Saturday, July 23, 2022

ဘာကြီးလဲ ( ၁၃ )


 ညိုမောင် မနက် ၅ နာရီ ၁၀ မိနစ်လောက် သော်သော် တို့ ထမင်းကြော်ဆိုင် ကို ထွက်ခဲ့သည် ။ ညိုမောင် ရောက်တော့ သော်သော် တစ်ယောက်တည်း အသုပ် သုပ်နေသည် ။ သော်သော့် ပါးက သနပ်ခါး ပါးကွက်ပင် မခြောက်သေး ။ မော်မော့် ကိုလည်း မတွေ့ရ


“ မော်မော် ရော ” 


“ အင်း  ...  နေမကောင်းလို့ တဲ့ ” 


ဒါဆို ညိုမောင် ဆက်မေးစရာ မရှိတော့ပါ ။


“ ကိုညို စားတော့မလား ” 


“ လူ ရှင်းတုန်း စားထားလိုက်မယ်လေ ၊ ဒီနေ့ ဆိုင်ထွက် နောက်ကျတယ် ဟုတ်လား ” 


“ ဘာဖြစ်လို့ ပြောတာလဲ ” 


“ သော်သော့် သနပ်ခါး ပါးကွက် က မခြောက်သေး လို့ ” 


“ ဆိုင်ထွက် နောက်ကျဘူး ၊ သနပ်ခါးလိမ်း နောက် ကျ တာ ” 


သော်သော် ပြောရင်း ဆိုရင်း ထမင်းကြော်ပန်းကန် ကို လှမ်း ပေးသည် ။ ထုံးစံ အတိုင်း ဝက်စပ်ရည် များများဆမ်း ၊ အချဉ်များများ နှင့် ဝက်ချိုတုံးကြီး သုံးတုံး ။


ညိုမောင် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပြီး ထမင်းကြော် ကို အားရပါးရ အမြန် စားသည် ။ အရင်က ဘုန်းကြီးကျောင်းသား လက် ၊ အခု အဆောင်နေသူ့ လက် ဆိုတော့ သိပ် မြန်သည် ။ ၁ဝ မိနစ် မပြည့်ခင် လိုက်ပွဲ တစ်ပွဲ ပါ ကိစ္စ ချောသွား၏ ။


ညိုမောင့် ဘေး မှာလည်း စား နေကျ ဖောက်သည် တွေ ရောက်လာပြီ ဖြစ်သည် ။ သော်သော် အသုပ်တစ်ပွဲ ကို သုတ် ပေးနေရသည် ။ အသုပ် က အချိန်တော်တော်လေး ယူ သည် ။ ထည့်ရတာက အစုံ ၊ ပြီးတော့ နယ်ဖတ် ပေးရသေး၏ ။ ပေါ့လို့ ၊ ငန်လို့ ၊ ဘာ လိုနေမှန်း မသိလို့ ဆိုတာတွေ က လည်း ရှိသေး၏ ။ အသုပ် တစ်ပွဲ သုပ်ချိန် တွင် ထမင်းကြော် ဆိုလျှင် ခြောက်ပွဲလောက် ပြင် ပေးနိုင်၏ ။


ညိုမောင် သူ့ ပန်းကန် ကို ဇလား ထဲ ထည့်ပြီး သော်သော့် ကို ကူ လုပ်ပေးသည် ။


“ ရပါတယ် ကိုညို ရယ် ၊ ကုမ္ပဏီ မှာ အလုပ် ရတဲ့ သူက ဒီလို အလုပ်မျိုး ကို ဝင် ကူမနေပါနဲ့ ၊ ထားခဲ့ပါ ”  


“ သော်သော့် ကို မခနဲ့တတ်ဖူး ထင်နေတာ ၊ သော်သော်လည်း ခနဲ့တတ်သားပဲ နော် ”  


“ ဟုတ်တာကို ရင် ထဲက အတိုင်း ပြော တာပါ ကိုညို ရယ် ၊ သော်သော် ကို တကယ် ကူညီချင်ရင်လေ ကိုညို တို့ ကုမ္ပဏီ မှာ ပဲ ဖြစ်ဖြစ် ၊ ကိုညို နဲ့သိတဲ့ အခြား ကုမ္ပဏီတွေ မှာ ပဲ ဖြစ်ဖြစ် အလုပ် လိုရင် သော်သော့် ကို ပြောပါ ကိုညို ရယ် နော် ” 


သော်သော့် စကား ကြောင့် ညိုမောင် စိတ် မကောင်း ဖြစ်သွားသည် ။ အင်းလေ သူ လည်း ဒီ အရွယ် မှာ ထမင်းကြော် နဲ့အသုပ် ကို တစ်သက်လုံး ဘယ် ရောင်းချင်ပါ့ မလဲ ၊ ဒါပေမယ့် သူ ကလည်း ဒီနေ့ မှ စ အလုပ်ဆင်းမည့် လက်သစ် ။ သော်သော့် အားကိုးမှု ကို သူ နားလည်နိုင်ပါသည် ။


သွက်လက်သော သော်သော့် ကို သေသေချာချာပင် ညိုမောင် ကြည့်သည် ။ သော်သော့် မျက်နှာပေါက် သည် အရမ်း ချောသည် ဟူသော စာရင်း ထဲ တွင် မပါပါ ။ မျက်လုံး နှင့် နှာတံ တော့ ပိရိသေသပ်ပါသည် ။ ဆံပင် နှင့် ကိုယ်လုံးကိုယ်ပေါက် ကတော့ ကိုယ့် ဆရာ တို့ အကြိုက် ဖြစ်လိမ့်မည် ။ သော်သော့် မျက်နှာကျ သည် မြန်မာမိန်းကလေး အတော်များများ တွင် တွေ့ရလေ့ ရှိသော မြန်မာဆန်မှု အပြည့်အဝ ရှိပါသည် ။


“ သော်သော် က ကျောင်း နဲ့ ဆိုင် ၊ ဆိုင် နဲ့ကျောင်း ဖြစ်နေတော့ အဲဒါတွေ ကို အားမထား နိုင်လို့ပါ ၊ အဲဒါ ကူညီပါနော် ...  ကိုညို ” 


“ အေးပါ သော်သော် ရယ် ၊ ကျွန်တော် ကလည်း ကုမ္ပဏီ ဆိုတာကို ဒီနေ့မှ စပြီး အလုပ် ဆင်းမယ့် ငတိ ပါ ။ ကုမ္ပဏီ က အသိ ဆိုလို့ တိုးလွင် တစ်ယောက် ပဲ ရှိသေးတယ် ” 


“ ဒါကတော့ လုပ်ရင်းနဲ့ သိ သွားမှာပေါ့ ကိုညို ရယ် ၊ သော်သော် လေ ကိုယ့် အရည်အချင်း ပေါ်မှာ မူတည်ပြီး ဘဝပြောင်းလဲ နိုင်မယ့် အလုပ်မျိုး ကို လိုချင်တယ် ကိုညိုမောင် ရယ် ၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ သော်သော် လုပ်နိုင်ပါတယ် ”  


နွမ်းလျသည့် မျက်နှာ နှင့် ပြော လာသော သော်သော့် ကို ညိုမောင် ငေး ကြည့်နေမိသည် ။ သော်သော့် အရွယ် သော်သော် လို ခံစားချက် နဲ့ မိန်းကေလး တွေ မြန်မာနိုင်ငံ မှာ ဘယ်လောက်များ ရှိနေလဲ ။


“ အခု ထမင်း ရောင်းတယ် ဆိုတာက သော်သော် ဘယ်လောက်ပဲ အပင်းပန်း ခံခံ ကောင်းအောင် ချက်ချက် ၊ အချိန် တန်ရင် ဒီ စားနေကျ လူရဲ့ ဒီ အမြတ်ကလေး နဲ့ပဲ  ၊ ဘဝ အတွက် ဘာမှ အာမခံချက် ရှိတာ မဟုတ်ဘူး ကိုညိုမောင် ၊ ဘာမှလည်း တိုးတက် မလာနိုင်ဘူး ” 


“ သော်သော် က ကျောင်း ဘယ်တော့ ပြီးမှာလဲ ” 


“ ရှေ့လ စာမေးပွဲ ကိုညိုမောင် ၊ သေချာပါတယ် ၊ သော်သော် အောင်မှာပါ ၊ သော်သော် တောင်းတဲ့ အကူအညီ ကို သာ  ...” 


“ စိတ်ချပါ သော်သော် ရယ် ၊ သော်သော် ပြောတဲ့ စကားတွေ အားလုံး ကျွန်တော့် ရင် ထဲ ကို ရောက်ပါတယ် ၊ကျွန်တော် အမြဲ မှတ်မိနေမှာပါ ၊ ကျွန်တော် တခြား ကုမ္ပဏီတွေ နဲ့ ဆက်ဆံခွင့် ရတိုင်း သော်သော့် အတွက် စုံစမ်းပေးပါ့မယ် ” 


တည်ကြည်လေးနက်စွာ ညိုမောင် ကတိ ပေး မိသည် ။


အရင်တုန်းက သော်သော့် ကို ဈေးရောင်းတာ ပျော်ရွှင်သွက်လက်နေသည် ဟု ထင် ခဲ့သည် ။ အခုမှ သော်သော် သည် ခန္ဓကိုယ် နှင့်လက် က သွက် သော်လည်း နှလုံးသားကလေး က နွမ်းယဲ့ နေပါလား ဟု သတိထား မိ သွားသည် ။


သော်သော် တို့ ဆိုင် က ပြန် လာတော့ သူ့ ဘဝ အပြင် ရင် ထဲ မှာ ဘဝ အပိုလး တစ်ခုပါ ကပ်ငြိမိလာကြောင်း ညိုမောင် မရိပ်မိခဲ့ပါ ။ သို့သော် အဲဒီ နေ့ ကုမ္ပဏီ ကို ရောက်သည် အထိ သော်သော် အကြောင်း သာ တွေး နေမိသည် ။


   •••••   •••••   •••••   •••••


တိုးလွင် က ၇ နာရီ ကတည်း က မှာ ထားသဖြင့် ညိုမောင့် ကို ခေါ်မနေတော့ဘဲ ထွက် သွားသည် ။ကုမ္ပဏီ ကား မောင်းရသည် ဆိုတာက အချိန် ကို ကိုယ် က မပိုင်သော ဘဝမျိုး ဟု တိုးလွင် က အစောကြီး ကတည်း က ပြောပြထားဖူးသည် ။


ညိုမောင် အဆောင် မှာ ၉ နာရီ ထိုးအောင် တစ်ယောက် ထဲ ထိုင် စောင့်နေရသော တုန်လှုပ်မှု ထက် စာလျှင် အလုပ် ကို စောစော သွားနေလိုက်တာက ပို ကောင်းမည် ဟု စဉ်းစားပြီး (၈ : ၁ဝ) နာရီ မှ အလုပ် သို့ ထွက် လာခဲ့သည် ။


ညိုမောင် လမ်းထိပ် ရောက်တော့ ဆိုင် သိမ်းကာစ သော်သော့် ရှေ့ ကနေ ကုမ္ပဏီ ကို အလုပ် ဆင်း ရတာ ဘာကိုမှန်း မသိ မျက်နှာ ပူနေမိသည် ။ ညိုမောင် သည် အဲ့လို ကောင်မျိုး ဖြစ်ပါသည် ။


ရုံး ကို ရောက်တော့ ဖွင့်ကာစပဲ ရှိသေးသည် ။ ကံကောင်းစွာပင် ညိုမောင် ဦးဌေးဝေ နှင့် တွေ့ သည် ။ဦးဌေးဝေ နှင့် အေးအေးဆေးဆေး တစ်ကြိမ် မှ မတွေ့ရသေးပါ ။ အခုတောင် ဦးဌေးဝေ က ကား သုတ် နေသဖြင့် အား မအား မသေချာ ။


“ ဦးဌေးဝေ ” 


“ ဟာ  ...  ညိုမောင်ကြီး ၊ ဘယ်နဲ့ စောလှချည်လား  ၊ မင်း အလုပ်ရတာ ဝမ်းသာတယ်ကွာ ၊ တစ်ရွာတည်းသားချင်းလည်း ဖြစ်တော့ ပျော်လည်း ပျော်တယ် ၊ ဘယ်နဲ့စော လှချည်လား ” 


“ အဆောင်မှာ ထိုင်နေလည်း မထူးတာနဲ့လေ ၊ အခု ဦးဌေးဝေ ကား အားတယ်မလား ” 


“ ကား  ...  မင်း က ဘယ် သွားချင်လို့ လဲ ” 


“ အာ  ...  မဟုတ်ပါဘူး ၊ ဦးဌေးဝေ ကလည်း ကား အားရင် လည်း အားပြီပေါ့ ၊ ဒီတော့ ဦးဌေးဝေ ကို တစ်ခုခု လိုက် ကျွေး မလို့ ခေါ်တာ ၊ အောင်စာရင်း ထွက်တဲ့ နေ့ ကလည်း ဦးဌေးဝေ က အား မှ မအားတာ ကိုး ” 


ဦးဌေးဝေ က နာရီ ကို ကြည့်သည် ။


“ မကြည့်နဲ့ ၊ ၉ နာရီ ၃ မိနစ် ပဲ ရှိသေးတယ် ”  


“ ဒါဆို အဆင်ပြေပါတယ် ငါ့ ကား ကို စီးတဲ့ မယ်တော်တွေ က ၁ဝ နာရီ လောက် မှ လူ စုံတာကွ ၊ အဲ့ဒီ နောက်ပိုင်း ဆိုရင်တော့ မင်း ကို ငါ ပြုံး ပြ ဖို့တောင် အချိန်မရှိဘူး မှတ်တော့ ” 


“  ဦးဌေးဝေ က သူတို့ကို ဘယ်တွေ လိုက် ပို့ရတာလဲ ” 


“ မားကတ်တင်း ( န် ) တဲ့ ကွာ ၊ ဈေးတွေ ရော စူပါမားကတ် တွေ ရော ၊ လမ်းဘေး က စတိုးဆိုင် တွေ ရော ၊ ရပ်ကွက် ထဲ က ဆိုင် တေွ ရော စုံနေတာပဲ ၊ ခက်တာက အဲ့ဒီလို ဆယ့်လေးငါးရက် လောက် ဝီခေါ် သွားပြီးရင်လည်း ၊ တစ်ပတ်လောက် ငါ က ဘာမှ မလုပ်ရပဲ အား နေပြန်ရောကွ ”  


သူတို့ ကုမ္ပဏီ နှင့် သိပ် မဝေးသော လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေး မှာ ထိုင်ပြီး ဦးဌေးဝေ မေးသော ရွာအကြောင်း ကို ညိုမောင် က ဖြေ ပေးရသည် ။ ဘယ် ကာလသားဖြင့် အိမ်ထောင် ကျသွားပြီး ၊ ဘယ်သူဖြင့် ဆုံးသွားပြီ စသည်ဖြင့် ဖြစ်သည် ။ ဦးဌေးဝေ က ညိုမောင် ရန်ကုန် မတက်ခင် တစ်လ လောက် က ခွင့် နှင့် ရွာ ကို တစ်ပတ်လောက် ပြန်လာသေးသဖြင့် သတင်းထူးအဆန်း သိပ် မရှိလှပါ ။ ဦးဌေးဝေ ရန်ကုန် အပြန်မှာပင် ညိုမောင် ၏ C.V Form တင်ခဲ့တာ မဟုတ်လား ။


“ ဪ  ...  မေ့နေလို့ ညိုမောင် ၊ ချိုတူး ရယ် ၊ သူ့အစ်မ မိစန်းရယ် ၊ ရန်ကုန် ရောက်နေကြတယ် ၊ မင်္ဂလာဈေး မှာ အလှူအတွက် ပစ္စည်းတွေ လာ ဝယ်ကြတယ် လို့ ပြောတာပဲ ၊ စတုဘုံမ္မိက မှာ တည်း တယ်တဲ့ ၊ မင်း အလုပ် ရတာ ရွာ ကို စာ ရေးချင်ရင် ရေးပြီး သွား ပေးလိုက်လေ ၊ မြန်တာပေါ့ ” 


“ ဟာ  ...  စနေနေ့ ထိ ရှိဦးမလား ” 


“ ရှိဦးမယ် ၊ နောက် တစ်ပတ်တော့ ကြာဦးမယ် ပြော တာပဲ ” 


“ လူ တွေ ရောက်လာကြပြီ ဆိုတော့ သွားကြရအောင် ဦးဌေးဝေ ၊ ရှင်းမယ်  ...  ” 


“ အေး  ...  နေစမ်းပါဦး မင်းက ဘယ်နေရာ မှာ တာဝန်ကျတာလဲ ” 


“ စာဝင်စာထွက် တဲ့ ” 


“ ဟာ  ...  ဒါဆို ဝင်ဝင်ချင်းပဲ ကောင်းတာပေါ့ ကွ  ” 


ဦးဌေးဝေက “ ကောင်းတာပေါ့ကွ ”   ဟု ပြောသောနေရာ ကို သူ သတင်း ပို့ပြီး အလုပ် စ ဆင်းတော့ ထို နေရာ ကို အတော်တော် များများ အံ့ဩ နေ ကြသည် ။ စာဝင်စာထွက်ဌာန တွင် ညိုမောင့် အတွက် အလုပ်ဖော် မိတ်ဆွေ သုံးဦး ထပ် တိုးသည် ။


ပထမ တစ်ယောက် က ကိုသက်ဝင်း ဖြစ်သည် ။


ညိုမောင့် ထက် ကြီးသည် ။ စကား နည်းသည် ။ တည်ကြည်ဖြောင့်မတ်သည် ။ အလုပ် ကို စနစ်တကျ ကျွမ်းကျင်သူ ဖြစ်ကြောင်း ၊ ခိုင်းသည့် အခါတွင် ပြောသော စကားများ ကို ကြည့်၍ သိသာသည် ။


နောက် သုံးယောက် က ဝါဝါဦး ၊ သူဇာ နှင့် ရီရီထွေး တို့ ဖြစ်သည် ။


ရီရီထွေး က ကုမ္ပဏီ သို့ လူမှုရေးအရ ဖြစ်စေ ၊ အလုပ်ကိစ္စ ဖြစ်စေ ၊ တွေ့ရန် လာသော ဧည့်သည်များ အား ခဏ စောင့်ဆိုင်းရန် နေရာ ပေးပြီး  ၊ ထို တွေ့ချင်သူ ရှိသည့် ဌာနသို့ ဖုန်းဆက်ပြီး ခေါ် ပေးရသည့် ကိစ္စကို လုပ်သည် ။ ထို အလုပ် သည် တစ်ရုံးလုံး မှာ ရှိသည့် ဝန်ထမ်းတွေ ဘယ် Section  မှာ ရှိသည်ဆိုတာ ကို သိထားမှ ဖြစ်မည် ။ ပြီးတော့ လူမှုရေးအရ ကိစ္စ နှင့် လာသော ဖုန်းများ ကို လိုင်း ခွဲပေးရသည် ။ Solo ကုမ္ပဏီတွင် ချစ်မင်းစိုး ၊ လမင်း နှင့်  MD ဒေါ်ချစ်ချစ်စု တို့မှ လွဲ၍ တိုက်ရိုက် ဖုန်း မရှိပါ ။ လုံးဝ ပေးမထားပါ ။ Reception မှ ဖုန်းလိုင်းခွဲ ဖြင့် သာ သွားရသည် ။ ထို ဖုန်းကိစ္စကို သူဇာ က ကူညီပေးတတ်ပြီး သူဇာ ၏ ပင်မ အလုပ် က ထွက်စာများ ကို Solo ကုမ္ပဏီ တံဆိပ်ရိုက်ခြင်း ၊စာအိတ်ပိတ်ခြင်း ၊ ချိတ်ပိတ်ခြင်း စသည်တို့ ဖြစ်သည် ။


ဝါဝါဦး ကတော့ ဝင်စာများ အားလုံးကို ဝင်စာနံပါတ် နှင့် အတူ မှတ်တမ်းယူ ၊ ဝင်စာနံပါတ် ရေးပြီး ၊ သူ့ ဌာနစိတ် အလိုက် ခွဲဝေပြီး ဖိုင်တစ်ခုစီ သီးခြား ခွဲပြီး MD မှ တစ်ဆင့် လမင်းစိုး နှင့် ချစ်မင်းစိုး တို့ ဆီ သို့ တင် ရခြင်း ဖြစ်သည် ။ ထို စာတွေ ကို ချစ်မင်းစိုး တို့ မောင်နှမ က ဖတ်ပြီး သူ့ Section အလိုက် ပြန် ခွဲဝေ ပေးတော့မှ လုပ်ငန်း က စ ကြခြင်းဖြစ်သည် ။


ကိုသက်ဝင်း ကတော့ နယ်ကိုယ်စားလှယ် လွှဲစာများ ၊ Bank Account များ ၊ ချက်လက်မှတ်များ ကို သီးသန့် ကိုင်သည် ။


“ ကိုညိုမောင့် ကို ကျွန်တော် ပေးချင်တဲ့ တာဝန် က ဝါဝါဦး နှင့် တွဲ ဗျာ ၊ ဘယ်လို စာ ကို ဘယ် Section ကို တင်ရတယ် ၊ ဘယ်လို ခွဲရတယ် ၊ Record ဘယ်လို သွင်းရမယ် ၊ ဝင်စာနံပါတ် ဘယ်နေရာ မှာ ရေးရမယ် ဆိုတာတွေ ကို ဝါဝါဦး က ပြပေးလိမ့်မယ် ၊ ခက်ခက်ခဲခဲ မရှိပါဘူးဗျာ ၊  Section ခွဲတာ က တစ်ပတ် ဆို မှတ်မိတာပါပဲ ၊ အရေးကြီးတာ က နံပါတ်တွေ ကို မမှားဖို့ အဓိကဘဲ ဗျ ” 


“ ဟုတ်ကဲ့ ...  ကျွန်တော် ကြိုးစားပါ့မယ် ” 


ညိုမောင် တကယ်ပင် ကြိုးစားပါသည် ။ ခက်တာက ဝါဝါဦး ရော သူဇာ နှင့် ရီရီထွေး တို့ ကပါ ညိုမောင့် ကို “ ဦး ”  ဟု ခေါ်ကြခြင်းပင် ဖြစ်သည် ။ သူ့ ထက် ငယ်သည် ဆိုတာ ကိုတော့ ညိုမောင် သိပါသည် ။ သို့သော် ဦး ဟု ခေါ် တာတော့ လွန်သည် ဟု ထင်သည် ။


ဝါဝါဦး ဆိုသည့် ကောင်မလေးကလေး က ဝဝကစ်ကစ်ကလေး ခင်ချင်စရာ ကောင်းသည် ။ ရယ် လိုက်ရင် ပါးချိုင့်ကလေး ကလည်း ပါ သေး၏ ။ သူ့ နှမ သာ ဆိုလျှင် ညိုမောင် သည် ဝါဝါဦး ကို ပါးဆွဲလိမ်ပြီး စ စနေ မိ မှာ သေချာသည် ။


ဆယ့်တစ်နာရီ ထိုးလောက် မှာ ဝင်စာတွေ ကျဲသွားသည် ။


“ ကဲ ... ဦး ခဏနား လို့ ရပြီ ၊ ညနေ ၃ နာရီ လောက်မှ ပြန် အလုပ် ရှုပ်မှာ ”  


“ နင် တို့ ထက် ငါ က အသက် ကြီးတာ တော့ သိ ပါတယ် ဟာ ၊ ဒါပေမယ့် ဦး လို့ ခေါ်ရုံ လောက်တော့ မဟုတ်သေးဘူး နဲ့ တူတယ် ” 


“ အာ ...  ဘာဖြစ်လို့ မတူရမှာလဲ တူတာပေါ့ ၊ ဝါဝါ တို့ က ခုမှ ၁ဝတန်း အောင် တာ ၊ နေပါဦး ဦး တို့ ကို ဘွဲ့ရ ခေါ်တာ ဦး က ဘာဖြစ်လို့ ဒီ Reception ကို ရောက်လာရတာလဲ ” 


“ အင်းလေ ကျန်တဲ့ လူတွေ ကျတော့ ရေးရာတွေ ကိုင်ရတယ် ” 


“ ယောကျာ်းလေး နှစ်ယောက် မှာ တစ်ယောက် ကို ဒု - ခွဲမှူး လား ဖြစ်သွားတယ် ၊ ဦး ကျမှ ဘာဖြစ်လို့ ဒီကို ကျရတာလဲ ” 


“ ဟဲ့ ... ကောင်မလေးတွေ ...” 


ဝါဝါ တို့ သုံးယောက် ဇက်ကလေးတွေ ပုပြီး လျှာကလေးတွေ တစ်လစ် ဖြစ်ကုန်ကြ၏ ။ ကိုသက်ဝင်း သည် ကိုယ် နှင့် မဆိုင်သော ကိစ္စများ ကို စပ်စုတာ မကြိုက်ပါ ။


“ ရပါတယ် ကိုသက်ဝင်း ရဲ့ ၊ သူတို့က ရိုးရိုး မေးတာပဲ ဟာ ၊ ကျွန်တော် က ဒီ အလုပ်က လွဲရင် ဘယ်အလုပ် ကို မှ မလုပ်ဖူးဘူးလေ ၊ ဒီနေရာ က အောက်ခြေ အကျဆုံး နေရာလို့ ဟို ...  အဲဒီလေ ...  ” 


ညိုမောင် က လမင်း ရှိရာ အခန်း ကို လက်ညှိုး ထိုး ပြရင်း လမင်းစိုး ကို ဘယ်လို နာမ ၊ ဝိဂြိုလ် ပြုရမယ် မှန်း မသိ ဖြစ်နေ၏ ။


“ အို ...  လက်ညှိုးကြီး မထိုးနဲ့လေ  ၊ အဲဒီ မမ ကို GM လို့ ခေါ်ရင် ရတယ် ” 


“ ဟုတ်ပြီ ၊ သူ က ပြောပြီးတော့ မှ ခန့် တာပါ ၊ ကျွန်တော် က လည်း အခြေခံ အဆင့် က စပြီး သင်တာ အကောင်းဆုံး ဆိုတော့ ကျေနပ် ပါတယ် ” 


“ ဦး က ဘာ နဲ့ဘွဲ့ ရတာလဲ ဟင် ” 


“ အီကို နဲ့ ” 


“ ဟင် ...  ဒါဆို ရေးရာ တစ်ခုတော့ ကောင်းကောင်း ထား လို့ရတာပဲဟာ ၊ တလောက ရိုးရိုး ဘွဲ့ရတာတွေ ကို တောင်မှပဲ ရေးရာတွေ မှာ တွဲဖက်တွေ ခန့်တဲ့ ဟာ အခု Reception မှာ များ လာ တွဲ ရတယ်လို့ ” 


“ နောက်ကျတော့လည်း မ GM က ခန့်မှာပေါ့ ဟာ ” 


ညိုမောင့် စကား ဆုံးတော့ ဝါဝါဦး တို့ သုံးယောက် လမင်း ရှိသည့် အခန်းဘက် ကို ကြည့်၍ ရယ် လိုက်ကြသည် ။ ဝါဝါ တို့ ရယ်တာက ညိုမောင် ၏ ' မ GM ' ဆိုသော အခေါ် ကို သဘော ကျသောကြောင့် လမင်း အခန်း ကို လှမ်း ကြည့်ရင်း ရယ်ကြခြင်း ဖြစ်သည် ။


“ GM ဆို ရပါပြီ ဦး ရဲ့ ” 


“ လူကြီး ဆိုတော့ လေးစားရမယ်လေ ဟာ ” 


ညိုမောင့် စကား ဆုံးတော့ ကောင်မကလေးတွေ က ရယ်ပြီး သူ ရှိရာ အခန်းဘက် ကို လှည့်လှည့် ကြည့် ကြကြောင်း ကို အခန်း ထဲ က လမင်း တွေ့ နေရသည် ။ ဧကန္တ ဒီ ကောင် သူ့ ကား ကို တွန်း ပေးခဲ့ရတဲ့ အကြောင်း ကို ဖောက်သည် ချနေတာပဲ ဖြစ်ရမည် ။


တွေးပြီးသည် နှင့် တွေးပြီး သော အတွေး ကို ယုံကြည်သော ယုံကြည်မှု နှင့် ထို ယုံကြည်မှု မှ လာသော ဒေါသ ကို လမင်း တဆက်တည်း လက်ခံ လိုက်သည် ။ ဒီနေ့မှ အလုပ် ဝင်တဲ့ သူ က ဒီကလေးမတွေ နဲ့ ဟီးဟီးဟားဟား ဖြစ်စရာ ဆိုလို့ သူ့ အကြောင်း ကို ပြောတာ တစ်ခုပဲ ဖြစ်ရမည် ။ သူ့ အကြောင်း ဆိုလျှင် လည်း ' ကား ' ကိစ္စ သာ ဖြစ်ရမည် ။


လမင်းစိုး သည် သူ့ ကိုယ် သူ တော်တော် ဒေါသ ဖြစ်၍ သွားသည် ။ ကိုကို့ ကို အတိုက်အခံ ပြောပြီး ဒီငတိ ကို မခန့်ဘဲ ထားလျှင် ရလျက်သားနှင့် ဥက္ကာကျော်  နှင့် အလဲအလှယ်သဘောမျိုး လုပ်၍ ထည့် ခဲ့မိသည် ။ အခု ဒီ ကောင် က သူ့ အရှက် ကို ခွဲ နေပြီ ။ ဒီ ကောင်မလေးတွေ သိသွားလျှင် သူ ကားပျက်သည် ကို တစ်ရုံးလုံး သိ ကြလိမ့်မည် ။ ဒါဆိုလျှင် အင်တာဗျူး မေးသည့် နေ့ က အဖြူရောင်ဝတ်စုံ နှင့် ကုမ္ပဏီ တစ်ခုလုံး က ငေး ခဲ့ရသော သူမ သည် လမ်း မှာ ကား ပျက်နေသည် ။ ထို့ကြောင့် အင်တာဗျူး အချိန် ကို ရွေ့ခြင်း ဖြစ်သည် ဆိုတာတွေပါ မီးခိုးကြွက်လျှောက် ပေါ်ကုန်တော့မည် ။


လမင်း ဒေါသ နှင့် လှမ်းကြည့်တော့ အလုပ်အားစ ပြု နေပြီဖြစ်သော Reception မှာ ညိုမောင် ပြော နေသော စကား ကို ကောင်မကလေး သုံးယောက် က စိတ်ဝင်တစား နားထောင်နေကြတာ ကို မီးခိုးရောင် မှန်ထဲမှ လှမ်း တွေ့နေရသည် ။ လက် က လူခေါ်ခေါင်းလောင်း ဆီ ရောက်သွားပြီ ဖြစ်သည် ။


ငယ်ရွယ်သူ တို့ ဒေါသ သည် ဆင်ဆိုး တစ်ကောင် လို အင်အား ကြီးပြီး မြွေဆိုး တစ်ကောင် လို အဆိပ် ပြင်းသည် ။ လမင်းစိုး ၏ အတွင်းရေးမှူးမကလေး သစ်သစ် ဝင် လာသည် ။


“ ဟုတ်ကဲ့ ...  မမ ” 


“ Reception က ဒီနေ့မှ အလုပ်ဆင်းတဲ့ သူကို အခန်းထဲ လွှတ်လိုက် ၊ ပြီးတော့ ရုံးတက် ရုံးဆင်း လက်မှတ် စာအုပ် ယူ လာခဲ့ ” 


“ ဟုတ်ကဲ့ ... မမ ” 


ကောင်မကလေး ထွက် သွားတော့ လမင်းစိုး စိတ်လှုပ်ရှား နေသည် ။ ထို့ကြောင့် ရေ ထသောက်သည် ။ သူ လုပ်မည့် ကိစ္စ သည် သိပ် သဘာဝ မကျမှန်းတော့ သူ သိပါသည် ။ ဒါပေမယ့် လမင်းစိုး သည် ထွက်ပြီးသား ဆင်စွယ် ကို ပြန် သိမ်းလေ့ မရှိ ။ လမင်းစိုး ရေညှိရောင်ကတ္တီပါ လိုက်ကာ တွေ ကို ချလိုက်သည် ။


ညိုမောင် အခန်း ထဲ ဝင် လာပြီး အခန်းတံခါးဝကျော်ကျော် မှာ ပင် ရပ်၍ နေသည် ။ ထို အချိန် တွင် သစ်သစ် က စာအုပ် ကို ချပေးပြီး လမင်းစိုး က လက် ခါ လိုက်သဖြင့် ဘာမှ မပြောဘဲ ပြန် ထွက်သွား၏ ။


“ ထိုင်ပါ ” 


ညိုမောင် ဝင် ထိုင်သည် ။ ဘာမှန်း မသိသေးသဖြင့် မျက်နှာ ဘယ်လို ထားရမှန်း မသိ ဖြစ်နေတာကို လမင်းစိုး ကောင်းကောင်း သိသည် ။


“ မင်း အလုပ် ပြီး သွားပြီလား ” 


“ ဟုတ်ကဲ့ ၊ မနက်ခင်း ဝင်စာတွေ ကို  Section  အလိုက် ခွဲပြီးပါပြီ ” 


လမင်းစိုး က ခေါင်း ကို သုံးလေးချက် ညိတ်ရင်း မဲ့ သည် ။


“ မင်း ဟို ကောင်မလေးတွေ နဲ့ ဘာ တေွ ပြောပြီး ရယ်နေတာလဲ ” 


“ ဗျာ ...” 


ထင်မှတ်မထားသော မေးခွန်း ဖြစ်သထြင့် ဘာ ဖြေရမှန်း မသိဘဲ ကြောင်အမ်းသွားသည် ကို အတိုင်းသား လမင်းစိုး မြင် နေရသည် ။


“ မင်း ...  ငါ့ အကြောင်း ကို ပြောပြပြီး ရယ်နေတာ မဟုတ်လား ” 


“ ဗျာ .. ” 


ဒီ ' ဗျာ ' ကတော့ မျက်နှာပါ ပျက်ပြီး ဘာ လုပ်ရမှန်း မသိတော့လောက်အောင် ဖြစ် သွားတာ သေချာသည် ။ ဒါဆိုလျှင် သူ့ အကြောင်း ကို ပြောနေကြတာ သေချာပြီ ဟု လမင်းစိုး ဆုံးဖြတ်လိုက်ပြီး ခုနက မပီမပြင် ရှိနေသော ဒေါသ သည် စစ်စစ်မှန်မှန် ဒေါသ ထွက်ခွင့် ရသွားပြီ ဖြစ်သည် ။


“ မင်း .. ငါ့ အကြောင်း ဘာ တေွ ပြောတာလဲ ပြောစမ်း ” 


“  ...  ...  ...  ... .. ” 


ညိုမောင် မဖြေနိုင်ပါ ။ သူ က ' မ GM ' လို့ ခေါ်တာကို ဝါဝါဦး တို့ ရယ်တာတော့ တကယ်ပင်ဖြစ်သည် ။ သို့သော် ' မ GM ' လို့ ပြောတာကို သွားပြောလို့ ဘယ် ကောင်းပါ့မလဲ ။


“ မင်း မဖြေနိုင်တော့ဘူး မဟုတ်လား ၊ ငါ သိတယ် ၊ မင်း ငါ့ အကြောင်း ပြောပြီး ငါ့ ကို ဝိုင်း ရယ်နေကြတာ ဆိုတာ ငါ သိတယ် ၊ မင်း မှာ အပြစ် ရှိသလား မရှိဘူးလား ” 


“ ရှိပါတယ် ” 


ညိုမောင် တိုးတိုးကလေး ဆိုသည် ။


“ ခုနက ရယ်ရယ်မောမော အသံ နဲ့ပြောသလို ပြောပါကွ ၊ ဒီမှာ မှတ်ထား ၊ မင်း လို ကောင် က ငါ့ အကြောင်း ပြောပြီး ဘယ်တော့မှ လှောင်စရာ မလိုဘူး သိရဲ့လား ” 


“  ...  ...  ...  ...  ...  ” 


“ ကောင်ပြီး မင်း ရှေ့ က စာအုပ် က ရုံးဆင်း ရုံးတက် လက်မှတ်ထိုး ရ တဲ့ စာအုပ် အဲဒီ စာအုပ် ထဲ က နာမည်တွေ ၊ ရာထူးတွေ ကို အစဉ်လိုက် သူ့ အတိုင်း သုံးလစာ ကူးရေး ၊ ပြီးရင်း Section ( 8 ) ကို သွားပို့ ၊ အဲဒါ မင်း ကို ငါ ပေးတဲ့ အပြစ်ပဲ ” 


“ ဟုတ်ကဲ့ ...  ” 


“ သွားတော့ ” 


ညိုမောင် သည် စာအုပ် ကို လက်နှစ်ဖက် ဖြင့် ကောက်ယူပြီး ခေါင်းကို ငုံ့ ၍ အခန်းထဲမှ ထွက်သွားသည် ။


လမင်း လယ်သာ ဆိုဖာကုလားထိုင် နောက်မှီ ကို အားရပါးရ မှီ ချရင်း ခန္ဓာကိုယ် ကို ငြိမ်နေလိုက်သည် ။


ခန္ဓာကိုယ် ထဲ တွင် ရှိသော သူ့ စိတ်သည် အနိုင် ရလိုက်သည့် တိုင် ဘာကို အလိုမကျ ဖြစ် နေတာလဲ ဆိုတာ မသိနိုင်ပါ ။ အရင်တုန်းက သူ ဝန်ထမ်း တစ်ယောက် ကို ပညာ ပြန် ပေးလိုက်ရလျှင် ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု ပို ရှိလာပြီး အားရသွားလေ့ ရှိသည် ။ အခု ဒီလို မဖြစ် ။ မခံစားရ ။ဘာဖြစ်လို့လဲ ကွယ် ။


“ ဟင် ...  ဦး ကို ခေါ်ပြီး ဘာကြီး ပေးလိုက်တာလဲ ” 


“ ရုံးဆင်း ရုံးတက် လက်မှတ်စာအုပ် ၊ ဒီထဲ က နာမည်တွေ ကို သုံးလစာ ကူး ရမယ်တဲ့ ဝါဝါ ရ ” 


“ ဟင် ...  ဘာဆိုင်လို့လဲ ၊ သူဇာတို့က ျွနခနစအငသည ကလေ ၊ အဲဒါတွေ လုပ်စရာမှမလိုတာ ” 


“ နင်တို့ မပါပါဘူးဟာ ၊ ဒါ ငါ တစ်ယောက် တည်း လုပ် ရမှာပါ ” 


မကျေမနပ် နှင့် ဝင် ပြောသော သူတို့ ကို ညိုမောင် လေအေးအေးဖြင့် သာ တုံ့ပြန်သည် ။ ညိုမောင် မရှင်းတာ က သူတို့ ဒီမှာ ' မ GM ' လို့ ခေါ် လိုက်တာကို အခန်း ထဲ မှာ ထိုင် နေသော လမင်းစိုး က ဘယ်လိုလုပ် ကြား သွားသလဲ ဆိုတာပဲ ဖြစ်သည် ။


ပြောပြတော့ ရီရီထွေး တို့ လည်း အံ့ဩကုန်ကြသည် ။


“ ဒါဆို ရီတို့ ပြောတာကို မမ က ဘယ့်နှယ်လုပ် သိ ရတာလဲ ၊ ရီ တို့ ပြောနေတုန်း က အနားမှာ ဘယ်သူမှ လည်း မရှိပါဘူး ” 


“ ဟဲ့ ...  နိုင်ငံခြားကားတွေ ထဲ ကလို လျှို့ဝှက်အသံဖမ်းစက်တွေ ဘာတွေများ တပ် ထားလား မသိဘူး သူဇာ ” 


ဝါဝါ က အလန့်တကြား ဆိုသည် ။


“ အဲဒါတော့ ငါ လည်း မသိဘူး ၊ အပြောအဆိုတွေ ဆင်ခြင်ကြပေါ့ကွာ ” 


ညိုမောင် ကတော့ ဘာမှ ပြောမနေတာ့ပါ ။ လမင်းစိုး ၏ စူးရဲသောအကြည့် သည်သူ့ နှလုံးသား ထဲသို့ တိုက်ရိုက် ရောက်သည် ဟု ခံစားရသည် ။ ပြီးတော့ ညိုမောင် က လမင်းစိုး ကို ခမ်းနားသော အခန်းကြီး ထဲ မှာ တစ်ယောက်တည်း အကျဉ်း ကျနေသူ ဟု ထင်သည် ။ လမင်းစိုး သည် ဘယ်အချိန် မှာ ရုံးထဲ ရောက်နေတက်သလဲတော့ မသိ ။ ညိုမောင့် ရှေ့ က ဖြတ် ပြီး ရုံး ထဲ သို့ ဝင်တာကို ညိုမောင် တစ်ခါမှ မတွေ့ဘူးပါ ။ 


ညိုမောင် ဒါတွေကို စဉ်းစား မနေတော့ ။ သူ့ ကို လုပ်ခိုင်းထားသည့် နာမည်တွေ ကို ပဲ စိတ်ရှည်လက်ရှည် နှင့် ကူး နေလိုက်သည် ။ ညိုမောင် က ဘုန်းကြီးကျောင်းသား ဖြစ်သည့် အတွက် ညိုမောင့် လက်ရေး သည် ပေစာတွင် ရေးသည့် လက်ရေး လို ဝိုင်းဝိုင်းစက်စက် နှင့် ညီညာ လှပသည် ။


ကျောင်း မှာ ဆိုလျှင် ဆရာတော်ကြီး က ဆေးကျမ်း ၊ အဂိ္ဂရတ်ကျမ်းနှင့် ဆရာတော်ကြီး သဘောကျသော ဒီပနီကျမ်းများ ကို ဒိုင်ခံ ကူး ရသည် က ညိုမောင် ပင် ဖြစ်သည် ။ ကြမ်းပြင် ပေါ် မှာ ဝမ်းလျား မှောက်လျက် ညိုမောင် စာ ကူးရသည် ။ ညိုမောင် ကူးပြီးသွားသော ပေစာရွက်များ ကို ဆရာတော်ကြီး က တစ်ချပ်ချင်း အနား မှာ ကောက်ယူဖတ်ရင်း ပါဌိ ၊ ပါတ်သား အမှားအယွင်း ကို စစ်လေ့ရှိသည် ။


အခု ညိုမောင် စာ ကူးရတာတွေ က နာမည်တွေ ဖြစ်သည် ။ ပြီးတော့ Air-con အခန်း ထဲ က နောက်မှီ ပါသော လယ်သာ ကုလားထိုင်ကြီး ပေါ် မှာ ဆိုတော့ ညိုမောင့် အတွက်တော့ သက်တောင့်သက်သာ ရှိလှလွန်းသည် ။


ဘဏ် က ပြန် လာသည့် ကိုသက်ဝင်း က လက်မှတ်စာအုပ် ကို ကူး ရေးနေသော ညိုမောင့် ကို တွေ့တော့ မေးသည် ။ ညိုမောင် က ပြောပြတော့ ကိုသက်ဝင်း မျက်နှာ က တစ်ချက် တင်းမာသွားသည် ။


“ ငါ့ section က လူ ကို တခြား section က အလုပ်တွေ ခိုင်း တာ ငါ မကြိုက်ဘူး ၊ မင်း တို့ အလုပ် ပြီးလို့ ရယ်ရယ်မောမော နေတာ ဘာမှ အပြစ် မရှိဘူး ၊ ကောင်းပြီ ၊ ဒီ ကိစ္စ ကိုတော့ ငါ ပြောရလိမ့်မယ် ” 


“ ဆရာ ... ” 


ညိုမောင် လှမ်း ခေါ်သော်လည်း မရတော့ ။ ကိုသက်ဝင်း က အေးဆေးတည်ငြိမ်စွာပင် လမင်းစိုး ၏ အခန်း ထဲ သို့ ဝင် သွားပြီ ဖြစ်သည် ။


“ ဆရာက မဟုတ်ရင်ခံတဲ့သူ မဟုတ်ဘူး ၊ မမလမင်းစိုး ကလည်း မာနခဲ ၊ ဒုက္ခပါပဲ ဟယ် ”  


သူဇာ တို့ အုပ်စု ဘာ လုပ်ရမှန်း မသိတော့အောင် ဖြစ် နေကြသည် ။ တကယ်လို့ ဆရာ နဲ့ လမင်းစိုး တို့ ပြဿနာ တက်ကြပြီ ဆိုလျှင် သူတို့ ကြား ထဲ က မြေဇာပင် ဖြစ်တော့မည် ။ ဝါဝါဦး က ထွက်စာ နံပါတ်တွေ ကို ထွက်စာတွေ ရောက် မလာသေးဘဲ ကောက်ရေးသည် ။


ရီရီထွေး က ဖုန်းတစ်ကော ဝင်လာသဖြင့် အဆင် ပြေသွား၏ ။ ဘာ လုပ်ရမှန်း မသိသော သူဇာ က ဖိုင်တွေ ကို ကောက် စီနေသည် ။ 


ဘဏ်ချက်လက်မှတ်တွေ နှင့် ထုတ်ယူလာသော ငွေစာရင်း ကို ကိုသက်ဝင်း က လမင်းစိုး ထံ အပ်သည် ။ လမင်းစိုး စစ်ဆေးကြည့်တော့ တစ်စုံတစ်ရာ အမှားအယွင်း မရှိ ။ ကိုသက်ဝင်း သည် ကုမ္ပဏီ တစ်ခုအတွက် ဘက်ပေါင်းစုံမှာ ကျွမ်းကျင်သော တန်ဖိုး ရှိသည့် ဝန်ထမ်း တစ်ယောက် ဖြစ်သည် ။ ထို့ကြောင့်လည်း ကိုသက်ဝင်း မာန ကြီးသည် ။ ထိုကြောင့်လည်း ကိုသက်ဝင်း သည် အခုလို နေရာမျိုး မှာ ရောက်နေခြင်း ဖြစ်၏ ။


“ လမင်းစိုး ကို တစ်ခု ပြောစရာ ရှိတယ် ” 


“ ပြောပါ ကိုသက်ဝင်း ” 


“ ကျွန်တော့် လက်အောက် က ဝန်ထမ်း ကို တခြား section တွေ က ကိစ္စတွေ ကို ခိုင်းစရာ မလိုဘူးလို့ ကျွန်တော် ထင်တယ် ” 


လမင်းစိုး ပြုံး နေလိုက်သည် ။ ကိုသက်ဝင်း သည် အဲဒီလို လူစားမျိုး ဖြစ်ပါသည် ။ လမင်းစိုး ကို ရှေ့က ဘာ ဝိဂြိုလ် မှ မပါဘဲ နာမည်အရင်းအတိုင်း ခေါ်သူ ဆို၍ ဒီ ကုမ္ပဏီ မှာ ကိုသက်ဝင်း တစ်ယောက် သာ ရှိပါသည် ။


“ ကျွန်မ က သူ့ ကို အပြစ် ပေး ထားတာပါ ကိုသက်ဝင်း ” 


“ သူ က ဘာ မှားလို့လဲ ” 


“ လူမှုရေး ကိစ္စ တစ်ခုပါ ၊ အဲဒီ ကိစ္စ ကို ထားလိုက်ပါတော့ ၊ လမင်း သူ့ ကို အပြစ် ပေးပြီး ခိုင်းတဲ့ ကိစ္စ က ဒီက ဝန်ထမ်းတွေ ရဲ့ နာမည်တွေ နဲ့ သူ့ ကို ရင်းနှီးစေချင်တာလည်း ပါတယ် ဆိုပါတော့ ” 


လမင်းစိုး သည် ကြိုတင် စဉ်းစားထာတာ မဟုတ်ရပါပဲ ၊ ကိုသက်ဝင်း နှင့် စကား ပြောနေရင်းမှ ကုမ္ပဏီဝန်ထမ်းတွေ ရဲ့ နာမည် နဲ့ရင်းနှီးစေချင်သည် ဆိုတာကြီး က ထွက် လာတာဖြစ်သည် ။


“ အဲဒါဆိုရင် လက်မှတ် ပါ သူ့ ဆီမှာ ထိုး ခိုင်းလိုက်ပါလား ” 


ကိုသက်ဝင်း မျက်နှာ ကို ကြည့်တော့ သူ့ စီစဉ်မှု ကို သဘောကျပြီး အကြံသစ် ပေးတာလား ၊ ရွဲ့ ပြောတာလား ဆိုတာကို လမင်းစိုး ဝေခွဲ၍ မရ ။ ဒီတော ့အလွတ် ရှောင်တာ ပိုကောင်းမည် ။


“ ကိုသက်ဝင်းက သဘောကျတယ် ဆိုရင် ကျွန်မ သဘော တူပါတယ် ” 


ကိုသက်ဝင်း က ဘာမှ မပြောဘဲ ထ သွားသည် ။ သူ ကိုသက်ဝင်း ကို ကား ပျက်တဲ့ ကိစ္စအကြောင်း ကိုညိုမောင် က ပြောပြပြီး ၊ သူ့ ကို လောင်နေတာ ဆိုတာကို မပြောခဲ့ပါ ။ အဲဒီ မပြောရခြင်း က ညိုမောင့် ကို ပေးတဲ့ အပြစ် နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာကို သူ ကိုယ်တိုင် သိ နေသောကြောင့် ဖြစ်သည် ။


အို ...  ဒီကိစ္စတွေ မေ့ ထားတာပဲ ကောင်းပါတယ် ဟု စဉ်းစားရင်း ယမင်းမ ဖုန်းနံပါတ် ကို လှမ်း ဆက်လိုက်သည် ။ ယမင်းမ နဲ့ ရေ သွား ကူးရင် ကောင်းမလား ။


◾  နီကိုရဲ


📖  ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment