Tuesday, July 12, 2022

ဘာကြီးလဲ ( ၃ )

လမင်းစိုး သည် အခုလို အချိန်မျိုး ရောက်တော့ ဒီလို စိတ်ကူး မိသော သူ့ ကိုယ် သူ ဒေါသ ဖြစ်လျက် ရှိ၏ ။

မနေ့က ကတည်းက သာ ဒီ စိတ်ကူး ကို ရလျှင် ဘယ်လောက် ကောင်း လိုက်မည်နည်း ။ အခု မဝတ်ရသေးသော အဝတ်တွေ ကို ကြည့်ရင်း က သူ ကိုယ်တိုင် ဝယ်ပြီး သူ ကိုယ်တိုင် မေ့နေသော ပုလဲပုတီးလည်ဆွဲကလေး က နေ ဒီ ပြဿနာ တက်ခြင်း ဖြစ်သည် ။ ထို ပုလဲလည်ဆွဲကလေး လိုပင် သူ့ မှာ တစ်ခါမျှ မဝတ်ရသေးသော အဖြူရောင် Arrow အင်္ကျီ နှင့် စကတ်ဝမ်းဆက်ကလေး လည်း ရှိသည် ။ ပြီးတော့ တစ်ခါမှ မဝတ်ရသေးသော ပလက်တီနမ်လက်ပတ်နာရီကလေး လည်း ရှိ နေသည် ။

ခက်တာက ဖိနပ် ဖြစ်၏ ။

လမင်းစိုး ထံ တွင် အဖြူရောင်ဖိနပ် မရှိ ။

ထို ပစ္စည်းတွေ ကို အကုန် ထုတ်ကြည့်ပြီး တစ်မိနစ် အတွင်း ဒီနေ့ အင်တာဗျူး ကို မေးရန် သွားမည့် သူ သည် တစ်ကိုယ်လုံး အဖြူရောင် ဝတ်ချင် စိတ် က မြွေတစ်ကောင် အဆိပ် ပျံ့ သလို ချက်ချင်း ပျံ့ ၍ လာနေသည် ။

နေ၍ မရတော့ ... ။

ဒါပေမယ့် လမင်းစိုး ၏ ဘဝ မှာ လုပ်လို့ မရဘူး ဆိုတာက သုံးလေးငါးခု လောက်သာ ရှိမည် ထင်ပါသည် ။ ဥပမာ လူတစ်ယောက် ကို ချစ်ဖို့ ၊ လကမ္ဘာပေါ် တစ်ယောက် တည်း သွားဖို့ အဲဒီလောက် သာ ရှိလိမ့်မည် ထင်သည် ။

လမင်းစိုး Highter market မှ ယမင်း ထံ ဖုန်း လှမ်း ခေါ်လိုက်သည် ။

“ ယမင်း ကိုယ် အဖြူရောင် ဒေါက်ဖိနပ် တစ်ရံ လောက် လိုချင်တယ် ”

“ ဟုတ်ပြီ ... လမင်း ၊ ကိုယ် ရှာထားပေးမယ် ၊ ဘယ်တော့ လာ ယူမှာလဲ ”

“ အခု ... ”

“ မိန်းမ ဘယ်လို ဖြစ်ပြန်ပြီလဲ ၊ နင့် ကိုယ် နင် သိကြားမင်း ရဲ့ အငယ်ဆုံး သမီးများ မှတ်နေသလား ”

“ အေး .. ကိုယ့် အဖေ ကတော့ သိကြားမင်း မဟုတ်ဘူး ၊ ဒါပေမယ့် ကိုယ် ကတော့ နတ်သမီး ပဲ ၊ မင်း ရအောင်တော့ ရှာ ပေးကွာ ၊ မရရင် မဖြစ်ဘူး ”

“ ဒါဆိုရင် .... ခဏ ကိုင်ထား ”

လမင်းစိုး ဖုန်းကို ခဏ ချထားရင်း နူတ်ခမ်းနီပန်းနုရောင် ကို ညီအောင် ညှိ လိုက်သည် ။ ပြီးတော့ မျက်တောင်ကလေးတွေ ကို သပ်သပ်ရပ်ရပ်ကလေး ကော့နေအောင် စိတ်ရှည်ရှည် ထားပြီး ကော့ လိုက်သည် ။

လမင်းစိုး သည် ဒီခေတ် မျက်လုံးတွေ ထဲ မှာတော့ အလှဆုံး ဟု ဆိုလောက်သော မိန်းကလေး တွေ ကို စာရင်း ကောက် လျှင် ထိပ်ဆုံး က ပါမှာ သေချာသည် ။ သွယ်လျသော ခန္ဓာကိုယ် နှင့် လိုက်ဖက်သော အရပ်အမောင်း ရှိသည် ။ ထို ခန္ဓာကိုယ်အချိုးအစား ကို ပေါ်လွင်ထင်ရှားစေပြီး ၊ မဟာပုရိဿ တို့ မျက်လုံး အမြင် မှ တစ်ဆင့် နှလုံးသား ထဲ အထိ ရောက် သွားအောင် ကူညီဆောင်ရွက်ပေးမည့် အထောက်အပံ့ အဝတ်အစား ၊ ဒီဇိုင်းပြင်ဆင်မှု တွေ ကို စနစ်တကျ ကျွမ်းကျင်သည် ။

လမင်းစိုး သည် တစ်ခုခု ကို စဉ်းစားလျှင် ပထမ သူ နှင့် လိုက်တာကို အရင် စဉ်းစားလေ့ ရှိသည် ။ ပြီးတော့ မှ သူ ကြိုက်ရာ ကို စဉ်းစားသည် ။ သူ နှင့် လိုက်သော ပစ္စည်း သည် သူ ကြိုက်သော ပစ္စည်း လည်း ဖြစ်လျှင်တော့ အဲဒီ ပစ္စည်း နောက် ကို မရ ရအောင် သဲကြီးမဲကြီး လိုက် တတ်သော မာနခပ်ကြီးကြီး ကောင်မလေး တစ်ယောက် သာ ဖြစ်သည် ။

အခုလည်း ကြည့် ။

သူ ကြိုက်၍ သူ ကိုယ်တိုင် ဝယ်ထားသော ပုလဲလည်ဆွဲ ကို မေ့နေပြီး ဒီနေ့ ပစ္စည်း တွေ မွှေ တော့ မှ တွေ့ပြီး အဖြူရောင် ရောဂါ ချက်ချင်း ရသွားသဖြင့် အဖြူရောင် နောက် ကို တောက်လျှောက် လိုက်တော့မည် ဖြစ်သည် ။

“ လမင်းမ မင်း ကံဆိုးပြီး အဖြူရောင် ရှိတယ် ၊ ဒါပေမယ့် မင်းဝတ်နေကြ oninch ဒေါက် မရှိဘူး ၊ Half တွေ ပဲ ရှိတယ် ”

“ အာ .... မရဘူးကွာ ၊ တခြား ဆိုင်တွေမှာ ရှာပေးထား ”

“ တခြားဆိုင် က Brand တွေ က မင်း ကြိုက်မှာ မဟုတ်ဘူး လမင်းမ ၊ မင်း Brand တွေ သုံးတယ် ဆိုတာ ကိုယ် သိပြီးသားပဲ ၊ အဲဒီတော့ မင်း အဖြူရောင် မှ အဖြူရောင် ဆို Half ဒေါက် ပဲ ရမယ် ”

လမင်း နာရီ ကို ကြည့်တော့ ကိုးနာရီဆယ်မိနစ် နည်းနည်းတော့ နောက်ကျတော့မည် ။ မတက်နိုင်တော့ ။ ဒီနေ့တော့ အဖြူရောင် Half ဒေါက် နှင့် ပင် ကျေနပ်ရတော့မည် ။

“ ကိုယ် အခု လာခဲ့မယ် ယမင်းမရေ ”

“ OK ”

Hand phone cover ကို အဖြူရောင်ကလေး လဲ နေစဉ်မှာ ပင် ကိုကို့ ဆီ က ဖုန်း ဝင် လာသည် ။

“ ညီမလေး လား ”

“ ဟင်အင်း ... အခုမှ ထွက်မှာ ကိုကို ၊ နောက်ထပ် မိနစ် အစိတ်လောက် ဆို ရောက်မယ် ”

“ မိနစ်အစိတ် အခု ညီမလေး က ဘယ် ရောက်နေလို့လဲ ”

“ အိမ် မှာပါ ၊ ကိုကို ရဲ့ ၊ ယမင်း ရဲ့ ဆိုင်မှာ ဒီနေ့ စီး ဖို့ ဖိနပ် မှာ ထားတာ ၊ အဲဒါ သွား ယူရမှာမို့လို့ ”

“ ညီမလေး ရာ မင်း က သိပ် ရှုပ်တာပဲ ”

“ ကိုကိုနော် ၊ ညီမလေး ကို အဲဒီလို ပြောရလား ”

“ ကဲ .. ကဲ အဲဒါဆိုလည်း အမြန်သွား ၊ ကိုကို အရင် ရောက်ထားနှင့်မယ် ဟုတ်လား ”

“ OK ကိုကို ၊ ညီမလေး လာ မှ မေးရမယ်နော် ၊ အင်တာဗျူး ကို ညီမလေး လာမှ စနော် ”

ကိုကို က ဘာမှ မပြောဘဲ ဖုန်း ကို ပိတ်သွားသည် ။

လမင်း ပုခုံး ကို တွန့်ပြီး လျှာကလေး တစ်လစ် လုပ်၍ သူ့ ကိုယ် သူ ပြန် နောက်လိုက်သည် ။ ကိုကို ရော လမင်း ပါ ငယ်စဉ် ကတည်း က စည်းကမ်း အလွန် ကြီးခဲ့ကြပါသည် ။ မိဘ ၊ ဆရာသမားများ က ဆိုဆုံးမ၍ မဟုတ် ။ သူတို့ ကိုယ်တိုင် သူတို့ ပင်ကိုယ်ဗီဇ အရ ကြီးကြခြင်းသာ ဖြစ်ပါသည် ။ အခု ကိုးနာရီခွဲ တွင် လုပ် ရမည့် အင်တာဗျူး အတွက် လမင်းစိုး အချိန် အတိအကျ ရောက်ရန် ဆယ့်ကိုးမိနစ် ခန့်သာ အချိန် ရှိတော့သည် ။

ဖိနပ် မှ လွဲ ၍ တစ်ကိုယ်လုံး အဖြူရောင် ကို ဆင် ထားသော လမင်းစိုး သည် .... ။

အမိုးဖွင့် ကားအဖြူကလေး ကို ကျွမ်းကျင်လျင်မြန်စွာ မောင်းရင်း စိတ်ကူး ထဲ မှာ အချိန် ကိုပါ တစ်ခါတည်း တွက် နေသည် ။ ယမင်း ဆီ ရောက်ရန် လေးမိနစ် ၊ ဖိနပ်ရွေးချိန် နှစ်မိနစ် ၊ ယမင်း ထံ မှ ကုမ္ပဏီ ကို သွားရန် ဆယ်မိနစ် ၊ မီးပွိုင့် က စုစုပေါင်း တစ်မိနစ်ခွဲ ၊ ကိုးနာရီခွဲ ရန် တစ်မိနစ်လောက် အလို တွင် သူ့ ကားအဖြူကလေး သည် ကုမ္ပဏီရုံး ရှေ့ ကားပါကင် သို့ ဝင်ပြီး ဖြစ်နေရမည် ။

ကိုးအဖြူရောင် ပါသော နေကာမျက်မှန်ကလေး ကို နဖူးပေါ် မှာ ဆွဲ ချပြီး တပ်လိုက်သည် ။ ကား အရှိန် ကို ထပ်၍ မြှင့် လိုက်သည် ။

“ လမင်းစိုး လာပြီဟေ့ ... ” ဟု စိတ် ထဲ က အကျယ်ကြီး အော်ဟစ်လိုက်၏ ။

အဆောင် မှာ ဖြစ်နေသည့် ပြဿနာ က တစ်မျိုး ဖြစ်သည် ။

ညိုမောင် သည် စာမေးပွဲတွေ မြောက်များစွာ ကို ဖြေပြီးမှ စီးပွားရေးဘာသာရပ် ကို ဘွဲ့ရရှိခဲ့ခြင်း ဖြစ်ပါသည် ။ ထို စာမေးပွဲ တွင် ဖြေခဲ့တုန်းက ညိုမောင် တစ်စက်ကလေးမှ မကြောက်ခဲ့ပါ ။

အခု လူတွေ့ ဆိုတာကြီး ကို ညိုမောင် ဖြေ ရတော့မည် ။

ဒီတော့ ညိုမောင် ကြောက်ပါသည် ။ မျက်နှာချင်းဆိုင်ကြီး ထိုင် နေရပြီး သူ က မေးတဲ့ မေးခွန်း ကို ကိုယ် က မဖြေနိုင်လျှင် အဲဒီ မေးခွန်း ကို မေးသော သူ ၏ ရှေ့တွင် ဘယ်လို မျက်နှာမျိုး နှင့် ထိုင် နေရမည်နည်း ။ “ ကျွန်တော် အဲဒီအကြောင်း မသိပါဘူးခင်ဗျာ ” ဟု မျက်နှာပြောင် တိုက်၍ ပြော ရမည်လား ။ နောက်တစ်ခု ထပ်မေး၍ နောက်တစ်ခု ပါ ထပ်၍ မရလျှင်ရော ဘယ်လို လုပ် ရဦးမည်နည်း ။

လူတွေ့ မေးသည် ဆိုသည် က ကျောင်းသားစာမေးပွဲ လို မျိုး သင်ခန်းစာ အတိအကျ ရှိသည် မဟုတ် ။ သူ မေးချင်တာ ကို မေး မှာ ဖြစ်သည် ။ ထို့ကြောင့် သူ မေးတာ နှင့် ကိုယ် သိထားတာ နှစ်ခု ဆုံဖို့ရန် မှာ ကံ ကိုသာ အားကိုးစရာ ရှိတော့သည် ဟု ညိုမောင်ထင်သည် ။

ထိုကြောင့် ညိုမောင် သည် သူ့ ခုတင်ကလေး ပေါ် မှာ စနစ်တကျသေသေချာချာ ထိုင်ကာ မန္တလေး မှ ဝယ် လာသော မဟာမြတ်မုနိ ပလတ်စတစ်လောင်း ပုံတော် ရှေ့မှာ ဘုရား ရှိခိုး သတည်း ။

ဘုရား ကို ဘုန်းကြီးကျောင်းသား မို့ စနစ်တကျ ရှိခိုးတတ်ပါသည် ။ ကျန်သည့် သုံးကောင် ညိုမောင် ဘုရားရှိခိုးနေသော အဆွဲအငင် ၊ ပါဠိပါဠ်သား ပါသော အဖြတ်အတောက် စတာတွေ ကို ငေးပြီး နားထောင် ရ၏ ။

အိမ်ပေါ် တွင် ဘုရားသောက်တော်ရေ လဲ နေသော မမနွယ် လည်း အဆွဲအငင် အဖြတ်အတောက် ပီသခြင်း ၊ အသံဩဇာ ပြည့်စုံခြင်း ၊ ရွတ်ဖတ်နေသော အကြောင်းအရာ ကလည်း မြတ်စွာဘုရား ကိုယ်တော် ဟောကြားခဲ့သော ကျက်သရေ ကို စောင့်သည့် နတ်သိကြားများပင် တုန်လှုပ်ရမည့် ဂုဏ်တော် ဖြစ်နေခြင်းကြောင့် အာရုံ စိုက်၍ နားထောင်နေမိသည် ။

ဓဇဂ္ဂသုတ် ကို ကြောက်မက်ဖွယ်ရာ ၊ တုန်လှုပ်ဖွယ်ရာဘေးအန္တရယ် တို့ နှင့် တွေ့သော အခါ ရွတ်ဖတ် ကြရသည် ။ ထိုအခါ ထိတ်လန့်တုန်လှုပ်၍ ဆောက်တည်ရာ မရ ဖြစ်နေမှုမှ ကင်းလွတ်၍ တည်ငြိမ်စွာ နေနိုင်ပြီး ကြောက်လန့်ခြင်း ဘေးအမျိုးမျိုး မှ ကင်းလွတ်နိုင်သည် ။

သို့သော် ဓဇဂ္ဂသုတ်တော် သည် ပရိတ်ကြီး ဆယ့်တစ်သုတ် ထဲ တွင် အရှည်ဆုံး သုတ်တော် တစ်ခု ဖြစ်သဖြင့် ညိုမောင် သည် အချိန်ကို လည်း ငဲ့ ရသေးသဖြင့် ဆွဲသည့် နေရာ ၊ ဖြတ်သည့် နေရာ ၊ ရပ်သည့်နေရာတို့ ကို ခပ်သွက်သွက်ကလေး ရွတ်ရသည် ။ ' ရှင် ကိုဖျက် ဓဇဂ္ဂ ' ဟူသော စကားတစ်ခွန်း ဘုန်းကြီးလောက တွင် ပေါ်သည် ။ တော်ရုံ ရှင်ကလေးများ သည် ဓဇဂ္ဂသုတ် နှင့် တွေ့လျှင် လူထွက် ကုန်တတ်ကြသောကြောင့် ဖြစ်သည် ။

ညိုမောင် ကတော့ ဆယ်နှစ်သား ကတည်း က ဘုန်းကြီးကျောင်း နေလာသူ မို့ ဓဇဂ္ဂသုတ် ကို မမှုပါ ။ အဘယ်ကြောင့် ဆိုသော် ညိုမောင့် မှာ က ပြေးစရာ နေရာလည်း မရှိဘူး မဟုတ်လား ။

ဘုရား နှင့် ပတ်သတ်လျှင် ဘုရားရှိခိုး ကို ပင် ဘယ်က စ ရသည် ဆိုတာကို မသိကြသော တိုးလွင် နှင့် ကိုဇော် တို့ ကတော့ ပါဠိလိုတွေ ရွတ်နေသော ညိုမောင့် ကို ခဏ ပဲ ဟု ထင်သည် ။ နောက် ထင် ထားသည် ထက် ပို ကြာလာတော့ တိုးလွင်ကြီး နာရီ ကို ကြည့်ရပြီ ။

၈ နာရီ ၁ဝ မိနစ် ။

“ ညိုမောင် .... ညိုမောင် .... မြန်မြန် လုပ်ကွာ ၊ ၈ နာရီ ၁ဝ မိနစ် ရှိနေပြီ ၊ ၉ နာရီ ကို ငါ့ ဆရာ ဆီ အရောက် သွားမှ ရမှာ ကွ ၊ ငါ့ ကို သေသေချာချာ မှာ ထားတာ ”

“ လောမဟံသောဝါ ... သောပဟီယိတ်သတိ ”

“ ဘုရားရှိခိုးနေတာကြီး ကို ရပ်လိုက်လို့ ဘယ်လို လုပ်ပြီး သွား ပြောလို့ရမလဲ ၊ ဒီတော့ စေတနာရှင် မှာ မင်း စားစရာ ရှိတာကို သွားစားပြီး မင်း ကားမှတ်တိုင် ကို သွားနှင့်တော့ ၊ ကား လာရင် တက်စီး သွားတော့ ၊ ငါ ဒီကောင် ဘုရားရှိခိုး ပြီးတာနဲ့ ကားမှတ်တိုင် ကို စက်ဘီး နဲ့ လိုက် ပို့ပေးမယ် ၊ မင်း ကား မရသေးဘူး ဆိုရင်လည်း အတော်ပဲပေါ့ ကွာ ”

“ အေးကွာ ... ဒါဆို ငါ လစ်ပြီ ”

ညိုမောင့် ဓဇဂ္ဂသုတ် ဆုံးတော့ ၈ နာရီ ၂၅ မိနစ် ဖြစ်နေပြီ ။ကိုဇော် က ညိုမောင့် ကို ကားဂိတ် သို့ ပို့ပေးသည် ။ ကံကောင်း ထောက်မစွာ ပင် တိုးလွင် လည်း ကား မရသေး ၊ ဒါပေမယ့် တိုးလွင် က ထမင်းကြော် စားပြီးသွား ပြီ ၊ ညိုမောင် က ဘာမှ မစားရသေး ။

ကားမှတ်တိုင် နောက်တွင် ရှိသော ကွမ်းယာဆိုင် မှ ငှက်ပျောသီး ၃ လုံး ကို ညိုမောင် ဝယ် လိုက်သည် ။ တစ်လုံး ကုန်သော အချိန် တွင် ညိုမောင် တို့ စီးရမည့် ကား သည် လူပေါင်းများစွာ ကို တင်ဆောင်၍ မှတ်တိုင်ရှေ့ သို့ လေးပင်စွာ ထိုး ရပ်လိုက်လေသည် ။

ဓဇဂ္ဂသုတ်တော် ၏ အစွမ်းကြောင်းပဲလား ၊ ကံတရား ၏ အကျိုးပေးကြောင့်ပဲလား ၊ ကံကြမ္မာ က ဖန်တီးထားတာလေးတွေ ကို တစ်ခုစီ ထုတ်ပြနေသောကြောင့်လား ၊ သုံးခု သော အကြောင်းအရာတွေ ကြောင့်လား မသိ ။ ညိုမောင် Solo ကုမ္ပဏီကြီးထဲသို့ ရောက်သွားတော့ နာရီ က ၉ နာရီ တိတိ ဖြစ်သည် ။

ဖိုင်ကလေးတွေ ကိုယ်စီ နှင့် သူလို ကိုယ်လို ရပ်နေကြသည့် ကောင်လေးတွေ ကောင်မလေးတွေ ကို လည်း တွေ့ရသည် ။

အညိုရောင်မှန်ချပ်ကြီးတွေ နင်းရက်စရာ မရှိအောင် အိစက်ညက်ညောလှပလွန်းသော ကောဇာကြီးတွေ မီးဆိုင်းကြီးတွေ အဝါရောင် အင်္ကျီလက်စက အနက်ရောင်ဝတ်စကုတ် နှင့် အနက်ရောင်စကတ်တွေ ကို ဝတ်ထားသော ချောချောလှလှ ဝန်ထမ်း ကောင်မလေးတွေ ၊ ကောင်လေးတွေ ကျတော့ အဖြူရောင်အင်္ကျီလက်ရှည် နှင့် ဆီးရောင် Style ဘောင်းဘီ ကို ဝတ်ဆင်ရပြီး ခေါင်း ကို ဆံပင်တိုတို နှင့် သပ်ရပ်စွာ ဖြီးသင် ထားရသည် ။

ဒီတော့မှ သူ ခေါင်း ညှပ်ဖို့ မေ့ လာတာကို ညိုမောင် သတိရပြီး ၊ စိတ် ထဲမှာ ကိုယ့် ကိုယ် ကိုယ် ဒေါသ ဖြစ်သွားသည် ။ သို့သော် ဘာမှ တတ်နိုင်သည့် ကိစ္စ မဟုတ်သည့်အတွက် စိတ် ထဲ ကနေ မေ့ ပစ်လိုက်သည် ။ ထိုအချိန်မှာ တိုးလွင် ရောက်လာ၏ ။

“ ညိုမောင် အင်တာဗျူးက မစသေးဘူးကွ ၊ မင်း ကံကောင်းတယ် ၊ ငါ ကတော့ Boss ဆီ လစ်ပြီ ၊ မင်း တို့ ရွာ က ဦးဌေးဝေ လည်း ဒီ အချိန် ဆိုရင် အားမှာ မဟုတ်ဘူး ၊ မင်း အင်တာဗျူး ပြီးတော့မှ ငါ တွေ့ပေးမယ် ဟုတ်လား ”

“ အေး ငါ ဖြေပြီးသွားရင် အပြင် မှာ စောင့် နေမယ်နော် ”

“ အပြင် က မစောင့်နဲ့ လေ ၊ ဟိုမှာ နံရံ နဲ့ ကပ်ထားတဲ့ ပလတ်စတစ် အဝါရောင် ခုံကလေးတွေ တွေ့သလား ၊ အဲ့ဒါ ဧည့်သည် စောင့် တဲ့ ခုံကလေးတွေ ၊ အဲဒီက စောင့် ... ဟုတ်ပြီလား ”

“ Ok ... OK”

တိုးလွင် ထွက် သွားပြီး ၁ဝ မိနစ် လောက် ကြာတော့ ဖိုင်ကလေးတွေ ကိုင်ထားသော ကောင်မလေးတွေ ရုံးစုရုံးစု ဖြစ်ပြီး နံရံတစ်ခု ကို ဝိုင်းကြည့်နေကြတာ နှင့် ညိုမောင် လည်း ဝင် ကြည့်တော့ အင်တာဗျူး အချိန် ကို မနက် ၁ဝနာရီ သို့ ရွေ့ပြောင်းလိုက်ကြောင်း နှင့် အင်တာဗျူး ဖြေရမည့် အမှတ်စဉ် စာရင်း ကို ကပ်ထားခြင်း ဖြစ်ကြောင်း သိရသည် ။

ညိုမောင် အခုမှပင် သက်ပြင်း ချနိုင်သည် ။

အင်တာဗျုး အတွက် က နောက်ထပ် တစ်နာရီ လောက် အချိန် ရသေးသည် ။ ထို့အပြင် ယောက်ျားလေး ၂၂ ယောက် ရှိသည့် အနက် ညိုမောင် က အမှတ်စဉ် ၂ဝ မှာ ကျ သည် ။ မိန်းကလေး ၆၄ ယောက် နှင့် ရော လိုက်သည့်အခါ ညိုမောင် သည် မနက်ခင်း ပထမအသုတ် တွင် မပါဘဲ နေ့လည်ပိုင်း ဒုတိယ အသုတ် ၏ ၁၂ ယောက်မြောက် ကျ မှ ဝင် ရမည် ဖြစ်သည် ။ အားလုံးလည်း ဆူညံပွက်လော ရိုက်ကုန်ကြ၏ ။

ထို့ကြောင့် ညိုမောင် တစ်ခုခု စားဖို့ လိုပြီ ဟု ဆုံးဖြတ် ၍ Solo ကုမ္ပဏီကြီး ထဲ မှ ထွက် လာခဲ့လေသည် ။

◾ နီကိုရဲ

📖 ဘာကြီးလဲ

www.facebook.com/aung.naingoo.3726613

.

 

No comments:

Post a Comment