Sunday, July 3, 2022

ငါ့ဝမ်းပူဆာ မနေသာ


 

❝ ငါ့ဝမ်းပူဆာ မနေသာ ❞

ကြက်ကလေး ရဲ့ ခေါင်း ကို ကလိုရိုဖောင်း ဆွတ် ထားတဲ့ ဂွမ်း နဲ့ အုပ် လိုက်တော့ ခေါင်းကလေး ဆတ်ခနဲ ဖြစ်ပြီး ၊ တစ်ကိုယ်လုံး လည်း ထွန့်ထွန့် နဲ့ အကြော ဆွဲပြီး ငြိမ် ကျသွားတယ် ။ 

ကြက်ကလေး မှာ ၃၅ ကျပ်သားကောင်လောက်လေး ။ အမွေး ဆွတ်ဆွတ်ဖြူ နဲ့ အမောက်နီနီလေး ထွက်စ ရှိသေးတယ် ။ သနားစရာလေး ပေမဲ့ သနားဖို့ ကိုဒေါင်း မစဉ်းစားနိုင်သေးဘူး ။ နောက်ထပ် အနီကြား တွေရော ၊ အပြာတွေရော အကုန်လုံး ကို ကလိုရိုဖောင်း ပေး ၊ မေ့အောင် လုပ်ရ ဦးမယ် ။ သူ ဒီ တက္ကသိုလ်ကြီး ကို ရောက်လာစ ကတော့ ဒီလို ကြက်ကလေး တွေ ကို ကိုင် ရပြီ ဆို သိပ် သနားတာပဲ ။ ခုတော့ နိစ္စဓူဝ လုပ်နေရတာ ဆို တော့ ရိုးသွားပြီ ။ တက္ကသိုလ်ကြီး ရဲ့ ရင်ပြင် မှာ ဖြတ်သန်းသွားကြတဲ့ ကျောင်းသားကျောင်းသူတွေ ရဲ့ အရေအတွက် များ လာတာနဲ့အမျှ သူ လုပ်ပေးခဲ့ရတဲ့ ကြက်ကလေးတွေ ၊ ငါးကလေးတွေ ( တစ်ခါတစ်ရံ ပုတ်သင်ညိုတောင် ပါသေးရဲ့ ) ရဲ့ အရေအတွက် များ လှပြီလေ ။

သားသတ်သမား မဟုတ်ပေမဲ့လည်း သူ မေ့ဆေး ပေးလိုက်တဲ့ ကြက်ကလေးတွေ ၊ ဘဲကလေးတွေ ၊ ဖားကလေးတွေ ခမျာ ခွဲစိတ်တဲ့ ဓား ၊ ကတ်ကြေးတွေ ရဲ့ အောက် မှာ အသက် ပျောက်ဆုံးသွားရတာပဲလေ ။ ပညာ ရှာမှီးဖို့ သူတို့ ခမျာ အသက် စွန့် ပေးရတာမို့ မွန်မွန်မြတ်မြတ် နဲ့ သေသွား ရှာတာပါပဲလေ ဆိုပြီး ဖြေ တွေး တွေး မိပေမဲ့ သူ့ အသက် သတ်ခြင်း ကို ကျူးလွန်မိနေပြီ ဆိုပြီး စိတ် မကောင်း ဖြစ်ရတာလည်း ခဏခဏ ။

ဒီလို ကြက်တွေ ၊ ဘဲတွေ ၊ ငါးတွေ ၊ ဖားတွေ ၊ တီကောင်တွေ ၊ ပိုး ဟပ်တွေ ၊ သံကောင်တွေ ခွဲစိတ် ခံနေရလို့လည်း ကိုဒေါင်း တို့ မိသားစုလေး အူ စို ရတာလေ ။ ဒါကို သူများ ပြောပြရင်တော့ ။

“ ဟယ် .. မင်းတို့ က ပိုးဟပ်တွေ ၊ တီကောင်တွေ ၊ သံကောင်တွေ ပါ စား သလား လို့ ကိုဒေါင်း တို့ မေးခံရဦးမယ် ။

