Sunday, July 3, 2022

လင်ဆိုး မယား သားဆိုး အမေ မောင်ဆိုး နှမ


 

❝ လင်ဆိုး မယား သားဆိုး အမေ မောင်ဆိုး နှမ ❞

“ အပျိုစင် မှ အပျိုစင်သို့ ” အခန်း မှာ အဖေတွေ ၊ မောင်တွေ ၊ အစ်ကိုတွေ ဆိုး နေရင် အဲဒီ မိသားစုမှာ မွေးဖွား ကြီးပြင်းလာရ တဲ့ မိန်းကလေးတွေ နဲ့ ပတ်သက်လို့ အခက်အခဲ ရှိနေတဲ့ အကြောင်း ကို ရေးထားတဲ့ စာ နဲ့ ပတ်သက်ပြီး အဖေတွေ ၊ အစ်ကိုတွေ သဘောပေါက်အောင် ရှင်းပြပေါ့ လို့ ပဲ လေးလေး အလွယ် ရေးခဲ့တယ် ။ အဲသလို ရေးပြီးကာ မှ အသိဉာဏ် နည်း တဲ့ အစ်ကို နဲ့ မောင် ကြား မှာ ကြီးပြင်း ရင်ဆိုင်နေရ တဲ့ မိန်းကလေး တစ်ယောက် နဲ့ ဆုံမိပြီး သူ့ အခက်အခဲတွေ ပြောပြတာကို နားထောင်လိုက်ရလို့ ပြည့်ပြည့်စုံစုံ ရေးချင်စိတ် ပေါ်လာပြီး ဒီ အခန်း ကို ထပ် ရေးမိတာပါ ။

အဲသလို ရင်ဆိုင်ကြုံတွေ့နေတဲ့ အခက်အခဲ ကို လွန်မြောက် အောင် ကြိုးစားသင့်တယ် ဆိုတာ ကို လေးလေး ပီပီပြင်ပြင် အကြံ မပြုနိုင်ပေမယ့် ကြုံနေရတဲ့ အခက်အခဲတွေ အကြောင်း ရေး ပြရင် ဒီ စာ ကို ဖတ်မိတဲ့ မောင်ဆိုး အစ်ကိုဆိုး တွေ အနေ နဲ့ သူတို့ ကြောင့် သူတို့ နှမလေးတွေ ဘယ်လို ဒုက္ခ ရောက် နေရပါလား ဆိုတာ သိပြီး ဆင်ခြင် သွားလေမလား လို့ မျှော်လင့်ချက် နဲ့ ရေး ပြတာပါ ။ ရေနစ် နေတဲ့ မောင်ဆိုး နှမတွေ အတွက် ကောက်ရိုး တစ်မျှင် ပဲ ဖြစ်ဖြစ်ပေါ့ ။

မိန်းမသား တစ်ယောက် အနေနဲ့

လင်ဆိုး မယား
သားဆိုး အမေ
မောင်ဆိုး နှမ

ဖြစ်ရပြီ ဆိုရင် ဒုက္ခ ကို ဒါဇင် လိုက် ရောက်တော့တာပဲ ။ အဲသလို လင်တွေ ၊ သားတွေ ၊ မောင်တွေ ဟာ ဒုက္ခ ကို တစ်မျိုး ပြီး တစ်မျိုး မရိုးရအောင် ပေးနိုင်တယ် ။လင်ဆိုး ကို ရ ထားပြီ ဆိုလို့ကတော့ ကိုယ် က ကွာ ချင်လို့လည်း ကွာ မရ ၊ ကိုယ် က ရှာ ကျွေးရပြီး အနှိပ်အစက် ခံ နေရတော့တာ ။ ကိုယ့် နှိပ်စက် မယ့် လူ ကို အသက် ဆက် ပေးနေရတာ ။ သူ အရက် သောက်ဖို့ ၊ ဖဲ ရိုက်ဖို့ ရှာ မပေးနိုင်ရင် ကို ပဲ မယားဝတ္တရား မကျေသလို ဖြစ်တော့တာ ။ အရပ်ကူပါ ရွာဝိုင်းပါ အော်ဟစ် အကူအညီ တောင်းဦးတော့ ဘယ်သူမျှ လာ မကယ်နိုင်ပါဘူး ။ ဒါကြောင့် ရှေးလူကြီးများ ကတော့ သားသမီး အိမ်ထောင်ရေး စေ့စပ်ကြပြီ ဆိုရင် ၊ လူငယ်ချင်း ချစ်နေကြပြီ မေတ္တာ သက်ဝင်နေကြပြီ ဆိုတာ သိရရင် ဟဲ့ မျိုးရိုး ကို ကြည့်ဦး ၊ လင်ဆိုးမယား ဖြစ်နေဦးမယ် ဆိုပြီး ပြောကြတယ် ။ ကိုယ် ယူ မယ့် ယောက်ျား ဆိုး မဆိုး မသိနိုင်ပေမယ့် ဆိုး နိုင်သလား မဆိုး နိုင်ဘူးလား ဆိုတာ မှန်းဆလို့ ရအောင် ယောက်ျားလေး မျိုးရိုး ကို လေ့လာကြတယ် ။ အဖေ ၊ အစ်ကို ၊ ဦးလေး ဆိုတာမျိုး ထဲ မှာ အရက်သမား ၊ ကစားသမား ၊ မူးရူးရမ်းကား နေတာ ပါရင် ဟဲ့ အဲ့ဒီ အမျိုး ရှောင် လင်ဆိုး မယား ဖြစ်နေလိမ့်မယ် ” ဆိုပြီး ပြောကြတယ် ။ ပုံသေနည်း မဟုတ်ပေမယ့် အများဆုံး ဖြစ်တတ်လို့ ကြိုတင်ကာကွယ်တဲ့ သဘော ပေါ့ ။ လင်ဆိုးမယား ဖြစ်တာနဲ့ ဒုက္ခ ကို တစ်သက်စာ ကံထရိုက် ယူ လိုက်သလို ဖြစ်သွားပြီ ။

နောက်ပြီး သားဆိုး အမေ ဖြစ်ရတဲ့ ဒုက္ခ ။

တောင်းစုတ် ပလုံးစုတ် ကို သာ ပစ်ရိုး ထုံးစံ ရှိတယ် ။ သားဆိုး သမီးဆိုး ကို ပစ်ရိုး ထုံးစံ မရှိဘူး ဆိုတဲ့ စကား ဟာ သိပ်မှန်တာ ။ သားဆိုး သားမိုက်ကို ရ ထား တဲ့ မိခင်များဟာလည်း ဝန်းကျင် က ကယ်ချင် လို့ မရတော့ဘူး ။ သားဆိုးမိုက် ဒဏ် ကို သေသည် အထိ ခံ သွားရတော့တာ ။ မိသားစု တစ်စု မှာ အဲသလို သားဆိုး သားမိုက် ပါ လာပြီ ဆိုရင် သူ့ ရဲ့ဒဏ် ကို မိဘ တင် မဟုတ်ဘူး ၊ နှမတွေ အစ်မတွေ ပါ ခံ ရတာ ။ အဓိက ပြော ချင်တာ က မောင်ဆိုးနှမ ရဲ့ ဒုက္ခ ပဲ ။

အစ်ကို လုပ်သူ က မူးယစ်ဆေးဝါးလေး သုံးချင်တယ် ၊ သုံးစွဲချင်တာ က နေ့တိုင်း ၊ သူ့ ဟာ သူ အလုပ် လုပ် တာက သူ ဖြုန်းတာ နဲ့ မကာမိချင်ဘူး ။ တစ်နေ့ တစ်ရာ ဝင်ရင် တစ်ရာ့ငါးဆယ် ဖိုး လောက် မူး ချင်တာကိုး ။ အဲသလို မကာမိတဲ့ အပြင် မူးနေလို့ အလုပ် မလုပ်ရတဲ့ ရက်တွေ ပါ ရှိလာတော့ ပို ဆိုးတော့တာပေါ့ ။ အကြောင်း အမျိုးမျိုး ပြပြီး အမေ့ အိတ်ထောင် နှိုက်တော့တာပဲ ။သူငယ်ချင်း ရဲ့ ညီ မင်္ဂလာဆောင် လို့ တို့ ၊ မိတ်ဆွေ ရဲ့ ဦးလေး ဆေးရုံ တက်ရလို့တို့ ။ သိတာပေါ့ အမေတွေ ၊ နှမတွေ က ဘယ် မသိဘဲ နေမလဲ လိမ် တောင်းနေတာပဲ ၊ ညာတောင်းနေတာပဲ ဆိုတာ ။

မပြောရက်တော့ မပြောတော့ဘူး ။သိပေမယ့် မသိ ဟန် ဆောင်ပြီး ရှိတာလေး ထုတ်ပေးလိုက်ကြရော ။ ကဲ ညနေ ဟင်း ချက် မနေနဲ့ ၊ အသုပ်ကလေး ဝယ် စားလိုက်ဆိုပြီး ဖြေရှင်းကြရတာ ။ သားဆိုး ကို ပေး လိုက်ရတာက ငွေပိုငွေလျှံ ရှိ လို့မှ မဟုတ်ဘဲ ။ ညစာ ဟင်း ဖိုး ကို ပေး လိုက်ရတာ ကလား ။ နှမလေး စက်အငှား ချုပ် လို့ ရတာလေး ၊ နောက် ကျောတက် ၊ ဇက်ကျောတက် နေအောင် လုပ်ထားတဲ့ ဝင်ငွေလေး ဟာ အမေ့ အိတ် ထဲ က တစ်ဆင့် သားဆိုးသားမိုက် မူး ဖို့ ပါရောက်နေရတော့ စားဝတ်နေရေး က ကျပ်သထက် ကျပ်တာပေါ့ ၊ ကြွေး တင် လာတာ ပေါ့ ။

မအေ လုပ်သူ က တစ်ခါတစ်ခါ “ ငါ့သား ရယ် ၊ မင်း ဝင်ငွေလေးများလဲ အိမ် အပ်ပါဦး ” ဆို ပြောတဲ့ နေ့ဟာ အဲဒီ အိမ် အတွက်တော့ ပြဿဒါး ပဲ ။ ပူညံပူညံ ဖြစ်တော့တာပဲ ။ “ ခင်ဗျားတို့ ငွေ ငတ်နေသလား ၊ ငွေ ဒီလောက် လိုချင်နေသလား ” နဲ့ ။ ဒီတော့လည်း ဘေးအိမ် တွေ ကြား မှာ စိုးလို့ စကား ကို ဖြတ်လိုက်ရရော ၊ ငွေ စကား ကို မပြောရဲတော့ဘူး ။ နှမရော အမေရော ဆိုးတဲ့ မိုက်တဲ့ အသိဉာဏ် နည်း တဲ့ စာနာမှု မရှိတဲ့ အမူးသမား ဒဏ် ကို ခံနေရတာ ။

နှမ ဖြစ်သူ ဟာ အဲသလို ဒဏ်တွေ ခံ ၊ တတ်သရွေ့ မှတ်သရွေ့ လေး လုပ်ပြီး ရှာကျွေး နေတာ မြင်ကြတဲ့ ပတ်ဝန်းကျင် က “ ဒီ ကောင်မလေး တော်သား ဟဲ့ ” ဆိုပြီး စိတ်ဝင်စားတဲ့ လူကြီးမိဘတွေ ၊ “ သနားစရာပဲ ” ဆိုပြီး မေတ္တာပို့တဲ့ ရွယ်တူတန်းတူ ယောက်ျားလေးတွေ ရှိပေမယ့် စကား မစ ရဲဘူး ။ စ လိုက်တာ နဲ့ ငမူး က ဓားကြိမ်း ကြိမ်းတော့ မှာ လေ ။ “ ငါ့ နှမ ရိသဲ့သဲ့ ပြောတာ ဘယ်ကောင်လဲကွ ” ဆိုပြီး ရမ်းမယ့် ဒဏ် ကြောက်ကြတော့ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် နေကြတာပေါ့ ။

ကဲ မခက်ဘူးလား ။

အဲဒါ ကို ချစ်တာ ခေါ်မလား ။ကိုယ့် နှမ ကိုယ် ချစ်ရင် လုပ်ကျွေးရမယ် ၊ စောင့်ရှောက်ရမယ် ။ခုတော့ ဘာ တာဝန်မျှ မယူဘဲ ကိုယ့် အတွက် အရက်ဖိုး မရမှာ စိုးရိမ်လို့ ၊ ကိုယ် တာဝန် ယူရမယ့် မိသားစု တာဝန် သူ့ ခေါင်းပေါ်  ပုံ ချထားချင်လို့ ဓားကြိမ်း ကြိမ်းနေတာ ဖြစ်နေပြီ ။ အဲသလို အစ်ကို လုပ်သူ က ဆိုး နေတော့ ကောင်းကောင်းမွန်မွန် ရည်ရွယ်ချင်တဲ့  ယောက်ျားလေးတွေ မိဘတွေ ကလည်း အဲဒီ အစ်ကို ဆိုး ဒဏ် ကို ပူးတွဲ ခံရမှာ ကြောက်ပြီး နောက်ဆုတ် ကုန်ရော ။

ဒီတော့

ကိုယ့် နှမ ကိုယ် ချစ်တာ နဲ့ မတူဘူး ။ ကိုယ့် နှမ ဘဝ ကို နှစ်ပစ်နေ တာ နဲ့ မတူဘူးလား ။ အဲ သလောက် အသိဉာဏ် နည်းနေသူ ကို ဘယ်လို လုပ်ပြီး ပြောလို့ ဟောလို့ ရမလဲ ။

မောင်ဆိုး နှမ ဖြစ်ရတဲ့ မိန်းကလေးများ ကို သူတို့ အခက်အခဲ ဖြေရှင်းဖို့ ဘယ်လို အကြံဉာဏ် ပေးရမှန်း မသိအောင် ဖြစ်မိတယ် ။ အဲသလို မောင်ဆိုးမျိုး နဲ့ ကြုံနေရတော့ အားကိုးရမယ့် ကိုယ့်အစ်ကို က အား မကိုးရတော့ သီးခြား အားကိုးစရာ ရှာကုန်ရော။

“ မောင်နှမ အရင်းပါ အစ်မရယ် ၊ မောင်နှမ အရင်းပါ အစ်မရယ် ” ဆိုပြီး ခုနစ်သံချီ နဲ့ အော်နေရင် ဒုက္ခ ။ အဲသလို မဆုံးနိုင်တဲ့ ဒုက္ခတွေ ကို တွေးရင်း ငါ့ တူမများ ကို မောင်ဆိုးနှမတွေ မဖြစ်ပါစေနဲ့ လို့ လေးလေး ဆုတောင်း ပေးလိုက်ပါတယ် ။

လေးလေး အဓိက မှာချင်တာ ကတော့ အဲသလို စိတ်ပျက်စရာ ဦးနှောက်ခြောက်စရာ မောင်ဆိုး နဲ့ ကြုံနေရပြီ ဆိုရင် ကိုယ့် ဘဝ ကို ကိုယ့် အသိဉာဏ် နဲ့ ထိန်းဖို့ မမေ့လေ နဲ့ ။ ပြိုင်ပြီး ရွဲ့ မယ် ဆိုးမယ် ကိုယ် လည်း ဖြစ်သလို နေမယ် ဆိုတဲ့ စိတ် မမွေးလေနဲ့ ။

အဆိုးတွေ လာပြီးရင်

အကောင်းတွေ လာမှာပဲ

ဆိုတဲ့ သဘာဝ ဓမ္မ ကို အောက် မေ့ပြီး ကိုယ့် ဘဝ အတွက် အကောင်းဆုံး မျှော်လင့်ရင်း အဆိုးဆုံးတွေ ကို ရင်ဆိုင်နိုင် ဖို့ သာ သတ္တိ မွေးပေရော့ ။ စေတနာ အပြည့် နဲ့ သာ သည်းခံပေရော့ ။

စေတနာ အကျိုး ပေးပါလိမ့်မယ် လို့ ပဲ မှာ ချင်တယ် ။

◾ ကံချွန်

📖  အပျိုစင်တို့ သိဖို့ ယောက်ျားတို့ အကြောင်း ( ၂  )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment