Tuesday, July 19, 2022

ဆရာ့ ပြည်တော်ပြန်


 ❝ ဆရာ့ ပြည်တော်ပြန် ❞


( ၁ )


“ ဆရာ ဟာတာ ”


ကျွန်တော့် အား ဂျပန်စာ သင်ပေးသူ ၏ နာမည် မှာ မစ္စတာဟာတာ ဖြစ်ရာ ကျွန်တော် က ' ဆရာဟာတာ ' ဟု ခေါ်သည် ။ ယင်း ဆရာဟာတာ သည် အသက် အရွယ်အားဖြင့် ၅၀ နီးပါး ရှိလေပြီး ဂျပန်ပြည် ၊ တိုကျိုမြို့သား ဖြစ်သည် ။ တိုကျို မှာ ခေတ်သစ်ဂျပန်ပြည် ၏ မြို့တော်ကြီး ဖြစ်သလို ကျိုတို မှာ ဂျပန်နိုင်ငံ ၏ ရှေးမြို့တော် ဖြစ်သည့် အတိုင်း ဂျပန်ပြည် ၏ ရှေးဟောင်းယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများ ကို ဆရာဟာတာ ကောင်းစွာ ကျွမ်းကျင်လေသည် ။ ကျိုတို နှင့် နာဂိုယာ မြို့တော်ကြီးများ မှ ဂျပန်ဆာမူရိုင်းကြီး တို့ ၏ ပုံပြင် အဝဝ ကို အလွန်တရာ စိတ်ပါဝင်စားဖွယ်ရာကောင်း လောက် အောင် ပြောကြားနိုင်စွမ်း လည်း ရှိပေသည် ။


ဂျပန်စစ်တပ်များ မြန်မာနိုင်ငံ သို့ အရှေ့အာရှတိုက် သာတူညီမျှ ကောင်း စားရေး ကြွေးကြော်သံဖြင့် ဝင်ရောက်လာသည့် အချိန် မှာပင် ဆရာဟာတာ သည် ကျောင်းဆရာ အဖြစ် ကျွန်တော်တို့ နေထိုင်ရာ မြစ်ဝကျွန်းပေါ် မှ မြို့ကလေး တစ်မြို့ သို့ ရောက် လာပါသည် ။


ဆရာဟာတာ သည် အရပ် ပု၏ ။ ခေါင်းကလေးလုံးလုံး တွင် ကျယ်ဝန်းသော နဖူးပြင် ၌ အတွန့်အရေးများ ထင် နေလျက် ထူထဲသော မျက်မှန် က သာလျှင် သူ့ မျက်နှာ တစ်ခုလုံး ၌ အထင်ရှားဆုံး ဖြစ် နေပါသည် ။ စကား အပြောအဆို သိမ်မွေ့၏ ။ ဆရာကောင်း တစ်ဦး တစ်ယောက် ၏ လက္ခဏာ အပြည့်အဝ ရှိ၏ ။ တစ်ခါတစ်ရံ နူးညံ့ သော လေသံအကြား နှင့် တပည့်များ အား အော်ငေါက် တတ်သေး၏ ။


ဆရာဟာတာ သည် သားသမီး သုံးယောက် ရှိသော ဖခင် တစ်ဦး လည်း ဖြစ်ပေ၏ ။


“ ဆရာ့ ရဲ့ ဒုတိယ သား ဟာ နေဝင်းစံ နဲ့ ရွယ်တူ ပဲ ”


တစ်ခါတစ်ရံ ဆရာဟာတာ က အိမ် ကို လွမ်းဆွတ် သတိရတတ်သည့် အခါမျိုး တွင် ကျွန်တော့် အား အထက်ပါ အတိုင်း ပြောလေ့ ရှိသည် ။ သူတို့ မိသားစု ရိုက် ထားသော ဓာတ်ပုံ ကို လည်း စိတ် ရလျှင် ထုတ်ပြ တတ်သည် ။ ဆရာကတော် မှာ အေးမြသော မျက်နှာ အသွင်အပြင် ရှိပေ၏ ။ သူတို့ သားအမိ သားအဖ တစ်စု နောက်တွင် သူတို့ ပိုင် ဂျပန်အိမ်ပု ပြားပြားကလေး ကို တွေ့ရပေ၏ ။


“ နိပွန် ကလေးသူငယ်တွေ ဟာ မင်းတို့ အပေါ်မှာ အင်မတန် ချစ်ခင်ကြ တယ် ။ နံနက်စောစော ကျောင်းကို ရောက်တာနဲ့ တစ်ပြိုင်နက် အနောက်ဘက် မှ ချစ်မိတ်ဆွေများ ရေ . . ဆိုတဲ့ တေး ကို ဆိုရတယ် ၊ အဲဒါ ဂျပန်ပြည် ရဲ့ အနောက်ဘက် မှာ ရှိတဲ့ နိုင်ငံတွေ က ကလေးသူငယ်တွေ အတွက် တေး ပဲ ”


ဆရာဟာတာ သည် အဆို လည်း ကောင်း၏ ။ စန္ဒယားခုံ တွင် ထိုင်ကာ သူ က တီးလျက် ကျွန်တော် တို့ ကို အဆို ခိုင်း တတ်သည် ။ စန္ဒယား ကို သင်္ကေတ ဖြင့် ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် တီး တတ်သည် ။ 


“ တောအထပ်ထပ် တောင်အဆင့်ဆင့် ပင်လယ်အတန်တန် ကို ကျော်ဖြတ်လျက် ဝမ်းနည်းခြင်း စိတ်အတိ ဖြင့် မင်း ရှိရာ သို့ ငါ လာခဲ့ပါပြီ ”  ဟူသော တေး ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ဆိုတတ်၏ ။


“ တစ်ခါတလေ ကျတော့ နေဝင်းစံ စိတ်ကူး ဆိုတာ ကိုယ့် ကိုယ် ကိုယ် ပြန် ညှဉ်းဆဲတတ်တယ် ။ စိတ်ကူး တတ်လေလေ ဘဝ ဆိုတာ ပိုပြီး ငြီးငွေ့စရာ ကောင်းတယ်လို့ ထင်လေလေ ပဲ ”


ဆရာဟာတာ သည် အနုပညာ ဉာဏ် ၊ အနုပညာ ဗီဇ များစွာ ပါသူ ဖြစ်ပေ ၏ ။ စန္ဒယား တီး နေရလျှင် ကျောင်းသင်ခန်းစာတွေ နောက်ကျရသည်သာ ဖြစ်၏ ။ သူ့ တွင် တယောပြား တစ်လက် လည်း ပါ လာသေး၏ ။ ကျောင်းခန်းအတွင်း ၌ သာ စန္ဒယား တီး၍ သူ နေရာ အိမ် သို့ ပြန် ရောက်လျှင် တယော ထိုးနေတတ်၏ ။


ကျွန်တော့် အား ဂျပန်တေး ကို ဆို ခိုင်းကာ သူ က စန္ဒယားတီးသည့် အခါများ ၌ ကျောင်းသူကျောင်းသား အားလုံး တို့ ဝိုင်းဝန်း ငေးမောနေကြရသည်သာ ဖြစ်ပေ၏ ။


“ ထို နေ့မှာပေါ့ လကလေး လည်း သာ နေတယ် ။ ဒဏ်ရာရနေတဲ့ ငါ ဟာ မြင်းကုံးနှီးပေါ် မှာ မင်းမျက်နှာ ကို ပဲ မြင်ယောင် နေတယ် ။ မင်း နဲ့ ငါ နဲ့ တွေ့ကြ ဆုံကြရပါဦးတော့ မလား ဆိုတဲ့ အတွေးတွေ နဲ့ မျက်ရည် လည် မိသေးတယ် ” 


ကျွန်တော် က မြင်းတပ်သား တစ်ဦး ၏ လွမ်းချင်း ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ သီဆိုသော အခါ ဆရာဟာတာ သည် ဝေးလံလှသည့် တစ်နေရာရာ ကို ငေးမော နေသကဲ့သို့ ရှိနေတတ်၏ ။ သူ့ မျက်လုံး တွေ မှာ ရီဝေနေပြီး မမြင်ရသော အရာတစ်ခု ကို ငေးစိုက် နေသလား ထင်ရလောက်အောင် ငေးငိုင် နေတတ်ပေ၏ ။ ကျွန်တော် ကား ဆရာ ဟာတာ ၏ စိတ်ကူး ကို မှန်းဆနေမိသည် ။ ဆရာဟာတာ သည် အဘယ်ကဲ့သို့သော လမ်းခရီးမျိုးများ ၌ ကျင်လည်ခဲ့ရသူ ဖြစ်ပေသနည်း ။ ဆရာဟာတာ ၏ အတိတ် ဇာတ်ကြောင်းများ သည် အဘယ် နေရာတွင် မည်သို့မည်ပုံ မြစ်ဖျား ခံခဲ့ပေသနည်း စသည်ဖြင့် ရောက်တတ်ရာရာ စဉ်းစားနေမိသည်သာ ဖြစ်၏ ။


တစ်ခါတစ်ရံ မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်လုံးတီး သက်သက်ဖြင့် ရောက် လာတတ်သော ဂျပန်ရေတပ်သားများ ကို တွေ့ရတတ်၏ ။ ထိုအခါမျိုး ၌ ဆရာဟာတာ မှာ မျက်စိမျက်နှာ ပျက် နေတတ်ပေသည် ။


“ တို့ အာရှတိုက်သားတွေ ဟာ အနောက်တိုင်းသား လူမျိုးခြားတွေ ရဲ့ လက်အောက် မှာပဲ နေခဲ့ကြရတာ ဆိုတော့ အခုလို အာရှတိုက်သား အားလုံး လွတ်လပ်ရေး အတွက် ကြိုးပမ်းကြတဲ့ နေရာမှာ မင်း မြင်သလို ကိုယ်လုံးတီး နေတတ်တဲ့ တို့ ဂျပန်အမျိုးသားတွေ လည်း ပါတယ် ။ နေဝင်းစံ စစ် တိုက်ရင် လူအများကြီး သေတယ် ။ အဲဒါကြောင့် လူအများကြီး လိုတယ် အများကြီး ”


ဆရာ သည် ရင်တွင်း ၌ သိုလှောင်ထားသော စကားလုံး နှင့် စိတ်ကူး စိတ်သန်းတွေ ကို သွန်ချ လိုဟန် တူပေ၏ ။ 


“ လူအများကြီး လိုအပ်နေတဲ့ စစ်ကြောင့် အခုလို လူတွေ လည်း ပါ လာကြတာပါဘဲ ” ဟု ဖြေသည့် သဘောနှင့် ပြော တတ်သည် ။ အဝတ်အစား ဗလာ ဖြစ်နေသော သူ့ လူမျိုးများ အတွက် ပညာတတ် လူရည်မွန် ဖြစ်သည့် ဆရာ ဟာတာ က ရှက်ဟန် တူပါသည် ။ ဆရာ ရှက်မည် စိုးသည့် အတွက် ကျွန်တော်တို့ က ကိုယ်လုံးတီးဂျပန်များ အား တွေ့စေကာမူ တစ်စုံတစ်ရာ ဝေဖန် ပြောဆိုခြင်း မရှိအောင် အထူး သတိထားကြရပေသည် ။ ဤ အကြား မှပင် ဆရာဟာတာ သည် ဖုံးကာဖိကာ ပြောနေတတ်ပေ၏ ။


“ စစ် ဆိုတာ ဟာ ဘယ် အရာ ကို မှ ကောင်းကျိုး မပေးဘူး နေဝင်းစံ ” ဟုလည်း စစ်အပေါ် ထားရှိသော သူ့ သဘောထား ကို တိုးတိုးတိတ်တိတ် ပြော တတ် သေးသော ဆရာပင် တည်း ။ 


( ၂ )


၁၉၄၅ ခုနှစ် ၊ မတ်လ


သစ်ရွက်ကလေးများ ကြွေ နေကြပြီး နွေ ၏ တေးတျာ ကို ဖွဲ့ဆိုသီကြူသော ဥဩငှက် သည်လည်း လူ့ရပ် သို့ ချဉ်းကပ်ကြွေးကြော်နေလေပြီ ။ ကန်သင်းရိုးပြတ်များ ၌ စာဝတီးကလေး တွေ တစ်အုပ် ပြီး တစ်အုပ် ထိုးဖြတ် ပျံသန်းနေကြလေပြီ ။


စစ်ဘေးဒဏ်ကြောင့် လယ်သမား ၏ လက် နှင့် နှစ်ပေါင်းများစွာ ကင်းဝေး နေသည့် လယ်မြေများ တွင် ရိုးပြတ်ငေါင်းစင်းစင်းများ ၊ ဆူးချုံများ နှင့် မြက်ရိုင်းများ သာ ပေါက် နေကြလေ၏ ။ ဤ ကောနေသော လယ်ကွင်းများ အတွင်း မှာ ပင် ဖက်ဆစ် ဆန့်ကျင်ရေး တပ်သားများ စုရုံး ကြ၏ ။ မဟာမိတ် တို့ ထံ မှ လက်နက်များ ရ ကြ၏ ။ လက်နက်သစ် လက်နက်ဆန်းများ ပစ်ခတ်ကိုင်တွယ်ပုံ ကို လေ့ကျင့်ကြရ၏ ။


မြန်မာနိုင်ငံ အတွင်း သုံးနှစ်သုံးမိုး လာ ၍ နှိပ်စက်ညှဉ်းပန်း နေခဲ့သော ဂျပန်နယ်ချဲ့သမား ဖက်ဆစ်များ ကို မြန်မာပြည်သူ တစ်ရပ်လုံးက ရရာလက်နက် စွဲကိုင်လျက် တွန်းလှန်မောင်းထုတ်သည့် ကာလ ပင် ဖြစ်သည် ။ ဂျပန်ဖက်ဆစ်တို့ ၏ အင်ပီးရီးယ့် တပ်မတော်ကြီးများ အား အပိုင်အနိုင် မောင်းထုတ် တိုက်ခိုက်ရေး အတွက် ဗမာ့တပ်မတော် သည် ပြောက်ကျား အခြေခံစခန်းများစွာ တို့ ကို ကျေးရွာ များ နှင့် တောကြိုအုံကြား ဟူသမျှ မြစ်ဝကျွန်းပေါ် ၏ ချောင်းကြိုမြောင်းကြား ဟူသမျှ တွင် ဖွဲ့စည်းခဲ့ကြသည် ။


ကျွန်တော် တို့ အာရှလူငယ် အားလုံး လိုလိုမှာ ပြောက်ကျားစခန်းများ သို့ ရောက် ကြရသည် ။ မြို့တွင်း ၌ လည်း ဂျပန်အုပ်ချုပ်ရေး အာဏာပိုင် တို့ ဆုတ်ခွာရန် ပြင်ဆင် နေကြလေပြီ ။ စစ်တပ်ချင်း အနေနှင့် လူ အင်အား ၊ လက်နက် အင်အား မမျှသည် မှာ မှန် သော်လည်း ကျွန်တော် တို့ မြန်မာပြည်သူများ ဆင်နွှဲသည့် တော်လှန် ရေး မှာ တရားမျှတသော တော်လှန်ရေး ဖြစ်၏ ။ အဖိနှိပ်ခံ အညှဉ်းဆဲခံ ပြည်သူတို့ က ဖက်ဆစ်ဂျပန် တို့ ၏ သံဖနောင့် အောက်မှ ရုန်းထွက် လွတ်မြောက်ရန် ဆင်နွှဲသော တိုက်ပွဲ သာ ဖြစ်ပေရာ နေရာတကာ တွင် ဗမာ့တပ်မတော် နှင့် ပြောက်ကျားတပ်များ က အရေး သာ လျက်ရှိပေ၏ ။ မြန်မာပြည်သူ တိုင်း သည် ထူးခြားကောင်းမွန်သော သူရ သတ္တိ ရှိသော တော်လှန်ရေးတပ်သားကောင်း များ ဖြစ် လာကြလေ၏ ။


ထိုနေ့မှာ မတ်လ ကုန်ခါနီး နေ့တစ်နေ့ ဖြစ်သည် ။ နေလုံးကြီး သည် အနောက်ဘက် တောတန်း ပေါ် ၌ မေးတင် ငိုက်မျဉ်းနေလေ၏ ။ ဥဩငှက် ကလည်း ပျင်းရိဖွယ် အသွင် ဆောင်သော နွေ ၏ တေးတစ်ပုဒ် ကို ဖွဲ့နွဲ့သီဆိုဆဲပင်တည်း ။


ကျွန်တော် သည် ရေပုံးကလေး ကိုင်လျက် မြစ်ဆိပ် သို့ ဆင်း လာ၏ ။ ကျွန်တော့် ကို ကြည့်လျှင် ရေချိုးဆင်း လာသူ တစ်ဦး ဟု ထင်ရမည် ဖြစ်သော်လည်း အမှန်မှာ ကျွန်တော် သည် ရေချိုး ဖို့ မဟုတ် ။ ကမ်းနားဆိပ် တွင် လှေကလေး တစ်စင်း နှင့် ရောက်နှင့် နေမည် ဖြစ်သော တံငါသမား သည် ကျွန်တော့် ထံ မှ ပေးလိုက်မည့် သတင်း ကို ယူလျက် မြစ်တစ်ဖက်ကမ်း အတိုင်း အထက် ဆီ သို့ ၂ မိုင် ခန့် ဆန် တက် မှ ရောက်မည့် ခရိုင်ပြောက်ကျား ဌာနချုပ် သို့ ပြန် သွားလိမ့်မည် ။ သူ သည်လည်း တံငါ ဟန် ဆောင်ထားသော တော်လှန်ရေးတပ်သား တစ်ယောက် သာ ဖြစ်သည် ။


“ နေဝင်းစံ ... နေဝင်းစံ .. ”


ကနစို ထင်းခြမ်းကြီးများ လူ တစ်ရပ် သာသာ မြင့်သည်အထိ ပုံ ချထားသည့် နံဘေး မှ ဆရာဟာတာ ကို တွေ့နေရသည် ။


ကျွန်တော် က ဆရာဟာတာ အား ဂျပန်ထုံးစံ အတိုင်း တရိုတသေ နှုတ်ဆက်ပါသည် ။ ဆရာ့ မျက်နှာမှာ ချွေးစီးချွေးပေါက်များ သီးစက်နေ၏ ။ တစ်စုံ တစ်ရာသော စိုးရိမ်ကြောင့်ကြမှု ကိုလည်း အထင်းသား သွား တွေ့နေရလေ၏ ။


“ နေဝင်းစံ ကို ဆရာ တစ်ခု ပြောချင်တယ် ။ ဆရာ့ မှာ အင်မတန် အရေး ကြီးတဲ့ ကိစ္စ တစ်ခု နဲ့ အခု ရန်ကုန် ကို ခဏ သွားရမယ် ။ ရန်ကုန် ကနေပြီး ဂျပန်ပြည် ကို ပြန်ကောင်း ပြန်ရဦးမယ် ။ နိုင်ငံရေး အခြေအနေတွေ မကောင်းဘူး နေဝင်းစံ ”


ကျွန်တော့် အတွင်း စိတ် ကလည်း တစ်စတစ်စ ပိုမို လှုပ်ရှားလာ၏ ။ ကျွန်တော့် မျက်နှာ ကို ဆရာ မမြင်နိုင်စေရန် အတွက် မြေကြီး ပေါ် သို့သာ ငုံ့ နေမိပါသည် ။


ဆရာ့ အသံတွေ မှာလည်း ကတုန်ကယင် ဖြစ်နေ၏ ။ ဆရာ့ စကား ကို ကြားသည် နှင့် တစ်ပြိုင်နက် ကျွန်တော် အဖြစ်အပျက် အားလုံးကို ရိပ်စား မိပါပြီ ။ ဂျပန်တွေ ရန်ကုန် အထိ ဆုတ်ခွာ ကြတော့မည် ။ ဆရာ လည်း ပါ သွားမည် ။


“ တပည့်တွေကို ဆရာ နှုတ်မဆက်နိုင်ဘူး ။ အခုတောင် ကုသိုလ်ကောင်း လို့ နေဝင်းစံ နဲ့တွေ့တာ ။ အားလုံးကို ပြော ပြလိုက်ပါ ။ နေဝင်စံ လည်း ပညာ ကို ကြိုးစားသင်ဖို့ ဆရာ မှာချင်တယ် ။ မင်းတို့ ပြည်မှာ နောင် တစ်နေ့ မင်း တို့ ဦးဆောင်သွား ကြရမှာ ကြားလား ”


“ ဟုတ်ကဲ့ဆရာ ” ဟု ကျွန်တော် က ဖြေသည် ကို ကြားမှ ကြားပါလေစ မသိ ။ ဆရာ သည် မြစ် တစ်ဖက်ကမ်း ရှိ တောတန်းကြီး ဆီသို့ ငေး စိုက်နေ၏ ။


“ ဆရာတို့ ဒီ ညပဲ သွား ရလိမ့်မယ် ။ မင်း အတွက် ဆရာ ဟောဒီ စာအုပ် လေး လက်ဆောင် ပေးချင်တယ်"


ပြောပြောဆိုဆို ဆရာ သည် စစ်ကျောပိုးအိတ် အတွင်းမှ စာအုပ်ကလေး တစ်အုပ် ကို ဆွဲထုတ် ယူကာ ကျွန်တော့် အား ပေးပါသည် ။


“ ဂျပန်ကဗျာများ ” အမည်ရှိ စာအုပ်ကလေးပင်တည်း ။


“ ကဲ သွားမယ် နေဝင်းစံ မင်း ကို ဆရာ နှုတ်ဆက်ပါတယ် ။ တိုကျို ကို ပြန် ရောက်နိုင်ဦးမယ် ဆိုရင်တော့ မင်း ဆီ ကို ဆရာ စာ ရေးလိုက်ပါမယ် ။ ပြန်ပြီး တွေ့ကြပြီး ဆာကူရ အကြောင်း တေးကလေးတွေ တို့ ဆိုကြသေးတာ ပေါ့ ”


ဆရာ သည် ကျွန်တော့် လက်ဖဝါးများ ကို နာကျင်လာသည် အထိ တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ကာ နှုတ်ဆက် ပါသည် ။ ကျွန်တော် သည် ဆရာ့ အား တစ်သက် တွင် နောက်ဆုံး အကြိမ် အရိုအသေ ပြုခြင်း ဖြင့် နှုတ်ဆက် မိပါသည် ။ ဆရာ သည် ထင်းပုံကြီးများ နံဘေး မှ ကမ်းစပ် အတိုင်း ဂျပန်စစ်ရုံး ရှိရာ မြောက်ဘက် ဆီသို့ ထွက်ခွာ သွားလေ၏ ။


ကျွန်တော် သည် ညှိုးလှသော စိတ် ကို တင်းကာ ရေဆိပ် သို့ ဆင်း လာခဲ့ပါ သည် ။ အခန့်သင့် ဖြစ်နေသော တံငါသမား နှင့် ရေ ချိုးရင်း စကား ပြောပါသည် ။ အနောက်ဘက် တွင် ရှိ ပြောက်ကျားစခန်း မှ မှာကြားချက်များ ကို ပြောကာ ယနေ့ည ညောင်တုန်း ဘက် မှ ဆင်းလာမည့် ဂျပန်များ နှင့် အတူ ကျွန်တော်တို့ မြို့ရှိ ဂျပန်တွေ ပါ ရန်ကုန် သို့ စုန်ဆင်းတော့မည့် အကြောင်း ပါ သတင်း ပေးလိုက်ပါသည် ။


မြစ်ဆိပ် မှ ပြန် တက်လာသောအခါ နေ ဝင်သွားလေပြီ ။ အမှောင်ရိပ် က နေရာတကာ ၌ တိုးဝှေ့ ဝင်ရောက်လာလေပြီ ။ ကျွန်တော် သည် ဆရာ ထွက်သွားရာ ဆီသို့ လိုက် ကြည့်မိပါသေး၏ ။ အမှောင်ထု အကြား၌ ဝေးကွာသွား ပြီဖြစ်သော ဆရာ့ အား မတွေ့ရတော့ပါ ။


( ၃ )


နောက် နှစ်ရက် အကြာတွင် မြစ်တစ်ဖက်ကမ်း ရှိ ပြောက်ကျားစခန်း မှ သတင်း တစ်ခု ရောက်လာသည် ။


“ တွံတေးဝ တွင် တပ်ချ ထားသော ဗမာ့တပ်မတော် မှ မြစ်ကြောင်း အတိုင်း စုန်ဆင်းကာ တွံတေးတူးမြောင်း အတွင်း ဝင်ဖို့ ကြိုးစားသည့် ဂျပန်မော်တော် ၄ စင်း အား ဂျပန်များ ရော မော်တော်များ ပါ အစတုံး သုတ်သင် ဖျောက်ဖျက်လိုက်သည် ။


ယခု တပ်မတော် က အောင်ပွဲများ ဆက်လက် ရရှိနေသည် ။ ဖက်ဆစ်စနစ် ကျဆုံး ရမည် ။


ကျွန်တော်တို့ သည် ဤ သတင်းတိုကလေး ကို ရ၍ ပျော်ကြ၏ ။ အနောက် ဘက် ကွင်းတစ်ဝိုက် ရှိ ပြောက်ကျားစခန်း အားလုံးသို့ လည်း ဤ သတင်း ကို ဖြန့် လိုက် ပါသည် ။ ရဲဘော်တိုင်း ဝမ်းသာ နေကြ၏ ။ ကျွန်တော့် ကိုလည်း တာဝန် ကျေကြောင်း ချီးကျူး ကြပေ၏ ။


ကျွန်တော် က ပျော်လည်း ပျော်သည် ။ ဝမ်းလည်း နည်းသည် ။ ကျွန်တော်တို့ ပြည်သူ ကို မျက်ရည် နှင့် မျက်ခွက် ဖြစ်အောင် နှိပ်စက်နေသော ဖက်ဆစ်တွေ ကို ဗမာ့တပ်မတော် မှ အစတုံး သုတ်သင်လိုက်နိုင်ခြင်း အတွက် ကျွန်တော် ပျော်ပေ သည် ။ သို့သော် ထိုကဲ့သို့ သုတ်သင်ခြင်း ခံရသူများ အနက်တွင် ကျွန်တော့် ဆရာလည်း ပါဝင်နေသည့် အတွက် ဝမ်းနည်းသည် ။ ဤ သတင်း ကို ကျွန်တော် ပေးခြင်း ဖြစ်သည် ။ ကျွန်တော် ပေးလိုက်သော သတင်း ကြောင့် ဆရာ ပါ အသက်ဆုံးရှုံးရပြီ ဟု တွေးမိသည် ။ သို့တစေလည်း “ တိုင်းပြည်နှင့် လူမျိုးအတွက် ” ဟူ၍ ကျွန်တော့် စိတ် ကို ဖြေဆည်ပါသည် ။


ဆရာ ပေး သွားသော ကဗျာစာအုပ်ကလေး ကို ထို ည က လရောင် အောက် မှာ ပင် ကျွန်တော် ဟိုမှ သည်မှ လှန်လှော ကြည့်မိသည် ။ ဆရာ့စကားတွေ ကိုလည်း နားထဲ တွင် တစ်လုံးစီ တစ်လုံးစီ ကြားယောင်လျက် ရှိသည် ။


“ မင်းတို့ ပြည် မှာ နောင်တစ်နေ့ မင်းတို့ ဦးဆောင် သွားကြရမှာ ”


“ တိုကျိုကို ပြန်ရောက်နိုင်ဦးမယ် ဆိုရင်တော့ မင်း ဆီ ကို ဆရာ စာ ရေးလိုက် ပါ့မယ် ” 


“ ပြန်ပြီး ... တွေ့ကြပြီး ဆာကုရာ အကြောင်း တေးကလေးတွေ တို့ ဆိုကြ သေးတာပေါ့ ”


ဆရာ တိုကျို သို့ ပြန် မရောက်တော့ပါ ။ ကျွန်တော်တို့ နှင့် ပြန်လည် တွေ့ဆုံ လျက် ဆာကူရာ အကြောင်း တေးကလေးတွေ ကိုလည်း သီဆိုနိုင်တော့မည် မဟုတ်ပါ ။


ဆရာ သည် ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်စနစ် ၏ စေသည့် ကျွန် ၊ ထွန်သည့် နွား အဖြစ် ဗမာပြည် သို့ ရောက်လာခဲ့ရ သူ သာ ဖြစ်ပါလိမ့်မည် ။ ဆရာ မုန်းတီးသော စစ်ပွဲ ၊ ဘယ်အရာ ကို မှ ကောင်းကျိုးမပေးဘူး ဟု ဆရာ ပြောသော စစ်ပွဲ အတွင်း မှာပင် ဆရာ တစ်ယောက် ပျောက်ပျက် ဆုံးရှုံးရရှာပါပြီ ။


ကျွန်တော် တို့ သည် ဖက်ဆစ်စနစ် ကို ဗမာ့မြေကြီး ပေါ် မှ သုတ်သင် ရှင်းလင်းနေကြပြီ ဖြစ်၏ ။ ဤကဲ့သို့ ရှင်းလင်း ရာ တွင် ဖက်ဆစ်စနစ်ဆိုး နှင့် အတူ ဆရာ ကဲ့သို့သော လူကောင်း များစွာတို့ အဘယ်မျှ ရော၍ ဓားစာခံ သွားကြရသနည်း ဟု လည်း စိတ်ကူး ပေါက်တိုင်း တွေး မိပါသည် ။ ဆရာ့ အတွေးအခေါ် သည် တိုကျို ရှိ စစ်ဝါဒီများ ၏ အတွေးအခေါ် နှင့် ဆန့်ကျင် ပေသည် ။ ဆရာ့ အမူအကျင့် သည် ဂျပန် ဖက်ဆစ် တို့ ၏ အမူအကျင့် နှင့် လုံးဝ ခြားနားလှပေသည် ။


ထိုအကြောင်း ကို တွေးမိတိုင်း ကျွန်တော့် စိတ်တွေ မှာ လေးလံ ထိုင်းမှိုင်းလျက် ရှိပါသည် ။ မည်သည့်အခါ မှ မေ့ပျောက်နိုင်မည် မဟုတ်ပါ ။


ဆရာ့ ကဗျာစာအုပ်ကလေး ကို ကိုင် ထားသော ကျွန်တော့် လက်တွေ မှာ တုန်ယင်လျက် ရှိသည် ။ သေနတ် ကိုင် ၍ လှံစွပ် ထိုး၍ တိုက် ရသော်လည်း မည်သို့မျှ မဖြစ်သည့် ကျွန်တော့် ရင်တွင်း ကပါ လှုပ်ရှားလျက် ရှိပါသည် ။


ယာဂါမီတောင်ပေါ်ဆီ  ၊ 

ဝင်လုဆဲနေမင်းနှင့် မိုးဝလာမဟီ ။ 

အလင်းရောင်လည်း မှိန်လေပြီ ၊ 

ကျွန်ုပ်၏ ရဲရင့်သော အဖြစ် ကို တွေးမိသည် ။


သို့သော် .. မျက်ရည်များ ဖြင့်လည်း စိုရွှဲနေသည် တကား ။


ကဗျာကလေး တစ်ပုဒ် ကို ဖတ်မိသည် ။ ဤကဗျာကလေး ကို ဖတ်ရင်း ဆရာ့ မျက်နှာ ကို တသသ ပြန် မြင်ယောင် မိပြန်သည် ။ ပြည်တော်ပြန် လိုသော ဆရာ့ အဖြစ် မှာ ဆိုးရွားလှသည် ဟု ယူကျုံးမရ ဖြစ်မိသည် ။


“ ဆရာရေ ... ဖက်ဆစ်စနစ် ဆိုးကြီး ကို ကျွန်တော်တို့ မြေမြှုပ် သင်္ဂြိုဟ်ဖို့ ကြိုးစားတာပါ ။ ဆရာ့ အပေါ် ပြစ်မှား လိုစိတ် မရှိပါဘူး ။ ဆရာ ကျွန်တော့် ကို ခွင့်လွှတ်ပါ ” ဟု လရောင်ထွန်းပနေသော ကောင်းကင်ပြင်ကြီး ဆီသို့ အဓိပ္ပာယ် ကင်းမဲ့ စွာ စူးစိုက်ကြည့်ရင်း ကျွန်တော့် ရင်တွင်းမှ တမ်းတ ရွတ်ဆို မိပါသည် ။


◾  မောင်နေဝင်း


📖  ငွေတာရီ 

       မတ်လ ၊ ၁၉၆၄


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment