❝ တမ်းတခြင်း ၏ နောက်ဆုံး အလွမ်း ❞
“ အစ်ကို သိပ် ခံစားနေရသလား ဟင် ”
မည်မျှ တွေဝေကာ စဉ်းစားနေမိသည် မသိ ။ အသံလှိုင်း တစ်ခု ကြားတော့မှ ကျွန်တော့် အနားသို့ နီလာ ရောက်နေမှန်း သတိထားမိတော့၏ ။ ‘ နီလာ့ ’ မျက်နှာ တွင် စိတ်မကောင်းခြင်း လက္ခဏာ ကို တွေ့ရသည် ။
“ ဘာရယ် မဟုတ်ပါဘူး နီလာ ရယ် ၊ တွေးမိ တွေးရာ တွေးနေမိတာပါ ”
“ အစ်ကို သိပ်ခံစားနေရမယ် ဆိုတာ နီလာ သိပါတယ် ”
နီလာ့ အသံ က တုန်ယင်နေ၏ ။
“ အစ်ကို နဲ့ ငါးနှစ် လုံးလုံး အတူ ပေါင်းသင်းနေထိုင်ခဲ့ဖူးတဲ့ မိန်းမ ပဲ နီလာ ရယ် ၊ ရင် ထဲ မှာ နည်းနည်းတော့ ခံစားရတာပေါ့ ၊ “ နွယ်မာ ” က သိပ် မိုက်တယ် ကွာ ၊ အစ်ကို့ ကို မငဲ့ကွက် ချင်နေပါစေ ၊ သားလေး ကို တော့ ငဲ့ကွက်ဖို့ ကောင်းတယ် ၊ အခုတော့ သူ က တစ်ဇွတ်ထိုး လုပ်သွားတယ် ၊ သားလေး မှာ ဘယ်လောက် သနားစရာ ကောင်းသလဲ လို့ သူ့ အမေ ကို မေးတိုင်း အစ်ကို မှာ လိမ်ညာပြောနေရတယ် ။ “ နွယ်မာ ” က သားလေး အပေါ် မှာ ရက်စက်လွန်းတယ် ကွာ ”
ပြောရင်း အသံ က တိမ်ဝင်သွားသည် ။
“ အခု .. မနွယ်မာ လက်ထပ်သွားတာ ကုမ္ပဏီပိုင်ရှင် လို့ ပြောနေကြတယ် ဟုတ်လား ”
“ ဟုတ်တယ် ၊ သူ့ အဒေါ် က သူ့ ကို နားချပြီး ပေးစားလိုက်တာ ၊ ဒါပေမယ့် သူ စဉ်းစားဖို့တော့ ကောင်းတာပေါ့ ၊ အေးလေ ... မစဉ်းစားလို့သာ ဒီလို လုပ်သွားတာ ပေါ့ သားလေး ကို လူတော်လူကောင်း တစ်ယောက် ဖြစ်လာအောင် အစ်ကို မွေး ရမယ် ”
“ အခု သားလေး ဘယ်သွားသလဲ ”
“ အိပ်နေတယ် နီလာ ”
နီလာ က သားလေး အိပ်နေရာသို့ သွား၍ ကြည့်သည် ။
“ ကလေး က သနားစရာပါပဲ အစ်ကိုရယ် ”
“ မပြောပါနဲ့ နီလာရယ် ၊ ဒီစကားမျိုး ကြားရင် အစ်ကို ပိုပြီး ခံစားရတယ် ”
ရင် ထဲ တွင် နင့်နေသည် ။ နီလာ ၏ မျက်နှာ သည် ညှိုးနွမ်းသွား၏ ။
“ အခုလို အစ်ကို နဲ့ မနွယ်မာ တို့ ဖြစ်ရတာ ‘ နီလာ့ ’ ပယောဂလည်း မကင်းဘူး ထင်တယ် ”
“ ဘာဆိုင်လို့လဲ ”
“ ဪ ... အစ်ကို နဲ့ နီလာ က ဟိုသွား သည်လာ ဆိုတော့ မနွယ်မာ က အထင် လွဲပြီး အိမ် က ဆင်းသွားတယ် လို့ သတင်း ကြားတယ် ၊ ဟုတ်သလားအစ်ကို .. ”
“ မဟုတ်ပါဘူး ၊ ငွေရေးကြေးရေး ကိစ္စကြောင့် အဆင်မပြေ ဖြစ်ပြီး သူ အိမ် ပေါ် က ဆင်း သွားတာ လင်မယား စကား များတိုင်း သူ က အိမ်ပေါ် က ဆင်း သွားနေကျ ဆိုတော့ သူ တစ်နေ့ ပြန်လာမယ် ထင် ခဲ့တာပေါ့ ၊ ခါတိုင်း သူ ဆင်းသွားရင် သားလေး ကို ခေါ်သွားပေမယ့် အခု တစ်ခါတော့ ... ”
“ ဪ ... ”
“ သူ့ အဒေါ် က ဟိုတုန်း ကတည်း က သူ နဲ့ အစ်ကို့ ကို သဘော တူခဲ့တာ မဟုတ်ဘူး ၊ သူ့ အဒေါ် က သူ့ ကို ချမ်းသာတဲ့ သူ နဲ့ မှ ပေးစား ချင်တာ ၊ ဒါမှ သူ့ အဒေါ် က သူ့ ဆီ က ငွေ လိုရင် ငွေ ၊ ရွှေ လိုရင် ရွှေ ... ရမယ်လေ ... ”
“ လူတွေဟာ ဒီလို စိတ်မျိုး မွေးကြတယ်နော် ... ”
“ မွေးရုံတင် ဘယ် က,ပါ့မလဲ ... နီလာ ရယ် ၊ တချို့လူတွေ ဟာ သူတို့ ကြီးပွား မယ် ဆိုရင် သူတစ်ပါး ဒုက္ခ ရောက်မှာ ကို မတွေးကြဘူး ။ ဖြစ်ချင်တာ ဖြစ်ပစေ သဘော ထားတတ်ကြတယ် ၊ တကယ်ဆို သူ့ အဒေါ် က လူကြီး ပီပီ သူ့ တူမ ကို ဖျောင်းဖျ ရမှာပေါ့ ၊ အခုတော့ သူ ကိုယ်တိုင် သူ့ တူမ ကို ပေးစားလိုက်တာ ၊ အစ်ကို့ အနေ နဲ့ ကတော့ သူ ချမ်းချမ်းသာသာ နေရတယ် ဆိုရင် ဝမ်းသာပါတယ် ၊ စိတ် မကောင်းတာ က သားလေး အတွက်ပါ ၊ ဥမမယ် စာမမြောက် အရွယ် မိခင်ရင်ခွင် မှာ မနေရ ရှာဘူး ”
ပြောရင်း သက်ပြင်း ရှိုက်မိ၏ ။
“ ကွန်ပျူတာသင်တန်း တက် ရဦးမှာမို့ နီလာ ပြန်တော့မယ်နော် အစ်ကို ၊ ကျန်းမာရေး ကို လည်း ဂရုစိုက်ဦး နော် ”
“ စိတ်ထောင်းတော့ ကိုယ်ကျေတာပေါ့ ... နီလာရယ် ”
သူမ ကို တံခါးပေါက် အထိ လိုက်ပို့ပေးပြီး တစ်ကိုယ်တည်း အတွေး နယ် ကျွံ ရင်း ကျန်ရစ်ခဲ့သည် ။
“ ဟင်း ”
သက်ပြင်း ကို လေးပင်စွာ ရှိုက်လိုက် မိ၏ ။ သားလေး ၏ အိပ်ရာ ရှိရာသို့ လာ ခဲ့သည် ။ သားလေး က နှစ်ခြိုက်စွာ အိပ်ပျော် နေရှာ၏ ။ သားလေးကို ကြည့်ပြီး ရင် ထဲ တွင် ဆို့နစ်သွားမိသည် ။ အိပ်ပျော် နေသော သားလေး ၏ ပါးပြင် ကို ဖွဖွလေး နမ်းရှိုက်လိုက်မိသည် ။ မျက်လုံး ထဲ တွင် မျက်ရည်များရစ်ဝဲလာသည် ။ သားလေး ၏ ရုပ်သွင် သည် ဝေဝဲသွား၏ ။
••••• ••••• •••••
“ အစ်ကို ၊ အရက်တွေ သိပ်သောက်နေတယ်ဆို ... ”
ပခုံး မှ လွယ်အိတ် ကို စားပွဲပေါ်သို့ ပစ်တင်ရင်း နီလာ က ပြောသည် ။
“ နည်းနည်းပါးပါး သောက် မိတာပါ ”
“ ဘာ နည်းနည်းပါးပါး လဲ ၊ တစ်ခါ သောက်ရင် ပုလင်းတစ်လုံး လား ၊ မနေ့ က ဈေး ထဲမှာ ကိုသိန်းလွင် နဲ့ တွေ့တယ် ၊ ကိုသိန်းလွင် က ပြောပြလို့ နီလာ လာ ခဲ့တာ ”
နီလာ ပြောသည့် ကိုသိန်းလွင် ဆိုသည် က ကျွန်တော့် သူငယ်ချင်း ။ ‘ နီလာ ’ နှင့် လည်း ရင်နှီးသည် ။ ပြီးတော့ နီလာ တို့ သားအမိ နှင့် အိမ်နီးချင်း ။ ‘ နီလာ ’ တို့ အဖေ ရာထူးတစ်ဆင့် တိုးပြီး ‘ ပြည် ’ သို့ ပြောင်းရွှေ့သွားတော့ ‘ ကိုသိန်းလွင် ’ က နီလာ တို့ သားအမိ ကို စောင့်ရှောက်နေရသည် ။ ယခု နီလာ သည် ကျွန်တော် အရက် သောက်နေသည့် သတင်း ကို ကိုသိန်းလွင် ထံမှ ကြား သိရသည် တဲ့ ။
“ စိတ်ညစ်လို့ပါကွာ ”
“ စိတ်ညစ်တိုင်း အရက်သောက်စရာလား ၊ အစ်ကို ယောက်ျား မဟုတ်ဘူး လား ၊ ဟင်း , အခုတောင် အရက်နံ့ ရတယ် ။ နီလာ့ စကား နား မထောင်ရင်တော့ အစ်ကို့ ဆီ ကို နီလာ မလာတော့ဘူး ။ အစ်ကို က နီလာ့ စကား ဆိုရင် ဘယ်တော့မှ နား မထောင်ဘူး ၊ အစ်ကို့ သားလေး ကို အစ်ကို မသနားဘူးလား ”
“ သနားတာပေါ့ ”
“ သနားရင် ဘာလို့ စိတ် ထင်ရာတွေ လျှောက် လုပ်နေရတာလဲ ။ အရက် တွေ အသောက် များပြီး အစ်ကို တစ်စုံတစ်ခု ဖြစ်သွားရင် သားလေး က ဘယ့်သူ့ ကို အားကိုး ရမှာလဲ ”
နီလာ ၏ စကား ကြောင့် ရင် ထဲတွင် ထိတ်ကနဲ ဖြစ် သွားသည် ။ သားလေး ၏ ဘဝ ကို အားကိုးရာမဲ့ မဖြစ်စေချင် ။ သားလေး ပျော် နေတာကိုသာ မြင်ချင် မိ၏ ။
“ နောက် အစ်ကို အရက်မသောက်တော့ပါဘူး ၊ နီလာ့ ကို ကတိ ပေးတယ် ”
“ တကယ် ပြောတာလား ”
ခေါင်းညိတ် ပြလိုက်မိသည် ။ လက်ညှိုးကလေး ထောင် ကာ ရန် တွေ့နေသော နီလာ့ ကို ကြည့် ပြီး စိတ်ထဲ မှ ရယ်ချင်နေမိသည် ။ သည် ကောင်မလေး အဘယ့်ကြောင့် ကျွန်တော့် အပေါ် သည်လောက် စေတနာတွေ ထား နေသည်ကို စဉ်းစား၍ မရ ။ နီလာ က မည်သည့် ယောက်ျားလေး ကိုမျှ အရေးတယူ မဆက်ဆံတတ်မှန်း ကျွန်တော် သိထား၏ ။ တစ်ခုလပ် ကျွန်တော် နှင့် အရောတဝင် နေသဖြင့် ပတ်ဝန်းကျင် က အပြစ်တင်မည် ကိုလည်း ဂရုစိုက်ပုံ မရ ။
“ ဘာတွေ တွေးနေတာလဲ, အစ်ကို ရဲ့ ၊ နီလာ မေး နေတာ မကြားဘူးလား ”
“ ဟင် ... ဘာမေးနေတာလဲ ”
“ အဟင်း ဟင်း ... ဒါကြောင့် အစ်ကို့ ကို မနွယ်မာ က ပစ်ပြေးတာ ၊ အစ်ကို က ဘာကြီးမှန်း လဲ မသိဘူး ”
“ အို ... နင် မေးတာမှ ငါ မကြားတာ ”
“ အစ်ကို့ သားလေး ဘယ် သွားနေသလဲ လို့ ... မေးနေတာ ”
“ သားလေး လား ၊ အစ်မတို့ အိမ် သွားတယ် ၊ အစ်မ က သားလေးကို မွေးစားဖို့ အစ်ကို့ ဆီ မှာတောင်းတယ် ၊ ဘယ် ပေးရက်မှာလဲ နီလာ ရယ် ၊ သားလေး ရှိနေလို့သာ အစ်ကို့ ဘဝ ဒီလောက် အထိ ခိုင်မြဲ နေတာ ၊ သားလေး သာ မရှိရင် အစ်ကို ဒီနယ်မြေမှာ နေဖြစ်မှာ မဟုတ်တော့ဘူး ”
“ ဒါဆို အရက်မသောက်နဲ့ပေါ့ ... ”
“ လာပြန်ပြီ ၊ ဒီအရက် ... ”
“ အို ... ပြောရမှာပဲ ... အဟင်း ဟင်း ”
••••• ••••• •••••
“ နွယ်မာ့ ... သတင်း ကြားရတော့ စိတ်မကောင်းဖြစ်မိတယ် ”
“ လင်မယား နှစ်ယောက်စလုံး ကားမှောက် သေရတာ ကံဆိုးလိုက်တာ ”
“ သူတို့ ရဲ့ ကံကြမ္မာ ပဲ လို့ သဘော ထားရမှာပဲ ”
“ သားလေး ကို ပိုပြီး သနားလာတယ် ”
“ အခုတော့ သားလေး ဘဝ မှာ အမေ ဆိုတာ လုံးဝ မရှိတော့ဘူး ၊ သားလေး ကို သိတတ်နားလည် တဲ့ အရွယ် ရောက်တော့ မှ သူ့ မှာ အမေ မရှိတော့ဘူး ဆိုတာ ပြောပြ ရမယ် ”
••••• ••••• •••••
နီလာ နှင့် နီးနီးကပ်ကပ် နေလာရသော အခါ သူမ အပေါ် သံယောဇဉ် နှောင်တွယ်လာမိသည် ။ အထီးကျန် ကျွန်တော့်ဘဝ ကို စာနာတတ်သော နီလာ ၏ စိတ်ထား ကိုလည်း လေးစားမိ၏ ။ နီလာ့ ကို သားလေးအတွက် မိခင် နေရာ ပေးချင်သည် ။ မိခင်မေတ္တာ ကို အပြည့်အဝ မရရှာသော သားလေး အဖို့ နီလာ သည် သား လေး ၏ ဘဝ ကို စာနာတတ်သော မိန်းမသား တစ်ဦး ဟု ကျွန်တော် ထင်မိ၏ ။
“ ဇော်မောင် ၊ နင် နဲ့ ဟိုကောင်မလေး က ဘယ်လိုလဲ ”
အမေ့ စကား ကြောင့် ရုတ်တရက် လန့် သွား၏ ။
“ အမေ က ဘာကို ဆိုလိုချင်တာလဲ ”
“ ဟင်း ... ငါ မေးတာ က နင် နဲ့နီလာ ချစ်ကြိုက်နေကြသလားလို့ ”
“ ဟာ ... မဟုတ်တာ အမေ ရာ ၊ ရိုးရိုး ခင်တာပါ ”
“ ကောင်မလေး က သားအပေါ်တော့ သံယောဇဉ် ကြီး ရှာသားနော် ”
“ ခင်မင်တာပါ အမေ ရာ ”
“ အမေ ကတော့ နင် နဲ့ကောင်မလေး ကို သဘောတူတယ် ”
“ ဗျာ ”
“ ဗျာ မနေနဲ့ ၊ ယူမယ် ဆိုရင်လည်း ပြော ”
“ စဉ်းစားနေတုန်းပါ အမေ ရာ ”
အမေ့ ကွယ်ရာတွင် ကျိတ်ပြုံးပြုံးမိသည် ။ ကျွန်တော် နှင့် နီလာ တို့ ၏ သံယောဇဉ် ကို အမေ ရိပ်စားနေမိပါပြီကော ။
အလုပ် အားသည့် အချိန်တိုင်း နီလာ့ ကွန်ပျူတာသင်တန်း သို့ ကျွန်တော် သွားဖြစ်သည် ။ စကားတွေ ရေပက် မဝင်အောင် ပြော ဖြစ်ကြသည် ။ နီလာ နှင့် စကား ပြော နေရလျှင် ကျွန်တော့် ရင်ထဲ က ဝေဒနာ တွေ ပြေပျောက် သွားသလို ခံစားရ သည် ။ ကိုယ်လုံးကလေး လှုပ်ကာလှုပ်ကာ ရယ်မောတတ်သော သူမ ၏ မျက်နှာလေး သည် ကျွန်တော့် မျက်လုံးအိမ်ထဲမှ မထွက် ။ သူမ မှာကြားနေကျ စကား တို့ ကို မကြာခဏ ကြားယောင်နေမိ၏ ။
သူမ ၏ ရှေ့တွင် ကျွန်တော်သည် ပုတ်သင်ညို တစ်ကောင်လို ဖြစ် လာရ သည် ။ သူ့ စကားကို နားမထောင် လျှင် သူ့ ထံ သို့မလာ နှင့် ဟု နီလာ က ပြောတတ် သည် ။ နီလာ့ မျက်နှာလေး ညှိုးငယ် နေလျှင် ကျွန်တော် မနေတတ် ၊ မထိုင်တတ် ဖြစ်ရ၏ ။
သည်လိုနှင့် တစ်နေ့တော့ ကျွန်တော် ရင်ဖွင့်ခဲ့မိသည် ။
“ နီလာ့ ကို အစ်ကို လက်ထပ်ချင်တယ် ”
မမျှော်လင့်ဘဲ ကြား လိုက်ရသော စကားကြောင့် နီလာ အံ့ဩသွားဟန် တူ သည် ။ မျက်နှာ ပေါ် မှ အရယ် အပြုံးသည် ရုတ်ခြည်း ရပ်တံ့သွား၏ ။ ရှက်စိတ် ကြောင့် လား မသိ ။ နီလာ့ မျက်နှာ နီမြန်း သွားသည် ။ ပြီးနောက် ခေါင်း ငုံ့သွားလေ၏ ။
“ အစ်ကို့ ကို စိတ်ဆိုး သွားပြီလား နီလာ ”
နီလာ က မဖြေ ။ ခေါင်းကို ငုံ့ ထားဆဲ ။ တစ်ခါတစ်ခါ တွင် မျက်လွှာ လှန် ကြည့်၏ ။ သူမ ၏ မျက်လုံး ထဲ တွင် အရှက်လှိုင်းရိပ်လေးတွေ တွေ့ ရသည် ။
“ အမဲရိုးနှယ် ဟင်းအိုး မှ နားမလည်ဘူး လို့ ထင်သွားပြီလား နီလာ ၊ အရင်က နီလာ့ အပေါ် အစ်ကို, ညီမလေး လို ပဲ ချစ်ခဲ့တယ် ၊ အနေ ကြာလာတော့ နီလာ့ အပေါ် သံယောဇဉ် ပိုလာမိတယ် ၊ ပတ်ဝန်းကျင် က လည်း အစ်ကို့ ကို မေးလာတယ် ”
“ ဘာ မေးလို့လဲ ”
“ နီလာ နဲ့ အစ်ကို ချစ်နေကြပြီလားတဲ့ ”
“ အို ”
“ ဟုတ်တယ် နီလာ ၊ နီလာ့ ကို အစ်ကို ချစ်တယ် ၊ သားလေး အတွက် နီလာ့ ကို မိခင်တစ်ဦးဖြစ်စေချင်တယ် ၊ အမေ ကလည်း အစ်ကို နဲ့ နီလာ့ ကို သဘော တူ နေတယ် ၊ သားလေး ကလည်း နီလာ့ ကိုခင်တွယ်နေပြီပဲ ”
နီလာ က မော့ကြည့်သည် ။ မျက်လုံး သည် ကြည်လဲ့နေ၏ ။ မျက်လွှာ အချ တွင် မျက်လုံး ကိုမှိတ်ထားသည် ။
“ နီလာ ပြန်တော့မယ် ”
“ ဟင် ”
အနား မှ ထွက်ခွာသွားသော နီလာ့ ကို ကြည့်ရင်း ရင်မောနေမိသည် ။
ရင် ထဲ မှ နင့်နင့်သည်းသည်း ခံစား နေရသည် ။ ဘာမှ မဟုတ်ဘဲ တွေးငေး နေတတ်သော အကျင့် တစ်ခု ရလာသည် ။
ထို ည က တစ်ညလုံး အိပ်မပျော် ။
••••• ••••• •••••
ကျွန်တော့် ထံ သို့ နီလာ ရောက်မလာသည် မှာ ကြာပြီ ။ သူ့ အဖေ ရှိရာ ‘ ပြည် ’ သို့ ခေတ္တခဏ အလည်အပတ်ရောက် နေသည် လား ။ ဒါမှမဟုတ် ... ကျွန်တော့် ကို စိတ်ဆိုး သွားပြီလား မပြောတတ် ။ အိပ်ရေး ပျက်သည့် ညတွေ များလာသဖြင့် နေ့ခင်းဘက် တွင် ခေတ္တ လဲလျောင်းရင်း အိပ် ပျော်သွား၏ ။ အမေ့အသံ ကြောင့် လန့်နိုးလာသည် ။
“ ဇော်မောင် ”
“ အင် ”
“ နီလာ , လာသွားတယ် ”
“ ဟင် ... အမေ့ ကို သူ ဘာပြောသွားသေးလဲ .. ”
“ နင် က သူ့ ကို ရည်းစားစကား ပြောတယ် ဆို ”
“ ဟာ .. ဒီ ကောင်မလေး တော်တော် ဆိုးတာပဲ ”
အမေ က ပြုံးစိစိ လုပ်နေသည် ။
••••• ••••• •••••
နီလာ က ဘာမှ ပြန် မပြောဘဲ ငြိမ်နေ၏ ။
“ အစ်ကို မေးတာ ဖြေလေ ”
နီလာ က ခေါင်း ခါသည် ။
“ နီလာ စဉ်းစားနေတုန်းပဲ ၊ အစ်ကို့ အရေး ထက် သားလေးရဲ့ အရေး ကို ပို စဉ်းစားရတယ် ”
“ အစ်ကို က ကလေး တစ်ယောက် အဖေ မို့ လို့လား ”
“ ဒီလို စိတ်မျိုး နီလာ့ မှာ ရှိနေရင် အစ,ကတည်းက အစ်ကို နဲ့ အခေါ်အပြော မလုပ်ခဲ့ဘူး ။ ချစ်ခြင်းမေတ္တာတရား မှာ ပျိုတယ် ၊ အိုတယ် ဆိုတာ ကို သတ်မှတ်ချက် မထားပါဘူး ။ နီလာ့ ရင်ထဲမှာ ချစ် နေမိရင် ပျို လည်းချစ်မှာပဲ ၊ အို , လည်း ချစ်မှာပဲ ”
“ အစ်ကို ဝမ်းသာပါရစေ နီလာ ”
••••• ••••• •••••
“ အစ်ကို ”
“ ဘာလဲ နီလာ ”
“ အစ်ကို့ ကို နီလာ ချစ်ပါတယ် ”
“ ဝမ်းသာလိုက်တာ နီလာ ရယ် ”
“ နီလာ့ စကား မဆုံးသေးပါဘူး ၊ အစ်ကို့ ကို နီလာ ချစ်ပေမယ့် လက် မထပ် နိုင်ဘူး ၊ တကယ်လို့ နီလာ က အစ်ကို့ ကို လက်ထပ်ခဲ့ရင် အခု အချိန် မှာ ပျော်ရွှင်စွာ နေနိုင်ကြပေမယ့် သားလေး , အရွယ် ရောက်လာတဲ့အခါ နီလာ ဟာ သူ့ အမေရင်း မဟုတ်ဘူး ၊ မိထွေး ဆိုတာ သိလာ မှာ ရယ် ၊ မနာလိုသူတွေရဲ့ သွေးထိုး စကားတွေ ကြောင့် သားလေး က နီလာ့ ကို တစ်မျိုးမြင် သွားရင် နီလာ တစ်သက်လုံး ခံစားရလိမ့် မယ် ၊ ရေရှည်အရေး ကို တွေးပြီး နီလာ ဆုံးဖြတ်ခဲ့တာ ကို အစ်ကို နားလည် ခွင့်လွှတ် ပေးပါနော် ။ ရှေ့လ ကျ ရင် ဖေဖေ့ ဆီ ကို နီလာ တို့ သားအမိ အပြီးပြောင်း သွားကြ တော့မယ် ၊ အစ်ကို နဲ့ သားလေး ကို နီလာ သတိ ရ နေမှာပါ ”
ပြောပြောဆိုဆို အိမ်ပေါ် မှ နီလာ ပြေး ဆင်းသွားသည် ။ ကျွန်တော့် ရင်ထဲ တွင် တင်းကျပ်စွာ ခံစားလိုက်ရသည် ။ နီလာ့ အပေါ် ကျွန်တော်ထား ရှိသော သံယောဇဉ် အနက်အရှိုင်း ကို ကျွန်တော် သိနေသည် ။ နီလာ့ ကို သတိ ရတိုင်း ကျွန်တော် လွမ်းနေရ မည်ကို သိနေသည် ။
ရင် ထဲ မှ ဝေဒနာ ကြောင့် မျက်ဝန်း အိမ် တွင် မျက်ရည်တွေ ရစ်ဝဲ လာသည် ။ ပြင်းပြင်းထန်ထန် ရှိုက်လိုက်မိ၏ ။
◾၀င်းဇော် ( သုံးဆယ် )
📖 အလင်္ကာရပ်ဝန်း
ဝတ္ထုတိုစာစု ( ၇ )
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment