Friday, July 8, 2022

မေ မလွမ်းလေရော့ သလား


 

❝ မေ မလွမ်းလေရော့ သလား ❞

ငွေသရဖီ ပန်းမှုန်ကြွေ့ ကိုလ
လေပလီ ဖုန်းသုံးလို့ ဝှေ့ပြန်တော့
( အို .. ) လွမ်းဟုန်ဝေ့ ပွေဗျာစည်
ဪ .. မေ မလွမ်းလေရော့သလား ၊
ရေသွန်းတော် အခါတိုင်းတော့မထင့် ... ။

    •••   •••   •••   •••
   
မေ့ အဖို့သော်ကား မပြောတတ် ။ ကျွန်တော့် အဖို့ မှာ ကား ရက်ပေါင်း ၃၆၄ ရက်လုံးလုံး ကျော်လွန်ကုန်ဆုံးလာ ခဲ့သည့်တိုင်အောင် မေ့ပျောက်၍ မရ ။ မေ့ပျောက်ရန် အတန် တန်ကြိုးစားသော်လည်း ထိုသို့ကြိုးစားကာ မှ ပင် တိုး၍ တိုး ၍ အောက်မေ့မေ့ တမြေ့မြေ့ ၊ တလွမ်းလွမ်း ၊ တတမ်းတမ်း တသသ ဖြင့် မေ ရှိရာ ဆီသို့ ရည်ရော် မှန်းဆလျက် နေမိခဲ့လေ၏ ။

တစ်နေ့သော်ကား အခါတိုင်း ထက်ပင် ပိုမို၍ သတိ ရ မိလျက် ရှိနေပေ၏ ။ ယမန်နှစ် က ဤ အကြိုနေ့များ တွင် ပင် မေ သည် ကျွန်တော် ရှိရာဆီသို့ စိုက်စိုက်မတ်မတ်ကြီး ဝင် ရောက်လာခဲ့လျက် ကျွန်တော် ပခုံး နှစ်ဖက်ပေါ် တွင် လက် ကလေးနှစ်ချောင်း ကို ဖြည်းညင်းသာယာစွာ တင်ကာ “ ကိုတင့် မေ့ ကို ချစ်ရင် မေ့အတွက် တစ်ခု ဆောင်ရွက်ပေးမလား ”  ဟု ထူးထူးခြားခြား မေး လိုက်သောကြောင့် ကျွန်တော့်တွင် မေ သည် ယခုကဲ့သို့ ကျွန်တော့် အချစ် ကို မယုံဘိ သကဲ့သို့ မေးစမ်း နေရသေးသလော ဟု တွေးတော ဝမ်းနည်းမိသည့် အတိုင်း -

“ အို မေရယ် ၊ ဘာဖြစ်လို့ ကိုတင့် ကို ဒီလို နှိပ်စက်ပြီး မေး နေရတာလဲ ။ မေ့ အတွက် ဆိုရင် ကိုတင့် ဘာမဆို လုပ် ပေးမှာပဲ ဆိုတာ မေ အသိသား မဟုတ်လား ”  ဟူ၍ ပြောမိ ပေ၏ ။

မေ ကား ကျွန်တော့် မျက်နှာ ကို အကဲခတ် သကဲ့သို့ အတန်ကြာအောင် ကြည့် နေပြီး မှ “ သိတော့ အသိသား ပေါ့ ၊ ဒါပေမဲ့ ကိုတင့် ဒီ တစ်ခါ နောက်ဆုတ်သွားမှာ လား လို့ စိုးရိမ်လို့ အခုလို မေးတာပေါ့ ”  ဟူ၍ ပြောပြီးလျှင် ကျွန်တော့် ကို ကျော်လွန်ကာ ပြတင်းပေါက် မှ မြင်ရသော တစ်ဖက်ခြံ ရှိ ဧရာမ သရဖီပင်ကြီး ဆီ သို့ စူးစိုက် ကြည့် နေသည် နှင့် ...

“ ပြောပြီးကော မေ ၊ ကိုတင့် ဟာ မေ့ ဆန္ဒ ကို မပြည့် ပြည့်အောင် ဖြည့်ပေးပါမယ် လို့ ။ ဘယ်လို ဖြည့်ပေးရမယ် ဆိုတာသာ ပြောပါ မေ ၊ ပျက်ကွက်ရင် ကိုတင့် တာဝန် ပေါ့ ”  ဟု မေ ၏ နှစ်သွယ်သော လက် ကို ယုယစွာ ကိုင် ၍ ပြောမိ ပေ၏ ။

မေ ကား ရုတ်တရက် မပြော ။ ကျွန်တော့် ကို တစ် လှည့် ၊ သရဖီပင်ကြီး ကို တစ်လှည့် ကြည့်ကာ တစ်စုံတစ်ခု ကို ချီတုံချတုံ ချိန်ဆ စဉ်းစားနေသကဲ့သို့ ပြုလုပ်နေသော ကြောင့် လက်ကလေး ကို ကိုင်လှုပ်ကာ ...

“ ပြောလေ မေ ၊ ကိုတင့် က ကူပါ့မယ် ဆိုတော့ လည်း မေ က မပြောပြန်ဘူး ကိုး ။ ကိုတင့် ကို မယုံလို့လား ”

“ အို မေ ၊ ကိုတင့် ကို ယုံပါတယ် ။ ယုံ လို့လည်း ကိုတင့် ဆီ ကို လာတာပေါ့ ”

“ နို့ ဘာကြောင့် ကိုတင့် ဘယ်လို အကူ ပေး ရမယ် ဆို တာ အခု ထက်ထိ မပြောဘဲ နေရတာလဲ ”

“ မေ ဘယ်လို ပြောရမှန်း မသိလို့ ဘယ်လို ပြောရရင် ကောင်းမလဲ ဆိုတာ စဉ်းစား နေတာပါ ”

“ ဘယ်လိုပဲ ပြောပြော မေ ၊ ပြောသာ ပြောပါ ၊ ကိုတင့် သိချင်လှပါပြီ ”

“ မေ ပြောမယ်နော် ” 

“ ပြောပါ ဆိုမှပဲ မေ ရာ ၊ ဘယ်နှစ်ခါ ရှိပြီလဲ ပြောရတာ ”

“ ကိုတင့် မေ့ ကို ဘာမေးခွန်းမှ မထုတ်နဲ့နော် ။ ဘာဆို ဘာမှ မမေးနဲ့ ။ မေ ကပဲ ပြောမယ် ” 

“ အို မေ ရာ ၊ ကိုတင့် မရှင်းတာ ရှိရင်တော့ မေး ရမှာပေါ့ ”

“ မရှင်းတာ မရှိပါဘူး ကိုတင့် ရာ ၊ အရှင်းကြီးပါ ၊ ရှင်း လွန်လွန်းလို့ .... ”

မေ ကား ရှေ့ သို့ မဆက်ဘဲ ကျွန်တော့် မျက်နှာ ကို စိမ်း စိမ်းစားစား ကြည့်ရှု အကဲခတ်နေပြန်သောကြောင့် ကျွန် တော့်တွင် အားမလို အားမရ ဖြစ်လာကာ ...

“ ပြော မေ ၊ မမေးနဲ့ ဆိုလည်း ဘာမှ မမေးဘူး ၊ မေ ပြောစရာ ရှိတာ သာ မြန်မြန် ပြောပါတော့ ”

“ မေ လေ မေ ည ကျရင် မေမေ အိပ် တဲ့ အချိန် ဟောဟို ဘက် ခြံ က သရဖီပင်ကြီး အောက် ကို ကိုတင့် နဲ့ နှစ်ယောက် တည်း သွား ချင်တယ် ။ ဟိုဘက် ခြံကြီး ထဲ မှာ လူ ဆိုလို့ တစ်ယောက် မှ မရှိဘူး ၊ မေ တို့ သွားရင် မေ နဲ့ ကိုတင့် နဲ့ နှစ် ယောက်တည်း ပဲ ရှိ မှာပဲ ”

“ အောင်မလေး မေ ရာ ၊ ဒါများ ဝေ့လည်ကြောင်ပတ် လုပ်နေလိုက်ရတာ ၊ ပြောရောပေါ့ ၊ တစ်ခါတည်း ။ ဘာလဲ ကိုတင့် ဖြုန်းခနဲ ဝမ်းသာလုံး ဆို့ သွားမှာ စိုး လို့လား ”

မေ သည် တစ်စုံတစ်ရာ ပြန်၍ မပြောဘဲ ပြုံးလျက် သာ နေ၏ ။

“ နို့ မေ့ မယ်တော်ကြီး က ကိုတင့် နဲ့ ဟိုဘက် ခြံ ထဲ ညကြီး ကျ မှ ထွက် သွားတာ ကို မတော် နိုး လာလို့ သိ သွား ရင် စိတ်ချမလား ”

“ အို ကိုတင့် က လည်း ပူတတ်ရန်ကော ၊ သိ သွား‌တောင် ကိုတင့် နဲ့ သာ ဆိုရင် မေ့ ကို ဘယ်မဆို စိတ်ချတာပဲ မဟုတ်လား ၊ သိ မှာလည်း မဟုတ်ပါဘူး ကိုရွှေရိုးကြီး ရဲ့ ”

“ ကဲ ပြောစမ်းပါဦး ၊ ဟို ခြံ ထဲ ကျတော့ ကိုတင့် ဘာ လုပ်ရဦးမလဲ ”

“ ခက်တာပဲ ။ ကိုတင့် ဟာ သိပ်ပြီး အ တာပဲ ။ ဒါ ကြောင့် ဘာဆို ဘာမှ မမေးရဘူး လို့ မေ စောစော ကတည်း က ပြောထားတာ ”

“ ဪ ကိုတင့် သဘောအတိုင်းပဲလား ၊ ဒီလိုဖြင့် မေ ရယ် ၊ ကိုတင့် စောစောက ဒေါ်ဒေါ် ကို ပြောမိတဲ့ စကား အ တွက် မေ့ ကို တောင်းပန်ရမှာပဲ ”

“ ဘာလဲ ကိုတင့် ဘာ စကားများလဲ ”

မေ သည် အလွန့်အလွန် သိလိုသော မျက်နှာ ဖြင့် ကျွန်တော့် ကို ကိုင် ထားသော လက်ကလေး နှစ်ဖက် ကို ပြန် ၍ ရုပ်ကာ ကျွန်တော့် ပခုံး ကို လှုပ်၍ မေး ရှာပေ၏  ။

“ မေ စိတ်မဆိုးနဲ့ နော် ၊ ကိုတင့်လည်း စိတ်ပူလို့ ပြော မိတာပဲ ။ ဒီ လမ်း ထဲ က ဟိုကောင်ကလေး ရှိပါ ရောလား ၊ ထွေးမောင် ဆိုတာလေ ၊ ကျော့ကျော့ ကျော့ကျော့ နဲ့ ကောင် ကလေး ဟာ ။ အဲဒီ ကောင် က မေ့ ကို မရမက ပိုး နေတယ်လို့ ကိုတင့် က တလော က ကြားလာတာ နဲ့ ဒီ အကြောင်း ဒေါ် ဒေါ် ကို ပြော ပြ မိတယ် ”

မေ သည် ကျွန်တော့် အား သေချာစွာ စူးစိုက်ကြည့် လိုက်ပြီးနောက်

“  ဒီတော့ မေမေ က ဘာ ပြောသလဲ ” 

“ ဒေါ်ဒေါ် ကလား ၊ ဒေါ်ဒေါ် ကတော့ ဒီ ကောင်ကလေး ဒါကြောင့် အိမ်ရိပ် တောင် မနင်းခိုင်းတာပေါ့ ၊ မောင်တင့် ကလည်း ခပ်အေးအေး ဆိုတော့ မတော် ကလေးချင်း မေတ္တာ ရှိ သွားရင် မောင်တင့် အပေါ် မျက်နှာ ပူ စရာ ဖြစ်မှာ ပေါ့ တဲ့ ”

“ နို့ ဒီတော့ ကိုတင့် က ဘယ်လို ပြန် ပြောလိုက်သေး သလဲ ”

မေ မှာ မဟုတ်မမှန် အပြော ခံရ၍လော မသိ ၊ ယခု မေး လိုက်သော အသံ မှာ အတန်ငယ် ခက်ထန်သွားပုံ ရ ပေ၏ ။

“ ကိုတင့် က လား အို မေ့ အတွက် တော့ ပူစရာ မရှိပါ ဘူး ဒေါ်ဒေါ် ၊ ကျွန်တော့် အပေါ် မှာ အတော့် ကို ကြင်နာ ရှာ ပါတယ်လို့ ပြော လိုက်တာပေါ့ ၊ စောစော က သာ သိရင် ဘယ်လောက် ကြင်နာတယ် ဆိုတာ လူ မရှိတဲ့ ဟိုဘက် ခြံ ကြီးထဲ က သရဖီပင်ကြီး အောက် ညဘက် နှစ်ယောက် ထွက် ပြီး သွားရအောင် လို့ တောင် ခေါ်ပါတယ် လို့ ပြော လိုက်ရသား ”

မေ လည်း စိတ်တိုင်း မကျသကဲ့သို့ နှုတ်ခမ်းကလေး ကို စူ ကာ “ ပြော ပြော အဲသလို ကျပ်ကျပ် ပြော ”  ဟု ပြော ပြောဆိုဆို အခန်း တွင်း မှ ဖျတ်ခနဲ လှည့်ထွက်သွားသည် နှင့် ကျွန်တော် လည်း ညရေး ကို ကြို တွေးကာ စိတ်ပျော်ပျော် ရှိသည့် အတိုင်း အနီးတွင်ရှိသည့် ကဗျာမှတ်စု စာအုပ်က လေး ကို ဖွင့်၍ မမြင်တစ်ချက်မြင်တစ်ချက်သော မျက်စိများ ဖြင့် ကြည့် နေမိလေ၏ ။

သို့သော် အာရုံစူးစိုက်၍ မရသဖြင့် စာအုပ် ကို ဖြန့်မြဲ တိုင်း ဖြန့် ထားခဲ့ကာ ထွေရာ စိတ်ကူး၍ အိပ်ရာ ဆီ သို့ လှည့် ၍လာခဲ့လေ၏ ။

ထို ည က ကျွန်တော် ရှိရာသို့ မေ ရောက် မလာမီပင် မေ ၏ ကိုယ် မှ သင်းပျံ့မွှေးကြိုင်သော ရနံ့ကလေး သည် ကျွန်တော့်နှာခေါင်းဝ သို့ လာ နှုတ်ဆက်နှင့် သဖြင့် ကျွန်တော် လည်း အပေါ်အင်္ကျီ ကို ကောက် ၍ ဝတ်ကာ အခန်းဝ ဆီ သို့ လာခဲ့လေ၏ ။

အခန်းဝ တွင် ခြေဖျားကလေးထောက် ကာ လာ လျက် ရှိသော မေ ကို တွေ့မြင်ရရာ ကျွန်တော့် ကို မြင် သောအခါ မေ လည်း အသာ ရပ်လျက် လှေကားဘက် ဆီ သို့ လှည့် ၍ သွားသည် နှင့် ကျွန်တော် လည်း နောက် က အသာက လေး လိုက် ၍ သွားရလေ၏ ။

အောက်ထပ် သို့ ရောက်၍ တစ်ဖက်ခြံ သို့ ကူးသောအခါ သစ်ပင်ရိပ်ကြီးများ အောက် တွင် အတန်ငယ် မှောင်နေသ ဖြင့် ရှေ့က သွား နေသော မေ အား “ နေဦး မေ ၊ ကိုတင့် လမ်း ပြမယ် လေ ၊ မတော် ... ”

“ ကိစ္စမရှိဘူး ကိုတင့် ။ မေ့ မှာ လက်နှိပ်ဓာတ်မီး ပါ တယ် ၊ လာ လာ ဒီဘက် က လာ ”

“ အို ကိုတင့် အဖို့ရာက အရေး မကြီးပါဘူး ၊ မီးမမြင် ရတောင် မေ ဘယ်နား ရောက်နေတယ်ဆိုတာ ကိုတင့် မေ့ ဆီ က အနံ့ ကို ရတာ နဲ့ လိုက် လာနိုင်မှာပဲ ”

“ အမယ်လေး ဒီလောက်တောင်ပဲလား ” 

“ ဒီလောက်တောင် ကိုပဲ မေ က လည်း သ,လာတာ ကိုး ၊ ကိုတင့် စိတ် ထဲ မှာ မေ ဟာ ဒီ နေ့ ည မှာ အလှဆုံးပဲ လို့ ထင် မိတာပဲ ။ ပြီးတော့လည်း ကိုတင့် ဒီ ည လောက် မေ့ ကို ချစ်ပြီး ၊ ဒီ ည လောက် စိတ် ထဲ မှာ တစ်မျိုးကြီး ဖြစ် နေတာ ကို တစ်ခါ မှ မကြုံဖူးဘူး မေ ရာ .. ”

“ အမယ်လေး လျှာ ရှည်တော် မူမနေနဲ့ ။ ဟောဒီက ဝင်းထရံခတ်ကြိုး နဲ့ ငြိ နေလို့ ကွဲ နေဦးမယ် ၊ လာ ... ဒီဘက် ကို ”

“ မြင်ပါတယ် နေဦး ၊ မကူးနဲ့ဦး ၊ ကိုတင့် အရင် ကူး ပြီးမှ မေ့ ကို ဆွဲ တင်ပေးမယ် ၊ နေဦးနော် နေဦး ”

ကျွန်တော် လည်း ရှေ့သို့ သွက်လက်သော ခြေလှမ်း များဖြင့် သွားကာ ခြံစည်းရိုး ကို လွှား၍ ခုန်ကျော်လိုက်ပြီး လျှင် “ ပေး မေ့ လက် ကိုတင့် ကို ပေး ”  ဟု ပြောပြောဆိုဆို လှမ်းဆွဲ ကာ တစ်ဖက် ခြံဝင်း ထဲ သို့ ရောက်သည့် တိုင်အောင် အောက် သို့ ချရမည်ကို မချရက်ဘဲ တင်းကျပ်စွာ ပွေ့ပိုက် ထားမိလေ၏ ။ ကျွန်တော် ကား သရဖီပင်ကြီး ရှိ ရာဆီ သို့ ဆက်သွားရန် ဖြစ်ပါသော်လည်း မေ့ မျက်နှာ ဆီ မှ ခွာ၍ မရ ၊ ရှေ့သို့ဆက်လက် သွားဖို့ ရန် မှာမူ စိတ်ကူး ထဲ တွင်ပင် မပေါ်ပေါက်ဘဲ ရှိနေမိလေ၏ ။

သို့သော် မေ က “ လုပ်ပြီ ၊ သိပ်ကဲတာပဲ ၊ ကဲပါ ... ဟိုရောက်အောင် သွားမှာ သွားပါဦး ”  ဟု ပြောပြောဆိုဆို အောက် ဆင်းပြီး လျှောက်မည် ပြု၍ ကျွန်တော် လည်း မလွှတ်လိုသေးသည့် အတွက် “ ဆင်းမလျှောက်ပါနဲ့တော့ မေ ရာ ၊ ကိုတင့် ပဲ ချီ ခဲ့ပါမယ် ”  ဟု ပြော၍ ရှေ့သို့ လှမ်းခဲ့လေ၏ ။

မေ ကား ရုန်းလျက် “ အို ... နေပါစေ ၊ မေ့ ဘာသာ မေ လျှောက်ပါ့မယ် ။ ကိစ္စ မရှိပါဘူး ၊ ဟိုကျမှ ကိုတင့် ကို မေ ကောင်းကောင်းကြီး အလုပ် ပေးရမယ် ”

“ အို စိန်လိုက် ကိုတင့် ကို ဘာ မှတ်လို့လဲ ကဲ ဆင်း လျှောက် မှာဖြင့်ရင် လည်း မြန်မြန် လျှောက်ပါ မေ ရာ ၊ ကိုတင့် ဟိုအောက် ကို ရောက်ချင် လှပြီ ”

တစ်ခဏမျှ ကြာသောအခါ သရဖီပင်ကြီး အောက် သို့ ရောက်ခဲ့လေ၏ ။ မေ လည်း “ ကဲ ကိုတင့် ”  ဟူ၍ ခေါ်ရုံမျှ ခေါ်ရသေးစဉ် ကျွန်တော်လည်း သွက်လက်စွာဖြင့် “ ဘာ လုပ်ရမလဲ ပြောလေ ၊ အို ကိုတင့် ကတော့ ဘာပဲ လုပ်ရ လုပ်ရ အသင့်ပဲ ”  ဟု ပြောမိလေ၏ ။

“ အဟုတ်လား ၊ ဒါဖြင့် ဟောဒီ အပင်ကြီး က သရဖီ ပန်းတွေ ကို ဒီ ည  ခေါင်း မှာ ဝေ နေအောင် ပန် ချင်တယ် ”

“ အဲဒါမှ ခက်တာ ၊ စောစောက ပြောရင် တံချူ ယူ လာခဲ့ရသား ”

“ အို ... တံချူ နဲ့ သာဖြင့် မေ လည်း ခူး နိုင်သားပေါ့  ။ မေ က ကိုတင့် ကိုယ်တိုင် တက်ပြီး ကိုတင့် လက် နဲ့ ချိုး ပေးတဲ့ ပန်း ကို မှ ပန် ချင်တာ ”

“ ကဲဗျာ ... ဒါဖြင့် မမြင်မစမ်း နဲ့ တက် ရမှာ ၊ အောက် က ဓာတ်မီး သာ ထိုးပြ ၊ ကိုတင့် တက် မယ် ၊ ကြာကြာလည်း မထိုးနဲ့ နော် ။ တော်ကြာ တခြား လူတွေ ဖြတ်ပြု သွားရင် မြင်နေ ခွကျ ကုန်မယ် ။ တက် နေတုန်း တစ်ချက် တစ်ချက် သာ ထိုးပြ အပေါ် ရောက် ရင် မထိုးနဲ့တော့ ။ ဆင်း တော့ အသံ ပြုလိုက်မယ် ။ ဒီတော့ တစ်ခါ ထိုး ပြနော် ဟုတ်လား ”

“ စိတ်ချ ကိုတင့် ”

“ ကဲကဲ တက်ပြီ ။ ပန်းတွေ မပန်ခင်တောင် မေ့ ကို မြင် ရတာ ကိုတင့် စိတ် ထဲ က တစ်မျိုးကြီး ဖြစ်နေရင် ပန်းတွေ ဝေ လို့များ မြင် ရရင် ကိုတင့် ဘယ်လို နေမလဲ မသိဘူး ၊ ကဲ မီး တစ်ချက် ထိုးလိုက် ”

ကျွန်တော် လည်း ဤသို့အားဖြင့် အပေါ် သို့ ရောက် ရှိကာ သရဖီပန်းခိုင်များ ကို တစ်ခု ပြီး တစ်ခု စမ်း၍ စမ်း၍ ချိုး ချပေးခဲ့ပေ၏ ။ အတန်ကြာသောအခါ နှစ်ခြံကျော် သုံး ခြံ ဆီ မှ ခွေးဟောင်သံများ ကြား ရသည့် အတွက် စိတ်မချ သည်လည်း တစ်ကြောင်း ၊ အတော်များများ ရပြီဖြစ်သည် လည်း တစ်ကြောင်း ကြောင့် အကိုင်းများ ဆီ မှ ပင်စည်ကြီး ဘက်သို့ ကူး ခဲ့လျက် အောက် သို့ ဆင်း ရန် မီး တစ်ချက် ပြဖို့ ခပ်တိုးတိုး လှမ်း ၍ ပြော လိုက်ရာ မေ ကား မီး မထိုးဘဲ နေသ ဖြင့် ကျယ်ကျယ်လည်း မပြောဝံ့၍ စမ်းကာ စမ်းကာ ဆင်း လာခဲ့ရပေ၏ ။

မြေကြီး ပေါ် သို့ ဖုတ်ခနဲ ဆင်းမိသည့်တိုင်အောင် မေ ကား မီး မပြဘဲရှိ၍ “ မေ ... မေ ”  ဟု ဖြည်းညင်းစွာ ခေါ်ပြီး လျှင် “ မနောက်ပါနဲ့ မေ ရာ ၊ မီး ထိုးပြစမ်းပါ ။ ကိုတင့် ချွေချ တဲ့ပန်းခိုင်တွေ လိုက် ကောက်ရဦးမှာ ”  ဟု ပြော သော်လည်း မေ ကား တိတ်တိတ်ကလေးပင် နေသောကြောင့် “ အေး ကွာ မိ ရင်တော့လား ၊ ဒီ ည တော့ အတွေ့ပဲ ”  ဟု ကြိမ်းကာ စောစောက မေ မတ်တက် ရပ် နေရာ ဆီသို့ လာခဲ့လေ၏ ။

သို့သော် ရှာ ၍ မရ ၊ သရဖီပင်ကြီးအောက် သို့ အနှံ့အ ပြား လိုက် ရှာသော်လည်း မတွေ့ရ၍ “ မေ ထွက်ခဲ့ပါတော့ မေ ရာ ၊ ကိုတင့် မောလှပြီ ။ ဒီလောက် ကစားရရင် တော်ရော ပေါ့ ”  ဟု ပြောသော်လည်း မေ က ဘာမျှ ပြန် မပြောသည့် အတွက် ကျွန်တော့် မှာ စိတ်ဆိုးမိသလို ဖြစ်လာရင်း အမြန် ဆုံးတွေ့အောင် ရှာ နေရလေ၏ ။

သို့သော် ထို နေရာ တစ်ဝိုက်တွင် အနှံ့အပြား ရှာ သော်လည်း မတွေ့ ။ ကျွန်တော် စောစောက ချွတ်ပေးသော အင်္ကျီကလေးသာ ပန်းချုံကလေး တစ်ခုပေါ်တွင် တင်လျက်သား တွေ့ရ၍ ဧကန္တ မေ ကား ကျွန်တော့် ကို နောက်ပြောင်၍ အိမ်သို့ ပြန်နှင့်လေပြီ ဟု စဉ်းစားမိကာ နီးရာ သရဖီခိုင်များ ကို ကောက်၍ အိမ် သို့ ပြန်လည် သုတ်ခြေ တင် လာခဲ့ရ လေ၏ ။

အိမ် သို့ ရောက်သောအခါသို့ တိုင်အောင် မေ အား မမြင်ရ ၊ ခုတင် အောက် ၊ တံခါးကြား တို့တွင် ပုန်းနေလေသ လားဟု ရှာ ပါသော်လည်း မတွေ့ရသောအခါ ခြံ ထဲ တွင် ပင် ကျန်ရစ်၍ အားနွဲ့စွာ မလာတတ် ၊ မကူးတတ် ဖြစ်နေရှာ ပြီ လော ဟု ကသောကမျော ပြေး ဆင်းလာခဲ့ရ ပြန်လေ၏ ။

ဤ အကြိမ်တွင် မူ လက်နှိပ်ဓာတ်မီး တစ် လက်ပါလာ ရာ နှံ့အောင် ရှာသော်လည်း မတွေ့ရ၍ နောက်ဆုံးတွင် ကြီးစွာ စိတ်ပူပန်ခြင်း ဖြစ်ကာ ဒေါ်ဒေါ် အား နှိုး ၍ အကျိုးအကြောင်း ပြော ရလေ၏ ။

ဤတွင် ဒေါ်ဒေါ် လည်း “ ဟိုက် ဟိုကောင် နဲ့ လိုက် ပြေးပြီ ထင်တယ် ၊ ညနေက ရစ်သီရစ်သီ လုပ်နေတာတော့ အမြင်သား ၊ ဒါပေမဲ့ ချိန်း ချက် ထားလို့ ဆိုတာ လုံးလုံး ကို မရိပ်မိဘူး ၊ မောင်တင့် က လည်း သိပ် အ တာပဲ ”  ဟု ဆူပူ ကြိမ်းမောင်းသဖြင့် ကျွန်တော့် မှာ စောစောက ခွေးဟောင် သံများ ကြား လိုက်စဉ် က မရိပ်မိ လိုက်၍ ကြီးစွာ စိတ်ညစ် နေရသည့်အတွင်း သာ ၍ ပင် စိတ် မကောင်း ဖြစ်လာသည့် အတွက် ခြေကုန်လက်ပန်း ကျ ကာ အိပ်ရာ ထဲသို့ တစ်ကိုယ်လုံး ပစ်တင်လိုက်ပြီး လျှင် မိမိ ကိုယ် ကို အပြစ် တင်၍ မဆုံးဖြစ်နေမိလေ၏ ။

      •••   •••   •••   •••

သို့ဖြင့် နံနက် လင်းခဲ့ရာ ယမန်နေ့ က ကြည့် နေသော စာအုပ် ပေါ် တွင် ကျွန်တော် တင်ထားသည် ဟူ၍ သတိ မရ မိသော စက္ကူခေါက်ကလေး တစ်ခု ကို တွေ့ရ၍ ကောက်ယူ ဖွင့်ဖောက်ကြည့်မိရာ မည်သည့်အချိန်က တင်သွားသည် မသိ ။ မေ့ လက်ရေး ဖြင့် ...

အဲဒီလို ကျပ်ကျပ် ရိုး တစ်သက်လုံး မစွံဘဲ နေလိမ့် မယ် ၊ သနားတော့ သနားပါ ရဲ့  ၊ ဒါပေမဲ့ ဒီမှာလည်း ချစ်မိ ပြီးသား ဖြစ်နေတာ ကိုး ၊ ဘယ့်နှယ် လုပ်မလဲ ။ ခွင့်လွှတ်နော် ကိုရွှေရိုးကြီး ။
             မေ

ဟူ၍ တွေ့ ရသဖြင့် စားပွဲပေါ် ၌ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်တွင် ည က လှန်ထားသော ကဗျာမှတ်စု စာအုပ်ကလေး ၏ စာမျက်နှာပေါ်ဝယ် ...

သန်းဦးခေါင်း တစ်လုံးလေ့ ၊ သုံးကုဋေ့ စိတ်ဖြာ ဘုန်းတဖေ ၊ မိတ် လျာငယ် ၊ တဆိတ်စာငယ်မျှ ၊ သနားတည့် ချစ်မညှာတယ် ၊ မြစ်ပမာ လမ်းကောက်လေစွ ။ ဂရုစိုက် တစ်ဖက်လူ မှာ အသက်ရှူ မဝ ။ ကက္ကရူ စန္ဒန ၊ ပန်ရလိမ့်နိုးမျှော် ။ ရက်သာရှည် နှစ် သာ လွဲတော့မပ  ။ မဖြစ်ပါဘဲ ဘုန်းပြန်မိန့်တော် ။ ဆုံး ကံ က ရေမလျော်ပြီ ၊ ရှေ့ အဟော်ဝတက ကမ္မဇကံ ငင်ကြုံလာ ၊ ဘုန်းဝဋ်ကြီးပေါ့ ကုံးဆွတ်ပြီး ရွှေမာလာ ရယ် ၊ မေ အခွာ စောလေငဲ့လေး ။

ဟူ၍ ရေးမှတ်ထားသော တေးထပ်ကလေး ကို တွေ့မြင် ရ၍ သာ၍ ပင် စိတ် တွင် နောက်ကျိသွားကာ “ လုပ် လည်း လုပ်ရက်ပါ မေ ရယ် ၊ လုပ်လည်း လုပ်ရက်ပါပေ့ ”  ဟု ညည်းမိရင်း ထိုနေ့ မှ ဤနေ့ ၊ ထိုရက် မှ ဤရက် ၊ ထို ရာသီ မှ ဤ ရာသီ သို့ တိုင် ရောက်လာခဲ့သော်လည်း မေ့ သတင်း ကို ကား တစ်စွန်း တစ်စ မျှ မကြားရဘဲ ရှိခဲ့ပေ၏ ။

ယခု သရဖီပန်းများ လည်း ကြိုင်လှိုင်သင်းပျံ့စွာ ဝေဝေဆာဆာ ပွင့်နေကြပြီ ။ ရေသွန်းတော် အခါလည်း တိုင် တော့မည် ၊ မေ ... မေ ... မေ .. မလွမ်းဘူးလား မေ ... ။

◾ရွှေလင်းယုန်
     ( ဂျာနယ်ကျော် ဦးချစ်မောင် )

📖 ဂျာနယ်ကျော် မဂ္ဂဇင်း
      အတွဲ - ၉ ၊ အမှတ် - ၂
      ၁၉၄၁ ခုနှစ် ၊ ဧပြီလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment