❝ ဗိုလ်ချုပ် နှင့် ကျွန်တော် ❞
ဗိုလ်ချုပ်အောင်ဆန်း နှင့် မောင်သုမန တို့ မှာ ကျောင်းနေဖက် သူငယ်ချင်း အရင်းအချာများ ဖြစ်ကြပေသည် ။ ကျောင်းနေဖက် ဟု ဆိုရာ၌ ပုဆိုးကွင်း သိုင်း လျက် ဖင်မလုံ ခေါင်းမလုံ ဘုန်းကြီးကျောင်း တွင် ခုံညင်း ထိုး ခဲ့ကြခြင်း မဟုတ်ပေ ။ မြန်မာပြည် ၌ အကြီးကျယ်ဆုံး ဖြစ်သော အဓိပတိ ထိပ်သီး ဧရာမ ရန်ကုန်တက္ကသိုလ်ကြီး ၌ စာပေ အတူ သင်ကြား နေထိုင်ခဲ့ကြရာ မှ သူ နှင့် ကျွန်တော် ပူးပေါင်း ၍ ထို ကျောင်းတော်ကြီး ကို မီးရှို့ ကာ ၁၉၃၆ ခု သပိတ်ကြီး အား လှုံ့ဆော် ပေါ်ပေါက်စေခဲ့သူများ ဖြစ်ကြပေသည် ။
◾တွေ့ပုံ
ကိုအောင်ဆန်း နှင့် ကျွန်တော် စတင် တွေ့ဆုံပုံ ကို ယနေ့တိုင် မှတ်မိပါသေး သည် ။ ပဲခူးကျောင်းဆောင် အပေါ်ဆုံး အထပ် ရှိ ကျွန်တော် ၏ ဝမ်းကွဲ အစ်ကို ကိုတက်ထွတ် ၏ နေထိုင်ရာ လက်ထောက် အဆောင်မှူး အခန်းရှည်ကလေး အတွင်း တစ်ညသ၌ စကား ပြော နေကြစဉ် ကိုအောင်ဆန်း ရုတ်တရက် ဝင် လာလေသည် ။ ယောင်လည်လည် မချိုမချဉ် မျက်နှာထား ဖြင့် ကျွန်တော့် အား သူ က အတန်ကြာ ကြည့် နေပြီးနောက် “ ဒီနှစ်အတွင်း ကိုယ့် လူ ကို တက္ကသိုလ် သမဂ္ဂ မှာ အယ်ဒီတာ အဖြစ် နှင့် ခန့်ထားချင်တယ် ” ဟု ပြောလေ တော့သည် ။
ထိုနေ့ မတိုင်မီက သူ နှင့် ကျွန်တော် ကောင်းစွာ သိကျွမ်းခြင်း မရှိ ခဲ့ပေ ။ ထိုသို့ ရင်းနှီးခြင်း မရှိပါဘဲလျက် ယခုလို အရေးကြီးသော အလုပ် တစ်ခု ကို ကျွန်တော့်အား ယုံကြည်စွာ လာရောက် ပုံအပ်ခြင်းကြောင့် အတော် ပင် အံ့သြသွားမိတော့သည် ။
သုမန ။ ။ ထိုင်ပါဦးဗျာ ၊ အခုလို ကျွန်တော့် ကို ရွေးချယ် ချီးမြှင့်တာ ကတော့ ဟုတ်ပါပြီ ။ ဝမ်းသာပါတယ် ။ ဒါပေမဲ့ ကျွန်တော် က အိုင်အေတောင် မအောင်သေးဘူး ဗျ ။ အယ်ဒီတာ ဆိုတာ ဘီအေ အထက်တန်း ကျောင်းသား ကြီးတွေ ၊ ဘာတွေ သာ လုပ်ဖို့ကောင်းတယ် ။
ကိုအောင်ဆန်း ။ ။ စာပေ ဘက် မှာ ဝါသနာ ပါပြီး ရေးတတ် ဖတ်တတ် တဲ့ လူ ကို ခန့်ရင် အကောင်းဆုံးပဲ ။ ခင်ဗျား က “ ညိုမြ ” ကလောင် အမည် နှင့် ဂန္ထလောက မဂ္ဂဇင်း မှာ ရေးတဲ့ စာတွေ ကို ကျွန်တော် ကြိုက်တယ် ။
သုမန ။ ။ ကျေးဇူးပါပဲဗျာ ။ နို့ပေမဲ့ အိုင်အေ မအောင်သေးတဲ့ ချာတိတ် ကို ခန့် ရင် တက္ကသိုလ်သမဂ္ဂကြီး တစ်ခုလုံး ဂုဏ် ငယ်သွားလိမ့်မယ် ။
ထိုအချိန် က တက္ကသိုလ် မှ ထုတ်ဝေသော ကောလိပ် မဂ္ဂဇင်း နှင့် သမဂ္ဂ မှ ထုတ်ဝေသော မဂ္ဂဇင်း တို့ မှာ အပြိုင်အဆိုင် ဖြစ်လေသည် ။ ကောလိပ် မဂ္ဂဇင်း အယ်ဒီတာ ကို ကျောင်းအုပ်ကြီး မစ္စတာစလော့ ကိုယ်တိုင် ရွေးချယ် ခန့်ထားလေ့ ရှိသဖြင့် အလိုတော်ရိသံ ပါ လေသည် ။ သမဂ္ဂ မှာ ကား လူဆူ | လူပူတို့ ၏ စုဝေးရာ အရပ် ဖြစ်၍ တော်လှန်ရေး စာပေများ မွေးထုတ်ရာ ဌာန ဖြစ်၏ ။ ထိုနှစ်အဖို့ သမဂ္ဂ ဥက္ကဋ္ဌမှာ သခင်နု ဖြစ်လေသည် ။
ကိုအောင်ဆန်း မှာ ကျွန်တော် နှင့် ရွယ်တူ ဖြစ်သော်လည်း သူ က ကျွန်တော့် ထက် တစ်တန်း ပို၍ မြင့်၏ ။ ထို့ကြောင့် သူ ပင် အယ်ဒီတာ လုပ် ရန် ကျွန်တော် က တိုက်တွန်းလေသည် ။ နောက်ဆုံး၌ သူ က အယ်ဒီတာ လုပ်၍ ကျွန်တော် က မဂ္ဂဇင်း မန်နေဂျာ လုပ်ရန် သဘော တူညီကြ၏ ။ သမဂ္ဂ မဂ္ဂဇင်း ဟု ခေါ်တွင်ခြင်း ကို သူ က မကြိုက်သဖြင့် နာမည် အသစ် ရွေးချယ်ကြရာ၌ လည်း ကျွန်တော် က အကြံ ပေးသည့်အတိုင်း “ အိုးဝေမဂ္ဂဇင်း ” ဟူသော အမည်ဖြင့် ထိုနှစ် မှ စ၍ ထုတ်ဝေခဲ့ကြလေသည် ။
◾အိုးဝေမဂ္ဂဇင်း
ကိုအောင်ဆန်း ကား စာပေဝါသနာ ပါ၏ ။ သူများ လို ဝတ္ထုများ ၊ ကဗျာများ ရေးချင်ကြောင်း ကျွန်တော့် အား ပြော ဖူးပါ၏ ။ သို့သော် ကျွန်ဘဝ မှ လွတ် မြောက်ရေး စိတ်ဓာတ်များ နှင့် အထူး လွှမ်းမိုးနေသူ ဖြစ်ရကား ဆန်းသစ် နုယဉ် စာပေများ ကို ရေးသား လေ့ကျင့်ရန် အချိန် မရဘဲ သမဂ္ဂ ၏ ဝါဒ ထုတ်ပြန်ချက် ကြေညာစာတမ်းများ ကို ရေးရခြင်း ဖြင့် အချိန် ကုန်သူ ဖြစ်သည် ။
အိုးဝေ မဂ္ဂဇင်း ကို အတူ လုပ်ကြရာတွင် အမြဲ နီးကပ်စွာ တိုင်ပင်နိုင် ကြရန် ကိုအောင်ဆန်း သည် ကျွန်တော် ၏ ထမင်းစားပွဲ သို့ ပြောင်းရွှေ့လာ ကာ ထိုအချိန်မှ စ၍ ထမင်း အတူတူ စားသောက် ခဲ့ကြလေသည် ။
◾သခင်သန်းထွန်း
ထမင်းအတူ စား ကြရာတွင် ကိုအောင်ဆန်း မှာ ကျွေးသမျှ ဟင်း နှင့် တင်းတိမ် ရောင့်ရဲတတ်သည် ။ အခြားသူများ အတွက် ဘာမျှ မကျန်အောင် အလိုက် ကမ်းဆိုး မသိ အစား ကြီး သူ မဟုတ်ပေ ။ ထိုအခါက သခင်သန်းထွန်း သည် ကု- လားကျောင်း တစ်ခု၌ ကျောင်းဆရာ လုပ်လျက် ရှိရာမှ ထမင်းဝဝ မစား ရ၍လား မသိ ၊ ကျွန်တော်တို့ ၏ ထမင်းစားပွဲ သို့ မကြာခဏ လာ၍ စားတော် ခေါ်တတ်ပေသည် ။ ထိုသို့ ဧည့်သည်များ လာသောအခါ တ -ရုတ်ဆိုင် မှ ဟင်းများ အပို မှာယူကာ ကျွန်တော် နှင့် ကိုအောင်ဆန်း တို့ က ဝေခွဲ၍ ဒကာ ခံရစမြဲပင် ။
“ ဘုရားလည်း ပြီး ၊ ပြည်ကြီးလည်း ပျက် ” ဆိုသော စကားပုံ ကဲ့ သို့ ကျွန်တော်တို့ နှစ်ဦး တကုပ်ကုပ် လုပ်ကိုင်ခဲ့ကြသော အိုးဝေ မဂ္ဂဇင်း ထွက် လာသောအခါ တစ်ကျောင်းလုံး ပွက်လောရိုက်လျက် ရာဇဝင် တွင် သော ၁၉၃၆ ခု တက္ကသိုလ်သပိတ်ကြီး မှောက် သွားတော့၏ ။
◾ကျောင်းသား အုံကြွချိန်
ထိုနှစ် က သမဂ္ဂဥက္ကဋ္ဌ ရာထူး ကို သခင်နု ရရှိချိန်မှ စ၍ “ ဒီနှစ်တော့ သပိတ် မှောက်ကြလိမ့်မယ် ” ဟု ကျောင်းသား အများပင် ထင်ကြေး ပေးခဲ့ကြ၏ ။ ကျွန်ပညာ နှင့် မျက်နှာဖြူ ဆရာများ ကို လည်း အနှစ်နှစ် အလလ က မုန်းတီး ခဲ့ကြရာ မှ ထိုနှစ် တွင် ကျောင်းသားအများ အုံပွင့်ကာ ရဲရဲဝံ့ဝံ့ အတိုက်အခံ ပြုလုပ်ကြချိန် ဖြစ်ပေသည် ။ နယ်ချဲ့ တိုက်ဖျက်ရေး မှာ နိုင်ငံရေး နယ်ပယ်မှ ကျောင်းသားလောက သို့ ကူးစက်လာ၏ ။ တက္ကသိုလ် ၌ အလိုတော်ရိ ကျောင်သားများ ကို အထူး အခွင့်အရေးများ ပေး၍ မျိုးချစ်စိတ် ရှိသော ကျောင်းသားများ ကို အထူး ဖိနှိပ်သော စနစ် တို့ မှာ လည်း တစ်နေ့တခြား ဇက်ရဲလာချိန် ဖြစ်ပေသည် ။ တက္ကသိုလ်ပညာ ကို မရမက ဆည်းပူး လို၍ မိဘများ က အထူး ခြိုးခြံ ထောက်ပံ့ခဲ့သော ကျောင်းသား အချို့တို့ မှာ လူဖြူ ဆရာအား “ ဆာ ” ဟု မထူး၍ သော် လည်းကောင်း ၊ ကျောင်းတက်ရက် မမှန် ဟု ဆို၍ သော် လည်းကောင်း ဘာ မဟုတ်သော ပြစ်ချက်တို့ဖြင့် မတရား အပြစ် ရှာကာ တစ်ချက်လွှတ် ကျောင်းထုတ် ခံကြရချိန် ဖြစ်ပေသည် ။ နောက်ဆုံး၌ ကျောင်းအုပ်ကြီး ဒီဂျေစလော့ နှင့် အထူး မျက်မုန်းကျိုး သူ သခင်နု ကို လည်း ဆရာများ ကို ပုတ်ခတ်သော မိန့်ခွန်းများ ပြောသည် ဟု ဆိုကာ ကျောင်း ထုတ် လိုက်ပြန်လေသည် ။ ထို့ကြောင့် ကျောင်းသားများ တလှုပ်လှုပ် တရွရွ ဖြစ် နေချိန်၌ အိုးဝေ မဂ္ဂဇင်း ပေါ်ထွက်လာ ကာ ဒီဂျေစလော့ တို့ လူစုအား အပြင်း အထန် ဆော် ထည့်လိုက်ရာ ၊ တစ်ကျောင်း လုံး ဇောက်ထိုး မိုးမျှော် ဖြစ်သွား ခြင်း ဖြစ် လေသည် ။
မှတ်မိသေးသည် ။ အိုးဝေ မဂ္ဂဇင်း မထွက်ခင် တစ်ရက် က ကိုအောင်ဆန်း နှင့် ကျွန်တော် တို့ သည် စာပုံနှိပ်တိုက် သို့ သွားကာ စာအုပ်များ အချိန်မီ ချုပ်လုပ်ပြီးစေရန် ကု- လားများကို ချော့မော့လျက် ကူညီ လုပ်ကိုင်ပေးကြ၏ ။ ညနေ ၆ နာရီ လောက် တွင် အားလုံး ပြီးစီး၏ ။ ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက် မှာ ဝမ်းသာအားရ နှင့် မကြုံစဖူး အထူး ဇိမ်ခံကာ တက္ကစီကား တစ်စင်း ငှား၍ စာအုပ်ထုပ်များ တင်ဆောင်ပြီး လေညင်းခံလျက် ကျောင်း သို့ ပြန်ခဲ့ကြလေသည် ။ သမဂ္ဂတိုက် သို့ မဝင်မီ ကျွန်တော် တို့ နှင့် အလွန်ရင်းနှီး ခင်မင်သော အင်္ဂလိပ်စာ ပါမောက္ခ မစ္စတာရုတ်စ် အိမ် သို့ ဝင်ကာ ၊ အိုးဝေ တစ်အုပ် ကို ဦးဦးဖျားဖျား လက်ဆောင် ပေး ကာ သူ့ ထံ မှ ဘိလပ်ရည်များ တောင်း သောက်ခဲ့ကြသေး၏ ။
ထို ကား ပေါ် တွင် မဂ္ဂဇင်း စာအုပ်များ တင်လျက် လေညင်းခံကာ လိုက်ပါလာသော ကိုအောင်ဆန်း နှင့် ကျွန်တော် ကား နက်ဖြန် မဂ္ဂဇင်း ထွက် လျှင် ဗုံး ပေါက်ကွဲသလို တစ်ကျောင်းလုံး ၊ တစ်ပြည်လုံး ဂယက် ရိုက်သွား မည် ကို လားလားမျှ မမျှော်လင့်ခဲ့ကြပေ ။ ထို မဂ္ဂဇင်း စာအုပ်များ တင်ဆောင် လာခြင်း မှာ အမှန်အားဖြင့် လုံးဝ ပေါက်ကွဲစေတတ်သော လက်နက်ပုန်း များ ကို ခိုးယူ တင်ဆောင်လာ သကဲ့သို့ ပင် ဖြစ်လေသည် ။ သို့သော် ကလောင် တည်း ဟူသော လက်နက် ဖြင့် ထိုသို့ ပေါက်ကွဲစေမည့် ဆောင်းပါး ကို စီစဉ် ရေးသားလိုက်သော တရားခံ ဖြစ်သူ ကျွန်တော် ပင်လျှင် မိမိ ၏ လက်နက် ကြောင့် ဤမျှ ပြင်းထန်စွာ ပေါက်ကွဲလိမ့်မည် ဟု မထင်မိခဲ့ပေ ။
ထို ဆောင်းပါး မှာ အင်္ဂလိပ်ဘာသာ ဖြင့် တိုတိုတုတ်တုတ် နှင့် နာမည် ဝှက် ကာ ရေးလိုက်သော ဆောင်းပါး ဖြစ်၏ ။ ထိုအချိန်က ကျောင်းအုပ် စလော့ နှင့် ကပ်ကာ မျိုးချစ် ကျောင်းသားများ ကို အထူး ချောက်တွန်းနေသော ဆရာ တစ်ဦး အား ကျွန်တော် က “ ငရဲခွေး ” နှင့် နှိုင်းယှဉ်ကာ ပက်ပက် စက်စက် ဆော် ထည့်လိုက်ခြင်း ဖြစ်ပေသည် ။
◾ပေါက်ကွဲ လေပြီ
ထို ဆောင်းပါး ကို ရေးရာ၌ ကျွန်တော် သည် တက္ကသိုလ် တွင် ရှုပ်ထွေးနေပုံ တို့ ကို အတွင်းသိ တစ်ဦး ဖြစ်သည့် အလျောက် ကလောင်ရှင် တို့ ၏ ဝတ္တရား အတိုင်း ဆော်သင့်သော သူ ကို ထုတ်ဖော် ဆုံးမလိုက်ခြင်း ဖြစ်ပေသည် ။ မည်သူမျှ ကျွန်တော့် အား မြှောက်ပေးခြင်း မရှိပေ ။ ကျောင်းသား နှင့် ဆရာ တိုက်ပွဲ တွင် သခင်နု နှင့် တကွ အများအပြား မျိုးချစ် ကျောင်းသား ၁၁ ဦး တို့ မှာ ကျောင်းအုပ်ကြီး ၏ အာဏာ ပြင်းထန်မှုကြောင့် ကျောင်းထွက် ရခြင်း တည်း ဟူသော ဒဏ်ရာများ ရရှိလျက် နေလေပြီ ။ အခြား ကျောင်းသားများ လည်း တစ်ဗိုလ် ကျ ရင် တစ်ဗိုလ် တက် လမ်းစဉ် အတိုင်း စစ်ကြေညာလျက် အလှည့်ကျ ချီတက် တိုက်ခိုက်ကြရန်သာ ရှိတော့၏ ။ ထိုသို့ အိုးဝေ မဂ္ဂဇင်း မှ တင်သွင်းလိုက်ရာ ထို ဆောင်းပါး မှာ ကျောင်းအုပ်ကြီး ရုံးခန်းတွင် နောက် တစ်နေ့ သိုက်မြိုက်စွာ ပေါက်ကွဲလေသည် ။
အယ်ဒီတာ ဖြစ်သူ ကိုအောင်ဆန်း အား မစ္စတာစလော့ က ဆင့်ခေါ် စစ်ဆေးတော့၏ ။ ထိုဆောင်းပါး ရေးသား သူ ကို အပြင်းအထန် အရေး ယူရ မည် ဖြစ်၍ ၎င်း ၏ အမည် ကို ထုတ်ဖော် ပြောရမည် ၊ မပြောလျှင် ကိုအောင်ဆန်း ကို ကျောင်း မှ ထုတ်ပစ်မည် ဟု စလော့ က ဆို၏ ။ စာ-နယ်-ဇင်း ထုံးတမ်းအရ အယ်ဒီတာ လုပ်သူ က ထုတ်ဖော်ပြောခွင့် မရှိသဖြင့် ထုတ်ဖော် မပြောနိုင် ၊ လုပ်ချင်ရာ လုပ်ပါ ဟု ကိုအောင်ဆန်း က ဘု ပြောခဲ့လေသည် ။ ခေါင် က မိုး မလုံ ဆိုသကဲ့သို့ ကျောင်းဆရာ လုပ်သူများ က မတရား လုပ်ခဲ့ကြသဖြင့် ထို မတရားမှုများ ကို ပြုပြင်စေရန် ကလောင် ဖြင့် လူထု အား ရေးသား တိုင်တန်း ခဲ့ရာတွင် မတရားမှု ဖန်တီးသူများ ကို အရေး မယူဘဲ တိုင်တန်းသူ ကိုသာ အပြစ် ရှာတတ်ခြင်း မှာ အာဏာပိုင် တို့ ၏ ထုံးဓလေ့ ပင် ဖြစ်ပေသည် ။ ကိုအောင်ဆန်း ကို ကျောင်း ထုတ်လိုက်သော အခါ၌ကား ကျောင်းသားများ သည် ထို ဓလေ့ဆိုး ကို ကွက်ကွက်ကွင်းကွင်းကြီး သဘော ပေါက်ကာ အထူး လှုပ်လှုပ်ရွရွ မခံမရပ်နိုင် ဖြစ်ကုန်ကြတော့၏ ။ နောက် တစ်နေ့၌ သမဂ္ဂ ခန်းမကြီး တွင် မစ္စတာရာရှစ် ၊ ကိုထွန်းအုံ နှင့် ကိုအုံး အစ ရှိသော ကျောင်းသားခေါင်းဆောင်များ က မည်သို့ အရေးယူသင့်ပုံ ကို စည်းဝေး ဟောပြောကြသောအခါ ကျောင်းလုံးကျွတ် ပရိသတ်များ က “ သပိတ် .. သပိတ် ... မှောက် ... မှောက် ” ဟု သံပြိုင် အော် ကြလျက် အားလုံးပင် တက္ကသိုလ်ကြီး ကို စွန့်ပစ်ကာ ရွှေတိဂုံ ကုန်းတော် ပေါ် သို့ ပြောင်းရွှေ့ သပိတ်မှောက် ခဲ့ကြသည် မှာ ရာဇဝင် ၌ စာ တင်ပြီး ဖြစ်၍ အထူး ရေးရန် မလိုတော့ပေ ။
◾အပြော နှင့် အရေး
ထိုအချိန်၌ သခင်နု ၊ ရာရှစ် ၊ ကိုအောင်ဆန်း စသော ကျောင်းသား ခေါင်းဆောင်များ က သပိတ် မှောက်ရန် ကျိတ် ၍ ကြိုးဆွဲ ၊ ခြေထိုး စီမံခဲ့ကြသည် ဟု စွပ်စွဲခြင်း ခံခဲ့ရ၏ ။ သို့သော် အမှန်အားဖြင့် ကျွန်တော်တို့ အချင်းချင်း ဘာမျှ တိုင်ပင်ခြင်း မရှိခဲ့ပေ ။ ကျောင်းသားခေါင်းဆောင် တိုင်း မိမိတို့ ၏ တာဝန်များ ကို ခပ်အေးအေး နှင့် မကြောက်မရွံ့ ရွက်ဆောင်ကြရာ တွင် အခြေ အနေ မှာလည်း အလိုလိုပင် တစ်ဆင့် ပြီး တစ်ဆင့် ကျွန်ုပ်တို့ ဘက် မှ အရေး သာ စေဖွယ် ဖြစ်ပေါ် လာခဲ့ရလေသည် ။ ရာရှစ် စသော ကျန် သမဂ္ဂ ခေါင်း ဆောင်များ ကလည်း တာဝန် အတိုင်း ကျောင်းသားထုကြီး ထံ သို့ ထိုပြဿနာ ကို ဆုံးဖြတ်ကြရန် ရှင်းလင်းစွာ တင်ပြခဲ့၏ ။ ကျောင်းသားထုကြီး ကလည်း အထိရောက်ဆုံး ဖြစ်သော သပိတ်လမ်းစဉ် ကို ချက်ချင်း စွန့်စား ဆုံးဖြတ်ကာ တက္ကသိုလ် မှ ထွက်ခွာခဲ့ကြ၏ ။
ကျွန်တော် မှတ်မိသလောက် တွင် ထိုမျှ အပူတပြင်း အရေးကြီးလှ သော ရက် အနည်းငယ် အတွင်း ၌ ကိုအောင်ဆန်း သည် ကျွန်တော့် အား ထို အရေးတော်ပုံကြီး နှင့် ပတ်သက်၍ “ အေးအေးနေပါ ” ဟူသော စကား တစ်ခွန်း သာ ပြော ဖူးလေသည် ။ ကျွန်တော်တို့ အချင်းချင်း ထို ထက် နက်နဲရှုပ်ထွေးသော စည်းဝါးရိုက်မှု ၊ စက်ပုန်းခုတ်မှုများ ဘာမျှ မရှိခဲ့ချေ ။ ဤမျှ ရှင်းလင်း ပြတ်သားစွာ ခပ်အေးအေး နှင့် တစ်ခု ပြီး တစ်ခု အလိုကျ ဖြစ်မြောက်သွား သော ကိစ္စမျိုး ကို ယခုတိုင် တစ်ခါ မျှ မတွေ့ကြုံဖူးပေ ။
တက္ကသိုလ် ၌ အတူ စား ၊ အတူ သွား ၊ အတူတူ တိုက်ပွဲ ဆင် လျက် လေးနှစ် ကြာမျှ ကိုအောင်ဆန်း နှင့် ပေါင်းသင်းနေထိုင်ခဲ့ရာ တွင် ကျွန်တော် သည် အောက်ပါ အဖြစ်အပျက် ကလေးများ ကို သတိ ရမိ၏ ။
◾ကိုအောင်ဆန်း ၏ စိတ်ဓာတ်
ကိုအောင်ဆန်း ကား စိတ် တိုတတ်၏ ။ အပြောအဆို မလိမ္မာ သဖြင့် ဓာတ်သိ သော သမဂ္ဂ ရဲဘော်များ မှ အပ သူ့ အဖို့ မိတ်ဆွေများများ မရှိပေ ။ သမဂ္ဂ ၌ လည်း သူ နှင့် ဘု မကျသူ ဟူ၍ မရှိချေ ။ တစ်ခါက ရွှေတိဂုံ သပိတ်စခန်း မှ အပြန် တွင် ထိုနှစ် အတွက် သူ့ မှာ တခြား အလုပ်ကိစ္စများ ရှိ နေသဖြင့် သူ လုပ်ရန် ရှိသော အလုပ်များ ကို ကျွန်တော် က လုံးဝ တာဝန် ယူရန် လွှဲအပ် လေသည် ။ ကျွန်တော် က လည်း ထိုနှစ် အဖို့ အိုးဝေ အယ်ဒီတာ အဖြစ် တာဝန် ယူပြီး ဖြစ်၍ နောက်ထပ် လက်မခံနိုင်ကြောင်း ပြောသောအခါ ရှူးရှူးရှဲရှဲ လုပ်သဖြင့် ထ သတ်ကြရန် ဟန် ပြင်လေသည် ။ အခြား အမှုဆောင်များ က ဝိုင်းဝန်း ဖျန်ဖြေသဖြင့် ပြီးသွား၏ ။ ထိုနေ့ ညနေ၌ ကျွန်တော့် အခန်းသို့ သူ ရောက်လာကာ သူ က စိတ်မကောင်း ဖြစ်နေသဖြင့် လွန်ကျူးမိကြောင်း ကို ဝန်ချ တောင်းပန်လေသည် ။ သူ က မတောင်းပန်လျှင် လည်း ကျွန်တော် က အကြောင်းသိချင်း ဖြစ်၍ ကျေနပ်ပြီး ဖြစ်လေသည် ။ သို့သော် သူ က ကလေး သဖွယ် ဖြူစင်သော စိတ်ဓာတ် နှင့် မိမိ မှားသည် ကို သိရှိချိန် ၌ အကြွေး မထားဘဲ မာန်မာနများ ကို လုံးဝ ပယ်ဖျောက် ကာ ချက်ချင်း ဖွင့်ဟ ပြောဆို သည် ကို ကျွန်တော် ဝမ်းမြောက်စွာ နှင့် မှတ်သားမိ၏ ။ ဤကား ကိုအောင်ဆန်း ၏ ချီးကျူးဖွယ် အချက်ကြီး တစ်ရပ်ပေတည်း ။
ထိုနှစ်က မစ္စတာရာရှစ် သည် သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် နှင့် ဆောင်ရွက် ရာတွင် ၎င်းကို ကု-လား ဖြစ်၍ မလိုမုန်းထား အပြစ် ရှာသူများ ပေါများခဲ့လေ သည် ။ တစ်ခါက စည်းဝေးပွဲ တစ်ခု တွင် ရာရှစ်အား အယုံအကြည် မရှိ အဆို သွင်းရန် စီစဉ်ကြသည် ကို ကျွန်တော် က ကြိုတင် ကြားသိလေသည် ။ ထို အချိန်၌ အခြားသော သပိတ် ရဲဘော် ကျောင်းသားခေါင်းဆောင်တို့ မှာ လည်း နယ် ထွက်နေကြ၏ ။ ကိုအောင်ဆန်း မှာ လည်း ဖျားနေ၍ ဆေးရုံ တက်နေ၏ ။ ကျွန်တော် ကလည်း အရေးသမား ဖြစ်ပြီး စကား မပြော တတ်၍ ထို စည်းဝေးပွဲ တွင် ဝင်ရောက် ပြောဆိုရန် မဖြစ်နိုင်ချေ ။ ထို့ကြောင့် နောက်ဆုံး ၌ ဆေးရုံ တွင် ငှက်ဖျား တိုးနေသော ကိုအောင်ဆန်း ထံ သို့ပင် သွားရောက်ကာ “ ကိုယ့်လူ ထ ပါဦး ၊ ခင်ဗျား မရှိရင် မဖြစ်ဘူး ” ဟု ဆိုကာ သူ့ ကို ဆေးရုံ မှ သမဂ္ဂ အထိ ဖက်တွဲ ခေါ်ဆောင် ခဲ့ရလေသည် ။ သမဂ္ဂ လက်ဖက်ရည်ဆိုင်ခန်း သို့ ရောက်မှ ကွီနိုင် နှင့် လက်ဖက်ရည် အနည်းငယ် တိုက် ကာ စည်းဝေးရာ ခန်းမကြီး သို့ တွဲ တက်ခဲ့ရလေသည် ။ ထိုနေ့ အဖို့ ကိုအောင်ဆန်း မှာ နေ မကောင်းသော်လည်း ရာရှစ် ၏ ကောင်းသော အချက်များ ကို ဖော်ထုတ်၍ အထူး လေးနက်စွာ ပြောဆိုရာတွင် အတိုက်အခံ လူစု က ၎င်းတို့ အဆို ကို ရုပ်သိမ်း သွားကြလေ သည် ။ ကိုအောင်ဆန်း သည် ရဲဘော် လူကောင်းများ အတွက် မယိမ်းမယိုင် ထောက်ခံ ကူညီတတ်ခြင်း ၊ မိမိ ကျန်းမာရေး ကို ဂရုမစိုက်ဘဲ တာဝန် ရွက်ဆောင်ခြင်း တို့ မှာ ကျောင်းသား ဘဝ ၌ ပင် ထင်ရှား ခဲ့လေသည် ။
◾ထောင့်မကျိုးလို့
ရာရှစ် ၏ ဥက္ကဋ္ဌ သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဥက္ကဋ္ဌ သစ် ရွေးချယ်ရန် အချိန် ကျရောက်ခဲ့ရာတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်ဆန်း ကို ထုံးစံ အတိုင်း တင်မြှောက်ကြရန်ပင် ဖြစ်လေသည် ။ သို့သော် ထိုအချိန် ၌ သူ့ အား အမှုဆောင်အဖွဲ့ ၌ ထောက်ခံသူ မှာ ကျွန်တော် တစ်ယောက် သာ ရှိလေတော့ ၏ ။ အဘယ်ကြောင့် ဆိုသော် သူ့ အား ထောင့် မကျိုးသူ ဖြစ်၍ သူ ရသင့် ရထိုက်သော နေရာတွင် ကိုဘဂျမ်း ( ယခု ဝန်ကြီး ) အား ရွေးချယ် တင်မြှောက် လိုက်ကြလေသည် ။ ဦးထွန်းအုံ ၊ ကိုလှရွှေ ၊ ကိုသိန်းအောင် ၊ ကိုဗဟိန်း စသည် တို့ က သူ့ အား တစ်နှစ် လောက် စောင့်ဆိုင်း ၍ ပေါင်းသင်းဆက်ဆံရေး လေ့လာ ရန် ပြောဆို ခဲ့ကြလေသည် ။ ကိုအောင်ဆန်း သည် သူငယ်ချင်းများ ၏ ဆုံးမချက် ကို ဘာမျှ ပြန် မပြောဘဲ စည်းကမ်းသေဝပ်စွာ ကြိုးစား လိုက်နာခဲ့ပေ သည် ။ နောက် တစ်နှစ် တွင် ထိုသို့ အများ ၏ ဆန္ဒ ကို မသွေမဖည် လိုက်နာ တတ်သော အရည်အချင်း ကို ပင် အထူး ထုတ်ဖော် ချီးကျူးကာ ကိုအောင်ဆန်း ကို အားလုံး က ဥက္ကဋ္ဌ အဖြစ် ရွေးချယ် လိုက်ကြလေသည် ။
◾နိုင်ငံရေး သို့
ထိုနှစ် အတွင်း တစ်ညနေ တွင် ကိုအောင်ဆန်း နှင့် ကျွန်တော် သည် သထုံ ကျောင်းဆောင် ရှေ့ ၌ လမ်းလျှောက်လျက် ရှိကြစဉ် သူ က ရုတ်တရက် “ ကိုယ့်လူ ၊ ကိုယ်တော့ သွားတော့မယ် ၊ ကျောင်း ထွက် ပြီး နိုင်ငံရေး ထဲ ကို ခြေစုံပစ် ဝင်တော့မယ် ” ဟု ပြော၍ သခင်ပါတီ သို့ ဝင်ကာ တကယ့် တိုက်ပွဲများ တွင် ဝင်နွှဲတော့မည် ဖြစ်ကြောင်းများ ကို ပြောလေသည် ။ သူ က ထိုသို့ ပြောပြ နေစဉ် ကျွန်တော် သည် အထူး ဝမ်းနည်း လာ ၏ ။ ကျွန်တော်တို့ သူငယ်ချင်း များ လေးနှစ် ကြာမျှ ဥမကွဲ သိုက်မပျက် နေထိုင် အလုပ် လုပ်ခဲ့ကြသည် မှာ ကမ္ဘာကလေး တစ်ခု ကဲ့သို့ပင် မှတ်ထင်ကာ ထို ကမ္ဘာ သည် မည်သည့် အခါမျှ ပျက်မည် မဟုတ် ဟူ၍ မှတ်ထင် နေခဲ့ကြ၏ ။ သို့သော် အချိန် သည် ကုန်မှန်း မသိ ကုန်ဆုံးခဲ့၍ ကိုအောင်ဆန်း ကား ဘီအေ အောင်ပြီး ဖြစ်လျက် ကျွန်တော့် အဖို့ လည်း ထိုနှစ် မှာ နောက်ဆုံးနှစ် ပင် ဖြစ်ကြောင်း ကို သတိ ရမိလေသည် ။
ကျွန်တော်တို့ နှစ်ဦး ရင်းနှီးခင်မင်စွာ သွားအတူ ၊ လာအတူ နေထိုင် ခဲ့ကြသော လေးနှစ်ရာသီ ခေတ်ကလေး ကား ကုန်ဆုံးလေပြီ ။ လောက တွင် အပျော်ဆုံး ၊ အရွှင်ဆုံး ၊ အရူးဆုံး ၊ အမိုက်ဆုံး ဖြစ်သော ကျောင်းသား ဘဝ ကား ဆုံးခန်းတိုင်လေပြီ ။
ကျွန်တော် က စိတ်ဓာတ် မွန်မြတ်စွာ တိုင်းပြည် အတွက် စွန့်စားရန် အဓိဋ္ဌာန် ကို ချီးကျူး မိသော်လည်း သူ့ အတွက် စိုးရိမ်မကင်း ရှိမိပုံ ကို ပြော ပြ၏ ။
“ နိုင်ငံရေး လောက ဟာ သိပ်ပြီး ရှုပ်တယ် ၊ ဆိုးတယ် ။ ဒီမှာ ဆိုရင် ကျွန်တော်တို့ အချင်းချင်း ခင်ဗျား ကို နားလည်တယ် ၊ အစစ အရာရာ မှာ သူငယ်ချင်းတွေ မို့ ခင်မင်ယုယ ရှိကြတယ် ။ နိုင်ငံရေး ထဲ ကို ခြေစုံပစ် ဝင်ရင် ခြေ ထိုးတာတွေ ၊ ကြမ်းတမ်းယုတ်မာတာတွေ နဲ့ တွေ့ပြီး နေရာတကာ ခင်ဗျားပဲ ဒုက္ခ ရောက်စရာတွေ များတယ် ဗျာ ။ ခင်ဗျား ကလည်း ငယ်သေးတယ် ”
ဟု ကျွန်တော် က ပြောမိလေသည် ။
ဗိုလ်ချုပ် ကား ဆည်းဆာချိန် ကောင်းကင် သို့ မော့ကြည့်လျက်
“ အမေ့ အတွက်လည်း ဘာမျှ ကျေးဇူး မဆပ်ရသေးဘူး ၊ လခစား လုပ်ဖို့ ကိုလည်း စိတ် မရှိတော့ဘူး ။ ဘာပဲဖြစ်ဖြစ်လေ သွားမယ့် လမ်း ကို သွား ရမှာပဲ ”
ဟု လွမ်းစိတ် နှင့် အဓိဋ္ဌာန်စိတ်များ ရောပြွမ်း ကာ အသံခပ်မာမာ နှင့် ပင် ပြော လေသည် ။
“ သွားတော့မယ် ” ဟု သူ က ပြော လိုက်သဖြင့် ကျွန်တော့် အဖို့ ထို သမဂ္ဂ ကမ္ဘာကလေး နှင့် တကွ တိုတောင်းလှသော တက္ကသိုလ်ကျောင်းသား ခေတ်ကလေး ကို ကားလိပ် ချလိုက်သလို ဖြစ်သွားတော့၏ ။
◾ ညိုမြ
📖 အိုးဝေ မဂ္ဂဇင်း
အတွဲ ၁၀ ၊ အမှတ် ၄
(၁၉၅၁)
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment