Wednesday, July 6, 2022

ချစ်တာ ကို ရှက်စရာ မထင်လိုက်ပါနဲ့


 ❝ ချစ်တာ ကို ရှက်စရာ မထင်လိုက်ပါနဲ့ ❞



စင်္ကာပူမြို့ မှ စင်တိုဆာကျွန်း သို့ အပန်းဖြေ ခရီးထွက်သွားရာတွင် အသုံးပြုရန် သွယ် တန်းထားသော ကောင်းကင်ကြိုး ပုခက် များ ကို ကမ်းလွန် ရေနံတွင်းတူးစင် တစ်ခု က ဝင် တိုက်မိ၍ ကြိုးများ ပြတ်ကျသည် ။ ကောင်းကင် မှ ပုခက်ကလေးများ ဖြင့် ခရီး သွား နေကြသော ခရီးသည် အချို့ သေ သူ သေ ဒဏ်ရာရ သူ ရ ကြသည် ။ အချို့  ပုခက် ထဲမှာ တွဲလောင်းကြီး ဖြစ်နေ၍ ရဟတ်ယာဉ် ဖြင့် ကယ် လိုက်ရသည် ဟူသော သတင်း ကို ဂျကာတာ ရေဒီယို မှ ကြေညာသံ ကြား လိုက်ရသည် ။


မကြာသေးမီကပင် အဆိုပါ ကောင်းကင်ကြိုးပုခက် ( Cable Car ) ကို စီး၍ စင်တိုဆာကျွန်း သို့ ကျွန်တော် သွား ခဲ့သေးသည် ။ ဒုတိယ ကမ္ဘာစစ်အတွင်း က စင်္ကာပူခံတပ်ကြီး ဟု နာမည် ကြီးခဲ့သော စင်တိုဆာ ကျွန်းပေါ်တွင် သမိုင်းဝင် အမြောက်ကြီးများ ၊ ခံတုတ်ကျင်းများ ၊ ကင်းမျှော်စင်များကို မပျက်စီးရလေအောင် လက်ရာမပျက် ဆက်လက်ထိန်းသိမ်းထား သဖြင့် သွား ကြည့်ခဲ့ခြင်း ဖြစ်သည် ။


စင်တိုဆာကျွန်း သို့ သွားမည် ဆို လျှင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်  အအုံကြီး World Trade Center အနီးမှာရှိသည့် အဆောက်အအုံ မြင့်မြင့်ကြီး ၏ အပေါ်ဆုံး ထပ် သို့ ဓာတ်လှေကား ဖြင့် တက်ကြရသည် ။ အပေါ်ထပ် ရောက်လျှင် ခရီးသည်များ အားလုံး တန်းစီ၍ ပုခက် ကလေးများ လာနေသည်ကို စောင့်ကြရ သည် ။


ရောင်စုံ ပုခက်ကလေးများ ကို ဧရာမ ကြိုးကြီးတွင် တန်းစီ၍ ချိတ်ထားပုံမှာ နတ် အုန်းသီး အရောင်းဆိုင် နှင့်ပင် တူသေးတော့ သည် ။ ပုခက်ကလေးများ တစ်လုံးပြီး တစ်လုံး  အဆက်မပြတ် လာနေ သည် ။ ပုခက်တစ်လုံး တွင် ခရီးသည် ၆ ဦး အထိ စီးခွင့်ပြုသည် ။ ကိုယ့် အုပ်စုလေးတွေ နဲ့ ကိုယ် စီး ကြသည် ။ အုပ်စု မကွဲ လို၍ ယခု ပုခက် ကို မစီးသေး ၊ နောက် လာမည့် ပုခက် နဲ့ မှ သွားမည် ဆိုလျှင်လည်း ခွင့်ပြုသည် ။


ကျွန်တော့် အလှည့် တွင် ရောက်လာသော ပုခက်အဝါရောင်လေး ပေါ်သို့ တက်ပြီး နေရာ ယူလိုက်သည် ။ ကျွန်တော့် နောက် မှ ဘာ လူမျိုး မှန်း မသိသော လူရွယ် ဇနီးမောင်နှံ နှင့် သူတို့ ၏ လသား အရွယ် ကလေး ပေါက်စနလေး တို့ တက်လာကြပြီး ကျွန်တော် နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်ကြသည် ။


ပုခက် ထဲတွင် ကျွန်တော် အပါအဝင် လေးယောက် ( အမှန်တော့ သုံးယောက် နှင့် တစ်ပိုင်း ) သာ ရှိသေးသော်လည်း နောက်လူများ က သူတို့ အုပ်စု နှင့် သူတို့ သီးသန့် ပုခက် တစ်ခုဖြင့် သွားမည် ဆိုသဖြင့် ယာဉ် ထိန်း ရဲဘော် သည် ကျွန်တော်တို့ ပုခက်ကလေးကို ခလုတ် ဖြတ်၍ ကောင်းကင် သို့ လွှတ် တင်လိုက်တော့သည် ။


ပုခက်ကလေး မိုးပေါ် ရောက် ၍ ပင်လယ်ပြင် ကို ဖြတ်ကျော် နေစဉ် မှာတော့ မြင်ကွင်း က သာယာလှသည် ။ အပေါ်စီး မှ မြင်နေရသည့် လှပသည့် စင်္ကာပူမြို့ကြီး ၊ ဘုရားကျောင်းဝင်းထဲမှာ ခိုစာ ကျွေးထားသည် သို့ များပြားပြွတ်သိပ်နေသည့် စင်္ကာပူဆိပ်ကမ်း မှ သင်္ဘောများ လှမ်း မြင်နေရပြီ ဖြစ်သည့် စိမ်းစိုလန်းဆန်း၍ ရောင်စုံပန်းတွေ ဝေဆာနေသော စင်တိုဆာကျွန်း တို့ ကို မြင်ရသည် မှာ ပြည်ထောင်စုနေ့ ပြခန်းများ မှ စီမံကိန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်နေပုံ ရုပ်ကြွပုံစံငယ် များ ကို ကြည့်နေရသည် သို့ ရှိတော့သည် ။  


ပင်လယ်ပြင် ကို ဖြတ်၍ လွတ်လပ်စွာ တိုက်ခတ်လာသော လေနု အေး က ပုခက်ကလေး ၏ ဖွင့်ထားသော မှန်တံခါး မှ ဟို လင်မယား ကို နှုတ်ဆက် ကျီစယ်လိုက်ဟန် တူသည် ။ လူငယ် သည် ကလေးငယ် ကို ချီထားလျက် အားနေသည့် လက် တစ်ဘက် ဖြင့် သူ့ ဇနီးချောလေး ကို ဖက်လိုက်ပါသည် ။  


ဟိုဟာမလေး ကလည်း အလိုက်သင့်ပင် ပြုံး မျက်နှာလေး ကို အသာအယာ မော့် လိုက်တော့ မျက်နှာချင်း အပ် ရင်ချင်း ကပ် သွားကြ သည် ။ လောကကြီး မှာ သူတို့ လင်မယားရယ် သားငယ်လေးရယ် သာ ရှိတယ် လို့ ထင် ကြဟန် တူပါရဲ့ ။ ကျွန်တော် တစ်ယောက်လုံး ကို ရှေ့ မှာ ထားပြီး သားအမိ သားအဖ သုံးယောက် အချစ် နာလန် ထလိုက်ကြတာ ဘာ ပြောကောင်းမလဲ ။ သားလေးနဖူး ကို ရွှတ်ခနဲ နမ်းလိုက် ၊ မယားလေး နှုတ်ခမ်း ကို နမ်းလိုက် နဲ့ ပျော် နေလိုက်ကြတာ ပတ်ဝန်းကျင် ကို လုံးဝ ဂရုမစိုက် ။


ရှက်တတ်သည့် ကျွန်တော့် မှာ တော့ သူတို့ မျက်နှာတွေ မကြည့် ရဲ ၍ ကျွန်တော့် မျက်နှာကြီး ကို လည်း တစ်ဖက် သို့ လွှဲ ထားရသည် ။ ကျွန်တော့် ဇနီး မဖြူတုတ် ကိုသာ လူရှေ့သူရှေ့ မှာ အခုလို ချစ် ပြလိုက်ရ လျှင် ပုခက် ထဲ က တွန်း ချခံရမှာ သေချာသည် ။ တစ်ခါတစ်ရံ မှာ အိမ် မှာ ကလေးတွေ ကျောင်း သွားနေတုန်း အနား ကပ်၍ ပွတ်သီးပွတ်သပ် လုပ် မိရင်တောင် “ ဝေးဝေး နေစမ်းပါတော် ၊ အသက် က ကြီးလှပြီ ၊ ဘာမှန်းလဲ မသိဘူး ၊ လမ်း က လူတွေ မြင် မှာ မရှက်ဘူးလား ” လို့ တောင် ဟောက်လိုက် ပလား ဆိုမှဖြင့် ဘုရားစင် အောက် နား က ရေနွေးကြမ်း ကရား နား မှာ သွား ထိုင် လိုက်ရတော့တာပါပဲ ။


စင်္ကာပူ မှ စင်တိုဆာကျွန်း သို့ နာရီဝက် ခန့် ကြာအောင် စီးကြရ သဖြင့် လူရွယ် လင်မယား ၏ ရွှတ် နှင့် ပြွတ် သံ များ ကို နားထောင်ရင်း ရှက်ရှက် နှင့် ချစ် ခဲ့ကြသော ၊ ချစ် နေကြသော ကျွန်တော့် ဆွေမျိုးများ အကြောင်း ကို စဉ်းစားနေမိသည် ။


ကျွန်တော် တို့ အမျိုး သည် အရှက် ကြီးသော အမျိုး ဖြစ်သည် ။


ကျွန်တော့် အမေ ၏ အစ်မ ကျွန်တော့် အဒေါ် အပျိုကြီးများ မကြာခဏ ကြိမ်းဝါးသော စကား တစ်ခု ရှိသည် ။ “ အရှက် ကို အသက် နဲ့ လဲ မယ်ဟေ့ ” တဲ့ ။ ဒီ စကား ကို ထောက် ခြင်းဖြင့် ကျွန်တော်တို့ ဆွေမျိုးများ သည်  အရှက် ကြီးသူများ ဖြစ်သည် မှာ ယုံမှားဖွယ်ရာ မရှိပါ ။ သာဓက ပြပါအံ့ ။


ကျွန်တော် တို့ အဘိုး နှင့် အဘွား သည် သားသမီး များ ရှေ့ တွင် တစ်ဦး ကို တစ်ဦး စကား မပြောကြ ။ အရေးကြီး ကိစ္စ ရှိ၍ မလွှဲမရှောင် သာ ခေါ်ပြောရလျှင်လည်း “ ဟို အမယ်ကြီး ၊ ဟို အဘိုးကြီး ” ဟုသာ နာမဝိသေသန ဖြင့် ခေါ်ပြောကြသည် ။ ကျောင်းကန်ဘုရား သို့ လည်း အတူ မသွား ။ အဘိုး က အလျင် သွားသည် ။ နောက် နာရီဝက်ခန့် ကြာ မှ အဘွား က သူ့ အဖော် အဘွားကြီးများ နှင့် အတူ သွားသည် ။


ကျွန်တော့် အဘွား တွင် ကျွန်တော့် အမေ အပါအဝင် သားသမီး ငါးယောက် မွေးဖွားခဲ့သည် ။ သား နှစ်ယောက် နှင့် သမီး သုံးယောက် ဖြစ် သည် ။ သားကြီး နှစ်ယောက် ဖြစ်သည့် ဦးကြီးရွှေ နှင့် ဦးကြီးကြာခိုင် တို့ လည်း အိမ်ထောင်သားမွေး ပြုကြသည် ။ သို့သော် သမီး သုံးယောက် အနက် အငယ်ဆုံး ဖြစ်သည့် ကျွန်တော့် အမေ တစ်ဦးသာ အဖေ နှင့် အကြောင်း ပါပြီး ကျွန်တော် တို့ ကို မွေးဖွားခဲ့သည် ။


ကျွန်တော့် အမေ ၏ အစ်မတွေ ဖြစ်ကြသည့် ကြီးတော်ကြီး နှင့် ကြီးတော်လေး တို့ သည်ကား လင်ယူသားမွေး ရ မှာ ကို အသာ ထား ရည်းစား ထား ရမှာကိုပင် ရှက် ကြသဖြင့် အသက် ထက်ဆုံး အပျိုကြီး များ ဘဝ ဖြင့် ကွယ်လွန်ကြလေကုန်ပြီ ။ 


အပျိုကြီးများ အသက် ထင်ရှား ရှိစဉ်က ခေတ်ပေါ် အချစ်ဝတ္ထုများ ကို လုံးဝ မဖတ် ။ သို့သော် ဧကနိပါတ် ၊ ဇိနတ္ထပကာသနီ နှင့် ထေရီအပါဒါန် ဘာသာပြန်များ ကိုမူ ဘေးလူ ပါ ကြားအောင် အော် ဖတ်သည် ။ ဇာတ်ပွဲ မကြည့် ။ တစ်ခါတစ်ရံ ကြည့်ပြန်လျှင်လည်း နှစ်ပါးသွား ပြီးမှ နောက်ပိုင်း ဇာတ်ကြီး ကို သာ ကြည့်သည် ။ မင်းသမီး မင်းသား နှစ်ပါးသွား မှ ချစ် စကား ကြိုက်စကားလေးများ ကို ကြား ရတာ ကို ပင် ရှက်သည် ဟု ဆိုပါသည် ။


လင်ယူသားမွေး ရမှာကို ရှက်သော ကြီးတော်ကြီး နှင့် ကြီးတော်လေး သည် အမေ က မွေးထားသော ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ ကို တုန် နေအောင် ချစ်သည် ။ ကလေးချင်း ရန်ဖြစ်၍ ကျွန်တော်တို့ မနိုင်လျှင် သူတို့ ကိုယ်တိုင် ဝင် ကူ ရိုက်သည် ။ ကျေးဇူးတင် ထိုက်ပြီး အားကိုးလောက်သော အဒေါ် နှစ်ယောက် ။


အရှက်ကြီး ရှက်သော အမျိုး ဖြစ်၍ အရှက်အကြောက် ကို သာ အလေးထား ပြောဆို ဆုံးမလေ့ ရှိသည် ။ အရှက်အကြောက် နှင့် ပတ်သက် ၍ ကျွန်တော့် အဘိုး အသက် ထင်ရှား ရှိစဉ်က တစ်ရွာတည်းသား ဘုရား ဒါယကာ ကျောင်းဒါယကာကြီးများ နှင့် စကားလက်ဆုံ ကျပြီ ဆိုလျှင် ပြောကြားလေ့ ရှိသော စကား တစ်ခု ရှိသည် ။  


“ ဟီရိ သြတ္တပ္ပ တရား ဆိုတာ ဘုရား မကြိုက်တဲ့ ဒုစရိုက် အမှု ပြုခြင်း ကို ရှက် ရမယ်လို့ ဆိုလိုတာဗျ ” ဟူ၍ ဖြစ်သည် ။


ဘုရား မကြိုက်သော ဒုစရိုက် အမှု ဆိုသည် မှာ မမှန်တာ လုပ် ၊ မဟုတ်တာ ပြော ၊ လောဘဇော ကပ် ပြီး လူလူချင်း မတရား ခေါင်းပုံဖြတ် အမြတ် ထုတ်ချင်သော အကျင့်ဆိုး စရိုက်ဆိုးများ ဖြစ်သည် ဟု လည်း ကျွန်တော့် အဘိုး က တစ်ရွာတည်း နေ ဓမ္မမိတ်ဆွေများ ကို ရှင်းပြသည် ။


ကျွန်တော့် အဘိုး ၏ “ ရှက်အဘိဓမ္မာ ” ကို မကြာခဏ နာကြားရ၍ ထင်သည် ။ လင်ယူသားမွေး ရမှာ ကို ရှက်သော ကျွန်တော့် အဒေါ် အပျိုကြီး နှစ်ယောက် သည် စီးပွားရေး ကို သာ ဇောက်ချ လုပ်ကိုင်ခဲ့ကြ သည် ။ ပျဉ်ထောင်သွပ်မိုး မဒရတ်အိမ်ကြီး ၏ အောက်ထပ်မှာ ကုန်မျိုးစုံ ဆိုင်ကြီး ဟည်းနေအောင် တည်ထားသည် ။ အရင်းနည်းနည်း ဖြင့်  အမြတ်များများ ရ မှ ပြန် ထုတ်ရောင်းသည် ။ ရွှေ ပေါင်ခံသည် ။ နေ့ပြန်  တိုး ပေးသည် ။ ပင်ထောင် စပါး ၊ ပင်ထောင်မြေပဲ ၊ နှမ်း ဝယ်သည် ။ စပါးပေါ်ချိန် ၊ ပဲနှမ်းပေါ်ချိန် တွင် ရွာစဉ် လှည့်၍ ကြွေးတောင်း ထွက်သည် ။ ပိုက်ဆံ မရ လျှင် ရတာ အကုန် ဆွဲပြီး လှည်း ဖြင့် သယ်လာသည် ။


ငွေကြေး ပြည့်စုံသည် ။ ဆွေအုပ်မျိုးအုပ် ကောင်းသည် ။ သြဇာ ရှိသည် ။ အင်္ဂလိပ်မင်း ၏ ရိက္ခာတော်ရ အင်စပက်တော်ကြီး ၏ သားသမီးများ ဆိုသော အရှိန်အဝါ ကြောင့် စီးပွားရေး လုပ် ရာတွင် အောင်မြင်လှသည် ။ ကျေးလက်တောရွာများ မှ ဆင်းရဲသားများ မှာ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန်လေး များ ဝယ်ချင်၍ ငွေကြေး  အနည်းအကျဉ်း ရနိုင်ရန် ကြိမ် ၊ ဝါး ၊ ပျားရည် ၊ စပါးကြီးသည်းခြေ ၊ ဘုမ္မရာဇာမြစ် ၊ စလူဖက် ပါ မကျန် ကိုးတောင်းကိုးကျင်း ကို ဖြတ်ကျော်၍ ပင်ပန်းကြီးစွာ ထမ်း ယူလာပြီး ကျွန်တော်တို့ အိမ် နောက်ဘက် ဂိုဒေါင် ထဲ အရောက် ပို့ပေးပါက ပိုက်ဆံ ငါးကျပ် လောက် အထိ တောင် ရသွားကြသည် ။ ရေငတ် ၍ ရေ သောက်ချင်ပါက အလွယ်တကူ  သောက်နိုင်ရန် အိမ်ရှေ့ကုက္ကိုပင် ခြေရင်းတွင် စင် ကလေးဖြင့် တည်ထားသော ' စိတ္တသုခ ' ရေချမ်းစင် မှာ တဝ ပင် သောက်နိုင်ကြသည် ။ ရေ အကျိုး ဆယ်ပါး မို့ များများ သောက်လေ ရေအိုးစင်ဒါယကာ ဒေါ်ကြီး နှင့် ဒေါ်လေး မှာ ကုသိုလ်များများ ရလေ ဖြစ်နေတော့သည် ။


ကြီးတော်ကြီး နှင့် ကြီးတော်လေး တို့ ကွယ်လွန်ကုန်ကြသော အခါ ပြက္ခဒိန် နောက်ကျော နှင့် အိမ်ပျဉ်ထောင် နံရံတွေ မှာ ကာရန်မဲ့ ကဗျာတွေ  လား ကြွေးစာရင်းတွေလား မခွဲခြားတတ်သည့် စာပေတွေ အမြောက် အမြား ကျန် နေခဲ့သည် ။


“ ငအုန်း ဆူးပုတ်ကုန်း ယခင် ၁၅ ကျပ် ၊ နောက်ထပ် ၁၀ ၊ ၎င်းမယား သပ်သပ် ထပ်ယူ ၅ ကျပ် မှတ်ထား ဟု ပြောသည် ”


“ သဖန်းကွင်း မိကျေး ဆေးတစ်ပိဿာငါးဆယ် ပြာသိုလဆုတ် ၁ ရက် ”


“ ကျောက်ပါးစပ် ငမှတ် ယူငွေ ၃၅ ကျပ် ၊ အတိုး မဆပ် နောက် ထပ်ယူ ၁၅ ကျပ် ”


“ ဒေါ်ဇာယု ချွေးမ ပယောဂကုရန် ခေတ္တယူ ၂၅ ကျပ် ၊ နဂတ် အပေါင်ထားသည် တဆောင်ပုန်းအဆုံး ”


မှတ်မိသလောက် သာ တင်ပြ လိုက်ရပါသည် ။ ၁၉၄၀ ခုနှစ် မှ ၁၉၅၈ ခုနှစ် အတွင်း ပြုစုခဲ့သော စာပေများ ဖြစ်၍ ကြွေး စာရင်း မဟုတ်ပါက မြန်မာနိုင်ငံတွင် ရှေးအကျဆုံး ကာရန်မဲ့ ကဗျာများ ဟု ယူဆနိုင်မည် ထင်ပါ သည် ။ သုတေသီများ လေ့လာကြပါကုန် ။


အဒေါ်အပျိုကြီး နှစ်ယောက် ၏ ရှက်ရောဂါ လောင်းရိပ် မိနေသော ကျွန်တော့် အစ်မကြီး ကလည်း ယောက်ဖကြီး ကိုဘိုးမောင် နှင့် သမီးရည်းစား ဖြစ်နေပါလျက် ရှက်ပြီး ဝန်မခံဘဲ မချစ်ဟန်ဆောင် တာ များ သွားလို့ အောင်သွယ် အဘွားကြီး တောင် ကြား က ထောင် ကျမလို ဖြစ်ရသေးသည် ။


အစ်မကြီး နှင့် ယောက်ဖကြီး ကိုဘိုးမောင် တို့ အောင်သွယ် ဒေါ်ငြိမ်းမြ အိမ် တွင် ချိန်း တွေ့နေကြစဉ် လင် ယူတာ ကို အသာထား ၊ ရည်းစား ထားတာ ကို ပင် ရှက် သည့် အဒေါ် အပျိုကြီး ကြွေးတောင်း ထွက် အလာနှင့် ပက်ပင်း တိုးပါလေတော့သည် ။ မိုး မီးလောင်တော့တာပါပဲ ။


“ တို့အမျိုး ထဲမှာ ဒါမျိုး မရှိဘူးဟေ့ ၊ ငါ့ မျက်နှာ ကို ဓား နဲ့လှီးပ စ်ချ တယ် ၊ အရှက် ကို အသက် နဲ့ လဲ ပစ်မယ် ”


အဒေါ် အပျိုကြီးများ ၏ ကြုံးဝါးသံများ မဆုံးမီမှာပင် အရှက်ကြီး သော အမျိုး ဖြစ်ကြောင်း ပြသရန် တာဝန် ရှိနေသည့် ကျွန်တော့် အစ်မကြီး သည် အိမ်နောက်ဘက် ရှိ သရက်ပင် တွင် ကြိုးဆွဲ ချ၍ သေ ကြောင်း ကြံစည်လေတော့သည် ။  


သို့သော် ကံကောင်း ထောက်မ၍ ကြိုး ကို လည်ပင်း မှာ မချည်မိ လက်မောင်းရင်း ချိုင်းနှစ်ဘက် အောက် မှ သိုင်း ချည်ထားသဖြင့် အသက် မသေဘဲ ခါချဉ်ကောင်အကိုက် ခံလိုက်ရသည် ။ သေမည့် သူ က အလောင်း မလှ မှာ စိုး၍ ထင်သည် ။ ထဘီ ပြေ မကျရန် ကြိုး ဖြင့် စည်းထားတာ တွေ့ရ သည် ။


ချစ်သူ နှင့် လည်း ပေါင်း ချင်သည် ၊ အဒေါ်များ အလိုကျ အရှက်ကြီး သည့် အမျိုး ဖြစ်ကြောင်းလည်း ပြ လိုသည့် အစ်မကြီးခမျာ ကြိုးဆွဲချ မရသောအခါ အစောင့်အရှောက်များ အလစ်တွင် အိမ် မှ ထွက်ပြေးပြီး မြစ်ထဲ သို့ ခုန်ချလိုက်တော့သည် ။ တောသူ ပီပီ အစ ကတည်းက ရေကူး တတ် နေပြန်တော့ ဘယ်သူ မှ ဆင်း မဆယ်ရသေးမီမှာပင် သူ့ ဟာ သူ ကမ်းပေါ် ပြန် ရောက်နေတော့သည် ။


လူကြီးများ ဘက်မှ လျှော့ပေးသည့် အနေဖြင့် လူငယ်ချင်း ချစ်နေပါက ပေးစားမည် ဟု ပြော လာသည် ။ သို့သော် အစ်မကြီး က ကိုဘိုးမောင် နှင့် သမီးရည်းစား လည်း မဖြစ် ချစ်လည်း မချစ် ဟု ဟန်ဆောင် ငြင်းဆိုသည် ။ အိမ်ထောင်သားမွေး အလုပ်ကို စွန့်၍ အစ်မ မခင်ညို ကဲ့သို့ သီလရှင် ဝတ်မည် ဟု ဆိုလာပါသည် ။  


အစ်မ မခင်ညို ဆိုသည်မှာ ရေကျော်ရွာ မှ ကျွန်တော့် အစ်မ ဝမ်းကွဲ ဖြစ်သည် ။ သာယာဝတီ ဦးညေယျ ခေတ်တွင် သီလရှင် ဝတ်သွားပြီး သုံးနှစ် ခန့် အကြာ တွင် ထဘီ ပြန် ဝတ်၍ ရခိုင်ဆေးဆရာလေး လူပြန်တော် ကိုစံ နှင့် အကြောင်း ပါ သွားသည် ။


အစ်မကြီး ကိစ္စ နှင့် သောက များ နေကြစဉ် ည တစ်ည လူခြေ တိတ် ၍ အိပ်ချိန် လောက်တွင် အိမ်ရှေ့ကုက္ကိုပင်ခြေရင်းမှာ သီချင်း လာဆို နေကြသော ကာလသား တစ်စု ၏ အသံ ကို ကြားကြရသည် ။


“ ချစ်တော်မူကြည်ဖြူနှစ်ကိုယ်ထဲ မြဲဆုယူ ၊ ဖူးစာရေစက်ဆုံလို့ သနား ခင်မင်တဲ့သူ ၊ ကမ္ဘာတိုင်အောင်အတူ မောင့်ကို ချစ်မယ်ပြောသူ စွဲလမ်းတဲ့ခင်ပျိုဖြူ ၊ ဪ ဘုရားသွားရင် ကျောင်းသွားရင် ကောင်းစားရင် အတူ တကယ် ခင်မင်သူ မောင့်အပေါ် ကြင်နာ ရက်မည့်သူ လောင်း ဝေသံပုံယူ မဒ္ဒီ ထုံး သုံး၍ ချစ်တော်မူ ”


ဒန်အိုးဖုံး ကို ကြက်တွေ ဝိုင်း အုံပြီး နှုတ်သီး ဖြင့် ပေါက် နေသည့် အသံ နှင့် တူသော ဘင်ဂျို လက်သံမှာ မည်သူ့ လက်သံမှန်း မသိရသော် လည်း သီဆို သူ မှာ မျက်မမြင် ကိုဘိုးထင် ဖြစ်ကြောင်း သိသာလှသည် ။


“ စိတ်ချင်းတူ ကြည်ကြည်ဖြူဖြူ ဘုရားထံဆုပန်ယူ နိဗ္ဗာန်ကူးစို့ တို့အတူ မြတ်နိုးသူ စုံမက်သူ ကြင်နာသဒ္ဓါတော်မူ ၊ နှစ်ပါးအတူ သစ္စွာထားလို့ တရားယဉ် ပါရမီကို ဖြည့်သူ မမေ့အောင် ကြည်ဖြူ အထူး ချစ်တော်မူ စိတ်တူသဘောတူ မနောတူ အသက်နဲ့ ထပ်တူ ကမ္ဘာ တိုင်အောင် မောင်မမေ့တဲ့ သူ ငှက်ပင် ဖြစ်တောင် ဘဝတိုင်းမှာ နားပါ ရစေတူတူ ၊ အချစ်တူ မပစ်သူ ဘဝတိုင်း ချစ်တော်မူ ”


ကျွန်တော့် အဘိုး က မီးခွက် ထွန်း၍ တံခါး တစ်ရွက် လှစ်တော့မှပဲ ခဲမလောက် အဖွဲ့လည်း တစ်ချိုးတည်း လစ် တော့သည် ။ လက်ကျန်အပိုဒ် များကို လမ်းလျှောက်ရင်း ဆက် ဆိုသွားသံ ကြား လိုက်ရသည် ။


“ ချစ်ရဲ့ သားနဲ့ ရှောင်အားတော်မူနိုင်သူ ရွှေဘဝင်မှာ ဆူ မောင့်အပေါ်တွင် နေနိုင်လေအားသူ ၊ တစ်ဖက်သားကို သနားရက်နဲ့ သစ္စာတော်ကို ဆိုဝံ့သူ သနားတဲ့ ပျိုဖြူများပန်းလှမ်းတဲ့သူ မောင်နဲ့လို  မခွဲအတူ စိတ်ထဲမှာလဲ အမြဲချစ်တော်မူ ”


နောက်ပိုင်း စုံစမ်းရာ ယောက်ဖကြီး ကိုဘိုးမောင် က ကိုဘိုးထင် နှင့် ကိုအုန်းရွှေ ကို ချက်အရက် ငါးမူး ဖိုး စီ တိုက်ပြီး စေခိုင်းသည် ဟု အခိုင် အမာ သိရသည် ။


တိုက်တိုက်ဆိုင်ဆိုင်ပင် ရွာတောင်ပိုင်း ခွေးပစ်ကုန်း မှ အနှိပ်သည် ဒေါ်မဲတူ ကို နတ် ဝင်ပူးသည် ။ မုဆိုးမ ဒေါ်မဲတူ မှာ ကျွန်တော် တို့ အိမ် တွင် ဝင်ထွက်နေသူ ဖြစ်သည့်ပြင် မိသားစု အနှိပ်သည် လည်း ဖြစ်သည် ။


“ ဟင်း ဟင်း ငါ့ ကို ဘာမှတ်လို့လဲ ၊ ကျွန်းနံ့သာရှင်မ တဲ့ နော် အားလုံး ဒုက္ခ များကုန်မယ် ၊ နင် တို့ ကောင်မလေး ကို မချုပ်ချယ် နဲ့ ၊ ဘိုးမောင် နဲ့ ကောင်မလေး  ဟာ ဟို ဘဝ ကလဲ လင် နဲ့ မယား ပဲ ၊ သူ တို့ ညားကြပြီး ဘုရားဒကာ ကျောင်းဒကာ ဖြစ်မယ် ဆိုတာ နင်တို့ မသိကြဘူးလား ” တဲ့ ။


ဒီတော့မှပဲ တစ်အိမ်လုံး ဖျားသွားပြီး အစ်မကြီး နှင့် ကိုဘိုးမောင် မင်္ဂလာပွဲ ကို အမြန်ဆုံး ဆောင်ရွက်လိုက်ကြရတော့သည် ။ ဒေါ်မဲတူ ကို ယောက်ဖကြီး တို့ လင်မယား က သူတို့ အိမ် မှာ ခေါ်ထားပြီး ကွယ်လွန်သည် အထိ ကျွေးမွေးထားတာ တွေ့ရသည် ။  


မင်္ဂလာ ဆောင် ပြီးသော်လည်း အစ်မကြီး ကတော့ ယောက်ဖကြီး ကို ဟန်ဆောင်တုန်းပင် ရှိသေးသည် ။ အောင်သွယ်အဘွားကြီး အားနာ လို့ ယူ လိုက်ရ သလိုလို ၊ လူကြီးတွေ စကား ကို နားထောင် ပြီး မလွန်ဆန်၍ လင်ယူသားမွေး အလုပ်ကို လုပ် လိုက်ရ သလိုလို ဟန် လုပ် သေးသည် ။ ကျွန်တော့် ယောက်ဖ လူရိုးကြီး ကိုဘိုးမောင် မှာတော့ သူ့ ကို မချစ်ဘူး ပြောနေတဲ့ မယား နဲ့ သားသမီး တွေ ကို လုပ်ကျွေးလာတာ ဒီနေ့ အသက် ငါးဆယ် ကျော်သည် အထိ လယ် ထဲ က မတက်ရသေး ။ မြေးတွေ ပါ တစ်မြုံ တစ်ပြုံကြီး ပေါက်ပွားနေတာ တွေ့ခဲ့ရပါသည် ။


ကျွန်တော် နိုင်ငံခြား သို့ ထွက် မလာမီက ရွာ သို့ တစ်ခေါက် သွားခဲ့ သေးသည် ။ ယောက်ဖကြီး က ဝမ်းသာအားရဖြင့်  


“ ညီရေ နင့် အစ်မကြီး ကို မသေခင် ရွှေတိဂုံဘုရားကြီး ဖူးစေချင် တယ် ၊ နောက်နှစ် စပါးသိမ်း ပြီးရင်တော့ လွှတ် လိုက်မယ် ” တဲ့ ။ သူ လည်း ရန်ကုန် သို့ တစ်ခေါက်မှ ရောက်ဖူးသူ မဟုတ် ။ သို့သော် မယား ကို သာ သွားစေချင်သည် ။ မြင် စေချင်သည် ။ သူ က စပါးသိမ်း ပြီးရင် ပဲခင်း ထွန်ရ မယ်တဲ့ ။


ချစ်လင် နှင့် ချစ်မယား တို့ ချစ် ကြပါလျက် ချစ်တာ ကို ရှက် စရာ လို့ ခံယူပြီး ဟန်ဆောင် ဆက်ဆံ နေကြသော မြန်မာနိုင်ငံ မှ ကျွန်တော့် အမျိုးများ အကြောင်း စဉ်းစားပြီးနောက် ရောက်ဖူးခဲ့သည့် နိုင်ငံခြား တိုင်းပြည်များတွင် ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ဖူးသည့် ဇနီးမောင်နှံ ဆက်ဆံရေးများ ကိုလည်း မြင်ယောင် လာမိသည် ။ ရုံး မှ လုပ်ငန်းခွင် မှ ပြန် ရောက်လာသော လင်ယောက်ျား က အိမ်ပေါက်ဝ မှာ အသင့် စောင့်ကြို နေသော ချစ်ဇနီး ကို မွှေးမွှေးလေး ပေး၍ နှုတ်ဆက်လိုက်သည် ။ ချစ်ဇနီး က ပြုံး မျက်နှာကို အလိုက်သင့် မော့် ပေးသည် ။ ချစ်လင် ၏ အပေါ်အင်္ကျီ ကို ကူ ချွတ်ပေးသည် ။ ဖိနပ်ကြိုး ကို ဖြေ ၍ ချွတ် ပေးသည် ။ လင် နှင့် မယား အတူတကွ သွားစရာ လာစရာ ရှိပါက လင်ယောက်ျား က ဇနီးမယား ကို ဦးစားပေးသည့် အနေဖြင့် ကား တံခါး ကို ကိုယ်တိုင် ဖွင့်ပေး၍ နေသားတကျ ထိုင်စေပြီး မှ ကားတံခါး ကို အသား ကျအောင် ဖွဖွလေး ဆောင့် ပိတ်လိုက်သည် ။ ပြီးတော့မှ မိမိ ကိုယ်တိုင် ကား မောင်း ထွက် သွားတော့သည် ။ ကား ပေါ်တွင် ဇနီးသည် ပါ လာပါက ကား ကို အထူး ဂရုစိုက်၍ အန္တရာယ် ကင်းအောင် ဖြည်းဖြည်း မောင်းသည် ။


သားသမီးလေးများ ကလည်း ကျောင်း သွားခါနီးတိုင်း ကျောင်း မှ ပြန် ရောက်လာတိုင်း ဖေဖေကြီး နှင့် မေမေကြီး ကို မွှေးမွှေး ပေး၍ နှုတ် ဆက်ကြသည် ။ အင်ဒိုနီးရှား နိုင်ငံ မှာ တော့ ယာဘက် လက်ခုံ ကို မွှေးမွှေး ပေး၍ ပါးစပ် မှ လည်း “ ဆလမ်မာလေကွန်း ” ဟု ဆိုသွားသေးသည် ။ မိခင် နှင့် ဖခင် ကို သာမက ခေတ္တခဏ ရောက်နေသော ဧည့်သည် ကိုပါ ဆလမ်မာလေကွန်း ပါသည် ။ အတော် ချစ်စရာ မြတ်နိုးစရာကလေးတွေပင် ဖြစ်တော့သည် ။


ဇနီးမောင်နှံ အိပ်ရာ ဝင်လျှင်လည်း ကောင်းသောညပါ အချစ်ရယ် ဟု နှုတ်ဆက် အနမ်းလေး ပေးပြီးမှ အိပ်ရာ ဝင်ကြသည် ။ အိပ်ရာ ထလျှင် လည်း “ ကောင်းသောနံနက်ခင်းပါ အချစ်ရယ် ” ဟု အနမ်းလေးတွေ ကိုယ်စီ ဖြင့် အိပ်ရာ မှ ထ လေ့ ရှိသည်ဟု ဆိုပါသည် ။ သူတို့ အိပ်ရာဝင် အိပ်ရာထ တာကို ထိုင် စောင့်ပြီး မကြည့်ဘူး ၍ ဟုတ် မဟုတ်တော့ အတိအကျ မသိပါ ။


သို့သော် ကျွန်တော့် ကိုယ်တွေ့ အိပ်ရာဝင် အိပ်ရာထ နှုတ်ခွန်း ဆက် ကတော့ တစ်မျိုး ဆန်းသည် ။ ကြားနေကျမို့ နား အရသာ တစ်မျိုးလေး ခံစားရသည် ။


“ သောက်ကျိုးနဲ တော် အခုမှ ရေဒီယို က သီချင်းကြီး ဆုံးလို့ ဘိုကေ သန်းစိန် အုန်းမှုတ်စိန် တီးလုံး လာ နေတုန်းပဲ ရှိသေးတယ် ၊ အစောကြီး မသေပါနဲ့ ဦး” ဟူ၍ လည်းကောင်း ။


“ ကျုပ်တောင် ဈေး က ပြန်ရောက်ပြီ ။ ရှင် က မထသေးဘူးလား တော့ ၊ ရေဒီယို က ပူနိမ်းဗြောင်နောင်တောင် လာနေပြီ ၊ ရုံးနောက်ကျမှာ စိုးလို့ ဆိုပြီး ဘတ်စ်ကား တိုး မစီးဘဲ တစ်ကျပ်ကား စီး သွားရင်တော့လား ဟင်း ကျုပ် နဲ့ အတွေ့ပဲ ” ဟူ၍ လည်းကောင်း ဖြစ်သည် ။


အကော‌ဓေန ဇိနေကောဓံ ဟူသော ပါဠိတော် ဓမ္မခန်အရ မုန်းသူ ကို မုန်းဟန်ပင် ပြရန် မသင့်သည် မှန်သော်လည်း ချစ်သူ ကို ချစ်ပါလျက် ချစ်ဟန် ပြရမှာ ရှက်နေကြသော မြန်မာ အိမ်ထောင်ရှင်များ ( အထူးသဖြင့် ကျွန်တော့်ဆွေမျိုးများ ) ကို နားမလည်နိုင်အောင် ဖြစ်နေမိ သည် ။  


ချစ်လို့ ချစ်တာ ရှက်စရာ မဟုတ်ဟု ထင် ပါသည် ။ ယဉ်ကျေးမှု ဘောင် အတွင်း မှ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်နိုင်သည့် ချစ်ဟန် ပြမှုလေးတွေ ကို တော့ အတိုင်းအတာ ထား၍ ပြုလုပ်ပါက ချစ် စရာ မြင်ကွင်းလေး တစ်ခုမို့ ခွင့်ပြုနိုင်ကြမည် ဟု လည်း ထင်ပါသည် ။


ခေတ်မီတိုးတက်သည့် နိုင်ငံကြီးများ တွင် အများပြည်သူ အနား ယူရာ ဖြစ်သည့် မြက်ခင်းပြင် ၊ ဥယျာဉ် ၊ ပန်းခြံ ၊ ပင်လယ်ကမ်းစပ် တို့တွင် လွတ်လပ်စွာ ချစ်ပွဲ ဝင်နေကြသော ချစ်သူစုံတွဲများ ကို ပတ်တရောင်ရဲ က အမြဲမပြတ် စောင့်ကြပ် ပေးနေသည် ။ အနှောင့်အယှက် မပေးရ ၊ မချောင်းရ ။ အနှောင့်အယှက် ပေးသူ ချောင်း ကြည့်သူများ ကို ရဲ က ဖမ်းဆီး အရေး ယူသည် ။ သို့သော် ယဉ်ကျေးမှု ဘောင် ကို ကျော်လွန်၍ မောင် နှင့် နှမ သား နှင့် အမိ ကြည့် မကောင်းတဲ့ မြင် မကောင်းတဲ့  အဆင့် အထိ အတင့် ရဲပြီး ကဲ လာလျှင်တော့ အဲဒီ စုံတွဲ ကို ပတ်တရောင် ရဲ က လာ ဆွဲပြီး ပြင်းပြင်းထန်ထန် အရေးယူသည် ။


ချစ်ကြသည့် လင် နှင့် မယား သားသမီး နှင့် မိဘ တို့ ချစ်ကြလို့ ချစ်ဟန် ပြတာဟာ အမှန်တော့ တကယ့် ချစ်စရာ မြင်ကွင်းလေးပါလား လို့  သတိတရား ရလိုက်သဖြင့် ကျွန်တော့် အရှေ့မှာ ထိုင် ရင်း ရွှတ်ပြွတ်နေ ကြသော လင်မယား ကို အရဲ စွန့်၍ စောင်းငဲ့ကြည့်လိုက်ရာ အကြည့်ချင်း ဆုံ သွားတော့သည် ။


သူတို့ နှစ်ယောက်လုံး ကပင် အပြုံးလေးတွေ ကိုယ်စီဖြင့် ခေါင်းညိတ် ၍ ကျွန်တော့် ကို အရိုအသေ ပေးသည့် အမူအရာ ပြကြသဖြင့် အလိုက်သင့် ပြန် ပြုံးပြလိုက်ပြီး “ ကွန်ကရက်ကျူလေးရှင်း ” ဟုသာ အမျိုးသမီးလေး ကို ကောင်းချီး ပေးလိုက်ရတော့သည် ။ မင်း ကို သိပ် ချစ်တဲ့ ယောက်ျား ကို ရထားတဲ့ အတွက် မင်း နဲ့ ထပ်တူထပ်မျှ ဝမ်းသာပါတယ်ကွယ် ဟု ချီး မြှောက်လိုက်ရခြင်း ဖြစ်သည် ။


ကျွန်တော့် ချီးမွမ်းစကား ကို ကြားရ၍ ဝမ်းသာ သွားသော အမျိုးသမီးလေး ၏ “ သိုင်းကျူး မစ္စတာ” ဟူသော စကားသံလေး အဆုံး မှာ ပင် စင်တိုဆာကျွန်း တောင်ထိပ် ဘူတာရုံ သို့ ရောက်၍ ပုခက်ကလေး ပေါ် မှ ဆင်းပြီး သူ တို့ လင်မယား နှင့် လမ်း ခွဲလိုက်ပြီး နောက်တွင်တော့ ဦးနှောက် အလုပ် ရှုပ်စေမည့် မေးခွန်း တစ်ပုဒ်သာ ကျွန်တော့် နောက်သို့ တကောက်ကောက် လိုက်ပါနေတော့သည် ။


“ ချစ်လို့ ချစ်တာ ရှက်စရာလား ” ဟူ၍ ဖြစ်သည် ။ 


( ပေတံ ကာလင်္ဂတံမယံ တူးအန္တီ   အဟံဝန္ဒာမိ ။ ပေတံ ကာလင်္ဂတံ ၊ ဘဝတစ်ပါးသို့ ပြောင်းသွားကုန်ကြပြီ ဖြစ်သော ၊ မယံ ကျွန်ုပ် ၏ ။ တူးအန္တီ အဒေါ် နှစ်ယောက် အား ၊ အဟံ ကျွန်တော် အဏ္ဏဝါစိုးမိုး သည် ၊ ဝန္ဒာမိ ရှိခိုးကန်တော့လိုက် ပါ၏ ခင်ဗျား ။ 

အဒေါ် နှစ်ယောက် ကို ပါဠိ လို မသိသဖြင့် တူးအန္တီ ဟု ရမ်း ကြိတ်လိုက်ရပါသည် ။ မှား မည် ထင်ပါသည် ။ မှား လျှင် ပြင်ပေးပါရန် ။ )


◾ အဏ္ဏဝါစိုးမိုး


📖 စစ်ပြန် မဂ္ဂဇင်း

      မေ ၊ ၁၉၈၇ 


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment