသော သဘာဝတရားကြီး က ထို အခြေအနေ တွင် ပိတောက်ပွင့် သည့် ရနံ့ ၊ မုန့်လုံးရေပေါ် နှင့် သင်္ကြန် ၏ အော်သံ ပျော်သံများ အားလုံး ကို ပေါင်းစည်း လိုက်လျှင် မည်သို့မျှ စာဖွဲ့ ၍ မရသော ရင်တွင်း ရနံ့ ကို ရကြစမြဲ ဖြစ်သည် ။


အခု ထိုသင်္ကြန် သည် လာ တော့မည် ။


ယခု လာမည့် သင်္ကြန် တွင် လမင်းစိုး လုပ်မည့် Project အသစ် အတွက် ကြော်ငြာမဏ္ဍပ် ထိုး ရမည် ။ ကြော်ငြာဘုတ် တေွ ထောင် ရမည် ။ မင်းသား မင်းသမီး အဆိုတော်တွေ ကို ကိုယ့် မဏ္ဍပ် လူစည်ရေး အတွက် ငှားရပြုရ ဦးမည် ။ ထိုကိစ္စ အတွက် ကိုကို့ Fax က ဆက်ကြိုး စားရမည့်လား ၊ ဖျက် ပစ် လိုက်ရမည်လား ဆိုတာကို မကွဲပြား ဖြစ်နေသည် ။


ကိုကို နှင့် မြသဇင် အခြေအနေ ကလည်း ဘယ်လိုမှန်း မသိ ။


ကိုကို နှင့် မြသဇင် သည် မြန်မာနိုင်ငံ မှာ တွေ့ကြတာ မဟုတ်ဘဲ ဂျပန်နိုင်ငံ တွင် တွေ့ခဲ့ကြခြင်း ဖြစ်သည် ။ အခု ကိုကို နှင့် လမင်းစိုး တို့ ကုမ္ပဏီ အောင်မြင်နေခြင်း မှာ ဂျပန်နိုင်ငံ မှ မြသဇင် ၏ အကူအညီ ပါသည်ဆိုတာကို ငြင်း၍ မရတာတော့ အမှန်ပင် ဖြစ်သည် ။


အခု လုပ်ငန်း ထပ်မံ တိုးချဲ့မည့် အလှကုန်ကိစ္စ ကျမှ မြသဇင် ဘက် မှ ဘယ်လို ဖြစ်တာလဲတော့ လမင်းစိုး လည်း ကိုကို လာ မှပင် သိရတော့မည် ။


ဂျပန် မှာ အမျိုးအမည် တပ်၍ မရသော ပြဿနာ အပြင် ကုမ္ပဏီ တွင် ဖြစ်နေသော ပြဿနာ တစ်ခု ကို လည်း လမင်းစိုး ရင်ဆိုင် နေရသေးသည် ။ ထို ပြဿနာ မှာ ညိုမောင့် ကို သန့်ရှင်းရေး အထိ ရာထူးချထားခြင်း ကို ဝန်ထမ်းများ တစ်စစ သိရှိသွားကြခြင်းဖြစ်သည် ။


ထို့အတွက် လမင်းစိုး ကို တိုက်ရိုက် ထိခိုက်ခြင်းတော့ မဖြစ်ပါ ။ ဒါပေမယ့် လမင်းစိုး အခန်း ထဲ က ထွက် လိုက်လျှင် ဝန်ထမ်းတွေ အားလုံးက ကြောက်ကြောက်လန့်လန့်ဖြင့် အလုပ် လုပ်ကြတာ လမင်းစိုး ကို အလုပ် ကိစ္စက လွဲပြီး အခြား အလ္လာပ္ပသလ္လာပ ပင် မပြောကြတော့တာ ကို လမင်းစိုးခံစား နေရသည် ။


လမင်းစိုး ၏ ရုံးခန်း ကို ရောက်လာပြီး ထို အခြေအနေတွေ ကို အားလုံး သိသွားသော ယမင်းမ က တော့ ... 


“ မင်း စိတ် လျှော့ရမယ် ” ဟု စ၍ ပြောသည် ။


“ ငါ သူ့ ကို ထုတ်ပစ်တာ မဟုတ်ဘူး ယမင်း ” 


“ ထုတ်ပစ်လောက်တဲ့ အပြစ် လည်း ဟုတ် မှ မဟုတ်တာပဲ ကွ ၊ မင်း ဥက္ကာကျော် ကို ထုတ်ပစ်လိုက်တော့ ကုမ္ပဏီ က ဝန်ထမ်းတွေ က ဘာ ပြောလဲ ဝမ်းတောင် သာသေးတယ် မဟုတ်လား ” 


“ အင်း ...  ဒါတော့ ဟုတ်တယ် ၊ ဒီကောင် က ဆရာကြီး လုပ်ချင်တာကိုး ” 


“ အဲဒါပဲလေ ၊ ညိုမောင် က ရိုးသားတာ ကိုး ၊ ရိုးသားတဲ့ လူ ကို ဖိ ထောင်းမှ တော့ မင်း ကို မဆက်ဆံချင်တော့ တာ ဘာ ဆန်းသလဲ ၊ ကုမ္ပဏီပိုင်ရှင် တစ်ယောက် ရဲ့ လက်အောက် ငယ်သားတွေ က ချစ်နေတာ ပဲ ဖြစ် သင့်တယ် ၊ ကြောက် နေရတာ မဖြစ်သင့်ဘူး လမင်းမ ” 


“ ဒါဆို ငါ က သူ့ ကို အရင်ရာထူး မှာ ပြန် ခန့်ရမယ်ပေါ့ ” 


“ ဟင်အင်း ...  တစ်ဆင့် ပါ ထပ် တိုးပေးလိုက် ” 


သူငယ်ချင်း နှစ်ယောက် အားရပါးရ ရယ်မော လိုက်ကြည်သည် ။


ပြီးတော့ လက်ဝါးချင်း ရိုက်လိုက်ကြ၏ ။


လမင်းစိုး သည် ညိုမောင့် ကို သူ့ မျက်စိထဲ မှာ မြင်ကြည့်သည် ။ ခံစားမှု သည် အားလုံး အဆင် ချောလျက်ရှိ၏ ။


နိုင်နေကျ လူ သည် အနိုင် ကို ယူ မှ ကျေနပ်ကြစမြဲ မို့ ' အနိုင် ' ကလေး တော့ ယူ လိုက်ဦးမှ ဟု သာ လမင်းစိုး စဉ်းစား နေမိပါသည် ။


သော်သော် သည် နူတ်ခမ်းဖူးဖူးထွေးထွေးကလေး က လွဲ လျှင် ထူးထူးခြားခြား လှသည် ဟု ပြော၍ မရပါ ။


ဒါပေမယ့် သော်သော့် မျက်နှာ ပေါ် တွင် ဘဝ ကို ရင်ဆိုင် တိုက်ခိုက်နေသော ရင့်ကျက် နားလည်မှု တစ်ခု ကလည်း သိမ်မွေ့စွာ ရှိနေခဲ့သည် ။သော်သော့် အတွက် ကြမ်းတမ်းသော လောကဓံ သည် သော်သော့် မျက်နှာ ကို ' ရင့်ကျက်ခြင်း ' ဖြင့် အလှ တိုးစေသည် ။


စကားလည်း မပြော ၊ လှုပ်ရှားမှုလည်း မရှိသောအဖြစ်ကြောင့် သော်သော် အံ့ဩပြီး မော့ ကြည့်တော့

သူ့ ကို တည်ငြိမ်စွာ စိုက်ငေးနေသော ညိုမောင့် မျက်ဝန်းတွေ နှင့် သွား ဆုံသည် ။ သော်သော့် ရင်ခုန်သံ သည် ပုံမှန် တည်နေရာမှ ရုတ်တရက် တိုးဆောင့် ၍ သွားသည် ။ ဒါကို ရင်ခုန်တယ် လို့ ခေါ် တာလား ၊ သော်သော် ထ ရပ်မိမှန်း မသိ ထ ရပ်မိပါသည် ။


“ သော်သော် ဒီနေ့ ဝယ်လာတဲ့ ဘဲသား က တော်တော် ရင့်တယ် ၊ ကိုညိုမောင် ရေ နည်းနည်း သွား ထည့်လိုက်ဦးမယ် နော် ” 


ညိုမောင် က ဘာမှ မပြောဘဲ သော်သော့် ကို ငေး နေရာမှ ပြုံး ပြလိုက်သည် ။ ထို အပြုံး ပြီးပြီးချင်း သော်သော် က ထွက်ပြေး သွားတာ ဖြစ်သည် ။ သော်သော် သည် သူ့ ဘဲသားတွေ ကို တော်တော်လေး ကို စိတ်မချဟန် တူသည် ။


သန့်ရှင်းရေး လုပ်နေရသည့် ကိစ္စ ကို ရုံးဝန်ထမ်းတော်တော်များများ က မကျေနပ်ကြတာ ကို ညိုမောင် သိ ပါသည် ။ အထူးသဖြင့် သူ့ ျွနခနစအငသည အဖွဲ့ က ပိုပြီး စိတ်မကောင်း ဖြစ်ကြသဖြင့် လမင်းစိုး အဝေး မှာ မကျေမနပ် ပို ဖြစ်ကြသည် ။ ညိုမောင် ကတော့ အဲဒီကိစ္စတွေ ကို စိတ် ထဲ မှာ မထားပါ ။ ပြီးတော့ သူ့ အစား ဝမ်းနည်းနေကြသော သူငယ်ချင်းတွေ ကို ရွာ ဘုန်းကြီးကျောင်း မှာ တုန်း က လုပ်ရသည့် သန့်ရှင်းရေး အကြောင်း ကို ပြော ပြတတ်သည် ။


“ နင်တို့ ကလည်း ငါ ပြောပြမယ် ၊ ဆရာတော်ကြီး နေတဲ့ နှစ်ထပ်ကျောင်း က အောက်ထပ် မှာ ဆွမ်းစားတယ် ၊ အပေါ်ထပ် မှာ တရား ပေးတယ် ၊ အပေါ် ထပ် ရော အောက် ထပ် ရော အနည်းဆုံး လူ အယောက် သုံးရာကျော် တော့ အေးအေးဆေးဆေး ဆန့်တယ် ၊ ကြမ်းအခင်း က သုံးထပ်သား ပျဉ်းကတိုးသုံးထပ်သား နော် ၊ အဲ့ဒါ ကို ငါ ရယ် ၊ ဂျာရစ် ရယ် ၊ ကျီးကန်း ဆိုတဲ့ ကောင် သုံးကောင် တိုက် ရတာ ” 


သူ့ သူငယ်ချင်းတွေ အားလုံး စိတ်ဝင်စား နေတော့မှ ညိုမောင် က စကား ကို ဆက်ပြောသည် ။ သူ့ ရွာ အကြောင်း သူ့ ဆရာတော် အကြောင်း ပြောနေရလျှင် ညိုမောင့် မှာ ကျေနပ်၍ နေတက်သည် ။


“ ငါတို့ တိုက်ရတဲ့ ပစ္စည်း က အုန်းသီးအစိမ်း ကို အလယ်ခေါင် က လွှ နဲ့ ဖြတ် ၊ အထဲ က အုန်းသီး အသား ကို ထုတ် ပြီး အုန်းဆံ နဲ့အတူ တွဲရက် ကျန်ခဲ့တဲ့ အုန်းမှုတ်ခွက် ထဲ မှာ အဝတ် ကို ဒီဇယ်ဆီ နဲ့ ဆွတ်ပြီးတော့ မှ တိုက်ရတာ ၊ ငါက ပထမ လျှာထိုးပြား ပေါ် မှာ အုန်းဆံခွက် ကို တင် ။ အုန်းသီး ပေါ် ကို လက်နှစ်ဖက် တင် ဖင် ကို ထောင်ပြီး အုန်းခွက် ကို ဖိပြီး ခပ်သွက်သွက် ထွက်ပြေး ရတာ ၊ ဟိုဘက် ကို ရောက်တော့ နောက် တစ်လိုင်း ပေါ့ ၊ ငါ က ဟိုဘက် ရောက်လို့ နောက်တစ်လိုင်း ပြောင်းတဲ့ အချိန် ငါ တိုက်သွားတဲ့ လိုင်း ကို ကျီးကန်း ဒါမှမဟုတ် ဂျာရစ် က ထပ်တိုက် ၊ လျှာထိုးတစ်လွှာ ကို ငါတို့ သုံးယောက် တိုက်ရတာ တစ်ဝက်လောက် ရောက်ရင် ပက်လက်တွေ လန်ကုန်ကြရော ” 


“ နေ့တိုင်း အဲဒီလို တိုက်ရတာလားဟင် ” 


“ တစ်ပတ် ကို ၃ ရက် တိုက်ရတာဟ ၊ ဒါ ကျောင်း ပေါ် သန့်ရှင်းရေး ပဲ ရှိသေးတာနော် ၊ အခု ဒီမှာ လုပ်ရတာက ဘာ ပင်ပန်းလို့လဲ ဟာ ၊ ဒီ ဖုန်စုတ်စက်ကလေး နဲ့ ကော်ဇော တွေ ပေါ် လိုက်တွန်း ၊ ပြီးတော့ နင်တို့ ခုံလေးတွေ လိုက် သုတ် ၊ ထိုင်ခုံတွေ ကို စားပွဲအောက် ညီအောင် ပြန်တည့် ၊ ဒါပဲ ရှိတာ ၊ နေခင်း ဘက် ဆို တစ်ရေး တောင် နှပ် လို့ ရသေးတယ် ၊ ကဲ .. ဘယ်လောက် ကောင်းလဲ ” 


“ ဟယ် ...  နေ့ခင်းဘက် အိပ်ရသေးတယ် ဟုတ်လား ”  


ဝါဝါ က အလန့်တကြား မေးသည် ။


“ အေးလေ .. အဲဒီ သန့်ရှင်းရေး အလုပ် ပြီးရင် အိပ်လို့ ရပြီ လို့ ငါ့ ကို MD က ပြောထားတာပဲ ၊ ငါ စတို ထဲ မှာ အိပ် တာပေါ့ ” 


ညနေ နင်တို့ ပြန်သွားတော့ မှ ဖုန်စုတ်စက် နှင့် ဖုန်စုတ် ၊ ခုံတွေဘာတွေ စီ ပြီးရင် ပြန် ဒါပဲ“ 


ညိုမောင် သည် သူ လုပ်ရသည့် အလုပ် ၏ ရာထူး ၊ ဂုဏ်သိက္ခာ ၊ အဆင့်အတန်း စတာတွေကို ဘယ်တော့မှ စဉ်းစားလေ့ မရှိဘူး ဆိုတာကို သူဇာ တို့ ယုံလိုက်ကြသည် ။ ပြီးတော့ ညိုမောင် သည် သူ လုပ်ရသည့် အလုပ် ထဲ မှာ သူ ကျေနပ်စရာ ပျော်စရာ ကို အမြဲတမ်း ရှာလေ့ရှိသည် ။ သူ့ အလုပ် ကို အောက်ကျသည် ဟု သူဇာ တို့ က ထင် နေခြင်း ဖြစ်ပါသည် ။ ညိုမောင် ကတော့ သူ့ အလုပ် ကို အောက်ကျသည် ဟု ဘယ်တုန်း က မှ မထင်ခဲ့သူ ဖြစ်ပါသည် ။


အဲဒီနေ့ က ညိုမောင် အပြင်ဘက် ကို သန့်ရှင်းရေး လုပ်ပြီး မှ လမင်းစိုး အခန်း ထဲ သို့ ဝင်သည် ။ ညိုမောင် သည် လမင်းစိုး အခန်း ကို ဆိုလျှင် အမြဲ ဂရုတစိုက် လုပ်ပေးလေ့ ရှိပါသသည် ။ ဘာကြောင့်မှန်းတော့ မသိ ။ လမင်းစိုး ဒီ အခန်း ထဲ သို့ ဝင်လာလျှင် စိတ် ထဲ မှာ ကျေနပ်ပြီး ကြည်နူး သွားစေချင်သည့် စိတ်ကလေး ဖြစ်သွား စေချင်သည် ။


ထို့ကြောင့် သူ ဂရုတစိုက် သန့်ရှင်းအောင် ကြိုးစားသည် ။


ထိုအချိန်တွင် ပင် တိတ်ဆိတ် နေသော အခန်း ထဲ မှာ ထင်မထားသော ဖုန်းမြည်သံ ကြောင့် ရုတ်တရက် လန့်ဖြန့်ပြီး ညိုမောင် ' အား ' ခနဲ အော်ရင်း ထ ခုန်မိသွားသည် ။ ရင်တွေ က တဆတ်ဆတ် တုန်နေသည် ။ ဖုန်း မြည်သံ ပါ ဟု သူ့ ကို သူ အသိ ပေးရ၏ ။ ဖုန်းသံ က ဆက်မြည်နေဆဲ ။


အဲဒီမှာ ညိုမောင် တက် သော ပြဿနာ က ဒီ ဖုန်း ကို ကောက် ကိုင်ရမှာလား ။


ဒီလိုပဲ ပစ် ထားရမှာလား ဆိုတာပဲ ဖြစ်သည် ။


အကယ်၍ ဒီ ဖုန်း သည် လမင်းစိုး အတွက် ဒါမှမဟုတ် ကုမ္ပဏီ အတွက် အရေးတကြီး ဖုန်း ဖြစ် နေလျှင် ဘယ် နဲ့ လုပ်မည်နည်း ။ လမင်းစိုး ၏ အစ်ကို ဂျပန် က ဆက်တာ ဆိုလျှင် ဘယ်နဲ့ လုပ်မှာတုံး ။


သူ ကိုင် လိုက်တာ ပို ကောင်းမည် ဟု ဆုံးဖြတ် လိုက်သည် ။ လမင်းစိုး အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စ ဆို လျှင် တော့ လမင်းစိုး မရောက်သေးဘူး ဟု ပြော လိုက်ရုံသာ ရှိသည် ။ အရေးတကြီး ဖုန်း ဆိုလျှင် မှတ်ထား ရမည် ။


ညိုမောင် တရပ်စပ် မြည်နေသော ဖုန်း နား သို့ ကြောက်ကြောက်ရွံ့ရွံ့ကပ် သွားသည် ။ ဖုန်းသံ က ဒီလောက် ကြာနေပြီ ဆိုတော့ တစ်ဖက် လူ ကိုလည်း အားနာ နေမိသည် ။ စိတ်လှုပ်ရှားစွာ ဖြင့် ဖုန်း ကို ကောက် ကိုင် ပြီး ' ဟလို ' ဟု ထား လိုက်သည် ။ စိုးရိမ်စိတ် က များ နေသဖြင့် အသံ က တုန်ချင် နေသည် ။


“ လ .. လမင်း လား ၊ ဖုန်း ကို မချပစ်လိုက်ပါနဲ့ နော် ၊ ကိုငြိမ်းလေး ကိုငြိမ်း လမင်း ကို အရမ်းလည်း အားနာတယ် ၊ လမင်း စိတ်ဆိုး မှာ လည်း အရမ်း စိုးရိမ်ပါတယ် ၊ အခုလို ဖုန်း ထဲ ကနေ ပြောဖို့ ကို တောင် မှ အကြိမ်ကြိမ် ကြိုးစားခဲ့ရတာပါ ၊ လမင်း ...  လမင်း ဖုန်း မချပါနဲ့နော် ” 


“ ဂွတော့ ကျကုန်ပြီ ”  ဟု ညိုမောင် တွေး လိုက်သည် ။ တစ်ဖက်က ဖုန်း မချဖို့ တွင်တွင် တောင်းပန် ၍ နေသည် ။ ဒီ စကား အသွားအလာ အရ ဆိုလျှင် ရည်းစားစကား ပြောတော့မှာ ဆိုတာလောက်တော့ ညိုမောင် နားလည်ပါသည် ။ ထို့ကြောင့် ညိုမောင် သည် နူတ်ခမ်းတွေ ကို မဖွင့်ဘဲ လည်ချောင်း အသံ နှင့်ပင် ' အင်း ' ဟု ပြောလိုက်၏ ။


“ ဝမ်းသာလိုက်တာ လမင်း ရယ် ၊ လမင်း ကလေ ဟိုဘာလဲ ဟို ကျွန်တော့် ဘဝ ပါ ၊ ကျွန်တော် လမင်း ကို လက်ထပ် ချင်ပါတယ် ၊ လက်မထပ် ခင် ချစ်သူတွေ လို နေရင်းနဲ့ တစ်ယောက် အကြောင်း တစ်ယောက် ဟိုလေ လေ့လာမယ် ဆိုရင်လည်း လမင်းစိုး သဘောပါပဲ ၊ လမင်း လမင်း ကိုယ် ပြောတာ ကြားတယ် နော် ” 


“ အင်း .. ” 


“ ဒါဆို လမင်း က ကိုယ့် ကမ်းလှမ်းချက် ကို အခု သဘော တူ ထားတယ်ပေါ့ နော် ၊ အဲဒီလို ကိုယ် ယူဆရမှာလား ဟင် ” 


ဒီတစ်ခါတော့ ပါးစပ် ပိတ်ပြီး အင်း လို့ မပြောရဲတော့ ၊ ဒီလို ပြောလိုက်လျှင် ပြဿနာတွေ အများကြီး တက် လာနိုင်သည် ။ ဒီတော့ အမှန်အတိုင်း ဖွင့်ပြောလိုက်တာ ကောင်းလိမ့်မည် ထင်သည် ။


“ လမင်း ကျွန်တော် ပြောတဲ့ အဓိပ္ပာယ် ကို လက် လက်ခံတယ်နော် ” 


“  ...  ...  ...  ...  ...  ...  ...  ... .. ” 


ညိုမောင် အကောင်းဆုံး ဘယ်လို ပြန် ဖြေရမလဲ ဆိုတာကို စဉ်းစားသော်လည်း စဉ်းစား မရ ၊ တစ်ဖက် က အရမ်း လော ကြီး နေသည် ။ စိတ်လှုပ်ရှားမှု အရမ်း များနေသည် ။


“ လမင်း ...” 


တစ်ဖက် က ဖုန်း ထဲ မှ တုန်လှုပ်နေသော အသံ ကို ကောင်းကောင်း ကြားနေရ၏ ။ အကောင်းဆုံး က ဖုန်း ချ လိုက်တာပဲ ဖြစ်လိမ့်မည် ။ လက်ထဲ က ဖုန်း ကို တစ်ချက် ကြည့် ပခုံး ကို တွန့်ပြီး ဖုန်း ပေါ် တင် လိုက်သည် ။ ဖုန်စုတ်စက် ယူ တော့မှ တံခါးဝ မှာ သူ့ ကို မျက်မှောင်ကျုံ့ ပြီး ကြည့် နေသော လမင်းစိုး ကို ထိတ်လန့်ဖွယ်ရာ တွေ့ ရလေသည် ။


လမင်းစိုး သည် ညိုမောင့် ကို စိတ်ပျက်လက်ပျက် ကြည့်ရင်း ခေါင်း ကို ခါရမ်းကာ သူ့ ခုံ တွင် ဝင် ထိုင်သည် ။ ညိုမောင် နာရီ ကို ကြည့်တော့ ၉ နာရီ ထိုးပြီး ၂ မိနစ် ရှိနေပြီ ဆိုတာကို တွေ့ရသည် ။ သူ ကိုင်လိုက် သော ဖုန်း သည် ၉ နာရီ တိတိ မှာ လမင်းစိုး နှင့် ချိန်းထားသော ဖုန်းများ ဖြစ်နေသလား ဟု သူ အတိတ်တလန့် တွေးလိုက်မိသည် ။


“ တို့ ...  မင်း ကို ဘယ်လို လုပ်ရမလဲ ” 


ညိုမောင် ဘာမျှ မပြောနိုင်ပါ ။ လမင်း ၏ စားပွဲခုံ ကိုသာ ကြည့် နေလိုက်သည် ။


“ ဒီ ဖုန်း ကို မင်း ကိုင်ခွင့် မရှိဘူး ၊ မင်း မှ မဟုတ်ဘူး ၊ ဒီ ကုမ္ပဏီ က လူ ဘယ်သူ မှ ကိုင်ခွင့် မရှိဘူး ၊ နောက်ဆုံး တို့ ကိုကို ချစ်မင်းစိုး တောင်မှ မကိုင်ရဘူး ကွ ၊ သိရဲ့လား ” 


“ ဖုန်း က နှစ်ကြိမ် တောင် ခေါ်တာနဲ့ အရေးကြီးတဲ့ ဖုန်းများလား ဆိုပြီး ကိုင်မိတာပါ ” 


“ သေလိုက်စမ်း ၊ သူ့ ဘာသာ အကြိမ် တစ်သန်း မြည်မြည်ပေါ့ ကွ ၊ မင်း နဲ့ဘာ ဆိုင်လို့လဲ ” 


“ ကျွန်တော် ကတော့ စေတနာ နဲ့ ကိုင်တာ အမှန်ပါ ၊ ပေးချင်တဲ့ အပြစ် ပေးပါ ” 


“ ကောင်းတယ် ၊ မင်း က လုပ်ချင်တာ လုပ်ပြီးရင် ပေးချင်တဲ့ အပြစ်ပေးပါ တောင်းလိုက် နဲ့ ဟုတ်လို့ ၊ မင်း ကို အပြစ် ပေးရတဲ့ ငါ့ ကို ကျတော့ ဝန်ထမ်းတွေ က မယ်ကုဝဏ် ကျနေတာပဲ ၊ ဒီ မှာ ညိုမောင် သန့်ရှင်းရေး ဆိုတာ ဒီ ရုံး မှာ အနိမ့်ဆုံး ကွ ၊ အဲဒီ အဆင့် ထက် မင်း ကို ငါက ဘယ်လို လျှော့ လို့ ရတော့မှာလဲ ” 


ညိုမောင် ဘာမှ မပြောနိုင်တော့ဘဲ ခေါင်း ကို ငုံ့ လိုက်မိသည် ။


ဖုန်း ထဲ က လူ ပြောတဲ့ စကား ကို ဖွင့် ပြောလိုက်လျှင် ကောင်းမလား ၊ ဒါပေမယ့် ဆက် တွေးတော့ မပြောတာ က ပို ကောင်းလိမ့်မည် ဟု ညိုမောင် သဘော ရသည် ။ သူ ပြောပြ လိုက်လျှင် လမင်းစိုး ထို လူ့ဆီ လှမ်းပြီး ဖုန်းဆက် မေးမည် ။ ဟို တစ်ဖက် က လမင်း ကိုင်တာ မဟုတ်မှန်း သိတော့ ' မဟုတ်ဘူး ' ဟု ငြင်းဖို့ က များသည် ။ အဲဒါဆိုလျှင် သူ ပို ပြဿနာ တက် သွားနိုင်သည် ။


“ နေစမ်းပါဦး မင်း က ဘယ်သူ နဲ့ စကား ပြောနေတာ လဲ ၊ ဆိုလိုတာ မင်း နဲ့ ဖုန်းဆက်တဲ့ လူ နဲ့

ဘာ စကား တွေ ပြောကြလဲ ” 


“ ကျွန် ...  ကျွန်တော် က ဘာမှ မပြောပါဘူး ၊ ဟိုဘက် က ပဲ ပြောတာပါ ”  


“ ကောင်းပြီ ၊ ဟိုဘက် က ဘာတေွ ပြောလဲ ” 


“ သူ ပြောတာတွေ ကို ကျွန်တော် ဘာမှ နားမလည်ဘူး ” 


“ မြန်မာလို ပဲ ပြောတာ မဟုတ်လား ” 


“ ဟုတ်ပါတယ်  ၊ မြန်မာ လို ပဲ ပြောတာပါ ” 


“ ယောက်ျားလေးလား ၊ မိန်းကလေးလား ” 


“ ယောက်ျားလေး ပါ ” 


“ တို့ ကို ဘယ်လို ခေါ်သလဲ ၊ ညီမလေး လို့ ခေါ်လား ” 


“ လမင်း ...  လို့ပဲ ခေါ်ပါတယ် ” 


လမင်း နည်းနည်း စိတ်ညစ်သွားသည် ။ အခု ညိုမောင် ပြောပုံ အရ ဆိုလျှင် ကိုကို တော့ မဖြစ်နိုင် ။ ယမင်းမ လည်း မဟုတ် ။ ယောကျာ်းလေး ထဲ က ဆိုတော့ သူ့ ကို အသည်းအသန် လိုက်နေတဲ့ မင်းခိုက်စိုးစန် လား  ၊ မင်းခိုက်စိုးစန် လုပ်သော အစီအစဉ် ဖြစ်သည့် ပဟေဌိနန်းတော် တွင် သူ့ ကို စပွန်ဆာ ယူဖို့ နှင့် သူ့ မော်ဒန်ကဗျာအသစ်တွေ ကို ပေးဖတ်ဖို့ ဖြစ်ချင် ဖြစ်နိုင်သည် ။


“ အဲဒီ လူ က ကဗျာဆန်ဆန် စာဆန်ဆန် စကားတွေ မင်း ကို ပြော သေးလား ၊ မင်း ချက်ချင်း နားမလည်နိုင်တဲ့ စကားမျိုးတွေ လေ ” 


“ အဲဒီလိုလည်း မပြောပါဘူး ” 


လမင်း သည် သူ ပြောသမျှ ကို ဖုန်စုတ်စက် ကို လက် နှစ်ဖက်ဖြင့် ကိုင်ရင်း မဝံ့မရဲ မျက်ဝန်းများ နှင့် ဖြေနေသော ညိုမောင့် ပုံစံ ကို တွေ့ပြီး ဘာကြောင့်မှန်း မသိ ပျော်၍ သွားသည် ။ လူ့ စိတ် ဆိုတာ အင်မတန် ပြောရ ခက်သည် ဟု ပညာရှင်တွေ အားလုံး က နားလည် ထားကြသည် ။ လမင်း လို စိတ် သိပ်မြန်သည့် မိန်းကလေး ရဲ့ စိတ် ဆိုတော့ စိတ်လျင်မြန်နူန်း က မြန်လွန်း သဖြင့် ပို၍ နားလည်ရ ခက်ပါသည် ။


“ ကောင်းပြီ မင်း မှာ အပြစ် ရှိလား ” 


“ ဟုတ်ကဲ့ ၊ ကျွန် ...  ကျွန်တော့် ကို အလုပ် ထုတ်မယ့် အပြစ် ကလွဲလို့ ကြိုက်တဲ့ အပြစ် ပေးပါဗျာ ၊ ကျွန်တော် ရအောင် လုပ်ပါ့မယ် ၊ ဒီတစ်ခါတော့ ခွင့်လွှတ် ပေးပါ ” 


ညိုမောင့် ပုံစံ ကို ကြည့်ပြီး လမင်း စိတ်လွတ်လက်လွတ် ကို ရယ်မော ပစ်လိုက်သည် ။ ဘာပဲဖြစ်ဖြစ် လမင်း သည် ညိုမောင် နှင့် အတူ ရှိသော အချိန်တွေ ဆိုလျှင် စိတ် ချမ်းသာသည် ။ စူးရှသော်လည်း ဖြူစင်သည့် မျက်ဝန်း ၊ နှီးတစ်ပြားစာ ပမာဏ ရှိပြီး နက်မှောင်နေသည့် ကြောက်စရာ မျက်ခုံး ရှိသော်လည်း ထို မျက်ခုံး ကို ဘယ်တော့မှ ကျုံ့လေ့ မရှိ ။ ဆံပင် က တောရပ်ကွက် ထဲ က ဆိုင်မျိုးတွေ မှာ ညှပ် ထားဟန် တူသည် ။ ဘယ်လို မှ ပုံပန်းမကျ ။ ခန္ဓာကိုယ် က ကျစ်လစ်သည် ။ အောက်နူတ်ခမ်း သည် ဖူးဖူးလုံးလုံးကလေး ဖြစ်နေသဖြင့် လေးထောင့်စပ်စပ် မေးရိုး ၏ တင်းမာသော အား ကို လျှော့ချပေး သလို ဖြစ်နေသည် ။ အင်း ညိုမောင် သည် စနစ်တကျ ပြုပြင်လိုက်လျှင် လူချောကလေး တစ်ယောက် ဖြစ်လာနိုင်သည် ။


မိန်းကလေး တန် မဲ့ ယောကျာ်းလေး တစ်ယောက် ရဲ့အလှအပ ကို ဒီလောက် စမ်းစစ်နေစရာ မလို ဟု လမင်း ဆုံးဖြတ်ပြီး ညိုမောင့် ထံ မှ အကြည့် ကို ခွာလိုက်သည် ။


“ ထိုင်ပါ ” 


“ ခင်ဗျာ ” 


“ အဲဒီ ရှေ့ က ခုံမှာ ဝင် ထိုင်လိုက် လို့ ပြောတာ ” 


ညိုမောင် မဝံ့မရဲ ပင် ဖုန်စုပ်စက် ကို အသာ ချပြီး လမင်းစိုး ရှေ့ မှ ခုံတွင် မရဲတရဲ ဝင်ထိုင်သည် ။ လမင်း သည် ဘာမှ မဟုတ်ဘဲ နှင့် သူ့ ကို မကြည့်သော ညိုမောင့် ကို ကြည့်ပြီး ဘယ်တုန်းက မှ မပျော်ခဲ့ရဘူးသော ' အပျော် ' မျိုး နှင့် ပျော် နေခဲ့သည် ။ လမင်း လူများစွာ ကို အနိုင် ရပြီးခဲ့ပါပြီ ။ ဒါပေမယ့် ဒီလို အပျော်မျိုးတော့ မပျော်ဘူးခဲ့ ။


“ မနက် သန့်ရှင်းရေး လုပ်ပြီး ပိုတဲ့ အချိန်တွေမှာ ဘာ လုပ်လဲ ” 


“ စတိုအခန်း ထဲ မှာ အင်္ဂလိပ်စာ ကျက်ပါတယ် ၊ ဒါမှ မဟုတ်ရင် ” 


 ညိုမောင် က စကား ကို မဆက်ဘဲ ရပ်၍ထား၏ ။


“ အမှန်အတိုင်းပြောပါ ” 


လမင်း အသံ က မခက်ထန် သော် လည်း အမိန့်ပေး သံ မှန်း သိသာသည် ။


“ အိပ်ပါတယ် ” 


“ ကောင်းပြီ .. ” 


ထို စကား ကို ပြောပြီးနောက် လမင်း ...  နောက်မှီ ကို ပစ်လှဲချ မှီရင်း မျက်လုံများ ကို မှေး၍ မှိတ်ထားသည် ။ ပြီးတော့ ရင်တွေ လည်း ဘာကြောင့်မှန်း မသိ ၊ ခုန်၍ နေလေသည် ။ လမင်း မျက်စိ ကို ဖွင့်လိုက်ပြီး ဖုန်း ကို ကောက် ကိုင်ပြီး နံပါတ် တစ်ခု ကို နှိပ် လိုက်သည် ။


“ ခင်လေး လား ” 


“  ...  ...  ...  ...  ...” 


“ အေး အခု လုပ်လက်စတွေ ဖြတ်ပြီးတော့ တို့ အခန်း ကို ဆင်းလာခဲ့ ဟုတ်ပြီလား“ 


စကား ပြောပြီးသည် နှင့် လမင်း က ညိုမောင့် မျက်ဝန်းတွေ ကို တည့်တည့် စိုက် ကြည့်လိုက်သည် ။ ညိုမောင် မျက်စိ လွှဲ ၍ သွားသည် ။ စိတ် ကို တင်းထားနိုင်သည့် အတွက် လမင်း သူ့ ကိုယ် သူ ကျေးဇူး တင်လိုက်မိသည် ။ မဟုတ်လျှင် ရင်ခုန်နေပြီ ဖြစ်သော လမင်း က မျက်ဝန်း အရင် လွှဲသူ ဖြစ်သွားမှာ သေချာသည် ။ ထိုအချိန် မှာပင် လမင်း ၏ တံခါး ခေါက်သံ ကို ကြားရ၏ ။


 “ come in ” 


လမင်း စကား ဆုံးတော့ မှ ကောင်မကလေး တစ်ယောက် ဝင် လာသည် ။


“ ခင်လေး မင်း အခု လုပ်လက်စ အလုပ်တွေ ကို သိမ့်သိမ့် ကို အပ်ပြီးတော့ မင်း ဟောဒီ ဆရာသမားလေး ကို ... ” 


ခင်လေး က ညိုမောင့် ကို လှမ်း ကြည့်သည့်အတွက် လမင်း စကား ကို ခဏ ရပ်ထားလိုက်၏ ။ ခင်လေး က ညိုမောင့် ကို မိတ်ဖွဲ့သည့် အနေနှင့် ပြုံး ပြသည် ။ ညိုမောင် သည် ခင်လေး ပြုံး ပြလိုက်သည့် တစက္ကန့်လောက် အတွင်း မှာ ပြန် ပြုံး ပြရလျှင် ကောင်း မလား ၊ မပြုံးပြရဘူးလား မဝေခွဲနိုင် သဖြင့် အူကြောင်ကြောင် ကျန်ရစ်ခဲ့သည် ။


“ Computer သင် ပေးရမယ် ၊ နေ့စဉ် သူ့ ရဲ့ မှတ်တမ်းကို တို့ ဖတ်ချင်တယ် ” 


“ ဘယ်နေ့ စ မလဲ မမ ” 


“ နက်ဖြန် ...  ၊ ဒီမှာ မင်း နက်ဖြန် သန့်ရှင်းရေး ကို ၉ နာရီ မှာ ပြီးအောင် လုပ်ပါ ၊ ပြီးရင် နာရီဝက် မင်း မနက်ခင်း စာ စားဖို့ အချိန် ပေးမယ် ၊ ပြီးရင် မင်း အပေါ်ထပ် ကို သွားရမယ် ၊ ပြီးတော့ မင်း ရဲ့ ဆရာမခင်လေး ဆီ မှာ Computer ကို အခြေခံ က စပြီး သင် ရမယ် ၊ အဲဒါ ငါ မင်း ကို ပေးတဲ့ အပြစ်ပဲ ၊ မင်း သဘော တူ ရဲ့လား ” 


“ ဟာ ...  တူပါတယ် ၊ ခင်ဗျား တူပါတယ် ”  


“ ခင်လေး သူ့ ကို ရုံးဆင်းချိန် မတိုင်ခင် ငါးမိနစ် အလိုမှာ သင်တန်း ဖြုတ် ၊ သူ မင်း ဆီ မှာ သင်တန်း တက် နေတာ ကို ဘယ်သူ မှ မရိပ်မိစေချင်ဘူး ၊ ညိုမောင် ကလည်း ဘယ်သူ့ ကို မှ မပြောရဘူး နော် ၊ ဟုတ်ပြီလား ” 


“ ဟုတ်ကဲ့ ...  ခင်ဗျ ” 


“ ကောင်းပြီး နက်ဖြန် အားလုံး အဆင်ပြေပါစေ ခင်လေး ပြန်လို့ရပြီ ” 


ညိုမောင့် ရင် ထဲ တွင် အူမြူးလျက် ရှိသည် ။


ညိုမောင် သည် Computer ဆိုတာကြီး ကို နှိပ်ချင်နေတာ တတ်ချင်နေတာ ကြာပါပြီ ၊အခု အပြစ် ပေးသည့် အနေဖြင့် တက်ခွင့် ရတော့မည် ။ အဲဒီလို မှန်းသိလျှင် ထိုထက် ကြီးသော အပြစ် ကို ပင် လုပ် ပစ်လိုက်ချင်ပါသည် ။


“ ကဲ .. ညိုမောင် ” 


“ ဟုတ်ကဲ့ ခင်ဗျ ” 


“ ဒီနေ့ မင်း ပြန် နားမယ်ဆိုရင် နားလို့ ရပြီ ၊ အခု တို့ပေးတဲ့ အပြစ်ကို ဘယ်သူ့ ကို မှ တော့ ပြောလို့ မရဘူး ဆိုတာ မင်း ကြပ်ကြပ် သတိထားနော် ၊ ကဲ ... ပါလေ မင်း ကို ငါ ဒီမှာ မထားတာပဲ ကောင်းပါတယ် ၊ ထားရင် မင်း ဝမ်းသာလွန်ပြီး လျှောက် ပြော နေမှာ စိုးရတယ် ၊ ပြန်တော့ ဟုတ်ပြီလား ” 


“ ဟုတ်ကဲ့ ခင်ဗျ ၊ အခု ပြန်ပါ့မယ် ခင်ဗျ ” 


ဝမ်းသာအားရ ထွက်သွားသော ညိုမောင့် ကို ကြည့်ပြီး လမင်း စိတ်ချမ်းသာ နေသည် ။ ဒီလို အပြစ်မျိုး ကို နောက် များများ ပေးမှ ဟု သူ့ ကိုယ် သူ ပြောလျက် ရှိ၏ ။


◾နီကိုရဲ


📖 ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment