နေ့လယ် ၁၁ နာရီ ခွဲ တော့ ညိုမောင့် ခေါင်းတစ်ခုလုံး အုံခဲ ၍ နားထင်တွေ တဒိန်းဒိန်း နှင့် ဖြစ်၍ နေသည် ။ ကိုဇော် ကတော့ စီးကရက်လေး ခဲ လိုက် ၊ ဒီ ကား ဆီကနေ ဟို ကား ဆီ သွားလိုက် ၊ လူ လေးငါးယောက် နှင့် မတ်တပ် ရပ်ရင်း တဟားဟား အော်ရယ်ရင်း စကား ပြောလိုက် သူ့ ကို ပါ ခေါ် တင်ပြီး ကားတစ်စင်း နှင့် လျှောက် စီးလိုက် ၊ ပြန်လာတော့ လူလေးငါးယောက် ရပ်ရင်း စကား ကို ခပ်တိုးတိုး ခေါင်းချင်းဆိုင် ၍ ပြောလိုက် ပြီးတော့ လက်ဖက်ရည်ဆိုင် ပြန် ထိုင်လိုက် ၊ Hand phone ဆက်လိုက် ၊ ကားတွေ ကို လျှောက် ကြည့်လိုက်နှင့် ဘာတွေ ဖြစ်ပြီး ဘာတွေ လုပ် ညိုမောင် မသိတော့ပါ ။
ဒီလိုသာ နေ့စဉ် ကိုဇော့် နောက် က လိုက် နေရမည် ဆိုလျှင် ညိုမောင် ခံနိုင်မည် မထင်ပါ ။
“ မင်း ငါ နဲ့ လိုက်ခဲ့ပေါ့ကွာ ၊ အတွေ့အကြုံ ယူ ၊ ငါ ဘယ်လို လုပ်တယ် ဆိုတာကို ကြည့် ပေါ့ကွာ ၊ ငါ တို့ အလုပ်က သင်ခန်းစာ ရယ် လို့ တိတိကျကျ မရှိဘူး ၊ လေ့လာအားရယ် ၊ ပါးနပ်မှုရယ် ၊ အကွက် မြင်ဖို့ရယ် ရ လာတဲ့ ကံတရား ကို ချက်ချင်း အသုံးချတက်ဖို့ရယ် ၊ ဒါပဲလိုတာ ၊ ဟို ရောက်တော့ မင်း သိသွားမှာပါ ”
ဟု ဆိုခဲ့သော်လည်း ကားပွဲစားတန်း ရောက် လို့ မိတ်ဆက် ပေးပြီး ကတည်း က သူ့ ကို ကိုဇော် ဘာ စကား မှ မပြောတော့ ။ ကိုဇော် မိတ်ဆိတ် ပေးသူတွေ ကလည်း စကား မပြောတော့ ။ မပြောတာလည်း ကောင်းပါသည် ။ သူတို့ ပြော နေကြသည့် စကားတွေ ကို သူ နားမလည်ပါ ။ အကြေးမလှန်နဲ့ ၊ ထပ်ခွင်ပဲ ရိုက်ကွာ ၊ ကျော်ခွင် မရိုက်နဲ့တို့ ၊ ဆယ့်ငါးပြား တော့ မလုပ်နဲ့လေ ၊ ပြားနှစ်ဆယ် တော့ အဖွင့် ထည့်ပေါ့ ယောက်ဖရယ် တို့ ၊ မန္တ္တလေးခွင် ဆင်းလာရင် နှစ်ခွင် မဆင်နဲ့တော့ ၊ ခွင် ပျက်သွားပြီသာ ပြောလိုက်တော့ တို့ ဆိုတော့ ညိုမောင် သည် တိုင်းပြည် တစ်ပြည် ကို ရောက်သွားပြီး ၊ သူ နားမလည်သော စကားလုံးတွေ ကို နားထောင် နေရသူ လို ဖြစ်နေသည် ။
“ ကဲ .. တစ်ခုခု မှာလေ ၊ ညိုမောင် ကြိုက်တာ စား ၊ ဟေ့ကောင်လေး ကိုယ့် အတွက် ဘီယာ တစ်လုံး ပေး ”
“ ကိုတိုး ... ကျွန်တော် ခေါင်းတွေ ကိုက်နေတယ်ဗျာ ၊ ဘာမှ မစားချင်ဘူး ”
“ အာ .. တကယ် ကိုက်နေတာလား ၊ ဒါဆို ဆေး နဲ့ ကော်ဖီ သောက် ရမှာပေါ့ ခေါင်းကိုက် ပျောက် တော့မှ ထမင်းစား ”
ထိုစဉ် ကိုဇော် ကိုင် ထားသော ဖုန်း က အသံ ထ မြည်သည် ။ ကိုဇော် ဖုန်း ပြောသည့် စကားတွေ ကို ထုံးစံအတိုင်း သူ နားမလည်ပါ ။ ကိုဇော့် ကို ထို ဖုန်း အား မနက် က မိန်းမဝဝကြီး တစ်ယောက် က လာ ပေးသွားခြင်း သာ ဖြစ်ပါသည် ။
“ မင်း က ငါ ဖုန်း ကိုင်လို့ အံ့ဩနေလား ၊ အဲဒါက ဖုန်း ငှားတာကွ ၊ တစ်နေ့ ကို နှစ်ထောင် ပေးရတယ် ၊ တစ်လ ကို ခြောက်သောင်း ပေါ့ ကွာ ၊ အိမ် ကို ယူ လို့လည်း ရတယ် ၊ ငါ ကတော့ ခွင် ရှိတဲ့ နေ့မျိုး ကျမှ ငှား တာပါကွာ ၊ ဟေ့ ညီလေး ခေါင်းကိုက်ပျောက်ဆေး ဟိုဘက် ဆိုင် မှာ သုံးပြားလောက် ဝယ် ပေးကွာ ၊ ပြီးတော့ ကော်ဖီ တစ်ခွက်ပေး ”
ကိုဇော် က ဘီယာနှစ်ဘူး ကုန်တော့ ဖုန်းတစ်ကော ဆက်ပီး ထ ထွက်သွားသည် ။ သူ့ ကို ခေါင်းကိုက် ပျောက် သွားလျှင် စားချင်တာ မှာ စား ဖို့ နှင့် လူ တစ်ယောက် ပိုက်ဆံ လာပေးလျှင် ယူထား ဖို့ ပြောပြီး ထွက် သွားပြန်၏ ။
ခဏနေတော့ ခေါင်းကိုက် က အံ့ဩဖို့ ကောင်းစွာပင် သက်သာ သွား၏ ။ နောက်ထပ် ၁၅ မိနစ် လောက် ကြာတော့ လူ တစ်ယောက် ခပ်သုတ်သုတ် လျှောက်လာပြီး အဖြူရောင် ကြွပ်ကြွပ်အိတ် အမာစားဖြင့် ထည့် ထားသော ပိုက်ဆံထုပ် ကို ပေးသည် ။
“ တစ်ရွက်ချင်းတော့ စစ် မနေနဲ့တော့ ၊ အထုပ်လိုက်ပဲ စစ်တော့ ၊ အဲဒါ ၂၅ တစ်ထောင်တန် ချည်း ပဲ ”
ညိုမောင့် တစ်သက်လုံး ဒီလောက် များသော ငွေ ကို မြင်လည်း မမြင်ဖူးခဲ့ ၊ ကိုင်လည်း မကိုင်ဖူးခဲ့ပါ ။
“ ၂၅ ထုပ် ဟုတ်တယ်နော် ”
“ ဟုတ် ... ဟုတ်ပါတယ် အစ်ကို ”
“ အိုကေ .. ပန်းသီး လာ ပေးသွားတယ်လို့ ပြောလိုက် ၊ ဟုတ်ပြီလား ”
ထို လူ က ဘာမှ မပြောတော့ဘဲ ထွက်သွားသည် ။
ဘုရား ... ဘုရား ဒီလောက်များတဲ့ ငွေတွေ ကို ဘာမပြော ညာမပြော နှင့် တစ်ခါမှ မမြင်ဖူးသော လူတစ်ယောက် ကို စိတ်ချလက်ချ ပေး သွားတာ တော်တော်လေး ကို အံ့ဩဖို့ ကောင်း နေပြီ ဖြစ်သည် ။
ညိုမောင် ထိုင်ရမလို ထရမလို ဖြစ်နေသည် ။ ကြွပ်ကြွပ်အိတ် ထဲ မှ ငွေသိန်းအစိတ် သည် သူ့ ကို တုန်လှုပ် စေသည် ။ သူ ထ သွားရမှာလား ၊ ဒီမှာပဲ ဆက်နေပြီး ကိုဇော့် ကို စောင့် ရမှာလား ၊ ညိုမောင့် နားထင် မှာ ချွေးစေးတွေ ပြန်လာသည် ။ ဒီငွေတွေ အားလုံး က ကိုဇော် ရ မှာလား ။
နာရီဝက် လောက် ကြာတော့မှ ညိုမောင် ကိုဇော် ကို လှမ်း တွေ့လိုက်သဖြင့် ရင် ထဲ က အပူလုံးကြီး ကျ၍ သွားသည် ။
“ မင်း က လည်း ကြာ လိုက်တာကွာ ၊ ငါ ဒီ မှာ ဘာ လုပ်ရမှန်း မသိဘူး ၊ တော်ကြာ ... ”
“ ဪ ... လာပေးသွားပြီလား ၊ ၂၅ ခု နော် ”
“ အေး .. OK ငါ့ ကိုပေး ”
ကိုဇော် က ပိုက်ဆံတွေ ထည့်ထားသော အိတ် ကို ဖွင့်ပြီး လက်ညှိုး နှင့် ရေတွက် နေသေး၏ ။
“ OK အဆင်ပြေတယ် ၊ ခေါင်းကိုက်တာရော ”
“ ပျောက်သွားပြီ ”
“ ကဲ .. ဒါဆို တစ်ခုခု မှာကွာ ၊ ဟိုကောင်တွေ အတွက်လည်း တစ်ခုခုတော့ စားဖို့ ဝယ် သွားဦးမှ ... ”
“ ကိုဇော် ဒါတွေ အများကြီး ကို မင်း သိလား ”
“ ဟ ... ဒါဘယ်က သိ ရမှာလဲ ၊ ဖုန်း ဆက်ပြီး ချိန်း ထားကြတယ် လို့တော့ ဇာနည် ကပြောတာပဲ ”
“ OK .... O ... K ”
“ ဟိုကောင်လေး လာဦး ၊ တောက်တောက်ကြော်ရယ် ၊ ကြက်သားသုပ်ရယ် ၊ ဘဲဥမွှေကြော် လည်း ကောင်းတာပဲ ၊ ပြီးတော့ ... ”
ခေါင်းကိုက် ပျောက် သွားတော့လည်း ညိုမောင် ဟင်းကောင်းများ နှင့် ထမင်း စား မဝင်ပါ ။ တိုးလွင် နှင့် ကိုမိုး အတွက် ကိုဇော် က ကြက်သားလုံးချိုချဉ် နှင့် ကုန်းဘောင်ကြီးကြော် ကို ဝယ်သည် ။
သူ ထမင်း စားနေစဉ်မှာပဲ လူ ၃ ယောက် ရောက်လာသည် ။ ပြီးတော့ ညိုမောင် ပေးသော ပိုက်ဆံထုတ် ကို တစ်ထုပ်စီ ရေတွက်သည် ။ အားလုံး ပြည့်တော့ မှ ကိုဇော့် ကို တစ်သောင်းခွဲ နှင့် ညိုမောင့် ကို ငါးထောင် ပေးသည် ။ ကိုဇော့် ကို လှမ်း ကြည့်တော့ ခေါင်း ကို ညိတ်ပြသဖြင့် ယူ ထားလိုက်ရ၏ ။
“ မောင်ဇော် မင်း ရဲ့ သူငယ်ချင်း က အသစ် ဆိုပေမယ့် လာဘ် ရှိသားပဲကွ ”
ကိုဇော် က ပြုံးရင်း ခေါင်း ကို ညိတ် ပြသည် ။ ပြီးတော့ ...
“ ဒီကောင်က ခဏပါ ၊ မှေးတဲ့ သဘောမျိုးပေါ့ ၊ ဒီကောင် နဲ့ ဒီ အလုပ် က မကိုက်ပါဘူး ၊ နောက်တစ်ခု မရခင် စားဖို့ နေဖို့ကလေး ရရင်ဆိုတဲ့ သဘောပါ ၊ ဒီကောင်က စကား နည်းတယ် ၊ မဖြစ်ဘူး ”
“ ဟာ ... မင်း အဲဒီလိုတော့ မပြောနဲ့ကွ ၊ ကိုထွန်းဝင်း ကျတော့ ဘယ်လို လုပ်မလဲ ၊ ဟာ ... အင်း ... ဟုတ်ကဲ့ ၊ ဒီလောက် ပဲ ပြောတာ ၊ သူဌေး ဖြစ် နေပြီ ၊ ငါတို့ အလုပ်က ဉာဏ် ကို အားကိုးရတယ် ၊ ပြောနိုင်မှ ရတယ် ဆိုပေမယ့် ကံ ကလည်း ရှိသေးတာကိုး ”
“ ဒါတော့ ဟုတ်ပါတယ် ”
ကိုဇော် က ထောက်ခံ လိုက်သည် ။ ထို့နောက် သူတို့ စကားဝိုင်း က မန္တလေး မှ ပို့မည့် ကားတွေ အကြောင်း ရောက်သွားသည် ။ ဘာမှလည်း မလုပ်ရဘဲ ညိုမောင် နောက် လျှောက်လိုက်နေရုံ ၊ လာ ပေးထားသော ပိုက်ဆံကို လက်ခံ ပေးထားရုံနှင့် တစ်မနက်ခင်း မှာ ပဲ ငွေ ငါးထောင် ရသည့် ဆိုသည့် အလုပ်မျိုး က မြန်မာနိုင်ငံ တစ်ခုလုံး မှာ ဒီ အလုပ် ပဲ ရှိလိမ့်မည် ထင်သည် ။
သို့သော် ညိုမောင် ဒီ အလုပ် ကို မလုပ်ချင်တော့ပါ ။ ကိုယ် မသိသော ကမ္ဘာတစ်ခု ကို ရောက် နေသလို ခံစားရပြီး ၊ ဘယ်နေရာ မှာ ဘာ ပြောပြီး ၊ ဘာ လုပ်ရမှန်း မသိတဲ့ အလုပ် ၊ ဟိုထ ဒီရပ် ၊ ဟိုနားထိုင် ၊ဒီကားပေးတက် ဆိုတာမျိုး ကို ဒီ တစ်မနက်ခင်း နှင့် ပင် ညိုမောင် စိတ် ကုန်၍ သွားပြီ ဖြစ်သည် ။
ပြန်ခါနီးတော့ ကိုဇော့် ကို နောက် ရောက်လာသည့် ထဲ က လူ တစ်ယောက် က ကားသော့ တစ်တွဲ ပစ်၍ ပေးသည် ။ ကိုဇော် သည် သူ့ ကို အဆောင် အရောက် ကား နှင့် လိုက် ပို့ပေးပါသည် ။ အဆောင် ရောက်တော့ ဘယ်သူ မှ မရှိ ၊ ဒါနှင့် စားစရာတွေ ကို တိုင်မှာချိတ် ၊ white board မှာ စာ ရေးပြီး ညိုမောင် ခုတင်ပေါ် ပစ် လှဲ လိုက်တော့မှ ဘယ်လောက် ပင်ပန်းနေလဲ ဆိုတာ သိရတော့သည် ။
ခဏကြာတော့ အိပ်စက်ခြင်း သည် ညိုမောင့် ရင်ခုန်သံတွေ ကို မေ့လျှော့သွားအောင် လုပ် ပစ်လိုက်သည် ။
နောက်တစ်နေ့ ကျတော့ ညိုမောင် သည် မနက်ခင်းစောစော ထပြီး သော်သော့် ဆိုင် ကို ဝိုင်းပြီး ခဏတော့ ကူ ခဲ့သည် ။ ဒီလို မနက်ခင်း ထမင်းကြော် စားရင်း ညိုမောင် ကူညီနေတာ လေးရက်လောက် ရှိပြီ ဖြစ်၏ ။ ဒီနေ့တော့ ညိုမောင် စိတ်တေွ လေးပြီး နေမကောင်းချင် သလိုမျိုး ဖြစ်နေသဖြင့် ခဏ သာ ကူညီပြီး အဆောင် သို့ ပြန်ခဲ့သည် ။
ကားပွဲစားတန်း သို့ သွားရန် ပြင်ဆင်နေသော ကိုဇော့် ကို ကြည့်ရင်း ညိုမောင် သည် ' သူ ' မလိုက်တော့ကြောင်း ကို အားနာနာ နှင့် ပြော ရသည် ။ ကိုဇော် က ပြုံးရင်း ခေါင်းသွက်သွက် ညိတ်သည် ။
“ တစ်နေ့ မင်း ဆီ က ဒီ စကားသံ ကို ကြားရမယ် ဆိုတာ ငါ သိပါတယ် ၊ မင်း ဆုံးဖြတ်တာ မှန်ပါတယ် ၊ ငါ ကလည်း ဒီ အချိန် မှာ မင်း ကို ဘယ်ဟာ က ဘာ ဆိုတာ သင်ပေးဖို့ထက် တစ်နေ့တစ်နေ့ စားပြီး သောက်ပြီး ငါးထောင် တစ်သောင်း လောက် ကျန်ဖို့ ကို ပဲ အာရုံ စိုက် နေရတာကိုး ၊ အခု ' ခွင် ' တွေကလည်း ပျက် နေတယ် ကွ ”
“ ဟုတ်တယ် ၊ မင်း က အေးအေးဆေးဆေး ထိုင် လုပ်နေရတဲ့ အလုပ်မျိုး နဲ့ မှ ကိုက် မှာ ၊ မင်း ပန်းထိမ် သင် ပါလား ညိုမောင် ”
“ ကိုမိုး က သင် ပေးမှာလား ”
“ ဟ .. သင်ပေးမှာပေါ့ ကွ ၊ ငါ ဒီနေ့ အပ်ထည် တစ်ထည်လောက် ကို အိမ် မှာ လုပ်မယ် ဆိုပြီး ယူ လာခဲ့မယ် ၊ နက်ဖြန် မင်း ပန်းထိမ်ဆရာ အသစ် ဖြစ် ပြီပေါ့ကွာ ”
ကိုမိုး နှင့် ကိုဇော် တို့ ထွက် သွားကြတော့ ၁ဝ နာရီ ၁ရ မိနစ် ရှိနေပြီဖြစ်သည် ။ မမနွယ် က ၈ နာရီ ၄ မိနစ် မှာ အိမ် က ထွက်သည် ။ မမနွယ် ၏ ညီမ တင်တင်နွယ် က ၉ နာရီ ၁ဝ မိနစ် မှာ ပုံမှန် ထွက်သည် ။ အိမ်ဖော်ကလေး မိသန်း က အိမ်နံဘေးလှေကား ကို တံမြက်စည်းလှဲခြင်း ၊ ခြေသုတ်ခုံဖုန်ခါခြင်း တို့ ကို ၉ နာရီ ၄၂ မိနစ် တွင် ပုံမှန်လုပ်သည် ။ အခုတော့ အဆောင်တစ်ခုလုံး လည်း တိတ် ၊ အိမ်တစ်အိမ်လုံး လည်း တိတ်ဆိတ်ပြီး အားလုံး အသီးသီး ကိုယ့် အလုပ် ရှိရာ ကိုယ် သွားကြပြီဖြစ်သည် ။ ည က နားထားသော အားအင် ကို အသုံးချပြီး လောကကြီး ကို ဒါမှမဟုတ် ကိုယ့် ဘဝ ကို ကိုယ် အသုံး ကျအောင် အသုံးချ နေကြပြီဖြစ်သည် ။ သူ တစ်ယောက် သာ ည က နားထားသော အားကို ဘယ်နေရာမှာ အသုံး ချ ရမှန်း မသိဖြစ်နေသည် ။
သူ သည် လူ့ လောကကြီး အတွက် ဘယ်နေရာမှာ မှ အသုံး မဝင်တော့ဘူးလား ။ ဟောဒီလောက် ပြောကျယ်လှပြီး အလုပ်တွေ ရှုပ်ပွေနေတဲ့ လောကကြီး ထဲမှာ သူ့ အတွက် လုပ်စရာ ဘာ တစ်ခုမှ မရှိတော့ဘူးလား ။ ထိုသို့ အားငယ်စိတ် နှင့် စိတ်ဓာတ် ကျပြီး ခုတင်ပေါ် တွင် လှဲနေရင်း က စိတ် ထဲမှ ဆရာတော်ဘုရား အား သတိ ရပြီးသည် နှင့် တစ်ပြိုင်နက် ဆရာတော် ၏ မိန့်ဆိုသံ ကို ပါ ပြန်လည်၍ ကြား မိသည် ။
“ ဟဲ့ ... ညိုမောင် ရဲ့ ၊ ဘာမှ လုပ်စရာ မရှိဘူးဆိုတာ ကိုယ့် ကိုယ် ပေးတဲ့ ဆင်ခြေကွယ့် ၊ မင်း မျက်စိ ရှေ့ကို ကြည့်စမ်း ၊ တွေ့တဲ့အရာ က မင်း လုပ်ရမယ့် အရာပဲ ၊ မင်း စိတ်ထဲမှာ စဉ်းစားစမ်း ပေါ်လာတဲ့ အရာ က မင်း လုပ်ရမယ့် အရာပဲ ၊ နောင် ဘယ်တော့မှ ငါ့ ကို ဘာ မှ လုပ်စရာ မရှိဘူး လာ မပြောနဲ့ ”
ညိုမောင် သည် ဆရာတော်ဘုရား က မိန့်ခဲ့ဖူးသော စကား ကို ကြားလိုက်ရသဖြင့် လှဲ နေရာ မှ ငုတ်တုတ် ထ ထိုင်ပြီး မျက်စိရှေ့ တွင် ရှိနေသော ပြတင်းပေါက် ကို လှမ်း ကြည့်လိုက်သည် ။ ပြီးတော့ ... ညိုမောင် ပြုံး လိုက်လေသည် ။
ညိုမောင် သည် သူ့ မျက်စိ ရှေ့ မှာပင် သူ့ အလုပ် ကို ရှာဖွေ တွေ့ရှိသွားသောကြောင့် ဖြစ်လေသည် ။
အဆောင် သို့ အစောဆုံး ပြန် ရောက်သူက ကိုဇော် ဖြစ်ပြီး ရောက် ကတည်း က ရေ ပင် မချိုးနိုင် ၊ ခုတင်ပေါ် မှာ မှောက်ရက်ကြီး ငြိမ် ၍ နေသည် ။ ကိုဇော့် ပုံစံ က သားကောင် တစ်ကောင် မှ မရခဲ့သည့် မုဆိုးကြီး တစ်ယောက် နှင့် တူသည် ဟု ညိုမောင် ထင်သည် ။
စိတ် ညစ်နေ သူ တစ်ယောက် ကို အနှောက်အယှက် မပေးချင်တာနဲ့ ညိုမောင် လည်း တိတ်တိတ်ကလေး ပင် နေ လိုက်သည် ။ မှောင်စ ပျိုးတော့ ကိုမိုး ပြန် ရောက်လာသည် ။ ရောက်သည်နှင့် ကိုမိုး က ရေတစ်ခွက်ဝဝ သောက်ပြီး ရေ တန်း ချိုးသည် ။
“ ငါ က တစ်နေကုန် ပန်းထိမ်ခုံ ပေါ် မှာ ငုတ်တုတ် ထိုင်ရင်းက တကုတ်ကုတ် နဲ့ နေ ရတာကွ ၊ အဆောင် ပြန်ရောက်လို့ ရေ ချိုး လိုက်ရရင် သိပ် အရသာရှိတာ ၊ ရေချိုး ကာမှ အရသာတစ်မျိုး ရှိတာကွ ၊အဲဒါကို ငါ တို့ အညောင်းသမားတွေပဲ သိထားတာ ” ဟု ပြောတတ် လေ့ ရှိသည် ။ တိုးလွင် ရောက်လာတော့ ၇ နာရီ ထိုး တော့မည် ။ တိုးလွင် အိုဗာတိုင် ဆင်းခဲ့ရ လို့ ဟု ဆိုသည် ။ တိုးလွင် ရေချိုးပြီး သူတို့ ထမင်းဆိုင် ကို ထွက် ခဲ့ကြသည် ။ ကိုဇော် ကတော့ မလိုက် ၊ ကိုဇော် က “ ငါ အရက် သောက်ရင်း နဲ့ စားခဲ့ပြီးပြီ ” ဟုဆိုသည် ။
ထုံးစံအတိုင်း ၊ သူတို့ ဟင်း နှစ်ပွဲ နှင့် လူ သုံးယောက် စား ကြသည် ။ သူတို့ ပုံမှန် ထိုင်နေကျ ဟင်းအိုးနား က ခုံ မှာ က လူ ရှိနေသည် ။ ညိုမောင် တို့ ငါးတန်တစ်ပွဲ နှင့် ဝက်သားတစ်ပွဲ ကို မှာသည် ။ ပြီးတော့ ချဉ်ပေါင် နှင့် မျှစ်ကြော် ၊ ငါးပိရည် ၊ တို့စရာ ၊ မုန်လာဥချဉ်ရေဟင်း တို့ မှာ အလကား ရရှိသဖြင့် ထမင်းပွဲ မြိုင် သည် ဟု ဆိုနိုင်သည် ။
“ ဪ ... . ဟေ့ကောင် ၊ တနင်္လာနေ့ မင်း တို့ အောင်စာရင်း ထွက်မယ် တဲ့ ”
ညိုမောင် ရင် မခုန်တော့ပါ ။ ဝက်သား က တစ်ပန်းကန် မှာ သုံးတုံးသာပါသဖြင့် နောက်ထပ် တစ်တုံး ထပ် မယူမိအောင် သတိထားရင်း ငါးတန်ဗိုက်သား တစ်ဝက် ကို သာ အနှစ်များများ နှင့် ခပ်ပြီး ပဲစောင်းခါးသီး မြှုပ် ၊ ငါးပိရည် ကို ဆမ်း ၊ငါးတန်သား နည်းနည်း ဖဲ့ ထည့် ၊ ခရမ်းကြွပ်သီး တစ်စိတ် ကို အပေါ် က တင်ရင်း အားရပါးရ စား ပစ်လိုက်သည် ။ ပြီးတော့ ရေနွေးကြမ်းပူပူ ကို မှုတ်၍ သောက်သည် ။
“ မျှော်လင့်စရာ ဘာမှ မရှိဘူးကွာ ”
“ အေးကွာ ... ငါ လည်း စိတ် မကောင်းပါဘူး ၊ မင်း က တစ်ရုံးလုံး မှာ အရေးအကြီးဆုံး လူ နဲ့ မှ ... ”
“ တော်ပါတော့ ... တိုးလွင် ရာ ”
ညိုမောင် တားသံကြောင့် စကားဝိုင်း သည် တိတ်၍ သွားသည် ။ ထမင်း စား ပြီးတော့ မော်မော် က ထန်းလျက်ခဲ သုံးလေးလုံး နှင့်ရေနွေးအိုး အသစ် ကို လာ လဲ ပေးသွားသည် ။ ဒီအချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် စကား မပြောနိုင်ကြ ။ လူ ကျ ချိန်ဖြစ်သည် ။
ညိုမောင်တို့ ထန်းလျက်ခဲကလေး ကိုက် ၊ ရေနွေးကြမ်းကလေး မှုတ် သောက် နှင့် အချိုတည်း နေချိန်တွင် ...
“ မောင်ရင် ... စားပြီးသွားပြီလား ”
ညိုမောင့် ပခုံးကို ပုတ်၍ ဝင်ထိုင်သူက ဦးလေးသန်း ဖြစ်သည် ။ ဦးလေးသန်း က ညိုမောင် တို့ အဆောင်လမ်း နှင့် နှစ်လမ်းကျော် လောက်မှာ နေသည့် အဝီစိတွင်း တူးသမားကြီး ဖြစ်သည် ။
“ ဟာ .. ဦးလေးသန်း ကျွန်တော်တို့ အခုပဲ ပြီးတာ ၊ ဦးလေး ရော ”
“ ပြီးပြီပေါ့ကွာ ၊ မင်း အလုပ် ရပြီလား ”
“ အာ ... မရသေးဘူး ဦးလေးသန်း ”
“ အေး ဒါဆိုရင် နက်ဖြန် ငါတို့ တွင်းသစ် တစ်ခု စ ကြမှာ ၊ တို့ အထဲ က တစ်ယောက် နေမကောင်း ဖြစ်လို့ ဒီ တွင်းသစ် မှာ မဝင်နိုင်ဘူး ၊ အဲဒါ မင်း လုပ်နိုင်မလားလို့ ”
ညိုမောင် က လွန်ခဲ့သည့် သုံးလေးရက် က ဦးလေးသန်း နှင့် ထမင်းဆိုင် မှာ စကားလက်ဆုံ ကျရင်းယ အလုပ်အကြောင်း ပြော မိရာမှ အလုပ် ရချင်ကြောင်း ပြော ထားမိသဖြင့် ဦးလေးသန်း က ယခု ပြောခြင်း ဖြစ်သည် ။
“ ကျွန်တော် က ဘာ လုပ်ရမှာလဲ ဦးလေးသန်း ရဲ့ ၊ အဝီစိတွင်း တူး တာကို ကျွန်တော် က ဘာတစ်ခု မှ မသိဘူးနော် ”
“ ဟာ ... စစချင်းကတော့ လူကြမ်းပေါ့ ကွ ၊ ငါတို့ ခိုင်းတာ လိုအပ်တာလေးတွေ လုပ်ပေါ့ ၊ နောက်ကျင်းတွေ နောက်ကျင်းတွေ ကျတော့ မျက်မြင် နဲ့ ကိုယ့် အတွေ့အကြုံ နဲ့ တတ် လာတာပေါ့ကွ ၊ မင်းတို့ က ပညာတတ် တွေပဲ ကွာ ၊ သင်ရလှ တစ်လပေါ့ ”
“ ကျွန်တော် အစား ဝင်တဲ့ လူ က နေကောင်းလာတော့ရော ၊ ဦးလေးသန်း ရဲ့ ကျွန်တော် က သူ့ နေရာ ကို လု သလိုကြီး ဖြစ် မနေဘူးလား ”
ညိုမောင့် စကား ကြောင့် ဦးလေးသန်း က ရယ်လေသည် ။
“ အေး ... အေး ၊ ဒီကောင် နေကောင်း သွားရင် ငါတို့ အဖွဲ့ဆီ အလည်ကလေးပဲ လာ ပါ စေဦးကွာ ၊ ငါတို့ လုပ်ငန်း က လူ ပုံသေ မရှိဘူးကွ ၊ တွင်း ဆက်တိုက် ရနေရင်တော့ တစ်မျိုးပေါ့ ကွာ ၊ ဒီ တွင်း ပြီးလို့ နောက်တစ်တွင်း မရှိဘူး ဆိုရင် အလုပ် က ရပ်သွားရော ၊ ငါတို့က တစ်နေ့ လုပ် ၊ တစ်နေ့ စား သမားတွေ ဆိုတော့ ဗိုက် က မရပ်ဘူးလေ ၊ ဒီတော့ တွင်း ရတဲ့ သူ ဆီ လိုက်ရတာပဲ ၊ ငါ့ တွင်း မှာ ငါ က ဆရာ ဆိုပေမယ့် လူများ တွင်း မှာ ငါ က နောက်လိုက် ဖြစ်ချင်လည်း ဖြစ် သွားတာမျိုးကွ ၊ ဒါပေမယ့် ငါ့ ကို တွင်းဆရာ မှန်း သိ ကြတော့ သက်သက်သာသာ နဲ့ ဆုံးဖြတ်ရတာတွေပဲ လုပ် ရတာပေါ့ကွာ ၊ ကိုယ့် တွင်းလောက် ပိုက်ဆံ မရပေမယ့် လူကြမ်း ထက်တော့ ပိုတာပေါ့ ”
“ ဘယ်နေ့ ... စ မှာလဲ ဦးလေးသန်း ”
“ စ ဆို နက်ဖြန်ပဲ ကွ ၊ မင်း လိုက်ဖြစ်ရင် ဒီ ဆိုင် ကပဲ စောင့် နေ ငါတို့ ဒီ ဝင်ခေါ်မယ် လေ ”
“ ထမင်း ကျွေး လား ဦးလေးသန်း ”
“ ထုံးစံအတိုင်း ကတော့ ထမင်းဖိုး မပါဘူးကွ ၊ ဒါပေမယ့် အခု တူးရမယ့် တွင်း က ဘုန်းကြီးကျောင်း မှာ ဆိုတော့ ကျွေးလိမ့်မယ် ထင်တာပဲ ”
“ ဟာ .. ဘုန်းကြီးကျောင်း မှာ လား ၊ ဒါဆို ကျွန်တော် လိုက်မယ် ဦးလေးသန်း ၊ နက်ဖြန် ၉ နာရီ ကျွန်တော် ဒီမှာပဲ စောင့် နေမယ် ”
ထမင်းဆိုင် က အပြန် လမ်း မှာ သူတို့ သူငယ်ချင်းတွေ အတွေး ကိုယ်စီ နှင့် တိတ်တဆိတ် ပင် လမ်းလျှောက် လာကြသည် ။ အဆောင် ကို ရောက်တော့ တိုးလွင် က ...
“ မင်း တခြား အလုပ် တစ်ခုခု ကို ရှာ သင့်တယ် ညိုမာင် ၊ ဒီကောင် က ပင်ပန်းလိမ့်မယ် ”
“ ငါ ပင်ပန်းတဲ့ ဒဏ် ကို ခံ နိုင်ပါတယ် တိုးလွင် ရာ ၊ ငါ ရွာ မှာ နွား နဲ့ ဖက်ပြီး လယ် ထွန်ခဲ့တဲ့ ကောင်ပါ ၊ မင်းတို့ တစ်တွေ မနက် ကျရင် အသီးသီး အလုပ် ထွက်သွားကြပြီး ၊ ငါ တစ်ယောက်တည်း ဘာမှ အလုပ် မရှိဘဲ ကျန် ခဲ့တာ ကို သာ ငါ မခံနိုင်တာ ”
“ ဒါနဲ့ပဲ ခြံ ထဲ က မြက်တွေ အုတ်တံတိုင်း ကို တွယ်နေတဲ့ နွယ်တွေ ၊ ရေညှိတွေ နဲ့ အုန်းလက်ခြောက်တွေ ကို ရှင်း လိုက်တယ်ပေါ့ ဟုတ်လား ညိုမောင် ”
စကား ပြောရင်း ဝင် လာသော မမနွယ် ကို အားလုံး က တအံတဩ ငေး လိုက်ကြသည် ။
“ ဟုတ်တယ် မမနွယ် ၊ အလကား နေရင် အလကားကောင် ဖြစ် မှာပဲလို့ ဆရာတော် က အမြဲ ပြောလို့ပါ ၊ ကျောင်း မှာ ဆိုရင်လည်း အလကား မနေရဘူး ၊ လုပ်စရာ တစ်ခုကို အမြဲတမ်း လုပ်နေရတယ် ၊ ဆရာတော် က နေ့ခင်းဘက် အိပ် တာကို မကြိုက်ဘူး ၊ အဲဒါကြောင့်ပါ ၊ ပြီးတော့ ခြံ ထဲ မှာ လည်း ... ”
“ ဟိုး ... ဟိုး ... မမနွယ် ကို မိသန်း က အကုန် ပြောပြပါတယ် ၊ ပထမ သူတောင် မှ ဆင်းပြီး ဝိုင်း ကူဦးမလို့ တဲ့ ၊ ဒါပေမယ့် မင်း ကို ကြောက်တာနဲ့ သူ မဆင်းတာတဲ့ ”
မမနွယ် ပခုံးလေး နှစ်ဖက် ကို ကျုံ့ပြီး လက်သီးဆုပ်ကလေး ကို ရင် အရှေ့ကပ်ပြီး ပြောတာ ဖြစ်သဖြင့် အားလုံး ဝိုင်း ရယ် လိုက်ကြသည် ။
“ ကဲ .. ဒီတော့ မမနွယ် က မောင်ညိုမောင့် ကို ကျေးဇူးတင်တဲ့ အနေနဲ့ နက်ဖြန် မနက် ကို ခေါက်ဆွဲကြော်ပြီး ကျွေးမယ် ၊ မင်းတို့လည်း ပါတယ်နော် ”
“ နက်ဖြန်မနက် ဆို ကျွန်တော် မအားဘူး မမနွယ် ၊ အလုပ် ဆင်းရမယ် ”
“ ဪ ... မင်း က ဘာ အလုပ် ရသွားတာလ ”
“ ပုဂ္ဂလိက အလုပ်ပါ ပဲ မမနွယ် ၊ သူငယ်ချင်းတစ်ယောက် က ပေးတာ ”
“ ညနေတော့ အားတယ် မဟုတ်လား ”
“ ညနေတော့ အားတယ် မမနွယ် ”
“ OK ဒါဆို ညနေဖက်ပေါ့ ကွာ ၊ ဟုတ်လား ”
မမနွယ် က အားလုံး ကို ပြုံး ပြပြီး ထွက် သွားသည် ။
“ အင်း ... အင်မတန် ပစိဗစပ်များ တဲ့ မမကြီး နဲ့အလုပ် မရှိရင် မနေတတ်တဲ့ မောင်လေး တို့ ရဲ့ ပွဲ ကိုတော့ တို့ က အထူးတန်း ကနေ ခေါက်ဆွဲကြော် စားရင်း ကြည့် ရဦးမှာပေါ့ ကွာ ”
“ ငါတို့ ဒီ အဆောင် မှာ နေတာ သုံးနှစ် ကျော် ပြီ ၊ မမနွယ် က ငါတို့ ကို တစ်ခါမှ မုန်တို့ စားစရာတို့ မကျွေးခဲ့ဖူးဘူး ”
“ အင်း .. မင်း ကရော ဘယ် နှစ်ခါ ခြံတွေ ရှင်း ၊ ရေကန်တွေ တိုက် လုပ်ခဲ့ဖူးလို့လဲ ”
တိုးလွင် စကား ကြောင့် ကိုမိုး စပ်ဖြဲဖြဲ လုပ်ပြီး ဘာ မှ ဆက် မပြောတော့ဘဲ တိတ် သွားသည် ။
“ အင်း ... .ညိုမောင် ... မင်း က မမကြီး အတွက် မောင်လေး ၊ ကျစ်ဆံမြီး အတွက် အဖော် ၊ ဟို ဘယ်သူ တိုးလွင် ကုမ္ပဏီ က ... ”
“ လမင်းစိုး က ... လေ ”
“ အေး .. အေး ... လမင်းစိုး အတွက် ရန်ဘက် ဟုတ် ဟုတ်သေးတော့ကွာ ၊ ဟား ... ဟား ... ဟား ... ဟား ”
နောက်တစ်နေ့ မနက် မှာ ညိုမောင် သော်သော် တို့ ဆိုင်မှာ နာရီ တကြည့်ကြည့်ဖြင့် ဦးလေးသန်း တို့ ကို စောင့် ရသည် ။ ဆိုင်မှာ သော်သော် တော့ မရှိ ။ သော်သော် က ( I.C ) ခေါ် Industrial Chemistry ( ကုန်ထုတ်ဓာတုဗေဒ ) ဘာသာရပ် ကို တက္ကသိုလ် မှာ နေ့ ( Day ) တက်ရောက် သင်ယူ နေသဖြင့် နေ့လယ် လောက် မှ ပြန် ရောက်တက်သည် ။ အခု စာမေးပွဲ နား နီး သဖြင့် သော်သော် ကျောင်း ကို ပို၍ အာရုံ စိုက် နေရသည် ။ ဒီတော့ အဝေးသင် ယူထားသော မော်မော် ပို၍ ပင်ပန်းနေသည် ။
“ ကိုညိုမောင် နာရီ တကြည့်ကြည့် နဲ့ ဘာ ဖြစ်နေတာလဲ ၊ ဘယ်သူ နဲ့ ချိန်း ထားလို့လဲ ”
“ ဦးလေးသန်း တို့ အဖွဲ့ နဲ့ ”
“ ဦးလေးသန်း ၊ အဝိစီတွင်း တူးတဲ့ ဦးလေးသန်း လား ”
“ ဟုတ်တယ် ၊ ကျွန်တော် သူတို့ နဲ့ အတူ လိုက် လုပ်မလို့ ”
“ ဟာ .. ကိုညိုမောင် ကလည်း ကုမ္ပဏီ မှာ လုပ် မှာဆို ”
“ မရလို့ပေါ့ မော်မော် ရယ် ၊ ဘဝ ဆိုတာ ကျ ရာပေါ့ ”
မော်မော် က ညိုမောင့် ကို တအံ့တဩ ငေး၍ နေသည် ။
ဦးလေးသန်း တို့ လာတော့ ၉ နာရီ ၂၁ မိနစ် ။ အလုပ် မှာ ညိုမောင် ကောင်းကောင်း လုပ်နိုင်ခဲ့သည် ။ နဂို ကတည်း က သွက်လက်ခြင်း ၊ အပင်ပန်းခံနိုင်ခြင်း ၊ ပညာတတ် တစ်ယောက် ဖြစ်သဖြင့် သဘောတရား ကို သိ သွားသည် နှင့် တွက်ချက်ပြီး ဖြစ်နိုင်ချေ ရှိသည် ကို လုပ်တက်ခြင်း တို့ကြောင့် ဦးလေးသန်း တို့ အဖွဲ့ က ညိုမောင့် ကို သဘော ကျ ကြလေသည် ။
အဆောင် ရောက်တော့ ရေချိုး ပြီးတာ နဲ့ မမနွယ် ၏ ပါတီ သို့ ရောက်သွားသည် ။ အဲဒီတော့မှ ခေါက်ဆွဲကြော် မဟုတ်တော့ဘဲ ထမင်း ကျွေး တာ ဆိုတာကို သိရသည် ။
“ ပထမတော့ ခေါက်ဆွဲ စီစဉ်မလို့ပဲ ၊ ဒါပေမယ့် ညနေစာ ဆိုတော့ မင်းတို့ တင်းတိမ်မှာ မဟုတ်ဘူး ။ ဆိုင်တွေ ပိတ်ချိန် ကျမှ ထမင်း ဆာနေရင် မင်းတို့ ကို ဒုက္ခ ပေးသလို ဖြစ်နေမှာ စိုးတာနဲ့ ” ဟု မမနွယ် က ဆိုသည် ။
ထမင်းဝိုင်း မှာ ဟင်းတွေ ကလည်း စုံသည် ။ ငါးခေါင်း ၊ ကြက်သား ၊ ငါးဘတ်မွှေ နှင့် ဆိတ်ကလီစာ တို့ ဖြစ်၏ ။ ဟင်းချို က ချဉ်ပေါင်အဖြူ ကို ကြက်သွန်ဖြူကလေးတွေ ခတ်ပြီး ပုစွန်ခြောက် နှင့် ချက် ထားသည် ။ပြီးတော့ ငါးဖယ်သုတ် ။
သူတို့ လေးယောက် စား လိုက်ကြတာ ဝေသာလီပြည် ကို ဘီလူး ကျ တာကမှ နည်းနည်းကြာ ဦးမည် ။ မမနွယ် မှာ “ ဪ ... အိမ်ဟင်း အိမ်ထမင်း နဲ့ ဝေး နေကြတဲ့ သူတို့ တစ်တွေ စား လိုက်ကြတာ ၊။အားရစရာကြီး ” ဟုတွေးရင်း စိတ် ထဲ မှာ ကြည်နူးရသည် ။
ထမင်း စားပြီးတော့ အချိုပွဲ က ဆနွင်းမကင်း ၊ ကျောက်ကျော ၊ ပန်းသီးနှင့် သစ်တော်သီးရေခဲစိမ် ။ လက်ဖက် ။
အဲဒီတော့မှပင် ။ မမနွယ် နှင့် ညီမ ဖြစ်သူ ထားထားသွယ် တို့ က တစ်စုံ ၊ မောင်ညို တို့ က တစ်ဖက် ဝရန်တာ မှာ ထွက်ပြီး စကား ပြော ဖြစ်ကြသည် ။ အများဆုံး ကတော့ မောင်ညို့ အကြောင်းတွေ က များ ပါသည် ။
“ ကျွန်တော့် ရွာ က မုံရွာ ရဲ့ ဆားလင်းကြီး ကနေ ဟိုဘက် ကို ဆက် သွားရသေးတယ် မမနွယ် ရဲ့ ဝေးတယ် ၊ သာယာအေးရွာ တဲ့ ”
“ မောင်ညို မိသားစု က ဘယ်နှယောက် လဲ ”
“ ငါးယောက် မမနွယ် ၊ ကျွန်တော် က အကြီးဆုံး ၊ ကျွန်တော့် အောက် က ညီလေး ၊ ပြီးတော့ အငယ် ညီမလေး နှစ်ယောက် ၊ အငယ်ဆုံး က ညီလေး ပါ ၊ ဖေဖေ ဆုံးပြီး နောက်နှစ် ပဲ ဆရာတော် က ကျွန်တော့် ကို ကျောင်း ခေါ်ပြီး တာဝန် ယူလိုက်တာ ကျွန်တော် ဆယ့်နှစ်နှစ်သား လောက်မှာပါ ”
“ ဪ ... ”
“ ဘွဲ့ ရ ပြီးတော့ ဆရာတော် အဆက်အသွယ် နဲ့ ပဲ ၊ အခု ရန်ကုန် မှာ အလုပ် လျှောက်ဖို့ လာတာပါ ”
“ မင်း ဒီ ဘွဲ့ကို မန္တလေး မှာ ကျောင်း တက်ပြီး ယူ ခဲ့တာလား ”
“ ဟုတ်ပါတယ် ၊ ဆရာတော် ရဲ့ ဒါယကာ တစ်ယောက် အိမ် မှာ ဝိုင်းလုပ်ဝိုင်းစား နဲ့ နေရင်း ဒီ ဘွဲ့ ကို ယူ ခဲ့တာပါ ၊ ကျောင်းစရိတ် ကို တော့ ဆရာတော် က ပဲ ထောက်ပံ့ပါတယ် ၊ အခုတော့ အလုပ် ရရင် ကျွန်တော့် အလှည့်ပေါ့ မမနွယ် ရယ် ”
“ အေးပေါ့ကွာ ၊ လူငယ် တစ်ယောက် ရဲ့ အနာဂတ် မှာ တောက်ပတဲ့ အိမ်မက် တစ်ခု ကတော့ အမြဲတမ်း ရှိကြစမြဲပါပဲ ၊ အဲ့ဒီလို ကံ ၊ ဉာဏ် ၊ ဝီရိယ နဲ့ သွား ကြရတဲ့ အခါမှာ ဉာဏ် နဲ့ ဝီရိယ ကို သာ ငါတို့ ပိုင်တယ် ၊ ကံ ကို ငါတို့ မပိုင်ဘူး ၊ အခု မင်းတို့ မမနွယ် ရဲ့ အဆောင် မှာ နေတယ် ဆိုတာ ခဏတာ ခိုလှုံတာပါ ၊ နောင် လေးငါးဆယ်နှစ် ကြာလို့ ပြန် တွေ့ကြတဲ့ အခါကျတော့ မင်းတို့ အားလုံး ဟာ မမနွယ် က လေးစားလောက်ရတဲ့ သူတွေ ဖြစ် နေပါစေလို့ မမ ဆုတောင်းပါတယ် ကွာ ”
ထိုနေ့ ထမင်းကျွေးပွဲကလေး သည် နွေးထွေးသော အနာဂတ် ဆွေးနွေးပွဲလေး တစ်ခု လည်း ဖြစ်ပြီး မမနွယ် နှင့် သူတို့ ပိုမို ရင်းနှီးစေ သည့် ပွဲကလေးလည်း ဖြစ်သွားပါသည် ။
◾ နီကိုရဲ
📖 ဘာကြီးလဲ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment