❝ အစ်မ ခင်မြဇင် သို့ အိတ် မပိတ် မဖွင့် ပေးစာ ❞
ချစ်လှစွာသော အစ်မ ခင်မြဇင် …
အမျိုးသမီး စာရေးဆရာမ တွေ က အစ်မ နဲ့ မေဦး ( ဒေါ်ခင်ဆွေဦး ) တို့ကို အမျိုးသားစာပေဆု ရလို့ ထပ်ဆင့် ဂုဏ်ပြုတဲ့ အခမ်းအနားလေး က ပျော်စရာကောင်း သလို ချစ်စရာ လည်း တော်တော် ကောင်း ပါတယ် ။ အစ်မ လည်း ဘယ်လို ပျော်ရင်ကောင်းမလဲ စဉ်းစားရင်း ပျော်ရမယ် လို့ ထင်တယ် ။ အဲဒီ ပွဲ က အပြန် အစ်မ ကို ပေါက်တတ်ကရတွေ လျှောက် ပြောရင်း ညီမ တစ်ခု သတိရ သွားတာက အစ်မ ကို ညီမ ဘာလက်ဆောင် မှ မပေးရသေးဘူး ဆိုတာပါပဲ ။ တကယ်တော့ အဲဒီ နေ့ ကပဲ အစ်မ အတွက် ပါတိတ်လုံချည် ဗီရို နဲ့ သုံးလုံးစာလောက် ဝယ် ပေးဖို့ စဉ်းစားပါသေးတယ် ။ ဒါပေမဲ့ ဘာလုပ်မှာလဲနော် အစ်မ ။ ပါတိတ်လုံချည် ဆို တာ ဝတ် လိုက်ရင် ဟောင်း သွားမှာလေ ။ တကယ်လို့ မဝတ်ဖြစ်ဘူး ဆိုရင်လည်း ဆွေး ကုန်မှာ ၊ မကောင်းပါဘူး ။ ဒီတော့ ကြည်မွေ့အိမ် လို အစ်မ ပုံတူ ပန်းချီကား ရေး ပေးရင် ကောင်းမလား စဉ်းစားမိတယ် ။ အစ်မ ညီမ က တီကောင် တောင် တူအောင် မဆွဲတတ်တာ အစ်မ ပုံဆိုတော့ အင်း … ။ ဖြစ်သေးပါဘူးလေ ။ ဒီတော့ ညီမ လုပ်တတ်တာပဲ လုပ်ပေးတော့မယ် စဉ်းစားတယ် ။ အဲဒါကတော့ စာ ရေးတာပဲ ။ အစ်မ အတွက် စာ တစ်ပုဒ် ရေး ကြည့်မယ် ။ အဲ … စာတစ်ပုဒ် ဖြစ်ဖြစ်မြောက်မြောက် ရေးတော့မယ် ဆိုပြန်တော့ အစ်မရေ ၊ ညီမက အစ်မ နဲ့ ဆုံသမျှ ကြုံသမျှတွေ ထဲ မှာ စဉ်းစားမိသလောက်က အလွဲလွဲ အချော်ချော် ကိစ္စတွေချည်းပဲ ။ အစ်မ ကို ချစ် ရတာကလည်း အဲဒီလို လွဲ တတ်လွန်းလို့ပါ ။ ညီမ အစ်မတွေ ထဲ မှာ အလွဲလွဲ အချော်ချော် ဖြစ်တာ ၊ ဆရာမကြီး စတိုင် ဖမ်းပြီး လွဲတတ်တာ နှစ်ယောက် ပဲ ရှိတယ် ။ အစ်မ သိလား ၊ အဲဒါ အစ်မရယ် ၊ အစ်မ မေငြိမ်း ရယ် ။
အဲဒီ အစ်မတွေ ကို ညီမ က သိပ် ချစ်ပါသတဲ့ ။ ဒါပေမဲ့ အဲဒီလို ပြောလိုက်တော့ မလွဲတဲ့ အစ်မတွေ ကို တော့ မချစ်ဘူး ဖြစ်နေဦးမယ် ၊ ညီမ က မလွဲတဲ့ အစ်မတွေ ကို လည်း ချစ်ပါတယ် ။ ဒီ အစ်မ နှစ်ယောက် ကိုတော့ လွဲ လို့ ပို ချစ်ပါတယ်ပေါ့နော် ။
ထားတော့ အစ်မ ။ ညီမ ပြောချင်တာက တခြားပါ ။ အစ်မ နဲ့ မေဦး ကို ထပ်ဆင့် ဂုဏ်ပြုတဲ့ ပွဲလေးမှာ အမျိုးသမီး စာရေးဆရာမ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မြင်တွေ့ နေရတဲ့အချိန် ၊ အဲဒီ အမျိုးသမီးစာရေး ဆရာကြီးငယ်ရွယ်လတ်တွေ ကို ထိုင် ကြည့် နေတဲ့ အချိန် မှာ ညီမ ဘာကိုသတိရမိလဲ သိလား … ။
အစ်မ စိတ်မကောင်း တော့ မဖြစ်ပါနဲ့ နော် ။ ညီမလေ အစ်မသူငယ်ချင်းကြီး ဆရာဉာဏ် ( ဆရာ မင်းလူ ) ၊ အစ်မ အခေါ်တော့ ကိုဉာဏ် ပေါ့ ။ သူ့ ကို သတိရမိတယ် အစ်မ ရယ် ။ မတတ်နိုင်ဘူး ။ ဆရာ သာ ရှိခဲ့ရင် ဝတ္ထု တစ်ပုဒ် တော့ အနည်းဆုံး ရေး ဦးမှာ လို့ ညီမ စဉ်းစားနေမိတယ် ။ ခေါင်းစဉ် က မျောက်လူ နှင့် ဘဲဥမဂိုဏ်းတို့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ တို့ ဘာတို့ ဖြစ်မလား မသိဘူး ။ တိုက်တိုက်ဆိုင်ဆိုင် အစ်မရေ ၊ ညီမ ချင်းမိုင် ကနေ ရန်ကုန် အပြီး ပြန် လာတုန်း မနိုင်လို့ ထားခဲ့တဲ့ စာအုပ်ထုပ်တွေ က ဒီရက်ပိုင်း အတွင်း က မှ လူကြုံ နဲ့ ရောက် လာတယ် ။ လူကြုံ က စာအုပ်တွေ ကို တစ်စုတစ်ဝေးတည်း မပေးဘဲ နှစ်အုပ် စီ ၊ သုံးအုပ် စီ ယူ လာပေးတော့ အစ်မတို့ ကို ဂုဏ်ပြုတဲ့ နေ့ ကပဲ ဆရာဉာဏ် လက်မှတ် နဲ့ ကျွန်မ ကို လက်ဆောင် ပေးထားတဲ့ မျောက်လက် ဆို တဲ့ စာအုပ်ကလေး ညီမ လက် ထဲ ပြန် ရောက် လာခဲ့တယ် ။ အဲဒီ စာအုပ် က လည်း တိုက်ဆိုင်စွာ အစ်မ အကြောင်း နဲ့ စ ဖွင့်ထားတာကိုး အစ်မ ရဲ့ ။
အစ်မ ရေ … ဆရာဉာဏ် ရယ် ၊ အစ်မ ရယ် ၊ ညီမ ရယ် က ဘယ်လို မှ မဆိုင်တဲ့ အကြောင်း အချက် တွေ နဲ့ ဆုံတွေ့ခဲ့ရပေမယ့် ညီမ တို့ ကြား မှာ တစ်စုံတစ်ခု သော ကြိုးတွေ ရှိတယ်လို့ ညီမ ယုံကြည်တယ် ။
ဆရာ က အစ်မ ကို ခင် သလို ညီမ ကို လည်း ခင်တယ် ။ အစ်မ က ကော ဆရာ့ ကို သူငယ်ချင်း ဖြစ် လို့ ခင် သလို ညီမ ကို ပေါက်ကရ ပြောတတ်တဲ့ ၊ အစ်မ ရင် ဖွင့်သမျှ မညည်းမညူ ထိုင် နားထောင်တတ်တဲ့ ညီမ တစ်ယောက်အဖြစ် ခင်တယ် မဟုတ်လားဟင် … ။
အဲဒီ ခင်တာတွေ အသာ ထား လို့ အစ်မ ကို ညီမ က ဘယ်သူ နဲ့မှ မတူအောင် ဂုဏ်ပြုချင်တယ် အစ်မ ။
ဒီလိုပါ အစ်မ ရေ …
အမျိုးသမီး စာရေးဆရာမတွေ ရဲ့ ဂုဏ်ပြုပွဲ ကို ကြည့်ပြီး ညီမ အတွေး ပေါက်သွားတာပါ ။ အဲဒီ ပွဲလေး မှာ ဆရာဉာဏ် သာ ရှိ နေခဲ့ရင် ဘယ်လိုများ ကလောင်စွမ်း ပြမလဲလို့ပေါ့ အစ်မ ရယ် ။
“ ခင်မြဇင် ဟာ လင်မရခင် မှာ ဆင်မယဉ်သာ ” ဆိုတဲ့ အစ်မအတွက် ဆရာဉာဏ် ရဲ့ မရိုးနိုင်သော လက်သုံး ဆောင်ပုဒ်ကလေး က လည်း ခုတလော ညီမ ခေါင်းထဲ ဝင် ဝင်လာတယ် အစ်မ ။ အစ်မ အမျိုးသားစာပေဆု ရလို့ အမျိုးသမီးစာရေးဆရာမ တစ်အုပ် က ဝိုင်းပြီး ဂုဏ်ပြု ကြတာကို ဆရာဉာဏ် သာ သိရင် ဒီလိုလေး ရေးမယ် ထင်တယ်နော် ။
ဘဲဥမ ခင်မြဇင် ကို ပုတ်ခတ်ခဲ့သမျှ အခုတော့ မျောက်လူ သိပြီဟု ပြောရတော့မည် ထင်သည် ။ ခင်မြဇင် ကား ခေသူ မဟုတ် ၊ အမျိုးသားသိုင်းပေါင်းစုံဆု ပင် ဆွတ်ခူးခဲ့ပြီဖြစ်သည် ။ သို့သော် မျောက်လူက နည်းနည်းလေးတော့ လွဲနေတယ် ဟု ဆိုချင်သေး၏ ။ သူ့အလှည့် ကျခါမှ အမျိုးသားသိုင်းပေါင်းစုံဆုရ အမျိုးသမီးတွေ ကို အမျိုးသမီးသိုင်းလောကသား တွေ က ထပ်ဆင့်ဂုဏ်ပြုသည်တဲ့ ။ ဒါကိုက ဘဲဥမတို့ လွဲ နေတာ ။ အဲဒီ နေ့ က မျောက်လူ ကို ဖိတ် ထားသဖြင့် ရောက် သွားပါသည် ။ အိုင်ဒီယာ အမည် ရှိ ထမင်းဆိုင် ထဲတွင် အမျိုးသမီးထုကြီး ( တိတိကျကျ ဆိုရသော် အမျိုးသမီး သိုင်းလောကသားများ ) က ကြောက်ခမန်းလိလိ ။
သူ နည်းနည်းတော့ လန့်သွားသည် ။
သူ့ ကို ဖိတ်တာ အကောင်းတော့ ဖြစ်မည် မထင် ။ ဒါ လုပ်ကြံတာပဲ ဖြစ်မည် ။ မျောက်လူ က သူတို့ အကြောင်းတွေ ကို ပယ်ပယ်နယ်နယ် လက် ဆော့ခဲ့သမျှ ဒီ တစ်ပွဲ မှာဖြင့် ပြန်လည်ချေပမည် ဟု များ တိုင်ပင်ထားကြသလား မသိ ။ အဲဒီတော့ သူ စစ်ကူ ရှာ ရတော့မည် ။
တွေ့ပြီ ။ သိုင်းလောက ထွဋ်ခေါင် ဆရာကြီး ဝင်းငြိမ်း ။ သူ ကလည်း ကိုယ့်လူ သူ့ဘက်သား ဖြစ်နိုင်သေးသည် ။ သူ့ ကို မျောက်လူ က မိုးလုံး ဟိန်း တဲ့ ဝင်းငြိမ်း ဆိုပြီး စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်ထဲမှာ ထည့်လက်ဆော့ ထား သည်ကိုး ။ တွေ့ပြန်ပြီ နောက်တစ်ယောက် ၊ စုံစီနဖာသိုင်းဆရာ မင်းခိုက်စိုးစန် ၊ ဒီ တစ်ယောက် တော့ ကိုယ့်ဘက်သား အစစ် ဖြစ်နိုင်ခြေရှိသည် ။ သို့သော်လည်း သူ့ အနား သွားဖို့ အရေး ကြား မှာ သိုင်းမယ်တော်တပ်ကြီး ကို ကျော်ဖြတ်ရပေဦးမည် ။ ဒီနေရာ မှာ မလိုအပ်ဘဲ အတွင်းအား ထုတ်သုံး လို့ မဖြစ်သေး ။ အမျိုးသမီးများ ၏ မမျှော်လင့်နိုင်သော လက်နက်ပုန်းများ ကို သတိထားရမည် ။ မထင်မှတ်ဘဲ တွယ်ချိတ်သိုင်း တို့ ၊ ခြေထိုးသိုင်း တို့ ဝင် လာမှဖြင့် မျောက်လူတို့ အမျိုးသမီးထုအလယ် အရှက် ဖြန်းဖြန်း ကွဲနိုင်သည် ။
မသိမသာ ခြေလှမ်း တစ်လှမ်း စ လှမ်းလိုက်စဉ်ပင် ခင်မြဇင် က မျောက်လူ ကို တွေ့သောကြောင့် ထိုင် နေရာမှ ထ ထွက်လာသည် ။ ဝတ်ထားတာကလည်း ပြောင်ပြောင်လက်လက် ။ သူ နှင့် ဘယ်လိုမှ မအပ်စပ် ။ ဝတ်နေ မကျတာ သေချာသည် ။
“ ကိုမျောက်လူ က လာရဲသားပဲ ”
သူ့ ထုံးစံ အတိုင်း မပြုံးသလို ပြုံးသလို နှင့် မအီမလည် ပြောခြင်း ဖြစ်၏ ။ ဒါ ရန်စတာပဲ ။
“ ကျုပ် က အန္တရာယ် ကို ရှောင်ပြေးတတ်တဲ့ လူစား မဟုတ်ဘူးဗျ ငှဲ ငှဲ ငှဲ ”
သူ့ ကိုတော့ ငယ်နိုင် မို့ အန် တုရဲသည် ။ ဟန် ကိုယ့်ဖို့ လည်း ဖြစ်နိုင်၏ ။
“ ဩော် ဟုတ်လား ။ ဒီ ထဘီ ကလေ ဝတ်နေ မကျတော့ တစ်မျိုးကြီးပဲ ။ ခါတိုင်း ဝတ်နေကျ ပါတိတ်လုံချည် က လျှော်ထားလို့ ”
မျောက်လူ ၏ တုံ့ပြန်စကား ကို ပြန် ပြောပုံ က လည်း ကြည့်ဦး ။ ဒါလည်း သူ့ ကြောင်ကွက် ဟုတ်ချင် မှ ဟုတ်မည် ၊ သူတို့အမျိုးသမီး သိုင်းလောကသားတွေ ကို စကားဝှက် ဖြင့် မျောက်လူ ရောက် နေကြောင်း အချက် ပြတာ ဖြစ်နိုင်သည် ။
ထင်သည့် အတိုင်းပဲ သူ့ အနားသို့ ချဉ်းကပ်လာတာက လေးရောင်ခြယ်သိုင်း ဖြင့် ကျော်ကြားနေသော နာမည်တစ်လုံး နှင့် နေကြသည့် ဝိုင်း နှင့် ဂျူး ဖြစ်သည် ။ ဒါတောင် မွှေး နှင့် ပွင့် မပါသေး ။ ဘုရား … ဘုရား … ဒီ နှစ်ယောက် ကိုတော့ သူ ကြောက်သည် ။ ဒီနှစ်ယောက် ၏ သိုင်းကွက်များ ကို ကြိုတင်ကာကွယ်သော အားဖြင့် စားတော်ကဲများ အဖြစ် မျောက်လူ က ပုံ ပြောင်းခဲ့ဖူးသည် ။ ဒါကို သူတို့ အခဲ ကျေပုံမရ ။
“ ကိုမျောက်လူ ဘာလာလုပ်တာလဲ ”
ဝိုင်း က စ မေးသည် ။
“ ကျုပ် ကို ဖိတ်ထားလို့ လာတာပေါ့ ”
“ ဖိတ်စာပါလား ၊ ပြ ”
ဂျူး က သူ့ကို စစ်ဆေးနေသည် ။ သူ က လွယ်နေကျ လွယ်အိတ် ကို နှိုက် လိုက်သည် ။ မတွေ့ ။ လွယ်အိတ် ကို ဖြဲပြီး သေသေချာချာ ပြူးပြဲ ရှာသည် ၊ မတွေ့ပြန် ။ နောက်မှ စဉ်းစားမိသည် ။ ည က ဖိတ်စာ ကို လွယ်အိတ် ထဲ က ထုတ်ကြည့်ပြီး ဘဲဥမ နဲ့ သူ့ မဟာမိတ် တွေအကြောင်း အစဉ်းစား လွန်မိရာက ပြန် မထည့်မိတာ ဖြစ်မည် ။
“ ဖိတ်စာ မပါရင် မဝင်ရဘူး ဆိုတာ မသိဘူးလား ။ ဒီ နေရာ က လူတိုင်း လာလို့ ရတာ မဟုတ်ဘူး ”
ဂျူး က ဖိဟောက်သည် ။ ဝိုင်း က သူ့ ရှေ့မှာ လက် ပင် ဆန့်တန်းထား လိုက်သေးသည် ။ အခုမှပဲ သူ့ ကို လာဖို့ ဖိတ်ကြားထားသူ နှင်းဝေငြိမ်း က ဘယ်ရောက်နေသလဲ မသိ ။ ဂျူး နှင့် ဝိုင်း က သူ့ ကို လွှတ် ပေးမည့် ပုံ မပေါ် ။ ထိုစဉ် … ။
“ ရပ် ” ဟူသော အသံ ပေါ်လာသည် ။ လက် ကို ပိုက်ကာ မိန့်မိန့်ကြီး အမိန့် ပေး နေသူကား အခြား မဟုတ် ၊ တစ်သက်တာ သိုင်းဦးသျှောင်ဆုရှင် ဆံပင်ဖြူသိုင်းဆရာမကြီး မေဦးဖြစ်သည် ။ ကယ်တင်ရှင် ပေါ် လာပေပြီ ။ မျောက်လူ က ပြုံးဖြဲဖြဲဖြင့် မေဦး ကို ဝင် ရောဖို့ ကြိုးစားသည် ။ မေဦး က ခပ်တည်တည် လက် ကာ ပြသည် ။ မျောက်လူ နည်းနည်းတော့ ဖြုံ သွားသည် ။
“ ဧည့်သည် အဖြစ် လာတဲ့ သူ ကို ဝင်ခွင့် ပေးလိုက်ပါ ဝိုင်း နဲ့ ဂျူး ”
“ ဟာ ဘယ် ပေးလို့ ဖြစ်မလဲ မေဦး ရဲ့ သူ့ လုပ်ရပ်တွေ က ခွင့်လွှတ်စရာ တစ်စက် မှ ရှိတာ မဟုတ်ဘူး နော် ”
“ ဟုတ်တယ် ဟုတ်တယ် ၊ ကျွန်မ ကို လည်း အပျိုကြီး အပျိုကြီး ဆိုပြီး သူ ရေးသမျှ သိုင်းစာအုပ်တွေ ထဲ မှာ တိုက်ခိုက် နေတာ ”
ဝိုင်း နှင့် ဂျူး က တစ်ယောက် တစ်ပေါက် ဝိုင်း ပြောကြရာ မေဦး က လက် ကာ လျက်က “ အဲဒါတွေ မေဦး ရှင်းပေးမယ် ။ ကဲ မျောက်လူ ငြိမ်ငြိမ်တော့ ထိုင်နော် ၊ ဒီနေရာ က ဘာလဲ ဆိုတာတော့ မင်း သိမှာပေါ့ ” ဟု ဆိုမှ ဝိုင်း က ကာထားသည့် လက် ကို မဖယ်ချင့် ဖယ်ချင် ဖယ်ပေးလေသည် ။
မျောက်လူ ခပ်ကုပ်ကုပ်ကလေး ရှေ့ က ဝင် သွားတော့ “ ဝှစ် ဝှစ် ဝှစ် ဝှစ် ” ဆိုသည့် အသံ နှင့်အတူ စားပွဲဝိုင်း တစ်ဝိုင်း နှင့်တစ်ဝိုင်း ကူးချည်သန်းချည်လုပ်နေသော နှင်းဝေငြိမ်း ကို တွေ့ လိုက်ရသည် ။ သူ့ လေသိုင်း က လည်း ကြောက်ခမန်းလိလိ ။
“ ခင်ဗျား ဘာ သဘော နဲ့ ကျုပ် ကို ဒီပွဲ လာဖို့ ဖိတ် တာလဲဗျ ”
မျောက်လူ ခပ်စပ်စပ် မေးလိုက်သည် ။
“ ဟား ဟား ဟား ဟား ၊ အခုတော့ ရှင် သိပြီ မဟုတ်လား ။ ရှင့် ကို ဒီလိုပုံစံ နဲ့ ဖိတ် မှ လာတော့မှာပေါ့ ကိုမျောက်လူ ရယ် ၊ ဟား ဟား ဟား ဟား ”
နှင်းဝေငြိမ်း က မြန်မာဗီဒီယိုဇာတ်ကားတွေ ထဲ က လူကြမ်းတွေ လို အော် ရယ်နေသည် ။
အခုမှ သူ သဘောပေါက်တော့သည် ။ အားလုံး က အကွက်ကျကျ စီစဉ်ထားခြင်းပဲကိုး ။ မေဦး က ဟို နှစ်ယောက်လက် မှ ကယ်တင်ရှင် ဝင်လုပ်ပေးခဲ့တာလည်း တကယ်တော့ သွေးရိုးသားရိုး မဟုတ်နိုင် ။
မင်းခိုက်စိုးစန် ကို အကူအညီ ရလိုရငြား လှမ်း ကြည့်လိုက်တော့ သူ လည်း မိန်းမကြမ်းသိုင်းမယ်တော်များ အလယ် တွင် ပိတ်မိနေပုံ ရသည် ။ မျက်နှာငယ်လေး နှင့် ထိုင်နေ၏ ။ ဒီအတိုင်းကတော့ဖြင့် မဟန် ။ ဘေး ဘယ်ညာ ကို ကြည့်လိုက်တော့ တစ်ဖက် က သိုင်းနာမည်သွိုင်းစဂေး ။ သိုင်းစာအုပ်များ ရေးသည့် ကလောင်နာမည် ကတော့ သွေး ( စစ်ကိုင်း ) ဖြစ်သည် ။ ခပ်တည်တည်နှင့် ပုံ့ပုံ့ကြီး ထိုင်နေ၏ ။ သူ့ လက်စောင်းထက်မှုများ က ကြားဖူးနားဝ ရှိပြီးသား ။ သူ့ ခင်ပွန်း ကိုနိုင်စွမ်း ၏ “ ဟုတ်ကဲ့ခင်ဗျ ” အခါခါ ရွတ်တတ်ပုံ ကို ကြည့်၍ သိနိုင်သည် ။ ကျန်တစ်ဖက် မှာ က ဖုန်းပွတ်မယ် သွန်းနှင်းအိမ် ။ သူ့ လက်စွမ်း ကလည်း ကြောက်ခမန်းလိလိ ၊ သူ မဟေသီမဂ္ဂဇင်း မှာ တုန်းက သင်းသင်းသာ နှင့် နှစ်ယောက်တွဲ အင်တာဗျူး သိုင်းကွက်များကို ရှောင်နိုင်ရှားနိုင်သူ မရှိ ဟု ကျော်ကြားသည် ။ အခု သူ က အခု ဖုန်းပွတ်မယ် ( လက်ကိုင်ဖုန်း ကို ပွတ်လေ့ ရှိသောကြောင့် ရသော ဘွဲ့ ) လုပ် နေသဖြင့် မျောက်လူ ကို ရုတ်တရက် သတိမထားမိ ။
မျောက်လူ ကိုယ်လေး ကို ယို့ကာ ဆိုင် အနောက်ဘက် ကို မျက်နှာ မူလိုက်ရာ ဆံထိုးမယ်တော်ကြီး အိဘွားဘွား ၏ စူးစိုက်သော မျက်စိ နှင့် တန်းခနဲ တိုး တော့သည် ။ သူ အပြောင်းအလဲ သုံးလေ့ ရှိသော ဆံထိုးများ ကို ခွေးလှေးယားသီး အဆိပ် လူးထားတတ်သည် ဟု နာမည်ကြီးသည် ။
အိဘွားဘွား ၏ မျက်လုံးများကို ရင်မဆိုင်ရဲသဖြင့် ဘယ်ဘက် ကို အနည်းငယ် ရွှေ့ကြည့်လိုက်တော့ ပို ဆိုးသွားသည် ။ လက်သီးလက်မောင်းတန်းကာ စကား ပြောနေသော တုတ်ထိုးအိုးပေါက်သိုင်း မယ်မယ်ကြီး ရွှေကူမေနှင်း ။ သူ့ ပြောလက်စ စကား က မျောက်လူ ကို တွေ့ တော့ ခဏ တန့်သွားသည် ။ ထို့နောက် မျောက်လူ ကို စေ့စေ့ ကြည့်ကာ “ ရိုးသားကြပါ ၊ ရိုးသားကြပါ ။ မရိုးသားရင် အရိုးအသား တခြားစီဖြစ်သွားမယ် ” ဟု ရေရွတ်လိုက်သဖြင့် မျောက်လူ ကျောချမ်း သွားသည် ။ သူ့ ပုံစံက တကယ်လုပ်မည့် ပုံ ။ ထိုစဉ် မျောက်လူ ဘေး မှ အသံခပ်တိုးတိုး ထွက် လာသည် ။
“ ဦးမျောက်လူ ကို ခင်လို့ သတိ ပေးမယ် ။ ဒီ နေရာ က အမြန်ဆုံး ပြန် သွားရင် ကောင်းလိမ့်မယ် ”
သွိုင်းစဂေး က အံကြိတ်ကာ ပါးစပ် မဖွင့်ဘဲ ပြောခြင်း ဖြစ်၏ ။ သူ့ ဘေး က ဖုန်းပွတ်မယ် က လည်း အခုမှ သူ့ ကို မြင်သွားပုံ ရပြီး ပွတ်လက်စ ဖုန်း ကို ဘေး ချကာ မျက်မှန် ထဲမှ ကျော် ကြည့်သည် ။
“ပြောမနေ နဲ့ သွိုင်းစဂေး ။ ဒီ လာ ရင် ဒါ ဖြစ်နိုင်မယ် ဆိုတာ သိသိကြီး နဲ့ လာ တာပဲ ။ အဲဒီဘက် က ရေနွေးကြမ်းခွက် လှမ်းလိုက်စမ်းပါ ”
ဖုန်းပွတ်မယ် က ထီမထင် သလိုပြောရင်း သွိုင်းစဂေး လှမ်းပေးသော ရေနွေးခွက် ကို ယူကာ တစ်ကြိုက်တည်း နှင့် အကုန်မော့ ချ ၍ ခွက် ကို စားပွဲ ပေါ် ဆောင့် ချလိုက်သည် ။
မျောက်လူ တွန့်ခနဲ ဖြစ်သွားသည် ကို သဘောကျသလို တခစ်ခစ် ရယ်နေပြန်၏ ။ တော်တော် မလွယ်သည့် ဖုန်းပွတ်မယ် ပေ ပဲ ။ ဖုန်းပွတ်မယ် နှင့် ကွယ် နေသော သူကို အခုမှ မျောက်လူ မြင် သည် ။ ဂျင်းဘောင်းဘီ ပေတိပေစုတ် ကို ဝတ် ထားပြီး ကွမ်း တဗျစ်ဗျစ်ဝါး နေသည့် ထမင်းအိုးဟင်းအိုးတူး သိုင်းထိပ်ခေါင် ဗျူးဗျူးသာ ပါလား ၊ ဗျူးဗျူးသာ က ဘာ အခုမှ ကြောက်ပါပြီလဲ ဆိုသော မျက်နှာပေး ဖြင့် မျောက်လူ ကို ကြည့် ရင်း ကွမ်းချေး တက်နေသော သွားများ ကို ဖြဲ ပြနေသည် ။ မျောက်လူ စိတ် ထဲ က ( ... ) တွေ ကို ပြစားသလို ဒီ ဗျူးဗျူးသာ ကို ဖမ်းပြီး ရုံသွင်း ပြစားချင် စိတ် ပေါ်လာသည် ။ နောက်တော့ ထိုစိတ်ကူး အစီအစဉ် ကို ပယ်ဖျက် လိုက်သည် ။ ဗျူးဗျူးသာ ကို ဘယ်သူက မှ ပိုက်ဆံ အကုန်ခံ၍ လာကြည့်မည် မဟုတ် ။
ထိုစဉ် ဘယ်ချောင် က ထ လာမှန်း မသိသော သင်းသင်းသာ က မျောက်လူ ကို လက် ပြပြီး “ သွားတော့မယ် ကိုမျောက်လူ ။ ကံကောင်းပါစေ ။ ဒါတောင် ဒီ ပွဲ ကို ကြည်ပွေ့စိန် မလာလို့ သက်သာတယ် မှတ် ” ဟု ခြိမ်းခြောက်ပြီး သုတ်သုတ်သုတ်သုတ် နှင့် ထွက်သွားသည် ။
ဘုရား ၊ ဘုရား ၊ ဟုတ်ပေသားပဲ ။ ကြည်ပွေ့စိန် ဆိုတာ ဘဲဥမ ခင်မြဇင် ကို အထိ ခံသူ မဟုတ် ။ အခု ဒီ ပွဲ ကို သူ မလာနိုင်ဘူးတဲ့ တော်ပါသေး ရဲ့ ။ ကြည်ပွေ့စိန် ဆိုတာ သိုင်းလောကသား နာမည် ။ သူ လည်း သွိုင်းစဂေးလို သိုင်းကြမ်းများ ရေးသည် ။ သိုင်းကြမ်း ရေးသည့် အမည်က ကြည်မွေ့အိမ် ။
စံပယ်ဖြူနု ၊ ရွှေအိမ်စည်နှင့် မြသွေးနီ တို့ ကတော့ မျောက်လူကို ကရုဏာ သက်စွာ ကြည့်နေကြသည် ။ သို့သော် ဝါရင့် သိုင်းမယ်ကြီးများ ကို သူတို့ လည်း ဘယ်လိုမှ တွန်းလှန်နိုင်ပုံ မရ ။
ထိုအချိန် တွင် မျောက်လူ အားကိုး တစ်ယောက် ကို တွေ့သွားသည် ။ သူ ကတော့ အလွန် အားနာတတ်သည့် ရာသက်ပန် ( ခေါ် ) တောင်ငူဆောင် သိုင်းမယ် ဖြစ်သည် ။ သူ့ အားနာမှု ကို အကာအကွယ် ယူနိုင်သည် ။ သို့ရာတွင် ရာသက်ပန် က ဘာတွေ အလုပ် ရှုပ် နေမှန်း မသိ ၊ သူ့ ကို သတိပင် မထားမိ ။ ခုံလေး ကို အသာရွှေ့ရင်း ရွှေ့ရင်း က ရာသက်ပန် အနား သို့ သူ ကပ်သွားလိုက်သည် ။
“ ဒီမှာ ဆရာမ ”
သူ့ ခေါ်သံ ကို ရာသက်ပန် က ကြား သော်လည်း လှည့်မကြည့်ဘဲ
“ အေး သားရေ ၊ တီချယ် က အတန်း ရှိသေးလို့ ပြေးလိုက်ဦးမယ်ကွယ် ။ နောက်မှ တွေ့မယ် ။ ကိစ္စ ရှိရင် ဖုန်း ဆက်လိုက် နော် ။ စာသင်နေတဲ့ ဆရာမ ဆိုတာ ဒီလိုပဲ သား ရဲ့ ။ သိုင်းကျမ်းတွေ က သိပ်ခက်တာ ၊ သား လည်း ကြိုးစားနော် ”
သေချာပြီ ။ မျောက်လူမှန်း မသိဘဲ သူ့ တပည့်တစ်ယောက် ယောက် အမှတ်ဖြင့် ပြောချင်တာ ပြောကာ စားပွဲ ပေါ် က စမူဆာ တစ်ခု ကို ပါးစပ် ထဲ ကောက် ထည့်ရင်း ကမန်းကတန်း ထ ထွက်သွားတော့သည် ။ အဲဒါ မှ ဒုက္ခ ။
“ ကဲ ၊ အားလုံး ငြိမ် ၊ စာရင်းရှင်းမယ် ”
ပွဲ စီစဉ်သူ နှင်းဝေငြိမ်း ၏ အသံ က ခင်မြဇင် ၊ မေဦး တို့ နှင့် စကား ဖောင်လောက်အောင် ပြော နေကြသူ ၊ အင်တာဗျူး ကြသူ ၊ ဓာတ်ပုံတွဲရိုက်နေသူ အမျိုးသမီးများ ၏ ပွက်လောရိုက်သံ ကို ကျော်၍ ထွက်လာသည် ။
ဇာတ်လမ်း ကတော့ စပြီ ။
မျောက်လူ ကို ဘာတွေများ ဘယ်လို ရှင်းမယ် မသိ ။
မျောက်လူ ကလည်း လွယ်အိတ် ထဲ ကို လက်နှိုက်ကာ သူ့ ဘောလ်ပင်သိုင်းအတွက် အသင့် ပြင်ထားလိုက်သည် ။ မတော်လို့ လက်နက်ပုန်းများ ဝင် လာလျှင် ကာကွယ်ရန် ဖြစ် ၏ ။ သူ့ ရှေ့ရှိ စားပွဲထိုးတစ်ယောက် က အစားအသောက်များ လာ ချပေးသော်လည်း မစားရဲ ၊ သူ အလွန် ကြိုက်သည့် လက်ဖက်ရည် ကို ပင် မထိရဲဘဲ ဖြစ်နေသည် ။ ဒီ အချိန် က အလွန် သတိထားရမည့် အချိန် ဖြစ်၏ ။
နှင်းဝေငြိမ်း က စာရင်း စရှင်းသည် … ။
စာရင်း ရှင်းမည် ဆိုတော့ ဘာများလဲ လို့ သူတို့ အမျိုးသမီးဂုဏ်ပြုပွဲ က စာရင်းများ ကို တွက်ချက်ပြနေခြင်း … ။
မျောက်လူ လက် ထဲ က ဘောလ်ပင် ကို အသာလေး လွှတ်ချပြီး လွယ်အိတ် ထဲ က လက် ကို ပြန် ထုတ်လိုက်သည် ။ တော်ပါသေး ရဲ့ဟု တွေးရင်း သက်ပြင်းကို ချစဉ် အားလုံး အမှန်တကယ် ငြိမ်သွားသည် ။
တစ်သက်တာ သိုင်းဆုရှင် သိုင်းမယ်မယ်ကြီး မေဦး က ထိုင်ရာ မှ ဖြည်းလေးစွာ ထ လိုက်သောကြောင့်ဖြစ်၏ ။
“ မပြောဘူး မပြောဘူးလို့ နေတာ ။ အခုတော့ မပြောလို့ မဖြစ်တော့ ပြောတော့မယ် ”
မယ်မယ်ဦး က ဘာမှ မပြောရသေးခင် မော နေသည် ။ ထို့ကြောင့် ဝိုင်း က နေရာမှ ရုတ်တရက် ထ လိုက်ပြီး
“ မေဦး မောနေပြီ မပြောနဲ့တော့ ။ ကာယကံရှင် မခင်မြဇင် ပဲ ပြောပါ ”
ဟု ဇိုးဇိုးဇတ်ဇတ် ဝင်ပြောသည် ။ ထို့နောက် ရုတ်တရက် ပြန် ထိုင်လိုက်ပြီ စားလက်စ နန်းကြီးသုတ် ကို တစ်ဇွန်း ကော် စားလိုက်သည် ။
ခင်မြဇင် က ထိုင်ရာ မှ ထပြီး တောင်ကြည့် မြောက်ကြည့် ကြည့်ကာ
“ ဒီလိုပေါ့လေ ၊ သိတယ် မဟုတ်လား ။ အားလုံးက ကျွန်မ တို့ ကို ချစ်လို့ ဆိုတာ သိပါတယ် ။ ဒါပေမဲ့ နည်းနည်းဆင်ဆင်ခြင်ခြင်လေး လုပ်ရင် ကောင်း မလားလို့ပါ ။ အဲဒါကလည်း ကျွန်မ က ဆရာ လုပ်တာ မဟုတ်ပါဘူး ။ အားနာစရာများ ဖြစ်နေမလား လို့ ”
သူ့ ထုံးစံ အတိုင်း စာ ရေးကောင်း သလောက် စကား ကို ကပေါက်တိ ကပေါက်ချာ ပြောနေသော ခင်မြဇင် ကို ဂျူး က လက်ကာ ပြရင်း -
“ ကျွန်မ ကတော့ ထပ်တစ်ရာ ပဲ စားတော့မယ် ”
ဝိုင်း က “ နန်းကြီးသုတ် ကောင်းတယ် ၊ စားကြည့်ပါလား ” ဟု ဘေး မှ တိုးတိုး ကပ်ပြောနေသောကြောင့် ယောင်သွားခြင်း ဖြစ်သည် ။
အစားအသောက် နှင့် မှားပြီး ပြော မိသော်လည်း ဂျူး တို့ က ရာဝင်အိုးထဲ မှာ မောင့် ကို ထားခဲ့သော ဂျူး ပင် ဖြစ်သည် ။ ချက်ချင်း မျက်နှာ ကို ခပ်ပြုံးပြုံး ပြင်လိုက်ကာ “ ကျွန်မ ပြောမယ် ၊ ပြောစရာ ရှိတာကို ပြတ်ပြတ်သားသား ပြောစေချင်တယ် ။ မဟုတ်ရင် ကြာလေ အတင့်ရဲ လေဖြစ်မယ် ။ ဒီတော့ ဒီပွဲ ကို စီစဉ်တဲ့ မနှင်းဝေငြိမ်း က ပဲ သေသေချာချာ ပြောပြလိုက်ပါ ”
ဟု ပြောလိုက်ရင်း ဝိုင်း နှင့် တွတ်ထိုးနေပြန်သည် ။
ဒီတော့မှ နှင်းဝေငြိမ်း က ထိုင်ရာမှ ထပြီး
“ ဟုတ်ပြီ ပြောမယ် ၊ အခုက မျောက်တရားစီရင်ခန်း ဆိုရင်လည်း မမှားဘူး ။ ခင်မြဇင် အတွက် ဘဲဥကြွေး ဆပ်တဲ့ပွဲ ပဲ ”
ဒီ မိန်းမ တွေ ဒီ ပွဲလေး လုပ်တာတောင် ဘဲဥ ကို အကြွေး ယူကြပါလား ဟု မျောက်လူ တွေးရုံရှိသေးသည် ဂျူး က တစ်စခန်း ထသည် ။
“ အဲဒါဆို တစ်ဆက်တည်း ကျွန်မ အတွက် ရာဝင်အိုးကြွေးပါ ဆပ်ပေးပါ ”
ထိုအချိန် တွင် နား တစ်ဖက် မကောင်းသည့် ဗျူးဗျူးသာ က နားစွန်နားဖျား အကြား နှင့် ဝင်ပြောပြန်သည် ။
“ ဘာ အကြွေးတွေ ဆပ် ပေးမလို့လဲ ။ ဆပ်ပေးမယ် ဆိုရင် ကျွန်မ ကွမ်းကြွေး ၆၀၀ ၊ အနဲဆီက ယူထားတာပါ ဆပ်ပေးပါ ”
ဗျူးဗျူးသာ ၏ အလွဲ ကို သွန်းနှင်းအိမ် က တံတောင် နှင့် တွက်၍ ဖြေရှင်း လိုက်သည် ။ သွိုင်းစဂေး က “ ဗျူးဗျူး ရယ် အဲဒီ ၆၀၀ ကို ငါ့ စာမူခ ထဲ က ဖြတ် ယူလိုက်စမ်းပါ ။ နင် က တမှောင့် ” ဟု ပြော လိုက်မှ ငြိမ်သွားသည် ။
အကြွေးများ ဆပ်မည် တဲ့ ။ ဘဲဥကြွေး ၊ ရာဝင်အိုးကြွေး ၊ ဟိုကြွေး ဒီကြွေးတွေ တော်တော်ပဲ များပါလား … ။
ထိုစဉ် နှင်းဝေငြိမ်း ၏ ဖုန်း က အသံ မြည်လာသည် ။
“ ဟယ် အစ်မ သန်းမြင့်အောင်တော့ ”
ဟု ဆိုကာ စပီကာ ကို ဖွင့်လိုက်သည် ။ မျောက်လူ မျက်နှာကွက်ခနဲ ပျက်သွားသည် ။ သူ က အစ်မကြီးသန်းမြင့်အောင် ၏ ပြန်လည် မချေပတတ်မှု ကို အခွင့်ကောင်း ယူကာ မကြာခဏ သိုင်းစွမ်း တွေ ပြဖူးသည်ကိုး ။
“ နှင်းဝေငြိမ်း ရေ ၊ နင် တို့ ကြွေးစာရင်း ရှင်းနေကြပြီလား ဟေ့ ”
“ ဟုတ်ကဲ့ ရှင်းတော့မယ် အစ်မ ”
“ အေး ဒါဆို ငါ့ အတွက် ပါ ထည့် ရှင်းလိုက်စမ်းပါ ။ ငါ က မျောက်လူ မျက်နှာ တွေ့ရင်သာ ပြန် နှိပ်ကွက်ဖို့ မစဉ်းစားတတ်တာ ၊ အခု အဝေးရောက်သိုင်း နဲ့ ဆိုတော့ အေးဆေးပဲ ။ ငါ ခံခဲ့ရတာတွေ ပြော ပြပြီး နှစ်ဆ တိုး အကြွေး ဆပ်လိုက် ”
ဘုရား ဘုရား အဝေးရောက်သိုင်း ဆိုပါကလား ။
ထိုစဉ် “ အားနာစရာကြီးဟယ် ၊ သူ့ အကြွေးတွေ က ဆပ်လို့ ကုန်မယ် မထင်ဘူး ။ တခြားနည်းလမ်းလေး ပြောင်း စဉ်းစားပေးလိုက်ကြပါလား ဟင် ” ဟု ခင်မြဇင် အသံ ညှပ်စိလေး ထွက်လာရာ နာမည်တစ်လုံးရှင် ဝိုင်း နှင့် ဂျူး တို့၏ မျက်စောင်းများ က သူ့ အပေါ် ထိုး ကျလာသည် ။
ထို လိပ်ခဲတည်းလည်း ပြဿနာကို ဝင်ရောက်ရှင်းလင်းပေးလိုက်သူ မှာ ကား တခြားသူ မဟုတ် ။ ဇလုံသခင်မကြီး မိချမ်းဝေ ပင် တည်း ။
“ ကဲ ကဲ ဒီ မခင်မြဇင် နဲ့ တော့ ဇာတ်လမ်း က ပြီးမှာ မဟုတ်ဘူး ။ ဒီတော့ ဒီလို လုပ် ၊ ဒီမှာ ကိုမျောက်လူ ၊ ရှင် လက်မှတ်တော့ ထိုး ရလိမ့်မယ် ။ ကဲ စာချုပ် ထုတ်လိုက်တော့ နှင်းဝေငြိမ်း ”
လက်မှတ် ထိုးတာများ ဘာ ခက်တာလိုက်လို့ ။ မျောက်လူ တို့ အကျွမ်းကျင်ဆုံး ကိစ္စ ပေပဲဟာ ။
နှင်းဝေငြိမ်း က သူ့ စုံစီနဖာ အိတ် ထဲ မှ စာရွက်တစ်ရွက် ဆွဲ ထုတ်လိုက်ရာ စာရင်းစာရွက်ကြီး ဖြစ်နေသည် ။
“ စာချုပ် က ပါ မလာဘူး ။ အဲဒီတော့ ဒီ စာရွက် မှာ ပဲ နောက်ကို သိုင်းလောကသား တွေ ကို ဘယ်တော့ မှ ကလောင်သိုင်း နဲ့ ချောင်ခို မတိုက်တော့ပါဘူး ။ မခင်မြဇင် ကို လည်း ကြုံရင်ညကြုံသလို ဘဲဥမ ဆိုပြီး မခေါ်တော့ပါဘူး ၊ မဂျူး ကိုလည်း ရာဝင်အိုး ထဲ မထည့်တော့ပါဘူး ဆိုတဲ့ စာသား ရေး ၊ အဲဒီအောက် မှာ လက်မှတ် ထိုး ”
မျောက်လူ က ထို စာရွက် တွင် နှင်းဝေငြိမ်း ရေး ခိုင်းသည့်အတိုင်း ရေး လိုက်သည် ။
ထို့နောက် ဟန်ပါပါ လက်မှတ် ထိုးကာ ပြုံးဖြဲဖြဲ လုပ်၍ စာရွက်ကို နှင်းဝေငြိမ်း ထံ ပြန် ပေး လိုက်သည် ။
တကယ်တော့ ဒီ မိန်းမကြမ်း တွေ မသိသေး သည့် အချက်တစ်ချက် ရှိသည် ။ သူတို့ ကို မျောက်လူ က ကလောင်သိုင်း ဖြင့် ချောင်ခို တိုက်ခိုက်စရာ အကြောင်း မရှိတော့ ၊ သူတို့ က တိုက်ပါ ဆိုလျှင်တောင် မတိုက်တော့ ၊ အခု မျောက်လူ ခရီးရှည်ထွက်စရာ ရှိနေသည် ။ ပြီးတော့ သူတို့ မေ့ နေသည့် တစ်ချက်က မျောက်လူ သည် ထိုမိန်းမကြမ်းများ ကို ကလောင်သိုင်း ဖြင့် အနိုင်ပိုင်း တိုက်ခိုက် ၍ ဝ သွားပြီ ။ ထိုသို့ တိုက်ခိုက်ခဲ့ကြောင်း ကို ဘယ်တော့မှ ဖျက်၍ မရသည့် စဉ့်အိုးထက်အက္ခရာ တွင် မှတ်တမ်းတင်ထားပြီး ဖြစ်သောကြောင့် ထိုမှတ်တမ်းများ ကို မြင်တိုင်း ထို သိုင်းသမ တို့ မကြာခဏ မျောက်လူ ကို သတိ ရနေကြလိမ့်မည် ။ ဒီတော့ ဒီလို လက်မှတ် ထိုး ရုံနှင့် သိုင်းသမ တို့ နိုင်ပြီ ဟု မဆိုနိုင်ပေ ။
နှင်းဝေငြိမ်း ထံ စာရွက် ကို လှမ်း ပေးပြီး ပြုံးဖြဲဖြဲ လုပ်ကာ မျောက်လူ ထိုင် ရာမှ ထ လိုက်သည် ။ ထို့နောက် မည်ကဲ့သို့ပြုလုပ်လိုက်သည် မသိ ။
“ ဝှစ် ဝှစ် ဝှစ် ၊ ဝှီး ဝှီး ဝှီး ၊ ဖြောက်ဖြောက် ဖြန်းဖြန်း ဒုတ် ဒုတ် ”
မျောက်လူ မှာ ထို နေရာမှ ကော သိုင်းလောက ထဲ ကပါ ထူးဆန်းစွာ အပြီးတိုင် ပျောက်ကွယ်သွားလေတော့သည် ။
နောက်ထပ် သူ့ ကို ဘယ်တော့မှ ဘယ်မှာမှ မမြင်တွေ့ရတော့ပေ ။ သို့သော် မျောက်လူ ၏ “ မျောက်လက် ” သိုင်းကြမ်း ကို မူ နှောင်းလူ တို့ မှီငြမ်းကိုးကားနေရဆဲတည်း ။
စာကြွင်း ။ ။ အဲဒါပါပဲ အစ်မခင်မြဇင် ။ ပါတိတ် ၃ ဗီရို ထက်ကောင်းတယ် မဟုတ်လား ။ ဒီ စာမူ သာ မဂ္ဂဇင်း တစ်အုပ် မှာ ပါ လာရင် နာမည်ကြီးတွေ ကို အမှီပြုပြီး ရေးထားတဲ့ ဒီ “ ဗုံ ” မဟုတ် “ ပတ် ” မဟုတ် စာ နဲ့ တူးတူးသာ တစ်ယောက် လည်း နာမည်ကြီး ၊ အစ်မ ကို လည်း လက်ဆောင် ပေးပြီးသား ဖြစ်ကရော ။ ဒီ စာမူ ကို ဘယ် ပို့ရကောင်းမလဲ စဉ်းစားတုန်း ဆရာဉာဏ် အတွက် အမှတ်တရ စာအုပ်ကလေး တိုက်တိုက်ဆိုင်ဆိုင် ထုတ်မယ်လို့ သိရတော့ ယုယ ကို ပဲ ပေး လိုက်တယ် အစ်မ ။ ဆရာဉာဏ် သာ ရှိရင် ညီမ ကို ခဲတစ်လုံးတည်း နဲ့ ငှက်နှစ်ကောင် ပစ်တယ် လို့ ကျေကျေနပ်နပ်ကြီး ကြိမ်းဦးမယ် ထင်ပါရဲ့ ။
ချစ်ခင်လေးစားလျက်
ညီမ တူးတူးသာ
◾တူးတူးသာ
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
koaungnaingoo.blogspot.com
.
No comments:
Post a Comment