အဲဒီ ကောင် တွေ ကိုတော့ ကိုဒေါင်း တို့ ဘယ် စားလိမ့်မတုံး ။ အဲ ... ခွဲစိတ်ပြီး ကျန်ခဲ့တဲ့ ကြက် ၊ ဘဲ ၊ ငါးတွေ တော့ စား တာပေါ့ ။ ကံကောင်း ရင် ပုစွန်တောင် စား ရသေးတယ် ။ 

ကျောင်းသားတကာ ကိုင်တွယ်ထားလို့ ပျော့ဖတ် ညိုမည်းနေပေမဲ့ ကြော်လိုက် ၊ ချက်လိုက် တော့ လည်း ဈေး ထဲ က ဝယ် သလိုပါပဲ မထူးပါ ဘူး ။ ဒီ အကောင်လေးတွေ ကို ဦးစိန် ၊ ဦးတင့် ၊ ညီထွန်း တို့ လို ကိုဒေါင်း နဲ့ အဆင့်တူ ဓာတ်ခွဲခန်း အကူတွေ ခွဲ ယူ ရတာလေ ။ နောက်တော့ စားဝတ် နေရေး ကို အဆင် မပြေလာကြလို့ လား မသိဘူး ။ ရုံးကရော ၊ သန့်ရှင်းရေး အဖွဲ့ ကရော တောင်း လာကြတယ် ။ ဟိုတုန်းက ဆို အိမ်ပြန်ယူ ပြီး ပိုလို့ တောင် ရောင်း စားရတယ် ။ ကိုဒေါင်း တို့ အလုပ်သမားရပ်ကွက် ကတော့ ဝယ် ကြတာပဲ ။ ဈေး ထဲ က ဈေး နဲ့ ထက်ဝက် တောင် ကွာနေတာ မဟုတ်လား ။

ငါးတွေ ခွဲ ရင်လည်း ပိုလွန်းလို့ ခွဲခြမ်း ၊ အခြောက်လှန်း ၊ ဆားသိပ် နဲ့ ငါးခြောက် ၊ ငါးပိကောင် လုပ်ပြီး အခါကြီး ရက်ကြီး ကျရင် ဆွေမျိုး သားချင်း ထဲ က လူကြီးသူမတွေ “ ကန်တော့ ”  ဖြစ်သေးတယ် ။

ခုတော့ အိမ် စားဖို့လေး ကို ပဲ မနည်း လုပ်နေရတာ ။ ဘာပဲဖြစ်ဖြစ်လေ ရသလောက် အမြတ် ပဲပေါ့ ။ 

ကိုဒေါင်းတို့ အဖို့ ဟင်းစား ရတာ အပြင် ဖား အတွက် ဖား ရှာပေး ရရင် ငွေစလေး ၊ ဘာလေး အိတ်ထဲ ကပ်မိတယ် ။ ဖားတစ်ကောင် တစ် ကျပ်ခွဲ ရ တာ ။ တက္ကသိုလ် နောက် က လယ်ကွင်းပြင်ကြီး ကတော့ ကိုဒေါင်း ဖား ရှာ တဲ့ နယ်မြေပဲ ။ ဝက်သတ်ရုံ ကတော့ သံကောင် ရတဲ့ နေရာပေါ့  ။

အဲ ... ပိုးဟပ် ကျတော့ တစ်ကောင် ငါးမူး ရပေမဲ့ ကိုဒေါင်း မဖမ်း ချင်ဘူး ။ ပိုးဟပ် ကို တော့ ရွံကြောက်ကြီး ၊ နံ ကလည်း နံသေး ။ ဒါကြောင့် တစ်ကောင် ၅ ကျပ်  ပေးလည်း ကိုဒေါင်း မဖမ်းချင်ဘူး ။ ညီထွန်း တို့ပဲ ဖမ်း ကြတယ်လေ ။ 

အားလုံး ခြုံ ကြည့်ရင်တော့ ဒီ ဌာန မှာ လုပ် ရတာ ကိုဒေါင်း ပျော် ပါတယ် ။ နေစရာ အိမ်သေးသေးလေး တစ်လုံး လည်း ရတယ် ။ အဲဒီမှာ ရေ ၊ မီး အစုံ ရှိတယ် ။ သားသမီးတွေ နဲ့အတူ တီကောင် ၊ ပုတ်သင်ညို ၊ ဖားကလေးတွေ ရှာ ရင် ဆန်အိုးလေးတော့ အမြဲ ပြည့်စေတယ်လေ ။

တစ်ခါတလေ တောင်ကြီးကောလိပ် တို့ ၊ မြစ်ကြီးနားကောလိပ် တို့ စတဲ့ နယ်ကောလိပ်တွေ ကနေ ဖားတွေ ရှာရှင် ကိုဒေါင်း တို့ ဆန်အိုးလေး ဖြည့်ပြီး တဲ့ အပြင် သားတွေ ၊ သမီးတွေ အတွက် စာအုပ်ဖိုး ၊ ခဲတံဖိုးလေး တွေ ပေး နိုင်တယ်လေ ။

ဒီလို အဆင်ပြေနေတဲ့ ကြား က ကို ပဲ ကိုဒေါင်း နည်းနည်း စိတ် ကသိကအောက် ဖြစ်နေတာ ရှိတယ် ။ ခွဲစိတ်ထားတဲ့ ကြက်တွေ ၊ ငါးတွေ ၊ ပုစွန်တွေ ပျောက်ပျောက် သွားတဲ့ ကိစ္စပဲ ။ ကြာ ရင် သူတို့ ဓာတ်ခွဲခန်း အကူချင်း အထင် လွဲ စရာ ဖြစ် လာနိုင်တယ် ။ အတူတူ ခွဲ ယူရမှာ ကို တစ်ယောက် ယောက် က လူလည် ကျ နေပြီလို့ မြင်မှာပေါ့ ။ ဒီလိုတော့ ကိုဒေါင်း အထင် မခံနိုင်ဘူးလေ ။

ခက်တာက ဘယ်သူ့မှလည်း တပ်အပ် စွပ်စွဲလို့ မရဘူး ။ ဆရာ ၊ ဆရာမတွေ နဲ့ ကျောင်းသားကျောင်းသူတွေ ထဲ က မယူမှာတော့ သေချာ တယ် ။ စဉ်းစားကြည့်လေ ။ တီကောင် ၊ သံကောင် ၊ ခရု ၊ ပုတ်သင်ညို လို လူတွေ မစားတဲ့ ၊ လူတွေ ရွံ တဲ့ အကောင်တွေ ကို ခွဲစိတ်တဲ့ ဓားတွေ ၊ ကတ်ကြေးတွေ နဲ့ ကြက်တွေ ၊ ငါးတွေ ကို ခွဲတာပဲ မဟုတ်လား ။ ဆရာတွေ နဲ့ တက္ကသိုလ်ကျောင်းသားတွေ လက်တွေ့ခန်း က ကြက်တွေ ၊ ငါးတွေ ဘယ် စား မှာတဲ့ လဲ ။ ဖော်မလင်ဆေးနံ့က နံ ၊ လူတကာ ကိုင်တွယ်လို့ ပျော့ဖတ် အိပြနေတာလေးတွေ ရွံကြမှာပဲ ။

သေချာပါတယ် ။ ကိုယ့် အချင်းချင်း ထဲ ကတော့ လုပ် နေပါပြီ ။ ကို ဒေါင်း အမိ ဖမ်းဖို့ စဉ်းစား လိုက်တယ် ။

သစ်သားထရေး ထဲ မှာ ကြက်ကလေး က ပက်လက်ကလေး ။ မလှုပ် မရှားအောင် လည်ချောင်းနဲ့ ခြေချောင်းတွေ ကို သံချောင်းလေးတွေ နဲ့ မြဲအောင် ရိုက် ထားလိုက်တယ် ။ ဇင်မောင် နဲ့ သက်နိုင် နှစ်ယောက် ခွဲ ရမယ့် အကောင်လေးတွေ က မွေးမြူရေး ကြက်ဖလေး မို့ ဝဖီးဖီး ရယ် ။ သူတို့ နှစ်ယောက် သား တစ်ချက် ကြည့်ပြီး ပြုံး လိုက်ကြတယ် ။ 

သူတို့ လက်တွေ့ ခွဲစိတ်ပြမယ့် ဆရာမ က ဂလပ်စ် ရဲ့ အိတ်စတာနယ် ဖီးချား ကို ရှင်းပြမယ် ဆိုတော့ သူတို့ လွယ်အိတ် ထဲ က စာအုပ်လေး တွေ ထုတ် လိုက်ကြတယ် ။

ကြက် ကို သတ္တ အခေါ် မှာ ဂလပ်စ် လို့ ခေါ်တယ် ။ ကျောရိုး ရှိ ဗာတီ ဘရိတ် ဆိုတာ ကတော့ သိပါတယ် နော် ၊ စသဖြင့် ဆရာမ က ရှင်း ပြတာ ကို သူတို့ လိုက် မှတ်ကြတယ် ။ ဆရာမ က အင်တာနယ်ဖီးများ ကို ရှင်းပြမယ် ဆိုတော့ ဇင်မော် နဲ့ သက်နိုင်တို့ ခေါင်းလေးတွေ ရှေ့ တိုးလာကြတယ် ။ ဆရာမ က ကြက်ရင်အုပ်လေး ကို ဓား နဲ့ ခွဲ လိုက်တော့ ဇင်မော့် ရင်ထဲ လှုပ်ခနဲ ဖြစ် သွားသလို သက်နိုင် လည်း ရင်ကလေး ချီပြီး အသာ သက်မ ချ လိုက်တယ် ။ ဆရာမ ကတော့ ကျွမ်းကျွမ်းကျင်ကျင် ပဲ ၊ ခွဲစိတ်ဖြတ်တောက် ရှင်းပြနေတယ် ။

ဆရာမ ရှင်းပြနေတဲ့ ကြက်ကလေး ရဲ့ သွေးကြောတွေ ထက် အတုံး တုံး အတစ်တစ် ဖြစ်သွားတဲ့ ကြက်ကလေး ကို ပဲ နှမြော စိတ် ဝင် နေကြ တယ် ။ နောက်ပြီး ဟာ နေတဲ့ ဗိုက် ကိုလည်း ဒေါသ ဖြစ်နေတယ် ။

လက်တွေ့ အချိန် ကလည်း တကယ့် အချိန် ၊ နေ့ခင်း ၁ နာရီကြီး ။ မနက်ခင်း ၈ နာရီ က အဆောင် မှာ စား ခဲ့တဲ့ မန်ကျည်းစေ့ လောက် ရှိတဲ့ ဝက်သားတုံး နှစ်လုံးပါတဲ့ ဟင်း နဲ့ ထမင်း က လည်း ဗိုက် ထဲ မှာ ကျေညက် အစ ပျောက် နေကြပြီ ။

မိဘတွေ ချို့ချို့တဲ့တဲ့ နဲ့ ပို့ လိုက်တဲ့ ပိုက်ဆံ ကလည်း အဆောင် ကြေး ၊ ကျောင်းလခ ၊ ဘာကြေး ညာကြေးနဲ့ တစ်လ တစ်လ ၁၅ ကျပ် တောင် မပို တာ မို့ ခုလို လကုန်ခါ နီး မှာ အိတ်ကပ် ထဲ အကြွေစေ့ တောင် မရှိတော့ဘူးလေ ။ သူများတွေ ဆို လက်ဖက်ရည်ဆိုင် ငါးဆိုင် လောက် ထိုင်ပြီးပေမဲ့ သူတို့ နှစ်ယောက်ကတော့ ၄ နာရီ မှာ ကျွေးမယ့် ညနေစာ ကို မျှော်ရင်း လက်တွေ့ လာ လုပ်ရတာဆိုတော့ တကယ် ဆာ တယ် ။

စာမေးပွဲ နီး လာတော့ ညဉ့်နက်ခံ စာ ကြည့်တော့လည်း အား နည်း နည်း ယုတ်တယ် ထင်ပါရဲ့ ။ ထမင်း က စား မကောင်းချင်ဘူး ။ အဆောင် ထမင်းဟင်း မုန်းချင် နေပြီ ။ အပြောင်းအလဲလေး စား ချင်တယ် ။ အရင် တုန်းက တစ်ခါတစ်ခါ လာ တတ်တဲ့ စပါယ်ရှယ်ဒင်နာ ကလည်း မလာ တာ ကြာပြီ ။ တချို့ အဆောင်ကျောင်းသားတွေ လို အိမ် က ကြော်လှော် ပေး လိုက်တဲ့ ဟင်းဘူးလေးတွေ ရှိရင်တော့ အဆောင်ဟင်း ဘာ မှုစရာ လိုလဲ ။ ဇင်မော် နဲ့ သက်နိုင် တို့ ကျတော့ အဆောင် က ကျွေးတာပဲ ကြိတ် မှိတ် စားနေရတာ ဆိုတော့ အဆောင်ထမင်းဟင်း မုန်း တော့တာပေါ့  ။ ဒါကြောင့်လည်း စောစော ကတည်း က သူတို့ နှစ်ယောက် တိုင်ပင်ထားကြ တာလေး ရှိတယ် ။

ဆရာမ က “ မင်း တို့ မရှင်းတာ မေး ”  ဆိုတော့ နှစ်ယောက်သား ပြိုင် တူ ခေါင်း ခါ လိုက်ကြတယ် ။ ပြီးမှ ဇင်မော် က ...

“ ကျွန်တော် တို့ ထပ် ကြည့်ဦးမယ် ဆရာမ ။ မသိမှဘဲ ဆရာမ လာ မေးတော့မယ် ”  ဆိုပြီး ကတ်ကြေးတွေ ၊ ဓားတွေ ဟိုကိုင်ဒီကိုင် လုပ်နေလိုက် တယ် ။

ဆရာမ လည်း “ အေးအေး ”  ဆိုပြီး ထွက် သွားတော့ သူတို့ နှစ်ယောက် ပျော်ပြီး ပြုံး လိုက်ကြတယ်လေ ။

ကိုဒေါင်း လက်တွေ့ခန်း ထဲ မှာ အလုပ် များ နေတယ် ။ ရေဇလုံတွေ ထဲ ရေ လိုက်ထည့်ရတယ် ။ ခွဲစိတ်ခုံ ပေါ် သစ်သားထရေး တွေ တင် ၊ ခွဲစိတ် ကိရိယာတွေ လိုက် ချပေး ၊ တချို့ ကျောင်းသားအုပ်စုတွေ ကျ ကြက် ကို သံ ရိုက်တာ မဖြောင့် လို့ လိုက် လုပ်ပေးရသေးတယ် ။

ကျောင်းသားတွေ ကြက်တွေ ခွဲကြပြီ ဆိုတော့ ကိုဒေါင်း ခွဲစိတ်ခန်း ထဲ လှည့်ပတ် ကြည့်နေလိုက်တယ် ။ ဦးတင့် တို့ ၊ ညီထွန်း တို့ အခန်းတွေ က ရ တာနဲ့ သူ့ အခန်း က ရတာ ပေါင်း လိုက်ရင် အကောင် ၃ - ၄ ဆယ် တော့ ရ မှာပဲ ။ ဒီ အထဲ မှ စား ဖြစ်တာက ၂၀ ပိုပို လောက် ။ အားလုံး စု ခွဲ ရမှာ ။ ရုံးအဖွဲ့ က ရုံးလုလင် အေးသန်း တို့ လက်နှိပ်စက်စာရေး မောင်မျိုး တို့ သန့်ရှင်းရေး က ကိုဝ တို့ လည်း ခွဲ ပေးရမယ် ။ 

ကိုဒေါင်း သူ့ ကိုယ်တာ အတွက် ၄ - ၅ ကောင် တော့ ရလိမ့်မယ် လို့ တွက် နေမိတယ် ။ ဒါမှလည်း ဆန်အိုး ထဲ ဆန် ဖြည့် နိုင်မှာ ။ လ ကုန်တော့ မှာ မို့ မိန်းမ ခါးကြား ထဲ လိပ် ထားတာလေးတွေလည်း ပျောက် ကုန်ပြီ ။ ဒါလေးတော့ ရောင်း တန် ရောင်း ၊ ချက် တန် ချက် လုပ် ရမှာပဲ ။ ဒါကြောင့် သူ့ ကိုယ်တာလေး မလျော့အောင် ခွဲစိတ်နေတာ ကို ဂရုတစိုက် လိုက် ကြည့် တယ် ။ အခန်း ထဲ အဝင်အထွက် ကို သတိထား နေရတယ် ။

ဒါကိုပဲ ကြက် တစ်ကောင် ပျောက်သွားတယ် ။ ကိုဒေါင်း သေသေ ချာချာ မှတ်ထားတဲ့ ဝဖီးဖီး ကြက်ဖလေး ။ 

ကိုဒေါင်း သတိထား ရာ က ဖြစ် သွားတာကို မကျေမနပ် ဖြစ်နေမိ တယ် ။

ကိုဒေါင်း လက်တွေ့ခန်း ကနေ အပြင် ကော်ရစ်ဒါ ထွက် လာတော့ စာသင်ပြီး ပြန်လာဟန် ရှိတဲ့ လက်ထောက်ကထိက ဆရာမကြီး ဒေါ်ခင်ဦး နဲ့တွေ့လို့ ပြုံး ပြလိုက်တယ် ။ ဆရာမကြီး က ခဏ ဆိုတဲ့ သဘော နဲ့ လက် ကလေး ထောင် ပြတာမို့ ကိုဒေါင်း ရပ်နေလိုက်တယ် ။ ဆရာမကြီး က သူ့ နား ရောက် တော့ ....

“ ဒီနေ့ ပရက်တီကယ် ဂဲလပ်စ် မဟုတ်လား ” 

“ ဟုတ်ပါတယ် ဆရာမကြီး ”

ကိုဒေါင်း ပျာပျာသလဲ ပြန် ဖြေတာကို ဆရာမကြီး ကျေနပ်သွားပုံ ရတယ် ။ ပြုံးစစလေး တောင် ဖြစ် သွားလေရဲ့ ။ နောက်ပြီး ဆရာမကြီး က ကိုဒေါင်း နား ကပ် ပြီး စကား တိုးတိုး ပြောပြန်တယ် ။ ကိုဒေါင်း က နား မပါးဘူး ။ “ ခင်ဗျာ ... ခင်ဗျာ ”  နဲ့ လုပ် နေတာနဲ့ ဆရာမကြီး စိတ်ညစ် သွားတယ် ။ စိတ် မရှည်တော့တာ နဲ့ သူ့ ပိုက်ဆံအိတ်ကြီး ကို ဖွင့်ပြီး ပိုက်ဆံ အိတ် ထဲ က စာရွက်ပိုင်းလေး နဲ့ ဘောလ်ပင်အနီလေး ကို ထုတ် လိုက်တယ် ။

ဆရာမကြီး ပိုက်ဆံအိတ် ဖွင့် တော့ ကိုဒေါင်း လှမ်း ကြည့် မိသေး တယ် ။ ပိုက်ဆံအိတ် ထဲ မှာ ကျပ်တန် တစ်ရွက် နဲ့ ငါးကျပ်တန်လေး တစ် ရွက် ပဲ တွေ့လိုက်ရတယ် ။

ဆရာမကြီး က ဘေးဘီ ကို ကြည့် ရင်း စိတ် မချဟန် နဲ့ ကော်ရစ်ဒါ လက်ရန်း ပေါ် စာရွက်လေး တင် ပြီး စာတစ်ကြောင်း ၊ နှစ်ကြောင်း ရေး လိုက်တယ် ။

“ ဆရာမ အိမ် မှာ ဧည့်သည် တွေ ရောက်နေလို့ ခွဲစိတ်ထားတဲ့ ဂဲလပ်စ် ဝဝလေး နှစ်ကောင် အိတ် နဲ့ ထည့်ပြီး အိမ် ပို့ ပေးစမ်းပါ ။ ဘယ်သူ မှ မသိ စေနဲ့ နော် ”

ကိုဒေါင်း စာ ဖတ် နေချိန်မှာ ဆရာမကြီး မျက်နှာတွေ နီ ပြီး ရှက် နေပုံရတယ် ။ “ ဧည့်သည် ”  ဆိုတာလေး ထည့် ရေး ထားလို့ တော်ပါသေး ရဲ့ လို့ အောက်မေ့ရင်း လက်ချောင်းတွေ က လဆန်းရက် ကို တွက်ချက် နေ မိတယ်လေ ။

◾ ရဲသျှမ်း

📖 ရနံ့သစ်မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၈၈

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment