ယောက်ျားလေးတွေ က ဒေါသ ဖြစ်နေသော မျက်နှာမျိုး ဖြင့် ခပ်သွက်သွက် ထွက် လာကြပြီး ၊ မိန်းကလေး အများစု က နှာခေါင်း ထိပ်ကလေးတွေ နီ ကာ မျက်ရည် လည်ရင်း အင်တာဗျုး အခန်း ထဲ က ထွက် လာတာ ကို မြင်ရလေလေ ညိုမောင် က ဓဇဂ္ဂသုတ် ကို ဖိ၍ ဖိ၍ ရွတ် လေဖြစ်သည် ။
“ သိပ်တော့ မလွယ်ဘူး ထင်တယ်ဗျို့ ၊ ရှေ့ က လူတွေ ပုံစံ ကြည့်ရတာ သိပ် မဟုတ်ဘူး ”
သူ နှင့် အတူ မနက်စာ စား ခဲ့သော ဝင်းထွန်း က လေသံသဲ့သဲ့ ဖြင့် သူ့ ကို ကပ်၍ ပြောခြင်း ဖြစ်သည် ။ ညိုမောင် စိတ် ထဲက မေတ္တာသုတ် ကို ရွတ်နေတာ မပျက်ရအောင် ခေါင်း ကို သာ ညိတ် ပြလိုက်ရ၏ ။ အခန်း ထဲ က အင်တာဗျူး နေ သည့် ပုဂ္ဂိုလ်များ ကို မေတ္တာ ပို့နေခြင်း ဖြစ်သော်လည်း တစ်ခါမျှ မမြင်ဘူးသောကြောင့် မေတ္တာ ပို့ရတာ တော်တော် အူကြောင်ကြောင် နိုင်သည် ဟု ညိုမောင် ထင်သည် ။ မေတ္တာသုတ် ရွတ်တိုင်း သူ့ မျက်နှာထဲမှာ မြင်နေတာက မနက်က တွန်း ပေးလိုက်တဲ့ ကား အဖြူရောင်ကလေး ထဲ က အဖြူရောင်တွေ ချည်းသာ ဝတ် ထားသော အဖြူရောင် လမင်းကလေး မျက်နှာ ကိုပဲ မြင် မြင်နေသည် ။ ဘယ်လောက် ကိလေသာတဏှာ များ လိုက်တဲ့ ကောင် လဲ ဟု ဆရာတော်ဘုရား အမြဲ ဆုံးမတော်မူသည့် အတိုင်း ကိုယ့် ကို ကိုယ် နာနာကြည်းကြည်း နှင့် ယဉ်ကျေးလာအောင် ဆုံးမရင်း မေတ္တာသုတ် ကို သာ အာရုံ နှစ် ၍ ရွတ် နေရသည် ။ သူ့မှာ အားကိုးစရာ ဆို၍ ဘုရား ၊ တရား ၊ သံဃာ သာ ရှိသည် ။
သူ နှင့် ဒီနေ့ မနက်မှ ရင်းနှီးခဲ့သည့် ဝင်းထွန်း က အမှတ် ၂၂ နောက်ဆုံး လူ ဖြစ်၏ ။ သူ နှင့် ဝင်းထွန်း ကြား တွင် တစ်ယောက် ခြားသည် ။ သို့သော် ထို တစ်ယောက် က မလာပါ ။ ထို့ကြောင့် သူ ပြီး လျှင် ဝင်းထွန်း အလှည့်ပင် ဖြစ်သည် ။
“ ခင်ဗျား ပြီးရင် ခဏ စောင့်ဗျာ ၊ အတူ ပြန်ကြတာပေါ့ ၊ ဟုတ်လား ”
သူ ခေါင်း ကို ညိတ် ပြလိုက်၏ ။
“ ကာမေသု ဝိနယဂေဓံ ၊ နဟိဇာတုတ်ဂတ်ဘ သေယပုန ရေတိ မစ်တ သုတ်တံနိတ်ထိတံ ”
“ အမှတ်စဉ် ၂၁ မောင်ညိုမောင် ”
မေတ္တာသုတ် ရွတ် အပြီး သူ့ အမည် အခေါ် တိုက်ဆိုင် သွားသဖြင့် ညိုမောင့် စိတ် ထဲမှာ တော်တော်လေး ပီတိ ဖြစ်သွားသည် ။
“ ဟုတ်ကဲ့ ... ရှိပါတယ်ခင်ဗျ ”
“ အဆင်သင့် ပြင်ထားပါ ၊ ဒီ ခုံမှာ နေရာ ယူ ထားပါ ”
ညိုမောင် ဝင်းထွန်း လက် ကို ပုတ်ရင်း ထပြီး အမည် ခေါ်သူ ညွှန်ပြသော နေရာတွင် ဝင် ထိုင်ရသည် ။ အထဲ ကို ရောက် လျှင် အင်တာဗျုးသူများ က ထိုင်ပါ ဟု မပြောမချင်း မတ်တပ် ရပ်နေရမည် ။ သူတို့ က ' ထိုင်ပါ ' ဆို မှ ထိုင် ရမည် ။ ထိုင်သည့် အခါတွင် လျှော့တိလျှော့ရဲ မထိုင်ရ ။ တောင့်တောင့်တင်းတင်းကြီး မနေရ ။ မျက်လုံး ကို တစ်ခန်းလုံး လျှောက် ကြည့်တာမျိုး မလုပ်ရ ။ ပြီးတော့ ကိုယ့် ကို မေးမည့် လူကြီးများ ကိုတစ်ယောက် ပြီး တစ်ယောက် လျှောက် ကြည့်တာမျိုး မလုပ်ရ ။ တစ်ယောက် တည်း ကို စူးစိုက် ကြည့်တာမျိုး လည်း မလုပ်ရ ဆိုတာတွေ ကို ညိုမောင် သတိထားဖို့ တစ်ကြိမ် စီ ပြန် စဉ်းစား လိုက်သည် ။
“ ကဲ ... ကိုညိုမောင် ... ဝင်လို့ ရပါပြီ ”
သူ တံခါး ကို တွန်းဖွင့်ပြီး ဝင် လိုက်တော့ အမျိုးအမည် ပြော၍ မရသော ရနံ့ တစ်ခု ကို နှလုံးသား ထဲ က ရပါသည် ။ ထို ရနံ့မျိုး ကို အင်တာဗျုး ဖြေသူ မှ သာ ခံစား နိုင်မည်ဖြစ်ပြီး စာ ဖြင့် ရေး ပြရန် မလွယ်ကူပါ ။ ရလည်း မရနိုင်ပါ ။
သူ ထိုင်ရန် အတွက် စီစဉ်ထားသော ခုံ ၏ နောက်တွင် ခေါင်း ကို ပုံမှန် ထားပြီး မျက်ဝန်းတွေ ကို တော့ အောက် ကို စိုက် ထားလိုက်သည် ။ လမင်းစိုး ဘာ လုပ်ရမှန်း မသိ ဖြစ်၍ သွားသည် ။ ထို့ကြောင့် ရှေ့မှာ ရှိနေသော စာရွက်တွေ ကို ကောက် ကိုင်ပြီး ဘာ အဓိပ္ပါယ် မှ မရှိပဲ လျှောက် ဖတ်၍ နေမိသည် ။ ဒီ ငတိ မျက်စိ လည် လမ်း မှားပြီး ကုမ္ပဏီ ကို ရောက် မလာပါစေ နဲ့ ဟူသော သူ့ ဆုတောင်း မှာ မပြည့်ခဲ့ ။
“ ထိုင်ပါ ”
ငြင်သာ ဖော်ရွှေသော အသံ ကြောင့် ညိုမောင် ခေါင်း ကို တစ်ချက် ညိတ် ပြပြီး ခုံ တွင် ဝင် ထိုင်သည် ။ ပြီးတော့ ရှေ့က စားပွဲပေါ် မှာ မြင်ရသည့် သူ့ မျက်ဝန်း တစ်ငုံ့ စာ စာရွက်တွေ ဖိုင်တွေ ကို သာ စိုက် ကြည့် နေမိသည် ။ သူ က စကား မပြောဘဲ ကိုယ် က သူတို့ ကို မကြည့်ရပါ ။
“ ကိုညိုမောင် က eco နဲ့ ပြီးတာနော် ”
“ ဟုတ်ပါတယ် ခင်ဗျာ ”
ချိုသာစွာ ဖြေရင်း ခေါင်း ကို မော့ လိုက်တော့မှ ညိုမောင့် ခေါင်း သည် အင်တာဗျုးအခန်း နှင့် ပြည့် သွားသည် ဟု ပင် ထင် ရသည် ။
သူ ... ။
အဖြူရောင် လမင်းလေး ။ သူ ကား တွန်းပေးခဲ့ သူ ။ ပိုက်ဆံ တစ်ထောင် ။
“ ကျွန်တော် က ချစ်မင်းစိုး ပါ ၊ Solo ကုမ္ပဏီ ရဲ့ မန်နေဂျာချုပ် ပါ ၊ ပိုင်ရှင် က လည်း ကျွန်တော် ပါပဲ ၊ သူ က ကျွန်တော့် ညီမ ပါ ၊ မလမင်းစိုး Solo ရဲ့ ဒုမန်နေဂျာချုပ် ပါ ၊ ကိုညိုမောင့် ကို ကျွန်တော် တို့ အခုလို ခေါ်တွေ့ရတာ ရဲ့ အဓိကအချက် က ကျွန်တော် တို့ ရဲ့ Solo စီးပွားရေးလုပ်ငန်း ကို ကိုညိုမောင် ဘယ်လို စိတ်ဝင်စားသလဲ ၊ ဘယ်လို မြင်သလဲ ဆိုတာကို ရိုးရိုးသားသား သိချင်တာပါပဲ ”
ကိုချစ်မင်းစိုး ဆိုသူ က ညိုမောင့် ထက် ၂ နှစ်လောက်တော့ ကြီးသည့်ပုံစံ ပေါ်သည် ။ စကား ပြော ရည်မွန်သည် ။ တည်ငြိမ် အေးဆေးသည် ။ သူ ပေးထားသည့် နာမည် က လမင်း ဖြစ်ပြီး ၊ အခု တွေ့ရသော ဒီ ကောင်မလေး အမည်က ' လမင်းစိုး ' ဆိုတာ ရယ် ၊ သူ မေတ္တာသုတ် ရွတ်နေတုန်း ဒီ ' လမင်း ' မျက်နှာပဲ ပေါ်ပေါ် လာ နေတာရယ်နဲ့ သူ့ ကို မေးမည့် သူ က လမင်းစိုး ဖြစ် နေတာတွေရယ် ကြောင့် ညိုမောင် စိတ်တွေ လှုပ်ရှားပြီး ကိုချစ်မင်းစိုး မေးသော မေးခွန်းတွေ ကို အတင်း ပြန် စဉ်းစားယူရသည် ။
“ ကျွန်တော် Solo ကုမ္ပဏီ ကို ဈေးကွက် ထဲ ကို ထိုးဖောက်ကာ စ ကုမ္ပဏီ တစ်ခုလို့ပဲ သုံးသပ်မိပါတယ် ခင်ဗျာ ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် တို့ ရွာကလေး မှာ ဒီ နာမည် ကို မကြားဘူးသေးပါဘူး ၊ တခြား ကုမ္ပဏီတွေ တော်တော်များများ ကိုတော့ သိနေကြပါတယ် ၊ ကျွန်တော်တို့ ကြော်ငြာအား သုံးရပါ့မယ်“
“ မှန်တယ် ၊ ဘာဖြစ်လို့ ကျွန်တော်တို့ ကုမ္ပဏီ ကို စိတ် ဝင်စားရတာလဲ ”
“ ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစား သင်ထားခဲ့ရတဲ့ ပညာ ကို အသုံးချဖြစ် ချင်တာရယ်.. ပြီးတော့ ... ”
ညိုမောင် စကား ဆက်မပြောဘဲ မျက်လွှာ ကို ချလိုက်သည် ။
“ ပြောပါ ဘာကို မဆို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် ”
“ ပြီးတော့ ကျွန်တော့် အမေ နှင့် ဆရာတော် တို့ ရဲ့ မိဘကျေးဇူး ကို ဆပ်တဲ့ အနေ နဲ့ လုပ်ကျွေးချင်လို့ပါ ”
ကိုချစ်မင်းစိုး က လေးနက်စွာ ခေါင်းညိတ်လေသည် ။ ပြီးတော့ ...
“ ကိုညိုမောင့် လိပ်စာ က ဘုန်းကြီးကျောင်း လိပ်စာကြီး နော် ”
“ ဟုတ်ပါတယ် ၊ ကျွန်တော် ၁ဝ နှစ် သား ကတည်း က ဘုန်းကြီးကျောင်း ကို စ ရောက်ပါတယ် ၊ ကျောင်း က ကျွန်တော် တို့ ရွာ အပါအဝင် ရွာ ၉ ရွာစလုံး ကိုးကွယ်တဲ့ကျောင်းပါ ၊ ဆရာတော် ကိုယ်တိုင် ကျွန်တော့် ကို ဘွဲ့ ရသည် အထိ ကျောင်း တက်ဖို့ စရိတ် ကို တာဝန် ယူခဲ့တာပါ ။ အဲဒါကြောင့် ဆရာတော့် ကျေးဇူး နဲ့ မိဘကျေးဇူး ကို ကျွန်တော် က ဆပ် ချင်တာပါ“
“ ကိုညိုမောင် တို့ ရွာ မှာ ပွဲရုံတို့ ၊ ပွဲဒိုင်တို့ မရှိဘူးလား ”
“ ရွာ မှာ တော့ မရှိပါဘူး ၊ ရွာ ကနေ ၃ နာရီလောက် လှည်း နဲ့ သွား ရင်တော့ ကမ်နီး ကို ရောက်ပါတယ် ၊ အဲဒီမှာ ဒိုင်တွေ ရှိပါတယ် ”
“ အဲဒီ ဒိုင်တွေ မှာ ကိုညိုမောင် လို ပညာတတ်တွေ လိုမှာပဲ ၊ ဘာဖြစ်လို့ မလုပ်တာလဲ ”
“ အဲဒီမှာ ဆိုရင် ကျွန်တော် ဘယ်လောက် ကြိုးစားကြိုးစား ထူးခြားမှာ မဟုတ်ပါဘူး ၊ အဲဒီ က ဒိုင်တွေ မှာ လုပ်ဖို့ က eco နဲ့ ဘွဲ့ ရစရာ မလိုပါဘူး ။ ၈ တန်း အောင် လောက် ဆိုရင် ရပါပြီ ၊ အဲ့ဒါကြောင့် ကျွန်တော့် ပညာ ကို နှမြောတာလည်း ပါပါတယ် ”
“ ကိုညိုမောင် ဒါ ပထမဦးဆုံး အလုပ် လျှောက်ဖူးတာနော် ”
“ ဟုတ်ပါတယ် ခင်ဗျာ ”
“ ကောင်းပါပြီ ၊ ကောင်းပါပြီ ၊ ကျွန်တော် မေးစရာ မရှိတော့ပါဘူး ။ ကဲ ... ညီမလေး ”
ကိုချစ်မင်းစိုး က သူ့ ညီမလေး ဘက် ကို လှည့်၍ မေး ဆတ်ပြသည် ။ လမင်းစိုး က မဲ့ပြုးကလေး ပြုံးကာ မျက်နှာ ကို ညိုမောင့် ဘက် သို့ တည် လိုက်သည် ။
“ ရှင် ... အလုပ် လုပ်ချင်တာ က ကျွန်မ တို့ ကုမ္ပဏီ အတွက် တစ်ခု မှ မပါဘူးနော် ၊ ရှင့် ပညာ ကို အသုံးချ ချင်တာရယ် ၊ ရှင့် ဆရာတော် နဲ့ အမေ ကို ငွေ ပေးချင်တာရယ် ၊ ဒါပဲ ရှိတာပေါ့ ဟုတ်လား ”
လေသံ က တင်းမာ ပြတ်သားလွန်းသဖြင့် ညိုမောင် တော်တော်လေး လန့်၍ သွားသည် ။ ညိုမောင် ထင်ထားတာ က သူ ကား တွန်းပေးခဲ့သဖြင့် ထို လမင်းကလေး က ထို ကိစ္စ ကို ဖွင့် မပြောပြသည့် တိုင်အောင် သူ့ ကို ဖော်ဖော်ရွေရွေ နှင့် မေးခွန်း အသင့်အတင့် လောက်သာ မေးလိမ့်မည် ဟု ထင် ထားသောကြောင့်လည်း ပါသည် ။
“ အာ ... မဟုတ်ဘူး ၊ ဒီလိုခင်ဗျ ၊ ကျွန်တော့် ပညာ ကို အသုံးချ ချင်တာ က ကုမ္ပဏီ အတွက်ပါ ၊ ပြီးတော့ ကျွန်တော် ဒီ ကုမ္ပဏီ ကို တိုးတက်ကြီးပွားအောင် လုပ်နိုင်တော့မှ ကျွန်တော် လည်း ရာထူး တိုးမယ် ၊ လခများများ ရမယ် ၊ ဒီတော့မှ ကျွန်တော့် ကျေးဇူးရှင်တွေ ကို ပို ကျေးဇူးဆပ်နိုင်မှာ မို့ ဒီကိစ္စ နှစ်ခု စလုံး မှာကုမ္ပဏီ ရဲ့ အကျိုးစီးပွား က ပါ ထားပြီးသားပါ ခင်ဗျာ ”
“ ဟင်း ...ဟင်း ...မင်း က စကား ပြောတော့ ကောင်းသားပဲ ၊ ကဲ ... စူးအက်တူးမြောင်း က ဘယ်နှခုနှစ် မှာ စ ဖွင့်တာလဲ သိလား ”
“ စူးအက် က .... ”
“ မသိရင် ထားတော့ ... ၊ စူးအက်တူးမြောင်း က ဘယ်နှပေ ရှည်သလဲ ၊ ဘယ်နိုင်ငံ နဲ့ ဘယ်နိုင်ငံ ကို ဆက်သွယ် ပေးထားလဲ ”
“ ---------“
“ မသိရင် မသိဘူး ပြောကွာ ”
“ ဟုတ်ကဲ့ ... မသိပါဘူး ”
“ စူးအက်တူးမြောင်း ကြောင့် ပြောင်းလဲသွားတဲ့ စီးပွားရေး မှာ ဘာ ပို့ကုန်သွင်းကုန်တွေ က အာရှ အတွက် အရေး ကြီးခဲ့သလဲ ”
“ မသိပါဘူး ခင်ဗျာ ”
“ ကောင်းပြီ ၊ စီးပွားရေး တစ်ခု စ လုပ်တော့မယ်ဆိုရင် အခြေခံ အဓိက ထားတဲ့ အချက်တွေ က ဘာတွေလဲ ”
ဒီ မေးခွန်း အတွက်ကိုတော့ ညိုမောင် ခေါင်း ကို မော့ လိုက်ပါသည် ။ ထို မေးခွန်း ၏ အဖြေ ကို သူ ကောင်းကောင်း သိပါသည် ။
“ ဘယ်စီးပွားရေးအတွက်မဆို ( 5M ) လိုအပ်ပါတယ် ”
“ ကောင်းပြီ ၊ ပြောပြစမ်းပါဦး ”
“ ဟုတ်ကဲ့ ၊ 5M မှာ ပထမ M က Money ပါ ၊ စီးပွားရေး တစ်ခု လုပ်ဖို့ အတွက် လုံလောက်တဲ့ ငွေ အရင်းအနှီး ရှိရမယ် ဆိုပါတယ် ၊ ဒုတိယ M က Man ပါ ၊ အဲဒီ စီးပွားရေး နဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ လူ ရှိထားရပါ့မယ် ”
“ ဟုတ်ပြီ ဆက်စမ်းပါဦး ”
“ တတိယ M က Market ပါ ၊ ကိုယ် ထုတ်လုပ်မယ့် ကုန်ပစ္စည်း ကို လက်ခံပြီး ဖြန့်ဖြူး ပေးနိုင်မယ့် ဈေးကွက် လည်း ရှိဖို့ လိုပါတယ် ”
“ အင်း ...အင်း ”
“ စတုတ္ထ M ကတော့ Method ပါ ကိုယ် ထုတ်လုပ်မယ့် ကုန်ပစ္စည်းထုတ်လုပ်တဲ့ နည်းလမ်း ဟာ ရှိပြီးသား ၊ ကိုယ် နဲ့ အမျိုးတူ ကုန်ပစ္စည်းတွေ နဲ့ နည်းလမ်းကွာခြားမှု ရှိရပါ့မယ် ၊ ကိုယ် ထုတ်လုပ်တဲ့ နည်းလမ်း Method ဟာ ခေတ်ကာလ အခြေအနေ နဲ့ ပိုပြီး သဟဇာတ ဖြစ်တဲ့ နည်းလမ်း ရှိထားရပါ့မယ် ၊ နောက်ဆုံး M ကတော့ management စီမံအုပ်ချုပ်မှုပါ ၊ ကိုယ် က ထုတ်ကုန် အတွက် ပညာရှင်တွေ ကျွမ်းကျင်လုပ်သားတွေ အခြေခံလုပ်သားတွေ အားလုံး ကို စီမံအုပ်ချုပ်တဲ့ ပညာရှင် ၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ လိုက်ရောညီထွေ ဖြစ်မယ့် စီမံအုပ်ချုပ်မှု လိုအပ်တယ်လို့ ဆိုလိုတာပါ ”
လမင်းစိုး က မျက်နှာ ကို မဲ့၍ ခေါင်း ကို တဆတ်ဆတ် ညိတ်နေသည် ။ သူ့ ပုံစံ က ညိုမောင် ပြော နေသည့် စကားတွေ ကို မထီမဲ့မြင် ပြုနေသည့် ပုံစံမျိုး ဖြစ်နေသည် ဟု ချစ်မင်းစိုး ထင်သည် ။ တကယ်တော့ လမင်းစိုး သည် MD ဆိုသော ရာထူး အတွက် ရင့်ကျက်မှု နည်းပါးနေသေးသည် ဆိုတာ ကို ချစ်မင်းစိုး သိပါသည် ။ သူ့ရှယ်ယာ member တွေ ကလည်း တည့်တည့် မဟုတ်သည့် တိုင်အောင် စောင်းပါးရိပ်ချေ လောက်တော့ ချစ်မင်းစိုး ကို ပြောပြပါသည် ။ ဒါပေမယ့် လမင်းစိုး မှားတာတွေက ကြီးကြီးမားမားတော့ မရှိသေး ။ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတဲ့ နေရာ မှာ ကျတော့လည်း လမင်းစိုး သည် သူ့ ထက် ပို ၍ မာကြောသည် ဆိုတာ ကိုတော့ ချစ်မင်းစိုး ဝန်ခံရမည် ဖြစ်သည် ။ အခုလည်း တစ်ဖက် က သူ သိသမျှကို အားတက်သရော ပြော နေချိန် တွင် လူကြီးနေရာ တွင် ရှိနေသော ကိုယ် က မထီမဲ့မြင် လုပ်တာမျိုး ကို မဖြစ်သင့် ဟု ချစ်မင်းစိုး ထင်သည် ။
“ အင်း ... ကောင်းပါပြီ ၊ အခုမင်းပြောသွားတဲ့ ( 5-M ) ထဲမှာ ဘယ် M က အရေးအကြီးဆုံးလဲကွ ”
“ ဟာ .. အကုန်လုံး အရေးကြီးတယ် ခင်ဗျ ၊ အဲဒီ 5-M ထဲက တစ်ခု မရှိရင် အဲဒီ စီးပွားရေး က လုံးဝ အောင်မြင်ဖို့ မလွယ်နိုင်ပါဘူးခင်ဗျ ”
ညိုမောင့် စကား ဆုံးသည်နှင့် လမင်းစိုး က ခေါင်ကလေးကို အနည်းငယ် မော့၍ လေသံသဲ့သဲ့ ဖြင့် ရယ်လေသည် ။ လမင်းစိုး ရယ်ပုံ က လှောင်ရယ်ရယ်ခြင်း ဖြစ်သည် ဆိုတာကို သူ့ ညီမ အကြောင်း သိပြီးသား ဖြစ်သဖြင့် ချစ်မင်းစိုး မျက်နှာ မှာ ရှက်စိတ် ဖြင့် နီရဲစ ပြုလာသည် ။
“ အေး ... မင်း ပြောတဲ့ 5-M ဆိုတာကြီး က ၁၈ဝဝ နဲ့ ၁၉ဝဝ ခုနှစ်အစပိုင်းမှာတင် ပြီးသွားပြီကွ ၊ အခုအချိန် မှာ အဲဒီ 5-M မလိုတော့ဘူး ။ မင်း ဆီ မှာ တစ်ကမ္ဘာလုံး နဲ့ ဆက်သွယ်လို့ ရတဲ့ ကွန်ပျူတာ တစ်လုံး ရှိမယ် ၊ အဲဒီ ကွန်ပျူတာ ကို လည်း မင်း က ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်မယ် ၊ စတော့ရှယ်ယာ ဈေးကွက်သတင်း ၊ ရေနံသတင်း ၊ သစ် ၊ ဆန် တဲ့ နိုင်ငံ အသီးသီး က ဈေးတွေကို မင်း ကွန်ပျူတာကွန်ရက် နဲ့ ချိတ်ဆက်ထားပြီးလုပ်မယ် ဆိုရင် အဲဒီ သတင်းတွေ ကို မင်း က လူများထက် ပိုမြန် ၊ ပို မှန်အောင် သိထားနိုင်မယ် ဆိုရင် စီးပွားရေး ပြီးပြီ ၊ ဒီခေတ် က IT ခေတ်ကွ ၊ သိရဲ့လား ”
ညိုမောင် ဘာမှ ပြန် မပြောနိုင် ၊ သူ့ ကို အငြိုးတကြီး နဲ့ စကားလုံးတွေ ကို အင်အားအပြည့် ဖြင့် ပြောချသွားသော လမင်းစိုး ကိုသာ တအံ့တဩ ငေးနေမိခဲ့သည် ။
“ ညီမလေး ... ”
ချစ်မင်းစိုးထံမှ ခေါ်သံကြောင့် လမင်းစိုး စကား ကို ရပ်ပြီး သူ့ အစ်ကို ကို ကြည့်သည် ။
“ ညီမလေး အခု လုပ်နေတာ အင်တာဗျူး ပါ ၊ လက်ချာ ပို့ချနေတာ မဟုတ်ဘူး ၊ သူ သိသလောက် ကို သူ ပြောမယ် ၊ မင်း က သူ့ ကို အကဲ ဖြတ်မယ် ၊ အမှတ် ပေးမယ် ၊ မင်း သိထားတာတွေ သူ့ ကို ပြောဖို့ မလိုဘူး ၊ လှောင်ဖို့ မလိုဘူး ၊ ဟောက်ဖို့ မလိုဘူး ၊ ညီမလေး တာဝန် က ကိုကို တို့ လိုအပ်တဲ့ အလုပ် နဲ့ ကိုယ် အင်တာဗျူး တဲ့ လူ ဟာ အဆင် ပြေနိုင် မပြေနိုင် ဒါပဲ အကဲ ဖြတ် ရ မှာ ၊ ပညာ ပြတာတွေ လုပ်ဖို့ မလိုဘူး ၊ ကဲ .. ညီမလေး သူ့ ဆီ က ဘာ သိချင်တာ ရှိသေးလဲ ”
“ ဟင်း .. ဟင်း ... မလိုတော့ပါဘူး ”
“ ကဲ ... ဒါဆိုရင် ကိုညိုမောင့် အတွက် အင်တာဗျူး ပြီးပါပြီ ၊ ကျေးဇူး တင်ပါတယ် ”
“ ဟုတ်ကဲ့ပါ ခင်ဗျ ၊ ခွင့်ပြုပါဦး ”
အင်တာဗျူးခန်းမ ထဲ က ထွက် လိုက်တော့ ညိုမောင် ပေါ့ပါးလန်းဆန်း၍ သွားသည် ။ ဒါပေမယ့် သူ ဒီ အလုပ် ကို မရနိုင်တော့ ဆိုတာတော့ သေချာနေပြီ ဖြစ်ကြောင်း ကောင်းကောင်းကြီး သိလေသည် ။ သူ ကိုဝင်းထွန်း ကို စောင့်မယ် ပြောပြီးထားသဖြင့် အပြင်ခန်းမ ထဲ မှာပင် ထိုင် နေလိုက်သည် ။ ၁ဝ မိနစ်လောက် ကြာတော့ ဝင်းထွန်း ပြန်လာသည် ။
“ အခြေအနေ ကောင်းလား .... ”
“ ဟာ .. MD ဆိုတဲ့ အမျိုးသမီး က တော်တော့် ကို ရစ်တာဗျာ ၊ ရတာ မရတာတော့ ကံတရားပဲ ... ခင်ဗျား ရော ”
“ ကျွန်တော့် ကို လည်း ရစ်တာပါပဲဗျာ ၊ သူ့ အစ်ကို က မှ တော် သေးတယ် ”
“ ဪ ... သူတို့ က မောင်နှမတွေလား ”
“ ဟုတ်တယ်ဗျ ၊ ကိုချစ်မင်းစိုး က အကြီး တဲ့ ၊ ကျွန်တော် ကတော့ မျှော်လင့်ချက် မရှိပါဘူး ၊ ကျွန်တော့် လိပ်စာ ယူ ထားဗျာ ၊ ခင်ဗျား လိပ်စာလည်း ပေးထားခဲ့ ၊ နောင် အလုပ် တွေ့တော့လည်း အတူတူ လျှောက်ကြတာပေါ့ မဟုတ်ဘူးလား ”
◾ နီကိုရဲ
📖 ဘာကြီးလဲ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment