Wednesday, July 13, 2022

ဘာကြီးလဲ ( ၄ )


 

ကံ ကောင်းချင်တော့ လမင်းစိုး သည် လူးဝစ်ဘော်တန် ( louis vuitton ) အဖြူရောင် လက်ကိုင်အိတ်ကလေး တစ်ခု နှင့် Half ဒေါက် အဖြူရောင် ဖိနပ်ကလေး တစ်ရံ ကို ရသည် ။

“ vuitton ဆိုတော့ မင်း ကြိုက်နိုင်တယ် လို့ ထင်တာ နဲ့ မေမီ တို့ ဆိုင် ကနေ လှမ်း မှာ ပေးထားတာ ၊ အိတ် ကတော့ ငါ့ ဆိုင် ကပဲ ၊ လမင်းမ ညည်း က ဘာဖြစ်လို့ ဒီနေ့ကျမှ တော်တော် အကဲ ဆတ် နေရတာလဲ ”

လမင်း က အဖြူရောင် ဖိနပ်ကလေး ကို စီး ကြည့်နေရင်း က ဖြေသည် ။

“ အင်တာဗျူး ရှိလို့ ဟ ”

“ ဘုရား ... ဘုရား ... လမင်းမ နင် က အင်တာဗျူး ဖြေပြီး ဘာတွေ ထပ် လုပ်ဦးမှာလဲ ၊ ဒီလောက် ချမ်းသာရင် တော်ပြီပေါ့ ဟယ် ၊ တော်ပါတော့ ငါတို့ ဖို့လည်း ထားပါဦး ”

“ ယမင်းမ က လဲ ဟာ အင်တာဗျုး က ငါ က မေးရမှာ ဟ ၊ ငါ့ ကုမ္ပဏီ က ထပ်ပြီး ချဲ့တယ်လေ ၊ အဲဒီတော့ လူ လိုလို့ ထပ်ခေါ်တာ ၊ OK မင်း နဲ့ လေ ပမ်းဖို့ အချိန် မရှိဘူး ၊ ကိုယ် .. ဒါတွေ တစ်ခါတည်း ဝတ် သွားတော့မယ် ၊ ပြီးတော့မှ ပိုက်ဆံအမောင့် လှမ်း ပြောလိုက် ... တာ့တာ ”

ယမင်း သည် ခပ်သွက်သွက် ထွက်သွားသော လမင်း ကို ငေးကြည့်ရင်း ခါး ကို ထောက်ကာ သက်ပြင်း ကို ချမိလေသည် ။

မီးပွိုင့် မိလျှင် လမင်းစိုး ၏ ကား ကို ရော လူ ကို ရော ဝိုင်း၍ မကြည့်သူ မရှိသလောက် ဖြစ်သည် ။ Air - con Bus ပေါ် က လူတွေ ကလည်း ငေး ကြသည် ။ နံဘေး က ယှဉ်ရပ် ကိုယ်ပိုင်ကား ပေါ် က လူတွေ ကလည်း ငေး ကြသည် ။ ယမင်း က ဒါတွေ ကို သိ ပါသည် ။ ဒီတော့ အဖြူရောင်ကိုင်း ပါသည့် မျက်မှန် အဖြူကလေး ကို ကောက် တပ် ထားလိုက်သည် ။

ကားတစ်စင်း ထဲ က ငနဲ ဆို မီးပွိုင့်စိမ်း ၍ လမင်း ကား ဝေါခနဲ ထိုး ထွက်သွားသည့်အထိ ကြောင်ပြီး ငေး ကျန်ခဲ့သဖြင့် နောက်ကားများ ၏ မငြင်သာ ၊ မလှမပသော စကားလုံးတွေ တစ်ပွေ့တစ်ပိုက်ကြီး ရ၍သွား၏ ။

ရွှေတောင်ကြားလမ်း ထဲ ရောက်တော့ မျက်လုံးတွေ ရဲ့ ဒုက္ခ က လွတ် သွားသဖြင့် အတန်ငယ် စိတ်ချမ်းသာမှု ကို ပြန် ရသည် ။ အကြည့် ခံချင်တုန်းကလည်း သူ အကြည့် ခံရလို့ စိတ် ညစ်ရတော့လည်း သူ ။

ဒါဆိုရင်တော့ သူ တစ်ခုခုတော့ မှား နေပြီ ဟု လမင်းစိုး ချက်ချင်း တွေး လိုက်သည် ။ သူ့ စိတ် ထဲ မှာ အကြည့် ခံချင် စိတ် ရှိနေတာ က လည်း အမှန်ပင် ဖြစ်၏ ။ ကား ကို ငြင်ငြင်သာသာ မောင်း ရင်း လမင်းစိုး စဉ်းစား နေမိသည် ။

လမင်းစိုး ရင်ဘတ် ထဲ မှာ ' ဖောက်ခနဲ ' အသံ တစ်ခု မြည် သွားသည် ။

လမင်းစိုး အဖြေ ရပြီ ။

လမင်းစိုး အကြည့် ခံချင်တာ က လမင်းစိုး ချစ်ရတဲ့ လူ က ကြည့်တာမျိုး ကို ခံချင်တာပဲ ဖြစ်သည် ။

အဖြေမှန် ကို ရ သွားသဖြင့် လမင်းစိုး ပျော်၍ သွား၏ ။

ပြီးတော့ လမင်းစိုး ချက်ချင်း စိတ် ပြန် ညစ်သွားသည် ။

လမင်းစိုး ချစ်ရတဲ့ သူ က ဘယ်သူလဲ ။

လမင်းစိုး မှာ ချစ်ရမယ့် သူ တစ်ဦး မျှ မရှိ ။

လမင်းစိုး ကို ချစ်သည့် လူတွေ ကတော့ အများကြီး ဖြစ်သည် ။ ကိုကို့ သူငယ်ချင်းတွေ ထဲ က ရော ၊ စီးပွားလုပ်ဖော်ကိုင်ဖက်တွေ ထဲ က ရော ၊ ကျောင်းနေဖက် သူငယ်ချင်းတွေ ထဲ က ရော များစွာ ရှိသည် ။

အမှန်အတိုင်း ပြော ရလျှင် လမင်းစိုး သည် ရည်းစား ရော ချစ်သူ ပါ လုံးဝ မထားဖူးသေး သော နှစ်ဆယ့်တစ်နှစ် သမီးကလေး သာ ဖြစ် ပါသည် ။ဘဝ က ပြည့်စုံလွန်း နေ၍ သူ့ ဘဝ မှာ သူ လုပ်ချင်တာတွေ လျှောက် လုပ်ခွင့် အကုန် ရနေသဖြင့် ရည်းစား မထားဖြစ် တာလည်း ဖြစ်ချင် ဖြစ်မည် ။ ဒါမှမဟုတ် ဘယ်သူ့ ကို ဖြစ်ဖြစ် စိတ်တိုင်းကျ အနိုင် ရနေကျ မို့ ရည်းစား မထားဖြစ်တာလည်း ဖြစ်ချင် ဖြစ်မည် ။

လမင်းစိုး ကိုယ်တိုင် ကတော့ တစ်ခါတစ်လေ ရည်းစား ထားချင် သလိုလို ဘာလိုလို တော့ ဖြစ်ဖူးသည် ။ နောက် ကျတော့လည်း နိုင်ငံခြား ကို သူငယ်ချင်းတွေ နဲ့ ဈေး သွား ဝယ်တာတို့ ၊ ကိုကို နဲ့ ဂျပန် ကို အလည်ခဏ လိုက် သွားတာတို့ နှင့် ကြုံသည့် အခါ ရည်းစား ထား ဖို့ ကို မေ့သွားပြန်သည် ။

ဒီတော့ ရည်းစား တစ်ယောက် တော့ ထားဖို့ လိုပြီ ဟု လမင်းစိုး သည် ကိုယ့် ကိုယ် ကိုယ် ဘဲလ် ပေးလိုက်သည် ။

ထိုအချိန် မှာ ပင် မောင်းလာသော ကား ကလည်း ထိုး ရပ် သွားလေသည် ။

စက် ပြန် နှိုး သည် မရ ။ လမင်းစိုး က လည်း ကား ဆိုလျှင် မောင်းဖို့ လောက်သာ သိ သူ ဖြစ်သည် ။ ဘာဆို ဘာမှ နား မလည် ။ စက် ကို ထပ် နိုးကြည့်သည် မရပါ ။ ဒီလိုမျိုး တစ်ခါ ဖြစ်ဖူးသည် ။ နောက်ကနေ နည်းနည်းကလေး တွန်း ပေးလိုက်၍ ကားဘီး လိမ့်သွားလျှင် စက် ကို နှိုး ၊ သုံးလေးခါ နှိုး လိုက်လျှင် ရပြီ ။

ခက်နေတာက ရွှေတောင်ကြား ထဲ မှာ လမ်းလျှောက်တဲ့ သူ က အလွန် ရှားသည် ။ ကား တစ်စင်း တော့ လာသည် ။ မောင်းလာသူ က ကောင်မလေး တစ်ယောက် ဖြစ်၏ ။ လမင်းစိုး ကား ပျက်နေမှန်း သိသော်လည်း လှည့်ပင် မကြည့် ။ ဒီတော့ လမင်း တို့ ကလည်း ဆောရီး ပဲပေါ့ ။ လမင်း ကိုကို့ ဆီ ဖုန်း လှမ်း ဆက်လိုက်သည် ။

“ ကိုကို .... လမင်း ရဲ့ ကားစုတ် က ဟိုတစ်ခါ ကလို ဖြစ် ပြန်ပြီ ”

“ ကား က မစုတ်ဘူး ၊ အကောင်းစား ၊ ညီမလေး ကို ဘတ်ထရီ လဲ ပါလို့ ပြော နေတာဟာ ကို ဂရုမစိုက်ဘဲ ဘယ် မှာ ပျက်နေတာလဲ ”

“ ရွှေတောင်ကြား ထဲ မှာ ၊ သံလွင်လမ်း ၊ ကိုကို လာခဲ့ ”

“ ခွီးပဲ ကိုကို က အခုမှ FMI က ထွက်မှာ ညီမလေး ဆီ ရောက်ဖို့ နာရီဝက် လောက် ကြာ ဦးမှာ ၊ တစ်ယောက် ယောက် အကူအညီ တောင်း လိုက်ပါလား ”

“ ဒီလို နေရာ မှာ ဘယ်သူ ရှိမှာလဲ ၊ ဘယ်သူ က ရော ကူ မှာလဲ ”

“ ကောင်းပြီ .... အဲဒါဆို ညီမလေး စောင့်နေ ကိုကို လာခဲ့မယ် ၊ အင်တာဗျူး အချိန် ကို နောက်ထပ် တစ်နာရီ လှမ်း ရွှေ့ခိုင်းထားလိုက်မယ် သိလား ”

ဒီလိုနှင့် လမင်းစိုး သည် ကား ရှေ့ဖုံး ကို မှီကာ လက် ကို ပိုက် နူတ်ခမ်း ကို ကိုက် ၍ နေသော အဖြူရောင် ဒေါသနတ်သမီးကလေး ဖြစ်၍ နေလေသည် ။

ညိုမောင် လမ်း ကို ရောက်မှ ရုတ်တရက် သတိ ရသည် ။ ဒီလမ်း ဒီနေရာတွေ က သူ သွားဖူး လာဖူး သည့် နေရာတွေ မဟုတ် ။ ပြီးတော့ အိမ်တွေ ကလည်း ဟိုး ကုန်းအမြင့်ကြီးတွေ ပေါ် မှာ ၊ ကုန်းပေါ် က အိမ် မဟုတ်ပြန်ရင်လည်း ခြံဝန်း နှင့် အိမ်တွေ က တော်တော်လေး ဝေးသည် ။ အကောင်းစား သံတံခါးအပိတ်ကြီးတွေ တပ် ထားသည် ။ ၁ဝ ပေ အမြင့်ရှိသော အုတ်နံရံပေါ် မှာ ချွန်မြိထက်မြသော သံကြိုးခွေတွေ တပ်၍ ထားသည် ။ လမ်းသွားလမ်းလာ ဆို၍လည်း ညိုမောင် လျှောက်လာသည့် တစ်လျှောက် တွင် တစ်ယောက် မှ မတွေ့ရသေး ။ ဝေါခနဲ ဝေါခနဲ ဖြတ်မောင်း သွားသော ကား သုံးလေးစင်း ကို တော့ တွေ့ရသည် ။

ညိုမောင် သည် သူ့ စိတ်ကူး နှင့် သူ ထွက် လာခဲ့တာ ဖြစ်သည့် အတွက် ဘယ်လမ်း ကို ကွေ့၍ ဘယ်လမ်း ကို ချိုးခဲ့သည် ဆိုတာ ကို မမှတ်မိတော့ ။ ထိုသို့ အားငယ်ထိတ်လန့် ကြောက်ရွံ့လာတော့ ' ယသာနုဿရ ဏေဏာပိ ' ဆိုသည့် ဓဇဂ္ဂသုတ် ကို သာ ရွတ် ရ ပြန်သည် ။

ဓဇဂ္ဂသုတ် မဆုံးခင် မှာပင် ကုက္ကိုလ်ပင်ကြီး တစ်ပင် အောက် မှာ ကွမ်းယာဆိုင်ကလေး တစ်ဆိုင် ကို ညိုမောင် သွား တွေ့တော့ ဝမ်းသာလိုက်သည့် ဖြစ်ချင်း ။

“ အစ်မ ... အစ်မ ... ဒီကနေ Solo ကုမ္ပဏီ ကို ဘယ်လို သွားရသလဲ ဟင် ”

ကွမ်းရွက်အညှာတွေ ကို ညှပ် နေသော အသက်ခပ်လတ်လတ် ကုလားမကြီးက သူ့ ကို မော့ကြည့်သည် ။

“ ကျွန်မ ... မသိဘူးရှင့် ”

“ အာ .. ၊ ခဏ ... ခဏ ကျွန်တော့် ဆီ မှာ လိပ်စာ ပါတယ် အစ်မ ”

ညိုမောင် လွယ်အိတ် ထဲက လိပ်စာ ကို ကမန်းကတမ်း စိတ်လှုပ်ရှားစွာ နှင့် ရှာတော့...

ပထမ ရှာ၍ မတွေ့ ။ ဒုတိယ အကြိမ် ရှာတော့ မှ တွေ့သည် ။

“ ဒီမှာ အစ်မ .. ဒီမှာ ဒီလိပ်စာ ”

ကုလားမကြီး က ညိုမောင် ထိုး ပေးသော လိပ်စာ ရေးထားသည့် စာရွက် ကို အနား ကပ်ကာ သေသေချာချာ ကြည့်သည် ။ ပြီးမှ ....

“ အားကိုနော် ... ကျွန်မ ... စာ ... မတတ်ဘူး ”

“ သေလိုက်ပါတော့ဗျာ ”

ညိုမောင် ဒါပဲ ပြောနိုင်တော့သည် ။ ဒါမျိုးဆိုင်ကလေးတွေ ရှိသေးလား ဆိုတော့....

“ ဟိုဘက် နား မှာ နော် ရှိတယ် ”

ဆိုသဖြင့် ထိုကုလားမကြီး လက်ညှိုးညွှန်ရာ ရေဖြစ်ပါစေ ဟူသော ဆုတောင်း နှင့် ထွက်ခဲ့ရသည် ။ ကုလားမကြီး ပြသော လမ်းကလေး ထဲ သို့ ချိုးကွေ့လိုက်တော့မှ ညိုမောင် ဝမ်းသာ သွားသည် ။ ကားအဖြူကလေး တစ်စင်း နှင့် တစ်ကိုယ်လုံး အဖြူရောင် ဝတ်ထားသော ကောင်မလေး တစ်ယောက် ကားခေါင်း ကို မှီကာ လက်ပိုက် ရပ်နေ၏ ။

ညိုမောင် လာနေတာ ကို တွေ့လိုက်တော့ လမင်းစိုး သည် တော်တော် ပျော်သွား၏ ။ အခု လာနေသော သူ သည် သန်မာသော အရွယ် ရှိသော ယောက်ျားလေး မို့ ပို၍ ပျော်သွားသည် ။ သူ့ အမိုးဖွင့်ကားကလေး သည် ခွန်အား နှင့် ပြည့်စုံသော ယောက်ျားလေး တစ်ယောက် တွန်း လျှင် အလွယ်တကူ ရွေ့နိုင်ပါသည် ။

“ ဒီမှာ ... ”

နှစ်ယောက် စလုံး ပြိုင်တူ ခေါ်မိကြခြင်း ဖြစ်သည် ။

ဒါပေမယ့် လမင်းစိုး က ကြောင်၍ မသွား ၊ ပို၍ သွက်သည် ။

“ ကျွန်မ ကို ကားလေး တစ်ချက်လောက် ကူပြီး တွန်း ပေးပါလားရှင် ၊ ဟိုလေ ကျွန်မ ကား က ပေါ့ ပါတယ် ၊ ပြီးတော့ အရှိန်ကလေး နည်းနည်း ရရင် စက် နှိုးမှာပါ ။ အဲဒီလို ခဏ ခဏ ဖြစ်တတ်လို့ပါ နော် ... တွန်းပေး နော် ”

လမင်းစိုး သည် ထို စကားတွေ ကို မျက်လုံးကလေး ပြူးပြလိုက် ၊ ခေါင်းကလေး ကို ငဲ့လိုက် ၊ ယိမ်းလိုက် ၊ ပခုံးကလေး ကိုတွန့်လိုက် ၊ နူတ်ခမ်းကလေး ကို စူလိုက် ဖြင့် ပြောသွားပြီး ကားတံခါး ကို ဖွင့်၍ ကားမောင်းသော နေရာ တွင် ဝင် ထိုက်လိုက်သည် ကို ညိုမောင် ငေး နေမိသည် ။

ညိုမောင့် မှာ ဘာ ပြောစရာမှ မရှိတော့ပါ ။

ကား ကို တွန်းရန် သာ ရှိ တော့၏ ။

“ တွန်း ”

အမိန့်ပေးသံ ပါသော စကားတစ်ခွန်း ဖြစ်သည် ။ သို့သော် ညိုမောင် တွန်းပါသည် ။ ခြေ ကို ကန်ကာ စစချင်း အနည်းငယ်သာ အား စိုက်လိုက်ရပြီးသည့် နောက် သိပ် အား မစိုက်ရတော့ဘဲ ကားကလေး က အရှိန်ဖြင့် လှိမ့် ၍ သွားသည် ။ ညိုမောင် သွက်သွက်ကလေး တွန်း ပေးလိုက်ချိန် တွင် ကားစက် ကို နှိုးတော့ ကားစက် က နှိုး ၍ သွားသည် ။

ဓာတ်တိုင် နှစ်တိုင်စာ လောက် သာ ညိုမောင် တွန်း လိုက်ရပါသည် ။ စက်နှိုး သွားသော ကား ကို ကောင်မလေး က ရပ် ထားရင်းက လီဗာ ကို အဆုံး ထိ နင်း ကြည့်သည် ။ ပြီးတော့ Slow အထိ ချ ကြည့်သည် ။ ပြီးတော့ ပုံမှန် ပြန် နင်းကြည့်သည် ။ အားလုံး OK  ။

ကား ကို စိတ်တိုင်း ကျ သွားတော့ မှ ကားလမ်းနံဘေး က နေ လျှောက် သွားသော ညိုမောင် နောက်သို့ ကား ကို ဘီးလှိမ့်ရုံကလေး လှိမ့်ပြီး ညိုမောင် ရှေ့ က နေ ရပ် လိုက်သည် ။

“ ဟေ့ ... ရော့ ... ”

ပြောပြီးတော့မှ လူးဝစ်ဘော်တန်လက်ကိုင်အိတ် အသစ် ၏ ခလုတ် ကို ရုတ်တရက် ရှာ မတွေ့ ဖြစ်နေသည် ။ အခုမှ ဝယ်ပြီး ပထဆုံး ဖွင့် ရတာရော ကားတွက် စိတ် လော ရတာ ရော ကြောင့် ဖြစ်မည် ထင်သည် ။

ညိုမောင် ကလည်း ဘာမှန်း မသိ၍ ကြောင် ကြည့်ရင်း ရပ်နေမိသည် ။

လမင်းစိုး ဟိုနှိပ် ဒီနှိပ် လျှောက် နှိပ်တော့မှ လက်ကိုင်အိတ် က ပွင့်တော် မူသည် ။ တော်ပါသေးရဲ့ ။ နို့မို့ဆို အရှက် ကွဲရဦးမည် ။ လမင်းစိုး တစ်ထောင်တန် တစ်ရွက် ကို ထုတ်ပြီး လက်ညှိုး နဲ့ လက်ခလယ် ကြား မှာ ညှပ်၍ လှမ်း ပေးသည် ။

ညိုမောင့် မျက်နှာ ရှိန်းခနဲ ဖြစ်သွားသည် ။

“ ဟာ ... မဟုတ်တာဗျာ ၊ ဘာမှ မဟုတ်ဘဲနဲ့ မပေးပါနဲ့ ၊ မယူပါရစေနဲ့ ”

“ မင်း က တို့ ကို ကူညီတယ်လေ ၊ အဲဒီ တန်ဖိုး ကို အသိအမှတ် ပြုတာပါ ”

“ ဒါဆိုရင်လည်း ကျွန်တော့် ကို တစ်ခုလောက် ပြန် ကူညီပါလား ”

“ ဘာလဲ ရှင့် ကိုတော့ ကား နဲ့တင်ပြီး လိုက် ပို့ မပေးနိုင်ဘူး ”

လမင်းစိုး ၏ စကားသံ က မာသည် ။ မျက်နှာ အမူအရာ က ချက်ချင်း ပြောင်း၍ သွား၏ ။ ညိုမောင် လန့် ၍ သွားသည် ။

“ ဟာ .. ကျွန်တော် တောင်းမယ့် အကူအညီ က အဲဒါမျိုး မဟုတ်ဘူးခင်ဗျ ၊ ကျွန်တော် မနေ့ က မှ ရန်ကုန် ကို ရောက်တာပါ ”

“ အဲဒါတွေက ကျွန်မ နဲ့ ဘာမှ မဆိုင်ဘူး ၊ ရော့ ... ဒါ ယူလိုက် ပြီးပြီ ”

“ ဟာ ... မယူပါရစေနဲ့ ဗျာ ၊ ကျွန်တော် မျက်စိ လည်နေလို့ အဲ့ဒါ ကျွန်တော့် ကို တဆိတ်လောက် လမ်းညွှန် ပေးပါလား ”

လမင်းစိုး လီဗာ ကို ပုတ်ရင်း တစ်ချက် စဉ်းစားသည် ။ ပုံစံ က တော့ တောသား မှန်း မပြောလည်း သိတယ် ဆိုတာ မျက်မြင် ဖြစ်သည် ။ သူ့ ကို ကူညီထားခဲ့တော့ ဒီလောက် တော့ ကိုယ် က ပြန် ကူညီသင့်သည် ဟု ထင်သည် ။

ကော်လံလည်ကတုံး အသစ် ၊ လုံချည် က အသစ် ကို ရေ မချဘဲ ဒီ အတိုင်း ဝတ်ထားသဖြင့် ခေါက်ထားသော နေရာ က ကော့လန်၍ နေသည် ။ ကြည့်ရတာ ရယ်ချင်စရာ ။ လွယ်အိတ်ကြီး ကလည်း လွယ်လို့ ၊ ဘော်တန်လူးဝစ် လွယ်အိတ် ထင်ပါရဲ့ ။

“ လိပ်စာပါလား ”

“ အာ .. ပါ ပါတယ်ခင်ဗျ ”

ညိုမောင် က ကမန်းကတမ်း လွယ်အိတ် ထဲ က တိုးလွင် ပေးထားသော Solo လိပ်စာ ကတ်ပြားကလေး ကို ထုတ်၍ ပေးလိုက်သည် ။

ညိုမောင် လှမ်းပေးသော ကတ် ကို တွေ့လိုက်ရတော့ လမင်းစိုး ခေါင်း ထဲ မှာ ' ဝုန်း ' ခနဲ ပေါက်ကွဲသံ ကို ကြားလိုက်သလို ဖြစ်သွားသည် ။ ရင်ခုန်သံလည်း တဒုတ်ဒုတ် မြည်၍လာသည် ။ ချက်ချင်း ရရှိသော ဒေါသ ဖြင့် မော့ ကြည့်တော့ သူ့ ကို လိပ်စာကတ် ပေးသူ က ရိုးရိုးသားသား သိချင်စိတ် ၏ စိတ်အားထက်သန်မှု ဖြင့် သူ့ ကို ငေး၍ ကြည့် နေတာကို တွေ့ရသည် ။

ထို လူ့ ကို လည်း လမင်းစိုး တစ်ခါ မျှ မမြင်ဖူးပါ ။ ထို လူ က လည်း လမင်းစိုး ကို Solo ကုမ္ပဏီပိုင်ရှင် ဟု သိထားပုံ မပေါ်ပါ ။ လမင်းစိုး သည် ဒေါသ ကို ခဏ သိမ်းလိုက်သည် ။

“ မင်း .. အဲဒီကို ဘာ သွား လုပ် မလို့လဲ ”

“ အင်တာဗျုး သွား ဖြေမလို့ပါ ၊ အင်တာဗျုး အချိန် က ၉ နာရီခွဲ ကနေ ၁ဝ နာရီခွဲ ကို ပြောင်း လိုက်လို့ မနက် က ဘာမှ မစားခဲ့ရတာ နဲ့ တစ်ခုခု စားဖို့ ထွက်လာရင်း မျက်စိတွေ လည်ကုန်လို့ပါ ၊ သိရင် တစ်ဆိတ် လောက် ... ”

“ သေဟဲ့ ... နန္ဒိယ ... ”

ဟု စိတ် ထဲ က အော်ရင်း လမင်းစိုး သူ့ နဖူး ကို သူ စိတ် ထဲက ထု ပစ်လိုက်သည် ။ ရုတ်တရက် ဘာလုပ်ရမှန်း မသိ ၊ ခဏတော့ ဖြစ်သွား၏ ။ စိတ်ကို တည်ငြိမ်အောင် ပြန် ထိန်းလိုက်သည် ။ ကိုယ် က အင်တာဗျုး ရမည့် လူ နှင့် ဒီထက် ပို မဆက်ဆံသင့် ဟု ယူဆလိုက်သည် ။

“ အဲဒီ လိပ်စာ ကို မသိဘူး ”

ပြောပြီး မှ မှားသွားမှန်း သိ လိုက်သည် ။ သူ နှင့် ဒီလူက အင်တာဗျုး အခန်း ထဲ မှာ ပြန် တွေ့ကြရဦးမှာ မဟုတ်လား ၊ သွားပြီ ။

“ ရော့ .. ရော့ ယူလိုက် ”

“ အာ ... ကျွန်တော် ပိုက်ဆံ မယူပါဘူး ၊ မသိရင်လည်း ရပါတယ် ”

ညိုမောင် က လမင်းစိုး လက်ညှိုး နှင့် လက်ခလယ်ကလေး နှင့် ညှပ်ထားသော တစ်ထောင်တန် နှင့် လိပ်စာကတ် နှစ်ခု မှ လိပ်စာကတ် ကို သာ ရွေး ယူလိုက်သည် ။

လမင်းစိုး ၏ ညာဘက်လက် သည် အပေါ် ကို မြောက် တက်သွားပြီး တစ်ထောင်တန်ကလေး က ဇောတ်ထိုးဂျွမ်းပြန် အကျမှာ အဖြူရောင်ကားကလေး က ဝေါခနဲ မောင်း ထွက်သွားသဖြင့် ပိုက်ဆံကလေး သည် ကား နောက် ကို အရှိန်ဖြင့် ပါ သွားကာ လေထဲ တွင် ဝဲပျံရင်း မှ ကားလမ်းနံဘေး တွင် ထူထပ်စွာ ပေါက် နေသော မြက်ပင်များ ပေါ် တွင် ငြင်သာစွာ တင်ကျန်ရစ်ခဲ့လေသည် ။

ညိုမောင် သည် လမင်းစိုး ၏ ကားအဖြူကလေး ကို ငေး ၍ နေမိသည် ။ ညိုမောင် ငေး နေသော လမ်း ၏ မျက်စိတစ်ဆုံး ကို ရောက်တော့ ကားကလေး ဆတ်ခနဲ ကွေ့ချပြီး ညိုမောင့် မြင်ကွင်း ထဲ ကနေ ပျောက် ၍ သွားသည် ။

ရန်ကုန်သူ တွေ တကယ် ချောတယ် ဆိုတာ ကို ညိုမောင် နဖူးတွေ့ ဒူးတွေ့ ကြုံ လိုက်ရသဖြင့် လုံးဝ လက်ခံသွားပြီ ဖြစ်လေသည် ။ ကားလေး က လည်း အဖြူရောင် ၊ ဝတ်ထားတာ က လည်း တစ်ကိုယ်လုံး အဖြူရောင် ... ဆိုတော့ ဒီကောင်မလေး ကို ညိုမောင် က ' လမင်းလေး ' ဟု သူ့ ဘာသာ အမည် ပေးလိုက်၏ ။

ပြီးတော့ မြင်ပင်ရှည်တွေ ပေါ် မှာ ကိုယ်ဖော့ ၍ ပလက်ကလေး လှန် အိပ်နေသော တစ်ထောင်တန်ကလေး ကို သွား ကောက်ပြီး ကားကလေး ထွက်ရာ ဘက်သို့ပင် လမ်းလျှောက်ခဲ့သည် ။

သူ့ နာရီ ငုံ့ကြည့်တော့ ၉ နာရီနှင့် ၄၁ မိနစ် ရှိနေပြီ ၊ ၁ဝ နာရီခွဲ ဖို့ အချိန် ၄၁ မိနစ် တိတိ လို သေးသည် ။ ထိုအချိန်တွင်း သူ ကုမ္ပဏီ ကို ပြန် ရောက်ဖို့ လိုသည် ။

ညိုမောင် သည် တဆတ်ဆတ်ဖြင့် သွား နေသော နာရီကလေး ကို ညာဘက်လက်ဖဝါးကလေး နှင့် အုပ်ပြီး ပြုံး လိုက်သည် ။ ထို နာရီကလေး ကို သူ့ အဘိုး က သူ့ အဖေ ကို ပေး ခဲ့သည် ။ သူ့ အဖေ က သူ ၈ တန်း ဖြေသည့် နေ့ မှာ ဒီ နာရီကလေး အမွေ ပေးခဲ့သည် ။

“ ဒီ နာရီ ကို မင်း အဘိုး ရပုံ က ဆန်း တယ်ကွ ၊ ငါတို့ ရွာ ချောင်း ထဲ မှာ သေနတ် မှန် ပြီး ရေနစ် နေတဲ့ အင်္ဂလိပ်ကြီး တစ်ယောက် ကို မင်း အဘိုး က ဆင်း ဆယ်ပြီး ဆရာတော့် ဆီ ပို့ ၊ ဆရာတော် က သူ ဖော်ထားတဲ့ ဆေး နဲ့ ကုလို့ ပျောက် သွားတော့ အင်္ဂလိပ်ကြီး က မသေတော့ဘဲ နောက် ရောက်လာတဲ့ စစ်တပ် နဲ့ ပြန်ထွက် လိုက်မယ့် နေ့ မှာပဲ မင်း အဘိုး ကို အမှတ်တရလက်ဆောင် ဆိုပြီး ပေးခဲ့တာ ၊ ထူးဆန်းတာ က အဲဒီ အင်္ဂလိပ်ကြီး ကို လည်း သူ့ အဖေ ရဲ့ အဖေ သူ့ အဘိုး ကပဲ ပေး ခဲ့တာတဲ့ကွ ”

“ ဟာ .. ဒါဆို ဒီနာရီ က သက်တမ်း ကြာပြီပေါ့ ”

“ ဒါပေါ့ကွ ၊ ဆွစ်ဇလန်မိတ် ကွ ၊ နှစ်တစ်ရာ မှာ တစ်မိနစ် လွဲရင် နာရီ ရဲ့တန်ဖိုးထက် အဆတစ်ရာ ဆိုလား တစ်ထောင် ဆိုလား ၊ တစ်သောင်း ဆိုလား ပြန် ပေးမယ်ဆိုတာ သူတို့ ကြော်ငြာတာပေါ့ကွ ”

ထိုကြောင့် ညိုမောင် သည် ရာဇဝင် ရှိသာ ထို နာရီကလေးကို သိပ် မြတ်နိုးသည် ။ သူ့ နာရီကလေး က ပြသော အချိန် သည် ဒီကမ္ဘာ ပေါ် တွင် အမှန်ဆုံး ဟု လုံးဝ စွဲမြဲစွာ ယုံကြည် ထားသည် ။

လူ တစ်ယောက် မှာ တစ်ခါတစ်လေ တစ်ခုခု ရူးသွပ်ခွင့်ကလေး တော့ ရှိထားသင့်သည် ဟု ထင် ပါသည် ။ ထိုအချိန်မှာပင် ညိုမောင် လမ်းကလေး ကို ကွေ့လိုက်တော့ ဟိုဘက်လမ်း ကနေ ညိုမောင့် လို ပဲ ကွေ့ လိုက်သော လူတစ်ယောက် ကို တွေ့လိုက်တော့ ညိုမောင် ဝမ်းသာသွား၏ ။ ပြီးတော့ အံ့ဩသွား၏ ။ အဘယ်ကြောင့် ဆိုသော် ထို လူ က ညိုမောင့် ကို ပြုံး ပြလိုက်သောကြောင့် ဖြစ်သည် ။

“ စားခဲ့ ပြီးပြီလား ”

“ ခင်ဗျာ ”

အပြုံး အပြင် စကား ပါ ပြောသဖြင် ညိုမောင် ပို၍ ဘာ လုပ်ရမှန်း မသိ ဖြစ်သွားသည် ။ သေချာတာက ထို လူ့ ကို ညိုမောင် လုံးဝ မသိပါ ။

“ ခင်ဗျား အင်တာဗျူး လာ ဖြေတာ မဟုတ်လား ၊ ကျွန်တော် လည်း အတူတူပါပဲ ၊ ခင်ဗျား ကို အချိန် ပြောင်းတာ ဖတ် ကတည်း က သတိထား မိတာ ”

“ ဟာ .. ဝမ်းသာလိုက်တာဗျာ ၊ ကျွန်တော် မျက်စိ လည်နေလို့ ”

“ ဒါဆို ဘာမှ မစားရသေးဘူးပေါ့ ”

“ ဟုတ်တယ် မစားရသေးဘူး ”

“ ဒီဘက်အကွေ့ မှာ မုန့်ဟင်းခါးတို့ အသုပ်တို့ ရောင်းတဲ့ ဆိုင်ကလးတွေ ရှိတယ်ဗျ ၊ သွား ကြရအောင် ”

“ ကုမ္ပဏီ နဲ့ တော်တော် ဝေး သေးလား ”

“ ဟာ ခင်ဗျား ကလည်း ကုမ္ပဏီ က ရှေ့ကွေ့ကလေးတင် ဟာ ၊ လာစမ်းပါ ”

ညိုမောင် သက်ပြင်းကြီး ကို ချရင်း ထိုလူ နှင့် အတူ ထွက် ခဲ့လေသည် ။

◾ နီကိုရဲ

📖 ဘာကြီးလဲ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment