Sunday, July 10, 2022

အချစ် ဆိုတာ ဘဝ အတွက် အရင်းအနှီးပါ


 

❝ အချစ် ဆိုတာ ဘဝ အတွက် အရင်းအနှီးပါ ❞

အပျိုစင်တို့ သိဖို့ ယောက်ျားတို့ အကြောင်း ( ၂ ) ကို နိဂုံး ချုပ်ပါတော့မယ် ။ ငါ့ တူမများ ကို နိဂုံးချုပ်အနေ နဲ့ လေးလေး မှာ ချင်တယ် ။

ငယ် တဲ့ အရွယ်တွေ ဆိုတာ အချစ် နဲ့ မကင်းနိုင်ကြပါဘူး ။

ယောက်ျားတွေ အကြောင်း တော့ သိပါပြီ ၊ စိတ်ပျက်ပါပြီ ၊ အပျိုကြီး လုပ်ပါတော့မယ် ဆိုတဲ့ တူမများ လည်း တကယ် ချစ်တာ မတွေ့သေးလို့ပါ ။ ကြိုက်တာ မဆုံသေးလို့ပါ ။ လေးလေး ရေး ခဲ့တာတွေ က ယောက်ျားတွေ ကို ရွံ ဖို့ ၊ မုန်း ဖို့ ၊ ကင်း ဖို့ မဟုတ်ပါဘူး ။

ချစ်တာ ကြိုက်တာ နဲ့ ကြုံရဆုံရတဲ့ အခါ မှန်မှန်ကန်ကန် ရွေးနိုင်ဖို့ ဆုံးဖြတ်နိုင်ဖို့ပါ ။

အချစ် ဆိုတာ ဘဝ အတွက် အရင်းအနှီး ပါပဲ ။

အချစ် အတွက် မှား လို့ ဆုံးဖြတ်ချက် လွဲလိုက်ရင် ဘဝ သက်တမ်း တစ်လျှောက်လုံး ဆုံးရှုံး ရတော့မှာ ။

လေးလေး ခု ရေးပြခဲ့တာတွေ ဖတ်ပြီး ဘဝ အတွက် အဖော်မွန် ကို ဘယ်လို ရွေးသင့်တယ် ဆိုတာ စဉ်းစားတတ်ရင် ရေးရကျိုး နပ်ပါပြီ ။

မိန်းကလေး အတွက် ယောက်ျားလေး ဆိုတာ ထန်းရည် မူး သူ နဲ့ ထန်းပင် လိုပါပဲ ။ မူးတုန်း ၊ အန်တုန်း ၊ လဲရ ကွဲရ ဖြစ်တုန်း မှာ တော့ ထန်းရည် ကို သောက်ချင် စိတ် ကုန် သွားပေမယ့် အမူး ပြေ တာ နဲ့ ထန်းပင် ကို ပြန် မော့ ကြည့်ကြသလိုပေါ့ ။

ယောက်ျားလေး တစ်ယောက်  ယောက် က ပစ် သွားလို့ သစ္စာ မဲ့ သွားလို့ စိတ်နာပါပြီ ဆိုကြပေမယ့် နောက်ထပ် ကြင်နာတတ်တဲ့ ယောက်ျားလေး တစ်ယောက် တွေ့ ရပြီ ဆိုရင် စိတ် နာတာတွေ က ကြက်ပျောက် ငှက်ပျောက် ပျောက် ကုန်ရော ။

ဒီတော့ တစ်ချိန်ချိန် မှာ ပတ်သက်လာရမယ့် ကင်းလို့ မရတဲ့ ယောက်ျား တွေ  အကြောင်း သိ ထားပြီးရင် မေ့ မပစ်ဖို့ သတိထား နေဖို့ လေးလေး မှာ ချင်တယ် ၊ ကိုယ် နဲ့ ပတ်သက်ရမယ့် ယောက်ျားလေး ကို

( ၁ ) အကျင့်စာရိတ္တ
( ၂ ) အသိဉာဏ်
( ၃ ) ဝင်ငွေ

လို့ သူ့ မှာ ရှိသင့်တဲ့ လိုအပ်တဲ့ အရည်အသွေး အချက်အလက် ကို အကျဉ်းချုပ် မှတ် ထားလိုက်ပေါ့ ။

ရုပ်ရည် ဆိုတာ ကတော့ ဟိုတုန်း က လူကြီးတွေ ပြော သလို အရည် ကျို သောက်လို့ ရတာ မဟုတ်ပါဘူး ။ ရုပ်ရည် ကို အရည် ကျို သောက်လို့ ရရင်လည်း ရုပ်လှတဲ့ သူများ အနေနဲ့ ရုပ်စွပ်ပြုတ် ဆိုပြီး လုပ်ရောင်းမှာ သေချာတယ် ။

ဘယ်လောက် လှတဲ့ ကောင်လေး ပဲ ဖြစ်ဖြစ် ၊ ကောင်မလေး ပဲ ဖြစ်ဖြစ် အသက် ကြီး လာရင်တော့ ပါးရေ တွန့် မှာပဲ ။ သွား ကျိုး မှာပဲ ၊ ရုပ်ကလေး လှတာ ဦးစားပေး လိုက်မိလို့ ဖဲသမား ၊ အရက်သမား ၊ ဆေးသမား နဲ့ ညား နေရင် ရှိတဲ့ စည်းစိမ်လေး ပြုတ်ပြီး မြန်မြန် မုဆိုးမ ဖြစ်သွားမယ် ။

ဒါကြောင့် လေးလေး က အကျင့်စာရိတ္တ နဲ့ အသိဉာဏ် ကို ဦးစားပေး လေ့လာဖို့ အကြံပြု သတိပေးထားတာ ။ ဝင်ငွေ ကို ရှေ့တန်း တင်လိုက်ရင် မသမာတဲ့ နည်း နဲ့ ဝင်ငွေ ရှာနေသူများ နဲ့ တိုး မိတတ်တယ် ။ ရှေ့တန်း တင် ဖို့ မလိုတဲ့ ငွေ ဟာ လုံးဝ မေ့ထား လို့ လည်း မရဘူး ။

လုံးဝ ဝင်ငွေ မရှိတဲ့ လူ ယူမိ ပြန်ရင်လည်း အဲဒီ လူ ဟာ ဘယ်လောက် ချမ်းသာ နေနေ စိတ် ဆင်းရဲရမှာပဲ ။ မိဘ က ချမ်းသာ လို့ ရှိတဲ့ ကြွယ်ဝမှု ကို သားသမီး လက်ထက် မှာ မမြဲနိုင်ပါဘူး ။

အိမ်ထောင် တစ်ခု ထူထောင်ရာ မှာ လေးလေး ရဲ့ မိတ်ဆွေ တစ်ယောက် ပြောဖူးတာ အမှတ် ရ လို့ ဖောက်သည် ချချင်တယ် ။

သူ က 

ရှိ တာ ကို သုံး မလား

ရ တာ ကို သုံး မလား

ရှိ တာကို သုံး ရင် မွဲ သွားမယ် ၊

ရ တာကို သုံး ပါ ၊ သုံး ဖို့ ရာ ရအောင် ရှာပါ

တဲ့လေ ။

မလွဲမရှောင်သာအိမ်ထောင်သည်ဘဝ ရောက်ရပြီ ဆိုရင် ဒီ စကားလေး ဟာ အလွန် တန်ဖိုး ရှိ တဲ့ သတိပေး စကားလေး ဖြစ် လာမှာမို့ သတိ ရတုန်း ဖောက်သည် ချလိုက်ရတာပါ ။

ယောက်ျားလေး နဲ့ မိန်းကလေး ဆိုတာ သူ က ချစ် ချင် ချစ် ဒါမှမဟုတ် ကိုယ် က ချစ် ၊ ပြီးတော့ နှစ်ယောက်ပေါင်းပြီး ဘဝ တစ်ခု ထူထောင်ကြ ။

ဒါကြောင့် အချစ် က ဘဝ အတွက် အရင်းအနှီး ဖြစ်တယ်လို့ နိဂုံးချုပ် သတိ ပေး လိုက်ပါတယ် ။

အရင်း ပြုတ်လို့ အချစ် ဆုံးရှုံး သွားရင် ဘဝ နစ်နာပါတယ် ။

အချစ်များ တိုးပွား၍ ဘဝများ စိုပြည်ကြပါစေ ။

လုံခြုံအေးချမ်းပြီး တိုးတက်သော ဘဝများ ထူထောင်နိုင်ကြပါစေ ။

လေးလေး ကံချွန်

( ၂ ၊ ၃ ၊ ၉၅ )

◾ကံချွန်

ဇ - ၈ ( ၄၄ )
သိုးခြံ ၊ မြို့သစ် ၊
မန္တလေး

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၂  )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment