Monday, July 25, 2022

ဘာကြီးလဲ ( ၁၅ )


 လမင်းစိုး သည် သူ့ မိဘ နှစ်ပါး ကား မှောက်ပြီး ကွယ်လွန်ခဲ့စဉ်က အသက် ဆယ့်နှစ်နှစ် သာ ရှိသေးသည် ။လောကကြီး အကြောင်းကို ဘာမှ မသိသေး ။ အမေ နှင့် အဖေ ကို မေး လျှင် ချစ်မင်းစိုး က မုန့်သွား ဝယ်တယ် ၊ အရုပ် သွားဝယ်တယ် ဟု ဆိုလျှင် ကျေနပ်သွားတက်သော ပီဘိ ကလေးငယ် တစ်ယောက် သာ ဖြစ်သည် ။ ထို့ကြောင့် လမင်းစိုး ကို အစ်ကို ဖြစ်သူ ချစ်မင်းစိုး က လိုသမျှ တသမျှ ရအောင် ထားခဲ့သည် ။


အသိဉာဏ် ရင့်ကျက်ချိန် ရောက်၍ အမေ နှင့် အဖေ ကွယ်လွန်သွားပြီ ဆိုတာကို သိရတော့ လမင်းစိုး သည် သိပ် မခံစားရတော့ ။ လမင်းစိုး တွင် စွဲ သွားသော အစွဲ တစ်ခု က ထို အရာ ကို ထို ဆုံးရှုံးမှု ကို နှစ်သိမ့်၍ ပေးသည် ။ ထို အစွဲ မှာ လမင်းစိုး လိုချင်တာ ကို ရသော အစွဲ ပင် ဖြစ်သည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် မိဖ မဲ့ ဖြစ် ရသော လမင်းစိုး အပေါ် မိသားစု နှင့် ပတ်ဝန်းကျင် က အလို လိုက်ခဲ့သော အကြိုက်အတိုင်း ဖြစ်စေခဲ့သော စေတနာများ အပေါ်တွင် တည်ဆောက် ထားသော လမင်းစိုး ၏ မာနတရား သည် ဘယ်လောက် ကြောက်စရာ ကောင်းသည် ဆိုတာကို လမင်းစိုး ကိုယ်တိုင် လည်း မသိခဲ့ပါ ။


ထိုနေ့က လမင်းစိုး ၏ project  အသစ် အတွက် ရှယ်ယာ ဝင်ရန် စိတ်ဝင်စားသော မိတ်ဆွေ သစ် ၅ ဦး ကို စတင် မိတ်ဆက် ပေးသူ အန်တီဘေဘီ ကတော့ လူသူ ရှင်းပြီး စားစရာ လည်း စုံသော တက္ကသိုလ်ရိပ်သာလမ်းမ ပေါ်ရှိ ဂျပန်စားသောက်ဆိုင်ကလေး တစ်ဆိုင်တွင် စီစဉ်ဖို့ ကြိုးစားခဲ့သည် ။


သို့သော် ... လမင်းစိုး က သူ့ကုမ္ပဏီ မှာ ပဲ တွေ့ချင်သည် ။


လမင်းစိုး ၏ အစ်ကို ချစ်မင်းစိုး က အိမ်ဆောက်ပစ္စည်းတွေ  ၊ ဂျပန်ကားပစ္စည်းတွေ ၊ အိမ်သုတ်ဆေးတွေ  ၊ လျှပ်စစ်ပစ္စည်းတွေ နှင့် ဈေးကွက် မှာ ခိုင်မာပြီးသား ဖြစ်သည် ။ အခု လမင်း က ဂျပန်မိတ် အလှကုန်ပစ္စည်းတွေ ၊ အကျီဖက်ရှင် ၊ ဖိနပ် ၊ အနွေးအင်္ကျီ  ၊ ထီး စသည့် မိန်းကလေး ယောကျာ်းလေး တစ်ယောက် အတွက် တစ်ကိုယ်ရည် စာ ပြည့်စုံစေသော အဝတ်အစား ဖက်ရှင်များ ကို သွင်းမည် ဖြစ်သည် ။


ထို့အတွက် မြန်မာနိုင်ငံ မှ မော်ဒယ်တွေ ၊ နာမည်ကြီး မင်းသမီးမင်းသားတွေ ကို အသုံးပြုမည် ဖြစ်သလို ဂျပန်နိုင်ငံ မှ နာမည်ကြီး မော်ဒယ်များ ကို လည်း မြန်မာနိုင်ငံ သို့ ဖိတ်ခေါ်၍ ပြိုင်ပွဲတွေ ၊ model show ပွဲတွေ နှင့် သူ့ ဈေးကွက် ကို မြှင့်တင်ရန် ကြိုးပမ်းမည် ။


ကိုရီးယားကားတွေ ဇာတ်လမ်းတွဲတွေ တွင်ကျယ် သဖြင့် ကိုရီးယား ဖက်ရှင်တွေ မြန်မာနိုင်ငံ က လူငယ်တွေ ရဲ့ ကိုယ် ပေါ် ရောက်လာကြသလို လမင်းစိုး ကလည်း အကောင်းဆုံး ဂျပန် ဇာတ်လမ်းတွဲတွေ နှင့် မြန်မာပရိတ်သတ် ကို နှစ်ခြိုက်စေပြီး သူ တင်သွင်းသော ဂျပန်ပစ္စည်းတွေ မြန်မာပြည် က အမျိုးသား အမျိုးသမီးတွေ နှစ်ခြိုက်စေရမည်ဟု အကြံ ထားသူ ဖြစ်သည် ။


လမင်းစိုး ၏ အကြံ က ကြီးသည် ။


လမင်းစိုး သည် ဒီလို အကြံ ကြီး ကို ကြံတက်သူ ဖြစ်ပါသည် ။ လမင်းစိုး ၏ ထို အကြံ ကြီးကြီး ကို နောက်ကွယ် က အကူအညီ ပေးမှာက ကိုကို ၏ ချစ်သူ ဂျပန် မှာ နေသော မြသဇင် ဖြစ်သည် ။ မြသဇင်  သည် မြန်မာနိုင်ငံ မွေး ဖြစ်သော်လည်း ကိုးနှစ် ကတည်း က သူ့ မိဖများနှင့် အတူ ဂျပန်ပြည် သို့ ရောက်ပြီး ယခုတိုင် ဂျပန်နိုင်ငံသူ စစ်စစ် ဖြစ်နေပြီ ဖြစ်သည် ။ ကုမ္ပဏီ ကိစ္စ နှင့် ကိုကို ဂျပန် သွားတုန်းက မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီး နောက်ဆုံး ချစ်သူတွေ ဖြစ်သွားကြပြီး ၊ ကိုကို့ ကုမ္ပဏီ ကို နောက်ကွယ် မှ ( ဂျပန်နိုင်ငံ မှ ) တိုက်ရိုက် ကူညီပေးသူ မှာ ' မြသဇင် ' ဖြစ်သည် ။


အခုလည်း ကိုကို သည် လမင်းစိုး ၏ project အတွက် အကြံဉာဏ် နှင့် နောက်ကွယ်မှ အဆက်အသွယ် ရရန် မြသဇင် ထံ သို့ သွားခြင်း ဖြစ်ပါသည် ။ Share member များ ကို ကုမ္ပဏီ တွင် ပဲ ဆုံတွေ့စကား ပြောချင်တာကတော့ လမင်းစိုး လုပ်နေကျ မိမိ၏ သိက္ခာ ကို မိမိ တည်ထောင်ခြင်းသာ ဖြစ်ပါသည် ။ လမင်းစိုး သည် သူ ၏ အလှကုန် project အတွက် ရှယ်ယာ ရာခိုင်နူန်း ကို ၂ဝ ရာခိုင်နူန်း ထက် ပို၍ ထည့်ဝင်ခံမည် မဟုတ် ဆိုတာကို ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သောကြောင့် မိမိပိုင် နေရာတွင် တွေ့ချင်ခြင်းလည်း ဖြစ်ပါသည် ။


ဒါကို Share member များ က လည်း ရိပ်မိ ကြပါသည် ။ ထို့ကြောင့် သူတို့ အတွက် သိက္ခာဆည်သည့် အနေဖြင့် ကြား မှ စေ့စပ်ပေးသူ အန်တီဘေဘီ့ အိမ် တွင် အားလုံး ဆုံပြီး မှ လမင်းစိုး ၏ ကုမ္ပဏီ သို့ သွားကြဖို့ သဘော တူခဲ့သည် ။ ဒါကို အကြိမ်ကြိမ် စဉ်းစားပြီးမှ လမင်းစိုး သဘော တူခဲ့ပါသည် ။ စီးပွားရေးလောက တွင် အပြောအဆို ၊ အနေအထိုင် ၊ အပြုအမှု အားလုံးသည် တစ်ခါတစ်ရံ ' သန်း ' ချီ ၍ တန် တတ် ကြောင်း လမင်းစိုး သိပါသည် ။


အန်တီဘေဘီ့ အိမ် တွင် ဆုံကြတော့ Share member ၅ ယောက် အနက် တစ်ယောက် သာ ယောကျာ်းလေး ပါသည် ။ထိုသူ ကတော့ လမင်းစိုးထက် အများဆုံး ကြီးလျှင် တစ်နှစ် ၊ နှစ်နှစ် လောက် သာ ရှိမည် ။ လူ က လူချော ၊ စကား ပြောလျှင် ရှက် တက်သည် ။ သူ့ ကို စလျှင် နားရွက် က စပြီး နီ နေတက်သည် ။ နာမည် ကျတော့ ရိုးရိုး ' ကိုငြိမ်းသာ ' တဲ့ ။


အန်တီဘေဘီ့ အိမ် မှာ Share member ၅ ယောက် ဆုံပြီး ကတည်း က လမင်းစိုး က သူ့ အတွင်းရေးမှူး ကောင်မလေး ကို ပြင်ဖို့ဆင်ဖို့ အားလုံး မှာ ထားပြီးသား ဖြစ်သည် ။ ဒီလို အချိန်မျိုး မှာ သူ့ အတွက် အမှားအယွင်း မခံနိုင်ပါ ။


“ ကဲ .. အန်တီဘေဘီ ရဲ့ Breakfast ကျေးဇူး ၊ကုမ္ပဏီ မှာတွေ့ပြီးရင် lunch ကို ကျွန်မ ကျွေးပါ့မယ် ၊ ဘယ်မှာများ သုံးဆောင်ချင်ပါသလဲ ” 


စီးပွားရေး မှာ ဒီလို ပကာသနတွေ လည်း ပါ ရသေးသည် ။


“ ဒါကတော့ မောင်ငြိမ်းသာ မင်း ပဲ ရွေးပါ ၊ ဆီဒိုနားတို့ ၊ Treader တို့ ၊ Park Royal တို့ ကတော့ မရွေးနဲ့နော် ၊ အဲဒါတွေက မင်္ဂလာဆောင် တော့ မှ ရွေး ရမှာ ” 


Share member အသစ် အန်တီတစ်ယောက် စကားကြောင့် ကိုငြိမ်းသာ တော်တော်လေး ရှက်သွားသည် ။ သူ့ နားရွက်တွေ နီ လာ၏ ။ ဘာ စကား မှ ပြော၍ မထွက် လမင်းစိုး ကို မျက်ဝန်းညိုကြီးတွေ နှင့် ကြည့်ကာ ကြည့်ကာ အားနာ နေပုံရ၏ ။


“ ကဲပါ ... သူ မရွေးရင် ၊ လမင်း က ပဲ ရွေး လိုက်တာပေါ့ ၊  Lunch ကတော့ ' ..... ' မှာ ပဲ ကောင်းပါတယ် ” 


အားလုံးက လက်ခုတ်လက်ဝါး တီး ၍ အော်ကြသည် ။ လမင်းစိုးသည် ကြောက်သလို ရွံ့သလို ဟန်လုပ်တက်သော မိန်းကလေး မဟုတ်ဘဲ လိုအပ်လာလျှင် ရဲရဲရင့်ရင့် နေထိုင်ရဲသော မိန်းကလေး ဆိုတာ အားလုံး သဘော ပေါက်သွားကြ၏ ။


လမင်းစိုး က ဦးဆောင်ပြီး ကုမ္ပဏီ သို့ ဝင် လိုက်သည်နှင့် Reception မှ ကောင်မလေးတွေ အားလုံး ဝုန်းခနဲ ထ ရပ် လိုက်ကြသည် ။ လူကြီး နှင့် ဧည့်သည်တွေ ကို အရိုအသေး ပေးသော သဘောပင် ဖြစ်၏ ။ သို့သော် မတ်တပ် မရပ်သူ တစ်ယောက်တော့ ရှိပါသည် ။ သူ က ညိုမောင် ဖြစ်၏ ။ ခေါင်း ကို ငုံ့ပြီး ဒီနေ့ မနက် ဝင်စာတွေ အပေါ်မှာ နံပါတ် တွေ တပ် နေသည် ။ နံဘေး က သူဇာ ၊ ဝါဝါဦး နှင့် ရီရီထွေး တို့ မတ်တပ် ရပ်လိုက်ကြတာ ကို သူ မသိ ။ ရီရီထွေး က ကြိတ်ပြီး မတ်တပ်ရပ်လျက် သူ့ ချိုင်းကြား ကို တို့ သည် ။ ထို တိတ်ဆိတ်သွားသော စက္ကန့်ကလေးတွေ လေးငါးခု တင် လမင်းစိုး ၏ မျက်နှာ သည် ကြောက်မက်ဖွယ်ရာ အလွန် ကောင်းသည့် အခြေအနေ သို့ ပြောင်းလဲ သွားလေသည် ။


“ နင် ကလဲ ဘာ ... ဪ ... ” 


ညိုမောင် က ဝင်စာ တွေ ရေးနေရာမှ သူ့ ကို လာ ကိုင်သော ရီရီထွေး ကို ဘာဖြစ်တာလဲ ဟု ပြောမလို့ ခေါင်း ကို မော့ တော့ မှ အားလုံး မတ်တပ် ရပ်နေသော သူငယ်ချင်းများ နှင့် သူ့ ကို စိုက်ကြည့်နေသော လမင်းစိုး တို့ ကို တွေ့လိုက်ရတော့မှ သဘော ပေါက်သွားပြီး ကမန်းကတန်း မတ်တပ် ထ ရပ်ပြီး လက်နှစ်ဖက် ကို သတိ အနေအထား ပုံစံဖြင့် နေ လိုက်၏ ။


သို့သော် ညိုမောင် နောက်ကျသွားပြီ ဖြစ်ပါသည် ။ ဒေါသ ၊ မာန နှင့် ရှက်ရွံ့မှု ဇောအကြိမ် သန်းပေါင်းများစွာ နောက်ကျသွားပြီ ဖြစ်ပါသည် ။ သူ့ ကို စူးစူးရဲရဲ တစ်ချက် ကြည့်ရင်း လမင်းစိုး Reception ကို ဖြတ်၍ ရုံးထဲ ဝင်လိုက်ကြသည် ။ ရုံး က လူတွေ အားလုံး လည်း တိတ်တဆိတ်ပင် လုပ်လက်စ အလုပ်တွေ ကို ခဏ ရပ်ပြီး မတ်တပ် ရပ်ကြသည် ။


“ ညိုမောင် .... နင် တော့ ပြဿနာ ပဲ ” 


“ အဲဒီလို လုပ်ရတယ် ဆိုတာ ကို ငါ မှ မသိတာဘဲ ဟာ ၊ နင်တို့ ကလည်း ငါ့ ကို ဘာဖြစ်လို့ ကြို ပြော မထားတာလ ” 


“ အေး .... ငါတို့ လည်း အမှတ်တမဲ့ ပဲ ဟာ ” 


“ သူတို့ ရောက်ရောက်ချင်း လက် ကုတ်လိုက်ရင် ပြီးရော ” 


ညိုမောင်က ရီရီထွေး ကို ပုံမှန်လေသံ ဖြင့် ပြောသည် ။ ဒီကိစ္စအတွက် ညိုမောင့် ဆီ မှာ သိပ် ထိတ်လန့်မှု မရှိပါ ။ ဘာ ပြဿနာ မှ မတက်နိုင် ဟု သူ ယူဆသည် ။ အေးအေးဆေးဆေး ပင် သူ့ ဝင်စာနံပါတ်တွေ ကို တပ် နေလိုက်သည် ။


နောက် တစ်နာရီလောက် ကြာတော့ လမင်းစိုး နှင့် အဖွဲ့သည် ရုံးခန်း ထဲမှ ထွက် လာပြီး ရယ်ရယ်မောမော ဖြင့် ကုမ္ပဏီ အလယ်လမ်းကြောင်း မှ ထွက် လာသည် ။ ဒီတစ်ခါတာ့ သူဇာ ရဲ့ ' ဟဲ့ ' ဆိုသည့် အသံ တစ်သံတည်း နှင့် ပင် ညိုမောင် အဆင်သင့် မတ်တပ် ထ ရပ်ဖြစ်သွားသည် ။ လမင်းစိုး သည် ကုမ္ပဏီ ၏ မိတ်ဆွေသစ်များ နှင့် ရပ်၍ ရယ်ရယ်မောမော စကား ပြောသော်လည်း Reception ဘက် သို့ ကြည့်သည့် အကြည့်ကတော့ စူးရှခက်ထန်လွန်းနေသည် ကို ဝါဝါဦး က သတိထား မိသည် ။


လမင်းတို့ ကားအသီးသီး နှင့်  lunch စားရန် ထွက်သွားကြတော့ သူတို့ လည်း ထမင်းချိုင့် ကိုယ်စီ ဖွင့်ပြီး ထမင်း စားဖို့ ပြင် ကြသည် ။ ညိုမောင့် ထမင်းချိုင့် ကို ဖွင့် လိုက်တော့ အရင်ဦးဆုံး တို့စရာ အံ အဝိုင်းအသေးကလေး ကို တွေ့ရသည် ။ တညင်းသီး လေးစိတ်ခွဲ ကလေးတွေ ၊ ပြီးတော့ ကန်စွန်းရိုးနီမန်ကျဉ်းမှည့်ပြုတ်  ၊ ပြီးတော့ ခရမ်းကြွတ်သီး လေးစိတ်ရာထား ပေးရုံ နှစ်လုံး .... ငါးပိရည် ထည့်ထားသော ပလတ်စတစ်အိတ်ကလေး ကို သားရေကွင်း ဖြင့် စည်း ထားတာ ကို တွေ့ ရသည် ။


နောက်တစ်ချိုင့်က ငါးကြင်း ကို ကြော်ပြီး ငရုတ်သီး နှင့် နှပ် ထားသော ဟင်း ဖြစ်သည် ။ ညိုမောင့် ထမင်းချိုင့် ကို စိတ်ဝင်တစား ကြည့်နေကြသော သူဇာ တို့ က ...


“ ညိုမောင် ထမင်းချိုင့် ကို ဘယ်သူ ပြင် ပေးတာလဲ ” 


“ ဆိုင်က ပဲလေ ၊ ဆိုင် မှာ ထမင်းချိုင့် လခပေး စားတယ် ” 


“ တစ်လ ကို ဘယ်လောက် လဲ ” 


ဝါဝါဦး က ဖြတ်မေးသည် ။


“ တစ်နေ့ ကို ၈ဝဝ တစ်လ ကို ရက် ၂၆ ရက် ဆိုတော့ နှစ်သောင်း နဲ့ ရှစ်ရာ ကျတယ် ၊ အဲဒါက သူတို့ က နှစ်သောင်း ပဲ ယူတယ် ” 


“ ပိုက်ဆံ ကြို ပေးရလား ” 


“ ဟင်အင်း ... စား ပြီး မှ ပေးရတယ် ၊ အခုလဆို လကုန် မှ ရှင်းပေါ့ ” 


“ အဲ့ဒီ ဆိုင်မှာ ကောင်မလေး အပျို ရှိလား ” 


“ အင်း .... ရှိတယ် ” 


ဝါဝါဦး မေးသမျှ စကားတွေကို ညိုမောင် ဖြေပြီးတော့ မှ ရီရီထွေး က .. ' ဟက်ခနဲ ' တစ်ချက် ရယ်သည် ။ ပြီးတော့ ...


“ အဲဒီ ကောင်မလေး က ညိုမောင့် ထမင်းချိုင့် ကို စီစဉ် ပေးတာလား ” 


“ အင်း .. ဟုတ်တယ် ၊ ဘာဖြစ်လို့လဲ ” 


“ သူ ညိုမောင့် ကို စိတ်ဝင်စား နေတယ် ” 


“ ဗျာ ” 


ညိုမောင့် ရင် သည် ' လှိုက် ' ခနဲ တစ်ချက် ဖြစ်သွားသည် ။


သော်သော် သည် သူ့ ခေါင်း ကို အားအပြည့်နှင့် ခါရမ်း ပစ်လိုက်သောအခါ ဆံစ တစ်ပင်ချင်း ၊ တစ်မျှင်ချင်း သည် နေရောင်ခြည် ထဲ တွင် လွင့်ဝဲ တက်သွားပြီး တောက်ပမှု ၏ စက်ဝန်း မှာ ရောင်စုံသက်တံ တစ်ခု လို ဖြစ်၍နေသည် ။


“ ဘယ်လို ဖြစ်သွားတာလဲ ညိုမောင် ရဲ့ ၊ ရီ က ဒါလေးပဲ ပြောရသေးတဲ့ ဟာ ကို ” 


“ အာ ... ရုတ်တရက်ကြီး ဆိုတော့ ရှက် သွားတာပေါ့ ” 


သူတို့ အားလုံး အားရပါးရ ရယ်မော လိုက်ကြသည် ။ ထို့နောက် စိတ်ကူးရှိရာ ချက်ပြုတ် ကြော်လှော် လာကြသော ဟင်းတွေ ကို စုပြီး ကိုယ် ကြိုက်ရာ ကိုယ် နှိုက်စားကြသော ထမင်းပွဲ သည် ပျော်စရာ လည်း ကောင်းသည် ။ မြိန် လည်း မြိန် လှသည် ။ ထိုသို့ စား၍ မြိန်သော အရသာကို စားဖူးသူ မှ သာ သိနိုင်လိမ့်မည် ဖြစ်သည် ။


သို့သော် ထိုထမင်းဝိုင်း သည် ညိုမောင့် အတွက် နောက်ဆုံး ထမင်းဝိုင်း ဆိုတာ ကိုတော့ မည်သူမျှ ကြို၍ မသိနိုင်ချေ ။


ရန်ကုန်မြို့ ရှိ နာမည်ကြီးဟိုတယ် တစ်ခု တွင် လမင်းစိုး သည် menu ကို ကြည့်ပြီး ကောင်းမည် ထင်သော ဟင်းများ ကို မှာသည် ။ ကျန်သည့် ဏမေအညေေ တွေ ကို လည်း ကြိုက်ရာ မှာခိုင်းသည် ။ ဟင်း က ဆယ့်ခြောက်မျိုး လောက် ရှိမည် ။


ဒါပေမယ့် လမင်းစိုး ထမင်း စား၍ မဝင် ။


လမင်းစိုးသည် ဒေါသ ဖြစ်သည့်အချိန်တွင် ရင်ခုန်သံ အမြန်ဆုံး ဖြစ်သည် ။


အခု လမင်းစိုး ၏ ဒေါသ သည် သူ့ ရင်ခုန်သံ နှင့် အတူ ညိုမောင် ရှိနေသော Reception တွင် ရှိနေသည် ။


“ လမင်း ... ဒီကောင်လေး စားကြည့်ပါလား ၊ ပုဇွန် ကို ပျားရည် နဲ့နယ်ထားတဲ့ ဂျုံမှုန့် နဲ့ နယ်ပြီးတော့မှ ကြော် ၊ ခပ်ကြွပ်ကြွပ်ကလေး ဖြစ်သွားတော့မှ ချိုချဉ်ကလေး ချက်ထားတာ စားကြည့်ပါဦး လမင်း ရဲ့ ” 


“ ကိုငြိမ်းသာ ရော အဲဒီ ဟင်း ကို ကြိုက်ရဲ့လား ” 


လမင်းစိုးက ပြန်မေးသော စကားကြောင့် ကိုငြိမ်းသာ မျက်နှာ ရဲခနဲ ဖြစ်သွားသည် ။ ကိုငြိမ်းသာ သည် အရှက်အကြောက် အင်မတန် ကြီးသော ယောကျာ်း တစ်ယောက် ဖြစ်သည် ။ ရုပ်ချောသည် ။ သဘောကောင်းသည် ။ ချမ်းသာသည် ။ တစ်ကားတစ်ခွန်းကို အရမ်းအလေးအနက်ထားလေ့ ရှိ၏ ။


“ ဟုတ်ကဲ့ ... ကျွန်တော်လည်း ကြိုက်ပါတယ် ” 


“ ဒါဆို ထည့်ပေးလေ ” 


ကိုငြိမ်းသာ ရွယ်ထားသော ဇွန်း ထဲ မှ ပုစွန်ဟင်းတွေ လမင်းစိုး ပန်းကန် ထဲ သို့ ရောက်သွားခြင်း ၊ အန်တီဘေဘီ တို့ က ဝိုင်းပြီး လက်ခုပ် တီးကြသည် ။ ကိုငြိမ်းသာ ၏ မျက်နှာ က ထုံးစံအတိုင်း ရဲတွတ် ၍ နေလေသည် ။


အားလုံး အရယ်အမော တွင် လမင်းစိုး လိုက်၍ ရယ်မော လိုက်သည် ။ သို့သော် သူ့ ရယ်သံများ သည် နှလုံးသား နှင့်ဦးနှောက် နှစ်ခု အနက် ဘာကိုမှ ထိခတ်ပြီး ထွက်သွားသော ရယ်သံများ မဟုတ်ခဲ့ ။ သူ့ ခံစားချက် စစ်စစ် က  Reception မှာ သာ ရှိလေသည် ။


   •••••   •••••   •••••   •••••


“ မင်းမှာ အပြစ် ရှိတယ်ဆိုတာ မင်း နားလည်တယ် မဟုတ်လား ” 


“ ကျွန်တော် က အဲဒီ အချိန် မှာ ” 


“ မင်း ရှင်းပြတာတွေ ကို တို့ မလိုချင်ဘူး ၊ အဲဒီ နေ့ က ကိစ္စ အားလုံးကို တို့ မျက်စိ နဲ့ ကိုယ်တိုင် မြင်ထားတာ ၊ ဒီတော့ မေးတာပဲ ဖြေပါ ” 


ညိုမောင် သက်ပြင်း ကို ချလိုက်သည် ။


ဆရာတော်ဘုရား က အမြဲ မိန့်ခဲ့ဖူးတာလေး ကို ပြန် သတိရသည် ။ ငါတို့ မြတ်စွာဘုရား ဟာ ဘဝပေါင်း များစွာ ပါရမီ ဖြည့်ရမှာ သည်းခံခြင်း ဆိုတဲ့ ခန္တ္တီပါရမီ ကို လူတကာ ထက် လွန်အောင် ကို ဖြည့်ခဲ့ရတယ် ၊ မြတ်စွာဘုရား ဟာ ဒေဝဒတ် ကို လည်း သည်းခံခဲ့သည် ၊ မာရ်နတ် ကို လည်း သည်းခံခဲ့သည် ။ ဘယ်လို သည်းခံတာလည်း ဆိုတော့ ပညာ ၊ သီလ ၊ သမာဓိ တွေနဲ့ သည်းခံတာ ၊ ဒီတော့ သည်းခံစရာ ကြုံလာရင် အဲဒီဟာလေးကို သတိ ရပြီး သည်းခံပေတော့ ” 


ဟူသော စကားပင်ဖြစ်သည် ။


“ ဟုတ်ကဲ့ .... ကျွန်တော့် မှာ အပြစ် ရှိပါတယ် ” 


ညိုမောင် သည် သူ့ အသံ ကို တည်ငြိမ်သည် ဟု ထင် ပါသည် ။


လမင်းစိုး က ဘယ်လောက် အထိ အပြစ် ပေးမလဲ ။ ရင်ဆိုင်ဖို့ အသင့် ဖြစ်၍ နေသည် ။ လမင်းစိုး ပေးမည့် အပြစ် သည် ဘာမှ မဟုတ်သော အပြစ် ဖြစ်မှာ ကိုပင် စိုးရိမ် နေမိ၏ ။


“ ကောင်းပြီ ၊ တို့ မင်း ကို အလုပ် က မထုတ်ပါဘူး ၊ ဒါပေမယ့် ရာထူး တော့ ချမယ် ၊ မင်း ... ” 


“ ဟုတ်ကဲ့ .... ”  


“ အဲ ... ဒီတော့ကွာ မင်း ကြောင့် တို့ အရှက် ကွဲခဲ့ရတယ် ၊ အဲဒီတုန်းက ငါ နဲ့ ပါ လာတဲ့ လူတွေ က ငါ့ အိမ်မက် ကို ဝိုင်း ကူပေးမယ့် လူတွေ ချည်းဘဲ ၊ အဲဒါကို မင်း က .. ကဲ ... ထားလိုက်ပါတော့လေ ” 


“ ဟုတ်ကဲ့ .. ” 


“ မင်း ... ” 


လမင်းစိုး သည် အခုအချိန်မှာတော့ ' လမင်းဆိုး ' ကလေး တစ်ယောက် ဖြစ်နေသည် ။ သို့သော် ' မင်း ...' ဆိုပြီး နောက်ဆက်တွဲ စကား ကို ပြော၍ မပါ ။ လမင်းဆိုး သည် ဆိုး ဆိုးကလေး ဖြစ်အောင် အား ကို တင်းလိုက်၏ ။


“ မင်း ကို သန့်ရှင်းရေး အဖြစ် တို့ က တာဝန် ပေးတယ် ” 


“ ဟုတ်ကဲ့ ... ” 


“ မင်း လစာ ကိုတော့ ငါ မဖြတ်ဘူး ၊ အရင် လစာပဲ ၊ မင်း ၈ နာရီ အရောက် လာရမယ် ၊ ရုံး က လူတွေ ၉ : ၃ဝ နာရီ မရောက်ခင် ဖုန်စုပ်တာ ၊ အမှိုက်ပုံးတွေ သွန်တာ ၊ တရုတ်ကပ်မှန်တွေ တိုက်တာတွေ ကို လုပ်ထားရမယ် ၊ လုပ်ရင် ငါ့ အခန်း ကို နောက်ဆုံး ထား လုပ်ရမယ် ၊ ငါ့ အခန်း ထဲ က သန့်ရှင်းရေး လုပ်ရုံ က  လွဲပြီး ကျန်တာ ဘာတစ်ခုမှ မင်း လုပ်ခွင့်မရှိဘူး ၊ ငါ့ စားပွဲပေါ် က ဘယ်ပစ္စည်း ကို မှ မထိရဘူး ၊ ဟုတ်ပြီလား ” 


“ ဟုတ်ကဲ့ ” 


 ညိုမောင့် စိတ် ထဲမှာတော့ ဒီ ထက် တောင် ရက်စက် စေချင်နေသေးသည် ။


လမင်း သည် ကျားသစ်မကလေး မာန်ဖီ နေသလို စကားလုံးတွေ နှင့် သူ့ ကို ပစ်ပေါက် တိုက်ခိုက်နေသည့် တိုင် ထို စကားလုံးများ သည် ' သည်းခံမည် ' ဟု ဆုံးဖြတ်ထားသော နှလုံးသား ၏ ရှေ့တွင် ပန်းပွင့်ကလေးတွေ ဖြစ် သွားကြသည် ။


မတန်မရာကို ချစ်နေမိမှန်း သူ သိပါသည် ။


မရနိုင်မှန်းလည်း သူ သိပါသည် ။


ဒါပေမယ့် လူ တစ်ယောက် မှာ ကိုယ့် အချစ် နှင့် ကိုယ် အဆင် ပြေနေသော ကာလ ဆိုတာ ရှိကောင်းတယ် မဟုတ်လား ။


အခု လမင်းစိုး ပေးလိုက်သော အပြစ် သည် သူ့ ရင်ထဲက ဖော်ထုတ်ခွင့် ရသော မေတ္တာ ကို တစ်နည်းအားဖြင့် ဖော်ထုတ် ပြသခြင်းပင် ဖြစ်သည်ဟု ညိုမောင် က ခံယူသည့် အတွက် တုန်လှုပ်ခြင်း ကင်းမဲ့စွာဖြင့် လက်ခံ နိုင်ခဲ့သည် ။


လူ တို့ ရူး သည့် အထဲ တွင် အချစ် နှင့် ပတ်သတ်၍ ရူး သော အရူး သည် နားလည်ရ အခက်ဆုံး ရူးခြင်း ပင် ဖြစ်သည် ။


◾  နီကိုရဲ


📖  ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment