❝ အမြင့်ကြိုက်သူ ❞
ရှေ့ မှာ လူတွေ အများကြီးပါ ကလား ။ ဘာ လုပ်နေကြတာလဲ ။ ဘာ ပေးနေတာလဲ ။ ဘာ တိုးနေကြတာလဲ ။ ဦးဘုမ္မာ ခပ်သုတ်သုတ် လျှောက် သွားသည် ။
တစ်ခုခု ပေးနေတာတော့ မဟုတ် ။ တန်းစီနေကြတာ မဟုတ် ။ လူတွေ စုံရုံးနေကြခြင်း သာ ဖြစ်သည် ။ လူအုပ်ကြီး တစ်ခု သာ ဖြစ်သည် ။ ရုတ်ရုတ် ရုတ်ရုတ် ။
ဘာ ဖြစ်တာလဲ ။ ကား တိုက်တာလား ။ ရန် ဖြစ်တာလား ။ မဟုတ်သေးဘူး ၊ အပေါ် ကို မော့ ကြည့် နေကြသည် ။ အပေါ်ထပ် အခန်း တစ်ခုခု မှာ ဘာ ဖြစ်သနည်း ။ သူ သတ်ထားသလား ။ အနုကြမ်း စီးသလား ။
ဦးဘုမ္မာ စူးစမ်း ချင်သည် ။ မြို့ထဲ က ပြန်လာ လို့ မှ မြို့ ထဲ မှာ ဘာ ဖြစ်သည် ကို အိမ် မှာ ပြန်ပြီး မပြောနိုင်ခဲ့လျှင် နုံ ရာ ကျပေမည် ။ အရပ် ထဲ မှာ သူများတွေ ပြော မှ သိ ရလျှင် ညံ့ ရာ ကျပေမည် ။
သို့သော် ဦးဘုမ္မာ တွင် အချိန် မရှိပါ ။ သူ ကနေ့ မဂ္ဂဇင်းတိုက် သုံးတိုက် သို့ ရောက်ခဲ့ပြီး ဘယ် တိုက် က မှ စာမူခ မရခဲ့ပါ ။ သို့ဖြင့် နောက် တစ်တိုက် သွားရဦးမည် ။ အချိန်က အတော် ကလေး နည်း နေပြီ ။ ငွေထုတ်ပေးသည့် သူ ပြန် သွားခဲ့လျှင် သွား အလကားချည်း ဖြစ်နေမည် ။ အုပ်မိ အောင် သွားမှ ။
လူအုပ်ကြီး အနီး သို့ ဦးဘုမ္မာ ရောက်ရှိသွားသည် ။ လူ တွေ က နောက်ဖေး လမ်းကြား ထိပ် တစ်ခု တွင် စုရုံး နေခြင်း ဖြစ်သည် ။ လမ်းကြား ထဲ တွင် လည်း လူတွေ အများကြီး ဖြစ်သည် ။ အားလုံးပင် အပေါ် ဘက် သို့ မော့ ကြည့်နေကြသည် ။
ဦးဘုမ္မာ လည်း မော့ ကြည့်လိုက်သည် ။ တိုက်တစ်ခု ၏ နောက်ဘက် တွင် သံ ဖြင့် ပြုလုပ် ထားသော ကြောင်လိမ်လှေကား တစ်ခု ရှိသည် ။ မီးထင်း ကိစ္စ အတွက် အရေးပေါ်အသုံးပြုရန် တပ်ဆင်ထားခြင်း ဖြစ်သည် ။ လှေကား မှာ အတန်ငယ် ဟောင်းမြင်းနေပြီ ။
ထို လှေကား ပေါ် တွင် လူတစ်ယောက် ရှိနေသည် ။ လှေကားခုံ တစ်ခု ပေါ် တွင် ရပ် နေသည် ။ သူ က အောက်ဘက် မှ လူအုပ်ကြီး ကို ငုံ့ကြည့်နေသည် ။ လူအုပ်ကြီး က သူ့ ကို မော့ကြည့်နေသည် ။
ဘာ လုပ်နေကြတာနည်း ။
ဦးဘုမ္မာ က သူ့ ဘေး မှ လူတစ်ယောက် ကို မေးမည် ရှိစဉ် ကြောင်လိမ်လှေကား အနီး မှ လူကြီး တစ်ယောက် က အပေါ်မှ လူ ကို -
“ ဟေ့လူ ဆင်းခဲ့တော့လေ ”
ထိုနေရာတွင် လူကြီးတွေ လေးငါးယောက် ရှိနေသည် ။
“ ကျုပ် ဆင်းခဲ့ရင် ခင်ဗျားတို့ ငွေတစ်ထောင် တကယ် ပေးမှာလား ”
ကြောင်လိမ်လှေကား ပေါ် မှ လူ က ပြန်မေးသည် ။
“ ပေးမှာပေါ့ကွ ”
ထို လူ က ပြန်ပြောသည် ။
“ ဘယ်တော့ ပေးမှာလဲ ”
“ အောက် ရောက်ရောက်ချင်း ပေးမယ် ”
“ ဟား ... ဟား ... ဟား ”
ကြောင်လိမ်လှေကား ပေါ် မှ လူ သည် အောင်ပွဲ ရရှိသော စစ်သူကြီး ပမာ ရယ်မောလိုက်သည် ။ ထို့နောက် သူ သည် လှေကား မှ ဆင်း မလိုလို လုပ်ပြီး မှ မဆင်းဘဲ အထက် သို့ တက် သွားသည် ။
လူအုပ်ကြီး ကျွက်စီကျွက်စီ ဖြစ်သွားသည် ။ ထို လူ သည် တစ်ထစ် ပြီး တစ်ထစ် လှည့်ကာပတ်ကာ တက်သွား နေရာ မှ တတိယထပ် လှေကားခုံ သို့ ရောက်သော အခါ ရပ် လိုက်သည် ။ လူအုပ်ကြီး ကို ငုံ့ ကြည့်သည် ။ ထိုနောက် ခုံပေါ် သို့ တက် လိုက်သည် ။ လူအုပ်ကြီး ဟာခနဲ ဖြစ်သွားသည် ။
“ ဟေ့လူ ဘာလုပ်နေတာလဲ ၊ ကျသွားမယ် ”
အင်္ကျီအနက် နှင့် လူ က မေးလိုက်သည် ။
“ ကျုပ် ခုန်ချမလို့ ”
“ စောစောက ပြောတော့ ငွေတစ်ထောင် ပေးရင် ဆင်းခဲ့မယ် ဆို ”
“ ဟားဟားဟား ကျုပ် အခု တစ်ထပ် ပို မြင့်သွားပြီဗျ ။ ငွေတစ်ထောင် နဲ့ မဆင်းနိုင်တော့ဘူး ။ တစ်သောင်း ရ မှ ဆင်းမယ် ”
လူအုပ်ကြီး စီစီညံညံ ဖြစ်သွားပြန်သည် ။ လူကြီးများ ခေါင်းချင်း ရိုက်နေသည် ။
“ ဘယ်လို ဖြစ်တာလဲဗျ ”
ဦးဘုမ္မာ က ဘေး မှ လူ တစ်ယောက် ကို မေးလိုက်သည် ။
“ အဲဒီ လူ စောစောက ပထမ ထပ် က နေပြီး ခုန် ချမလို့ လုပ်နေတယ် ။ လူကြီးတွေ က ခုန်မချဖို့ ပြောတော့ ငွေတစ်ရာ ရရင် ဆင်းခဲ့မယ် တဲ့ ၊ လူကြီးတွေ က ငွေတစ်ရာ ပေးမယ် လည်း ဆိုရော သူ မဆင်းတော့ဘူး ၊ ဒုတိယ ထပ် ကို တက် သွားပြီး ငွေတစ်ထောင် တောင်းတော့တာပဲ ။ တစ်ခါ လူကြီးတွေ က ငွေတစ်ထောင် ပေး မယ်လည်း ဆိုပြန်ရော မြင်တဲ့ အတိုင်းပဲ တတိယ ထပ် ကို တက် သွားပြီး တစ်သောင်း တောင်းတော့တာပဲ ”
“ ဒီ လူ က အရူးလား ”
“ သူ မရူးဘူး ဆိုရင်တော့ ကျန်တဲ့ လူတွေ က အကုန် ရူးတာပဲ ဖြစ်မှာပေါ့ ”
ထို လူ ၏ စကား ကို သဘော မပေါက်သလို ပေါက် သလို ရှိသဖြင့် ဦးဘုမ္မာ မျက်မှောင် ကုပ် လိုက်သည် ။
ထိုစဉ်မှာ ပင် အင်္ကျီ အနက် နှင့် လူကြီး က ...
“ ဟေ့ လူ တစ်သောင်း ရရင် တကယ် ဆင်းမလား ”
“ ဟားဟားဟား ခင်ဗျားတို့ က တကယ် ပေးမှာလား ”
“ ပေးမှာပေါ့ ကွ ”
“ ဒါဖြင့်ရင်ကောင်းပြီ ”
သို့သော် သူ ဆင်းမလာဘဲ ဆက်ပြီး တက်သွားသည် ။ ပရိသတ်ကြီး ဆူညံသွားသည် ။
နောက်ဆုံးတွင် လေးထပ်တိုက် ခေါင်မိုး ပေါ် သို့ သူ ရောက်သွားသည် ။ တိုက်ခေါင်မိုးစွန်း တွင် သူ ရပ်နေသည် ။ နည်းနည်းကလေး ဟန်ချက် လွဲသွားလျှင် လိမ့်ကျလာမည် ဖြစ်သည် ။ လေ ကလည်း တိုက် နေသည် ။ သူ ၏ အဝတ်အစားများ လေထဲ တွင် လွင့် နေသည် ။ ဦးဘုမ္မာ ပင် ရင်ဖို နေမိတော့သည် ။
ထိုစဉ်မှာပင် မီးသတ်ကား တစ်စီး ရောက်ရှိ လာသည် ။ လှေကားနီနီကြီး ကို ထောင်ပြီး မီးသတ်သမား တစ်ယောက် တိုက်ခေါင်မိုး ဆီ သို့ တက်မည် ပြုသည် ။
“ ဟေ့ လူတွေ ခင်ဗျားတို့ တစ်ယောက် မှ တက် မလာနဲ့ နော် ၊ ခင်ဗျားတို့ တက် လာတာ နဲ့ တစ်ပြိုင်နက် ကျုပ် ခုန်ချလိုက်မယ် ”
သူ က တကယ် ခုန်ချမည့် ဟန် ပြုသဖြင့် မီးသတ်သမားများ နောက် ဆုတ် သွားရသည် ။
ထိုစဉ်မှာပင် လူနာတင်ကား လည်း ရောက်ရှိ လာသည် ။ လူအုပ်ကြီး လည်း ပိုပြီးများ လာသည် ။
“ ဟေ့လူ ခင်ဗျား ဆင်းမယ် ဆိုတာ ဆင်းခဲ့လေ ”
အင်္ကျီအနက် နှင့် လူ က အော် ပြောလိုက်သည် ။
“ ကျုပ် အခု လေးထပ် မှာ ရောက်နေပြီ ခေါင်မိုး ပေါ် မှာ ရောက်နေပြီ ”
“ ခင်ဗျား လိမ့်ကျလိမ့်မယ် ၊ ဆင်းခဲ့တော့ ၊ ခင်ဗျား မဆင်းရဲရင် ကျုပ် တို့ တက် ခေါ်မယ် ”
“ ဟားဟားဟား ကျုပ် က ဘာလို့ ဆင်းရမှာလဲ ”
“ ငွေတစ်သောင်း ရရင် ဆင်းမယ် ဆို ”
“ ဟားဟားဟား ကျုပ် အခု တစ်သောင်း နဲ့ မဆင်းနိုင်တော့ဘူး ”
“ ဒုက္ခပါပဲကွာ ၊ ဘယ်လို လူ လဲ မသိဘူး ”
“ ကျုပ် ခုန်ချ လိုက်ရမလား ”
ထို လူ ခုန်ချမည့် ဟန် ပြင်သည် ။
“ မလုပ်နဲ့ ၊ မလုပ်နဲ့ ”
အောက် မှ ဝိုင်း အော်ကြသည် ။
“ ဟား ... ဟား ... ဟား ... ဒါဖြင့်ရင် ငွေတစ်သိန်း ပေးမလား ”
လူကြီးတွေ ခေါင်းချင်းရိုက်ကြပြန်သည် ။ ထို့နောက် အင်္ကျီအနက်နှင့် လူ က ...
“ ပေးမယ်ကွာ ၊ မင်း အခု ဆင်းခဲ့ ”
“ ခင်ဗျားတို့ တကယ် ပြောတာလား ”
“ တကယ်ပေါ့ကွ ”
“ ဟားဟားဟား ကျုပ် လိုချင်တာ တစ်သိန်း မဟုတ်ဘူး ၊ တစ်သန်း တစ်သန်း ”
ထိုအခါ တိုက်ပုံအင်္ကျီအနက် နှင့် လူ ဒေါသ ဖြစ်သွားဟန်ဖြင့် ...
“ ဟေ့လူ မဖြစ်နိုင်တာတွေ လျှောက် ပြောမနေ နဲ့ ခင်ဗျား အခု ခေါင်မိုး ပေါ် ကို ရောက်နေပြီ ။ နောက်ထပ် တက်စရာ အထပ် မရှိတော့ဘူး ”
“ ဟားဟားဟား လူ လုပ်ရင်ဘာမဆို ဖြစ်တာပဲ ၊ ခင်ဗျား တို့ ကျုပ် တက် ဖို့ နောက် တစ်ထပ် ဆောက်ပေးကြပေါ့ ”
လူအုပ်ကြီး ရယ်မောသည် ။
လူကြီးတွေ ခေါင်းကုတ်ကြသည် ။
ခေါင်မိုး ပေါ် မှ လူ ခုန်ချမည် လုပ်သည် ။
“ ဟေ့လူ ဆင်းခဲ့တော့ ၊ နောက် တစ်ထပ် ဆောက်ပေးလို့တော့ မဖြစ်ဘူး ၊ ဒါပေမဲ့ ခင်ဗျား လိုချင်တဲ့ ငွေ တစ်သန်း ကို ပေးမယ် ”
“ ဟားဟားဟား ကျုပ် ငွေတစ်သန်း ကို လိုချင်တာ မဟုတ်ဘူး ငါးထပ် ကို တက်ချင်တာ ။ ခင်ဗျားတို့ နောက် တစ်ထပ် ဆောက်ပေးတဲ့ အထိ ကျုပ် ဒီ ကနေ စောင့်နေမယ် ၊ ခင်ဗျားတို့ ကူလီကူမာ လုပ်မယ် ကြံရင် ကျုပ် ခုန် ချလိုက်မယ် ဒါပဲ ”
ဤတွင် ...
“ ဒီ လူ့ ရောဂါ က ဘယ်လိုများလဲ ဗျာ ”
ဦးဘုမ္မာ အမှတ်မထင် ညည်း လိုက်မိသည် ။
◾နတ်နွယ် ( ၁၉၈၃ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment