❝ ပြောသလို လုပ်တဲ့ အမျိုး ❞
ကျွန်တော်တို့ အမျိုး သည် ပြောသလို လုပ်သော အမျိုး ဖြစ်သည် ။ သူများတွေ လို အပြော တစ်မျိုး အလုပ် တစ်မျိုး မဟုတ်ဘူး ဆိုတာ ကို မျိုးရိုး ၏ လူမှုရေးသမိုင်း က သက်သေ ပြခဲ့သည် ။ ကျွန်တော်တို့ အမျိုးတွေ ထဲ မှာ ယောက်ျားကြီးတွေ အများကြီး ရှိသည့် အနက် ၊ ပြောသလို လုပ်တဲ့ အမျိုး ဆိုတာ ကို လက်တွေ့ ပြသွားသူ ကတော့ အမျိုးသမီး အပျိုကြီး ဖြစ်သည် ။
ကျွန်တော့် ဘကြီး ဦးကြာခိုင် ကွယ်လွန် တော့ သူတို့ လယ် မှာ စပါးတွေ က မှည့်လို့ ရိတ်သိမ်းဖို့ အချိန် ရောက် နေပြီ ၊ ဘကြီး ရဲ့ ဇနီး ဖြစ်သူ ကြီးတော် ကလည်း ဘာမှ မလုပ်တတ် မကိုင်တတ် ။ လယ် သိမ်းမည့် သူ မရှိ၍ မိသားစု ဒုက္ခ ရောက်တော့သည် ။ ကွယ်လွန် သူ ဘကြီး က ဘုရားဒကာ ကျောင်းဒါယကာ ဖြစ်လို့ ရွာဦးကျောင်း ဆရာတော် တောင် မနေသာတော့ဘဲ ဘကြီး မိသားစုရဲ့ လယ် က စပါးရိတ်သိမ်းရေး ကိစ္စ မှာ ပါဝင် လာရတော့သည် ။ ဆရာတော် ၏ တပည့် တွေ ထဲ က လွှဆွဲ ၊ သစ်တိုက် အငှား လိုက် နေသည့် ကိုထွန်းမောင် ကို ဆရာတော် ၏ အမိန့် ဖြင့် လိုက်ခေါ်ပြီး စပါးရိတ်သိမ်း ခိုင်း ရတော့သည် ။
ဘကြီး ကွယ်လွန် တော့ ဘကြီး ရဲ့ အိမ်ထောင်စု ကို ကျွန်တော့် ဒေါ်လေး အပျိုကြီး မအေးကြွယ် က ဦးဆောင်ရတော့ သည် ။ အပျိုကြီး ပီပီ နဂို က မှ ပစိပစပ် များပြီး နေရာတကာ မှာ ပါချင်သည့် မိန်းမကြီး သည် အခုလို အိမ်ထောင်စု တစ်ခုကို ဦးဆောင် ရသည့်အခါ တူတွေ ၊ တူမတွေ မှာ နေစရာ နေရာ မရှိအောင် ဖြစ်ကြ ရတော့သည် ။
ကိုထွန်းမောင်ကြီး လယ်သူရင်းငှား အဖြစ် အလုပ် စ ဝင် သည့်အခါ ရပ်သူရွာသားတွေ က ပြုံး ကြသည် ။ ပစိပစပ် နိုင်သည့် နှုတ်သွက် လျှာသွက် တစ်ကိုယ်လုံး သွက် နေသည့် အပျိုကြီး နဲ့ မခုတ် တတ် တဲ့ကြောင် လူပျိုကြီး ထွန်းမောင် တို့ တွေ့ကြပြီ ဆိုပြီး ပြုံးကြ တာ ဖြစ်သည် ။ ကိုထွန်းမောင်ကြီး က ဆင်းရဲ လို့ ကြုံရာ ကျဘမ်း အလုပ် လုပ်ပြီး မိခင်အိုကြီး ကို ကျွေးမွေးနေသူ ဖြစ်သည် ။ ရိုးသား သည် ။ ကျန်းမာရေး ကောင်းသည် ။ ယောက်ျား ပီသသော ရုပ်ရည် ရှိသည် ။
ကိုထွန်းမောင်ကြီး လယ် ထဲ ဝင်သွားသောအခါ ဒေါ်လေး တို့ အိမ် က လယ် ထဲ ကို ထမင်း ပို့ရသည် ။ ထမင်း ပို့ သည့် တာဝန် ကို ဘကြီး ၏ သားသမီးတွေ နှင့် တစ်ခါတလေ ကျွန်တော် တို့ ညီအစ်ကို တွေ က သွား ပို့ပေးရသည် ။ ထမင်း ပို့ ရာ မှာ ဒေါ်လေး ၏ ခေါ်သံ ဖြင့် နာမည်တပ်ပြီး စေခိုင်းခြင်း ခံရသူ က သွား ပို့ရခြင်း ဖြစ်သည် ။ ( ဟဲ့ ဟိုကောင် ဗိုက်ကြီး လာခဲ့စမ်း ) ဟူ၍ လည်းကောင်း ၊ ( ချက်စူ လာခဲ့စမ်း ) ဟူ၍ လည်းကောင်း ၊ တစ်ခါတစ်လေတော့လည်း ( ဟဲ့ ဘယ်သူ အားနေလဲ အားတဲ့ ကောင် လာခဲ့စမ်း ) ဟူ၍ လည်းကောင်း ၊ ( ဟဲ့ ဒီနားမှာ ဘယ်သူမှ မရှိကြဘူးလား ၊ ကြားတဲ့ အကောင် လာခဲ့စမ်း ၊ ထွန်းမောင် ကို ထမင်း သွားပို့ပေးစမ်း ) ဟူ၍ လည်းကောင်း နာမည် တပ်၍ တစ်မျိုး ၊ အားလုံးကို သိမ်းကျုံး၍ တစ်ဖုံ ခိုင်းစေ လေ့ ရှိသည် ။ ခိုင်းစေရာ မှာ ထူးခြားတာ က ( ထွန်းမောင် ကို ) ဆိုသည့် အသုံးအနှုန်းဖြစ်သည် ။ လယ်ပိုင်ရှင် နှင့် လယ်သူရင်းငှား ပြတ်သား စွာ ဆက်ဆံခြင်းမျိုး ဖြစ်သည် ။
အဲဒီ နှစ် က စပါး က လည်းအထွက် ကောင်း ၊ ကိုထွန်းမောင်ကြီး ကလည်း အလေအလွင့် နည်းအောင် အသိမ်း ကောင်း လို့ အားလုံး က ကိုထွန်းမောင် ကို ကျေးဇူး တင်ကြသည် ။ ဒေါ်လေး ရဲ့ ထမင်း ပို့ ခိုင်းတဲ့ လေသံ တောင် ပြောင်းသွားသည် ။ ဟဲ့ ဟိုအကောင် ဟဲ့ ဟိုကောင်မ ဆိုတာမျိုး မဟုတ်တော့ဘဲ ဗိုက်ကြီးရေ ၊ ချက်စူရေ ၊ ပူစူးမရေ စသည်ဖြင့် သာယာနာပျော်ဖွယ်ဖြစ်သွားသည် ။ ဒါထက် ပိုပြီး ထူးခြားတာ က ကို ထွန်းမောင်ကြီး ကိစ္စ ဖြစ်သည် ( ထွန်းမောင် ကို ) အစား ( နင့် ဦးလေး ကို ) ဟု လေသံ ပြောင်းသွား ခြင်း ဖြစ်သည် ။
စပါး သိမ်းပြီး လို့ တလင်း ပိတ် တော့လည်း ကိုထွန်းမောင်ကြီး ကို လက်လွတ် မခံနိုင်သဖြင့် နွေရော မိုးပါ ဆက် ငှားရတော့ သည် ။ ဘကြီး ရဲ့ ခြံဝင်းကျယ်ကြီး ထဲ က နွားတဲကြီး မှာ ကိုထွန်းမောင်ကြီး နေဖို့ နေရာ လုပ်ပေးရသည် ။ ကိုထွန်းမောင်ကြီး မှာ လည်း စပါး သိမ်းခ ရသည့် အပြင် ဒေါ်လေးမအေးကြွယ် က ဆု ချသည့် အနေဖြင့် ရိုးမားလက်ပတ်နာရီ ရွှေရောင် တစ်လုံး ဝယ်ပေးလိုက် လို့ တပြောင်ပြောင် တလက်လက် အရောင်တွေ ထွက် နေသည် ။ တစ်သက်လုံး ဖိနပ် မစီးခဲ့သော်လည်း ရွာ သူဌေး မိသားစု ၏ လယ်ကို လုပ်ခွင့် ရတဲ့ အခါကျမှ ဖိနပ်တွေ ဘာတွေ ဝယ် စီးနေလို့ ပျိုတိုင်း ကြိုက် တဲ့ နှင်းဆီဖူးကြီးဖြစ် နေသည် ။
ကိုထွန်းမောင်ကြီး က ရွာ့ စူပါစတား ပျိုတိုင်း ကြိုက် တဲ့ နှင်းဆီဖူးကြီး ဖြစ်နေပြီ ဆိုတော့ ဒေါ်လေးမအေးကြွယ် က ကိုထွန်း မောင်ကြီး ကို အလစ် မပေးတော့ဘဲ အမြဲ စောင့်ကြည့်နေသည် ။ ကိုထွန်းမောင်ကြီး ကို သူ့ မျက်စိ အောက် က အပျောက် မခံ လုပ်လာ သည် ။ ကိုထွန်းမောင်ကြီး သည် လယ်ပိုင်ရှင် ၊ မြေပိုင်ရှင် ရွာသူဌေးမ အပျိုကြီး မအေးကြွယ် ၏ မူပိုင်ပစ္စည်း ဖြစ်နေ၍ ရွာ က အပျို တွေ က ကိုထွန်းမောင် ကို မမှန်းရဲ ဖြစ် နေကြသည် ။ ကိုထွန်းမောင်ကြီး ကလည်း ဖိနပ် နှင့် လက်ပတ်နာရီ ကို အားမရသေးလို့ ရွှေသွား ပါ စိုက်လိုက်သောအခါ အရမ်း သားနား သွားသည် ။ ကိုထွန်းမောင် ကြီး အပြတ် သားနားလာလေ ဒေါ်လေး မအေးကြွယ် က မျက်စိ အောက် က အပျောက် မခံလေ ဖြစ်နေတော့သည် ။
တစ်နေ့မှာတော့ ကိုထွန်းမောင်ကြီး အိမ်သာ တက် နေတုန်း မှာ မတင်မြိုင် ( ဘကြီးကြာခိုင် ရဲ့ သမီးအကြီး အပျိုမ ) က တကယ် မသိလို့ဘဲလား ၊ သိလျက် နှင့် တမင်အကွက် ဆင်တာလား မပြောတတ် အိမ်သာ တံခါး ကို ဆွဲ ဖွင့်ပြီး စွပ်ကနဲ ဝင် လိုက်ရာ အိမ်သာ ထဲ မှာ နှစ်ယောက် ထဲ ပိတ်မိနေတော့သည် ။ ကိုထွန်းမောင်ကြီး က လည်း အီးပါ ရင်း လက်ပတ်နာရီ ကို ကြည့် နေမိလို့ မတင်မြိုင် အိမ်သာ ဘက် ကို လာ နေတာကို မသိလိုက်ဖြစ်သွားဟန် တူသည် ။
အဲဒီမှာ မိုးကြိုး ပစ်ပြီး မီး လောင်တော့သည် ။ ကိုထွန်းမောင်ကြီး ကို အီးပါတာ က အစ အမြဲ စောင့်ကြည့်နေသည့် ဒေါ်လေးမအေးကြွယ် က အိမ်ပေါ် က ပြေး ဆင်းလာပြီး အသံ ကုန်ဟစ်၍ ထိုးနှက် စွပ်စွဲတော့သည် ။
“ ဟေ့ ဟေ့ ဒါ ဘာလုပ်နေကြတာလဲ ၊ နေ့လည်ကြောင် တောင်ကြီး တောင် မရှောင်ဘဲ ခွေးဇာတ် ခင်းနေကြတာလား ”
မစူးစမ်း မဆင်ခြင်ဘဲ အတင်း အဓမ္မ စွပ်စွဲ အော်ဟစ်တော့ သည် ။ ကိုထွန်းမောင်ကြီး မှာ အလုပ်ရှင် နှင့် အလုပ်သမား ဖြစ်နေ ၍ ထုချေရှင်းလင်းခွင့် မရလို့ အီးတောင် မကုန်း လိုက်နိုင်ဘဲ အိမ်သာ ထဲ က ခုန်ချ ထွက်ပြေး ခဲ့ရသည် ။ သူ့ အမေ ရှိ ရာ ကျောက်ပါးစပ် ရွာ ကို ပြန် ပြေးသွားသည် ။ မတင်မြိုင် က လည်း ဒေါ်လေး ကို သေး ဖြန်းဖြန်း ပါအောင် ကြောက် ရသူမို့ အီးတောင် မပါခဲ့ရ လို့ ခြေဦး တည့်ရာ စွပ်ပြေးရင်း နောက်ဆုံး မှာ ရွာ နှင့် အနီးဆုံး ဖြစ်သည့် ကျောက်ပါးစပ်ရွာ ကို ပဲ ရောက်သွားသည် ။
ကျောက်ပါးစပ်ရွာ က ရပ်ရွာလူကြီးတွေ က မတင်မြိုင် ကို ကိုထွန်းမောင်ကြီး နဲ့ ထိမ်းမြားလက်ထပ် ပေးလိုက်ကြလို့ မရည်ရွယ် မမျှော်လင့်ဘဲ လင်မယား ဖြစ် သွားကြလေတော့သည် ။ ဒီ သတင်း ကို ကြားတယ် ဆို ရင်ဘဲ ဆောက်တည်ရာ မရ ဖြစ်သွားသည့် ဒေါ်လေးမအေးကြွယ်သည် မတင်မြိုင် နှင့် ကိုထွန်းမောင်ကြီး တို့ ကို ဆဲတော့သည် ။ ( သူဌေးသမီး မိပဠာ ဟာ ကျွန်ငဒါသ နောက် ကို လိုက်ပြေးတယ် ဆို တာ ကို မယုံမိခဲ့ဘူး ၊ အခု ကိုယ်တွေ့ကြုံ ယုံတော့တယ် ) ဟူ၍ ဝတ္တု နိပါတ် ပိဋကတ် အကိုးအကားဖြင့် လည်းကောင်း ၊ ( သားရေပေါ် အိပ် ပြီး သားရေနား ကို စား တဲ့ ဂုတ်ကြားမျိုး ၊ အရိပ်ကို ခိုပြီး အခက် ကို ချိုးစားတဲ့ ဆင်မျိုး သစ်တုံးဆွဲမျိုး ၊ ဆင်ကြံ ကြံနေတဲ့ မအေ နှမ ) စသည် ဖြင့် ဥပမာ ဥပမေယျ တို့ဖြင့် လည်းကောင်း အော်ဟစ်ဆဲ ဆိုနေသည် ။
“ အရှက် ကို အသက် နဲ့ လဲပစ် လိုက်မယ် ဟေ့ ၊ ဒို့ အမျိုး ထဲ မှာ ဒါမျိုး မရှိဘူး ”
နေ့စဉ် နှင့် အမျှ အရှက် ကို အသက် နဲ့ လဲမယ်လို့ တရွာလုံး က ကြား အောင် အော် ပြောနေသောအခါ အမြင်ကတ် လာဟန် တူ သည့် အမူးသမား တစ်ယောက် က ည ဘက် မှာ အိမ်ရှေ့ က လာ အော်သွားသည် ။
“ လဲရင်လည်း မြန်မြန် လဲပါတော့ နားငြီးတယ် ”
အမူးသမား အော် ပြောသွားသံကို ကြားတော့ တရွာလုံး က ဝိုင်း ရယ်လိုက်ကြသည့် အသံတွေ ကို လည်း ကြား လိုက်ကြရသည် ။ ဒေါ်လေး သည် ရှက်သွားပြီး ဒို့ အမျိုး က ပြောသလို လုပ်တယ် ဆို တာ ကို ပြလိုက်တော့သည် ။
ဒေါ်လေး ကို စိုးရိမ် လို့ စောင့် ကြည့်နေကြသည့် ကြား ကပင် ဒေါ်လေး သည် အဆိပ် သောက်ပြီး သေကြောင်း ကြံလိုက်သည် ။ စိန် နှင့် သံပုရာရည် ကို ရောပြီး အဆိပ် ဖေါ်စပ်ရာ မှာ စိန် ထည့်တာ နည်း ပြီး သံပုရာရည်က များ သွားလို့ မသေဘဲ ဝမ်းတွေ သာ သွား သည် ။ ကံကောင်းထောက်မ လို့ အဘိုးပန်းဒွေး ရဲ့ အဆိပ်ဖြေဆေး ကြောင့် အသက်ချမ်းသာရာ ရသွားသည် ။
ဒေါ်လေး ၏ အသက်အန္တရာယ်လုံခြုံရေး အတွက် အထူး စောင့်ကြပ်နေသည့် ကြားကပင် ဒေါ်လေး သည် အိမ် အပေါ် ထပ် မှာ ကြိုးဆွဲချပြီး သေကြောင်း ကြံစည်ပြန်သည် ။ အိမ် အပေါ် ထပ် က ဝုန်းဒိုင်း ဆိုတဲ့ အသံ ကြား လို့ ပြေးတက် ကြည့်ရာ ထင်သည့် အတိုင်းပင် ဒေါ်လေးသည် သူ့ ကိုယ် သူ သတ်သေဖို့ ကြိုးစားတာ တွေ့ လိုက်ကြရပြန်သည် ။ ကံကောင်းထောက်မ ၍ ကြိုးဆွဲချရာ တွင် အသုံးပြုခဲ့သည့် နွားလှန်ကြိုး က သေးပြီး ဆွေးနေ၍ ကြိုးပြတ် ကျသဖြင့် မသေဘဲ အသက်ဘေး မှ သီသီကလေး လွတ် သွားပြန်သည် ။
ဂရုစိုက် စောင့်ကြပ်နေသည့် ကြား က ဒေါ်လေး သည် အိမ် က ထွက်သွားပြီး ရွာ နောက် က ချောင်း ထဲ ကို ခုန်ချ လိုက်တော့ သည် ။ ဒေါ်လေး ချောင်း ထဲ ခုန်ချသွားတာ ကို မြင် လိုက်ကြသည့် ကလေးတွေ က လူကြီးတွေ ကို သွား မပြောဘဲ ကမ်းပေါ်က ဝိုင်း ကြည့်နေကြသည် ။ ရေ ထဲ မှာ ကိုယ် ဖော့ ပြီး ရေကူး နေတာ နာရီဝက် လောက် ကြာသည် အထိ ကယ်မည့် လူကြီးတွေ ရောက် မလာသော အခါ ခြေသလုံး က ကြွက် တက်ချင်သလို ဖြစ် လာ၍ သူ့ ဟာ သူ ကမ်း ကို ပြန် ကူးလာပြီး သဲသောင်ပြင် ပေါ်မှာ ထိုင် နေတော့သည် ။ ဒီတော့ မှ ကျွန်တော်တို့ မိသားစုတွေ သိ ရတော့သည် ။
ကျွန်တော့် ဒေါ်လေး က တောသူပီပီ သူ ရေကူးတတ်တာ ကို သူ့ ဟာ သူ မေ့ပြီး ရေ ထဲ ခုန်ချလိုက်မိတာပါ ။
“ သေချင်တာ ကတော့ အမှန်ပါ ၊ အရှက် ကို အသက် နဲ့ လဲချင်တာပ ၊ ကံကောင်းထောက် လို့ မသေတာတော့ မတတ်နိုင်ဘူးပေါ့နော် ”
ကျွန်တော်တို့ အမျိုး က ပြောသလို လုပ်တဲ့ အမျိုး ဆိုတာ ကို သက်သေ ပြနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူ မိပါသည် ။
◾အဏ္ဏဝါစိုးမိုး
📖 သောကြာ စာစောင်
၂၀၀၃ ခုနှစ် - ဩဂုတ်လ
aung naing oo
No comments:
Post a Comment