❝ မြို့သစ်ကလေး ၂ ❞
၁ ။
သစ်ပင် မရှိ ၊ အိမ်ကြီးရခိုင် မရှိ ၊ နေ့လယ်နေ့ခင်း ဆိုလျှင် လူ အသွား အလာ နည်းပါး၍ ခြောက်ကပ်ကပ် နိုင်လှသော မြို့သစ်ကလေး မှာ အမေရိကန် ရုပ်ရှင်ကားတွေ ထဲ က ကောင်းဘွိုင်မြို့ကလေး နှင့် ပင် တူလှတော့ သည် ။ မြို့သစ်သား လူငယ် တော်တော်များများ ကလည်း ကောင်းဘွိုင် တွေ လို စရိုက်မျိုး ၊ ထစ်ခနဲ ဆိုလျှင် တုတ်တစ်ပြက် ဓားတစ်ပြက် နှင့် ခဏအတွင်း မှာပင် ထိပ်ပေါက် ခေါင်းကွဲ ဖြစ်သည် ထိ ခြေမြန်လက်မြန် ရှိလှသူများ ဖြစ်ကြ၏ ။ မိန်းမများ မှာ အာကြမ်းလျှာကြမ်းများ ဖြစ်ကြ လျက် ရန် ဖြစ် ဖို့ ဝန်မလေး ဘဲ မိန်းမ ချင်း စကားများ ကြလျှင်ပင် ကက်ကက် လန်အောင် ရန် ထောင်ကြ ၊ အယုတ္တ အနတ္တတွေ ဆဲကြ ၊ ဆံပင်ဆွဲ နားပန်း လုံးကြ ဖြင့် စိတ်ဆတ်ကြသူများ ၊ ဆတ်ဆတ်ကြဲများ ဖြစ်ကြ၏ ။ သို့ရာတွင် အားလုံးတော့လည်း ထိုသို့ မဟုတ်ပေ ။ လူတန်းစား ပေါင်းစုံ ၊ အလွှာ ပေါင်းစုံ ၊ အသက်မွေးဝမ်းကျောင်း မျိုးစုံ ၊ စရိုက် မျိုးစုံ ရှိသော မြို့သစ် ကလေးမှာ ဆန့်ကျင်ဘက် အရောင်မျိုးစုံ ဖြင့် ပရမ်းပတာ ရေးဆွဲထား သော ခေတ်ပေါ်ပန်းချီကား တစ်ချပ် လိုပဲ လှုပ်ရှား အသက် ဝင် နေသည် ။
မြို့သက်တမ်း ငါးနှစ်ကျော် မျှ သာ ရှိသေးသော မြို့သစ်ကလေး မှာ ဘာတစ်ခု မှ အထာ မကျသေး ။ တော ထဲ က ဖမ်းလာခါစ ဝက်ဝံ တစ်ကောင် လို ပင် ရိုင်းစိုင်း ခက်ထန်နေသေးသည် ။ မြို့သစ်ကလေး မှ လမ်းများ မှာ “ လှတောသား ” စကား နှင့် ပြော ရလျှင် ကျောက်ခဲ ကို စား သွားဦးတော့ အစာ ကြေ နိုင်သော လမ်းမျိုး ဖြစ်၏ ။ ရာသီဥတု မှာ အလွန်ပင် ကြမ်းတမ်း လှသည် ။ နွေ ဆိုလျှင် မြေပြင် မှ အပူငွေ့တွေ တရိပ်ရိပ် ပျံတက်နေအောင် ပင် သေ မတတ် ပူသည် ။
ကွင်းခေါင်ခေါင် မှာ မြို့ တည် ထားသဖြင့် လေကလည်း အဆက် မပြတ် တငြီးငြီး တိုက် နေတတ်၏ ။ တစ်ခါတစ်ရံ လေနီကြမ်းများ ကျ လာ တတ်သေးသည် ။ လေနီကြမ်း ကျပြီ ဆိုလျှင် မြေစိုက် အိမ်ကလေးများ မှာ ယိုင်သည့် အိမ် က ယိုင် ၊ ဝါးထရံတွေ ကွာ သည့် အိမ် က ကွာ ။ တချို့ အမိုး တစ်ခု လုံး ပြုတ်ပြီး လေထဲ လွင့်ပါသွားသော အိမ်များ ပင် ရှိ၏ ။ ထို့ထက် ပို ဆိုးသည် က အိမ် တစ်အိမ်လုံး ရစရာ မရှိအောင် ပြိုကျ ပျက်စီးသွားသော အိမ်များ ပင် ဖြစ်သည် ။
မိုးရာသီ ဆိုလျှင် ကား အဆိုးဆုံး ပင် ဖြစ် တော့သည် ။ မိုး တစ်ကြိမ် လောက် သဲသဲမဲမဲ ရွာလိုက်ပြီ ဆိုလျှင်ပဲ ဗွက်တွေ ထကာ မြို့သစ်လမ်း ကလေးတွေ မှာ သွားလို့ လာလို့ မရတော့ ။ မြို့သစ်ကလေး ၌ ကတ္တရာ လမ်း ဆို ဝေးလို့ ကျောက်ချောလမ်း ပင် မရှိချေ ။ အဖုအထစ် အချွန်အငေါ့ များ နှင့် ကျောက်ကြမ်းလမ်းမကြီး တစ်လမ်း သာ ရှိပြီး ကျန် လမ်းများ မှာ မိုး ရွာလျှင် သွားလို့ လာလို့ မရအောင် ရွံ့ဗွက် အလွန် ထူသော မြေလမ်းများ သာ ဖြစ် ကြသည် ။ ထိုအခါမျိုး ၌ ကားတွေ ဆိုလျှင် ရွံ့ဗွက်တွေ ထဲ နစ်ကာ ငယ်သံ ပါအောင် တဂီဂီ အော်ရင်း ရုန်းလို့ မရတော့ ။ ဆိုင်ကယ်တွေ ၊ စက်ဘီးတွေ ဆိုလျှင် ဘီး နှင့် ရွှံ့ ကာ အကြား ရွှံ့စိုင်ရွှံ့ ခဲတွေ ကပ်ကာ ဘီး မလည် တော့သဖြင့် တဘိုင်းဘိုင်း လဲ ကြသည် ။ ခြေကျင် လျှောက်သွား သူ များ ပင် ဖိနပ်များ ကို ချွတ်၍ ကိုင် ကာ ရွှံ့ဗွက်တွေ ထဲ တစီစီ နင်း သွားရ၏ ။ ဖိနပ် စီး သွားလျှင် ဖိနပ် မှာ ရွှံ့တွေ ကပ်ကာ ခြေထောက် ကြွ၍ မရတော့ချေ ။
ထိုအခါမျိုး တွင် မြို့သစ်သူ မြို့သစ်သားများ ညည်း ကြ၏ ။ မြို့သစ် မှာ နေရတာ မလွယ် လိုက်တာဗျာ ။ မိုး ရွာရင် နေစရာ ကို မရှိတော့ဘူး ။ သို့ရာတွင် မိုးတိတ်၍ နေလေး ပြိုးပြိုးပြက်ပြက် ပွင့်လာပြီ ဆိုလျှင် ထို ဒုက္ခများ ကို မေ့ သွားကြကာ ရယ်ကာမောကာ နှင့် လက်ဖက်ရည်ဆိုင် ထိုင်ကြ ။ ကာလသားများ ကလည်း လမ်းမပေါ် ခေါက်တုံ့ခေါက်ပြန် လျှောက် ကာ မိန်းမပျိုလေးများ ကို စကြ နောက်ကြ ။ မိန်းမပျိုလေးများ ကလည်း ကြော့ကြော့မော့မော့ ဝတ်စား ပြင်ဆင်ကာ လမ်းလျှောက်ရင်း လူလုံး ပြကြနှင့် မြို့သစ်ကလေး ၌ သူတို့ တစ်တွေ ခုံမင်စွာ နေထိုင် ကြပြန် သည် ။
တကယ်တော့ မြို့သစ်သူ မြို့သစ်သား တွေ မှာ ခံနိုင်ရည် အတော် ရှိကြသူများ ဖြစ်၏ ။ သူတို့ တစ်သက် တွင် အလွန် ဆိုးရွားသော မီးဘေး ဒုက္ခ လည်း ကြုံခဲ့ရဖူးပြီ ။ ကယ်ဆယ်ရေးစခန်းတွေ မှာလည်း နေခဲ့ရဖူးပြီ ။ မြို့ တည်ခါစ ရိုင်းစိုင်းကြမ်းကြုတ်သော မြို့သစ်ကလေး ၏ နည်းမျိုးစုံ ဖြင့် နှိပ်စက်ညှဉ်းပန်း ကလူကျီစယ်မှု ကိုလည်း အမျိုးမျိုး ခံခဲ့ရပြီးပြီ ။ သူတို့ တစ်တွေမှာ အံ့သြစရာ ကောင်းလောက်အောင် စိတ် မပျက်တတ်ကြ သူများ ဖြစ်ကြ၏ ။ ချွေးသံ တရွှဲရွှဲဖြင့် မြို့ထဲ တွင် ပင်ပန်းဆင်းရဲစွာ တစ်နေကုန် အလုပ် လုပ်ကာ ပြန် လာကြပြီး ခက်ခက်ခဲခဲ ရှာလာရသော သူ တို့ ၏ လုပ်ခငွေ တချို့တစ်ဝက် ကို သားသမီးများ နှင့် လက်ဖက်ရည်ဆိုင် ထိုင် ကာ အလွယ်တကူ ပင် သုံးဖြုန်း ပစ် လိုက်ကြသည် ။ တစ်ယောက် နှစ်ကျပ် ဖြင့် ဗီဒီယို ပြသော အိမ်များ တွင် တစ်မိသားစုလုံး ဗီဒီယို ဝင် ကြည့် ကြ ၊ ရပ်ကွက် ဘုရားပွဲ ရှိလျှင် ပွဲကြည့်စင် တစ်စင် ကို ငွေလေးငါးဆယ် ပေးကာ မိုးလင်းပေါက် ပွဲ ကြည့်ကြ ၊ ယောက်ျားတွေ က ရှာသမျှ ပိုက်ဆံ ကို မိန်းမ မအပ်ဘဲ အမူးအရူး အရက် သောက် ပစ်ကြဖြင့် ပျော် လိုက်ကြသည် ။ ဖျားလျှင် နာလျှင် မြို့သစ်ကလေး မှာ လာရောက် ဖွင့်ထားသော ပုဂ္ဂလိက ဆေးခန်းများ သို့ သွား ကာ ဆေး ကုသကြ ၊ အကြွေး တင်ကြ ။ ထို့နောက် ထို အကြွေး ကို ပြန် ဆပ်နိုင်ရန်အတွက် ယခင် ထက် ပင်ပန်းဆင်းရဲစွာ အလုပ် လုပ် ကြဖြင့် လုံးလည် လိုက်ရပြန်သည် ။
မြို့သစ်ကလေး ၌ နေထိုင်ကြသူများ မှာ လူတန်းစား အမျိုးမျိုး ၊ အလုပ်အကိုင် အမျိုးမျိုး ၊ အသက်မွေး ဝမ်းကျောင်းမှု အမျိုးမျိုးဖြင့် လူမျိုး စုံ ၊ အဆင့်အတန်း မျိုး စုံ ၊ စရိုက် မျိုး စုံ တွေ့ ရတတ်သည် ။ အများစု မှာ မီးဘေးဒုက္ခ ကြောင့် အိမ်မဲ့မြေမဲ့ ဖြစ်ရာ မှ အစိုးရ က နေရာ ချပေးထား သဖြင့် ရောက်လာကြသူများ ဖြစ်ကြသော်လည်း နယ် က တက် လာပြီး မိမိတို့ ဘာသာ တစ်ဆင့် ခံ မြေ ဝယ်၍ နေထိုင်ကြသူများ လည်း ရှိ ကြ သည် ။ စာရေးစာချီ လို အစိုးရ ဝန်ထမ်း အနည်းငယ် ရှိသော်လည်း အများစု မှာ လက်လုပ်လက်စားများသာ ဖြစ်ကြ၏ ။ ဆိုက်ကား နင်းသူများ ၊ မြင်းလှည်း မောင်းသူများ ၊ လက်သမား လုပ်သူများ ၊ ပန်းရန် နောက်လိုက် များ ၊ ပုလင်းခွံ ၊ အိတ်ခွံ ဝယ်သူများ ၊ ဗလာစာအုပ် အဟောင်း ၊ သတင်းစာ အဟောင်း လိုက်လံ ဝယ်၍ ဒိုင် သွင်းသူများ ၊ ဖိနပ် ချုပ်သမားများ ၊ ခါဂျာမုန့် ရောင်းသမားများ ၊ စက်ဘီး ပြင်သူများ ၊ ပွဲရုံ ကုန်တင်ကုန်ချ အလုပ် သမားများ ၊ သော့ခလောက် ၊ ထီး ပြင်သူများ စသည် တို့ ဖြစ်ကြသည် ။
စီးပွားရေး ချောင်လည်သူများ ရှိလျှင် ထိုသူများ မှာ သူတို့ ကိုယ် သူတို့ အရောင်းအဝယ် လုပ်သူ ဟု ပြောတတ်ကြသော သူများပင် ဖြစ် သည် ။ ဈေးချို ထဲတွင် ဆိုင်ခန်း ရှိ၍ ဆိုင်ကယ် ဖြင့် မန္တလေးမြို့ ထဲ သို့ သွားလာနိုင်သူ ၊ မြို့သစ်ကလေး ထဲ မှာ လက်ဖက်ရည်ဆိုင် ၊ ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ ၊ ကြက်မွေးမြူရေး အကြီးအကျယ် လုပ် သူ ၊ အိမ်မှာ အဝီစိ တွင်း တူးပြီး ချိုးရေ ၊ သုံးရေများ ကို ရောင်းချသူ ၊ မေထုန်မဲ့ နို့စားနွားမတွေ မွေးသူ ၊ နို့ ဆီချက်သူ စသည်ဖြင့် စီးပွားရေး အဆင်ပြေ သူ များ ရှိသော် လည်း ထို သူ များမှာ မြို့သစ် နေ လက်လုပ်လက်စား လူအများစုကြီး နှင့် နှိုင်းစာ ကြည့်လိုက်လျှင် မပြောပလောက်ချေ ။
လူငယ်လူရွယ်များ မှာ အလုပ်အကိုင် တစ်ခုခု ကို အတည်တကျ စွဲစွဲမြဲမြဲ ကြိုးစားပမ်းစား လုပ်သူ များကဲ့သို့ ဘာ အလုပ်မှ မည်မည်ရရ မလုပ်ဘဲ လတ်လျားလတ်လျား နှင့် လျှောက်သွား နေကာ လမ်းထိပ် ကွမ်း ယာဆိုင်မှာ တမေ့တမော ထိုင်လိုက် ၊ တစ်ခါတစ်ရံ တစ်နေကုန် လက်တောက်ခုံ ထိုင် တောက်လိုက် ၊ လက်တောက်ခုံ နိုင် သော ပိုက်ဆံကလေး ဖြင့် ညကျလျှင် လက်ဖက်ရည်ဆိုင် မှာ ထိုင်ပြီး အပေါင်းအသင်းများ နှင့် ဟေးလားဝါးလား လုပ်ကာ ပေပေတေတေ နေကြသူများ လည်း ရှိကြ သည် ။ လမ်းပေါ် ဖြတ်သွားသော ကောင်မလေးများ ကို အော် စ သူ က အော် စကြ ၊ ချစ်စကား ကြိုက်စကား လိုက် ပြောကြ ၊ ရည်းစားစာ ပေးကြ ၊ တစ်ခါတစ်ရံ အရက် မူးပြီး လူငယ်အုပ်စုချင်း ရန် ဖြစ်လျှင်တော့ တုတ် တစ်ပြက် ၊ ဓားတစ်ပြက် ဖြစ်ကာ ထိပ်ပေါက် ခေါင်းကွဲသည် အထိ ဖြစ် သွားရတာမျိုး လည်း ကြုံ ရတတ်သည် ။
မိန်းမပျိုများ မှာ ရွှေခြည်ထိုးလုပ်ငန်း အငှားလိုက် ထိုးသူများ ၊ ဆေးလိပ်သမများ ၊ နေကြာစေ့ ၊ ဆီးပေါင်း ၊ မရမ်းပြား စသည်တို့ အငှား ထုပ်သူများ အပြင် လမ်းဆုံလမ်းခွ ၌ အသုပ်စုံ ရောင်းသူ ၊ မြေပဲလှော် ၊ မုန့် ပျားသလက် ၊ ပြောင်းဖူးဖုတ် ၊ ထန်းမြစ်ဖုတ် ရောင်းသူ များ လည်း ရှိကြ သည် ။ တက္ကသိုလ်ကျောင်းသူ ၊ အထက်တန်းကျောင်းသူ တို့ ရှိ သော်လည်း အရေအတွက် အားဖြင့် အလွန် နည်းပါးလှ၏ ။ အများစု မှာ ခြောက်တန်း ၊ ခုနစ်တန်း လောက် ရောက်လျှင် အိမ် က ကျောင်းဆက် မထားနိုင်တော့၍ လည်းကောင်း ၊ သို့တည်းမဟုတ် စာမေးပွဲ တဖုန်းဖုန်း ကျပြီး ကျောင်းစာ ကို စိတ် မဝင်စားတော့၍ လည်းကောင်း ၊ သို့မဟုတ်လျှင် မိန်းကလေး ဖြစ် ၍ ဤမျှ စာ တတ်ပါက လုံလောက်ပြီ ဟု ထင်မြင် ယူဆသောကြောင့် လည်းကောင်း ကျောင်း မှ အပြီးအပိုင် ထွက် လိုက်ကြသည်သာ များသည် ။
ထို့နောက် မိဘများ က မြို့ထဲ ထွက်၍ အလုပ် လုပ်လျှင် အိမ် မှာ ထမင်းဟင်း ချက် ၊ ကလေးထိန်း ၊ အဝတ်လျှော် စသည့် အိမ်ထောင်ထိန်း သိမ်းမှု အလုပ်များ ကို လုပ်ကာ အချိန်တန် အရွယ် ရောက်လျှင် ယောက်ျား ယူ လိုက်ကြသည် ။ အိမ်စီးပွားရေး အတန်အသင့် အဆင်ပြေသူ မိန်းမပျို များ မှာ ကျောင်းမှ ထွက်ပြီးနောက် စက်ချုပ် သင်ခြင်း ၊ ဆံပင် မိတ်ကပ် အလှပြင် သင်ခြင်း စသည့် အသက်မွေး ဝမ်းကျောင်း အတွက် ရည်ရွယ်ကာ သင်တန်း တစ်ခုခု တက် ကြ၏ ။ သို့ရာတွင် ဆယ်ယောက် လျှင် သုံးယောက် လောက် သာ ထို ပညာများ ကို လိုလိုလားလား သင်ယူကြပြီး ကျန် ခုနစ် ယောက် ခန့် မှာ သူများ သင် ၍ လိုက် သင်ကြသူများ နှင့် ယောက်ျား ယူ ချိန် မရောက်သေးမီ ပိုလျှံသော အချိန်များ ကို ဘာ လုပ်ရမှန်း မသိသဖြင့် ပင်ပန်းစွာ မသင်ယူရသော ဤ ပညာများ ကို သင်ရင်း အချိန် ဖြုန်းကြ ခြင်း သာ ဖြစ်သည် ။
သူတို့ တစ်တွေ မှာ အိမ်ထောင်ရေး အတွက် သိပ် ရှည်ရှည်ဝေးဝေး တွေး မနေကြ ။ ခုမြင် ခုကြိုက် ကာ ခုလိုက် ပြေးကြသည် ။ မနေ့တစ်နေ့ က မှ အရပ်ထဲ အလှူအတန်းများ ၌ အပျို အဖြစ် နွဲ့နွဲ့နှောင်းနှောင်း မြင် ရသေးသော်လည်း နောက် ခြောက်လ လောက် တွင် ဗိုက်ကြီး တကားကား နှင့် ဈေးခြင်းတောင်း ကို လက် မှာ ချိတ်ကာ တကယ့် အိမ်ထောင်ရှင်မိန်းမကြီး ပုံ ပေါက်နေသော မြင်ကွင်းမျိုး မှာ မြို့သစ်ကလေး ၌ အဆန်း မဟုတ် ချေ ။ အမှုမဲ့ အမှတ်မဲ့ နေတတ်သူ ဆိုလျှင် သူတို့ တစ်တွေ ယောက်ျား ယူ ၊ မိန်းမ ယူ မိတာ ကို ပင် မသိ လိုက်ကြ ။ ဗိုက်ကြီး တကားကား နှင့် မြင် မှ “ ဟယ် ... ဒီကောင်မလေး ဘယ်တုန်းက အိမ်ထောင် ကျသွားပါလိမ့် ”
ဟု တအံ့တဩ ရေရွတ်ကြရသည် ။
နောက် လေးငါးနှစ် ကြာလျှင် သားသမီးတွေ တစ်ပြုံကြီး ရကာ သူတို့ မိဘများ လို ပင် ဆင်းရဲပင်ပန်းစွာ သားသမီးတွေ ကို ရှာဖွေ ကျွေး ကြ ၊ ယောက်ျား အရက် မူးလာလျှင် ယောက်ျား နှင့် ရန်ဖြစ်ကြ ၊ ယောက်ျား ထ ရိုက်၍ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်လျှင် ဆေးခန်း လာ ချုပ်ကြနှင့် မရိုး နိုင်စွာပင် သံသရာ လည်ကြရပြန်သည် ။
၂ ။
“ ခေတ်ဆန်ခြင်း နှင့် ရှေးရိုးကျခြင်း ” ဆန့်ကျင်ဘက် နှစ်မျိုး မှာ လည်း အခြား မြို့များထက် ဤ မြို့သစ်ကလေး တွင် မှ ထူးထူးခြားခြား ရောမွှေ ပေါင်းစပ်ကာ ရှင်သန်ဖွံ့ဖြိုး နေသလား ဟု ပင် ထင် ရသည် ။ မြို့သစ် လေး မတည်ခင် က ဤနေရာ ၌ ပဲဖြူကုန်း ရွာ ရှိပြီး ထို ရွာ ကို စနစ် ကျ အောင် အကွက် ရိုက် ပြန်လည် နေရာချထား ပေးကာ နောက်ထပ် မြို့သစ် တွေ ကို တိုးချဲ့ ရှင်းလင်း ချဲ့ထွင် ၍ မန္တလေးမြို့ထဲ မှ မီးဘေးဒုက္ခသည် များ အား နေရာ ပေး ထားခြင်း ဖြစ်သဖြင့် မြို့သစ်ကလေး မှာ ယခင် လက်ဟောင်း တောကျေးလက်နေ လူတန်းစား နှင့် မန္တလေးမြို့လယ် မှ ပြောင်း ရွှေ့ လာသော မြို့နေ လူတန်းစား တို့ ရောထွေး ယှက်တင် လျက် ရှိကြ၏ ။
ထို့ကြောင့်လည်း တဘက်ထူထူ ကို ခေါင်းပေါင်း ကာ ဖျင်လုံချည် နှစ်နံစပ် နှင့် မြို့သစ်ကလေး ၏ လမ်းမပေါ် ၌ နွားလှည်း မောင်းသွား သူ က မောင်း သွားကြ ၊ ကောက်စိုက်သမများ က သနပ်ခါးဘဲကြား ရိုက်ကာ ဝါးခမောက် ဆောင်းလျက် အုပ်စုလိုက် လမ်း လျှောက်ကြ ၊ ဆတ်ကော့ လတ်ကော့ ကောင်မလေးများ က နှုတ်ခမ်းနီ ကို ရဲမှည့် နေအောင် ဆိုး ၊ ဟင်နရီအင်္ကျီအပွကြီး ကို ဝတ် ၍ ခေတ်ဆန်ဆန် ထဘီတိုတို ပုံစံမျိုးနှင့် ရောင်စုံဖန်နားဆွဲ ၊ ဖန်လက်ကောက်များ ဆင်ယင်ကာ လမ်းသလားနေကြ ၊ စီးပွားရေးသမား ယောက်ျားငယ်များ က စာတန်းတွေ ပါသော တီရှပ် အကောင်းစား ကို ဝတ်ပြီး ကာဝါဆကီဆိုင်ကယ် ကို ခပ်သွက်သွက် မောင်း သွားကြသဖြင့် အလွန်အဆင် မပြေသော မြင်ကွင်းမျိုးကို တွေ့ရတတ် သည် ။ လူငယ်တွေ ကလည်း ဂျင်းဘောင်းဘီ ဝတ်ကြ ၊ ချာလီပင် ဝတ်ကြ သကဲ့သို့ အရောင် မပေါ်တော့သော လုံချည် ကို အထပ်ထပ် ဖာထေးကာ အင်္ကျီ ကို ပင် မကပ်နိုင်ကြသောသူများလည်း ရှိကြ၏ ။
မြို့ ထဲ မှ ပြောင်းရွှေ့လာသူများမှာ မြို့ပေါ်တွင်နေစဉ်က အကျင့် ပါလာသောကြောင့် လည်းကောင်း ၊ သို့တည်းမဟုတ် သူတို့ ကိုယ် သူတို့ မြို့ကြီးသား စစ်စစ် ဖြစ်ကြောင်း ပြသလို၍ လည်းကောင်း တမင် မြို့ဆန် ဆန်ပင် နေကြသည် ။ အိမ် ကို သွား ကြည့်လျှင် မြေစိုက်အိမ်ငယ်ကလေး များ ကို တွေ့ရမည် ဖြစ်သော်လည်း အပြင် ထွက်ပြီ ဆိုလျှင် သားသားနားနား ကြော့ကြော့မော့မော့ ဝတ်စားကာ ဝါဝါကြွားကြွား သွားကြ လာကြ သည် ။ “ အတုမြင် အတတ်သင် ” ဆိုသလို သူတို့ကို အတု ခိုး၍ ယခင် လက်ဟောင်း ရွာခံ လူငယ်လူရွယ်များ က လိုက်လံ ဝတ်ကြ စားကြတာ မျိုး ရှိသော်လည်း အချိုးအစား မပြေပြစ်ဘဲ ပုံမကျ ပန်းမကျ ဖြစ်နေခြင်း ၊ ထိုသူများ ၏ မည်းနက်သော အသားအရေ နှင့် မလိုက်ဖက်စွာ အင်္ကျီ လုံချည် တို့ ၏ အရောင်အသွေးများ တောက်ပ ဖိတ်လက်နေလွန်းခြင်း တို့ ကြောင့် ကြည့်ရတာ အဆင် မပြေဘဲ ကြောင်တက်တက် နိုင် နေတတ်၏ ။
“ ခေတ်ဆန်ခြင်း ” နှင့် “ ရှေးရိုးကျခြင်း ” ကွာဟမှု မှာ မြို့သစ်ကလေး ၌ ဖွင့်လှစ်နားဆင်သော တေးသီချင်းများ ၊ စတိုးဆိုင် ၊ အပ်ချုပ်ဆိုင် ၊ ကြော်ငြာ ဆိုင်းဘုတ်များ အထိ ပေါ်လွင်ထင်ဟပ်လျက် ရှိသည် ။
“ နည်းနည်းလေး ချစ်တာ မလောက်လို့ ..... အများကြီး ချစ်ပါဦးလို့ ” ဟု တစ်နေရာ မှ မြူးကြွသစ်လွင်သော ခေတ်သီချင်း ဖွင့်နေတာကို ကြား နေရစဉ်မှာပင် “ ရွာလယ်က အလှူပွဲ ခြိမ့်ခြိမ့်သဲလို့ စည်ကားလှတာ ” ဟု အခြား တစ်နေရာ မှ အသံချဲ့စက်ကြီး ဖြင့် အော်ကြီးဟစ်ကျယ် ဖွင့်နေသံ ကို အဆင် မပြေစွာ ကြား ရတတ်သည် ။ အပ်ချုပ်ဆိုင် အမည် ကို “ Two Brother Tailor ” ဟု ဘိုလို ဆိုင်းဘုတ် တင်ထားသော ဆိုင်များ ရှိသလို မယဉ်မြ ဦးစီးသော “ မြ ” အမျိုးသမီးစက်ချုပ်ဆိုင်ကြီး ဟု စစ်ကြိုခေတ် လောက်က လေသံမျိုး ဖြင့် ရေးထားသော ဆိုင်းဘုတ်မျိုး ကိုလည်း မပြုံးဘဲ မနေနိုင်အောင် တွေ့ရတတ်၏ ။ “ ဝတ်မှုန် ” စတိုး ဟု ကဗျာဆန်ဆန် နာမည်လှလှ ပေးထားသော စတိုးဆိုင်များ ရှိသလို “ ဧဝရက်တောင် မောင် ညွန့်ဝင်း ဦးစီးသော ဝါး ၊ မိုးကပ်ထရံ အရောင်းဆိုင် ” ဆိုတာမျိုးလည်း တွေ့ရတတ်သေးသည် ။
ဤကဲ့သို့ အဆင် မပြေမှုများ ၊ အချိုးအစား မကျနမှုများ ၊ ဆန့်ကျင် ဘက်များ ဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လျက်ရှိသော မြို့သစ်ကလေး မှာပင် မြို့ သစ်သူ မြို့သစ်သားတွေ ကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ နေထိုင်ကြရင်း ညအခါ ဆိုလျှင်လည်း အမိုးမရှိ ဝါးထရံတွေ ကာပြီး ဖျာခင်း ကြည့်ရသော မြို့သစ်ကလေး ၏ တစ်ခုတည်းသော “ မြတ်မင်းသူ ” ရုပ်ရှင်ရုံ ၌ ကလေး ငါးမူး ၊ လူကြီး တစ်ကျပ် ပေးကာ ရုပ်ရှင် ကြည့်ကြ ၊ ထန်းမြစ်ဖုတ် ဝါးရင်း ရုပ်ရှင်ရုံပွဲဈေး လမ်းသလားကြ ၊ ကာလသားတွေ က လှလှပပ ဝတ်စား ပြင်ဆင်လာသော ကောင်မလေးတွေ ကို ငေးကြမောကြ နှင့် ဒီလိုပဲ ပျော် ရွှင်အောင် နေသွားကြသည် ။
မြို့ထဲ က ပြောင်းလာစ က လျှပ်စစ်မီး မရှိသော မြို့သစ်ကလေး ၌ မနေတတ် မထိုင်တတ် ညည်းကြ ညူကြ သော်လည်း ခုတော့ဖြင့် မဆန်းတော့သလို ည ရောက် ၍ မှောင်လာပြီ ဆိုလျှင် ရေနံဆီ မှန်အိမ် ထွန်းသည့် သူ က ထွန်းကြ ၊ မှိုင်းတလူလူ ဖြင့် မီးခွက်ကလေးတွေ ထွန်းသည့် သူ က ထွန်းကြ ၊ နည်းနည်းပါးပါး တတ်နိုင်သူများ က တစ်လ လျှင် လေးဆယ် ပေး ရသော ဘက်ထရီမီး ကို ထွန်းကြ ၊ လ သာ သည့် ညများ ဆိုလျှင် လည်း ဘာ မီး မှ ထွန်း မနေတော့ဘဲ ဒီလိုပဲ နေလိုက်ကြ စသဖြင့် အခြေ အနေ ပေးသလို နေတတ် လာကြသည် ။
မြို့သစ်ကလေး နှင့် မန္တလေး မြို့ ထဲ ကို ပြေးဆွဲ နေသော အမှတ် ၁ဝ လိုင်းကား များ ဆိုလျှင်လည်း အမြဲတစေ လူပြည့်ကျပ်လျက် မဆံ့မပြဲ တွဲလွဲခို၍ စီးသွားစေမြဲ ။ မနက် အစောကြီး သုံးလေး နာရီ ဆိုလျှင်ပင် မြို့ ထဲသို့ ဈေးရောင်း သွားမည့်သူများ ၊ မြို့သစ်ဈေး တွင် ပြန် ရောင်းရန် ကုန် စိမ်း သွားဝယ်သူများ ဖြင့် ဘတ်စ်ကားများ မှာ လူချောင်သည် ဟူ၍ မရှိ ချေ ။ ဈေးသည် အချင်းချင်း တစ်ယောက် ကို တစ်ယောက် စကြ နောက်ကြ ၊ အိမ် မှ မထွက်နိုင်သေးဘဲ ကြာ နေသော ဈေးရောင်းဖော်များ ကို “ ကောင်မ ရေ ၊ မြန်မြန်လာ ဟဲ့ ။ ညည်းလင် ဘတ်စ်ကား က ထွက်တော့မှာ ။ စောင့် မှာ မဟုတ်ဘူး ” ဟု ကား ပေါ် မှ အော်ကြီးဟစ်ကျယ် လှမ်း အော် ခေါ်ကြ ၊ တဝါးဝါး တဟားဟား ရယ်မောကြဖြင့် စည်စည်လွင်လွင် စိုပြည် နေတော့ သည် ။
၃ ။
ခြောက်လက်မ ကျောက်တုံးကျောက်ခဲကြီးများ ဖြင့် ထိုးထိုးထောင် ထောင် ဖြစ်သည့် နေရာက ဖြစ် ၊ ခုံးသည့် နေရာ က ခုံး ၊ ချိုင့်သည့် နေရာ က ချိုင့် ။ မညီမညာနိုင်လွန်းလှသော မြို့သစ်ကလေး ၏ အကောင်းဆုံးလမ်းမ ပေါ် ၌ တစ်နာရီ ဆယ်မိုင်နှုန်း လောက် ဖြင့် တအိအိ လှုပ်လီလှုပ်လဲ့ မောင်း နေရသော ဘတ်စ်ကားများ ပေါ် တွင် မြို့သစ်သူ မြို့သစ်သားတွေ ကတော့ စိတ်ရှည်စွာပင် သည်းခံခွင့်လွှတ် လျက် စီး ကြသည် ။ အလုပ် က ပြန်လာ ချိန် ညနေ ငါးနာရီ ၊ ခြောက်နာရီ လောက် တွင် ကား ဘတ်စ်ကားများ မှာ ငါးပိသိပ် ၊ ငါးချဉ်သိပ် မဆံ့မပြဲ နှင့် ကျပ်ညပ်နေတော့သည် ။ ထိုအခါမျိုး ၌ ဘတ်စ်ကား ထဲ တွင် ရော ၊ ကား နောက်ဘက် သစ်သားတန်း ပေါ် မှာ မတ် တတ် ရပ်ရင်း ခိုတွယ် စီးသူများ ပြည့်သိပ် နေရုံ မက ကား ခေါင်မိုးပေါ် မှာပါ လူတွေ အပြည့် ပါ လာတတ်သည် ။ ထိုအချိန်မှာ မန္တလေးမြို့ ထဲ သို့ အလုပ် သွား လုပ်ကြသော မြို့သစ်သူ မြို့သစ်သား အားလုံး မြို့သစ်ကလေး သို့ တစ်ပြုံးတစ်ခဲကြီး ပြန် လာကြသော အချိန်ဖြစ်ရာ ကားတွေမှာ ဤသို့မှ မတင်လျှင်လည်း မန္တလေးမြို့ ထဲ သို့ ရောက်နေသော မြို့သစ်သူ မြို့သစ် သား အားလုံး ကုန်စင်အောင် ပြန်လာနိုင်စရာ အကြောင်း မမြင် ။ မြို့သစ် သားများ မှာ ကားခေါင်မိုးပေါ် က လိုက် ရလို့လည်း စိတ်ညစ်သည် ဟူ၍ မရှိကြ ။ ရယ်လိုက် မောလိုက် ၊ နောက်လိုက် ပြောင်လိုက် ၊ လမ်း ပေါ် ၌ စက်ဘီး နင်းသွားသော ကောင်မလေးတွေ ကို တွေ့ လျှင် “ ဟေ့ ... ချစ်ချစ် ” ဟု ကားအမိုး ပေါ် က အော် စ,လိုက်ဖြင့် ဒုက္ခ ကို လျစ်လျူရှု နိုင်လွန်းသူများ ဖြစ်ကြသည် ။
မြို့သစ်သူ မြို့သစ်သားတွေ ကတော့ စည်းကမ်း ရယ် လို့ လည်း အတိအကျ လိုက်နာ မနေ ။ ( သူတို့ အခြေအနေ နှင့် အတိအကျ လိုက်နာ နေလို့လည်း မရ ) ဖြစ်သလို ကြုံသလို ၊ အဆင်ပြေသလို ၊ အလိုက်သင့် သလိုသာ ပြုမူလုပ်ကိုင် ဆောင်ရွက်ကြရသည် ။
ကျောက်တုံးကြီးတွေ ငေါထွက် ထောင်ထကာ အဖုအထစ်များ ဖြင့် ပြည့်နှက်နေသော လမ်းမကြီး ပေါ် ၌ ခရီးသည်တင် နင်းရင်း ရုပ်ပျက် ဆင်းပျက် ဘီး ခွေသွားသော ဆိုက်ကားများ ကိုလည်း မကြာခဏ တွေ့ရ တတ်သေးသည် ။ ကျောက်တုံးဖုထစ်ကြီး တွေ ပေါ်က တဂျိမ်းဂျိမ်း တမ်း ဂျွမ်း မောင်းရင်း မျက်စိရှေ့ မှာပင် သစ်သား ဘီး တစ်ဖက် ဖြောင်းခနဲ ကျိုးပြီး ဝင်ရိုး နှင့် ကျောက်တုံးတွေ တဒုန်းဒုန်း ထိရိုက်ကာ တရွတ်တိုက် ပါ သွားသော မြင်းလှည်းတွေ လည်း မရှား ။
အဲဒီ ထဲ က ဒီနှစ် မိုးရာသီမှာ မြို့သစ်သူ မြို့သစ်သားတွေ အတွက် အလွန် ဒုက္ခ ရောက်လိုက်ရသော အဖြစ်အပျက် တစ်ခုနှင့် တိုး လိုက်ရသေး သည် ။ တစ်ည နှင့် တစ်ရက်လုံး မိုး မစဲဘဲ မိုးတွေ အဆက်မပြတ် ရွာ ချ လိုက်ပြီးနောက် မြို့သစ်ကလေး ၏ စလုံး ( စ ) ရပ်ကွက် နှင့် ဆလိမ် ( ဆ ) ရပ်ကွက် တို့ ရေ မြုပ်သွားကြခြင်း ပင် ဖြစ်သည် ။ ရေ တွေ က အိမ်များ အတွင်း သို့ လှိမ့် ဝင်လာကာ တအိအိ ဖြင့် တက် လာပြီး ပထမ ဒူးဆစ် ၊ နောက် တဖြည်းဖြည်း နှင့် ပေါင်လယ် ၊ ခါး ၊ ရင်ခေါင်း အထိ တက် လာသည် ။ လူတွေ မှာ ခုတင်တွေ ဆင့် ၊ စားပွဲ ကုလားထိုင်တွေ ကို ဆင့် ပြီး ထို အပေါ် တက် ကာ နေ ကြရသည် ။ ချက်ပြုတ်စား လို့ ကလည်း မဖြစ် ။ ကလေးတွေ က ငိုကြ နှင့် အလွန်ပင် ဒုက္ခ ရောက်ကြရသည် ။ အနိမ့်ပိုင်း ကျ ၍ နေ မဖြစ် အောင် ရေ ဝင်သော အိမ်များ မှာ ရေလွတ်သော ရပ်ကွက်များ ရှိ ဆွေမျိုး သားချင်း အသိမိတ်ဆွေတို့ ၏ အိမ်များ သို့ ယာယီ ပြောင်းရွှေ့နေကြရ သည် ။ ကြည့်လေရာ တွင် ရေတွေ က တဖွေးဖွေး ၊ တချို့ အိမ် တွေ မှာ အိမ် ခေါင်မိုး သာ ရေပေါ် ၌ ပေါ် တော့သည် ။
ယောက်ျားတွေ က သေတ္တာတွေ ကို ထမ်း ၊ မိန်းမတွေ က အထုပ်အပိုး တွေ ခေါင်း မှာ ရွက် ၊ ကလေး ခါးထစ်ခွင် ချီ ၊ ဒူးဆစ် ထိ ရောက်နေသော ရေ နှင့် လွတ်အောင် လက်တစ်ဖက် က ပေါင်လယ်ထိ မ , ၍ ရေ လွတ်ရာ ကို ပြေး ကြရသည် ။ ခွေးတွေ က ပြောင်းရွှေ့ သွားသော သူတို့ သခင်တွေ နောက် သနားစရာ ရေကူး ရင်း လိုက် သွားကြသည် ။ ဘယ် အိမ် က မှန်း မသိသော ရေအိုးအဟောင်းတွေ ၊ သစ်သားတို သစ်သားစတွေ က ရေပေါ် မှာ ပတ်ချာလည်ရင်း တရွေ့ရွေ့ မျောလျက် ။
ရေတိုက်စားသဖြင့် မြို့သစ် ၏ လမ်းမကြီး မှာလည်း ကျိုးသည့် နေရာက ကျိုး ၊ ပဲ့သည့် နေရာက ပဲ့ကာ ဗုံးဆန် မှန်ထားသော လူ တစ်ယောက် ၏ ခြေထောက် လိုပင် မြင် မကောင်းအောင် ဖြစ်နေတော့သည် ။ တာရိုး သဖွယ် လမ်းမကြီး ၏ တစ်ဖက်ရှိ ရေ ဝင်နေသော ရပ်ကွက်များ မှ ရေများ ကို အမြန်ဆုံး ပြန် ကျသွားအောင် လမ်းမကြီး ကို ကန့်လန့်ဖြတ် လျက် လူတစ်ရပ် မက နက်သော မြောင်းကျယ်ကြီး နှစ်ခု တူး ကာ ရေတွေ ကို လမ်းမကြီး ၏ အခြား တစ်ဖက် သို့ ဖောက်ထုတ် ပစ်ရသည် ။ ဤသို့ဖြင့် လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တောက် သွားသည် ။ မြောင်းကြီး နှစ်ခု ခံ နေသောကြောင့် ကားတွေ သွား မရတော့ ။ ဘတ်စ်ကားတွေ မြို့သစ် ထဲ မဝင်နိုင်တော့ ။ ဘတ်စ်ကားဂိတ် ကို မြို့အဝင်ဝ သို့ ယာယီ ပြောင်းရွှေ့ လိုက်ရသည် ။
ရေလုံးကြီးတွေ ကတော့ မြောင်းကျယ်ကြီး နှစ်ခု မှ နေ၍ လမ်း၏ အခြား တစ်ဖက်သို့ ရေတံခွန်ပမာ အလုံးအရင်း ဖြင့် လှိမ့်၍ လှိမ့်၍ အလု အယက် တဝေါဝေါ စီးဆင်းနေလျက် ၊ မြောင်းကျယ်ကြီး ပေါ် မှာ လူတစ်ယောက် သွား သာရုံ အကျယ် တစ်ပေ သာသာ ယာယီသစ်သားတံတား ကလေး ဆောက် ပေးထားသည် ။ တံတားကလေး က ခပ်ကျဉ်းကျဉ်း ၊ သွားသည့် လာသည့် သူတွေက များ သဖြင့် တစ်ဖက် က လူတွေ ကူး နေစဉ် တွင် သည်ဘက် က လူအုပ် က မတ်တတ် ရပ်ပြီး စောင့်ဆိုင်းနေရ ၊ သည် ဘက်က လူတွေ ကူး လျှင်လည်း ဟိုဘက်က လူတွေ က စောင့် ပေးရသဖြင့် အလှည့်ကျ ကူး ကြရသည် ။ စက်ဘီး စီး လာသူ ဖြစ်လျှင် စက်ဘီးတွေ ကို ထမ်းကာ တံတား ကို ဖြတ် ကူးရသည် ။ စက်ဘီး ကို လူ နှင့် ယှဉ်၍ တွန်းသွား နိုင်လောက်အောင် တံတား က မကျယ် ။
မြို့ ထဲ မှ ပြန်လာသော ဘတ်စ်ကား တစ်စီး ထိုးဆိုက်လာပြီ ဆိုလျှင် လူတွေ စုပြုံတိုးဝှေ့ ဆင်း လာကြကာ တံတားလေး ကို အလုအယက် ကူးကြ ။ တံတားလေး ဒီ ဘက် ရောက်ပြီ ဆိုလျှင် ဘတ်စ်ကား မရှိတော့ သဖြင့် ခြေကျင် လျှောက်သူ က လျှောက် ၊ မြင်းလှည်း စီးသည့်သူ က စီး ၊ တစ်ယောက် ကို တစ်ယောက် အော် ခေါ်သူ က ခေါ် ၊ စကား ပြောသူ က ပြော နှင့် ဆူညံပွက် နေတော့သည် ။
ယခင်က ဘာ ဈေးဆိုင် မှ မရှိသော နေရာ မှာ ယာယီကားဂိတ် ကြောင့် ကွမ်းယာဆိုင်ကလေးများ ၊ လက်ဖက်သုပ်ဆိုင် ၊ ချင်းသုပ်ဆိုင်ကလေး ၊ မုန့်ပဲသရေစာဆိုင်ကလေးများ အစီအရီ ပေါ်ပေါက်လာကြသည် ။
၄ ။
ရေ ပြန် ကျသွားသော်လည်း လမ်းမကြီး ကို ကန့်လန့်ဖြတ်၍ တူး ထားသော မြောင်းကျယ်ကြီး နှစ်ခု ကို ပြန် ဖို့ မပစ်တော့ ။ နောက် တစ်ကြိမ် မိုး ကြီး လျှင် ခုလို ရေ မဝပ်အောင် ရေ စီးဆင်းနိုင်ရန် မြောင်းကျယ်ကြီး တွေ ကို ဒီ အတိုင်း ထားပြီး အုတ်တံတိုင်း ဆောက်ရန် စီစဉ်သည် ။ သို့ရာ တွင် မိုး မှာ နေ့စဉ်ရက်ဆက် ဆိုသလို ရွာ နေသဖြင့် အစီအစဉ် ကို အကောင် အထည် မဖော်နိုင်ခင် မှာ ဘဲ ညကြီးမင်းကြီး မိုးတွေ တဖွဲဖွဲ ရွာ နေသည့် တစ်ည တွင် မြို့ထဲ မှ မြို့သစ်ကလေး သို့ မောင်းနှင်လာသော မြင်းလှည်း တစ်စီး မှာ မြို့သစ်လမ်းမကြီး တစ်လျှောက် မြောင်းကျယ်ကြီး ရှိရာ ကို မသိဘဲ ဒုန်းစိုင်း မောင်းလာသဖြင့် မြောင်း ထဲ သို့ မြင်းလှည်း တစ်စီး လုံး တလိမ့်ခေါက်ကွေး အရှိန် ပြင်းစွာ ထိုးကျ သွားရင်း မြင်း ရော လူ ပါ သေ ဆုံးသွားရသည် ။ မြင်းလှည်း မှာ လည်း ရစရာ မရှိအောင် ပျက်စီးသွားရ၏ ။ ထို သတင်း ကို ကြားရသော အခါ မြို့သစ်သူ မြို့သစ်သားများ တုန် လှုပ် ချောက်ချားရပြန်သည် ။
သွားရေးလာရေး မှာ လည်း မလွယ် ၊ ဘတ်စ်ကားဂိတ် မှာ မြို့အဝင်ဝ ၌ ယာယီ ပြောင်းရွှေ့သွားရသဖြင့် ထိုနေရာ သို့ ရောက်အောင် လမ်းလျှောက် ရသည်မှာပင် တမေ့တမောကြီး ၊ မြင်းလှည်း စီးပြန်လျှင်လည်း ဘတ်စ် ကားဂိတ် ရောက်အောင် တစ်ယောက် ကို နှစ်ကျပ် ၊ မြို့ထဲ သို့ ဘတ်စ်ကားခ က တစ်ကျပ်ခွဲ ၊ နှစ်ကျပ် ။ ငွေလေးကျပ် လောက် ကုန် မှ မန္တလေး သို့ ရောက် ရသည် ။
“ မြို့သစ်များ နေ ကို မနေချင်ပါဘူးဗျာ ။ ဖုန် က ထူ ၊ ရေ က ရှား ၊ ခုလို မိုးရာသီ ဆိုရင်လည်း ဒုက္ခ ရောက်လိုက်တာ မြင်တဲ့ အတိုင်းပဲ ။ လျှပ်စစ်မီး မရှိ ၊ ဘာမရှိ နဲ့ ကျုပ် တော့လား ပိုက်ဆံ ရှိရင် ဝေး ပါသေးရဲ့ ။ မြို့သစ်များ နေကို မနေဘူး ။ ဘယ်လိုပဲ နေရနေရ ၊ မြို့ထဲ ပဲ သွား နေလိုက် တော့မယ် ”
“ အရေးရယ် အကြောင်းရယ် ရှိလို့ မှ မြို့ ထဲ ကို သွားလို့ လာလို့ မလွယ်တဲ့ အရပ်ပဲ ရှင် ။ ကျွန်မ ဖြင့် စိတ်ပျက်ပါရဲ့ ။ အဟုတ်ပဲ ”
တစ်ခါတလေတော့ မြို့သစ်သူ မြို့သစ်သားတွေ မှာ စိတ်ဓာတ် ကျ သလို အထက်ပါအတိုင်း ညည်းကြ ညူကြ ပါသည် ။ သို့ရာတွင် ပါးစပ် က စိတ်ပျက်သည့် လေသံဖြင့် ဘယ်လောက်ပဲ ညည်းညည်း ၊ သူတို့ တစ် တွေ ငါးနှစ်ကျော် ၊ ခြောက်နှစ် လောက် နေထိုင်ခဲ့သော ၊ သူတို့တစ်တွေ ကို မကြာခဏ နည်းမျိုးစုံ ဖြင့် နှိပ်စက်ကလူ ကျီစယ်တတ်သော မြို့သစ် ကလေး ကို တကယ်တော့ သူတို့ စွဲ နေကြပြီ ၊ ချစ်ခင် နေကြပြီ ၊ သံယောဇဉ် ဖြစ် နေကြပြီ ဆိုတာ ကို တဖိတ်ဖိတ်တောက်ကာ အရည် လဲ့နေသော သူ တို့၏ မျက်လုံးများ က မငြင်းဆန် မဖုံးကွယ်နိုင်ဘဲ ဝန်ခံ နေကြသည် ။
တကယ်တော့ စိတ်ပျက်ရင်းကပင် မြို့သစ်ကလေးကို သူတို့ ချစ် ခဲ့ မိကြပြီ ။
၅ ။
မိုးရာသီ ကုန်ဆုံး၍ ခုလို သာသာယာယာ ရှိသော ဆောင်းရာသီ ရောက်လာပြီ ဆိုလျှင်တော့ ယခင်က ခါးသီးစွာ ရင်ဆိုင်ခဲ့ရသော အခက် အခဲများ နှင့် ဒုက္ခများ ကို အလွယ်တကူပင် မေ့ဖျောက် ပစ်လိုက်ကြကာ မြို့သစ်သူ မြို့သစ်သားတွေ မှာ ဘုရား ထီးတင်ပွဲတွေ ကျင်းပကြ ၊ မိန်းမ ပျိုများ က လှလှပပ ၀တ်စားပြင်ဆင်ပြီး ငွေဖလားကြီးတွေ ကို တချွင်ချွင် လှုပ်လျက် ရပ်ကွက်ဘုရားပွဲ အတွက် အလှူခံကြ ၊ ကထိန်ပွဲတွေ ကျင်းပ ကြဖြင့် စည်စည်ညီညီ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြန်သည် ။ စတေ့ချ်ရှိုးပွဲတွေ မှာ မြို့သစ် က လူငယ်လူရွယ်တွေ ကိုယ်တိုင် သီချင်းတွေ တက်ဟစ်ကြ ၊ ရပ်ကွက်ဘုရားပွဲ မှာ မွန်မင်းသားလေး မိုးကျော် ဇာတ်ပွဲ ၊ ပန်တျာမြင့်လွင်ဇာတ်ပွဲ ၊ စွယ်စုံ ပန်းချီလေးဝင်းအဖွဲ့ ၊ မနက်ဖြန် ဘုရားပွဲကို မုန့်စားလာလှည့်ကြနော် ၊ ပွဲဈေးတန်းလျှောက် လိုက်ဦးမလား ၊ ပွဲကြိုက်လို့တော့ မဟုတ်ဘူးပေါ့လေ ။ ဒါပေမဲ့ ကိုယ့် အရပ် က ဘုရားပွဲ ဆိုတော့ ကလေးတွေ က ကြည့်ချင်တယ် ဆိုတာနဲ့ ငါးဆယ်တန်း က ပွဲကြည့်စင် တစ်စင် ဝယ် ထားလိုက်တယ် ။ ကလေးတွေ လည်း ဒီလို ကိုယ့် အရပ် ဘုရားပွဲလေး ရှိမှ ကြည့်ရရှာတာ မဟုတ်လား ။
ပွဲခင်း ဆီမှာ ဆိုင်းသံ ဗုံသံ တခြိမ့်ခြိမ့် ၊ ပွဲဈေးတန်း က မုန့်ဆိုင် ၊ စားသောက်ဆိုင် အမျိုးမျိုး ဆီတွင် အင်ဂျင်မီးစက် ဖြင့် လင်းထိန်နေကာ လူတွေ တလှုပ်လှုပ် တရွရွ စည်ကားလျက် ၊ သားသမီးတွေ ကို လက်က ဆွဲကာ တစ်အိမ်လုံး ကြော့ကြော့မော့မော့ ဝတ်စားပြင်ဆင်ပြီး မြို့သစ်သူ မြို့သစ်သားတွေ ပွဲခင်းဆီ သွားကြပြီ ။
ခါးသီးစွာ ရင်ဆိုင်ခဲ့ရသော မြို့သစ်ကလေး ၏ ဒုက္ခပေါင်းစုံ ကို ခုတော့လည်း သူတို့ တစ်တွေပဲ လွယ်ကူလွန်း စွာ မေ့ပစ်ထားလိုက်ကြ ပြန်ပေါ့ ။
◾ ကျော်စွာထက်
📖 မိုးဝေမဂ္ဂဇင်း
မတ် ၊ ၁၉၈၈
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment