ညိုမောင့် မျက်ဝန်းတွေ ဖျတ်ခနဲပွင့်လာတော့ ညိုမောင် ခုတင် ဘေး က သူ့ နာရီကလေး ကို ယူ ကြည့်လိုက်တော့ တစ်မိနစ် မလွဲ မနက် လေးနာရီ တိတိ ပင် ဖြစ်သည် ။
၁ဝ နှစ် သား ကတည်း က ယခု အသက် ၂၄ နှစ် အထိ ဆယ်လေးနှစ် တိတိ နေ့စဉ် လိုက်နာခဲ့ရသော အကျင့်သည် မည်သို့မျှ ဖျောက်ဖျက်ပစ်၍ ရနိုင်တော့မည် မဟုတ် ဆိုတာကို ညိုမောင် နားလည်ပါသည် ။
နေ့လယ် နှင့် ညနေ တွင် ဆရာတော် က ခိုင်း၍ ဖြစ်စေ ၊ တိုက်အုပ် နှင့် ဒု - ကျောင်းထိုင်ဆရာတော် က ခိုင်း ၍ ဖြစ်စေ တစ်နေကုန် ဘယ်လောက် ပင်ပန်းထားထား မနက် ၄ နာရီ ထိုးလျှင် ညိုမောင် တို့ထကြရမြဲ ဖြစ်သည် ။
အိပ်ရာမှ ၄ နာရီထိုး တုံးခေါက်သံ နှင့် အတူ ထ ၍ မျက်နှာသစ် ပြီးသည် နှင့် စကား မပြောရဘဲ သိမ် ထဲ သို့ ကြွ၍ ဘုရား ရှိခိုးပြီးသည် နှင့် တရား ထိုင် ကြရသည် ။ ဒေါ်သိန်းဌေး နှင့် သူ့မြေးမလေး မိကူး ၊ ကြီးတော်ဆင် တို့ က မနေ့ နေ့လယ် က ဆွမ်းဘုဉ်းပေးပြီး ကျန်ခဲ့သော ဆွမ်း နှင့် ဆွမ်းဟင်းတို့ ကို စုပေါင်းပြီး သိမ်းထားသော ထမင်းကျန် ဟင်းကျန် အားလုံးကို ' တာလပေါ ' ဟင်းအဖြစ် ကျို ကြရသည် ။ ဆရာတော်ဘုရား အတွက် ကတော့ ဆွမ်းဆန်စိမ်း ထဲ မှ ဆွမ်း ကို ချက်၍ ဘုရား ကပ် ပြီးလျှင် ကျန် ထမင်း နှင့် ဆွမ်း ဘုဉ်းပေးရန် တစ်ခုခု စီစဉ်လေ့ ရှိပါသည် ။
၄၅ မိနစ် တရား ထိုင် ပြီးလျှင် စာသင်သား ကိုယ်တော်များ နှင့် ကျောင်းနေ ကိုယ်တော်များ အားလုံး ဆွမ်းစားဆောင် သို့ ဆိတ်ငြိမ်စွာ အရုဏ်ဆွမ်း ဘုဉ်းပေးရန် ကြွ ကြရသည် ။
အရုဏ်ပျို့ကာစ ညနှောင်း နှင့် နေ့အပျိုအလင်း ပါးပါး နှင့် အမှောင်နုနုကလေး ရဲ့အောက် မှာ သိမ်ကျောင်း ထဲ မှဆွမ်းစားဆောင် သို့ တိတ်တဆိတ် တန်းစီ ၍ ကြွလာကြသော ကိုယ်တော်တို့ ကို မြင်ရဖူးရသော မြင်ကွင်း ကို ၁၄ နှစ် စလုံး ညိုမောင် မြင်ခဲ့ရသော်လည်း တစ်ကြိမ် တစ်ခါမျှ ညည်းငွေ့သည် ဟူ၍ မရှိခဲ့ ။
ဆွမ်းစားဆောင် သို့ ရောက်သော အခါ ဆရာတော်ကြီး ကို စ၍ ဆွမ်း ကပ်သည် ။ ဆရာတော်ကြီး ၏ ဆုံးမစကား ( နံနက်ခင်းဩဝါဒ ) ပြီး မှ ကိုယ်တော်တို့ က တစ်ညီတစ်ညာတည်း အရုဏ်ဆွမ်း ကို ဘုန်းပေးကြသည် ။
ထို အစီအစဉ် နှင့် ပြုဖွယ် ရှိသည်တို့ မှာ ဝါလ ကင်းလွတ် ၍ နံနက် အရုဏ်ဆွမ်း အလှူရှင်များ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ တစ်ပုံစံ တည်း သာ ဖြစ်သည် ။အရုဏ်ဆွမ်း အလှူရှင် ရှိသည့်နေ့ ကျ လျှင်တော့ ညိုမောင် တို့ အလုပ် လည်း ပို ရှုပ်သည် ။ ကောင်းကောင်းလည်း စားကြရသည်မို့ ပျော်ကြသည် ။ ဆရာတော်ကြီး ၏ မျက်နှာလှုပ်ရှားပုံ ၊ သီလပေးပုံတို့ ကတော့ ဘယ်တော့မှ မပြောင်းလဲတက်ပါ ။
အရုဏ်ဆွမ်း ဘုဉ်းပေးပြီးသည် နှင့် စာသင်သား တို့ က စာ အံကြရသည် ။ ညိုမောင် တို့ က ရှင်းစရာ ရှိတာ ရှင်း ၊ ချန်စရာ ရှိတာ ချန် ၊ သိမ်းစရာ ရှိတာ သိမ်း လုပ်ကြရသည် ။ ၈ နာရီ ခွဲ ၉နာရီ အထိ စာသင်သား တို့ ရော ၊ ကိုယ်တော် တို့ ပါ ခဏ နားခွင့် ရကြပြီး ၊ ၉ နာရီ ထိုးသည် နှင့် မိမိတို့ ဆွမ်းထောက် ထား သော ဒါယကာ ဒါယိကာမ တို့ ၏ အိမ် အသီးသီး သို့ ဆွမ်းခံ ကြွကြရသည် ။
ဆွမ်းခံ ပြန် လာလျှင် ညိုမောင် တို့ က ဆွမ်း နှင့် ဆွမ်းဟင်းများ ကို ကပိ္ပယကြီး စီစဉ်သည့်အတိုင်း စီစဉ်၍ ၁၁ နာရီ ခွဲ တွင် ဆရာတော်ကြီး က ဆွမ်း ကို မြတ်စွာဘုရား အား အရင် ကပ်ပြီးမှ ဆွမ်းစားခွင့် ရကြသည် ။
ထိုသို့ ပြုမှုဆောင်ရွက်ချက်များ သည် နေ့စဉ် ညစဉ် မပြောင်းလဲသော ဖြစ်စဉ်များသာ ဖြစ်သည် ။ ထိုစည်းကမ်း ထိုအလေ့အကျင့် ကြား မှာ ကြီးပြင်းလာခဲ့သော ညိုမောင် သည် အခု မနက် ၄ နာရီ မှာ နိုးနေတာ ဘာမှ မဆန်းပါ ။
သူ့ အခန်းဖော်တွေ ကတော့ ခြင်ထောင်တွေ ထဲ မှာ ပုံစံအမျိုးမျိုး နှင့် အိပ်ပျော်လျက် ရှိကြသည် ။ ညိုမောင် ကတော့ ဆက် အိပ် နေ၍ မရတော့သော ကြောင့် သူ့ ကိုယ် သူ သိသဖြင့် ခြင်ထောင် ထဲ မှ ထွက် ၍ မျက်နှာ ကို သေသေချာချာ သစ် ပြီး မဟာမြတ်မုနိပုံတော် ကို သာ အာရုံ ပြု၍ ဘုရား ရှိခိုးသည် ။
ဘုရား ရှိခိုးတော့ အခန်းဖော် သူငယ်ချင်းတွေ ကို အားနာ ရသဖြင့် ကျောင်း မှာ ရှိခိုးသလို သိမ်ကြီး တစ်ခုလုံး ဟိန်း သွားအောင် အားရပါးရ ရှိခိုးခွင့် မရဘဲ အသံဖွဖွ နှင့်သာ ရှိခိုး ရသဖြင့် အား မရပါ ။ ဒီအချိန် ဆို ကျောင်း မှာ ကိုယ်တော်တွေ ကလည်း သူ့လို ပဲ ဘုရား ဝတ်တက် နေပြီ ဟု ကြည်နူးစွာ တွေးလိုက်မိတော့ သူ့ အာရုံထဲတွင် သိမ်ကြီး ထဲ မှ ဘုရားဝတ်တက်သံများ ကို ကြည်နူးစွာ ကြားရလေသည် ။
ဘုရား ဝတ်တက် ပြီးတော့ ညိုမောင့် ပြဿနာ က ဗိုက် ဆာခြင်း ပင် ဖြစ်သည် ။ ထို အကျင့်သည်လည်း ၁၄ နှစ်လုံးလုံး နေ့စဉ် ပြုခဲ့သော အကျင့် ဖြစ်သဖြင့် ဖျောက်၍ မရနိုင် ၊ ညိုမောင် နာရီ ကို ကြည့်လိုက်တော့ ၄ါ် ၄၈ မိနစ် ။ ဒီအဆောင် က လမ်းထိပ် ကို ထွက်လျှင် ၅ မိနစ် ကြာမည် ။ သူတို့ အဆောင်လမ်းသွယ် မှ မြေနီ မိန်းလမ်းမကြီး ကို ရောက်ပြီး နောက်ထပ် ၅ မိနစ် လောက် ထပ် လျှောက်လိုက်လျှင် ကားလမ်းမ ကိုရောက်မည် ။ ထို ကားလမ်းမ ဝဲယာ မှာတော့ နံနက်စောစော ထွက်တက်လေ့ ရှိသော လက်ဖက်ရည် ၊ မုန့်ဟင်းခါး တစ်ဆိုင် ဆိုင်တော့ ရှိနိုင်လိမ့်မည် ဟု ညိုမောင် တွေးပြီး အင်္ကျီလက်ရှည် ကို ဝတ်ရင်း တိုးလွင် ကို နိုး ရလျှင် ကောင်းမလား ဆိုပြီး ခြင်ထောင် ကို မကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ် နေသော တိုးလွင် ကို တွေ့ရသဖြင့် မနိုးရက်တော့ဘဲ တစ်ယောက်တည်း ထွက် လာခဲ့သည် ။
အဆောင် အပြင် ကို ရောက်တော့ ကောင်းကင်ပေါ် မှာ အမှောင် နှင့် အလင်း သည် လောက သဘာဝ ကို သူ့ ဘက် ကိုယ့် ဘက် သို့ ပါအောင် ဆွဲယူ လု နေကြသည်ဟု ညိုမောင် ထင်သည် ။ မမှိတ်သေးသော လမ်းမီးများ က အလင်းရောင် လာတော့မည့် မနက်ခင်းဘက်ကလား ၊ သူတို့ လင်းခဲ့ရသော အမှောင်ဘက် ကလားတော့ မသိ အစွမ်းကုန်တော့ လင်း နေကြသည် ။
တိတ်ဆိတ်ပြီး လူတွေ အိပ်နေကြသည့် တစ်ဖက် တစ်ချက် အိမ်တွေ ကြား မှ ညိုမောင် တိတ်ဆိတ်စွာပင် လမ်းလျှောက် လာခဲ့သည် ။ ထိုအချိန် တွင် တိုက်သော လေတွင် ရနံ့တစ်ခု ပါသည် ။ ဘာကြောင့်လဲတော့ မသိ ထိုအချိန်တွင် တိုက်သော လေပြေ ၏ ရနံ့ သည် တစ်နေ့လုံး ဘယ်အချိန် မှာ မှ ရလေ့ မရှိ ။ အလင်းနုရနံ့ နှင့် အမှောင်ဖျော့ရနံ့ ကြား မှ လေပြေ ၏ ရနံ့ တစ်ခုဖြစ်သည် ။
လမ်းထိပ် ကို ရောက်တော့ ကားလမ်းမ ဘက် သို့ အထွက် မှာ ညိုမောင် မြင် လိုက်ရသော မြင်ကွင်းကြောင့် ဝမ်းသာ သွားသည် ။ ' စေတနာရှင် ' ထမင်းဆိုင် ရှေ့မှာ ခုံတန်းရှည် နှင့် ပန်းကန်တွေ ခွက်တွေ အိုးတွေ ကို တွေ့ရသောကြောင့် ဖြစ်သည် ။ ' စေတနာရှင် ' ထမင်းဆိုင် ထဲ မှာ မဟုတ်ဘဲ ထမင်းဆိုင် နံဘေး က ဓာတ်တိုင်အောက် တွင် ဖြစ်သည် ။ မနက်ခင်း စားစရာ တစ်ခုခု ကို ရောင်းတာတော့ သေချာပြီ ဖြစ်သည် ။
ဆိုင်နား ကို ရောက်တော့ မော်မော် တစ်ယောက် တည်း ထင်းခြောက်ကလေးတွေ နှင့် မီး မွှေးနေတာ ကို တေွ့ရသည် ။
“ ဟာ ... အခုမှ မီး မွှေးနေတာလား ”
“ ဩ ... ဖျာသည်ကြီး ပါလား ၊ ဒီအချိန်ကြီး ဘာ ထွက် လုပ်တာလဲ ”
“ ဗိုက်ဆာလို့ပါ ဘာ ရောင်းတာလဲ ဟင် ”
“ ဧကန္တ အိပ်ရာ ပြောင်းလို့ အိပ် မရဘူးနဲ့ တူတယ် ဟုတ်တယ်ဗျ အိပ်ရာ ပြောင်းရင် အိပ်မရတက်ဘူး ၊ ကျွန်တော်လည်း ဒီလိုပဲ ”
မော်မော် သည် ယောက်ျားလျာကလေး တစ်ယောက် မဟုတ်ပါ ။ သို့သော် ယောက်ျားလေး အင်္ကျီသာ ဝတ် တက်လေ့ ရှိပြီး စကား ပြောလျှင် ' ခင်ဗျား ' ' ကျွန်တော် ' နှင့် မန္တလေးသူ တွေ ပြော သလို ပြောတက်လေ့ ရှိတာ ကို ညိုမောင် သတိ ထား မိသည် ။
မော်မော် က မီး စွဲကာ စ ထင်းချောင်းကလေးတွေ အပေါ် မှာ မီးသွေးခဲကလေး ကို မီး စွဲအောင် တင် နေသည် ။ သူ့ ကို မော့ မကြည့်ဘဲ မီးသွေး ထည့် ရင်း ပြောခြင်း ဖြစ်၏ ။
“ အင်း ... ကျွန်တော် က နိုးနေကျ မို့ နိုးတာပါ ၊ ဒါနဲ့ ဘာ ရောင်း တာလဲ ဟင် ”
“ ထမင်းကြော် ... ခေါက်ဆွဲသုပ် ”
“ ဟာ ... တော်သေးတာပေါ့ ဗျာ ၊ ကျွန်တော် က ကားလမ်း ကို ထွက်ပြီး ဆိုင်လျှောက် ရှာတော့မလို့ ”
“ ခင်ဗျား က ကျွန်တော်တို့ နေ့တိုင်း ရောင်းတာ မသိဘူးလား ၊ အေးလေ ခင်ဗျား က အခုမှ အဆောင် ကို ပြောင်းတာ ဆိုတော့ ”
“ ဒီအချိန် ရောင်းရရဲ့လား ဗျ ”
“ အမလေး ဒီ အချိန်မှာ အလုပ် စ ဆင်းတဲ့ သူ ရှိတယ် ၊ အလုပ် က ပြန်တဲ့ သူ ရှိတယ် ၊ ကုန်စိမ်းတို့ ငါးတို့ ကြို တဲ့ သူတွေ ရှိတယ် ၊ ပြီးတော့ ခင်ဗျားတို့ လို လူမျိုးတွေ ရှိတယ် ”
မော်မော် က သူ့ စကား ကို သူ သဘော ကျပြီး ရယ် နေသည် ။
“ ဟော မမ တောင် လာနေပြီ ”
မော်မော့် စကားကြောင့် ညိုမောင် လှမ်း ကြည့်တော့ ထမင်းအိုးကြီး ကို ပုးဆိုးကရွတ်ခွေ နှင့် ရွက် လာသည် ။ လက်နှစ်ဖက် မှာ က တစ်ဖက် မှာ ပလတ်စတစ်ရေပုံး ၊ တစ်ဖက်မှာ က ထိုင်ခုံ နှင့် ပိုက်ဆံဘူး ။
ညိုမောင် ကမန်းကတန်း ပြေး သွားပြီး သော်သော့် လက် ထဲက ပလတ်စတစ်ရေပုံး တို့ ကို အရင် ယူပြီး ။ ပြီးတော့မှ ကျန်သည့် လက် ထဲ က ပစ္စည်းတွေ ကို ယူ သည် ။ သော်သော် က ..
“ ရပါတယ် ” တို့ “ အားနာလိုက်တာ ” တို့ ဘာမှ မပြောသဖြင့် ညိုမောင် ကလည်း စိတ် မကျဉ်းကြပ်တော့ဘဲ အလွယ်တကူ ကူညီ လိုက်နိုင်သည် ။
“ ပန်းကန်တွေ ဘယ်လို စီသလဲ ”
“ ပန်းကန် က သုံးမျိုး ပဲဟာ ၊ ထမင်းကြော် နဲ့ အသုပ် ပန်းကန်ရယ် ၊ အသုပ် အတွက် ဟင်းချိုပန်းကန် ရယ် ၊ ထမင်းကြော် အတွက်အချဉ်ပန်းကန် ရယ် ”
“ ဒါဆို ရပြီ ... ”
ဘုန်းကြီးကျောင်းသား လုပ် ခဲ့သော ညိုမောင် သည် ဒီ ပန်းကန် စီ တာ လောက်တော့ အပျော့ပင် ဖြစ်သည် ။ ထိုအချိန်တွင် သော်သော် က သူ့ ရင်ဘတ် အရှေ့ သို့ ပို့ထားသော ကျစ်ဆံမြီးရှည်ကြီး ကို နောက် သို့ ပစ် ပို့ရင်း အိမ် က အသင့် လှီးထားပြီးသား ဂေါ်ဖီထုပ် နှင့် ကြက်သွန် တို့ ကို ပလက်စတစ် တစ်ခွက် တစ်ခွက် စီ ဖယ်၍ ငရုတ်သီးစိမ်း နှင့် ဆား ကို ဖြူးသည် ။ ဟင်းခတ်မှုန့်ကလေး နည်းနည်း ထည့်၏ ။
ပြီးတော့ ရှောက်သီး ကို ထက်ခြမ်း ခွဲ ၊ တစ်စိတ် စိတ် ပြီး ထို အချဉ် ကော်ဇလုံ ကလေး နား တွင် အသာ ထားသည် ။ တောင်း ထဲက ကြက်ဥကတ်ကလေး ကို ထုတ်ပြီး ပုဆိုး ဖြင့် ထုတ်ထားသော ကြက်ဥတွေ ကို စီ သည် ။ အချဉ်ရည် စပ်ပြီးသား ဇလုံ ကို တင်သည် ။ နံနံပင်များ နှင့် ငရုတ်သီးစိမ်းတွေ က မန်ကျည်းသီး နှင့် စပ် ထားသော ငရုတ်ချဉ်ရည် ပေါ် တွင် မမွှေရသေးသဖြင့် ရောယှက် ငြိမ်သက် စုပုံ နေကြသည် ။
ဒီလို ရှေ့ခုံ ပေါ် က ကိစ္စတွေ ကို စီစဉ်သည့် အခါကျတော့ သော်သောက် ကျစ်ဆံမြီး ကို နောက်သို့ ပို့ ထားရပြန်သည် ။
ဒီတော့မှ မြေကြီး နှင့် ထိဖို့ တစ်ထွာခန့်လောက်သာ ရှိတော့သော သော်သော် ၏ ကျစ်ဆံမြီးကြီး ကို ညိုမောင် ကောင်းကောင်းကြီး သတိ ထား မိသွားသည် ။
သော်သော် ၏ ကျစ်ဆံမြီး မှာ သာမန်ဆံပင် နှင့် မိန်းကလေးတွေ စည်းလေ့စီးထ ရှိသလို ကျပ်ပြားလုံးခန့် ရိုးရိုးကျစ်ဆံမြီး မဟုတ် ၊ နှစ်ဖက် ခွဲ၍ စည်း ထားသော်လည်း ကြံစည်းထဲ မှ အတောင့်တင်းဆုံး ကြံချောင်းတစ်ချောင်းခန့် ရှိလိမ့်မည် ။ ပိုချင်လျှင် ပင် သော်သော့် ကျစ်ဆံမြီး ကပင် ပိုလိမ့်ဦးမည် ထင်သည် ။
အုန်းဆီရေ ဝထားပြီး ဆံပင်လုံးကိုယ် က ဖြောင့်ဆင်း၍ ဆံလုံး ကောင်းခြင်းကြောင့် သော်သော့် ၏ ကျစ်ဆံမြီး မှာအဆစ်စိတ်စိတ် နတ်မှောင်သော် ကြံချောင်းကြီး တစ်ချောင်းနှင့် ပို၍ တူနေသည် ။
မောင်ညို သည် သော်သော့်ဆံပင်တွေ ကိုသာ ဖြန့်လိုက်ပြီး သော်သော် ငုတ်တုတ် ကျုံ့ကျုံ့ကလေး ထိုင်နေမည်ဆိုလျှင် သော်သော့် ကို ဆံပင်တွေ က ကောင်းကောင်း ဖုံးထားနိုင်မည် ဟု ထင်သည် ။
“ ဝဏ္ဏပဘာ ၊ ကလျာဖူးသစ် ၊ ပျိုမျစ်မျစ်လျှင် ၊ ကျစ်လစ်တင့်စံပယ် ၊ လှမျိုးကြွယ်သာ ၊ ဆံနွယ်မြမြိတ်စို့ ၊ ဆင်းရောင်ပျို့ကို ၊ နတ်တို့ဆင်ထိုက်တန် ... ”
ရှင်မဟာရဋ္ဌသာရ ၏ ' ဝဏ္ဏပဘာချီရတု ' ကို သတိ ရ မိသည် ။ ရှင်မဟာရဋ္ဌသာရ ကတော့ ' ဝဏ္ဏပဘာ ' ကို ' ဆံနွယ်မြမြိတ်စို့ ' ဆိုပြီး ဆံမြိတ်ကလေး ချတာကိုရေးရင်း ' ဝဏ္ဏပဘာ ' အသက် ငယ်တာကို အလှ ဖြင့် ပြ သွားခဲ့သည် ။
အတိဿယဝုတ္တိ သိပ် ကောင်းသော ရှင်မဟာရဋ္ဌသာရ သာ သော်သော့် ကို မြင် ရလျှင် သော်သော့် ဆံပင် ကို မည်သူမျှ မတွေးနိုင်သော အတွေး နှင့် မည်သူမျှ မရွေးနိုင်သော စကားလုံးတို့ စီကာ ညီညီညာညာ ရေးနိုင်မှာ သေချာသည် ။
ဒါပေမယ့် ...
“ ဖြူစင်ထွန်းရောင်ဝင်း ၊ လှမှန်ကင်းကို ၊ ညခင်းဆည်းဆာတွင် ကျွနုပ်မြင်သည် ၊ ရယ်ရွှင် ပြုံးတုံ့မပြုံးတုံ့ ”
ဟု ပထမအပုဒ်အဆုံးတွင် စပ်ဆိုထားသည့်အတွက် ရှင်မဟာရဋ္ဌသာရ ဝဏ္ဏပဘာ ကို တွေ့တာကလည်း နေ့ခင်း ဆည်းဆာချိန်တွင် ဖြစ်ပြီး ၊ ညိုမောင် သော်သော့် ကို တွေ့ချိန်က အာရုံပျို့စ မနက်ခင်းစကြီး တွင် ဖြစ်နေသည် ။
တစ်ခုတော့ တူလိမ့်မည် ။ ဝဏ္ဏပဘာ ကို တွေ့တော့ ကိုယ်တော်ရှင်မဟုရဋ္ဌသာရ လည်း ညနေခင်း မှာ ဆိုတော့ ဗိုက် ဆာချင် ဆာနေလိမ့်မည် ။ သော်သော့် ကို မနက် အာရုံအပျို့ကြီး မှာ တွေ့ရသော ညိုမောင် လည်း ဗိုက် ဆာနေသည်ဆိုတာ ဖြစ်သည် ။
အင်း ... ဆက်ပြီး တွေးလျှင်တော့ ငရဲတွေ ငအုံတွေပဲ ကြီးကုန်မလား ပညာရှိသူတော်ကောင်းတွေ က နားရင်းတွေ နားအုံတွေ ပဲ ကျင်းချင် မလားတော့ မသိ ။ ဒါနှင့် သူ တွေးတာကို ရပ်ပစ်လိုက်သည် ။
ဘာ့ကြောင့်လဲ ဆိုတော့ ထိုကျစ်ဆံမြီးကြီး နဲ့ သော်သော့် ကို အနောက်ဘက် ကနေ ကြည့်ပြီး သူ့ ရင် ထဲ မှာ ဘာလိုလို ဖြစ် သွားသောကြောင့် ဖြစ်သည် ။ ရင်ထဲ က ဘာလိုလို ဖြစ်သွားသော်လည်း လက် ကတော့ အငြိမ် မနေပါ ။ ပန်းကန်တွေချ ၊ ခုံတွေရွှေ့ထားပြီးသွားပြီ ။ မီးသွေးအိတ် ကို သော်သော် တို့ ဆိုင်ရှေ့ မျက်နှာစာ မှာ မှီချပေးပြီး သွားပြီ ။
“ အဟမ်းဟမ်း ... အဟွတ် ... ဟွတ် ... ဟင်း အမလေး ဒီနေ့မှ တံတွေးတွေ သီးရတယ်လို့ ... နော် ၊ ဒီနေ့ဟင်းကောင်း စားရမယ် ထင်တယ် ”
အဲလို နေရာမျိုး ကျတော့ မိန်းကလေးတွေ သည် ' တစ္ဆေ ' တစ်ကောင် နှင့် တူသည် ဟု ညိုမောင် ထင်သည် ။ ညိုမောင် ဘာ လုပ်ရမှန်းမသိ ပြာ သွားသည် ။ ရှင်မဟာရဋ္ဌသာရ က ' ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ' ကို သာ ကြုံရခြင်းဖြစ်သည် ။ သူ က ' ပေါ်တင်ဟုတ်တုံ့ ၊ မဟုတ်တုံ့ ' ကြီးကို ကြုံရတာ ဆိုတော့ ရှင်မဟာရဋ္ဌသာရ ထက် ပို၍ ပြာ သွားသည်မှာ အမှန်ပင် ဖြစ်၏ ။
သော်သော် ကတော့ နှုတ်ခမ်း ကို တစ်ချက် ဆွဲဆန့်ရင်း မော်မော့် ကို မျစ်စောင်း တစ်ချက် ထိုး၍ လှမ်း ကြည့်လိုက်သည် ။ မော်မော် က စပ်ဖြဲဖြဲ နှင့် ထမင်းအိုးကြီး ထဲ က ထမင်းတွေ ကို ချေ၍ ချေ၍ နေသည် ။ မော်မော် မွှေးထားသော မီးသွေး က မီးတောက်အရှိန် ရစ ပြုနေပြီ ။ လမ်းဘေး မီးတိုင်များ ၏ အလင်းရောင် လမ်းပေါ်မှာ ပျောက်လုလု ဖြစ်ကာ ကောင်းကင် တွင် အလင်းသစ် အုံ့ပျပျ ဖြစ်လာနေသည် ။ အမှောင် သည် ပြိုကွဲစ ပြု လာနေသည် ။ ငှက်ကလေးတွေ အော်သံ ကို ကြား ရသည် ။ အိမ်တွေ တိတ်ဆိတ်နေကြဆဲ ၊ ကားလမ်းမ ဘက်မှ ကား ဖြတ်မောင်းသည့် အရှိန်သံ က ခပ်စိတ်စိတ် ဖြစ်၍ လာနေပြီ ။
ထိုအချိန် သည် နေ့တစ်နေ့ ၏ အနူးညံ့ဆုံး အလှဆုံးအချိန် ဆိုတာကို ညိုမောင် အခုထိ ခံစား၍ရဆဲ ပင် ဖြစ်သည် ။
နာရီ ကို ကြည့်တော့ ၅ : ၁၂ မိနစ် ။ ရွာကျောင်း မှာ ဆိုရင် ကိုယ်တော်တွေ သိမ် မှ ဆွမ်းစားဆောင် သို့ ကြွပြီးစ ဖြစ်လိမ့်မည် ။
“ ကြက်ဥကြော် နဲ့ ပဲ စား မှာလား ”
“ ဗျာ ... ဟာ စားလို့ ရပြီလား ”
“ ခဏနေရင် ရပြီလေ ၊ ကြက်ဥကြော် နဲ့ စားမှာ ဆိုရင် ကြက်ဥ ကြော် လိုက်တော့မလို့ ၊ ဟင်း နဲ့ ဆိုရင်တော့ ခဏ စောင့် ၊ ဖေဖေ ဟင်းအိုးတွေ လာ တော့မှာ ၊ ဟာ ... ဟိုမှာ လာ နေပြီ ”
“ ဘာ ဟင်းတွေလဲ ဟင် ”
“ ဝက်ချို ၊ ဝက်စပ် ၊ ကြက်သား ငါးဖယ် ၊ ဘဲချဉ်ရေ ၊ အမဲကြော် ”
“ ဟာ အဲဒါဆိုရင် ဝက်ချို နဲ့ စားမယ် ၊ အချဉ် ကို ရှောက်သီးချဉ် ပဲ လုပ် ပေးနော် ”
“ ရမယ် ... ”
“ ဟာ ... မင်း က ဘယ်လိုဖြစ်တာတုံး ကွ ဖျာ မရောင်းတော့ဘဲ စားပွဲထိုး ဖြစ်သွားပြီလားကွ ၊ ဟား .. ဟား ... ဟား .. ဟား ”
သော်သော်တို့ ဖေဖေ က ဟင်းအိုးတွေ ကို ဆင့်စီ ၍ သယ် လာရင်း အားရပါးရ ရယ်မောရင်း နှုတ်ဆက် စကား ဆိုသည် ။ သော်သော် တို့ ဖေဖေ သည် ပျော်ပျော် နေ တတ်ပုံ ရသည် ။ သူ့ သမီး နှစ်ယောက် အနား ရောက်နေသူ သူ့ ကို စိတ် ထဲ က ရိုးရိုး ပဲ တွေးသည် ။ စ တောင် စ လိုက်သေးသည် ။ သူ ဒီရပ်ကွက်လေး ကို ရောက်တော့ အဆောင် မတွေ့ခင် ပထမဦးဆုံး စကား ပြောခွင့် ရသော သူသည် သော်သော် တို့ ဖေဖေ မဟုတ်ပါလား ။
“ ဗိုက်ဆာလို့ ဦး ရယ် ၊ ဝိုင်း လုပ်ပေးရင် ပို မြန် မလားလို့ ဝိုင်း ကူတာပါ ”
“ ဪ ... စေတနာ နဲ့ မဟုတ်ဘူးပေါ့ လေ ”
“ အာ ... အဲဒါလည်း ပါ ပါတယ် ၊ ဒါပေမဲ့ လူ ဆိုတာ အတ္တ က အရင်လေ ၊ အတ္တဟိတ ၊ ပရဟိတ္တ ပေါ့ ”
“ ဝက်ချိုပဲ နော် ”
“ အင်း ... ”
သော်သော် ဖေဖေ က ဓာတ်ဘူး ထဲ က ရေနွေးကြမ်း ကို ထည့်သည် ။
“ ကဲ ..စားစား .. ငါ လည်း ပြန် နှပ်လိုက်ဦးမယ်ကွာ ”
ကြာညို့ ရနံ့သင်းသင်းနှင့် ဝက်ချိုအရည်ဆမ်းထားပြီး ဝက်သားသုံးထပ်သားနှစ်တုံး ၊ အသားတစ်တုံး ၊ ငရုတ်သီးစိမ်းကလေးတွေ ပါသော ကြက်သွန် နှင့် ဂေါ်ဖီ ကို ရှောက်သီး ညှစ်ထားသော အချဉ် စသည်တို့ နှင့် နံနက်ခင်း ထမင်းကြော် ကို စားကာ ရေနွေးကြမ်း ပူပူကို ' ဝူးခနဲ ' မှုတ် သောက်လိုက်ရသော ပြည့်စုံသည့်အရသာနှင့် စတင်ဖွင့်လှစ်ခဲ့သော ညိုမောင်၏ မနက်ခင်းသည် လှပ၍နေလေသည် ။
လမ်းသွား လမ်းလာ တစ်ယောက်စ နှစ်ယောက်စ ကို တွေ့ရပြီ ဖြစ်သည် ။ ညိုမောင် ထမင်းပန်ကန် တစ်ဝက် လောက် အရောက် မှာ လူ တစ်ယောက် ဝင် ထိုင်သည် ။
“ အချစ်ကလေးရေ ဝက်စပ် ထည့် ”
ညိုမောင့် ဘေးနား က ခုံ မှာ ဝင်ထိုင်ရင်း ပြောလိုက်သော လူ ၏ စကားကြောင့် ညိုမောင့် ပါးစပ် ထဲ မှ ထမင်းကြော် တစ်လုတ် သည် ကို့ရို့ကားယား ဖြစ်သွားသည် ။ သော်သော့် ကို လှမ်းငေးတော့ မျက်နှာမှာ ဘာမှ အပြောင်းအလဲ မရှိ ။ ' အချစ် ' ကလေးရေ ဟု ခေါ်သည့် လူ က ညိုမောင် နှင့် အသက် ရွယ်တူလောက် ရှိလိမ့်မည်ထင်သည် ။
သော်သော့် ကို ကြည့်ရတာ ကြားရဖန် များ သဖြင့် နားရည် ဝနေသည် နှင့် တူသည် ။ ညိုမောင့် ရင် ထဲ မှာ တစ်ခုခု ကို ဆုံးရှုံး သွားရသလို ခံစား လိုက်ရ၏ ။
“ မိကျစ် ... ငါ့ ကိုတော့ ကြက်ဥကြော် နဲ့ပဲ ဟေ့ ၊ ငရုတ်သီးကြော် များများ ထည့် မိကျစ် ရာ ၊ ဝက်ရည် လည်း ဆမ်း ”
“ သိပါတယ် ဦးမောင် ရာ ၊ မိကျစ် က ဘယ်တုန်းက လက် တို ဖူးလို့လဲ ”
“ ကျစ် ကလည်း နင် ဒီနေ့ လက်တို ပါ ”
“ ကဲ ..တော်ပြီ ၊ ရော့ ... ”
ညိုမောင် အခု မှ သက်ပြင်း ချနိုင်သည် ။
“ အချစ် ” ကလေး ဟု ခေါ်ခြင်း မဟုတ် ။ ' ကျစ် ' ကလေး ဟု ခေါ်ခြင်း ဖြစ်သည် ။
သော်သော်တို့ ထမင်းဆိုင် ၏ နာမည် သည် ' စေတနာရှင် ' ဖြစ်သော်လည်း ထို နား မှာ နေ ကြသော အဆောင်ကျောင်းသားများ နှင့် ရပ်ကွက်သူ ရပ်ကွက်သားများ ကတော့ ' ကျစ်ဆံမြီးဆိုင် ' ဟု ဝိဂြိုဟ်ပြု ၍ ခေါ်ကြကြောင်း ၊ နောင် ကျမှ ညိုမောင် သိရသည် ။ ထို့ကြောင့် သော်သော် ၏ ကျစ်ဆံမြီး သည် အလှအပအတွက် သာ မဟုတ် စီးပွားရေး နှင့် ပတ်သက် နေကြောင်း ညိုမောင် သိရှိသွားသည် ။
ညိုမောင် ထမင်း ကုန် ခါနီးမှာ လိုက်ပွဲဝက်ရည်ဆမ်းပန်းကန်လေး က အနား ရောက်လာသည် ။ သော်သော် လည်း အခြားအရာများ ကို ချရင်း သိမ်းရင်းဖြင့် သူ့ ပန်းကန် ထဲ သို့ ဂေါ်ဖီ နှင့် သခွားသီးချဉ် ကို လည်း ထည့် ပေးသွားသည် ။ သော်သော် ဈေးရောင်းဈေးဝယ် ကျွမ်းကျင်ခြင်း ကို ညိုမောင် စိတ် ထဲ က ချီးကျူးသည် ။
“ ဘယ်လောက် ကျ လဲ ဟင် ”
“ ဪ ... သွားတော့မယ် ပေါ့ ၊ အစာ ဝ တော့ ဌာနေ ကို ပြန်တော့မယ် ပေါ့ ”
မော်မော် က ခါး ထောက်ရင်း သူ့ ကို ရန်တွေ့ သလို ပုံစံမျိုးနှင့် စ သည် ။
“ အာ .. မဟုတ်ပါဘူး .. ဟိုလေ ”
“ မစားခင်တုန်း ကတော့ ဟိုဟာတေွ ရွှေ့ ၊ ဒီဟာတွေ သယ်နဲ့ စား ပြီး သွားတော့ လစ်တော့မယ် ဆိုတာ ဘယ် ဟုတ်မလဲ ၊ ' အတ္တ ' ပြီး သွားရင် ' ပရ ' က လာတော့လေ ”
“ ဟဲ့ .. မော်မော် ”
“ ရပါတယ် ... ရပါတယ် ”
“ ဒါဆိုရင် စား ပြီးသား ပန်းကန် ပေး ၊ ဟို က စားပြီးသား ပန်းကန်တွေ လည်း ယူ လိုက် ”
“ အိုကေ ... ”
ညိုမောင် စားပြီးသွားသော ပန်းကန်တွေ ကို ယူ ပေးသည် ။ သော်သော် က ထမင်းကြော် ထည့်ပြီး ဝက်စပ်ရည် ဆမ်းပြီး ဟင်း ထည့်ပြီးသား ပန်းကန် ကို ထိုး ပေးလျှင် ထို ပန်းကန် ထဲသို့ ညိုမောင် က အချဉ် နှင့် ငရုတ်သီးကြော် ထည့် ပေးပြီး မှာသူ ကို ပေးရသည် ။ ရေနွေး ကုန် လျှင် ဓာတ်ဘူး ထဲ ထည့် ရသေးသည် ။ လိုက်ပွဲ ချပေးရသည် ။ ၆ နာရီခွဲ လောက်မှာ လူ က တော်တော်လေး ကျလာပြီဖြစ်သည် ။
မိကျစ်ရေ ... အကျစ်ရေ .. ကျစ်ဆံမြီးရေ နှင့် သော်သော် လည်း ကျစ်ဆံမြီး ကို ရှေ့ ပို့လိုက် နောက် ပို့လိုက် နှင့် လက် မလည်တော့ ၊ ညိုမောင် က သူ သာ မရှိလျှင် ပို ဆိုးမည် ဟု တွက် လိုက်မိသေးသည် ။ ထို့ကြောင့် ညိုမောင် ပို ၍ သွက်အောင် လုပ်ပေးသည် ။
“ ဟာ ... ဟေ့ကောင် ညိုမောင် ဘယ်လို ဖြစ်ရတာလဲ ၊ သူငယ်ချင်း ရာ ”
တိုးလွင် ၏ တမင် လုပ် ပြောလိုက်သော အံ့ဩသံကြီး ကြောင့် ညိုမောင် လန့် ၍ သွားသည် ။ သော်သော် ကတော့ မော့ပင် မကြည့် ။ ညိုမောင် ဒုတိယ အကြိမ် ပြာ သွားပြန်သည် ။
“ သူငယ်ချင်း ... ညိုမောင် ရာ ကုမ္ပဏီ မှာ မရလည်း ငါ .. ငါ နဲ့ ပွဲစား လိုက် လုပ်ပါလားကွာ ၊ အဆင်ပြေပါတယ် ၊ ဒီလို စားပွဲထိုး အလုပ်ကတော့ ငါ တောင်းပန်ပါတယ် ကွာ ”
ကိုဇော် က အိုက်တင်မင်းသားတွေ လို သရုပ်ဆောင် ၍ ပြောသည် ။
“ ညိုမောင် ... သူငယ်ချင်း ... ငါ ပန်းထိမ် သင် ပေးပါ့မယ် ကွာ ၊ ပန်းထိမ် ဆိုတာ လူမမြင် သူမမြင် နဲ့ ပိုက်ဆံ ရတာပါ ၊ ဒီလိုကြီးတော့ မလုပ်ပါနဲ့ ကွာ ၊ ငါ ... ငါ တောင်းပန်ပါတယ် ”
ဆံပင် က ရှည်ရှည် ၊ အသား က မည်းမည်း ၊ မုတ်ဆိတ် နှင့် နှုတ်ခမ်းမွေး နှင့် ဆိုတော့ ကိုမိုး က ကုလားမင်းသား လို အိုက်တင် နှင့် ပြော ပြန်၏ ။ ညိုမောင် မွှန်ထူပြီး ရယ် နေမိ၏ ။
“ ဒီ ဆိုင် မှာ ပွဲစား လည်း မလိုဘူး ၊ ရွှေတို့ ဘာတို့ ခိုးတာ ဝှက်တာလည်း မရှိဘူး ၊ ကောင်းကောင်းမွန်မွန် နဲ့ ရိုးရိုးသားသား ပဲ ဈေး ရောင်းကြတာ ၊ ရောင်းဖို့လည်း မရှိ ၊ အပ်ဖို့လည်း မရှိ ၊ ညောင်း တော့ ... ”
“ ဒါဆိုရင်တော့ ငါ ဝင် ပြောရလိမ့်မယ် မော်မော် ... ဒီကောင် က ရွာ ကနေ ကုမ္ပဏီ မှာ လုပ်မယ် ဆိုပြီး ငါ့ အဆောင် ကို တက် လာတာ ၊ ဒီကောင် ငါ့ ဆီ ရောက်မှ ထမင်းကြော်ဆိုင် က စားပွဲထိုး ဖြစ် နေရင် ... ငါ့ မျက်နှာ ဘယ် သွား ထားရမလဲ ”
“ ဒီ ပန်းကန်တွေ နား မှာ ထား ... ဆေး ပေးမယ် ”
“ ငါ့ ကို ဆရာတော် က ဘယ်လို ပြောမလဲ ”
“ အနိစ္စ ... အမြဲ မရှိ ၊ ဒုက္ခ ... ဆင်းရဲခြင်း ၊ အနတ္တ အစိုးမရ .. လို့ ပြောမှာပေါ့ ”
တစ်စက္ကန့်လေးမျှ တုံ့ဆိုင်း မနေဘဲ ချက်ချင်း ဒက်ခနဲ ၊ ဒိုးခနဲ ဒေါက်ခနဲ ပြန် ပြောလိုက်သော မော်မော့် စကားကြောင့် ကိုဇော်တို့ အုပ်စုရော စားနေကျ သူတွေပါ ပွဲ ကျသွားသည် ။
“ ကဲ ... တော်ပါပြီဗျာ ၊ ဒီကောင် ငါတို့ ဆီ ကနေ အလွတ်ကြေးနဲ့ ပြောင်းရွှေ့သွားပြီ ဆိုတာ နားလည်လိုက်ပါပြီ ၊ ဘယ်လို ဖြစ်ရတာတုံး ညိုမောင် ရာ မမြင်ဝံ့ မတွေးဝံ့တွေ ပါ လား ”
ကိုဇော် က ညိုမောင့် ပခုံး ကို ပုတ် ၍ ပြောသည် ။
“ နောက်မှ ... ပြောကြမယ်ကွာ ”
“ ကိုတိုး တို့ ထုံးစံ အတိုင်းပဲလား ”
“ အေးပေါ့ အကျစ် ရေ ”
“ မော်မော် ကြက်ဥသုံးလုံး ဟပ် ( ဖ ) ဖရိုက်ကြော် ၊ အနှစ် မပေါက်စေနဲ့ ၊ ကိုညိုမောင် ရေနွေးအိုး ... ရေနွေးအိုး ... ”
ညိုမောင်က လေချွန် နေသော ရေနွေးအိုး ဆီ သို့ ကမန်းကတမ်း လှည့် ရ၏ ။ တိုးလွင် တို့ စားပြီးတော့ ရး၃ဝ နာရီ လောက် ရှိပြီမို့ သော်သော် တို့ လူ နိုင်သွားပြီ ဖြစ်သည် ။ ဒီတော့မှ ညိုမောင် တို့ လက်ဖက်ရည် ဆိုင် သို့ ထွက်ခဲ့ကြသည် ။ ဆိုင်ကို ရောက်တော့မှ ညိုမောင် က သူ့ အကြောင်း ကို ရှင်းပြသည် ။ သူငယ်ချင်းတွေ တဝါးဝါး တဟားဟား နှင့် အားရပါးရ ရယ်မောကြလေသည် ။
“ ငါ မပြောဘူးလား ၊ မင်း ဘုန်းကြီးကျောင်းသား ငါတို့ ကို ရောင်းစားမှာ လို့ ”
“ ကောင်းတယ် ၊ ဟေ့ကောင် ညိုမောင် ဒီကောင့် ကို ရောင်း ရင် ကျဈေး နဲ့ မှ ရောင်း ၊ ဒါမှမဟုတ် ကြေးများများ နဲ့ စပ်ပြီးမှ ရောင်း ကွာ ”
တိုးလွင် စကားကြောင့် ကားပွဲစား ရော ၊ ပန်းထိမ်ဆရာ ပါ အားရပါးရ ရယ် လိုက်ကြလေသည် ။
◾ နီကိုရဲ
📖 ဘာကြီးလဲ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment