ညိုမောင် ရွာ မှာ တုန်းက သူ အကြိမ်ကြိမ် အိမ်မက် မက် ခဲ့ရသော အဆောင်ကလေး ကို ဝင်ပြီး အခန်း ကို ငေး နေမိသည် ။ ခုတင် လေးခု ရှိပြီး ခုတင် တစ်ခု နံဘေး တွင် သုံးပေခွဲ အမြင့် ရှိသော သစ်သားခုံကလေးတွေ တစ်ခု စီ ရှိသည် ။ ကျန် ခုတင် ၃ ခု ကတော့ အိမ်ရာခင်းတွေ ၊ စောင်တွေ ၊ ခေါင်းအုံးတွေ ခုတင် နံဘေး က စင်ကလေး ပေါ် မှာ လည်း နာရီတွေ ၊ ရေခွက်တွေ ၊ မှန်တွေ ၊ ဘီးတွေ စသည့် တိုလီမိုလီ ပစ္စည်းကလေးတွေ နှင့် ရှိ နေကြသည် ။ ညိုမောင့် ကို စောင့် နေသော ခုတင်ကလေး တစ်လုံး သာ ဘာပစ္စည်း မှ မရှိ ။ ပကတိ ဟာလာဟင်းလင်း ဖြစ်လျက် ရှိသည် ။
ခုတင်ကလေး သည် သစ်ရိုင်း ပကာသား ဖြင့် ရိုက် ထားသော ခုတင်ကြမ်းကလေး တစ်လုံး သာ ဖြစ်ပါသည် ။ ခုတင်ကလေး သည် သူ့ ကို ရှက်ပြီး ခေါင်းကလေးကို ငုံ့ထားသော အပျိုမလေး တစ်ယောက် နှင့် တူသည် ဟု ညိုမောင် ထင် ချင်သည် ။
မကြာခင် သူငယ်ချင်း ဖြစ် သွားလိမ့်မည် ဟု ညိုမောင် သိ နေပါသည် ။ ခုတင်ကလေး ပေါ် သို့ အမေ ပေး လိုက်သော ဖျာ ကို ခင်းသည် ။ ပြီးတော့ အဘွား ထည့် ပေးလိုက်သော ဂွမ်းစောင် ကို ခင်းသည် ။ ပြီးတော့ ဒေါ်လေး ထည့် ပေးလိုက်သော ခေါင်းအုံး ၊ သူ ခြုံနေကျ အညာစောင် အနီကွက်ကလေး ။ နံဘေး က စားပွဲကလေး ပေါ် မှာတော့ ပရိတ်ကြီးဆယ့်တစ်သုတ် ၊ သူ ကျက်နေကျ အင်္ဂလိပ်စကားပြော စာအုပ် ၊ ပြီးတော့ အလတ်စား အဘိဓာန် စာအုပ် ၊ မှတ်စုစာအုပ် ဖောင်တိန် နှင့် ခဲတံတွေ ထည့် သည့် ကွန်ပါဘူးကလေး ။ အားလုံး နေသားတကျ ပြင်ဆင်ပြီးတော့ သူ့ ကျောပိုးအိတ်ကြီး ကို ခုတင် အောက် ကို သွင်း လိုက်ပြီး စိတ် ကို လျှော့ ချရင်း သူ ပိုင် ခုတင်ကလေး မှာ လှဲ လိုက်တော့မှ သူ ဘယ်လောက် ပင်ပန်းနေသည် ဆိုတာကို သိ ရသည် ။
ဒီနေ့ သည် ရန်ကုန်မြေ ကို သူ ပထမဦးဆုံး ခြေ စ ချသည့်နေ့ ဖြစ်သည် ။ သူ့ အတွက် နောက်ဘက် ကို တစ်လှမ်း မှ ဆုတ်ခွင့် မရှိသော ကျားကုတ်ကျားခဲ နေရာကလေး တစ်နေရာ လည်း ဖြစ်၏ ။ ဒီနေရာကလေး ကနေ သူ့ ကို လွင့်စင်ထွက်သွားအောင် လုပ်မည့် စိန်ခေါ်မှုတွေ အများကြီး ရှေ့ မှာ ရှိနေမှာ သေချာသည် ။ ကြိုဆိုမည့် လက် ကတော့ ခုထိ မတွေ့ရသေး တွေး၍ ပင် မရသေး ။
သို့သော် .. ဘယ်လိုစိန်ခေါ်မှုမျိုး ကိုပဲ ဖြစ်ဖြစ် ၊ ဒီနေရာကလေး ကနေ သူ့ ကြံ့ကြံ့ ခံ ခုခံတော့မည် ဟု ညိုမောင် ရဲရင့်စွာ ဆုံးဖြတ်ချက် ချလိုက်သည် ။ ထိုသို့ တွေးရင်းနှင့် နှစ်ရက် ဆက်တိုက် အိပ်ကောင်းခြင်း မအိပ်ခဲ့ရသော ညိုမောင် သည် အိပ်ကောင်းခြင်း ထဲ သို့ ရောက် သွားလေသည် ။
အိမ်စက်ခြင်း ဟူသော တွင်းနက်ကြီး ထဲ သို့ ညိုမောင် ၏ စိတ်အားအင် တစ်ခုလုံး။အဆုံးအစ မဲ့ နှစ်သက်စွာ မျော ကျသွားလေသည် ။
ဟက်ဟက်ပက်ပက် အားရပါးရ ရယ်သံကြီး ကြောင့် ညိုမောင် အိပ်ရာမှ လန့်ပြီး နိုးလာသည် ။ နိုးကာစ က သူ သည် သူ့ အိမ် မှာ အိပ်နေသည် ဟု ပဲ ထင် လိုက်မိသေး၏ ။ နောက်တော့မှ သူ့ ဦးနှောက် သည် ချက်ချင်း အလုပ် လုပ် လိုက်သည် ။
ရန်ကုန် ၊ အဆောင် ၊ မမနွယ် စည်းကမ်းများ .....
ဒါဆိုလျှင် အခု သူ တွေ့နေရသော လူ နှစ်ယောက် သည် သူ နှင့် အတူ နေရမည့် အခန်းဖော်တွေ သာ ဖြစ်ရမည် ။
“ ဆောရီး ဗျာ ၊ ကျွန်တော်တို့ ရယ်သံ ကြောင့် နိုးသွားတာ ထင်တယ် ”
“ ဟာ ... မဟုတ်ပါဘူး ၊ ရပါတယ် ၊ ကျွန်တော် လည်း ရောက်လာတော့ ခရီး ပမ်းတာ နဲ့ တုံးခနဲ အိပ် ပျော်သွားတာ ၊ အခု နိုးတာ နိုးချင်လို့ပါ ၊ Battery ပြည့်သွားတဲ့ သဘောပေါ့ဗျာ ၊ ကျွန်တော် က မပြည့်သေးရင် ရယ်သံ မပြောနဲ့ ဆင် အော်သံတောင် မနိုးဘူး ”
သူတို့ သုံးယောက် ရယ် ဖြစ်လိုက်ကြသည် ။
“ ကျွန်တော် က ဇော်သစ်နိုင် ပါ ၊ ကိုဇော်လေး လို့ ခေါ်ကြတယ် ၊ ဒီကောင် က မိုးမြတ်ဝင်း ကိုမိုး ပေါ့ ”
အသီးသီး ကမ်းပေးလာသော လက်တွေ ကို ညိုမောင် လိုက် ဆွဲ နူတ်ဆက် ပြီးတော့ မိတ်ဆက် ရသည် ။
“ ကျွန်တော် က ညိုမောင် ပါ ၊ ရွှေဘို ဘက် က ပါ ”
“ ရွှေဘိုမြို့ပေါ်ကလား ”
“ အာ ... မဟုတ်ဘူးခင်ဗျ ၊ ရွှေဘိုမြို့ ကနေ ကျွန်တော် တို့ ရွာ ကို တစ်ရက်သွားရသေးတယ် ၊ လမ်း က နေ့ဝက်လောက် အထိပဲ လှည်းလမ်း ပေါက်တယ် ၊ ကျန်တာ ကုန်းကြောင်း ပဲ “
“ အား ... တော်ပြီ တော်ပြီ ဟက်စကီး တစ်စင်းလောက် ဝယ် နိုင်မှပဲ လိုက် လည်တော့မယ် ”
သူတို့ သုံးယောက် ရယ် ဖြစ်ကြပြန်သည် ။
“ ခင်ဗျား က ကျွန်တော့် အတွက် တော့ Lucky man ပဲ ၊ ကျွန်တော် က ကားပွဲစား ပါ ၊ ဒီ ငဖွတ်တွေ နဲ့ နေရတာ ဒီ တစ်လ လုံး တစ်ခါမှ အလုပ် မဖြစ်ဘူး ၊ ကဲ .. အခု ခင်ဗျား ရောက်လာတော့ မှ ပဲ ဒီနေ့ ကျွန်တော် လေးပုံး လောက် ရလာတယ် ၊ ပြီးရင် ဆိုင် သွားမယ် ကွာ ”
“ ဟာ ... တိုးလွင်ကြီး ကို မစောင့်တော့ဘူး လား ”
“ ဟေ့ကောင် ကိုမိုး ၊ ငါ ပြောကတည်း က ပြီးရင် ဆိုတဲ့ စကား ပါတယ်နော် ၊ ဟို ငတိ company က ပြန်လာမှ ပေါ့ကွ ”
ပြောစရာ စကား ကုန်သွားသဖြင့် ညိုမောင် က သူ့ ခုတင်ကလေး ပေါ် မှာ ထိုင်သည် ။
“ အခု မကြာခင် လာတော့မယ့် ကောင် က ကျော်မြင့်ဦး တဲ့ ၊ ကိုကျော် ပေါ့ ဗျာ ၊ ဒီ ခုတင် က သူ့ ခုတင် လေ ၊ ခင်ဗျား နဲ့ သူ ခုတင် ဘေးချင်း ကပ်လျက် နေရမှာ ”
“ ဪ ... ကောင်းပါတယ် ”
“ ဒါနဲ့ ကိုညို အဘွားကြီး နဲ့ တွေ့ ပြီးပြီလား ”
“ အဘွားကြီး .. ဟင့်အင်း ၊ ဘယ် အဘွားကြီး နဲ့ မှ မတွေ့ရသေးဘူး “
“ မဖြစ်နိုင်ဘူး ၊ အဲဒီ အဘွားကြီး နဲ့ မတွေ့ဘဲ နဲ့ ခင်ဗျား ဒီ အဆောင် ထဲ ကို ဘယ် နည်း နဲ့ မှ မရောက်နိုင်ဘူး ”
ကိုညို သေသေချာချာ စဉ်းစားသည် ။ ဒီ ခြံ ထဲ မှာ အဘွားကြီး တစ်ယောက် ထပ် ရှိနေနိုင်သေးသည် ။
“ ကျွန်တော့် ကို ဒီ အဆောင် ထဲ ကို တော့ မမနွယ် ဆိုတဲ့ အစ်မ တစ်ယောက် က လိုက်ပို့တာပဲ ၊ အဲဒီ အဘွားကြီး ရဲ့သမီး လား မသိဘူး ”
ကိုညို့စကား ဆုံး သည်နှင့် ကိုမိုး နှင့် ကိုဇော် တို့ က အားရပါးရ ရယ်၍ လက်ဝါးများ ကို အထက် အောက် ရိုက်ပြီး ပုတ် လိုက်ကြသည် ။
“ ငါတို့ ပြောတဲ့ အဘွားကြီး ဆိုတာ အဲဒီ မမနွယ် ကိုပဲ ပြောတာပေါ့ကွ ”
“ ဟာ ... သွား မလုပ်နဲ့နော် ၊ အန်တီ လို့ ခေါ်တာတောင် မှ သူ က ကြိုက်တာ မဟုတ်ဘူး ဗျ ”
“ အေး .. ရှေ့ကျရင် မမနွယ် ပေါ့ကွာ ၊ ကွယ်ရာမှာ ငါတို့ က သူ့ ကို အဘွားကြီး လို့ ပဲ ခေါ်တယ် “
ညိုမောင် သဘော တူပြီး ခေါင်း ကို ညိတ်သည် ။
ညိုမောင် ရသည့် သူငယ်ချင်းတွေ က ခင်စရာ ပျော်စရာ ကောင်း နေသဖြင့် ညိုမောင့် စိတ် ထဲ မှာ ဘာ အလုံးကြီး မှ မရှိတော့ ၊ ဒါပေမဲ့ တစ်ခုခု တော့ လိုနေသလို ထင်ရသည် ။ ညိုမောင် ခဏ စဉ်းစားသည် ။
“ ဟုတ်ပြီ ၊ ကျွန်တော် ရေ ချိုး ချင်တာ ”
ညိုမောင် ရုတ်တရက် ထ အော် သဖြင့် ကိုဇော် နှင့် ကိုမိုး ပင် လန့်၍ သွား၏ ။ ဟုတ်သည် ။ သူ ရေ မချိုးရတာ နှစ်ရက် ကျော်ခဲ့ပြီ မဟုတ်လား ။
“ ဒီ အဆောင်လေး အနောက်ဘက် မှာ ရေချိုးကန် ရှိတယ် ၊ မင်း မှာ ရေခွက် နဲ့ ဆပ်ပြာ ပါလား ”
“ အား ... ”
ညိုမောင် ခေါင်း ကို ကုတ်သည် ။ မပါ ။ သူ အရေးအကြီးဆုံး ပစ္စည်း ကိုမှ မေ့ကျန် လာခဲ့သည် ။ လမ်း မှာ ဝယ်ဖို့ကိုလည်း မစဉ်းစားမိခဲ့ ။
“ ကဲ ... ကဲ ဒါဆိုလည်း ငါ့ ရေခွက် နဲ့ ဆပ်ပြာခွက် ပဲ ယူသွားတော့ ၊ ဟော ဟိုမှာ အပြာရောင်ကလေး ... ဇော် ... လို့ အင်္ဂလိပ်လို ရေး ထားတယ် ၊ ဆပ်ပြာခွက် လည်း အဲဒီ ထဲ မှာ ရှိတယ် ”
“ ကျေးဇူးပဲ ... ကိုဇော် ရာ ”
ညိုမောင် ရေခွက် ကို ယူပြီး အိမ် ပေါ် မှ ဆင်းခဲ့ပြီး အုတ်ကန် ကို ရှာသည် ။ တွေ့တော့ ရေညှိတွေ က အုတ်ကန် တစ်ခု လုံး ကို စိမ်းစိမ်းထ ၍ နေသည် ။ လူ တစ်ယောက် စာ သွားလမ်းကလေး က လွဲ၍ ကျန် နေရာတွေ မှာ မြင်ရိုင်းပင်ကြီးတွေ က ဟီးဟီးထ နေသည် ။
ညိုမောင် .. ခေါင်း ကို ခါ လိုက်သည် ။ ပြီးတော့ အဆောင် ထဲ ပြန် ဝင်လာခဲ့သည် ။ ပြီးတော့ ပိုက်ဆံအိတ် ကို ယူ၍ ပြန် ထွက်သွား၏ ။
“ ဒီကောင် က မင်း ပစ္စည်း ကို သုံးချင်ပုံ မရဘူးနဲ့ တူတယ် ကွ ”
“ ဒီကောင့် ပုံ ကြည့် ရတာ ဒီလိုတော့ ဟုတ်မယ် မထင်ပါဘူး ၊ သတိရတုန်း ဝယ်ထားလိုက်မယ် ဆိုတဲ့ သဘောမျိုး နေမှာပါ ”
ကိုဇော် က အေးအေးဆေးဆေးပင် ပြောသည် ။ ကိုဇော် ဒီနေ့ အရာရာကို သည်းခံ နေနိုင်သည် ။ ခွင့်လွတ် ပေးနိုင်သည် ။ မနက်က သူ့ ဆီက အကျီအကောင်းစား ကိုမှ ရွေးပြီး ငှားဝတ် သွားသော တိုးလွင်ကြီး ကို ပင် ခွင့်လွှတ် နေမိသည် ။ ကိုတိုး တို့ Company က ဝတ်စုံပေးသော်လည်း Company မှ အပြန် သူ့ ကောင်မလေး နှင့် လျှောက်လည်ရန် အတွက် ငှားသွားခြင်း ဖြစ်သည် ။
ကိုဇော် စိတ်သဘောထား ကြီး မှာပေါ့ ။ ဒီနေ့ ဘာမှ မဟုတ်ဘဲ လေပေး ဖြောင့် ရုံကလေး နှင့် ငွေငါးသိန်း လောက် ရလာတာကိုး ။ ဒီတော့ ကိုဇော် အတွက် လောကကြီး သည် အားလုံး လှပ၍ နေလေသည် ။
မမနွယ် အိပ်ရာက နိုးတော့ ဘလက်ကော်ဖီတစ်ခွက် ဖျော် သောက်သည် ။
နေ့လယ် အိပ်ရာ က အထ လေးလံထိုင်းမှိုင်း နေတာတွေ နည်းနည်းတော့လျော့ သွား၏ ။ ပြီးတော့ ဘာရယ် မဟုတ် ၊ အဆောင် ရှိရာ ပြတင်းပေါက် သို့ မမနွယ် ထွက်ခဲ့သည် ။ အရင် က ဆိုလျှင် မမနွယ် သည် ထို ပြတင်းပေါက် ကို သွားလေ့ မရှိပါ ။ ထို ပြတင်းပေါက် ကို အမြဲ ပိတ်ထားလေ့ ရှိ၏ ။ သူ့ နှမ ထားထားနွယ် နှင့် အိမ်ဖော်မကလေး မိသန်း ပင် ထို ပြတင်းပေါက် နား သို့ မကပ်ရ ။ အခုတော့ ဘာရယ် မဟုတ် အဆောင်သား အသစ် ရောက် လာသဖြင့် ဘာများ ထူးဆန်း နေမလဲ ဆိုတာ ပြတင်းပေါက် ကို ဖွင့်၍ ကြည့် လိုက်သည့်အခါ မမနွယ် မျက်လုံး ပြူး၍ သွားလေသည် ။
ညိုမောင် ... ။
ရေညှိတွေ တက်ချင်တိုင်း တက်ပြီး စိမ်း နေသော အုတ်ကန်ကြီး ကို သံဘရပ်စ် ဖြင့် ကုံး၍ တစ်မျိုး ၊ ထ၍ တစ်ဖုံ ငုတ်တုတ် တစ်ပုံစံ တိုက်၍ နေသည် ။ ရေကန် ပတ်ပတ်လည် မှာ ပေါက်နေသော မြက်ပင်ရှည်ကြီးတွေ ကိုလည်း ပေါက်တူး ဖြင့် ပေါက် ထားပြီး ဖြစ်သဖြင့် ရှင်း၍ နေသည် ။ မမနွယ် ဘက် က မြင်နေရသော ရေကန် ၏ မျက်နှာပြင် နှစ်ဖက်စလုံး မှာ ဘာ ရေညှိမှ မရှိတော့ ။ ဖြူဖွေး ကာ အင်္ဂတေသား ဖြင့် သန့်စင်၍ နေသည် ။ ညိုမောင် သည် ရေ ကုန် ၏ နောက်ဆုံးဘက် မျက်နှာပြင် ကို သံဘရပ်စ် ဖြင့် အားသွန်ခွန်စိုက် တိုက်၍ နေသည် ။
မမနွယ် ဒေါသ အရမ်း ထွက် သွားသည် ။
ဒါ ... ဟိုကောင်တွေပဲ ဖြစ်ရမယ် ။ အဆောင်ကျောင်းသားသစ် ရောက်တယ် ဆိုပြီး တမင် ပညာပေးတာ ပဲ ဖြစ်ရမယ် ။ တွေ့ကြသေးတာပေါ့ ။
“ ဒီမယ် ... မင်းတို့ အဲဒါမျိုး ဗိုလ် ကျတာ ကောင်းသလားကွ ”
“ ခင်ဗျာ .. ”
ကိုမိုး စာအုပ် ဖတ်ရင်း က ကြောင် ၍ သွားသည် ။ မမနွယ် ဒေါသ က မျက်နှာတစ်ခုလုံး နီရဲ နေအောင် ကို ထင်ထင်ရှားရှားကြီး ရှိ၍ နေသည် ။ ကိုဇော် က တော့ သူ့ နား ထဲတွင် ထည့် ထားသည့် mp3 စီဒီပလေယာကလေး နှင့် မို့ မမနွယ် ၏ အသံ ကို မကြား ၊ လက်ဖျောက်ကလေး တီးကာ တီးကာ ဖြင့် ခေါင်းကလေး ကို ညိတ်ရင်း ညိတ်ရင်း က နေသည် ။
မမနွယ် သည် ကိုဇော် အနား သို့ သွားကာ နား ထဲ မှ earphone ကို ဆွဲ ဖြုတ်ပစ်လိုက်သည် ။
“ သွား .. မင်းတို့ ပါ သွား ဝိုင်းလုပ် ”
“ ခင်ဗျာ ... ”
“ ဘာ အခုမှ ဘာခင်ဗျာ ... ဘာခင်ဗျာ လုပ်နေတာလဲ ၊ ငါ ကလည်း အဲ့ဒီလို ဗိုလ် ကျတာမျိုး ဆို သိပ် မုန်းတာ သိရဲ့လား မောင်ဇော် ရဲ့ ၊ မင်း လည်း နေစရာ မရှိလို့ နေတဲ့လူ ၊ သူ လည်း နေစရာ မရှိလို့ နေတဲ့ လူ ၊ ဘဝတူ ချင်း မင်းတို့ ဗိုလ် မကျချင်ပါနဲ့ကွ ၊ သွား .. မင်းတို့ ပါ ဝိုင်းလုပ် .. ဒါပဲ ”
ကိုဇော် နှင့် ကိုမိုး တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့် ကာ ဘာ လုပ်ရမှန်း မသိ ဖြစ်နေကြသည် ။
“ သွား .. ဝိုင်းလုပ်လို့ ပြောနေတာ မကြားဘူးလား ”
“ ကျွန်တော်တို့ မမနွယ် ပြောနေ ၊ ဆူနေတာတွေကို ဘာမှ နားမလည်ဘူး မမနွယ် ၊ ဘာကို သွား လုပ်ရမှာလဲ ”
“ အောင်မာ ... မင်းတို့ ဒီနေ့မှ အသစ် ရောက်လာတဲ့ ကောင်လေး ကို ပညာ ပေးပြီး ရေကန် ဆေးခိုင်းထားတယ် မဟုတ်လား ”
“ ခင်ဗျာ ”
ညိုမောင့် ဆီ ရောက်သွားကြတော့ ညိုမောင် လည်း အံ့ဩ၍ နေသည် ။
“ မဟုတ်ဘူး အန်တီ ၊ အဲ ... မမနွယ် ၊ ကျွန်တော့် ဘာသာ ကျွန်တော် တိုက်တာပါ ၊ ကျွန်တော့် ကို သူတို့ က မခိုင်းပါဘူး ၊ ရေချိုး ဖို့ လာတော့ ရေကန် က တော်တော်ကြီး ကို အခြေအနေ ဆိုးနေတာ နဲ့ ... ”
“ အေးပေါ့ ... အေးပေါ့ ၊ ငါ နားလည်ပြီ ၊ မင်း က လူ လို သိတတ်တာကိုး ၊ ဒီမှာ ရှိတဲ့ ကောင်တွေ ကတော့ ရေကန် ဒွတ် တက်ရုံ မကလို့ ရေကန်ကြီး ပြိုကျသွားလည်း ကျန်တဲ့ နေရာမှာ ရှိတဲ့ ရေ ကို ချိုးမှာပဲ ၊အဆောင် ကို ပိုက်ဆံ ပေးပြီး နေတာ ကိုယ့် အိမ် မဟုတ်ဘူး ဆိုတဲ့ စိတ်တွေ နဲ့ နေကြတဲ့ ကောင်တွေ လေ .. သွား .. ဝိုင်း လုပ်ပေးလိုက် ”
“ ဟာ ... ပြီးပြီ မမနွယ် ရေကန် ထဲ က ရေတွေ ဖောက်ချဖို့ပဲ ကျန်တော့တာ ၊ ဘာမှ မလိုတော့ဘူး ၊ ရပြီ ... မမနွယ် ... ရပြီ ”
မမနွယ် က ဖင်ကုတ် ခေါင်းကုတ် လုပ်နေကြသော ကိုဇော် တို့ ဘက်သို့ လှည့်ကာ ...
“ ဝမ်းသာ သွားကြတယ် မဟုတ်လား ”
“ မဟုတ်ပါဘူး ၊ ဝမ်းမသာပါဘူး ”
“ အေး ... တကယ် ဝမ်း မသာရအောင် အဆောင် ခေါင်မိုး ပေါ် မှာ ရှိတဲ့ ပိုးမျှင်တွေ သွားရှင်း ၊ ည ကို မမ လာ ကြည့်မယ် ၊ ဟိုကောင် လည်း တော်တော့ ချီးမွမ်းတိုင်း စွတ် လုပ်ပြမနေနဲ့ ၊ ဒီနေ့မှ ခရီးဝေး က ရောက်တာ နားဖို့ လိုတယ် ၊ တော်ရုံဆို တော်ပြီ ”
“ ကန် အောက်ခြေ မှာ နွံတွေ နဲ့ သဲတွေ ရော ၊ သစ်ရွက်ဆွေး အမှိုက်တွေ ရော အများကြီး မမနွယ် ရဲ့ ၊အဲဒါလေးတွေ သန့် ပြီးသွားရင် ပြီးပါပြီ ၊ ပြီးတော့ နေ့ခင်း က ကျွန်တော် တရေး အိပ် ထားပါသေးတယ် ”
“ အင်း ... မင်းကတော့ကွာ ”
“ ရေ ဖွင့်ရင် ဘယ်က ဖွင့် ရလဲဟင် မမနွယ် ”
“ ဟို အိမ်နံရံမှာ အမိုးကလေး အုပ် ပေးထားတာ တွေ့လား ၊ အေး အဲဒါ မော်တာ ဖွင့်တဲ့ ခလုတ် ပဲ ”
“ သူက ဘယ် ယောက်ျား ယူ တော့မလဲကွ ၊ ငါတို့ ကို သူ့ သားတွေ ပြော သလို ပြောချင်တိုင်း ပြောလို့ ရ နေတာကိုး ”
“ ဒါကိုတော့ သွား အပြစ် မတင်နဲ့လေကွာ ၊ ဒီလောက် အဆောင်လခ နဲ့ ဒီလို အိမ်မျိုး ၊ ဒီလို အကျယ်အဝန်းမျိုး ကို ဒီ နား မှာ ဘယ် အဆောင် ရှိသလဲ ၊ ဝင်းအောင် တို့ အဆောင် ကို သွား ကြည့်စမ်း ၊ ခုတင် မပါဘူး ။ အလျားလိုက် ကြမ်းပြင် မှာ တန်းစီ အိပ် ရတာ ကိုယ့် ပစ္စည်း ကိုယ့် ဘေးနား ထား ၊ ကိုယ့် သေတ္တာ ကိုယ့် ခြေရင်း ထားပြီး အိပ် ရတာ ၊ အိမ်သာ ဆိုလည်း ကြည့်ဦး ၊ စုတ်ပြတ်နေတာ ၊ ဒီမှာက ဗိုလ်ထိုင်နဲ့ ... ကဲ .... ”
“ ဟုတ်ပါတယ် ကိုဇော် ရာ ၊ ငါ က အခိုင်းသာ ခံလိုက်ချင်တယ် ၊ နား ပူတဲ့ ဒဏ် ကို မခံနိုင်တာ ၊ မင်း ကလည်း ရှည်ပြီး ဒီ ရေကန် ကို သွား ဆေးတယ် ၊ ဆေးချင်ရင် လည်း ငါတို့ ကို ပြော မှပေါ့ ”
“ ကျွန်တော် လည်း ဒီနေ့ မှ တွေ့တဲ့ လူတွေ ဆိုတော့ အားနာပြီး မခေါ်တာပါ ၊ ပြီးတော့ ဒီလောက် လုပ်ရတာ ကျွန်တော့် အတွက် မပင်ပန်းပါဘူး ”
“ အေးပေါ့ကွာ ၊ မင်း ငါတို့ အပေါ် ထားတဲ့ စေတနာ က မမနွယ် အတွက်တော့ ငါတို့ အပေါ် ဝေဒနာ ဖြစ် သွားတာပေါ့ ဟုတ်လား ”
ကိုမိုး က နောက် တာလား အတည် ပြော တာလား မကွဲပြားသော အိုက်တင် ဖြင့် ဝင် ပြော၏ ။
“ ဟား ... စေတနာတွေ ဝေဒနာတွေ နဲ့ ဘာတွေ ဖြစ် နေကြတာတုံး ”
“ ဟာ ... တိုးလွင် ... အေးပေါ့ကွာ မင်း ကံကောင်းသွားတာပေါ ၊ နေစမ်းပါဦး ၊ မင်း က ဘာဖြစ်လို့ ဒီနေ့ ကျ မှ နောက်ကျ နေရတာလဲ ”
“ မပြောချင်ပါဘူး ကွာ ၊ အိုဗာတိုင် တဲ့ ရုံး က ”
“ အေး... မင်း အိုဗာတိုင် က ပိုက်ဆံ ရ သေးတယ် ၊ ငါတို့ အိုဗာတိုင် က ပိုက်ဆံ မရဘဲ အဆူပဲ ခံရတာကွ ”
“ မင်း ပြောတာ ငါ နားမလည်ဘူး ”
ကိုဇော် က ပင် ညိုမောင် နှင့် တိုးလွင် ကို မိတ်ဆက်ပေးသည် ။
ပြီးတော့ အုတ်ရေကန် အကြောင်း ပြော တော့ တိုးလွင် က အားရပါးရကြီး ကို ရယ်လေသည် ။
“ အပျိုကြီးတွေ ဆိုတာ ဒီလိုပဲလေကွာ ၊ သူတို့မှာ က တစ်နေ့တစ်နေ့ လုပ်စရာ ဘာမှ မရှိတာ ၊ မမနွယ် က ပြည့်စုံတော့ ပို ဆိုးတာပေါ့ ၊ သူ ဆိုင် သွားရတဲ့ နေ့ကလေးပဲ တို့ အဆူ လွတ်တာ ၊ မင်း လည်း သတိထား နေ ညိုမောင် ရေ ၊ မနက် ဖက် သားသား နဲ့ ညဘက် ကျတော့ ဟေ့ကောင် လာစမ်း ဖြစ် ချင် ဖြစ် သွားတာ ”
“ ဟေ့ကောင် ကိုဇော် မင်း ရဲ့ ဝေသန္တရာ အစီအစဉ်လေး ပျက် သွားပြီလား ”
“ အဆောင်သန့်ရှင်းရေး လုပ် ရရုံလောက်နဲ့တော့ ငါ့ ရဲ့ သဒ္ဒါတရား မိုးတိမ် ဟာ အဝေး လွင့် မသွားနိုင်ပါဘူးကွာ ၊ မင်းတို့ အပေါ် တိတိကျကျ ကို ရွာသွန်း မှာပါ ”
“ တော်တော် ပေါ တာပဲ ၊ ဒါကြောင့်လည်း မင်း ရေးတဲ့ ကဗျာတွ တစ်ပုဒ် မှ မပါတာ ”
ကိုတိုး စကားကြောင့် အားလုံး ဝိုင်း ရယ်လိုက်ကြသည် ။
••• ••• ••• •••
“ အခု သွားကြတော့မှာလား ”
“ အေးလေ ကိုတိုးကြီး ရေချိုး ပြီးရင် သွားကြတာပေါ့ ”
“ ကျွန်တော့် ကို ဧည့်စာရင်း ဖောင်ဖြည့်ဖို့ နဲ့ ဓာတ်ပုံ ၃ ပုံ တောင်းထားတာ ရှိတယ် ကိုဇော် ”
“ ဧည့်စာရင်း ဖောင် က ငါ့တို့ ဆီမှာ အပိုတွေ အများကြီး ရှိတယ် ၊ တစ်စောင် ယူပြီး ဖြည့်ပြီးရင် ဓာတ်ပုံ ၃ ပုံ နဲ့ သွား ပေး လိုက်ပေါ့ကွာ ”
“ ဟုတ်ကဲ့ ... ကိုဇော် ”
စားသောက်ဆိုင် ကို ရောက်တော့ မီနူးကတ် ကို ကြည့်ကာ ကိုဇော် မှာသည့် အစားအစာတွေ က ကြောက်စရာ ပင် ကောင်း နေသည် ။
“ ဘဲကင် အကောင်နုနုနော် တစ်ခြမ်း ၊ ဝက်နံရိုးကြော် တစ်ပွဲ ၊ ပြီးတော့ ငါးကြင်းမြီးကြော် တစ်ပွဲ ၊ ငရှဉ့်ခြောက်စပ် ၊ ပြီးတော့ ဘဲခြေထောက်သုပ် ရယ် ... ဟို .... ”
“ ကိုဇော် တော်ပြီကွာ ၊ မင်း မှာတာတွေ သိပ် များနေပြီ ”
“ မင်းတို့ ကလည်း ကွာ တစ်ခါတစ်လေ စား ရတဲ့ဟာ ကို ”
“ လေ .. လေကွာ အခုဟာက တော်တော် များနေပြီ ထပ် မမှာနဲ့တော့“
“ ကဲ ... ဒါဆိုရင်လည်း ဘီယာ က တစ်ဂျား အရင် ချကွာ ၊ နေဦး ၊ ငါးမုန့်ကြော် က မြန်တယ် မဟုတ်လား ၊ ငါးမုန့်ကြော် နဲ့ ဘီယာ အရင်လုပ်ကွာ ၊ ငါ မှာတာတွေ ထဲက ငါးရှဉ့်ခြောက်စပ် နဲ့ ဘဲခြေထောက်သုပ် ကို အရင် လုပ် ”
ဘီယာဂျား ရောက်လာတော့ ကိုဇော် က ဦးဆောင် ဘီယာတွေ ကို ထည့်ပြီး သူငယ်ချင်းတွေ အားလုံး ရှေ့တွင် ချပေးသည် ။ ညိုမောင့် ရှေ့ ကို ရောက်တော့ ညိုမောင် လန့်သွားသည် ။
“ ဟာ ... ကိုဇော် ကျွန်တော် မသောက်တက်ဘူး ကိုဇော် မလုပ်ပါနဲ့ ”
“ အေး ... ငါ ကလည်း မင်း ကို အဲဒီလို မလုပ်ပါနဲ့လို့ပဲ ပြော ရလိမ့်မယ် ၊ ဒါ ငါ ဂွင် တွေ့ပြီး လျှံလို့ ထောလို့ တိုက် နိုင်တာနော် ၊ ပြီးတော့ မင်း ငါတို့ အဆောင်ကို စရောက်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲကလေး ဆိုရင်လည်း ရတာပေါ့ကွာ ၊ လုပ် စမ်းပါ ”
ညိုမောင် တော်တော် အခက် တွေ့သွားသည် ။
သူ က ဘုန်းကြီးကျောင်း မှာ နေရသူမို့ ဘီယာ ဆိုတာ ကို လုံးဝ မသောက်ဘူးပါ ။ ပြီးတော့ ဆရာတော်ဘုရား ထံ နေ့စဉ် ငါးပါးသီလ မြဲပါမည် ဟူသော ဝန်ခံ ကတိ ကလည်း ရှိထားသေးသည် မဟုတ်လား ။
“ မရလို့ပါ ကိုဇော်ရာ ၊ ကျွန်တော် က ဆရာတော့် ကို ငါးပါးသီလ နေ့စဉ် မြဲပါ့မယ်လို့ ဝန်ခံ ကတိ ပေးထားခဲ့ရတာ ၊ အင်း ... မနက် ကတောင် မမနွယ် ကြောင့် မုသာဝါဒကံ တစ်ကံ တော့ ကျိုး သွားသေးတယ် ”
“ မမနွယ် ကြောင့် လုပ်စမ်းပါဦး ဟ ဘယ်လို ဖြစ်တာလဲ ”
ဒီတော့ ညိုမောင် က ...
“ ငါ က လွဲပြီး ဒီ ခြံ ထဲကို ဘယ် မိန်းမ မှ မဝင်ရဘူး ”
ဆိုသည့် စကား ကိစ္စ ကို ပြန် ပြောပြတော့ ကိုဇော် တို့ အားလုံး ဝိုင်းရယ်ကြသည် ။
“ ဒါက လိမ်တယ် မခေါ်ပါဘူးကွာ ၊ ပရိယာယ် ခေါ် တာပေါ့ ”
“ ဘယ်ကလာ ဟုတ်ရမှာလဲ ၊ ဒါ လိမ်တာ ၊ မုသား ပြောတာပေါ့ ၊ ကိုယ့် စိတ် ထဲမှာကြံ မိတဲ့ မနောကံ အတိုင်း ဝစီကံ က မလိုက်ရင် လိမ် တာပဲ ”
“ မင်း ... ငါးပါးသီလ မှာ တစ်ပါး ကျိုးပြီ မောင်ညို ”
“ ညိုမောင် ပါကွာ ၊ မင်း က မသောက်ရသေးဘူး မူး နေပြီလား ”
“ မမူးပါဘူးကွ ၊ ဒီကောင့် ကို ငါ က မောင်ညို ပဲ ခေါ်ချင်တာ ညိုမောင် ဆို တာ ကြီး က ထောင့် တယ်ကွ ၊ အဲဒီတော့ တစ်ပါး ကျိုး ပြီးသား အတူတူ နောက်ထပ် တစ်ပါး ထပ် ကျိုးလို့ မထူးတော့ပြီမို့ .... ကဲ .... မောင်ညို မင်း ဘီယာ တစ်ခွက် ကိုင်ပြီး လေထဲ ကို မြှောက်လိုက်ပါ ”
ကိုဇော် က သူ့ ခွက်ကို ကိုင်ပြီး လေထဲ သို့ မြှောက် ထားလိုက်သည် ။
“ ဟုတ်တယ်ကွာ ၊ မင်း နဲ့ ငါ တို့ လည်း သူငယ်ချင်း စ ဖြစ်တဲ့ အထိမ်းအမှတ် ပေါ့ ”
တစ်ချိန်လုံး စကား တစ်ခွန်း မှ ဝင် မပြောဘဲ ငြိမ် နေသော ကိုတိုး က လည်းပြောသည် ။ သူ့ အတွက်ပဲ ဟု ဆို လာသဖြင့် ငြင်းရ မှာ ညိုမောင် အားနာ နေမိသည် ။ တစ်ပါးလည်း ကျိုး ပြီးပြီ ၊ ဒီတော့ ....
ဖန်ခွက်တွေ အားလုံး လေထဲသို့ မြှောက် တက်သွားကြသည် ။
“ မောင်ညို ပျော်ရွင်နိုင်ပါစေ ”
“ မောင်ဇော် ဂွင်ကြီးကြီး မိပါစေ ”
“ အားလုံး လိုရာဆန္ဒတွေ ပြည့်ကြပါစေ ”
“ ချီးယားစ် ... ”
ညိုမောင် ဘီယာ ကို ခပ်လန့်လန့် ဖြင့် တစ်ငုံ စ ငုံလိုက်သည် ။ ရနံ့သင်းသင်းလေး နှင့် လည်ချောင်း ထဲ အေးကာ သွား၏ ။ ငါးမုန့်ကြော် တစ်ခု ကောက် ယူစားသည် ။ မူးများ မူး တော့ မလား ဟု စိတ်ထဲမှာ လန့်၍ နေသည် ။ ကျန်တဲ့ သုံးယောက် စလုံး ကတော့ ဖန်ခွက် တစ်ခွက် ကျိုး သွားကြပြီ ဖြစ်၏ ။
ငါးမိနစ်လောက် အထိ ဘာမှ မဖြစ်တော့ ။ နောက်ထပ် တစ်ငုံ ငုံကြည့်သည် ။ ရနံ့ သင်းသင်းကလေး နှင့် ရင်ထဲ အေး၍ သွားပြန်၏ ။ ငါးမုန့်ကြော် ယူစားသည် ။
“ အမှန်က ဒီဂွင် က ငါ ဖန်တာမဟုတ်ဘူးကွ ၊ ဂွင် က ငါ့ ဆီ ရောက်လာတာ ၊ တော က တော သား ၊ ငအူတွေ ပါ ကွာ ၊ ငါ က လည်း ... ”
“ ဟေ့ကောင် မောင်ဇော် ”
တိုးလွင် က အသံမာမာ နှင် ဝင်ဟန့်ပြီး သူ့ဘက် ကို မေး ငေါ့၍ ပြသည် ။
“ ဟာ .. ဆောရီး ကွာ ၊ ငါ ဆိုလိုတာက တောသား ငအူ ဆိုတာက ဒီလိုကွာ ၊ တောသား နှစ်မျိုး ရှိတယ်ကွ ၊ ပထမ တစ်မျိုး က သူ မသိ သူ မတက်တာ ကို အမှန်အတိုင်း ရိုးရိုးသားသား ပြောတယ်ကွာ ၊ အကူအညီ တောင်းတယ် ၊ တိုင်ပင်တယ် ၊ အဲ ... ဒုတိယ တစ်မျိုးကျတော့ မသိလည်း မသိဘူး ၊ သူ့ ကိုယ် သူ သိ နေတဲ့ ပုံစံလည်း ပြသေးတယ် ၊ မင်း တို့ ရန်ကုန်သားတွေ လည်တယ် ဆိုတာ ငါတို့ က သိပ် သိတဲ့ ပုံစံမျိုး ၊ ငါတို့ ကို လာ မနှပ်နဲ့ ငါတို့ က အကုန် သိတယ် ဆိုတဲ့ ပုံစံမျိုး ချိုးထားတာကွ ၊ ငါ ဒီနေ့ တွေ့ ခဲ့တာက အဲဒီ ပုံစံမျိုး ”
“ ပြောပါ ကိုဇော် ရာ ၊ ကျွန်တော် နားလည်ပါတယ် ၊ ရိုးသားတယ် မရိုးသားဘူး ဆိုတာက တော နဲ့ မြို့ မဆိုင်ပါဘူး ၊ ကိုယ်ကျင့်တရား နဲ့ ပဲ ဆိုင်တာ ၊ ကျွန်တော် နားလည်ပါတယ် ”
“ အဲဒါကွာ သူတို့ က ဆရာကြီး စတိုင်မျိုး နဲ့ ချိုထောင်တစ်စီး ကို ဆွဲချင်တယ် ဆိုပြီး ငါ့ ကို လာ ပြောတာ ၊ အဲဒီ ကောင် က တစ်လစာ ပဲ ပြင် ထားတဲ့ ကောင်ကွ ၊ အမြင် လှအောင်တော့ ဖန် ထားတာပေါ့လေ ၊ ငါ က တစ်ခြား ကား ပြလေ ၊ သူတို့ က ဒါကိုပဲ မက် လေ ဖြစ် နေတော့ ကြား ထဲ က ငါ ခြောက်ပုံး လောက် ဖြတ် ရိုက် လိုက်တာပေါ့ကွာ ၊ ဒါပါပဲ ၊ ကဲ ... နောက်တစ်ဂျားပေါ့ ”
ကိုဇော် အော်သံ ကြားတော့မှ ညိုမောင် ငုံ့ ကြည့်မိသည် ။ သူ့ ခွက်ထဲ မှာ ဘီယာ တစ်စက် မျှ မရှိတော့ ။ ဘီယာ မက်ခွက်ကိုင်းကြီး ကို လက်က ကိုင်လျက်ကြီး သူ လန့်သွားပြီး မူးနေပြီလား ဟု သတိထားတော့ ဘာမှ မဖြစ် အရာရာ က ပို၍ ကြည်လင်ပြတ်သားကာ တောက်ပ၍ ပင် နေသေးသည် ။ ဘီယာ ဟာ သူတို့ ပြောတဲ့ အတိုင်း သိပ် မမူး ဆိုတာကို ညိုမောင် ယုံသွား၏ ။ နောက်ထပ် ဘီယာတစ်ဂျား ရောက် လာသည် ။ အမြည်းတွေ လည်း အစုံ ရပြီ ။ ကိုဇော် ကိုယ်တိုင် လည်း ဘီယာတွေ ထပ် ငှဲ့ပေးနေပြီ ။
“ မောင်ဇော် ... ငါ ဒီ တစ်ခွက် ပြီးရင် တော်ပြီကွာ ၊ မနက် ငါ အလုပ်စောစော ဆင်း ရမှာမို့လို့ ”
“ တော်စမ်းပါကွာ ၊ မင်း ကုမ္ပဏီ က ဘယ်တုန်းက စောစော အလုပ်လာ မခိုင်းတာ ရှိဘူးလို့လဲ ၊ နောက်ပြီး ဘီယာ ဆိုတာ မူးအောင် သောက်ပြီး အိပ် မှ ၊ မနက်ဆို ကြည်ကြည်လင်လင် နိုးတာ ၊ ဟို မရောက် ၊ ဒီ မရောက် ဆို မျက်စိတွေ ကြောင်ပြီး ခေါင်းတွေ ကိုက်ကုန်ရော ၊ အဲဒီတော့ ချ သာ ချ ၊ အဆောင် ရောက်ရင် တစ်ခါတည်း သာ ထိုး အိပ် လိုက်တော့ ဒါပဲ ”
“ အေး မထူးပါဘူးကွာ ၊ ငါ့ နာရီ နိုးစက် က ကောင်း ပါတယ် ”
“ ကိုတိုး က ဘယ် ကုမ္ပဏီ မှာ လုပ် တာလဲ“
“ Solo ကုမ္ပဏီ မှာ ”
“ ဗျာ ... Solo ကုမ္ပဏီ ဟုတ်လား ”
“ ဘာဖြစ်သွားတာတုံး မောင်ညို ရ ”
“ ဒါ .. ဒါဆို အဲဒီ ကုမ္ပဏီ မှာ ဦးဌေးဝေ ဆိုတဲ့ ဦးလေး ကို သိလား ”
“ နေဦး ... ဦးဌေးဝေ ... ဦးဌေးဝေ ... ဪ ကုမ္ပဏီ က ကား မောင်းတဲ့ ဦးဌေးဝေ လား ”
“ ဟာ ... ဟုတ်တယ် ... ကိုတိုး ဟုတ်တယ် ၊ ကျွန်တော် အခု ရန်ကုန် ကို ရောက် လာတာ အဲဒီ ကုမ္ပဏီ ကိုလျှောက်ဖို့ လာတာ ၊ ဝမ်းသာလိုက်တာဗျာ ၊ မနက် အင်တာဗျူး ဖြေရမှာဗျ ၊ ကျွန်တော့် ကို ခေါ် သွားပေးနော် ”
“ ဟ ... ခေါ်မှာပေါ့ကွ ၊ မင်း ကလဲ ”
ညိုမောင် က တိုးလွင် လုပ်သော ကုမ္ပဏီ ကို ပဲ သူ လာ လျှောက်တာ ဖြစ်ကြောင်း ပြောတော့ ဘီယာတွေ ဝင်ကာစ အူရွင်ကာစ အားလုံး ပျော်သွားပြီး ဘီယာတွေ ထပ် မှာပြီး သောက်ကြသည် ။ အဲဒီ ည က ညိုမောင် အဆောင် ကို ဘယ်လို ပြန် ရောက်သွားမှန်း မသိလိုက်ပါ ။
◾ နီကိုရဲ
📖 ဘာကြီးလဲ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment