❝ အသည်းကျော်ကလေး ❞
အသည်းကျော်လေး ရယ် တဲ့ ... ။
အားလုံးပင် အသံ ထွက် အောင် ရယ်လိုက်ကြလေ သည် ။ သို့ပေမဲ့ အားလုံး ထက် အသံ အကျယ်ဆုံး နှင့် ရယ် လိုက်သူ မှာတော့ ဒေါ်သိန်းရင် ပင် ဖြစ်လေသည် ။ ဒေါ်သိန်းရင် သည် လက် ထဲ မှ စာရွက်ကလေး ကို ဖြန့် ကြည့် လိုက် ရယ် လိုက် နှင့် သုံးလေးခါ ထက် မနည်း ထပ်ကျော့ နေလေ သည်မှာ မျက်စိ နောက်တတ်သူ အဖို့ နားရွက် ဆွဲ လိမ်ချင် စရာတောင် ကောင်းချင် နေပေမည် ။
“ အို ... မေမေ ကလည်း နော် ... ကြည့် ပါလား .. ရိုက်ချင် ထ ရိုက်လိုက်တာ က မှ တော် ဦးမယ် ... အခုတော့ ”
ဒေါ်သိန်းရင် ရဲ့ သမီး က မနှစ်မြို့သော မျက်နှာထား ကို သော် မှပင် မဖုံးကွယ်နိုင်ရှာဘဲ ဤသို့ ဆိုလိုက်မိလေ သည် ။
“ အသည်းကျော်ကလေးရယ် တဲ့ ဟီ .. ဟိ .. တယ် နန်း ဆန်လိုက်တဲ့ ကာလသားသမီးတွေ .. ဟင်း .. ဟင်း ”
ဒေါ်သိန်းရင် သည် အမြင် ကပ်လောက်အောင် ထပ်ပြီး ရယ် ပြန်လေသည် ။
“ ဟင် မေမေ ကလည်း လွန် လွန်းပြီ .. ကြည့်ပါဦး ကောင်မလေး သိပ် ရှက်နေရှာတော့မယ် ။ သူ က ကြိုက်ချင် မှ လည်း ကြိုက် မှာ မေး ကြည့်ဦးမယ် ”
သူတို့ သည် မီးဖိုချောင်ဘက် သို့ ပြိုင်တူ လှမ်း ကြည့် မိလိုက်ရာ စိန်ရင် သည် ခေါင်း ကို သာ အတွင် ငုံ့ ကာ ပန်းကန်များ ကို ကုန်းကျုံး ဆေးနေသည် ကို တွေ့ရလေသည် ။
ဒေါ်သိန်းရင် ၏ ထပ်၍ ရယ်လိုက်သော အသံ သည် နား ထဲ သို့ ပြေး ဝင်ပြန်လေရာ သူမ သည် ခပ်ရှက်ရှက် နှင့် တစ်ချက် လှမ်း ကြည့်လိုက်ပြီး ချက်ချင်း ငုံ့ ပစ်လိုက်မိတော့ သည် ။
ဟုတ်ပါတယ် ။ သူမ ခေါင်းအုံး အောက် တွင် သိမ်း ထားသည့် စာရွက်ပြာကလေး ပင် ဖြစ်ပါသည် ။ မလွဲနိုင်ပါ ။
တစ်နေ့တုန်းခါ က ဒရိုင်ဘာ လှဖေ က သူမ အား ပေးလိုက်သည့် စာရွက်ပြာကလေး ပင် ဖြစ်ပါသည် ။ သူမ အား အတော် စာ တတ်တယ် ထင်၍ ပေးခြင်း ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည် ။ ဒါပေမဲ့ သူမ သည် မနည်း ကြိုးစားပြီး တစ်လုံး ချင်း ပေါင်း ဖတ် တာတောင် မှ ပင် အဓိပ္ပာယ် ကို ရိုးတိုးရိပ် တိတ် လောက် သာ နားလည်ခဲ့လေသည် ။ သူမ စာ မပြန်ခဲ့သေး ။ တကယ် ဆိုတော့လည်း ဘယ်တော့ မှ ပြန်မည် ဟု မရည်ရွယ်ခဲ့ ။ ငယ်ငယ်တုန်း က သူငယ်တန်း သာသာ မျှ တတ် ထားသော ပညာ နှင့် မည်သို့ မှ စာလုံး ဖြစ်အောင် ရေး တတ်မည် မဟုတ်သည် ကို သူမ သိလေသည် ။
ဒီလို မရေးတတ်သည့် အတွက် ပါးစပ် နှင့် စကား ပြန် မည် ဟုလည်း မရည်ရွယ်မိသေး ။ အဘယ်ကြောင့် ဆိုသော် မျက်နှာ ရူး ဒရိုင်ဘာ လှဖေ အား သူမ သည် ဘာဖြစ်လို့ မသိ မိမိ မှာလည်း အခိုင်းအစေမ တစ်ယောက်မျှ ဖြစ်သည်ကို သိလျှက် နည်းနည်းမျှ အယုံအကြည် မရှိခဲ့ ။ ထို့ ကြောင့် မဟုတ်လော သူမ သည် တွေ့တိုင်း သူ့ အား မျက်စောင်း ခဲ လိုက်သည်ချည်း ဖြစ်လေသည် ။
ဒါပေမဲ့ အခု ကိစ္စ မှာတော့ ဘာပဲ ဖြစ်ဖြစ် ခိုးထုပ် ခိုး ထည် နှင့် အမိ ခံရလေပြီ ။ ထို့ကြောင့် စိန်ရင် သည် အတော် ရှက်ကြောက် ဝမ်းနည်းမိလေသည် ။ ဒီ အပေါ် ဒေါ်သိန်းရင် မှာ ကြောက်စရာ ကောင်းသော မင်းကတော် တစ်ယောက် ဖြစ် လေသည် ။
အလို ဘုရားရေ ..
ပန်းကန်တစ်လုံး လက် မှ လွတ်ပြီး ဂျွမ်းဂျွမ်း ကွဲသွား သည်ကို သူမ သည် ကြောင် ၍ ဖိုလှိုက်သော ရင်လုံး ဖြင့် ကြည့် နေမိလေသည် ။ တကယ်ဆိုတော့ သူမ သည် မွှန်မွှန် ထူထူ နှင့် လုပ်ရင်း ကိုင်ရင်း မည်သို့ မည်ပုံ ကျ ကွဲသွားလိုက် သည် ကို တောင်မှ မတွေးတတ်ဘဲ ဖြစ် နေလေသည် ။
ခပ်ပြင်းပြင်း ခြေသံ တခု သူမ နားတွင် လာ ရပ်သည် ။ သတိ ထားမိ၍ မော့ ကြည့်လိုက်ရာ သုန်မှုန်သောမျက်နှာ ထားကို တွေ့ရသဖြင့် ရင်တုန်သွားမိလေသည် ။
စိန်ရင် သည် မော့မော့ကလေး နှင့် ဒေါ်သိန်းရင် မျက်နှာအား စိုးရွံ့စွာ ကြည့်နေမိလေသည် ။
“ နင် ... ဘာစိတ် မွှန် နေတာတုန်း .. ဟင် ”
ဤသို့ မာကျောသော အသံ နှင့် မရှေးမနှောင်း ပင် ရက်စက်သော လက် သည် စိန်ရင့် ပါး နားသို့ ဝဲ လာစဉ် တွင် သူ့ သမီး က လှမ်း ဆွဲ လိုက်သဖြင့် စိန်ရင် မှာ သက်သာရာ ရ သွား လေသည် ။
“ မေမေ ကလည်း မလုပ်ပါနဲ့ မေမေ ရယ် ။ သူ့ ခမျာ မွှန်မွှန်ထူထူ နဲ့ မတော်တဆ လွတ် ကျတာပါ ”
ဒေါ်သိန်းရင် သည် ဒေါသ ဖြင့် တုန်ဟီး နေလေသည် ။
“ ညည်းတို့ လင်စိတ်တွေ မွှန်တိုင်း ငါ့ အိမ် က ပစ္စည်း တွေ အဆုံးရှုံး မခံနိုင်ဘူး ဟဲ့ ”
ဝင်းဝင်းတောက်လျှက် ရှိသော မျက်လုံးများ ဖြင့် ဤ သို့ ဆိုလိုက်ပြီး သူမ သည် သန်း လက် ထဲ မှ အတင်း ရုန်း ကြည့်လေသည် ။ ခြေထောက် နှင့် လည်း လှမ်း၍ ကန်လိုက် ပေသေးသည် ။
“ တော်ပါ မေမေ ရယ် ၊ ဒေါသ ဖြစ် ရင်လည်း မေမေ ပဲ ခံ ရတာ ဟုတ်လား ။ ရင် တုန်တတ်တဲ့ လူ ဟာ ဒေါသ ဖြစ်အောင် မလုပ်ရဘူး တဲ့ ။ ဆရာဝန် က ပြော တာလည်း မေမေ က နား မှ မထောင်ဘဲကိုး သန်း စိတ်ညစ်ပြီ ”
“ ညည်းတို့ က တယ် ကိုယ်ချင်းစာ တတ်ကြတယ် ပေါ့ လေ ။ ညည်းတို့ လည်း ရည်းစား ထားတတ်လို့ ကိုယ်ချင်း စာပြီး သနားတာ ပေါ့ ဟုတ်လား ”
သူမ သည် နီးရာ လူ ကို မဲလေသည် ။ ဒါပေမဲ့ သန်း သည် တစ်ဘက်သို့ လှည့်ပြီး ပြုံး လိုက်လေသည် ။ အဘယ်ကြောင့် ဆိုသော် ဒေါ်သိန်းရင် ပြော သည်မှာ သွေး ထွက် အောင် မှန်သောကြောင့် တည်း ။ သန်း သည် ခေတ် အမျိုးသမီး ပီပီ ရည်းစား ခြောက်ယောက် ထက် မနည်း ထားဖူး လေသည် ။ သူမ သည် စိတ်ရင်း အားဖြင့်လည်း ကျယ်ပြန့် ၊ ရက်ရော ၊ သနားတတ်သူ ဖြစ်လေသည် ။ ဒါကြောင့်ပင် အသနားခံ သူတွေ ကို သနား ၊ သနား သွား တတ်သဖြင့် ရည်းစား ခြောက်ယောက် အထိ သနားမိခဲ့ခြင်း ဖြစ်လေ သည် ။ ဒီတော့ အဘယ်မှာ ကိုယ်ချင်း မစာတတ်ဘဲ ရှိချေ မည်နည်း ။ နို့ပြီးတော့လည်း စိန်ရင် သည် ခြောက် ယောက် ရည်းစား အနက် သုံးယောက် သော ရည်းစား တို့ နှင့် ဆက်သွယ် ရာ တွင် အကျိုးဆောင်သူ မဟုတ်ပါလော ။
“ ဟင် မေမေ က လည်း ကိုယ့် သမီး ကို ဒီလိုပဲ ပြောရ သလား သန်း ရှက်ပါတယ် ”
ဤသို့တော့ သန်း မူ နွဲ့ လိုက်ပါသေးသည် ။
ဘာပဲဖြစ်ဖြစ် စိန်ရင် သည် သန်း အား ကျေးဇူး အတော် တင် ပစ်လိုက်လေသည် ။ အဘယ်ကြောင့် ဆိုသော် သန်း သည် သူ့ မေမေ အား အိမ်ပေါ် ထပ် အထိ ခေါ် သွားပြီး ငြိမ်ဆိမ်အောင် လုပ်ထားပစ်လိုက်သောကြောင့် ဖြစ်လေသည် ။
သန်း စိန်ရင် ဟင်းအိုး ပြင်နေသည့် အနား သို့ လာပြီး ရပ် လိုက်သောအခါ စိန်ရင် သည် မျက်နှာ ပေါ် တွင် ရှက် သွေးကလေး တွေ သမ်းလျက် ရှိနေလေသည် ။
“ စိန်ရင် နင် တကယ် လှဖေ နဲ့ ကြိုက် နေပြီလား ဟင် ငါ တောင် မသိလိုက်ပါလား ”
“ ဟင် ဘယ်က ဟုတ်ရမှာလဲ အစ်မလေး ရဲ့”
“ အမယ် စိန်ရင် ရယ် ငါ့ ကို မညာပါနဲ့ ၊ ဘာများ ရှက် စရာ ရှိလို့လဲ ”
ဘာမှ ရှက်စရာမရှိတော့ ဟုလည်း စိန်ရင် အဖို့ မဟုတ် ပါ ။ ရှက်ပါသည် ။ သန်း အဖို့တော့ ဟုတ်ချင် ဟုတ်ပါမည် ။ စိန်ရင် အဖို့တော့ မတွေ့ဖူး ၊ မကြုံဖူး သဖြင့် ရှက် ရပါသည် ။ ရှက် .. ရှက်မိပါသည် ။
“ အဟုတ်ပါ ဘာမှ မဟုတ်သေးပါဘူး .. မမသန်း ရဲ့ ”
သူမ သည် ထစ်ထစ်ငေါ့ငေါ့ နှင့် ဤသို့ ပြောမိလိုက် ရာ သန်း သည် တခစ်ခစ် နဲ့ ရယ်လိုက်ပြီး
“ ဟင် စိန်ရင် ရယ် နင့် ဟာ က ဘာကို ယုံရမှာလဲ အ ဟုတ် ပါ လည်း ပြောရဲ့ မဟုတ်ဘူး လည်း ပြော ရဲ့ ဟိ .. ဟိ ”
သူမ သည် တခစ်ခစ် တဟိဟိ နှင့် ရယ်နေလေသည် ။ စိန်ရင် အား လည်း သနားသလို ကြည့် နေမိလေသည် ။
“ ဒီလိုပါ သူ က ကျွန်မ ကို နှစ်ခါ သုံးခါ အတင်း လိုက် ပေးတာ နဲ့ လူတွေ မြင်မှာ စိုးလို့ ယူ .. ယူထားမိ ”
“ အို တော်ပါ စိန်ရင် ရယ် ငါ သိပါပြီ ညည်း ဘာပြော မယ် ဆိုတာ ... ဟီဟိ .. ”
သန်း သည် ခပ်ညှစ်ညှစ်ကလေး ရယ်ရင်း ထွက် သွား လေသည် စိန်ရင် မှာ ဒီလောက် စကားလေး သုံးလေးလုံးလောက် ကို တောင် မှ ကွဲအောင် မပြောနိုင်ကောင်းလား ဟု မိမိ ကိုယ် ကိုယ် အပြစ် တင်ရင်း ကျန်နေမိခဲ့လေသည် ။
စိန်ရင် သည် ဘယ် ဝဋ်ကြွေး ဘယ် ရှေးကံ ကို မှ စိတ်နာ ရကောင်းမှန်း မသိလိုက်ဘဲ မင်းဘုရား နှင့် မင်းကတော် ဒေါ်သိန်းရင် အိမ် တွင် ထမင်းချက် လုပ်ရင်း သုံးနှစ် သုံးမိုး လောက် နေပြီးသည် ၏ အခြားဘက် ၌ အပျိုကြီးဖားဖား အရွယ် သို့ ရောက် လာလေသည် ။
ဒါပေမဲ့ ဒရိုင်ဘာ လှဖေ ၏ အသည်းကျော်ကလေး မဖြစ်သေးဘဲ ရှိခြင်း မှာ အတော် အံ့သြရမလို ဖြစ်နေလေသည် ။ လှဖေ က ပဲ ညံ့ လွန်းလို့လား ၊ ဒါမှမဟုတ် ရင်လည်း စိန်ရင် ချစ်ရ ၊ ကြိုက်ရ မှန်း မသိသေးလို့ပဲ လား ဟု တွေး ရမလို ဖြစ် နေလေသည် ။
လှဖေ ကတော့ အသည်းကျော်ကလေး အစ ချီသော စာလွှာမျိုး အခွင့် သာတိုင်း ပေးရုံတင် သာ မက နှစ်ယောက် ချင်း လစ်သည့် အခါများ၌ စိန်ရင့် လက်ကလေး ကိုပင် ဆွဲ ၍ အသနားခံပေါင်းပင် များလှပြီ ။ ဒီအခါများ ၌ စိန်ရင် သည် ရှက်ဒေါသ ဖြင့် လက် ကို ဆောင့် ရုန်းပြီး အတင်း လှဖေ အနား မှ ကြောက်အား နှင့် ဖဲ ခဲ့ရတတ်လေသည် ။ လှဖေ ကို ဘာဖြစ်လို့ မသိ သူ ချစ်လို့ မရချေ ။ သူမ သည် အခု စား ကောင်းခြင်း ၊ အိပ် ကောင်းခြင်း စသည့် ဇိမ်များ ကို သာမက တစ်ခါတစ်ရံ စိတ်ကူး နှင့် သွေးသား လှုံ့ဆော်မှု ရေလှိုင်း တွင် လူးလွန့်ရင်း တွေးရ တောရ သည့် ဇိမ်များ ကို တောင် ခံရ ကောင်းမှန်း သိ လာပေပြီ ။ ဒါပေမဲ့ လှဖေ ကိုတော့ ထည့် စဉ်း စားလို့မရ ။
အဖြေ တစ်ခု တော့ ရှိ ပါသည် ။ လှဖေ က သူ့ ကို အရူး အမူး လိုက် လွန်း၍များ ရွံမုန်း နေလေရော့သလား ၊ လူ့ သဘော တစ်ခု ရှိပါသည် ။ အရ လွယ်လွန်း အားကြီးသော ပစ္စည်း တစ်ခု ကို မမြတ်နိုးတတ်ချေ ။
ဘာပဲဖြစ်ဖြစ် လှဖေ ကတော့ စိန်ရင့် အား အဘယ်မျှ ကြိတ်မနိုင် ခဲမရ သူမ ၏ တစ်တစ်ဖားဖား ကားရရား ထွား ရရား ဖြစ်နေသည့် အချိုးအစား တို့ ကို သွားရေ တမြားမြား ဖြစ် နေသည့်တိုင်အောင် စိန်ရင် မှာ သူ့ အသည်းကျော် မဖြစ်ဘဲ ရှိလျက် နေသေးသည် ။ ဒါပေမဲ့ ဒေါ်သိန်းရင် က တော့ သူတို့ အား ငြိလျက် ရှိနေလေပြီ ဟု အမြဲတမ်း ယူဆ ထား လေသည် ။ ဖွင့် ၍လည်း သမုတ် တတ်လေသည် ။ စိန်ရင် ကမူ ဘယ်တော့မှ မငြင်းသည့် ပြင် သင်္ကာရှင်းခြင်း တို့ ကိုလည်း မပြုချေ ။
လှဖေ ကတော့ လစ်တိုင်း အခါအခွင့် ကို အသုံးပြု လိုက်သည်ချည်း ဖြစ်ရာ တစ်ခါတစ်ရံ စိန်ရင် မီးဖိုချောင် ထဲ တွင် တစ်ယောက်တည်း အလုပ် လုပ်နေခိုက်များ နှင့် ကြုံ လျှင် သူ့ အား ပေးထားသည့် တန်းလျား မှ ကူး လာတတ်ပြီး
“ စိန်ရင် ရယ် .. နင် က ငါ့ များ ဘာဖြစ်လို့ ဒီလောက် ခါးခါးသီးသီး ငြင်းရတာလဲ ဟယ် ။ ငါ လည်း ငါ့ ပညာ နဲ့ မိန်းမ တစ်ယောက် လောက် တော့ ထမင်းဝဝကြီး ကျွေးနိုင်တဲ့ သတ္တိ ရှိပါတယ် ။ နင် ကသာ စကား ပြန် လို့ ရှိရင် သခင်ကြီး ကို ပြောပြီး နေရာ ချ ခိုင်းရင် ဖြစ်နိုင်ပါတယ် ဟဲ့ ”
သူ သည် စိန်ရင့် အား ရွှန်းရွှန်းစားစားကြီး ကြည့်ပြီး ပြောရုံသာ မက သူ့ အား လန့်နေသည် ကိုလည်း သိသဖြင့် ဣန္ဒြေ ရရ နှင့် အယုံအကြည် ရှိလောက်အောင် ပြော ရှာလေ သည် ။
ဒါပေမဲ့ စိန်ရင်သည် သူ့ အား မော်၍ပင် မကြည့်ချေ ။ ထိုကား လှဖေ အား ပို၍ မချင့်မရဲ ဖြစ်စရာ ကောင်းလေသည် ။ ထို့ကြောင့် လှဖေ သည် တစ်ဘက် မှဒေါ်သိန်းရင် ဖြစ်ဖြစ် ၊ အိမ်သား ထဲ က တယောက်ယောက် ဖြစ်ဖြစ် ထွက် လာ မှာ ကို လည်း ကြောက်ရ ၊ စိန်ရင့် ထံ မှလည်း စကား တစ်ခွန်း မှ မကြားရသည့် အတွက် ရိုးတိုးရွတ လည်း ဖြစ် နှင့် အတော် စိတ် အိုက်နေလေသည် ။
“ ပြောပါ စိန်ရင် ရ ... ဒီလောက်ပဲ အဖက် မတန်ဘူး သဘော ထား သလား ၊ ချစ် နိုင် မလား - မချစ်နိုင်ဘူး လား ဒါပဲ ပြော ဟာ ... အားမရစရာ ကောင်းလိုက်တာ ”
သူ သည် နောက်သို့ လှည့် ကြည့်လေသည် ။ ဒေါ်သိန်းရင် များ ပေါ် လာမလား ။ စိန်ရင် သည် ခေါင်း ကို သာ တွင်တွင် ငုံ့ နေလေ သည် ။ တစ်ချက်မျှ လှဖေ အား မော် ကြည့်လိုက်တယ် ဆိုရုံ မော် ကြည့် လိုက်ပြီး တကယ့် ကို မတုန်မလှုပ် အသွင် နှင့် လုပ်မြဲတိုင်း လုပ်နေလေသည် ။
လှဖေ သည် အတော့် ကို မချင့်မရဲ ဖြစ် လေသည် ။ စိတ်ညစ်ညစ် နှင့် သူ့ ဘာသာ သူ ခေါင်း ကို နှစ်ချက် သုံးချက် သွက် သွက်လည်အောင် ခါပြီး သက်ပြင်း တချက် မှုတ် ထုတ်လေသည် ။ နောက် စိန်ရင် ၏ ပုံ့ပုံ့ရုံ့ရုံ့ အိထွား နေသော ကိုယ်လုံး ကို ကျောဘက် မှ ခဏမျှ စိုက်ကြည့်နေ လေသည် ။ သူ သည် ခပ်ရှက်ရှက် နှင့် အနည်းငယ် ဒေါသ ဖြစ်ပြီး တစ်ခုခု ကို ဆုံးဖြတ် လိုက် လေသည် ။
“ ကဲ စိန်ရင် မပြောဘူးလား ပြောမလား မပြောရင် ငါ ဖက် နမ်းမိလိမ့်မယ် ”
သူ သည် စိတ် နောက် သို့ ကိုယ် ပါ တော့မည် အလုပ် စိန်ရင် ကလည်း သူမ ၏ မျက်နှာ ကို လက်ကလေး နှစ်ဖက် ဖြင့် ကွယ် လိုက်သည်တွင် ..
“ ထွီ ” ဟူသော ရွံရှာသည့် နှလုံး ကို ဖော်ထုတ်လိုက် အသံတစ်ခုခု ကို နှစ်ဦး စလုံး ကြား ရ၍ လှည့် ကြည့်လိုက်ရာ တွင် ဒေါ်သိန်းရင် အား တွေ့မိကြလေသည် ။
“ ဟေ့ မင်း တို့ အချစ်ခန်း ဖွင့် ဖို့ နေရာ မဟုတ်ဘူး ဟဲ့ ၊ မီးဖိုချောင် သိရဲ့လား ”
မကြာမီ လှဖေ ကတော့ သူ့ နေရာ တန်းလျား သို့ အရှုံး နှင့် ပင် တပ်ခေါက်ပြီး ပြန် သွားနိုင်သော်လည်း စိန်ရင် မှာတော့ ဒေါ်သိန်းရင် မာန်မဲ ကြိမ်းမောင်းသံများ တို့ ကို အတော်ကြာ ခံနေလိုက်ရတော့သည် ။
“ သေပါတော့ စိန်ရင် ရယ် .. ”
ဒေါ်သိန်းရင် ပြန် ထွက်သွားသည့် အခါ၌ ဤသို့ မိမိ ကိုယ် ကို ကျိန်ဆဲရင်း မျက်ရည် တပေါက် ပါးပြင်ပေါ်သို့ လိမ့်၍ ကျ လာလေသည် ။
စိန်ရင် သည် ချွေးတလုံးလုံး နှင့် ဒယ်အိုး ပေါ် သို့ ကြည့်ရင်းက မသိမသာ ပြုံး မိသွားလေသည် ။ သူမ သည် လက်မောင်း က အစ နှင့် နဖူး မှ ချွေးများ ကို လည်းကောင်း ၊ မီးခိုး ရိုက်သဖြင့် မျက်ရည်များ ထွက်နေသည် ကို လည်းကောင်း ၊ နှာခေါင်း ဝ မှ စို နေသည် တို့ ကို လည်းကောင်း သုတ် လိုက်ပြီး လျှင် တဖြည်းဖြည်း ပါးစပ် ကို တပြင်ပြင် ပြု ရင်း ပြုံး လာလေသည် ။
“ အသည်းကျော်ကလေးရယ် .. ”
စာရွက်ပြာကလေး ထဲ က အသည်းကျော် မဟုတ် ၊ ယခု သူမ တွေ့ နေရသည် မှာ အမြှုပ်များ တဖွားဖွား ထ နေသည့် ဆီကြော် ရေ ထဲ မှာ နေသော ကြက်သည်းကြော် ဖြစ် လေသည် ။ စိန်ရင် ၏ မျက်လုံးများ သည် ဘာဖြစ်လို့ မသိ တ ဖြည်းဖြည်း ရယ် ရယ်လာသည် ဟု ထင်မှတ် ရလေသည် ။ နို့ပြီး သူမ ပါးစပ်မှလည်း ခပ်တိုးတိုး လေသံ ဖြင့် ...
“ အသည်းကျော်ကလေးရယ် ၊ အသည်းကျော် ကလေးရယ် ” ဤသို့ ရွတ်ကြည့်မိလေသည် ။
သူမ သည် လှဖေ မျက်နှာ အား လည်း ပြေး ၍ မြင်မိ လိုက်လေသည် ။ လှဖေ သည် အခုတလော သူမ အား အရင် ကဲ့ သို့ အာသာပြင်းပြသည့် အမူအယာမျိုး အလျဉ်း မပြ တော့ဘဲ ခပ်စိမ်းစိမ်း ပင် နေလျက် ရှိလေသည် ။ သူ မီးဖို ချောင် ထဲ မှာ လာ ပြောတဲ့ နေ့က ရှက်ရှက် နှင့် စိတ်များ နာ သွားရော့သလား ။ ဟုတ်ပါတယ် ။ ကြည့်ပါလား ဟိုတစ် နေ့ သူမ ပါ ရုပ်ရှင် လိုက် ကြည့်တုန်းက လှဖေ သည်တချက် မျှ ပင် မကြည့်ချေ ။ ခါတိုင်း ဆို ရင် ကား မောင်းရင်း မှန် ထဲမှ ချောင်းချောင်း ပြီး ခိုး ကြည့်ရသည် မှာ အမောပင် မဟုတ်ပါ လား ။
စိန်ရင် သည် ထိုသို့ တွေး နေသဖြင့် အိုး ထဲ က ကြက် သည်း မှာ တူး သွားတော့မတတ်ပင် ဖြစ်ပြီး အနံ့သင်းသင်း ကလေး ပင် ထွက် လာလေသည် ။ သူမ သည် ဒယ်အိုး ကို ချ လိုက်ပြီး သွားရေများ ပင် ကျ လာလေသည် ။
“ ဟဲ့ စိန်ရင် အသည်း ကို သပ်သပ် ဖယ်ထား .. နောက်ပြီး ဖေဖေ့ ဖို့ ကြော် ထားလိုက် ”
ဤသို့ အမြတ်တနိုး သခင်ကြီး အား ကျွေးဖို့ရာ ၊ ဒေါ်သိန်းရင် က ခိုင်းသည် ကို သူမ ပြေး၍ သတိရမိလေသည် ။
အသည်းကြော် .. ထိုဟာ သည် အမြတ်တနိုး ဖြစ် သည် ။ အဘယ်မျှလောက် အရသာ ရှိ လို့ပါလိမ့် ။ စိန်ရင် သည် ဤအရာ ကို တစ်သက် နှင့် တစ်ကိုယ် တစ်ခါ ဖူးမျှ မစားဖူး ချေ ။ အဟုတ်ပါ ။ မည်သူ အံ့သြ အံ့သြ စိန်ရင် တော့ တစ်ခါမှ မစားဖူးပါ ။
တကယ်ပင် စိန်ရင် သည် ကြက်သည်း ၊ ဘဲသည်း ကို စားဖို့ တစ်ခါမှ အခွင့်အရေး မရခဲ့ဖူးပါ ။ သူမ သည် ဖြစ်နိုင် ပါ မူ ထို နစ်နာချက် ကို ဆင်းရဲသား အကျိုး ၊ တန်းတူအခွင့် အရေး အတွက် ကြိုးပမ်းသူ နိုင်ငံရေးခေါင်းဆောင် တစ် ယောက် ယောက် ကိုပင် တိုင်တန်း ချင်ပါသည် ။
အဘယ်ကြောင့် ဆိုသော် သူမ သည်လည်း လူ ဖြစ်ပါ လျက် ဘဲသည်း ၊ ကြက်သည်း ကို တစ်ခါမျှ မစားဖူးသော ကြောင့် တည်း ။
သူမ သည် ဤ အရသာ နှင့် မတွေ့ဖူးသည် မှာ နုံချာ လှသော ထမင်းချက် ဘဝ အစေခံမ ဖြစ်သည်ကြောင့် တစ်ကြောင်း အပြင် အသက်အရွယ် ငယ်သည့် တစ်ကြောင်း လည်း ပါ ပါသည် ။
သူမ မိဘများ သည် အဘယ်မျှ ဆင်းရဲသည့် တိုင် အောင် တစ်ခါတစ်ရံ တနည်းနည်း နှင့် ဖြစ်ဖြစ် ၊ ဘဲသား ဟင်း ၊ ကြက်သားဟင်း ချက်နိုင်ပါသည် ။ ဒီအခါများ တွင် မိခင် လုပ် သူ က ..
“ ကိုရင် ရော့ အသည်းဖတ် ”
ဤသို့ ဆိုပြီး သူမ လင် ၏ ပန်းကန် ထဲ သို့ ထည့် လိုက်လေသည် ။ သူမ ယောက်ျား မစား ချင်လျှင် သူမ စား လေသည် ။ သူမ မစားဦးတော့ သား အကြီးဆုံး ဖြစ်သူ စား ရ လေသည် ။ အငယ်ဆုံး စိန်ရင် အလှည့် ဟူ၍ တစ်ခါမျှ မရှိဖူး ချေ ။
ဤသို့ အသည်း နှင့် စိန်ရင် ငယ်တုန်း အခါ ကတည်း က လွဲ ခဲ့ရလေသည် ။
သူများ အိမ် မှာ ထမင်းချက် နှင့် နေရသည့် အခါ၌ မူ ပြောစရာ မရှိတော့ချေ ။ သခင်ကြီး မရှိသည့် အခါ၌ သား သမီးတွေ သည် ဟင်းပန်းကန် ချ လိုက်သည်နှင့် တစ်ပြိုင် နက် အသည်း ကို လုကြလေသည် ။ တစ်ခါတစ်ရံ ဟင်းအိုး အမွှေ လွန် သွား၍ အသည်းများ ကြေ သွားသည့် အခါ များတွင် ဟင်းထည့်သည့် အခါ၌ ရုတ်တရက် မတွေ့လျှင် ဒေါ်သိန်းရင် က
“ ဟဲ့ စိန်ရင် အသည်းတွေ ဘယ်ရောက်ကုန်လဲ ”
ဒီလို စစ်ကြော မေးမြန်းခြင်း ကို ပြုသေးသည် ။ ဒီတော့ စိန်ရင် သည် အလွန့် အလွန် စားချင် ၍ တောင်မှ ခိုး မစားရဲချေ ။ အဘယ်မျှ အသည်း နှင့် ဝေးလေသနည်း ။
ထို့ပြင် ချစ်သူနှစ်ဦး ထမင်းဝိုင်း တွင် ချစ်ရေးကြူရာ ၌လည်း “ ရော့ ကိုကို အသည်းကြော်ကလေး ” ဟု ထည့် ပေးသည့် အဓိပ္ပာယ် ကိုလည်း ယခု စိန်ရင် နားလည် ပေပြီ ။
စိန်ရင် သည် အခုမှ ဒယ်အိုး ထဲ က အသည်းကြော် ကို ကြည့်ရင်း ကြည့်ရင်း လှဖေ ရေးသော အသည်းကြော် ၏ အဓိပ္ပာယ် လေးနက်ပုံ ကို တစိမ့်စိမ့် တွေး ကြည့်မိလေသည် ။
အစက သူမ သည် အသည်းကြော် ဆိုသည် မှာ ဝဲကျော် ထက် နား ကြားရ ချိုမြိန်သည် ဆိုရုံလောက်သာ သိလေ သည် ။ ယခုမှု ဆိုလိုရင်း ကို ကောင်းစွာ နားလည်လေပြီ ။
သူမ သည် ဒေဝစ္ဆရာ နတ်သမီး နှင့် လှဖေ က နှိုင်းလိုက် ရင် ယခုလောက် သဘော ကျမည် မဟုတ် ။ အဘယ့်ကြောင့် ဆိုသော် သူမ ပညာ နှင့် သရုပ်သကောင် မဖော်နိုင်သော ကြောင့် ဖြစ်လေသည် ။ ယခုမူ စိန်ရင် သည် သရုပ်ပါပါ ၊ အသားပါပါ ၊ မျက်ဝါးထင်ထင် သဘော ပေါက်မိလေပြီ ။ သူမ ရှေ့ တွင် ရှိနေသည့် အသည်းကြော် ကို ကြည့်ပြီး သွားရည် တမြားမြားနှင့် ဖြစ်နေလေရာ လှဖေ ၏ အသည်းကြော်ကလေး ဆိုသည့် အဓိပ္ပာယ် ကို နားလည်လေလေ ဖြစ်နေသည် ။
စိန်ရင် သည် ဒီတစ်ခါ လှဖေ ကို မျက်စိ ထဲ က ဖျောက် လို့ မရတော့ချေ ။ ဟိုနေ့က ပြော လိုက်ပုံကို နောင်တ ရလေ သည် ။ အခုချက်ချင်း သွား ၍ ပင် တောင်းပန် ချင်လေသည် ။
စိန်ရင် သည် လှဖေ နေသော တန်းလျားဘက် သို့ လှမ်း ကြည့်လေသည် ။ လှဖေ အား မတွေ့ ၊ ဒါပေမဲ့ ကား သည် ဂိုဒေါင် ထဲ မှာ ရှိ နေသဖြင့် လှဖေ ရှိရမည် ဟု အတပ် တွေး လေသည် ။ ထို့ကြောင့် သူမ သည် မာယာ ဖြင့် အသံ ပေး လိုရကား အဝေး မှာ အိပ် နေသော ဘော်ဘီ အား အသံ ကုန် အော် ခေါ်လိုက်လေသည် ။
ဒါတောင် လှဖေ သည် ထွက် မလာသဖြင့် သူမ သည် မချင့်မရဲ ဖြစ်မိလေသည် ။
နောက် သူမ သည် မိန်းမ ကြိုက်တော့ ဆိုက်ဆိုက် သွား လေသည် ။ လှဖေ နေသော တန်းလျား သို့ အစက တစ်ခါ မျှ မသွားဖူး သဖြင့် သူမ သည် ပထမ သော် ရှက်အမ်းအမ်း ဖြစ်နေသော်လည်း အတင်း ဇွတ်မှိတ်၍ သွား လေ သည် ။
“ ကိုလှဖေ ကိုလှဖေ ...”
တန်းလျားဝ ရောက်သော အခါ သူမ သည် အော် ခေါ် လိုက်လေသည် ။
လှဖေ သည် ထွက် ကြည့်မိသည် တွင် စိန်ရင် ကို တွေ့ သဖြင့် အံ့သြ နေလေသည် ။ သူ သည် ခပ်တည်တည် ကြောင်၍ ကြည့် နေလေသည် ။ ဒါပေမဲ့ စိန်ရင် သည် သူ့ ထံ သို့ ရောက်ရှိ သွားလေသည် ။
နောက် လှဖေ နှင့် မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ဆိုင်မိသော အခါ သူမ သည် ခေါင်း ငုံ့ ပြီး လက်သည်းကလေး တွေ ကို ကိုက် နေသည် ။ ဒါပေမဲ့ လှဖေ သည် သူမ ၏ ပြုံးယောင်ယောင် မျက်နှာပေး ကို တောင် မှ သတိ မထားမိလေ ရော့သလား ။
“ ဘာလဲ ... ဘာလဲ ”
ဤသို့ ပင် ငေါက်ဆတ်ဆတ် မေးလိုက်ချေသေး သည် ။
စိန်ရင် သည် အသနားခံ သည့် မျက်နှာမျိုး ဖြင့် မော့ ကြည့်လိုက် မှ သူ သည် နောင်တ ရ သလို ဖြစ်သွားလေသည် ။
“ ကိုလှဖေ ”
“ ဘာလဲ စိန်ရင် ”
“ စိန်ရင် လို့ မခေါ်ပါနဲ့လား ကိုလှဖေ ရယ် .. စာ ရေးတုန်း က အတိုင်း ”
လှဖေ သည်ပင် ကြောင် သွားလေသည် ။ သူ သည် တကယ် ဆိုတော့ ရုတ်ခြည်းပင် စဉ်းစားလို့ မရပေ ။
“ နားမလည်ပါဘူး စိန်ရင် ”
စိန်ရင် သည် ခပ်ရှက်ရှက်ကလေး နှင့် ချစ်စရာ ကောင်းအောင် ပြုံး လိုက်ပြီး ...
“ အ ... အသည်းကျော် လို့ ... ”
◾ မောင်စည်သူ
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၂ ၊ အမှတ် - ၂၁
၁၉၄၉ ၊ ဖေဖော်ဝါရီ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment