Friday, July 15, 2022

ဘာကြီးလဲ ( ၆ )


 အဆောင် ကို ပြန်ရောက်တော့ ဘယ်သူမှ မရှိသည်နှင့် ညိုမောင် ခုတင်ပေါ် လှဲရင်း သူ ဒီနေ့ မနက် ဖြစ်ခဲ့တာတွေကို တွေးနေမိသည် ။ သူ ကားတွန်းပေးခဲ့သော လမင်းကလေး သည် Solo ကုမ္ပဏီ ၏ ဒုတိယဥက္ကဋ္ဌ MD ဖြစ်နေသည် ။ ထို ကောင်မလေးကို သူ က ကူညီပြီး ကား တွန်းပေးခဲ့သည် ။ ပုံပြင်ထဲ မှာ ဒါမှမဟုတ် ရုပ်ရှင်တွေ ဘာတွေ ထဲ မှာ ဆိုလျှင်တော့ သူ့ ဘဝသည် အလွန်တစ်ရာ အဆင်ပြေ သွားဖို့ ရှိသည် ။ အခု တကယ် လက်တွေ့ ကျတော့ ဘာတွေ ဖြစ်ကုန်မှန်း မသိ ။

ဒီအလုပ် ကို ရရန် အားခဲ လာခဲ့သော ညိုမောင့် အတွက် အားလျှော့ရုံတင် မက အားပါ ကုန် သွားခြင်း ဖြစ်သည် ။ ဒီ အလုပ် ရ မှ မဟုတ် ဘယ်အလုပ် မဆို ရအောင် လုပ် ဟူသော ဆုံးဖြတ်ချက် ဖြင့် ညိုမောင် ရန်ကုန် သို့ တက်လာခြင်းဖြစ်ပါသည် ။ ထို့ကြောင့် ညိုမောင် တုန်လှုပ်ခြင်းတော့ မဖြစ်ပါ ။ ဒါပေမယ့် အားငယ် ဝမ်းနည်းသွားသလိုတော့ အမှန်တကယ် ခံစားရပါသည် ။


သူ ခံစားနေရတာ ကို အားရပါးရ ပြောချလိုက်ရလျှင်လည်း ညိုမောင့် ရင် ထဲမှာ ပေါ့ပါး သွားနိုင်စရာ ရှိသည် ။ သို့သော် အဆောင် မှာ ဘယ်သူမှ မရှိ ။ ဒီတော့ ဝမ်းနည်းခြင်း အပေါ်မှာ အားငယ်ခြင်း က ထပ်ဆင့် ရောက်လာခြင်း ဖြစ်၏ ။


ညိုမောင် မျက်စိ ကို မှိတ်ထားလိုက်သည် ။


သူ့ ကို လှောင်ရယ် ရယ်နေသော လမင်းလေး ပုံ ပေါ်လာသည် ။ ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ ။ အဖြူတွေချည်းပဲ ဝတ်ထားသဖြင့် သူက ရင်ထဲမှာ လမင်းလေးလို့ အမည် ပေးခဲ့သည် ။ ပြန်တွေ့ရဖို့ကိုလည်း မမျှော်လင့်ခဲ့ပါ ။ ပြန်တွေ့တော့ သူ့နာမည်က ' လမင်းစိုး ' တဲ့ ။ လမင်း ကို ဆိုးမည့် သူ တော့ မဖြစ်နိုင်ပါ ။ လူတစ်ယောက် ကို လမင်း က စိုးမိုးသလို စိုးမိုးမည့် သဘောသာဖြစ်လိမ့်မည်ဟု ညိုမောင် ထင်ပါသည် ။


ညိုမောင် သည် ဤသို့ လမင်းစိုး အကြောင်း ကို တွေးရင်းနှင့် အိပ်ပျော်၍ သွားလေသည် ။ ညိုမောင် နိုးလာတော့ ညနေခင်း နေကျချိန်ကို ရောက်နေပြီ ဖြစ်သည် ။ ကိုဇော် က ဝတ္ထုစာအုပ် ကို သဲကြီးမဲကြီး ပက်လက်လှန်ရင်း ဖတ် နေသည် ။ ကိုမိုး ကတော့ ရေကန် မှ ရေ ကို အားရပါးရ ချိုး နေတာ ကြား ရသည် ။ သူ က သီချင်းကလေး နှင့် ရေချိုး နေသည့်အတွက် ကြား ရသည် ဟု ဆိုခြင်းဖြစ်သည် ။


တိုးလွင် ကို မတွေ့ ၊ အသံ လည်း မကြားရ ။ ဧကန္တ ပြန် မရောက်သေးတာ ဖြစ်လိမ့်မည် ထင်သည် ။ နေ့လယ်ခင်း အိပ်ပြီး ညနေရီ နေဝင်ချိန် မှာ နှိုးလေ့နှိုးထ ရှိသူတိုင်း ခံစားရလေ့ ရှိသော စိတ် လေးလံထိုင်းမှိုင်းခြင်း ၊ ငေါင်နေခြင်း ဆိုသော ဝေဒနာ ကို ခံစားနေရသည် ။ ညိုမောင် သူ့ လက် က နာရီကလေး ကို ငုံ့ ကြည့်လိုက်တော့ ၅ နာရီ ၄၂ မိနစ် ရှိနေပြီ ။ ကိုမိုး ပြီးရင် သူ ရေချိုး လိုက်လျှင် လန်းဆန်းသွားမည် ဟု ညိုမောင် တွေး လိုက်သည် ။ ကိုဇော် ကတော့ သူ နိုးတာကို သိသော်လည်း လှည့် မကြည့် ။ စာအုပ်ကိုသာ သဲကြီးမဲကြီးဖတ်၍နေသည် ။


“ နွေဦး ကံကော်များ ဪ ... ခြံထဲပွင့်ဝေ ဆွတ်သင်း ... ပျံဝေမြဲ .. ဝါရွှေနု ပွင့်ဖြူ .. ဪ ... နိုးပြီလား ”


သီချင်းကလေး ဖြင့် ဝင် လာသော ကိုမိုး က ရေခွက် ကို တင်ရင်း လှမ်း မေးသည် ကို သူ ခေါင်းညိတ် ပြလိုက်ပြီး အပြင်းကြော ဆန့်လိုက်သည် ။ ပြီးတော့ သူ့ ဘယ်လက် လက် မှာ ပတ်ထားသည့် နာရီကလေး ကို ချွတ်ပြီး တိုင်မှာ ရိုက် ထားသော သံချောင်းကလေး မှာ လှမ်း ချိတ်လိုက်သည် ။ ဒီ သံချောင်းကလေး ကို အရင် သူ့ ခုတင် မှာ နေ သွားသူက ဘာ အတွက် အသုံးချဖို့ ရိုက် ထားတာလည်းတော့ မသိ ၊ ညိုမောင့် အတွက်ကတော့ သူ့ နာရီကလေး ချိတ်ရန်အတွက် အလွန် အသုံးတည့်လှသည် ။


ညိုမောင် သည် တိုင် မှာ ချိတ် ထားသော နာရီကလေး ကို မြတ်မြတ်နိုးနိုး ကြည့်လိုက်သည် ။ နာရီကလေး က မင်း က ဘာ ကြည့်တာလဲ ၊ ငါ နေကောင်းပါတယ် ကွ ၊ ငါ က ဒေါင်ဒေါင်မြည်ပါ ဆိုသော သဘော နှင့် တဆတ်ဆတ် လည်၍ ပြနေသည် ။ သို့သော် နာရီလက်ပတ်ကြိုး က ဟောင်း လှပြီ ၊ အနားတွေ ဖွာနေသော လည်သာလတ်ပတ်ကြိုး ဖြစ်၏ ။ သူတို့ ရွာ မှ သွားလျှင် ပထမဦးဆုံး တွေ့ရသည့် မြိုင်ဝန်ကားကြီးဂိတ် မှ တစ်ဆိုင်တည်း ရှိသော နာရီဆိုင် မှ ဝယ် လဲ ခဲ့ခြင်းဖြစ်သည် ။ ထို ကတည်း က ညိုမောင် ဆုံးဖြတ်ချက် ချ ခဲ့တာက ဒီ နာရီကလေး ကို နောက် တစ်ကြိမ် လဲသည့် အခါတွင် အကောင်းစား ရွှေရည်စိမ်လက်ပတ် ကို ဝယ် လဲ နိုင်တော့မှပဲ လဲ တော့မည် ဟု ဆုံးဖြတ်ချက် ချခဲ့သည် ။ ညိုမောင်သည် နာရီလေးကို အလွန် တန်ဖိုးထားသည် ။ သူ့ အသက် ပြီးလျှင် ဒုတိယ တန်ဖိုး အထားဆုံး ဟု ဆိုလျှင်ပင် လွန်လိမ့်မည် မထင်ပါ ။ ညိုမောင် တိုင် မှာ ချိတ် ထားသော နာရီကလေး ကို လက် ဖြင့် အသာ လှမ်းပုတ်လိုက်ပြီး ပြုံးရင်း ထ ရပ်ကာ ရေ ချိုးရန် အင်္ကျီ ချွတ်လိုက်သည် ။


ညိုမောင် ရေချိုး နေစဉ် မမနွယ် ဆိုင် မှ ပြန်လာဟန် တူသည် ။ မမနွယ် သည် ရန်ကင်းစင်တာ မှာ ကီမိုနိုပါတိတ် နှင့် ယနေ့ခေတ် အဝတ်အထည်ဆိုင် ဖွင့်ထားကြောင်း ကို ကိုမိုး ကပြောပြထား သဖြင့် ညိုမောင် သိရသည် ။ မမနွယ် မှာ တင်မေသွယ် ဆိုသော ညီမလေး တစ်ယောက် ရှိပြီး ၊ MA ဆက် တက်ပြီး ဆရာမ လုပ်ရန် ကြိုးစားနေသည် ဟု ကိုမိုး က ဆိုသည် ။ တစ်ဆက်တည်း ကိုမိုး ပြောသည့် စကား က ...


“ မင်း မေသွယ့် ကိုတော့ ညီမလေး တစ်ယောက် လို ခင် ပေါ့ကွာ ၊ ငါ နဲ့ မေသွယ် က ... ”


“ ဟာ ... ဘာလဲ ... ဖြစ်နေပြီလား ”


“ သိပ်မကြာခင် ဖြစ်တော့မှာ ”


“ စကား ရထားပြီလား ”


“ အင်း ... ပါးရိုက် ခံရမယ်တဲ့ ၊ ကိုယ့် အိမ် နဲ့ ကိုယ် နေနိုင်အောင်ပဲ အရင် ကြိုးစားပါဦး တဲ့ ၊ သူ ပြောတဲ့ စကားတွေက ငါချစ်တာနဲ့ ဘာဆိုင်လို့လဲကွာ ၊ မဟုတ်ဘူးလား ”


သူ ကတော့ အခုမှ ရောက်တာ တစ်ရက် နှင့် တစ်ပိုင်းမို့ မေသွယ့် ကို မတွေ့ဖူးသေးပါ ။ မမနွယ် က အိမ်ပေါ် သို့ တက်ရန် လှေကားသုံးထစ် ကို တစ်ထစ် တက်ပြီးမှ သူ့ ဘက် သို့ လှည့်၍ လှမ်း အော်မေးသည် ။


“ ကောင်လေး မနက် က အဆင်ပြေလား ”


ညိုမောင် က ခေါင်း မှ ရေလောင်း အချနှင့်မို့ ရုတ်တရက် မဖြေနိုင် ။ မျက်နှာ မှ ရေ သပ်ပြီးမှ ပြန် ဖြေရသည် ။


“ ဟုတ်ကဲ့ မမနွယ် ပြေပါတယ် ”


“ အေး ... အေး ရပါစေကွာ ”


“ ဟုတ်ကဲ့ မမနွယ် ”


ဒါမျိုး ကို မုသားစကား ဟုခေါ်နိုင်သား ဟု ညိုမောင် စဉ်းစားနေမိသည် ။ သူ အမှန်အတိုင်း ဖြစ်ခဲ့တာကို မမနွယ် နားလည်အောင် ရှင်းပြနေလျှင် သူ က အဆုတ် အအေးပတ် သွားနိုင်သည် ။ မမနွယ် လည်း လှေကားထစ် မှာ မိနစ် အစိတ် လောက် စိတ် မဝင်စားချင်ပဲ ရပ် နေလိမ့်မည် ။ ပြီးတော့ သူ့ ကိုလည်း စိတ် မှ နှံ့ ရဲ့လားဟု ထင်ချင် ထင်မည် ။ ဒီတော့ အခုလို မုသားမျိုး သည် အခြေအနေ အချိန်အခါ အရ ပြုသင့်သော မုသား ဟု ညိုမောင် ယုံကြည် လိုက်သည် ။


ညိုမောင် ရေ သုတ်နေတုန်း တိုးလွင် ရောက်လာသည် ။


“ ငါ ပြန်ရောက်တော့ ဒစ်စပါတ် က ကောင်မလေးတွေ က ပြော တယ်ကွ ၊ မင်း က လည်း ပြန်မယ် ဆိုရင်လည်း သူတို့ ကို ပြန်မယ် လို့ ပြော သွားရောပေါ့ ၊ ငါ က မင်း ရှိသေးတယ် ဆိုပြီး လျှောက် ရှာလိုက်ရတာ ၊ ဦးဌေးဝေ လည်း ၃ နာရီခွဲ လောက် မှ ပြန် ဝင်လာတာ တွေ့တယ် ၊ ဘယ်လိုလဲ အဆင် ပြေတယ် မဟုတ်လား ”


“ မပြေဘူး တိုးလွင် ၊ မင်းတို့ ကို ငါ ဘာ ဖြစ်ခဲ့တယ်ဆိုတာ အစအဆုံး ပြောမယ်ကွာ ”


ကိုဇော် စာအုပ် ဖတ်တာ ရပ် သွားသည် ။ ကိုမိုး  က သီချင်းညည်း တာ တိတ် သွားသည် ။တိုးလွင် က သူ့ ခုတင် ပေါ် တွင် ထိုင် ချလိုက်ရင်း သူ့ မျက်နှာ တည့်တည့် ကြည့်ရင်း မေး သည် ။


“ မင်း ... ဘာတွေ ဖြစ်ခဲ့လို့လဲ ညိုမောင် ”


ညိုမောင် က သူ ဖြစ်ခဲ့သည့် ပြဿနာအားလုံး ကို ပြော ပြလိုက်တော့ သူငယ်ချင်းတွေ အားလုံး ဝူးဝူးဝါးဝါး ဖြစ်ကုန်သည် ။


“ ဟာ ... ဒါ ဘာသဘောလဲ ကွ ၊ မင်း က သူ့ ကို ကူညီခဲ့တာတောင် သူ က ဘာဖြစ်လို့ ဒီလောက် ရစ်ရတာလဲ ၊ သူ က ပြန် မကူညီချင် နေကွာ ၊ ထပ် ရစ်တာကြီး ကတော့ တရား လွန်တာပေါ့ ၊ သူ က ဘာ မို့လို့လဲ ”


ကိုမိုး က ဒေါသတကြီး ဝင် အော်သည် ။ တိုးလွင် က ...


“ မင်း ... လမင်း အကြောင်း ကို မသိလို့ အဲဒီလို ပြောတာ ငမိုး ၊ လမင်း က Solo မှာ ဘုရင်မ ပဲ ၊။သူ့ အစ်ကို ကတောင် သူ့ ကို နိုင်တာ မဟုတ်ဘူးကွ ၊ သူ က ထင်ရာ လုပ်တာ ၊ သူ့ အစ်ကို က လူအေး ၊လူမှန် မို့ သာ ငါတို့ တော်တော် သက်သာနေတာ ”


“ သွားစမ်းပါ ငတိုး ရာ ၊ ဒီမှာ ဟေ့ကောင် ရွှေ ချည်းပဲ ပစ္စည်း လုပ်လို့မရဘူးကွ သိလား ၊ ကြေး ရော ရတယ် ၊ ကြေး ရော ရတယ် ၊ သူ ဘုရင်မ ဖြစ်တယ် ဆိုတာ သူ့ ကို ဘုရင်မ ဖြစ်အောင် လုပ် ပေးနေတဲ့ လူတွေ ရှိနေလို့ ဖြစ်တာပါ ကွ ”


“ ငါတို့ က သူ့ ကို ဘုရင်မ နေရာ ပေးမထားရင် Solo ကနေ Solo တီးလုံးကလေး နဲ့ ကပြီး ထွက် သွားရမှာပေါ့ကွ ”


“ အေးပါ ၊ မင်းတို့ ရဲ့ ရပ်တည်ချက် ကို ငါ နားလည်ပါတယ် ၊ အဲဒီ အပေါ်မှာ သူ က အခွင့်ကောင်း ယူ နေတာပေါ့ကွ ၊ ငါတို့ ဗုဒ္ဓဘာသာတွေ ပဲ ကွာ ၊ ကိုယ့် အပေါ် မှာ ကျေးဇူး ရှိတဲ့ လူ ကို ကျေးဇူး ပြန် မဆပ်ချင်ရင် နေ ၊ ထပ်ပြီးတော့ စော်ကားတာ တော့ တရား မဲ့ လွန်း လူမဆန်လွန်း အားကြီး ပါတယ်ကွာ ၊ မင်း မို့လို့ ညိုမောင် ငါ သာ ဆို အဲဒီလို ပြောပြီး ထွက် လာခဲ့တယ် ”


တွေ့ရ သိရတာ တစ်ရက် နှစ်ရက် သာ ရှိ သေးသော်လည်း ကိုမိုး သည် သူ့ ဘက် က မခံမရပ်နိုင် ဖြစ်ပြီး ဒေါသတကြီး ဖြစ် နေသည်ကို ငေးရင်း ညိုမောင့် ရင်ထဲ နွေးထွေး ၍ သွား၏ ။


“ သူ က ကားတွန်းခ တစ်ထောင် ပေးခဲ့တယ် လေ ”


“ ဟ .. အဲဒါ ကို မင်း ရယူတာ မှ မဟုတ်ဘဲ ၊ သူ က မင်း ပြန်တောင်းတာ က အကူအညီပဲ မဟုတ်လား ၊ ဒါကိုမှ သူ က သူတောင်းစား ပေးသလို လွှင့်ပစ်ပြီး လည်း ပေး သေးတယ် ၊ အထဲမှာ တွေ့တော့လည်း စော်ကားသေးတယ် ၊ ဘာလဲ ကွ ”


“ ငမိုး အဲဒီ ဖြစ်ရပ်တွေ အားလုံးရဲ့ တရားခံက ကား ကြောင့် ဖြစ်တာ ကွ ”


“ ကား ကြောင့် ဘာလဲ ကွာ ၊ မင်း ကလည်း ကားပွဲစားလို့ မပြောရဘူး ၊ ဘာပဲဖြစ်ဖြစ် ဖြစ် တာနဲ့ ကားကြောင့် ဆိုတာ ချည်းပဲ ၊ ဒီကိစ္စ က ကား နဲ့ ဘာ ဆိုင်လို့လဲ ”


“ တိုက်ရိုက်ကိုဆိုင်တယ် ငမိုး ၊ ဒီကောင် ပြောပုံ အရ ဆိုရင် ဒီ ကောင်မကလေး စီး တဲ့ ကား ဟာ ငါတို့ ဈေးကွက် မှာတော့ နောက်ဆုံးပေါ် ပဲ ၊ သူ က ကားအတွက် လုပ်ဆောင်ချက်တွေ အားလုံး ကို ဒစ်ဂျစ်တယ်စစ်စတန် ( Degital system ) နဲ့ သွားတာကွ ၊ အနည်းဆုံး တစ်ထောင် အထက် မှာရှိတယ် ”


တစ်ချိန်လုံး တိတ်နေရာမှာ ဝင် ပြောသော ကိုဇော့် ကိုလည်း ညိုမောင် ငေး နေမိသည် ။ ရွှေသမား က ရွှေ နှင့် သူ့ ကိစ္စ ကို ဆုံး ဖြတ်သည် ။ အခု ကားသမား က ကား နှင့် သူ့ ကိစ္စ ကို ဆုံးဖြတ်နေတာ ကို ညိုမောင် ပင် ပြန် စိတ်ဝင်စားနေရ၏ ။


“ ကားကောင်း စီးတဲ့ သူဌေးတွေ မှာ မှ ကျရောက်တက်တဲ့ ရောဂါ ရှိတယ် ၊ အဲဒါက ကား ပျက်ရင် သေမတက် ရှက်တာပဲ ၊ ဒီကောင်မလေး လည်း ဒစ်ဂျစ်တယ် တစ်ထောင် ကျော် ကားကြီး စီးပြီး ရွှေတောင်ကြား ထဲ မှာ ကား ပျက်တာကို ရှက် မှာပေါ့ ၊ ကား ဆိုတာကလည်း အဖိုးတန်ကြီးလေ ပြင်တက်တဲ့ သူ ရှား လေလေ ဝယ် ထည့်ရမယ့် စပါယ်ယာပစ္စည်း များလေလေပဲ ”


“ ဟေ့ကောင် ... ငဇော် မင်း ကားအကြောင်းတွေ လာ မပြောနဲ့ကွာ ”


“ ဒါမှ မင်းတို့ ငါပြောတာကို သဘော ပေါက်မှာပေါ့ ကွ ၊ အဲဒီတော့ ဒီ ကား ဟာ ဒီလို တစ်ခါ နှစ်ခါ ဖြစ်ထားဖူးရမယ် ၊ သူတို့ သွား ပြကြမှာပဲ ၊ ကိုင်နိုင်တဲ့ သူ မရှိသေးလို့ဖြစ်မယ် ၊ ဒါပေမယ့် စက် ထိုးရပ်သွား ရင် တွန်း နိုး လို့ ရတယ်ဆိုတာကိုတော့ ကောင်မလေး က သိ ထားတယ် ၊ သူတို့ ကံ ကောင်းတာပေါ့ ၊ တချို့ ကား ဆို ကြိုး နဲ့ ဆွဲပေးတော့ပဲ ”


“ ကဲ .. ကားအကြောင်းတွေ မပြောပါနဲ့ ဆိုနေ ကွာ ”


“ နေစမ်းပါဦး ၊ မင်း ကလဲ ၊ အဲဒီမှာ ဒီကောင် ကို တွေ့တော့ လမ်းသွားလမ်းလာပဲ ၊ ပုံစံ ကို ကြည့်ပြီးတော့ ကားအကြောင်း ဘာမှ နားလည်တဲ့ အကောင် ပဲ ဆိုပြီး တစ်ခါဆက်ဆံ သဘောမျိုးနဲ့ တွန်း ခိုင်းတာ ၊ ပြီးတော့ သူဌေး တို့ ထုံးစံ အတိုင်း ငွေ ကို အားကိုး တာ ပေါကွာ ၊ ကား လည်း စက်နှိုး ပြီး မုန့်မိုးတစ်ထောင် ပေးခဲ့မယ် ၊ ဒီ ဘဝ မှာ နောင် တစ်ခါ ဒီလို ကောင်မျိုးနဲ့ ဆုံစရာ ကိစ္စလည်း မရှိတော့ဘူး ဆိုပြီး ပိုက်ဆံ ထုတ်ပေးတော့မှ ဒီကောင် က မယူဘဲ သူ့  Solo  ကတ်ကို ပြပြီး အဲဒီမှာ အင်တာဗျူး ဖြေမယ်ပါ ပြော လိုက်တော့ အရှက် ကွဲပါပြီ ဆိုပြီး ပိုက်ဆံ ကို ချပြီး လစ် တာ ၊ ပိုက်ဆံ တစ်ထောင် ကို သူတောင်းစား ပေးသလို စော်ကားပြီး ပေး သွားတာ မဟုတ်ဘူးကွ ၊ ရှက်ပြီး လစ်တာ ... ”


ကိုဇော့် စကား ဆုံးတော့ အားလုံး ငြိမ်သွားကြသည် ။


ကိုဇော် ပြောသည့် သုံးသပ်မှု ကို ဘယ်သူမှ မငြင်းနိုင်ကြ ။


“ မဟုတ်သေးဘူး ကွ ၊ မင်း ပြောတာ မှားတော့ မမှားဘူး ၊ ဒါပေမယ့် ကောက်ချက် ချတာ မှား နေတယ် ”


ရုတ်တရက် တံခါးဝ မှ ထွက် လာသော မမနွယ် ၏ အသံကြောင့် အားလုံး ထိတ်လန့်၍ သွား ကြသည် ။ မတ်တတ်တွေ ဘာတွေ ထ ရပ် ဖြစ်ကြသည် ။


မမနွယ် ၏ ဘယ်ဘက်လက်ခုပ် ထဲ မှာ စပါယ်ပန်းဖူးကလေး တွေ ကို တွေ့ ရသည် ။ သူတို့ အဆောင် ၏ ညာဘက် တွင် မမနွယ် စိုက်ထားသော စပါယ်ရုံကြီး တစ်ရုံ ရှိသည် ။ မမနွယ် သည် ထို စပါယ်ရုံ မှ စပါယ်ဖူးများ ကို ညဘက် ဆင်း ခူးလေ့ ရှိပြီး ၊ ကြိုး နှင့် သီကာ ရေ စွတ်ထားသော ပိတ်ပါးစကလေး နှင့် ထုတ် ထားတက်သည် ။ မနက် မိုးလင်းလျှင် ပွင့် နေသော စပါယ်ပန်းကုံး ကို ပလာဇာ သို့ ပန် သွားလေ့ ရှိသည် ။


အခုလည်း ထို စပါယ်ဖူးတွေ လာ ခူးရင်း သူတို့ ပြောတာတွေ ကို မမနွယ် ကြား ပြီးတော့ ဝင် လာတာ ဖြစ်ပုံ ရသည် ။


“ ထိုင်ပါကွ  .... ထိုင်ပါ ”


ကိုမိုး က သူ့ ပန်းထိမ် ထိုင်ခုံ ကို ပြေး ဆွဲသည် ။


“ နေပေစေ ... မောင်လေး ၊ မမနွယ် ပလာဇာ မှာ တစ်နေ့လုံး ထိုင်ရတော့ ခုံ မြင်ရင် မုန်း လွန်းလို့ ရတယ် ”


မမနွယ် က တံခါးဝ မှာ ရပ် ရင်း စပါယ်ပန်းဖူးတွေ ကို ဟိုဘက် ဒီဘက် ကစားရင်း ပြောသည် ။


“ မောင်ဇော် တွက်တာ ကတော့ ကား ကို မူတည်ပြီး တွက် တာပေါ့လေ ၊ မောင်ဇော် ပြောတဲ့ ကား ကိစ္စတွေ ဘာတွေ က ပါ ချင်လည်း ပါ မှာပေါ့ ၊ ဒါပေမယ့် အဓိက က တော့ မိန်းကလေး တစ်ယောက် ရဲ့ မာန စိတ် ကြောင့် ဖြစ်တာကွ ”


အင်း ... အပျိုကြီး ကလည်း သူ့ အဖြစ် ကို အပျိုကြီး တွက် တွက်ဦးမည် ဟု ညိုမောင် တွေးတာ စိတ် ထဲ မှာ ကြိတ် ပြုံးမိသည် ။


“ မိန်းကလေး ဆိုတာ လူတစ်ယောက် ကို အကူအညီ တောင်းဖို့ တော်တော်လေး ကို ဝန်လေး တတ်ကြတယ်ကွ ၊ အထူးသဖြင့် မိန်းကလေးတွေ က ယောကျာ်းလေး ဆီ က အကူအညီ တောင်း ရမှာကို ပိုပြီး ဝန်လေးတက်ကြတယ် ၊ မောင်ညို တို့ အင်တာဗျူး ကို နာရီအချိန် ရွေ့တယ် ဆိုတာ သူ ကားပျက် နေလို့ ရွေ့တာကွ ၊ မင်း ကို အကူအညီ တောင်းတော့ မင်း က လိုလိုလားလား ပဲ ပေးခဲ့တယ် ၊ သူ က မင်း ကို မုန့်ဖိုး ၊ လက်ဖက်ရည်ဖိုး ပေးတာ မရိုင်းပါဘူး ၊ မိန်းကလေး ဆိုတာမျိုးက အကူအညီ ကို ဆန့်ကျင်ဘက် ယောကျာ်းလေး တစ်ယောက် ဆီက ယူမိပြီးပြီ ဆိုရင် အဲဒီ ကိစ္စ ကိုတစ်ခါတည်း ရှင်းချင် တတ်ကြတယ် ၊ အဲဒီလို မရှင်း ထားရင် အဲဒီ အကူအညီ ကို ခုတုံး လုပ်ပြီး မလိုအပ်တဲ့ အခြား လူမှုရေးကိစ္စတွေ ပါဝင် လာတက်ကြတယ် ”


“ ဟာ ... အဲဒါတော့ မမနွယ် မှားပြီ ”


“ မောင်မိုး မမနွယ် ပြောတာ ခပ်ညံ့ညံ့ ယောက်ျားတွေ ကို ပြော နေတာပါ ၊ ယောက်ျားလေးတွေ အားလုံး အပေါ်မှာ ချတဲ့ ကောက်ချက် မဟုတ်ပါဘူး ၊ တစ်ခါတုန်းက မမနွယ် ကို ကား ပေါ် က လူ တစ်ယောက် က ခြင်း ပေးထားပါလား ဆိုလို့ ထမင်းချိုင့်ရယ် ၊ ထီးရယ် ၊ ဘာညာ ထည့်ထားတဲ့ ခြင်းကလေး ပေး ကိုင် မိတော့ သူ က ထိုင်ခုံ မှာ ပေါ့လေ ၊ ကူညီတယ် လို့ ပဲ မမနွယ် ကတော့ ထင် တာပေါ့ ၊ နှစ်မှတ်တိုင် လောက် ကြာတော့ အဲဒီ လူ က ဘယ်မှာ လုပ် တာလဲ တဲ့ ၊ မမနွယ် ကလည်း ထုံးစံအတိုင်း မေးတယ် ထင်လို့ ရန်ကင်းစင်တာ မှာ အထည်ဆိုင် ပေါ့ လေ ၊ သူ က တစ်ဆင့် တက်တယ် ၊ ဘယ် အထပ် မှာ လဲ ၊ ဆိုင်နံပါတ် ဘယ်လောက်လဲ ၊ သူ ကြုံရင် လာလည်လို့ ရမလား ဘာလား ၊ နာမည် ဘယ်လို ခေါ်သလဲတွေ တပြုံကြီး ဝင် လာရော ၊ အဲဒီတော့ မမနွယ် တစ်ခွန်းပဲ ပြန် ပြောလိုက်တယ် ၊ ရှင် ကျွန်မ ရဲ့ ခြင်း ကို ပြန် ပေးတော့လို့ အဲဒါ မမနွယ် ကိုယ်တွေ့ ပါ ”


ကိုဇော် နှင့် ကိုမိုး က ခေါင်းကို ညိတ်ကြသည် ။


လောကကြီး ထဲ မှာ ဒီလို ကောင်မျိုးတွေ လည်း ရှိနိုင်တာပဲ ဟု သာ ဒေါသ ထွက်ထွက် နှင့် ခေါင်း ကို ညိတ် ကြရခြင်း ဖြစ်၏ ။


“ အဲဒီတော့ မိန်းကလေး တစ်ယောက် ဟာ အကူအညီ တောင်းဖို့ ဒါမှမဟုတ် ယူဖို့ ဆိုတာကို တော်တော်လေး သတိ ထားကြရတာ အခု ကိစ္စက လူ ပြတ်တဲ့ လမ်းပေါ်မှာ ပြီးတော့ တစ်ယောက်ချင်း အကူအညီ ယူရတာ ၊ အကူအညီ ကြောင့် ကိုယ် အဆင်ပြေ သွားတော့ ဒီ ကျေးဇူး ကို ဖြတ် ပစ်တဲ့အနေနဲ့ အကောင်းဆုံး လုပ်နိုင်တာကတော့ လက်ဖက်ရည်ဖိုး ပေးတာပဲ ၊ အဲဒီမှာ မင်း က Solo ကို ပြော လိုက်တော့ သူ ကိုယ်တိုင် ကလည်း အင်တာဗျူး မေးမယ့် သူ ဖြစ်နေတော့ မင်း ကို တစ်ထောင် အတင်း ပေးပြီး မင်း ကျေးဇူး ကို ရအောင် ဖြတ်တာ ၊ အင်တာဗျူးခန်း ထဲမှာ မင်း ကို ဒုက္ခ ရောက်အောင် မေးတာတွေ က တမင် မေးတာ ၊ မင်း ကို သူ မညှာဘူး ၊ မင်း နဲ့ သူ့ ကြား မှာ ဘာ ကျေးဇူး မှ မရှိဘူး ၊ မင်း သူ့ ကား ကို တွန်း ပေးရုံနဲ့ Solo မှာ အလုပ် မရဘူး .... အစ ရှိတဲ့ ခံစားချက်တွေ နဲ့ မင်း ကို တမင် ရစ် ပြီး မေး ခဲ့တာ သူ မောင်ညို့ကို သိစေချင်တာ က သူ နဲ့ မင်း နှစ်ယောက် တည်း ရှိ တုန်းမှာ သူ တောင်းခဲ့တဲ့ အကူအညီ ဟာ မင်း Solo မှာ။အလုပ် ရဦးတော့ အဲဒီ အကူအညီ ကြောင့် မဟုတ်ဘူး ဆိုတာကို သိစေချင်လို့ တမင် လုပ်တာပဲ ”


အားလုံး သက်ပြင်းတွေ ချဖြစ် သွားကြသည် ။


ဘာမှ မဟုတ်ဘဲ ဖြစ်ခဲ့သည့် ကိစ္စသည် ဒီလောက် နက်ရှိုင်းသွားမှန်း မောင်ညိုမောင် လည်း အခုမှ သိတော် မူတော့၏ ။


မမနွယ် တွက် ပြသွားသည့် အချက်တွေ ကိုလည်း ကိုဇော် နှင့် ကိုမိုး တို့ မဖြစ်နိုင် ဟု မပြောနိုင်ကြပါ ။ မမနွယ် တွက် ပြတာကလည်း ထောင့် စေ့ပါသည် ။ မိန်းကလေးချင်း စိတ်ထား ကို အခြေခံ ထားသဖြင့် သဘာဝ လည်း ကျပါသည် ။ မမနွယ် သည် သူ ပြောတာ ကို ဘယ်သူက ငြင်းဦးမလဲ ဆိုသော သဘော နှင့် စပါယ်ဖူးကလေးတွေ ကို လက်ပြောင်း ဆော့ရင်း စောင့် ၍ နေသည် ။


“ မမနွယ် ပြောတာ ဖြစ်နိုင်ချေ အရှိဆုံးပါပဲ ၊ ကျွန်တော် အင်တာဗျူး အခန်း ထဲ မှာ လုံးလုံး မလှန် နိုင်အောင် ကို မေးတာ ၊ သူ့ အစ်ကို ကတောင် တား ယူရတယ် ”


“ အေး .. မမနွယ် တွက်တဲ့ အတိုင်းသာ မှန် ရင် မင်း အဲဒီ အလုပ်ကို ရ လိမ့်မယ် မောင်ညို ”


“ ဗျာ ”


ညိုမောင် တအံ့တဩ လှမ်း ကြည့်တော့ မမနွယ် က တံခါး ကို ကျော ခိုင်းပြီး ထွက်သွားပြီ ဖြစ်၏ ။


ဒီတစ်ခါတော့ မမနွယ် မှားပြီ ထင်ပါသည် ။


“ ကဲ ... စေတနာရှင် ကို ချီတက်ကြစို့ ကွာ ၊ စောစော စားတော့ ဟင်းစုံစုံ လည်း ရ တာပေါ့ ၊ ချဉ်ရေဟင်း လည်း နှစ်ခါလောက် ဖိ တောင်းလို့ ရတာပေါ့ ”


တိုးလွင် စကား အဆုံး မှာ သူတို့အားလုံး မတ်တပ် ရပ်လိုက်ကြသည် ။


သူတို့ ရောက်တော့ ' စေတနာရှင် ' သည် လူစည်ကားစ ပြုနေပြီ ဖြစ်သည် ။ သူတို့ ထိုင်နေကျ သူတို့ အတွက် ဝိုင်း ကတော့ လူ ရှင်းနေသဖြင့် ကိုဇော် တို့ ဝမ်းသာ နေကြသည် ။


“ ဟေ့ကောင်တွေ လက် နောက် မှ ဆေး ၊ နေရာ အရင် ဦးထား ”


ကိုဇော့်စကား ကို ညိုမောင် နား မလည်ပါ ။


အပြင် မှာ ပင် စားပွဲ သုံးလေး ပွဲ လွတ်နေသည် ။ အထဲ မှာ လည်း သုံးခုံလောက် လူ မရှိပါ ။ ဘာကြောင့် စားပွဲ ကို အရင် ဦး ခိုင်းနေရသနည်း ။


ပြီးတော့ နေရာဦးကြ ထိုင်ကြတော့လည်း ကြည့်ဦး ၊ ဆိုင် အတွင်း ထဲ က မီးဖိုတွေ စီ ချပြီး ရေနွေးအိုး နှင့် ထမင်းအိုး တည်နေသည့် မီးဖိုတန်း နံဘေး က နေရာကြီး မှာ ။ အပြင် မှာ လေကလေး တဟူးဟူး နဲ့ စား ရလျှင် ပို မကောင်းဘူးလား ။


“ ကိုမိုး  .... ဘယ်နေရာကြီး ထိုင် တာလဲဗျာ ၊ အပြင် မှာ ထိုင်ရတာ ပို မကောင်းဘူးလား ”


ကိုမိုး က သူ့ ကို ဘာ မှ ပြန် မပြောဘဲ တံတောင် နှင့် တွတ်ပြီး အသာနေ ဆိုသည့် သဘောမျိုး ပြသဖြင့် သူ လည်း ဘာမှ မပြောတော့ဘဲ ဝင် ထိုင်လိုက်ရ၏ ။ မီးဖို မှ အပူငွေ့သည် ပခုံးတစ်ခြမ်း ကို ခပ်ဖွဖွ တိုးဝှေ့ ၍ နေသည် ။


“ သော်သော် ... အိုးအသစ် ကြာ ဦးမလား ”


“ ၁ဝ မိနစ် လောက် လို သေးတယ် ”


“ ၁ဝ မိနစ် ... ”


ညိုမောင် ကိုဇော် လိုက် ပြော စကားကြောင့် သူ့ လက် က နာရီကို ငုံ့ ကြည့်လိုက်သည် ။ ညိုမောင့် ရင် ထဲ မှာ ထိတ်ခနဲ ဖြစ်သွား၏ ။ သူ့ လက် မှာ နာရီ ပါ မလာ ။ ရေ ချိုးမယ် လုပ်တုန်းက တိုင် မှာ ချိတ် ထားခဲ့ပြီး ၊ တိုးလွင် မေးတော့ သူ့ အကြောင်း ကို ပြောရင်း စကားတွေ ဆက် ကုန်ပြီးတော့ ထမင်းဆိုင် ကို တန်း ထွက် ခဲ့သဖြင့် နာရီ ကို ပတ်ခဲ့ဖို့ မေ့ သွားခြင်း ဖြစ်သည် ။


“ ဟာ .. ကျွန်တော် နာရီ ကျန်ခဲ့ပြီ သွား ယူလိုက်ဦးမယ် ”


“ ဘယ်မှာ ကျန်ခဲ့တာလဲ ”


“ အဆောင် မှာ ... ”


“ ဟာ ... အဆောင် မှာ ကျန်ခဲ့တာပဲကွာ ဘာ ဖြစ်လဲ ၊ မင်း က ထမင်း စားပြီးရင် ဘယ်ကို သွားဦးမှာ မို့လို့ လဲ ”


“ မသွားပါဘူး ”


“ အဲဒါများကွာ ၊ ထားစမ်းပါ ၊ ငါတို့ ဒီအဆောင်မှာနေလာတာ ၃ နှစ် ရှိပြီ ၊ အပ်တိုတစ်ချောင်း မပျောက်ဖူးဘူး ”


“ မင်း အပ်တို က ဘာ တန်ဖိုး ရှိလို့ ဘယ်သူ က ခိုး မှာလဲ ၊ ငါ့ ဟာ က နာရီ ကွ ၊ တန်ဖိုး ရှိတယ် ၊ ငါ ပြန် ယူ လိုက်ဦးမယ် ”


“ ကိုဇော် တို့ ထမင်းပူ စောင့်မှာနော် ”


“ ဟုတ်တယ် ညီမလေး ”


“ ဪ ... ဟိုအစ်ကို ... အဆောင် အဆင်ပြေ သွားပြီလား ”


“ ခင်ဗျာ ”


ညိုမောင် ကြောင် သွားသည် ။ သူ့ ကို မေးသော သော်သော့် ကို သူ မမှတ်မိချေ ။


“ ဆိတ်ကလီစာတစ် ၊ ငါးတန်တစ် ၊ ချဉ်ရည်ဟင်းလိုက်မယ် ”


သော်သော် မျက်နှာ က ဟင်းအိုးတွေ ဘက် သို့ ရောက် သွား၏ ။


“ ဟေ့ကောင် ညိုမောင် ၊ မင်း က သော်သော်နဲ့ ဘယ်တုန်းက သိ တာလဲ ”


“ သော်သော် ... ကျွန်တော် ... သူ့ ကို မသိဘူးဗျ ”


ထို စကားသံ ကြောင့် သော်သော့် မျက်ဝန်း က ညိုမောင့် ဆီ သို့ ဖျတ်ခနဲ ရောက်လာသည် ။


“ ဘာ မသိတာလဲ ၊ မမှတ်မိတာ နေမှာပါ ၊ ဖေဖေ က ဖျာလိပ်သည် ထင်ပြီး လှမ်း ခေါ် တော့ မမနွယ် တို့  အဆောင် ကို မေးလို့ ကျွန်မ တို့ လမ်း ညွှန်လိုက်တာလေ မှတ်မိပြီလား ”


“ ဟာ .. ဟုတ်ပြီ ... ဟုတ်ပြီ ၊ မှတ်မိပြီ ၊ တောင်းပန်ပါတယ် ဗျာ ၊ အဲဒီတုန်းက တွေ့တဲ့ နေရာနဲ့ အခု တွေ့တဲ့ နေရာ ဆက်စပ်လို့ မရတာလည်း ပါ လို့ပါ ၊ စိတ် မဆိုးပါနဲ့ ”


“ စိတ်မဆိုးပါဘူး ၊ နောင်လည်း အားပေးပေါ့နော် ”


“ အာ.. စိတ်ချပါ ၊ ဒီ ဆိုင်မှာပဲ စား မှာပါ ၊ တိုးလွင် ငါ အဆောင် ခဏ ပြန် ဦးမယ် ”


ထ ထွက်သွားသော ညိုမောင့် ကို ကြည့်ရင်း ကိုမိုး နာမလည်နိုင် ဖြစ်၍ နေသည် ။


“ ဒီကောင် ဘာ ဖြစ်တာလဲ ကွ ၊ အဆောင် မှာ နာရီ ကျန်ခဲ့တာပဲ ၊ စိန်ထုပ် ကျန်ခဲ့တာ ကျနေတာပဲ ၊ သူ့ နာရီ ကို ကြည့်တော့ဖြင့် အစုတ် ၊ အဲဒီ နာရီ အစုတ် ကို ဘယ်သူက ယူ မှာမို့လို့လဲ ”


“ အာ ...အဲဒါတော့ သူ့ ကို သွားမပြောလိုက်နဲ့ မောင်မိုးရေ ၊ အဲဒီ နာရီ ကို သူ သိပ် မြတ်နိုးတာ ၊ သူ့ အဖေ ကို သူ့ အဘိုး က ပေးခဲ့တာ ၊ သူ့ အဖေ က မသေခင် မှာ သူ့ ကို ပေးခဲ့တဲ့ တစ်ခုတည်းသော အမွေ ကလည်း ဒီ နာရီပဲ ၊ မင်း အဲဒီ နာရီ ကို သွား ထိရင်တော့ ဒီကောင် နဲ့ ပြဿနာ အကြီးအကျယ် တက် လိမ့်မယ် ”


မောင်မိုး က ပခုံး ကို တွန့်ပြီး မျက်လုံး ကို ပြူးပြ၏ ။


မောင်ဇော် စိတ်ဝင်စားတာ တစ်ခု ဖြစ်၏ ။


“ သော်သော် ... နင် နဲ့ ညိုမောင် စ သိတာကို ငါတို့ နားလည်အောင် ပြောပြပါဦး ဟ ၊ နင်တို့ နှစ်ယောက် ပြော သွားတာ ငါ တို့ နား မရှင်းဘူး ”


“ ဒီလို ကိုဇော် ရ ၊ အိမ် မှာ က တစ်ယောက်အိပ် ဖျာ တစ်ချပ် လို နေတာ ကြာလှပြီ ”


သော်သော် က ညိုမောင် နှင့် ဇာတ်လမ်း ကို လည်း ပြောရင်း ဟင်း ကို လည်း ထည့် ရင်း ၊ ထမင်း ကို လည်း ခူး ရင်း ရှေ့ မှာ ခေါ်တာ လိုတာတွေ ကို လည်း လှမ်း အော်ရင်း ခြေမျက်စိ ကို ထိလုနီးပါး ရှည်သော သူ့ ကျစ်ဆံမြီး ကို လည်း ထိန်းသိမ်းရင်း နှင့် ကိုဇော့် ကို ညိုမောင့် အကြောင်း ကိုပြောပြ သွားသဖြင့် တိုးလွင် ရော မောင်မိုး ရော ပါ ကြား သွားကြသည် ။


“ ဟေ့ကောင်  .... ငတိုး ၊ မင်း အညာသား က ကြာ ရင် ငါတို့ ကို ကျော် တက် ရုံ တင် မဟုတ်ဘူး ၊ ဝင်ပါ တိုက် သွားမလားတောင် မသိဘူး ကွ ”


ကိုဇော့် စကား ကြောင့် တိုးလွင် တို့ အားလုံး ရယ်လိုက်ကြသည် ။


ညိုမောင် ပြန် ရောက်လာတော့ လက် ထဲ မှာ နာရီ ပါလာသည် ။ ထမင်းစားပွဲ ပေါ်မှာလည်း ပူပူနွေးနွေးထမင်း ပန်းကန်တွေ ရောက်နေပြီ ဖြစ်သည် ။ တိုးလွင် တို့ က လူ လေးယောက် ကို ဟင်း သုံးပွဲ သာ မှာ သည် ။ ဝက်သား နှင့် မျှစ်ချဉ် တစ်ပွဲ ၊ ငါးကြင်းရေချို တစ်ပွဲ ၊ ပုစွန်ကျော့ကလေးတွေ တစ်ပွဲ ၊ အရံဟင်း က ဂေါ်ဖီကြော် နှင့် မရမ်းသီးငါးပိချက် ဖြစ်၏ ။


ထမင်းပူပူကလေး နှင့်ဆိုတော့ လျှောခနဲ လျှောခနဲ ဝင် သွားကြသည် ။ နောက် လိုက်ပွဲတွေ မှာ ကြတော့မှ ဒီ ခုံမှာ ဘာကြောင့် ကျောအပူ ခံ ပြီး ထိုင်ကြသည် ဆိုတာ ကို ညိုမောင် သဘော ပေါက်သွားသည် ။


လိုက်ပွဲ မှာရင်း သူတို့ က ကြက်သားဟင်းရည်ကလေး ဆမ်းပါဦး ၊ ဝက်ချိုဟင်းရည်ကလေး ဆမ်းပါဦး ၊ ဝက်သားနှင့် မျှစ် ပန်းကန် ကို ပေးတာ မျှစ်နှင့်အရည်ကလေး ထည့်ပေးပါဦး ၊ ငါးကြင်းရေချိုဟင်းရည်ကလေး ထည့်ပေးပါဦး ဟု ကပ်၍ တောင်းကြသည် ။


ဟင်းအိုးတွေ နှင့် နီး နေသဖြင့် သော်သော် နှင့် မော်မော် တို့ က တခြား ဟင်းပွဲတွေ ထည့်ရင်း အလိုက်သင့် ဘာမှ မပြောတော့ဘဲ ထည့် သွားကြ၏ ။ ပုစွန် ကို တော့ မတောင်း ကြပါ ၊ ' စေတနာရှင် ' ဟူသော နာမည် နှင့် လိုက်သော ထမင်းဆိုင်ကလေး ဟု ညိုမောင် ထမင်း စားရင်း တွေး မိပါသည်  ။


◾   နီကိုရဲ

📖   ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment