Sunday, July 24, 2022

ဘာကြီးလဲ ( ၁၄ )


 ထမင်းချိုင့် ထည့်ပြီး ပျော်ရွင်ကြည်လင်စွာဖြင့် ထွက်သွားသော ညိုမောင့် ကို ငေး ကြည့်ရင်း သော်သော် သက်ပြင်းကို ချမိသည် ။ သူ လည်း ကိုညို့ လို စတီးလ်ထမင်းချိုင့်ကလေး နှင့် ကုမ္ပဏီ တစ်ခု မှာ လုပ်သော မိန်းကလေး တစ်ယောက် ဖြစ် ချင်ပါပြီ ။


မိသားစု တာဝန် ကို ဒီ ဆိုင်ကလေး နှင့် ခုခံရတာ ပင်ပန်းလွန်း အားကြီးသည် ။ထမင်းဆိုင် ၏ အမြတ် က မိသားစု လေးယောက် စားသောက်ရုံ ခြိုးခြံသုံးစွဲရုံ လောက်သာ ရှိပါသည် ။ လ တစ်လ တွင် ပုံမှန် စားဝတ်နေရေး ထက် ငွေအပို ကုန်စရာ ရှိသည့် လ ဆိုလျှင် အရင်း ထဲ ကို ထို ငွေ သည် သွား စိုက်ဝင်လေသည် ။ အငယ်ဆုံး မောင်လေး က ကိုးတန်း ဆိုတော့ လူငယ်ပီပီ အိမ်ကိစ္စ ကို ထည့် မတွက် ။ သရီးကွာတားဘောင်းဘီ လိုချင်သည် ။ အော်တာရှပ်အင်္ကျီ ဝတ်ချင်သည် ။ ဆံပင် ထောင်ဖို့ ဂျယ်လီခေါင်းလိမ်းဆီ ၊ scholl ဖိနပ် ၊ လေးဖြူ စတိတ်ရှိုး လက်မှတ် နှင့် Mp3 , Mp4 ကို နားထောင်ချင်သည် ။


သူ ပူဆာသမျှ အကုန် မရနိုင်သောအခါ မောင်လေး သည် ရပ်ကွက် ထဲ က ကောင်လေးတွေ နှင့် တွဲသည် ။ သရီးကွာတား ၊ ခေါင်းထောင်ဖို့ ဂျယ်လီ ၊ အော်တာရှပ်စတာတွေကို သူငယ်ချင်းတွေ ဆီ က ငှား ဝတ်သည် ။ Live - show တွေ ကို သူငယ်ချင်းများ ၏ စေတနာ နှင့် ကပ် ကြည့်ရသည် ။ ဒီတော့ မောင်လေး သည် အိမ် မှာ မကပ်တော့ ။ လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာပင် နေ့ည ထိုင်ပြီး သူငယ်ချင်းတွေ ခိုင်းသမျှ လိုက် လုပ်ပေးနေရပြီ ။ လူငယ် ဆိုတော့ စိတ် ကလည်း လေနေပြီ ။ ဘီယာတွေ ဘာတွေ တစ်ခါတလေ သောက် လာတက်၏ ။


ဖေဖေ့ ပန်းတိမ် အလုပ်ကလည်း လုပ် သည် ဆိုရုံ မျှသာ ရှိ တော့သည် ။ ဖေဖေ သည် နှစ်ရှည် ထိုင်ခဲ့ရသဖြင့် ခါး က မကောင်းတော့ ။ မျက်လုံး က မှုန် နေပြီ ။ မိုးမြတ်ဝင်း မှာ ဖေဖေ ၏ တပည့်အရင်း ဖြစ်သည် ။ အန်တီနွယ် တို့ အဆောင် ကို လည်း ဖေဖေ ကပဲ ငှား ပေးခြင်း ဖြစ်၏ ။ ဖေဖေ သည် တစ်လလုံး နေမှ ဆွဲကြိုးရှစ်ကုံး  ၊ ကိုးကုံး လောက် သာ လုပ်နိုင်တော့သည် ။


ဒီကိစ္စတွေ ကို မော်မော် နှင့် သာ တိုင်ပင် ရသည် ။ မော်မော် ကလည်း သိလျက်နှင့် ဘာမှ မကြံတက် ။ မေမေ သာ မာန မကြီးခဲ့ဘူး ဆိုရင် မော်မော် တို့ ဒီလို နေရာမှာ မဟုတ်ဘူး ဆိုသော စကား ကသာ မော်မော် ၏ နောက်ဆုံး နာကြည်းချက် စကား ဖြစ်လေသည် ။


မေမေ့ ဘက် က မိဘတွေ က ချမ်းသာ ကြပါသည် ။


သို့သော် မေမေ သည် သူတို့ သဘော မတူသော ဖေဖေ့ နောက် ကို သတ္တိ ရှိရှိ ဖြင့် လိုက်ခဲ့သည် ။ ထို့ကြောင့် မေမေ့ မိဘများ က မေမေ့ ကို အမွေ ဖြတ် ကြော်ငြာ ခဲ့သည် ။ မေမေ ခိုးရာလိုက်စဉ်က ပါ ခဲ့သော လက်ဝတ်လက်စားများ သည် သာ မေမေ့ အတွက် အမွေ ဖြစ်ခဲ့သည် ။


မေမေ တို့ အချစ် ဇာတ်လမ်း သည် မြင်နေကြုံနေကျ အချစ်ဇာတ်လမ်း ပင် ဖြစ်သော်လည်း ထို ဇာတ်လမ်း စ စ ဖြစ်ခြင်း မှာတော့ မေမေ ၏ အချစ် နှင့် စွန့်လွတ်ရဲခြင်း သည် လည်းကောင်း ၊ မာန နှင့် အချစ် အတွက် သစ္စာတရား သည် လည်းကောင်း ၊ မေမေ့ အသိုင်းအဝိုင်း နှင့် လူ အနည်းအကျဉ်း အတွက် ပြောစမှတ်ကြီး တစ်ခု ဖြစ်ခဲ့သည် ။ မေမေ နှင့် ဖေဖေ့ ကို တွေ့ရလျှင် လူတွေ က ဝိုင်း ကြည့်ကြပြီး ချီးမွမ်းကြသည် ။ အားကျကြသည် ။


ရက်လ ကြာရှည်သော အခါ မေမေ့ တို့ ဇာတ်လမ်း သည် သာမာန်အဖြစ်အပျက် တစ်ခု ဖြစ်သွားသည် ။ ဆီဈေး တက် တာလောက် မျှပင် လူတွေ စိတ် မဝင်စားချင်ကြတော့ ။ မေမေ သူ့ ဘဝ နှင့် ရင်းပြီး စွန့်စားခဲ့ရသော အချစ် သည် ပြောစရာ သိပ် မလိုတော့သော သာမန် အချစ် ဇာတ်လမ်း တစ်ပုဒ် ဖြစ်သွားသည် ။ ကြည့်ပြီးသား ရုပ်ရှင် တစ်ခု လို ဖြစ်သွားသည် ။ ဘာမှ ထူးထူးခြားခြား မရှိတော့ ။


သို့သော် မေမေ ကတော့ ထို အဖြစ်အပျက် ကို မေမေ့ ဘဝ တစ်ခုလုံး အတွက် နစ်မြှုပ်ခဲ့သည် ။ မေမေ့ မိခင် အရင်း ဆုံးသည် ။ မေမေ က သတင်းစာ ထဲ မှာ ဖတ်ရသည် ။ ဖိတ်စာ ရောက်မလာ ။ အကြောင်းကြားသူ မရှိ ။ သတင်းစာ ထဲ က မောင်နှမတွေ သတင်း မှာလည်း မေမေ့ နာမည် က မပါ ။ ထိုကြောင့် မေမေ သည် သူ့ မိခင် ၏ အသုဘ ကို လုံးဝ မသွားခဲ့ ။ တစ်နှစ်ကျော် ကြာသည့် အခါ မေမေ ၏ ဖခင် ဆုံး သွားခဲ့သည် ။ အသုဘကြော်ငြာ က အရင် အတိုင်း ပင် ။ မေမေ့ နာမည် မပါ ။ ဒီတော့ ထုံးစံအတိုင်း မေမေ ကလည်း မသွား ။ မေမေ့ အခန်း ထဲ က ညဘက် ဆိုလျှင် ကြိတ် ငိုသံ ကို သမီး အကြီးဆုံး ဖြစ်သူ သော်သော် လေးငါးခြောက်ရက် ဆိုသလို ဆက်တိုက် ကြား ခဲ့ရသည် ။ ဘာကြောင့်မှန်းတော့ မသိ ။ သော်သော် လည်း မေမေ ငို သလို လိုက်ပြီး ကြိတ် ငိုခဲ့ရသည် ။


တစ်လလောက် ကြာတော့ မေမေ့ ၏ အောက် မှ မောင် အရင်းဖြစ်သူ ဦးဇေယျာ ရောက်လာပြီး ဖေဖေ နှင့် ရယ်ရယ်မောမော နှုတ်ဆက်စကား တွေ ပြောပြီး မေမေ နှင့် တွေ့လိုကြောင်း ပြောသည် ။ ပြီးတော့ မေမေ နေသည့် လမ်း က ကျဉ်းလွန်း သဖြင့် သူ့ ကား ကို လမ်းထိပ် မှာ ရပ်ထားခဲ့ရတာ စိတ်မချကြောင်း ကို ပြောသည် ။


ထိုအချိန်တွင် မေမေ အခန်း ထဲ မှ ထွက်လာသည် ။


မေမေ့ နှုတ်ခမ်း က ပြုံး နေသည် ။


သို့သော် ...  ထို အပြုံး သည် ဘယ်လောက် ခက်ထန် မာကြောသော အပြုံး လည်း ဆိုတာကို သော်သော် ယနေ့ အထိ မှတ်မိ နေသေးသည် ။


မေမေ သည် ခေါင်းရင်းခန်းတွင် ထိုအပြုံးကို နူတ်ခမ်းမှ မချဘဲ ထိုင် သည် ။ ပြီးတော့ သူ့ မောင် ဘက် ကို ငဲ့ ကြည့်ရင်း နူတ်ခမ်း မှ အပြုံး ကို ဖြုတ် ပစ်လိုက်ပြီး စူးရှနက်မှောင်သော အကြည့် ဖြင့် ကြည့်ရင်း မေးသည် ။


“ ဇေယျာ ... ဘာကိစ္စလဲ ” 


မေမေ ၏ အသံ သည် မာထန်လည်း မနေ ၊ ယဉ်ကျေးပျူငှာခြင်းလည်း မရှိ ၊ ခံစားချက် ကင်းမဲ့ပြီး အေးစက်သော အသံ ဟု ပြော လျှင်တော့ ရနိုင်မည် ထင်သည် ။


အဝတ်အစား ခံ့ခံ့ညားညား လက်စွပ်ဆွဲကြိုး နာရီ ဟမ်းဖုန်း တကားကား နှင့် သော်သော် တို့ အခုမှ တွေ့ဖူးသော သော်သော် တို့ ဦးလေး ဆိုသူ သည် မေမေ့ စကားသံ အောက်တွင် မျက်နှာ ကို အောက်သို့ ချသွားလေသည် ။


“ ဖေဖေ လည်း ဆုံးသွားပြီ မမ ” 


“ သတင်းစာ ထဲ မှာ ငါ ဖတ်ရသားပဲ ၊ လိုရင်းကိုပြော ဇေယျာ ” 


“ မမ အတွက် ... ငွေ ...  ငွေ လာ ပို့တာပါ ” 


“ ငွေ ... ဘာ အတွက်လဲ ” 


“ အမွေတော့ ခွဲသွား ပြီး ပြီ မမ ၊ မမ တွက် မပါဘူး ၊ ဒါပေမယ့် မောင်လေး ရတဲ့ အထဲ ကနေ မမ ကို လာ ပေးတာပါ ” 


မေမေ သည် မေး ကို အနည်းငယ် မော့ပြီး အပြုံး နှင့် ရယ်လေသည် ။ မေမေ သည် ပြုံးရင်း ရယ်တက်သည် ကို သော်သော် အမြဲ အံ့ဩနေခဲ့မိသည် ။ မေမေ့ ကို မေး ကြည့်တော့ မေမေ က


“ ငါ ခြေမွေး မီးမလောင် လက်မွေး မီးမလောင်နဲ့ အချွေအရံများများ နဲ့ ခမ်းခမ်းနားနား နေခဲ့ရဖူးတယ် ဆိုတဲ့ အမွေ ဆို လို့ အဲဒီလို ရယ် တတ်တာ တစ်ခုပဲ ကျန်တော့တယ် သမီး ”  


ဟု ပြောခဲ့ဖူးတာ မှတ်မိသည် ။ အခု မေမေ သည် ဒီလိုမျိုး ရယ်နေပြီ ဖြစ်သည် ။


“ မင်း က ဘာကိစ္စနဲ့ တစ်ယောက်လည်း လာ ပေးရတာလဲ ဇေယျာ ” 


“ မမ ဒီလို နေနေရတာ ကို ” 


“ ဟေ့ တော်စမ်း ဇေယျာ ၊ ငါ ဒီလို နေ နေရတာ ကို ဘယ်တုန်း က မှ ဆင်းရဲတယ် လို့ ငါ မထင်ခဲ့ဖူးဘူး ၊ ငါ ချစ်တဲ့ ငါ့ ယောက်ျား  ၊ ငါ ချစ်တဲ့ ငါ့ သားသမီးတွေ နဲ့ နေရတာ ပျော်စရာ ကောင်း ပါတယ် ” 


“ မမ ပြောတာ ကျွန်တော် နားလည်ပါတယ် ၊ အခု ကျွန်တော် ပေးတဲ့ ငွေ ကလည်း မမ ကို ချစ်တဲ့ စိတ် နဲ့ ပါ ”  


“ ဘယ်လောက်လဲ ” 


“ သိန်းငါးဆယ် ” 


သော်သော် တို့ မောင်နှမ တစ်ယောက် နှင့် တစ်ယောက် မျက်လုံး ပြူးပြီး ကြည့် လိုက်မိကြသည် ။ ထို ငွေကြေး သည် သော်သော် တို့ ဘဝ ကို ကောင်းစွာ ပြောင်းလဲစေနိုင်သော ငွေကြေး ပမာဏ တစ်ခု ဖြစ်ပါသည် ။ သော်သော် တို့ ၏ ပေနှစ်ဆယ် ခြောက်ဆယ် နှစ်ထပ် အိမ်ကလေး ကို ရောင်းမည် ဆိုလျှင် တောင်မှ အများဆုံး ဆယ့်ငါးသိန်း လောက် သာ ရနိုင်မည် ဖြစ်သည် ။


မေမေ သည် ထုံးစံ အတိုင်း မေး ကို အနည်းငယ် မြှောက်မော့ရင်း ရယ် လေသည် ။ ပြီးတော့ မေ မေ သည် ခေါင်း ကို တဆတ်ဆတ် ညိတ် နေသည် ။


“ မောင်ဇေယျာ ... မောင်ဇေယျာ ...  မင်း နဲ့ ငါ နဲ့ က ငါးနှစ် ခြားတယ် ၊ မင်း နဲ့ ငါ့ အကြား မှာ ခင်ခင်မင်း ရှိတယ် ၊ ဒါ သူ့ အကြံတွေပါ ၊ မောင်နှတွေ ထဲ မှာ မင်း ကို ငါ က အချစ်ဆုံး ဆိုတာ သိလို့ သူ့ အစီအစဉ် နဲ့ မင်း ကို ငါ့ ဆီ လွှတ် တာပါ ၊ ဒီမယ်ဟေ့ မင်းတို့ ကို ငါ က ထိန်း ခဲ့ရတဲ့သူပါ ၊ ဒီ သိန်းငါးဆယ် ဆို တာ မင်းတို့ လည်း မဆင်းရဲ ၊ ငါ လည်း မချမ်းသာတဲ့ ငွေပါ ၊ ငါ မယူနိုင်ဘူး ဇေယျာ မင်း ပြန်တော့ ” 


မေမေ သည် ဦးဇေယျာ ဆိုသော သူတို့ ဦးလေး ဆိုသည့် လူကြီး က ရှေ့သို့ ချထားပေးသော လယ်သာ အိတ် ကို အသာအယာပင် အပြုံး နှင့် တွန်း ပြောခြင်း ဖြစ်သည် ။


“ မမ ဒီ ငွေ အတွက် မမ လက်မှတ် ထိုးစရာတို့ ဘာတို့ မလိုပါဘူး မမ ၊ မမ ကို ကျွန်တော် က ဒီတိုင်း ပေးတာပါ ” 


“ ဖေဖေ နဲ့ မေမေ က ငါ့ ကို အရမ်း ချစ်တယ် ၊ အရမ်း တန်ဖိုး ထားတယ် ၊ ငါ က သူတို့ မထင်တဲ့ လမ်းကို လျှောက် ခဲ့တယ် ၊ ငါ ကိုလှ နောက် ကို လိုက် ခဲ့တာ အမေ့ ကို ကန်တော့ ပြီး မှ လိုက်ခဲ့တာ ၊ ခိုးကြောင်ခိုးဝှက် လိုက် ခဲ့တာမဟုတ်ဘူး ၊ ဇေယျာ ရဲ့ ၊ နင် က အဲဒီတုန်း က ဆော့ ကောင်းတုန်း အရွယ် ဘာ သိမှာလဲ ” 


“ အဲဒါတွေ ကျွန်တော် မသိဘူး မမ ၊ ဒီ ငွေ ကို မမ လက်ခံပါ ၊ ကျွန်တော် ပြန်တော့မယ် မမ ” 


“ မောင်ဇေယျာ အဖေ နဲ့အမေ အမွေ က ဒီခေတ် နဲ့ တွက်ရင် အနည်းဆုံး တစ်ယောက် ကို သိန်း တစ်ထောင် နီးပါးတော့ ရ ကြမှာပေါ့ ၊ ဒီတော့ အဖေ နဲ့ အမေ နဲ့က နောက်ဆုံးအကြိမ် အထိ ငါ့ ကို မပေးဖို့ ပြော ခဲ့လို့ အသုဘကြော်ငြာတွေ ထဲ မှာ ငါ့ နာမည် မပါတာ ဆိုရင် ငါ ကလည်း ဒီ ငွေကို ယူစရာ မလိုဘူး ၊ မင်းတို့ ကို စီစဉ်တဲ့ ခင်ခင်မင်း ကို ပြောလိုက် ၊ အမေ နဲ့ အဖေ က နောက်ဆုံး အကြိမ် အထိ ငါ့ ကို အမွေ ဖြတ် ဖို့ အမွေ ပေးတဲ့ ထဲ မှာ မထည့်တာ ဆိုရင် ငါ တစ်ပြား မှ မယူဘူး ၊ သူတို့ က မပြောခဲ့ဘူး ဆိုရင်တော့ ငါ ဝေစု အမှန် ကို လို ချင်တယ် ၊ ငါ့ ကို နှစ်သိမ့်တဲ့ ဒီ သိန်းငါးဆယ် ကိုတော့ ဘယ်တော့မှ မယူဘူးလို့ ပြောလိုက်စမ်း ဇေယျာ ” 


ထို့နောက်တွင် မေမေ သည် သူတို့ မောင်နှမတွေ နဲ့ တော်တော်လေး စကား မပြောဖြစ်အောင် နေခဲ့သည် ။ ထို့နောက် မေမေ လေ ဖြတ်သည် ။ ပထမဦးဆုံး အကြိမ် ဆိုတော့ ရှိတာလေး ထု ခွဲပြီး ရအောင် ကုတော့ မေမေ သည် နံရံ ကို ကိုင်ပြီး လမ်းလျှောက် နိုင်လာသည် ။ အစား ဝင် လာသည် ။ စကား ပီပီသသ ပြော လာနိုင်သည် ။


ထိုအချိန် တွင် မေမေ က သူ့ ကို ခေါ်ပြီး ပြောခဲ့သည့် စကား ကို သော်သော် အသည်း ထဲ မှာ ဒီနေ့အထိ မှတ်မိနေသည် ။


“ သမီး က သမီး အကြီး မို့ မေမေ မှာ စရာ ရှိတယ် ၊ အခု မေမေ မှာမယ့် စကား ရဲ့အခြေအနေမျိုး ကို သိပ် မကြာခင် အချိန် မှာ သမီး ရောက်မှာပဲ ဆိုတာ မေမေ သိတယ် ” 


“ ဘာကို မှာမှာလဲ မေမေ ” 


“ အချစ် ”  


“ ရှင် ” 


“ ဟုတ်တယ် သမီး ၊ အချစ် မှာ မေမေက တစ်ကိုယ်ကောင်း ဆန်ခဲ့တယ် ၊ အချစ် ကို ပဲ ကြည့်ခဲ့တယ် ၊ ဘဝ ကို မကြည့်ခဲ့ဘူး ၊ သမီး တို့ တစ်တွေ ရ လာတော့မှ မေမေ အဲဒီတုန်း က ဂုဏ် ယူခဲ့တာ မှန်တယ်လို့ ထင်ခဲ့တာတွေ ဟာ အလကားမှန်း သိတော့တာ ၊ သမီး ဟာ အချစ် ကို ကြုံမှာပဲ ၊ သမီး ရွေးချယ်ခွင့် ရ မှာပဲ ၊ အဲဒီအခါ ကျရင် ကိုယ် က နှစ်သက်ပြီး ၊ သူ က ဘဝ အတွက် အဆင်ပြေနိုင်မယ့် လက်တွဲဖော်မျိုး ကို ရွေးပါ ” 


“ သမီး မှာ အခု ဘာမှ မရှိပါဘူး မေမေ ရယ် ” 


“ မေမေ သိပါတယ် ၊ တစ်ချိန် ကျရင်တော့ ရှိ လာမှာပေါ့ ၊ မေမေ တုန်း က မေမေ က ရွှေမင်းသမီး ၊ ဘာမှ မလုပ်တတ်ဘူး ၊ မင်း တို့ ဖေဖေ က မေမေ့ ကို စိတ်ချမ်းသာအောင် ထားပြီး ၊ ဖူးဖူး မှုတ် ချစ်တက်တာက လွဲပြီး ဘာမှ မတတ်ဘူး ၊ ထမင်း စားဖို့ ဟင်းတစ်ခွက် ပဲ ရှိရင် သူ စား ပြီးပြီ လို့ လိမ် ပြီး မေမေ့ ကို ကျွေးတတ် တဲ့ အချစ်ဟာ အိမ်ထောင်းရေး နဲ့ထိပ်တိုက် တိုးတော့ ဆုံးရှုံးမှုတွေ ကြီးတာပေါ့ ” 


“ မေမေရယ် အဲဒါတွေ ပြော မနေပါနဲ့ ၊ ကံ ကံ ၏ အကြောင်းတွေ ပါ ”  


“ ဟဲ့ .. ငသော် ရဲ့ နင် က ဘယ်လောက် သိလို့ ကံတွေ ဘာတွေ ပြော နေရတာလဲ ၊ ငါ တို့ မိန်းကလေး ဆိုတာ ဘဝ မှာ တစ်ကြိမ်ပဲ စွန့်စားခွင့် ရတာ ၊ အေး ...  အဲဒီ တစ်ကြိမ် ကို ငါ က ငါ့ အချစ် နဲ့လဲ ခဲ့တယ် ၊ ချမ်းသာရတာ ကို ငါ က ညည်းငွေ့ နေပြီလေ ၊ ဒါပေမယ့် အဲဒီ ငါ့ အမှား တွေ ကြောင့် သမီး တို့ ကျတော့ ဒဏ် ခံရတာပဲ ၊ ဒီတော့ သမီး ချစ်သူ ထားရင် မေမေ့ ဘဝလေး ကို တော့ နည်းနည်း ထည့်စဉ်းစား ဒါပါပဲ ” 


အဲဒီ စကား တွေ ပြောပြီး တစ်လလောက် အကြာမှာ မေမေ ဆုံးသည် ။


မေမေ သည် ဆုံးခါနီး တွင် သူ့ လက် ကို ကိုင်ပြီး ... 


“ သမီး မေမေ ပြောတာတွေ မမေ့ နဲ့ ၊ သမီး ဘဝ ကိုလည်း သမီး မမေ့ နဲ့ ”  ဟု ပြောခဲ့သည် ။


သော်သော်သည် သက်ပြင်း ကို ချမိသည် ။


အခု အရွယ်ရောက်ချိန် မှ စ၍ မိန်းကလေး တစ်ယောက် ၏ အလှဆုံး အချိန် နှစ်ဆယ့်တစ်နှစ် အထိ သူ့ ကို ချစ်ရေး ဆိုသူတွေ ရှိခဲ့ပါသည် ။ သို့သော် သူ ကလည်း ရင် မခုန် ၊ မေမေ ပြောခဲ့သော ဥပဒေ နှင့် လည်း မညီ ။ မေမေ သည် ကိုယ် က အချစ် ကို မစွန့်လွှတ်ရ ၊ အချစ် သူ ကိုယ့် ဘဝ နှင့် အတူ ပါလာရမည် ဟု သူ့ ကို သွန်သင်ခဲ့ခြင်း ဖြစ်သည် ။


ထိုစဉ် လိပ်ပြာကလေး တစ်ကောင် က သူ့ ထမင်းဆိုင် ထဲ သို့ ဝင် လာသည် ။


လိပ်ပြာကလေး က အဝါရောင် အောက်ခံ ပေါ် မှာ အနက်ရောင် အဝိုင်းကလေးတွေ နှင့် ၊ အနီစင်းကလေးတွေ လည်း ပါသည် ။ တော်တော်လေး လှသည့် လိပ်ပြာကလေး ဟု သော်သော် ငေးရင်း ကြည်နူးသွားသည် ။ ထို လိပ်ပြာကလေး သည် ဟင်းအိုးနား ကို နား လျှင် ဆိုင် ရောင်း ကောင်းမည် ။ သူ့ အပေါ် ကို နား လျှင် အချစ်ရေး ကံကောင်းမည် ။ ဒီလို တွေးမိသွားတော့ မျက်စိ ထဲ မှာ ညိုမောင့် ကို မြင်သည် ။ အို ...  ဘာ ဆိုင်လို့လဲ ။ 


ထို လိပ်ပြာကလေး သည် အခုလို အတောင်ပံ ပေါ် မှာ လှပသော ဆေးစက်များ မရခင် တုန်း က ပိုးတုံးလုံး ဘဝ နှင့် သူ့ ခန္ဓာကိုယ် မှ ရက်လုပ်သော ပိုးချည်မျှင်တွေ ကြား ထဲ တွင် အိပ်ပျော် နေခဲ့သည် ။ ထိုအချိန် သည် လိပ်ပြာကလေး အတွက် မှောင်မိုက် ကြမ်းတမ်းသည့် ကာလများ ဖြစ် လိမ့်မည် ။


အချိန်တန်တော့ အိပ်ရာ မှ နိုးလာသည် ။ သူ့ ကိုအကျဉ်း ချထားရာကို ခွဲ ထွက်ပြီး လှပသော အတောင်ပံများ နှင့် ပန်းပွင့်တွေ ဆီ ကို ပျံသန်း၍ သွားမည် ဖြစ်သည် ။


သော်သော် က သူ့ ဘဝ ကိုလည်း လိပ်ပြာကလေး လို ပဲ သဘော ထားသည် ။


တစ်နေ့နေ့ မှာတော့ သူ သည် လှပဆန်းကျယ်သော အတောင်ပံများ နှင့် သူ လိုရာ ကို ပျံသန်းနိုင်သော လိပ်ပြာကလေး တစ်ကောင် ဖြစ် ကို ဖြစ်ရမည် ။


◾  နီကိုရဲ


📖  ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment