❝ အညတရ ဇာတ်လမ်း တစ်ပုဒ် ❞
ကျွန်တော်တို့ သတ္တုရှာဖွေရေး တဲစခန်း သို့ တင်မင်း ရောက်လာတော့ မနက် ၇ နာရီ ခန့်သာ ရှိသေးသည် ။
“ အစ်ကိုတင်ဝင်း ဒီနေ့ အလုပ် မဆင်းနိုင်လို့ လာ ပြော တာပါ ဆရာ ”
“ ဘာဖြစ်လို့လဲ ”
“ ဒေါ်တင်ကြည် သတိ ရ တစ်ချက် မရ တစ်ချက် ဖြစ် နေလို့ သူ့ အမျိုးတွေ ကို အစ်ကိုတင်ဝင်း သွား အကြောင်း ကြားရမှာမို့ပါ ဆရာ ”
“ ဟ မတင်ကြည် နဲ့ မငွေစိန် မနေ့ ညနေ က ဆည် ကို သွားတာ ငါ မြင်လိုက်မိပါသေးတယ် ”
“ ဟုတ်တယ် ဆရာ ၊ ခုလည်း ဆည် မှာ ဖြစ်နေတာ ။ ဦးအောင်လှ ခု ပဲ ဆည် က ရောက်လာပြီး အကြောင်းကြားလို့ ”
“ မတင်ကြည် က ဘာဖြစ်တာတဲ့ လဲ ”
“ ဘာဖြစ်မှန်းတော့ မသိဘူးလို့ ဦးအောင်လှ က ပြော တာပဲ ဆရာ ”
“ လူမမာ ကို တော့ စခန်း အရောက် ပြန် သယ်မလာဘဲ နဲ့ သူ့ဆွေမျိုးတွေ ကို လိုက် အခေါ် ခိုင်းတယ် ဆိုတာ တော် တော်တော့ အဓိပ္ပာယ် မရှိတာပဲ ”
“ အသယ်သွားမယ့် လူတွေ ခုပဲ လူ စုနေကြတယ် ။ ဟိုမှာ ရှိတဲ့ လူနဲ့ မနိုင်လို့ နေမှာပေါ့ ဆရာ ”
ဆွေမျိုးတွေ ကို လိုက် ခေါ်ခိုင်းတယ် ဆိုတော့ ဧကန္တ တစ်ခုခုတော့ တစ်ခုခု ပဲ ဟု ကျွန်တော် စဉ်းစား တွေးတောနေမိသည် ။
“ အေးကွာ တင်ဝင်း အလုပ် မဆင်းနိုင်ရင်လည်း အစီအစဉ် တစ်မျိုး ပြောင်း လုပ်ရမှာပေါ့ ဟုတ်လား ”
တင်မင်း သူ့ တဲ ရှိရာသို့ ပြန် သွားသည် ။ ကျွန်တော် တို့ လည်း မိမိ တို့ ဓာတ်သတ္တု စမ်းသပ်တိုင်းတာရေး လုပ်ငန်းများ ရှိရာ တောတွင်း သို့ ဝင်ခဲ့ကြသည် ။
အင်တိုင်းတော ကို ဖြတ်သန်းသွား နေစဉ် ကျွန်တော့် ခေါင်းထဲ တွင် “ ဒေါ်တင်ကြည် သတိရတစ်ချက် မရ တစ်ချက် ဖြစ်နေလို့ ” ဆိုသည့် စကားသံ က ပဲ့တင် ရိုက်ခတ်နေ သည် ။ သည် ရေပြာစခန်း က လူတွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ငှက်ဖျား ရုတ်တရက် ထလို့များလား ။ သည်လိုလည်း ဟုတ်မယ် မထင်ပါဘူး ။ မတင်ကြည် ငှက်ဖျား ဖျားရင်း သွားသွားလာလာ လုပ်နေတာ တွေ့ ဖူးနေတာပဲ ။ သူ့ ကို မကြာခဏ ဆေး ပေးဖူးသဖြင့် သူ့ ရောဂါအကြောင်း ကို ကျွန် တော် သိနေသည် ။ ဒါဖြင့် ဘာကိစ္စ ဖြစ်နိုင်သလဲ ။ စဉ်းစား သော်လည်း အဖြေ ကား မပေါ်လာ ။ သူ့ အကြောင်း ကို မစဉ်း စားတော့ပါဘူးလေ ဆိုပြီး အာရုံ ပြောင်း ကြည့်တော့လည်း မရ ။ တရစ်ဝဲဝဲ ပြန် ပေါ်လာနေသည် ပင် ။ မတင်ကြည် နှင့် ဆည် ။ ဆည် ... ဆိုသည်က မကြာခင် က မှ ရေ စလှောင် သော ကင်းတားဆည် ။ ရေပြာချောင်း ကမ်းဘေး ရှိ လူသွား လမ်းကလေး အတိုင်း နှစ်နာရီ ကျော် လျှောက် သွားလျှင် ဆည် ၏ အထက်ဖျားပိုင်း တစ်နေရာ သို့ ရောက်ရှိ သွားနိုင် သည် ။ အဆိုပါ ဆည် နှင့် ကိုချစ်လှိုင် တို့ အဖွဲ့ ။ ကိုချစ်လှိုင် ဆိုသည် က မတင်ကြည် ၏ နောက် ယောက်ျား ။ ကိုချစ်လှိုင် တို့ အဖွဲ့ နှင့် ငါးဖမ်းသည့် လုပ်ငန်း ... ၊ မတင်ကြည် ၊ ကင်း တားဆည် ... ဝဲလှည့် သလိုပင် သည်အကြောင်းတွေ က ကျွန်တော့် ခေါင်း ထဲ ချာချာ လည်နေသည် ။
••••• ••••• ••••• •••••
ဟိုတုန်းက သဲတောဝမ်းတွင်း လွင်ပြင် ကို ကား နှင့် ဖြစ်စေ ၊ ရထား နှင့် ဖြစ်စေ ဖြတ်သွားခဲ့ရတိုင်း အရှေ့ဆီ မှာ မှိုင်းပြာပြာ ရှမ်းရိုးမ လဲလျောင်း နေတာကို သတိပြုမိခဲ့သည် ချည်းပင် ။ အဲသည်တုန်း ကတော့ သည် တောင်ပေါ် မှာ လူ တွေ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူးလေ ။ မိမိ ကိုယ်တိုင် သည် တောင်ပေါ် မှာ လာ နေရလိမ့်မယ် လို့ ထင်ဖို့ ဆိုတာကတော့ အဝေးသား ပေါ့ ။ ခုတော့ ထင်မှတ်မထားတာ တွေ တကယ် ပင် ဖြစ်နေပါပေါ့ ။
မြို့ပြ နှင့် ဆက်သွယ်ချည်နှောင်ရာ မီးရထားလမ်း ၊ မော်တော်ကားလမ်း တို့ ကို ကျောခိုင်းပြီး လူနေအိမ်ခြေ တို့ နှင့် ဝေးသော ပို၍ ဝေးသော အရှေ့အရပ် ဆီ သို့ ဦးတည် သွား လျှင် မြေပြန့်လွင်ပြင် အဆုံး ၌ တောင်ခြေ ကို တွေ့ ရပေမည် ။ လှည်းလမ်း လည်း သည် တောင်ခြေ မှာ ပင် ဆုံးပြီ ။ ဆက်သွားလို့ မရတော့ ။ တောင်ပေါ် မှ သစ် ၊ ဝါး ၊ ထင်းမီးသွေး များ တင်ရန် လှည်းများ စောင့်ဆိုင်း စခန်းချသည့် နေရာကို “ လှည်းဂံ ” ဟု ခေါ်ကြသည် ။ မြေပြန့်လွင်ပြင် နှင့် ရှမ်းရိုးမ ထိစပ်ရာ တောင်ခြေ တစ်လျှောက်မှာ “ လှည်းဂံ ” တွေ များစွာ ရှိသည် ။
မှတ်မှတ်ရရ သည် “ လှည်းဂံ ” စခန်းမှာ မတင်ကြည် ကို စတွေ့ခဲ့ရသည် ။ တောင်ပေါ် မှ ရွက်ချလာသော ဝါး စည်းအား ခေါင်းတိမ်းငဲ့ပြီး ဆတ်ခနဲ မြေပြင် သို့ ဟန်ပါပါ ပစ် ချလိုက်သော မတင်ကြည် ၏ ရုပ်ပုံလွှာကို ကျွန်တော် အမှတ်ရနေဆဲ ပင် ။ အသားညိုညို ၊ ကိုယ်လုံးကိုယ်ပေါက် ကျစ်ကျစ်လျစ်လျစ် ၊ မျက်စိ အကြည့် စူးစူးရဲရဲ နှင့် မတင်ကြည် ။ သူ နှင့် အတူ မိန်းမရော ၊ ယောက်ျားတွေ ပါ တသီ တတန်းကြီး ၊ ဝါးစည်း ၊ မီးသွေးအိတ် ၊ ပျဉ်ချောင်း ထမ်း လာသူတွေ ၊ ရွက် လာသူတွေ ... ။ ခုနစ်တောင် ရှိသော အိမ် တိုင်တွေ ကိုတော့ ယောက်ျားတွေ ပဲ ထမ်းသည် ။ တောင်ခြေ က အင်ဖက်တဲ နား မှာ အိမ်တိုင် ဝယ်မည့် ပွဲစားတွေ က အ ဆင်သင့် စောင့် လို့ ။ ဆည်ဝ က ဗျိုင်း ငါး စောင့် သလိုပင် ဖြစ်သည် ။ တိုင် ထမ်းသူတွေ ထဲမှာ ကိုချစ်လှိုင် တစ်ယောက် အပါအဝင် ဖြစ်သည် ။
သစ် ၊ ဝါး ၊ ထင်း ၊ မီးသွေးတွေ ရနေသည် မို့ သည် တောင်ကြီး ကို သူတို့ တစ်တွေ က “ ရွှေတောင်ကြီး ငွေ တောင် ကြီး ” ဟု တင်စား ပြောကြသည် ။ အပင်ပန်းခံ လုပ်နိုင်လို့ က တော့ သည် အရပ် မှာ မငတ်နိုင် ဟု ဆိုလေ့ ရှိကြသည် ။ ပင် ပန်းသည် ကတော့ အမှန်ပါပဲ ။ တောင်ပေါ် မှ တောင် အောက် သို့ “ ဇောက်တိဇောက်ထိုး အဆင်း ” ဟု သူတို့ က ပြော ကြ သည် ။ အဆင်း က ဇောက်ထိုး အဆင်း ဖြစ်နေလို့ ထင်ပါရဲ့ ။ ဝါးတွေ ၊ သစ်တွေ ၊ မီးသွေးတွေ တောင်ပေါ် က ထမ်းချ ရွက်ချ တာ တို့ “ အထိုးဆင်း ” သည် ဟု ဆိုကြသည် မှာ အစဉ်အလာ စကားပင် ဖြစ်သည် ။ သူတို့သည် တစ်နေ့လျှင် နှစ် ခေါက် “ အထိုးဆင်း ” ကြသည် ။ နေ့တာ ရှည်လျှင် သုံး ခေါက် တောင် ဆင်း လိုက်ကြသေးသည် ။
သည်လို “ အထိုးဆင်း ” ရင်း မှ ပင် ကိုချစ်လှိုင် နှင့် မတင်ကြည် အကြောင်း ပါ သွားခဲ့ကြခြင်း ဖြစ်သည် ။ ကိုချစ်လှိုင် ကလည်း အသက် လေးဆယ့်ငါးနှစ် ခန့်နှင့် ကလေး လေးယောက် အဖေ မုဆိုးဖို ၊ မတင်ကြည် က လည်း အသက် လေးဆယ် ခန့် နှင့် ကလေး လေးယောက် အမေ မုဆိုးမ ။ တစ်ခုလပ် ချင်း ပေါင်းစည်း လိုက်ပြန်တော့ ပြည့်စုံသော အိမ်ထောင်သစ် တစ်ခု ဖြစ်လာရသည် ။
ကျွန်တော်တို့ ဘူမိဗေဒအဖွဲ့ သည် တောင်ပေါ်ရေပြာ စခန်း မှာ စခန်းချမည် ပြင်တော့ ကိုချစ်လှိုင် က သူ ၏ တဲ နှင့် မလှမ်းမကမ်း မှာ ပင် နေရာ ရွေး ပေးခဲ့သည် ။ ထိုအချိန် မှ စ၍ ကိုချစ်လှိုင် နှင့် ရင်းနှီးကျွမ်းဝင် လာခဲ့သည် ။ သူ့တဲ ကို ဝင် ထွက် ရင်းဖြင့် မတင်ကြည် နှင့် ခင်မင်လာခဲ့ရကာ သူတို့ အကြောင်းတွေ ကိုပါ တစ်စွန်းတစ်စ သိရှိလာခဲ့ရတော့သည် ။ မတင်ကြည် ၏ ယခင် ယောက်ျား ကိုညို သည် ရေပြာစခန်း မှာပင် နေထိုင်ရင်းက တစ်ခုသော မိုးတွင်း ၌ မမျှော်လင့်ဘဲ ရေပြာချောင်း ကမ်းလုံး ပြည့်လျှံအောင် ရေကြီး စဉ် ရေထဲ မျော ပါ၍ သေဆုံး ခဲ့ရသည် ။ မတင်ကြည် သည် မုဆိုးမ ဘဝ ဖြင့် ဝါးခုတ် နေရင်းက အိမ်တိုင် ခုတ်သော မုဆိုးဖို ကိုချစ်လှိုင် နှင့် အကြောင်း ပါ ကြခြင်းဖြစ်သည် ။ ကိုချစ်လှိုင် တွင် ယခင် ဇနီး နှင့် ရသော သားကြီးသမီးကြီး များ ရှိသော်လည်း သူတို့ ဖအေ နောက် အိမ်ထောင် ပြု သည်ကို မကျေနပ်၍ ရေ ပြာစခန်း မှာ ပင် တဲ ထိုးပြီး သူတို့ ဘာသာ ခွဲထွက် လုပ်ကိုင် စားသောက် နေကြသည် ။ မတင်ကြည် ၏ ယခင် အိမ်ထောင် နှင့် ရသော သားသမီးများ က လည်း မအေ နောက် အိမ်ထောင် ပြုသည် ကို မကျေနပ်၍ တောင်ခြေ တစ်နေရာရှိ ပန်းကန် ကျောက်ထုတ် လုပ်ရေးစခန်း ( သူတို့ အခေါ် ကျောက်တဲ ) တွင် ဝင်ရောက် လုပ်ကိုင်ရင်း သီးခြား ရပ်တည် နေကြသည် ။ မတင်ကြည် ၏ အပျိုပေါက် သမီး တစ်ယောက် နှင့် ကလေးအရွယ် အငယ်ဆုံး သားလေး တစ်ယောက် တို့ သာလျှင် မအေ ကို ခင်တွယ်လွန်း သဖြင့် မတင်ကြည် တို့နှင့် လိုက် နေဖြစ်ကြသည် ။ မတင်ကြည် တို့တွင် အိမ်ထောင်သက် နှစ်နှစ် ကျော် လာသည့်တိုင် ကလေး မရ ကြသဖြင့် မတင်ကြည် ၏ သားသမီး နှစ်ယောက် ကိုပင် ကို ချစ်လှိုင် က ချစ်ခင်ယုယ သံယောဇဉ် တွယ်နေခဲ့ပေသည် ။
ကျွန်တော်တို့ ရောက် စ က ကိုချစ်လှိုင် သည် ကျွန်တော် တို့ ကွင်းဆင်းလုပ်ငန်း မှာ နေ့စား ဝင် လုပ်သေးသည် ။ နောက်တော့ ရေလှောင်ပြီး စ ကင်းတားဆည် မှာ ငါးတွေ သိပ် ပေါတယ် ဟု သတင်း ကြီး လာသဖြင့် ငါး ဖမ်းသည့် အလုပ် ကို ပြောင်း လုပ်သည် ။ ကင်းတားဆည် မှာ ငါး ပေါတယ် ဆိုတာ ကတော့ ဟုတ်မှာပါပဲ ။ လျှိုတွေ ၊ ချုံနွယ်ပိတ် ပေါင်းတွေ နဲ့ဆိုတော့ ငါးတွေ ခိုအောင်း ပျော်မြူးဖို့ နေရာ ကောင်းတွေပဲ ပေါ့ ။ သို့ရာတွင် ငါးဖမ်း မည့် ကိုချစ်လှိုင် သည် ကုန်းတွင်း ကျေးတောသား တစ်ယောက် မျှ သာ ဖြစ်၍ ရေ ဆို လို့ စမုံချောင်း လောက် ကိုပင် ဧရာဝတီမြစ်ကြီး ဟု ထင်မှတ် နေသူ ။ ရေလည်း မကူးတတ် ၊ လှေလည်း မလှော်တတ် ၊ ပိုက် နှင့် ကွန် ကို ပင် တစ်မျိုးတည်း လို လို ထင် မှတ်နေသူ ။ ငါး တွေ ၏ သဘာဝ ကို သိရှိ နားလည်ဖို့ နေနေသာသာ ဘယ်သင်းဟာ ဖြင့် ဘာ ငါး ဟူ၍ ပင် ခွဲခြားတတ်သူ မဟုတ် ။ သို့ဖြင့် သည်လို လူ က ဘယ်လို လုပ်ပြီး ငါး ဖမ်း အသက်မွေး မည်နည်း ။
အလုပ် ဖြစ်ချင်တော့လည်း ငါးအလုပ် နည်းနည်းပါး ပါး လုပ်ဖူးသူ လူ နှစ်ယောက် နှင့် မဟာမိတ်ဖွဲ့ မိကြသည် ။ သူတို့ နာမည်က ကိုအောင်လှ နှင့် ကိုကျော်မန်း ။ ကျားရိုး ၊ ကျားရေ ၊ လိပ်ခွံ စသည့် တောထွက်ပစ္စည်းများ ဝယ်ရန် လှည့်လည်သွားလာရင်း ရေပြာစခန်း သို့ ရောက်ရှိကာ ကို ချစ်လှိုင် နှင့် ပေါင်းဖက်မိကြခြင်း ဖြစ်သည် ။ သို့ဖြင့် ရှိသမျှ ငွေလေးတွေ ပေါင်းစပ်စုစည်းကာ လိုအပ်သမျှ ပစ္စည်းကိရိယာများ ဝယ် ခြမ်းပြီး လုပ်ငန်း စကြသည် ။ ရေပြာစခန်း ရှိ ကို ချစ်လှိုင် ၏ တဲ တွင် စခန်း ချပြီး ကင်းတားဆည် သို့ ငါး ဖမ်းလိုက် တောင်ခြေမြေပြန့် ကျေးရွာများ နှင့် သဲတော ဝမ်းတွင်း သို့ သွားပြီး ငါးများ ကို ရောင်းချလိုက် ဖြင့် လုပ်ငန်း အရှိန် ရလာခဲ့သည် ။
စောစောပိုင်း တုန်း ကတော့ မတင်ကြည် က သူတို့ ငါး အလုပ် ကို သိပ် စိတ်ဝင်စားလှသည် မဟုတ်၍ မပါခဲ့ပေ ။ ယောက်ျားတွေ ချည်း ညအိပ်ညနေ သွားပြီး ငါးဖမ်း ၊ ယောက်ျားတွေ ချည်း ငါးတောင်း ကို ထမ်း၍ လှည့်လည် ရောင်းချခဲ့ကြသည် ။ ရလိုက်တဲ့ ငါးတွေက ငါးခုံးမ ၊ ငါးရံ့ ဒိုင် ၊ ငါးဖျင်းသလက် ၊ ငါးကြင်း စသည်ဖြင့် အတော် စုံ သည် ။ များများလည်း ရသည် ။ လုပ်ရက် ကြာလေလေ ငါး ရ နှုန်း က ပို မြင့်လာလေလေ ။ သည်တော့ ငါးရောင်းချဖြန့် ဖြူးရာ မှာ အခက်အခဲ တစ်ရပ် ဖြစ်လာသည် ။ ဆည် မှ ရေပြာစခန်း အရောက် အနည်းဆုံး နှစ်နာရီ ၊ စခန်း မှ တောင်ခြေ အရောက် တစ်နာရီ ကျော်ကျော် ။ တောင်ခြေ မှ တစ်ဆင့် မြေပြန့်ရွာများ သို့ ဝေး လျှင် ဝေး သလို ခြေ ဆန့်ရသည်မှာ မသက်သာလှ ။ သည်တော့ ငါးအစို ကို ချည်း ကူသယ် ခေါက်သယ် ရောင်းချဖို့ ခက်ခဲလာသည် နှင့် အချို့ ငါးများ ကို ဆား သိပ်ကြရတော့သည် ။
ငါး အရ များလာသည် နှင့်အမျှ ငွေစက္ကူတွေ များများ ဝင် လာတော့ မတင်ကြည် စိတ်ဝင်တစား ဖြစ်လာသည် ။ ဝါး ခုတ်သည့် အလုပ် ထက် တွက်ချေ ကိုက်သည်ကို မြင်လာ သည် ။ သို့ဖြင့် ငါးဖမ်းသည့် လုပ်ငန်းမှာ မတင်ကြည် ပါဝင် လာခဲ့တော့သည် ။ ယောက်ျားတွေ ကို ဆည် မှာပင် အမြဲ နေ စေပြီး ငါး ကိုသာ ဆက်တိုက် ဖမ်းစေသည် ။ ငါး ရောင်းချရေး နှင့် ငါးဖမ်းသည့် ယောက်ျားများ အား ရိက္ခာ ထောက်ပံ့ရေး ကို မတင်ကြည် က တာဝန် ယူသည် ။ သူ တစ်ယောက် တည်းတော့ မဟုတ် ၊ သူတို့ နှင့် တဲနီးချင်း မငွေစိန် ကို အဖော် ခေါ်ထားသည် ။ မငွေစိန် ကလည်း မြိုးမြိုးမြက်မြက် စား ရမှန်းသိတော့ မီးသွေးအိတ် မသယ်တော့ဘဲ ငါးလုပ်ငန်း မှာ မတင်ကြည် နှင့် လက်တွဲ ဖြစ်သည် ။ မိန်းမသား နှစ်ယောက် က ငါး နှင့် ငါးဆားနယ်များ ကို ရွက်ပြီး မြေပြန့်ရှိ ရွာတကာ သို့ လှည့်လည် ရောင်းချကြသည် ။ ဆန် ၊ ဆီ ၊ ဆား ၊ ကြက် သွန် ၊ ငရုတ် စသော ရိက္ခာပစ္စည်းများ ကို သဲတောဈေး မှ ဝယ်ယူပြီး ဆည်ကမ်းစပ် အရောက် ရွက် ပို့ သည် ။ သူ တို့ ပို့ သော ပစ္စည်းများ တွင် ရိက္ခာ အပြင် ဆေးလိပ် နှင့် အရက် တို့ လည်း ပါသည် ။ ငါး လုပ်ငန်း တွင် မိန်းမသားတွေ ပါ လာ သဖြင့် ပိုပြီး အလုပ် ဖြစ်လာသည် ။ ငါး ဖမ်း သည့် အလုပ် နှင့် ရောင်းချသည့် အလုပ် ကွင်းဆက် မိလာသည် ။
မတင်ကြည် တို့ ငါး သယ်ယူ ရောင်းချသဖြင့် ကျွန်တော်တို့ မှာလည်း ဟင်းချက်စရာ အတွက် အတော်ပင် အဆင်ပြေ လာခဲ့သည် ။ ယခင်ကလို ဟင်းလျာ ပြတ်လပ်မှု မရှိတော့ ။ အနည်းဆုံး ငါး ကိုတော့ မှန်မှန် စား နေနိုင်ပေပြီ ။ မတင်ကြည် ကလည်း သူ့ကို ဆေးဝါး အခမဲ့ ပေးနေကျ ဖြစ်သော ကျွန်တော် တို့ ငါးဝ ယ်လျင် ပိုပိုသာသာ ထည့်ပေး တတ်သည် ။ အမဲသား ၊ ဝက်သားများ မြေပြန့် မှ ရောက် မလာနိုင်သည့်အခါများ တွင် ကျွန်တော်တို့ သည် အင်တိုင်း တော ထဲမှ ငါးတောင်း ကို ရွက်၍ ပေါ်ထွက်လာမည့် မတင်ကြည် တို့ ကို စောင့်မျှော်ကြရသည် ။ သို့ဖြင့် မတင်ကြည် သည် ကျွန်တော် တို့ ၏ ဘဝတွင် တစ်စိတ်တစ်ပိုင်း ပတ်သက်လာခဲ့ရပေတော့သည် ။
ယခု အဆိုပါ မတင်ကြည် သည် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသည် ဟု ဆိုသောအခါ ကျွန်တော် တို့သည် သူ့ အတွက် များစွာပင် စိတ် ပူပန်ကြရပါသည် ။ သူ့ အကြောင်း ကို မစဉ်းစားဘဲ မတွေးတော့ဘဲ အဘယ်မှာ နေနိုင်ပါအံ့နည်း ။
••••• ••••• ••••• •••••
“ မတင်ကြည် ကို သယ်လာကြပြီ ဟေ့ ” စခန်း တစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည် ။ ကျွန် တော် လည်း အင်ဖက်တဲ ထဲ ၌ စာ ဖတ် နေရာမှ လူးလဲ ထ လိုက်ပြီး စခန်း အဝင်လမ်း ရှိရာသို့ ထွက် လာခဲ့သည် ။ မတင်ကြည် ဘာ ရောဂါ ဖြစ်သလဲ ဆိုတာကို မိမိ တီးခေါက် မိ သမျှ ကြည့်ရှု အကဲခတ်ပြီး ရှိသမျှ ဆေးဝါးလေးတွေ ပေးဖို့ နှင့် ၊ လိုအပ်ပါက ဆေးရုံ သို့ သယ်ယူရန်ကိစ္စ အတွက် အ ကြံဉာဏ်ပေးရန် ဖြစ်ပါသည် ။ သစ်ရာပင်ကြီး အောက် မှ ထွက်၍ ဝါးရုံ ကို ကျော် လိုက်လျှင်ပင် အင်တိုင်းတောစပ် မှ ကွင်းပြင် သို့ ဝင်လာသော ယောက်ျား တစ်စု ကို တွေ့ လိုက် ရသည် ။ သူတို့ သည် မတင်ကြည် ကို ဝါးကပ် ပေါ် တင်၍ ထမ်း လာကြသည် ။ စခန်း မှ လူတချို့ က သူတို့ ဆီ သို့ ပြေး သွားကြသည် ။
“ အမလေး အမေ ရဲ့ ၊ အမေ သေပြီတော့ လုပ်ကြပါဦး ”
အလန့်တကြား ဟစ်အော် ငိုချလိုက်သော ရွှေဥ အသံ က စခန်းတစ်ခုလုံး ဟိန်းထွက် တုန်ခါသွားသည် ။ ကျွန်တော့် ရင်ထဲမှာ ဒိန်းခနဲ အလုံးကြီး ဝင် ဆောင့်သလို ခံစား လိုက်ရသည် ။ လာ ကြည့်သူများလည်း လန့်ဖျပ်ကာ ရုတ် ရုတ်သဲသဲ ဖြစ်ကုန်ကြသည် ။
“ ရေနစ်တာ တဲ့ ၊ လှေ မှောက်ပြီး ရေနစ်တာတဲ့ ”
“ မနေ့ညနေ ကတည်း က သေ တာတဲ့ ၊ ညကြီးမင်း ကြီး သယ် မဖြစ်လို့ ခု မနက်မှ သယ် ရတာတဲ့ ”
“ ဒါနဲ့များ အောင်လှ က ဘာလို့ ဖုံးကွယ်နေရတာ တုန်း ”
“ လူကြီးတွေ မရှိခိုက် ကျန်တဲ့ ကလေးတွေ ကြောက်လန့်တကြား ဖြစ် ကုန်မှာ စိုးလို့တဲ့ ”
မျက်စိမျက်နှာ ပျက်နေသော လူများ ၏ တစ်ယောက် တစ်ပေါက် ပြော သံများက ဖရိုဖရဲ ပြန့်ကြဲ နေသည် ။
ကျွန်တော် သည် ခဏကြာမှ ပင် ကိုချစ်လှိုင် ၏ တဲ သို့ လိုက် သွားပါသည် ။ တဲငယ် ရှေ့ရှိ သမန်းမြက်များ ဖြစ်သလို မိုး ထားသော စင်အောက်မြေပြင် တွင် ချထားသော ဝါးကပ် ပေါ်၌ မတင်ကြည် ကို တွေ့ရသည် ။ ခန္ဓာကိုယ် ကို ထဘီနှစ်ထည် ဖြင့် လွှမ်းခြုံဖုံးအုပ်ထားသော်လည်း ခြေမ နှစ်ချောင်း ပူးချည် ထားသော ခြေဖဝါးများ ကို မူ မဖုံးအုပ်မိဘဲ ရှိနေသည် ။ ခြေဖဝါးများ သွေ့ခြောက်ဖြူလျော်နေလေသည် ။ မျက်နှာပေါ်တွင် ပဝါပါးလေး တစ်ထည် လွှမ်း ထားသည် ။ တောထဲတောင်ထဲ မှာ ဆိုတော့လည်း ရုပ်ကလာပ် ထားစရာ နေရာ က ဟုတ်တိပတ်တိ မရှိ ။ တဲငယ် အတွင်း ရှိ တစ်ခု တည်းသော ကွပ်ပျစ် ပေါ် ၌ ကိုချစ်လှိုင် ၊ ကိုကျော်မန်း နှင့် ယောက်ျား အချို့ ခပ်ငိုင်ငိုင် ထိုင် နေကြသည် ။ ကွပ်ပျစ် နှင့် ရုပ်ကလာပ် ကြား ၌ ငါးတောင်းများ ပိုက်များ ကို တွေ့ရ သည် ။ ဖြုတ် မယူရသေးသော ငါးများ မှာ လည်း နိုင်လွန် ပိုက် ထဲ တွင် ငြိတွယ်နေဆဲ ပင် ရှိသည် ။ ရွှေဥ သည် မတင်ကြည် ၏ မျက်နှာ နား ကပ်၍ ဒူးထောက် ထိုင်ပြီး တတွတ်တွတ် ပြောဆို မြည်နေလေသည် ။ မတင်ကြည် ၏ သားငယ်လေး မှာ မူ တောင်းထဲ မှ ငါးများ ကို လက်ဖြင့် ကိုင်လိုက် ၊ လွှတ်ချ လိုက် လုပ်ကာ ဆော့ကစား နေလေသည် ။
“ ဆရာ ... လာ လာ ထိုင်ပါ ”
ကိုချစ်လှိုင် က ဘေးနားတွင် နေရာ ပေးသဖြင့် ဝင် ထိုင် လိုက်ရသည် ။
“ စိတ်မကောင်းစရာပဲ ဗျာ ၊ ဘယ်လို ဖြစ်ရတာလဲ ”
“ ဖြစ်ချင်လို့ပါ ဆရာ ရယ် ၊ တစ်နေ့လုံး ဒီ လှေ က အဆင် ကို မပြေပါဘူး ”
“ ကျွန်တော် ဆည် ကို ရောက်တုန်းက လှေ ပဲ လား ”
“ အဲဒီ လှေပဲ ပေါ့ ဗျာ ၊ ရေ မလုံဘူး ဆိုပေမဲ့ ခါတိုင်း လည်း အဲဒီလိုပဲ သွားလာနေတဲ့ ဥစ္စာ ”
ကိုချစ်လှိုင် က ရေ မလုံသော သူ့ လှေ ကို ကာကွယ် ပြောဆိုမှန်း ရိပ်မိသဖြင့် လှေ အကြောင်း ကို စကား မဆက် ဘဲ ထား လိုက်ရသည် ။ သို့ရာတွင် ကျွန်တော့် စိတ် ကမူ တစ်ခါက ရောက်ခဲ့ဖူးသော ဆည်ကမ်းစပ်ဆီသို့ ရုတ်တရက် ပြေးသွားလေသည် ။
သည်တုန်းက ကိုချစ်လှိုင် တို့ ဆည်ကမ်းစပ် မှာ ငါး ဖမ်းကြတာ ကို လေ့လာ လို၍ ကျွန်တော် တစ်ယောက် တည်း သွား ကြည့်ခဲ့ခြင်းဖြစ်သည် ။ ဆည်ကမ်းစပ် တွင် တဲ ဟူ၍ ကောင်းကောင်း မရှိ ။ သစ်ခက်ကလေးတွေ ကိုသာ ဖြစ်ကတတ်ဆန်း တင် ထားသဖြင့် နေပူကွက်ကျား ဖြစ်နေသော စင်လေး တစ်ခု သာ ရှိသည် ။ အခင်းကတော့ မဆိုးလှ ။ မုဆိုးကြီး ဦးရှု တို့ အဖွဲ့နှင့် ရောပြီး စခန်းချ နေဆဲဖြစ်၍ ဆတ်ရေ ခင်းထားသည် ။ စင်အမိုး မှာ ဖြူသားခြောက်ကပ်ကင် တွေ ထိုး ထားတာကို တွေ့ရသည် ။ ကျွန်တော် ရောက် သွားတော့ မတင်ကြည် က ငါးဟင်း ချက်နေသည် ။ အ သားချည်း က တစ်အိုး ၊ ဝမ်းတွင်းသား က တစ်အိုး ၊ ကိုချစ်လှိုင် က ငါးတွေ ကို နိုင်လွန်ပိုက် ထဲမှ ဖြုတ် ယူနေသည် ။ သူတို့ ဆီ မှာ ထမင်း စားတော့ ထမင်း အတွက်သာ အားနာ စရာ ရှိမည် ။ ဟင်း ကတော့ အလျှံပယ် ပဲ ။ အားနာစရာ မရှိ ပါ ။ ငါးဝမ်းတွင်းသားချက် က ဆီ မထည့်ပါဘဲလျက် သူ့ ဆီ နှင့် သူ ဝက်သားဟင်း ရှုံးလောက်အောင် အဆီ ပြန်နေသည် ။ သည်တုန်းက မှတ်မှတ်ရရ အင်ဖက်ပေါ် မှာ ထမင်းတွေ ပုံ ပြီး မတင်ကြည် တို့ နှင့် အတူ ထမင်း လက်ဆုံ စား ခဲ့ဖူးခြင်း ဖြစ်သည် ။ ထမင်း စားပြီးတော့ ကိုချစ်လှိုင် က ကျွန်တော့် အား ဆည်ရေပြင် ထဲ သူ့ လှေ နှင့် လိုက်လံပြသမည် ဟု ဖိတ် မန္တက ပြုသေးသည် ။ ကျွန်တော် က ငြင်း လိုက်ရသည် ။ သူ့ လှေ က ထွင်းလှေ မဟုတ် ။ စပ်လှေ ဖြစ်သည် ။ ရှည်မျောမျော မဟုတ် ။ ဘဲဥပုံ ။ ပုံပန်း က အရေး မကြီးပါ ။ ရေ မလုံ သည် က ခက် လှသည် ။ လူသုံးယောက် သာ ဆန့်သော ထို လှေ ကို စီး လျှင် လူ တစ်ယောက် က စိမ့်ဝင်နေသော ရေ ကို တရ စပ် ပက် ထုတ်နေရမှန်း သိ သဖြင့် ကျွန်တော် က လန့်သည် ။
“ တော်ပါပြီဗျာ ၊ ခင်ဗျား လှေ က ရေဖြင့် မလုံဘဲနဲ့ ၊ နောက်ပြီး ခင်ဗျား က လှေလည်း ကောင်းကောင်း လှော် တတ်မှာ မဟုတ်သေးပါဘူး ”
ကျွန်တော် က ပခုံး တွန့်ပြီး ပြော လိုက်သည် ။
“ အမယ် ဆရာရယ် ၊ ကျုပ် များ အထင်သေးလို့ ၊ အရင် ချစ်လှိုင် မဟုတ်တော့ပါဘူး ဗျ ။ ခု ချစ်လှိုင် က လှေ လည်း လှော် တတ်ပြီ ၊ ရေ လည်း ကူး တတ်ပြီ ဗျ ”
“ အေးပေါ့ဗျာ ၊ ငါး အလုပ် မှ လုပ်ရင် လှေလှော်ရေကူး ကျွမ်းကျင် မှ ဖြစ်မှာပေါ့ ။ ဒါပေမဲ့ ခင်ဗျား လှေ ကို ပဲ ပြင် ထား ရင် ကောင်းမယ် ဗျ ”
“ ပြင်ရုံ မဟုတ်ဘူး ဆရာရေ အသစ် ကို လုပ်မှာ ။ လှေ ထွင်း ဖို့ အပင် တစ်ပင် ကျုပ် ကြည့်ထား ပြီးပြီ ”
“ ထွင်းလှေ ကတော့ ကောင်းတာပေါ့ ဗျာ ၊ ဒါပေမဲ့ အဲဒါက အချိန် အတော် ယူရမှာဗျ ။ မြန်မြန် အလုပ် ဖြစ်အောင် ဒီ တော ထဲ မှာ ပွဲလျက် တွေ ပေါသားပဲ ဗျ ၊ အဲဒါနဲ့ လှေ ကို ဖာ ထား ”
“ ပွဲလျက် ကတော့ ပေါ ပါရဲ့ ဗျာ ၊ နည်းနည်းလေးမှ ကို မအားလို့ ဆရာရ ”
“ ငွေ ရအောင် ရှာတာတော့ ရှာ ပေါ့ ဗျာ ၊ ကိုယ့် အန္တရာယ် ကိုလည်း မေ့မထားနဲ့ပေါ့ ”
“ ကိစ္စမရှိပါဘူး ဆရာ ရယ် ၊ ဟဲ ဟဲ ”
ကိုချစ်လှိုင် က ရယ်သွမ်းသွေး ပြီး ပြောခဲ့ပါသည် ။ ယခုတော့ သူ မရယ်နိုင်တော့ပါပြီ ။ လှေ အကြောင်း စကား မဆက်သော်လည်း သူ က လှေ မှောက်စဉ် အဖြစ်အပျက်ကို ပြန် ပြောပြနေပါသည် ။ ။
“ အဲဒီ ရေ ပြည့်နေတဲ့ လျှို က ပေတစ်ရာ သာသာ လောက် ကျယ်တာ ။ သူတို့ နှစ်ယောက် ဒီ လျှိုကို ကွင်းလာ ရင် တော့ အဖြစ်သားပဲ ။ အချိန် ကြာနေပါလိမ့်မယ် ဆိုပြီး ကျုပ် က လှေ နဲ့ သွား ခေါ် မိလိုက်တာ ”
“ ကျွန်တော် ရောက်တုန်းက နေရာ မဟုတ်ဘူး ထင်တယ် ”
“ မဟုတ်ဘူးဗျ ။ ဆရာ ရောက်တဲ့ နေရာ ရဲ့ မြောက် ဘက် ကျတယ် ”
“ ရေ ကရော တော်တော် နက်သလား ”
“ သိပ် အနက်ကြီး မဟုတ်ပါဘူး ဆရာရယ် ၊ ခြောက် တောင် ခုနစ်တောင် လောက် ရှိတော့ မပေါ့ ”
“ လှေ ထဲ က ရေ တွေ ကို ပက် မထုတ်လို့လား ”
“ ကမ်း က ခွာ ကတည်းက တင်ကြည် ပက် ထု တ်နေ တာပါပဲ ။ ရေ လည်း သိပ် ဝင်ချိန် မရလိုက်ပါဘူး ဗျာ ”
“ လှေ က စောင်းပြီး မှောက် သွားတာလား ”
“ ဘယ်ဟုတ်မလဲ ၊ အတည့်လိုက်ကြီး ကို မြုပ် သွား တာ ။ ရေ ထဲ ကနေ ဆွဲ နှစ်လိုက်သလိုကြီးပါပဲ ဆရာ ရယ် ”
ကိုချစ်လှိုင် က ထိတ်လန့်တုန်လှုပ်စွာ ဖြင့် ပြော နေသည် ။ မကောင်းဆိုးဝါးကောင် တစ်ခုခု ၏ ပယောဂကြောင့် လှေ နစ်မြုပ်ရသည် ဟု ဆိုလိုချင် ပုံ ရပါသည် ။
“ မငွေစိန် က ရေ ကူးတတ်လို့ မနစ်တာလား ”
“ ရေ မကူးတတ်တာ ကတော့ နှစ်ယောက် လုံးပဲ ။ ဒါပေမဲ့ ငွေစိန် က လှေ မြုပ်မြုပ်ချင်း ကြောက်အားလန့်အား နဲ့ လက် နဲ့ ယက် ခြေထောက် ဘောင်ဘင် ခတ်ပြီး ကယောင်ကတန်း လုပ်မိလုပ်ရာ လုပ် သွားတာ ။ ကမ်းစပ် က ဝါးရုံ ကို သွား ဆွဲ မိတော့ မနစ်တော့ ဘူး ပေါ့ ။ တင်ကြည် ကတော့ ကျုပ် ကို အားကိုးဟန် တူပါရဲ့ ဗျာ ၊ လှေ မြုပ်မြုပ်ချင်း ကျုပ် ကို လှမ်း ဖက်တော့ နှစ်ယောက် လုံး မြုပ် သွားတာ ။ တကယ် ဆိုရင် နှစ်ယောက် စလုံး သေ ဖို့ပဲ ။ မြုပ်ချည်ပေါ်ချည် နှစ်ခါ ဖြစ်ပြီးတဲ့ အခါကျတော့ တင်ကြည် က မလှုပ်နိုင်တော့ဘူး ၊ ဒါနဲ့ သူ့ ဆံပင် ကို ဆွဲပြီး ကမ်း ကို ရောက်အောင် လုပ် ယူရ တော့တာပဲ ”
“ ကုန်း ပေါ် ရောက်တော့ .. ”
“ ကုန်း ပေါ် ရောက်ရောက်ချင်း သွေး စမ်း လို့ ရသေး တယ် ဆရာ ရဲ့ ”
“ ဟာ ဟုတ်လား ၊ အဲဒါ အဲဒါ သူ့ ကို ဘာမှ မလုပ်ဘူးလား ”
“ လုပ်ပြီလား ဆရာရယ် ၊ ရေအိုး ပေါ် မှာ ဗိုက် တင်ပြီး မှောက် ထားတာပေါ့ ”
“ အဲဒီတော့ ရေတွေ ပြန် မအန်ဘူးလား ”
“ လက်ဖက်ရည်သောက် ပန်းကန် တစ်လုံး စာ လောက်ပဲ အန်တယ် ”
“ နောက်ပြီးတော့ ရေတွေ ပြန် အန်ထွက်အောင် ဘာမှ ထပ် မလုပ်ဘူးလား ”
“ ကျုပ်တို့လည်း ဘာ မှ ဆက် မလုပ်တတ်တော့တာ နဲ့ ဒီအတိုင်း ကြည့်နေရတာပဲ ဆရာရယ် ။ ဒီလိုနဲ့ သေ သွား ရော ဆိုပါတော့ ဗျာ ”
ကိုချစ်လှိုင် က ဝိုင်း လာသောမျက်ရည်များ ကို တဘက် ဖြင့် သုတ် ပစ်လိုက်သည် ။
'' ဖြစ်မှ ဖြစ်ရလေဗျာ ၊ ဒီအတိုင်း ကြည့်နေလိုက်ရတယ် လို့ ”
ကျွန်တော် များစွာ ယူကျုံးမရ ဖြစ်မိပါသည် ။ မသေ သင့် ဘဲ သေ ရသည် ဟု ယူဆသောကြောင့် ဖြစ်ပါသည် ။ ရေတိမ် နစ်တယ် ဆိုတာ ဒါမျိုး ကို ခေါ်တာ နေမှာပေါ့ ။
“ ကိုလှအောင် တို့ ကော အနားမှာ မရှိဘူးလား ၊ သူ က တော့ ရေနစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းနည်းပါး ပါး ကြားဖူးနားဝ ရှိမှာပေါ့ ”
“ သူတို့ က အတော် ခပ်လှမ်းလှမ်း နေရာ မှာ ရောက် နေတာ ။ ငွေစိန် ကုန်းပေါ် ရောက်ရောက်ချင်း ကုန်း အော် တာပဲ ။ သူတို့ ကြား မှ မကြားနိုင်ဘဲ ”
“ အမှန် က ကုန်းပေါ် ရောက်ရောက်ချင်း ပခုံး ပေါ် မှာ ဗိုက် ကို မှောက် တင် ၊ ခေါင်း ကို ဇောက်ထိုး ထားပြီး လှည့် ပတ် ခုန်ပေါက် ပစ်ရမှာဗျ ။ အဲဒါမှ ဗိုက် ထဲ ဝင်သွားတဲ့ ရေတွေ ပြန် အန် ထွက်နိုင်မှာ ။ ရေတွေ ထိုး အန်ပြီးမှ အသက် ရှူလာ နိုင် အောင် ပါးစပ် ထဲ လေ မှုတ် သွင်းတာတို့ ၊ ဝမ်းဗိုက် အထက် ကို လက် နဲ့ပင့် ပြီး တွန်းပေးတာ တို့ စတဲ့ အသက်ရှူ လေ့ကျင့်ခန်းတွေ ဆက်တိုက် လုပ်ပေးရမှာ ။ အသက်ရှူ ရပ် သွားရတာ က ရေတွေ ပြည့် နေတော့ အသက်ရှူ လမ်းကြောင်း ပိတ် နေလို့ဗျ ၊ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကို ချက်ချင်း ပြန် ဖွင့်ပေးဖို့ လို တာ ”
ဖြစ်ပြီးခဲ့တာ ကို ပြန် ပြင်၍ မရနိုင်တော့ သော် လည်း နောက် နောင် ထိုသို့ မဖြစ်သင့်သည် ကို ရှောင်ရှားနိုင်အောင် ကျွန်တော် သိရှိ နားလည်သမျှ ရှင်းပြပါသည် ။ သို့ရာတွင် ကိုချစ်လှိုင် နားဝင်သေးဟန် မတူပါ ။
“ ဘယ်လို လုပ်လုပ်ပါ ဆရာရယ် ၊ သေ ကို သေချင်လို့ ပါ ။ လှေ ကို ရေ ထဲကနေ ဆွဲ နှစ် လိုက်သလိုကြီးပါ လို့ ကျုပ် ပြောခဲ့ပါပကော ”
အစွဲအလမ်း တစ်ခု ကို လွယ်လွယ်နှင့်ဖျောက်ဖျက်မရ နိုင်ကြောင်း ကျွန်တော် သဘော ပေါက်ပါသည် ။
“ ဒီမယ် ကိုချစ်လှိုင် စိုင်းအောင်လှိုင်မြင့် ဆိုတာ ခင်ဗျား ကြားဖူးမှာ မဟုတ်ဘူး ။ ရေနစ်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး သူ့အတွေ့အကြုံ ကို ကျွန်တော် နည်းနည်း ပြောပြချင် တယ် ”
“ ဟုတ်ကဲ့ ပြောပါ ”
“ မြစ်ကြီးနား ဘက် မှာ ကားကြီး တစ် စီး ဧရာဝတီ မြစ် ထဲ ကို ထိုး ကျသွားတော့ ကားရှေ့ခန်း ထဲမှာ ကားမောင်းသမား တစ်ယောက် ပါသွားတယ် ။ ကား က မြစ် ရဲ့ အောက်ခြေ ကြမ်းပြင် ထိ ရောက်သွားတာ ဆိုတော့ ဘယ်လောက် နက် လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ ။ ခင်ဗျားတို့ လှေ နစ်တဲ့ နေရာ နဲ့ ဘာမှ မဆိုင်ဘူး ။ ရေ ကလည်း အေးစက် နေ တာ နော် ။ အဲဒီ ကား ထဲ ပါ သွားတဲ့ လူ ကို ကယ်တင်ဖို့ စိုင်းအောင် လှိုင်မြင့် က မြစ် ရဲ့ အောက်ခြေ ထိ ရေငုပ် ဆင်းသွားပြီး ကားတံခါး ကို ခက်ခက်ခဲခဲ ဖွင့် ပြီးမှ ကား ထဲ က လူ ကို ရေ ပေါ် ရောက်အောင် ဆွဲ ထု တ်တင်ခဲ့ ရတယ် ။ မတင်ကြည် ဖြစ် တာက မြုပ်လိုက် ပေါ်လိုက် ခဏလေးရယ် ။ စိုင်းအောင်လှိုင်မြင့် က မြစ် အောက်ခြေ ကြမ်းပြင် မှာ အတော်လေး ကြာ သွားပြီး မှ ဆယ်ယူရတာ ”
“ အဲဒီ ကားသမား သေ မသွားဘူးလား ဆရာ ”
“ ဘယ် သေမလဲ ။ ကုန်းပေါ် ရောက်ရောက်ချင်း ခုန ကျွန်တော် ပြောသလို ရှေးဦးသူနာပြုနည်းတွေ နဲ့ စိုင်းအောင်လှိုင်မြင့် က လုပ် ပေးလို့ အသက် မသေဘဲ ဖြစ် သွားတယ် ။ မြစ်ရေ ထဲမှာ အတော်လေး ကြာသွားလို့ စိုင်းအောင်လှိုင်မြင့် တောင် အအေး ပတ် ဖျားပြီး ဆေးရုံ တက် ကုသခံလိုက်ရ သေးတယ် ”
ကျွန်တော့် ပြော စကား ကို စူးစိုက် နားထောင်ရင်း ကိုချစ်လှိုင် ၏ မျက်လုံးများ ပြူးကျယ် လာနေသည် ကို သတိ ပြုလိုက်မိသည် ။
“ အဲ အဲဒါ တကယ်ပဲလား ဆရာရယ် ”
ကိုချစ်လှိုင် က စိတ်လှုပ်ရှားစွာဖြင့် ကျွန်တော့် ကို မေး သည် ။
“ အမှန်ပါပဲဗျာ ၊ ကျွန်တော် ဘာလို့ ခင်ဗျား ကို လိမ် ရမှာလဲ ”
“ တကယ်နော် ဆရာ ၊ တကယ် ”
“ တကယ်ပါဗျာ ၊ နောက် ခင်ဗျား မြို့ရောက်ရင် ဗဟု သုတ ရှိတဲ့ လူ တစ်ယောက် ယောက်ကို မေး ကြည့်ပါ ”
ကျွန်တော် ၏ တည်ကြည်သော မျက်နှာထား ကြောင့် ကြက်ဖကြီး လည်လိမ် အချိုး ခံလိုက်ရ သလိုပင် ကိုချစ်လှိုင် ငိုင် ကျသွားပါသည် ။ နောက် မျက်နှာ ကို တဘက်ကြီး ဖြင့် အုပ်ကာ “ တင်ကြည် ရေ နင် သေရတာ ငါ အသုံးမကျ လို့ ဟ ” ဟု ဗလုံးဗထွေး မြည်တမ်း ရေရွတ်နေပါသည် ။
“ တကယ် ပါ ဗျာ ၊ အဲဒီလို လုပ်လို့ ရမှန်း အစက သိရင် ”
သူ့ စကားသံ တိမ်ဝင်သွား ကာ မတင်ကြည် ၏ ရုပ်ကလာပ် ကို သာ တွေ တွေကြီး ကြည့် နေပါသည် ။ ခု လို ဆို ပြန် တော့လည်း ကျွန်တော် စိတ် မကောင်းပါ ။ သူ့ ကို ကျွန် တော် ပြောလိုက်တာ အချိန် စောများ နေလေသလား ။ စေတနာ စကားပင် ဖြစ်သော်လည်း အချိန်အခါ အခြေအနေ ကို ကြည့်သင့် သည် မဟုတ်ပါလော ။ ကျွန်တော့် စကားကြောင့် ကိုချစ်လှိုင် သူ့ ကိုယ် သူ တ စ်သက် ခွင့် မလွှတ်နိုင် အောင် စိတ် ထဲ စွဲလမ်းသွားမည် ဆိုပါလျှင် ကျွန်တော့် စေတနာ သည် ဝေဒနာ ဖြစ်သွားပေတော့မည် ။ သို့ စေကာမူ ကျွန်တော့် ပြော စကားကြောင့် ထိုအဖြစ်မျိုး နောက်နောင် မဖြစ်အောင် သင်ခန်းစာ ယူနိုင်ကြမည် ဆိုလျှင်တော့ ကျွန်တော် ပြောရကျိုး နပ်မှာပဲ ဟု ကိုယ့် ကိုယ် ကို ဖြေသိမ့် ရပါ တော့သည် ။
ည ရောက်တော့ စခန်းတစ်ခုလုံး လမိုက်ည အမှောင် ထု အောက် ၌ တိတ်ဆိတ်နေပုံ မှာ ချောက်ချားဖွယ် ကောင်း လှသည် ။ စခန်းရှိ လူများကား ကြောက်ရွံ့တုန်လှုပ်ခြင်း ကြီးစွာ ဖြင့် တဲတွေ ထဲ မှာပင် မလှုပ်မယှက် ငြိမ်ကုပ်နေကြတော့သည် ။ ခါတိုင်းလို ရယ်မောသံ ၊ သီချင်းဟစ်သံ များ ကို လုံးဝ မကြားရတော့ပြီ ။ အသုဘ တဲ မှာ လည်း ထွန်း စရာ မီး မရှိသဖြင့် ဖဲဝိုင်း ခင်းပြီး အသုဘ ကို စောင့်ဖို့ မဖြစ်နိုင် ။ ထင်းတွေ စု မီးဖို ပြီး မီးပုံဘေး ၌ ဝိုင်းထိုင်ရင်းဖြင့် သာ အသုဘ ကို စောင့်ကြရတော့သည် ။
နောက်နေ့ မနက် မိုးမလင်း မီ ပင် တောင်ခြေ နှင့် အနီး ဆုံးရွာ ဘုန်းကြီးကျောင်း မှ ဦးပဉ္စင်းလေး သည် သရဏဂုံ တင် ရန် ကိစ္စ အတွက် စခန်း သို့ ရောက်ရှိ လာလေသည် ။ ဦး ပဉ္စင်းလေး ခမျာ ည ဦး ကတည်း က ကျောင်း မှ ထွက် လာ ကာ လှည်းဂံ တဲစခန်း တွင် တစ်ရေး ကျိန်းစက်ပြီး မှ သန်း ခေါင်ကျော် အ ချိန် တွင် လမ်းပြ နှင့် အတူ လက်နှိပ်ဓာတ်မီး ဖြင့် တောင်ပေါ် သို့ ခဲရာခဲဆစ် တက် လာသည် ဟု သိရလေ သည် ။
မတင်ကြည် သေဆုံးခဲ့သည် မှာ နှစ်ည ရှိသွားပြီ ဖြစ်၍ ဝမ်းဗိုက် မှာ ဖောင်းကားနေပြီး အနံ့ ထွက် နေသဖြင့် မနက် လင်းလင်း ချင်း သရဏဂုံ တင်ပြီး ခပ်လှမ်းလှမ်း ရှိ လျှိုထဲသို့ ရုပ်ကလာပ် ကို ဝါးကပ်ပေါ် တင်၍ ထမ်း သွားကြတော့ သည် ။ အသုဘ ကို လိုက်ပါ ပို့ဆောင်ရန်လည်း မလိုအပ်တော့ ပေ ။ မီး ရှို့ မည့် ယောက်ျား အနည်းငယ်သာ လိုက်ပါ သွားကြလေသည် ။
ခဏ ကြာလျှင် လျှို ထဲ မှ မီးခိုးမည်းမည်းများ ၊ မီးခိုး ပြာပြာများ ၊ မီးခိုးဖြူများ တလူလူ လွင့်တက် လာကာ ရေပြာ စခန်းကောင်းကင်ပြင် ကို ဖုံးလွှမ်း သွားလေသည် ။ ထိုအချိန် တွင် နေရောင်သည် ကောင်းစွာ မထွန်းပနိုင်တော့ ။ မိုး အုံ့မှိုင်းသလိုပင် မှိုင်းညို့ အုံ့ဆိုင်းနေတော့သည် ။
မတင်ကြည် ၏ ရုပ်ကလာပ် ကို မီးသင်္ဂြိုဟ် ပြီးလျှင် တော့ မတင်ကြည် ၏ သမီးအကြီး ရွှေနု နှင့် သား ဖြစ်သူ ပေါရွှေ တို့ သည် ရွှေဥ နှင့် ကလေးငယ် ကို ခေါ်ပြီး ကျောက် တဲ သို့ ပြန် သွားကြလေပြီ ။
“ သမီး ရဲ့ အဖေ့ ကို တစ်ယောက်တည်း ထားခဲ့တော့ မှာလား ”
ကိုချစ်လှိုင် ကား ငိုရုံမျှ အပ ဘာမျှ မတတ်နိုင်တော့ပြီ ။ မယားပါ သမီး နှင့် ပထွေး ဆက်လက်ပြီး အတူ နေဖို့ ဘယ် သင့်တော်ပါ့ မလဲ ။ ခုတော့ အင်ဖက်တဲ ထဲ မှာ ကိုချစ်လှိုင် တစ်ယောက်တည်း သာ ပင် ။
“ မတင်ကြည် ကို သူ့ အရင် ယောက်ျား ကိုညို က နောက်ယောက်ျား ယူတာ မကြည့်နိုင် လို့ လာ ခေါ်သွားတာ တဲ့တော့ ”
ဘယ်သူ က စ ၍ ပြော လိုက်သည် မသိ ၊ သည် သတင်းစကား က စခန်း တစ်ခု လုံး ချက်ချင်း ပျံ့နှံ့သွားသည် ။
“ ည က မအေးတင် အိပ်မက် မက် သတဲ့ ။ ရေပြာ ချောင်း ကမ်းထိပ် က ကညင်ပင်ကြီး ပေါ် မှာ ကိုညို နဲ့ မတင်ကြည် တွဲ ထိုင်နေရင်း က အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် .. ” သီချင်း ကို ဆိုနေကြသတဲ့ တော့ ”
သည် အိပ်မက် ကို လည်း စခန်း က လူများ ချက်ချင်း ယုံကြည်သွားကြပြန်သည် ။
ထို ထိတ်လန့်ဖွယ် စကားများ သည် အသည်းငယ်သူ တို့ ကို တမင် ခြောက်လှန့်နေသလို ရှိ နေတော့သည် ။
ညနေ စောင်း လျှင် တော့ တောင်ပေါ်စခန်း မှ လူများ မြေပြန့်ရွာများ သို့ အလျှိုအလျှို ပြန် ဆင်း သွားကြလေ သည် ။ လောလောဆယ် မှာတော့ ချောက်ချားဖွယ် သည် စခန်း မှာ ဆက်လက်နေဖို့ သွေး မရဲကြတော့ပြီ ။ မြေပြန့် သို့ ပြန် ဆင်းသူများတွင် မငွေစိန် သည် ထိပ်ဆုံးက ။ သူ သည် မတင်ကြည် ၏ ရုပ်ကလာပ် ကို ရှေ့မှာ ထားပြီး ကိုချစ်လှိုင် နှင့် အတူ တစ်ညလုံး မအိပ်ရဲဘဲ မီးဖို ဘေး မှာ စောင့် အိပ်ခဲ့ ရ သည် ဖြစ်၍ ဆည် က ပြန်ရောက်လာ ကတည်းက သူ့ မှာ ကြောင်စီစီ ဖြစ်နေခဲ့လေပြီ ။
ထို ည မှာတော့ စခန်း တစ်ခုလုံး ကျွန်တော် တို့ တဲ မှ အပ ကျန် တဲများ တွင် တဲစောင့် ယောက်ျား တစ်ယောက် တလေ မှ လွဲ၍ လူ သူ ဟူ၍ မရှိကြတော့ပေ ။ ကျွန်တော့် ဘဝ တွင် ထို တစ်ညလောက် တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ည ကို မတွေ့ခဲ့ဖူးပါချေ ။
••••• ••••• ••••• •••••
သည်တော ၊ သည်တောင်တွေ ရှိ နေသမျှ ကာလပတ် လုံး သည် စခန်း မှာ လူတွေ ဆက်လက် ရှိနေကြဦးမည်ပင် ။ သည် လူတွေ ရှိနေသည့် အမျှလည်း “ မတင်ကြည် ၏ ဇာတ်လမ်း ” သို့မဟုတ် “ ကိုညို နှင့် မတင်ကြည် တို့၏ ဇာတ်လမ်း ” ကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောနေကြလိမ့်ဦး မည်သာ ။
နှစ်ပရိစ္ဆေဒ ကြာလွန်းလာလျှင်တော့ ကား ၎င်း ဇာတ်လမ်း သည် ဒဏ္ဍာရီ ပုံပြင် ဖြစ်ကောင်း ဖြစ်သွားမည်လား မပြောတတ်ပေ ။
◾ ဆင်တဲဝ - မြတ်ဖုန်း
📖 ရှုမဝရုပ်စုံ မဂ္ဂဇင်း
၁၉၈၉ ၊ ဇွန်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment