❝ ကျေးဇူးတင်တတ်ရင် အမြတ်ထွက် ❞
တွတ်နီ ဆိုတာ ကျွန်တော် နဲ့ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် ပါ ။ သူ ဘွဲ့ ရပြီးတော့ အစိုးရဌာန တစ်ခု မှာ အမှုထမ်းတယ် ။ သူ ရတဲ့ အလုပ် က နယ်တစ်နယ် မှာ အနည်းဆုံး နှစ်နှစ် သုံးနှစ် နေရတယ် ။ တစ်နယ် က တစ်နယ် ပြောင်းပြီး လုပ် ရတယ် ။ မြို့ကြီးတွေ မှာ အနေရ နည်းတယ် ။ နယ်မြို့ကလေးတွေ ရောက်တော့ အလုပ် က နည်းပြီး အားလပ်ချိန် များတယ် ။ ဒီတော့ အားတဲ့ အချိန် ဖဲ ရိုက်လိုက် ၊ အရက် သောက်လိုက် လုပ်နေတယ် ။ သူ့ တာဝန်ချိန် ပြီးတာ နဲ့ ပုလင်း ထောင် တော့တာပဲ ။ သူ့ ဇနီး ကလည်း သူ နဲ့ အမြဲ လိုက် မနေနိုင်ဘူး ။ ဝေးလံတဲ့ နေရာ ဆို သူ တစ်ယောက်တည်း ပဲ သွား နေလေ့ ရှိတယ် ။ ဒီလိုနဲ့ တွတ်နီ အရက် စွဲသွားတယ် ။ အဆိုး ရှိရင် အကောင်း ရှိတဲ့ ထုံးစံအတိုင်း တွတ်နီ အရက် သောက် ၊ ဖဲ ရိုက်ပေမယ့် မိန်းမ ကိစ္စတော့ ရှင်းတယ် ။ ဖဲ ရိုက်တာလည်း အပျင်းပြေပဲ ။ အဲ ၊ အရက် ကျ တော့ တဖြည်းဖြည်း နဲ့ နေ့နေ့ ညည သောက် လာတယ် ။
နယ်စပ်မြို့တစ်မြို့ မှာ အမှုထမ်း ရတော့ မိုးလင်း မိုးချုပ် ၊ မိုးချုပ် မိုးလင်း အရက် သောက် နေတော့တယ် ။ ဗုံးဗုံးလဲပြီး ကျန်းမာရေးပါ ထိ ခိုက် လာတော့တယ် ။ ( ဖြတ် ပြောရဦးမယ် ၊ အဲဒီအချိန်တွေ လောက်တုန်း က ကျွန်တော် လည်း နေ့နေ့ညည သောက် နေတာပါပဲ ။ )
တွတ်နီ ကျန်းမာရေး ဆိုး လာတော့ မိတ်ဆွေတွေ က သူ့ ဇနီး ကို အကြောင်း ကြား ပြီး လာ ခေါ်ခိုင်းတယ် ။ သွားခေါ်တယ် ။ မိတ်ကောင်း ဆွေကောင်းတွေ ရဲ့ အကူအညီ နဲ့ နယ်မြို့ မှာ အတတ်နိုင်ဆုံး ဆေးကုပြီး ရန်ကုန် ကို ပြန် ခေါ်လာတယ် ။ လေဆိပ် ကနေ အိမ် မပြန်ရဘူး ၊ ဆေးရုံ ကို တန်း ပို့ရတယ် ။ ဆရာဝန်ကြီးတွေ က ဆေးကုပေးလိုက်တယ် ။ ဆေးရုံ က ဆင်းတော့ သူ့ ကို ပြော လိုက်တယ် ။ သူ့ လို လူနာမျိုး တစ်ရာ မှာ ကိုးဆယ့်ကိုးယောက် သေ သတဲ့ ။ ကျန်တဲ့ တစ်ယောက် ဟာ တွတ်နီ ပဲ ။ အရက် လုံးဝ မသောက်ရ ။ သောက်ရင် သေမယ် တဲ့ ။ တွတ်နီ အရက် ဖြတ် လိုက်ရတယ် ။
အလုပ် ကြိုး စားတယ် ။ ရာထူး တက်တယ် ။ ပုတီး စိပ်တယ် ။ တရား အားထုတ်တယ် ။ အဲဒီ အချိန်လောက် မှာပဲ ကျွန်တော် လည်း အရက် နဲ့ ဝေးသွားတယ် ။ တစ်နေ့တော့ တွတ်နီ ကျွန်တော့် ဆီ ရောက်လာတယ် ။ ထွေရာလေးပါး စကားတွေ ပြောရင်း တရားတော် ကိစ္စ ရောက်သွားတယ်။ တွတ်နီ က တရားရိပ်သာ တစ်ခု ကို သွားဖို့ အကြံ ပေးတယ် ။ကျွန်တော် ကိုယ်တိုင် ကလည်း အရက် မသောက်ဘဲ နေခါစ ၊ ဟိုဟာ လုပ်ရမလို ဒီဟာ လုပ်ရမလို ယောင်တောင်တောင် ဖြစ်နေတဲ့ အချိန်မို့ တွတ်နီ ပေးတဲ့ အကြံအတိုင်း တရားရိပ်သာ ကို သွား လိုက်တယ် ။ တွတ်နီ လည်း ကျွန်တော် နဲ့ အတူ ရိပ်သာ ဝင်တယ် ။
ထွေပြားနေတဲ့ စိတ်တွေ ဟာ ဆရာတော်ကြီးတွေ ရဲ့ ဆိုဆုံးမ တရား ပြမှု အောက် မှာ ငြိမ်သက်သွားတယ်။ ( တရား ကျတာတို့ တရား ရတာတို့ မဟုတ်ပါဘူးဗျ ၊ စိတ်ကလေး ငြိမ်သက်ရုံလောက်ပဲ တတ်နိုင်တာပါ ။ ဒါတောင် သတိ လစ်တဲ့ အချိန်တွေ မှာ လောဘ ၊ ဒေါသ ၊ မောဟ ၊ မနာလိုဝန်တိုမှု ၊ ပူပန်မှု ၊ သောကပရိဒေဝ ၊ ဥပါယာသ အစ ရှိတာတွေ ဖြစ်တာပါပဲ ။ ) ရိပ်သာ က ပြန်လာပြီး အလေ့အကျင့်ကလေး ရလာတော့မှ ကိုယ့်စိတ်ကိုယ် ပြန်ပြီး ထိန်းထိန်း ထားရတယ် ။ ( လွတ်တဲ့ အခါ က များပါတယ် ။ )
တွတ်နီ ကောင်းမှု ကြောင့် ကျွန်တော် လည်း ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးတွေ ကို ဖူးတွေ့ခွင့် ရတယ် ။ ဆိုဆုံးမမှု ခံရတယ် ။ အလေ့အကျင့် လည်း လုပ် ဖြစ်တယ် ။ ပူပန်သောကတွေ ပါးလျားလာတယ် ။ နေရထိုင်ရ သက်သောင့်သက်သာ ဖြစ် လာတယ် ။ ခြုံပြောရရင် တွတ်နီ ရဲ့ ကျေးဇူးကြောင့် ကျွန်တော့် စိတ်ကလေး ပိုပြီး တည်ငြိမ်လာတယ် လို့ ဆိုရမယ် ။
ဆယ်နှစ်နီးပါး ကြာပြီးတဲ့ နောက် ကျွန်တော် နဲ့ တွတ်နီ နဲ့ တောရရိပ်သာ တစ်ခု ကို သွား ဖြစ်ကြတယ် ။ ရိပ်သာ ဝင်ဖို့ မဟုတ်ပါဘူး ။ ဆရာတော် ကို သွား ဖူးကြတာပါ ။ လမ်း မှာ ကျွန်တော်တို့ နှစ်ယောက် စကား ပြောဖြစ်တယ် ။
“ မင်း ကျေးဇူး ငါ့ မှာ အများကြီး ရှိတယ် ”
“ ဘာများလဲကွာ ”
“ တရားဘက် စိတ် ပါအောင် မင်း ငါ့ ကို ရိပ်သာ ခေါ်သွားခဲ့တာပေါ့ ။ ဌေးဝင်း နဲ့ ခင်မောင်ကြည် လည်း ဒီလိုပဲကွ ၊ ဘုရားတရားဘက် စိတ်ညွှတ်အောင် လုပ် ပေးခဲ့တယ် ”
“ ငါ မင်း ကို ခေါ် သွားတုန်းက စကား စပ် မိလို့ပါကွာ ”
“ ဒါပေမယ့် ငါ့ မှာ အကျိုးကျေးဇူးတွေ အများကြီး ဖြစ်တယ် ”
“ မင်း ကို ခေါ်သလိုပဲ တခြား လူတွေ လည်း ခေါ်တာပဲကွ ၊ ဒါ ကျေးဇူးတင်စရာကြီး မဟုတ်ပါဘူးကွာ ၊ သာမန် ပါ ”
“ မဟုတ်ဘူး ၊ မင်း ငါ့ ကို တရားရိပ်သာ ရောက်အောင် အမှတ်တမဲ့ ခေါ် သွားလိုက်တာကလေးကြောင့် ငါ ရတဲ့ အကျိုး က အများကြီးပဲ ”
“ အဲဒါ မင်း ဘာသာ ကြိုးစားလို့ ရတဲ့ အကျိုးကျေးဇူးပါကွာ ”
“ အေး ၊ ဟုတ်ပါတယ် ၊ ငါ ပြောချင်တာ က ကျေးဇူးပြုတဲ့ လူ နဲ့ အဲဒီ ကျေးဇူး ကို အသိအမှတ် ပြုပြီး ကျေးဇူး တင်တဲ့ လူ ဘယ်သူ့မှာ ပို အကျိုး များသလဲ ဆိုတာပဲ ”
“ မင်း ပြောတာ သိပ် မရှင်းဘူး ”
“ ငါ မင်း ကို ကျေးဇူးတွေ တင်နေတာ မင်း သိလား ”
“ ဘယ် သိမလဲကွ ”
“ အဲဒါပဲ ၊ မင်း က ကြုံလို့ စေတနာ ထားပြီး တရားရိပ်သာ ခေါ် သွားလိုက်တယ် ၊ ပြီးတော့ မေ့မေ့ပျောက်ပျောက် ပဲ မဟုတ်ဖူးလား ”
“ အေး ၊ အဲဒီ ကိစ္စ မေ့ နေတယ် ”
“ ငါ ကတော့ စိတ်အေးချမ်းမှု နဲ့ တွေ့ရတိုင်း မင်း ကို သတိရတယ် ။ မင်း ကျေးဇူး ကို ပြန်အောက် မေ့တယ် ။ အဲသလို အခါမျိုးမှာ ကြက်သီး ထရလောက်အောင် ပီတိ ဖြစ်တယ် ။ အဲဒီတော့ သူတစ်ပါး ရဲ့ကျေးဇူး ကို အသိအမှတ် ပြုတဲ့ လူမှာ ပိုပြီး အကျိုးများတယ် လို့ ငါ ယူဆတယ် ။ မင်း အတွက် တစ်စုံတစ်ရာ ပြန်ကူညီဖို့ ငါ သတိ ရတိုင်း စဉ်းစားတယ် ”
“ မင်း က ငါ့ ကို ကျေးဇူးဆပ်ဖို့ လိုလို့လား ”
“ ဒီလိုကွာ ၊ မင်း ကို ဘယ်လို ကူညီနိုင်မလဲ ဆိုတာ စဉ်းစားတဲ့ အချိန်တိုင်း ငါ့ မှာ ပီတိ ဖြစ်ရတယ် ။ အဲဒီ အချိန်မှာ မင်း က သတိတောင် ရမှာမဟုတ်ဘူး ”
“ ဒါပေါ့ ၊ မင်း ပြန်ပြောမှ ငါ သိရတာ ”
“ အဲဒါပဲ သူငယ်ချင်း ၊ ကျေးဇူး ပြုတဲ့ လူ နဲ့ ကျေးဇူး တင်တတ်တဲ့ လူ နှစ်ယောက် မှာ တကယ်တော့ ကျေးဇူး သိတတ်တဲ့ လူ က အကျိုး ပိုများတယ် လို့ ယူဆတယ် ။ အေး ၊ ကျေးဇူး ပြုတဲ့ လူ ကလည်း ဘာ မျှော်လင့်ချက် မှ မထားတဲ့ လူမျိုး ဆိုရင်ပေါ့ ။ မျှော်လင့်ချက် နဲ့ ကူညီတဲ့ လူဟာ တုံ့ပြန်မှု မရ ရင် “ မသိတတ်လေခြင်း ” ဆိုပြီး အလကား နေရင်း စိတ်ညစ် နေရလိမ့်မယ် ”
“ အေး ဟုတ်တယ်ကွ ”
“ ကျေးဇူး သိတတ်တဲ့ လူ မှာတော့ ဘာမှ မကူညီနိုင်သေးဘူးထား ၊ ကျေးဇူးတရား ကို အောက် မေ့မိတဲ့အချိန် တိုင်း မှာ ကျေနပ် ပီတိ ဖြစ်ရတယ်ကွ ။ အဲဒါ ငါ့ ကိုယ်တွေ့ ပဲ ”
“ အေး ဟုတ်ပြီ ၊ မင်း ပြောတာ ငါ သဘော ပေါက်တယ် ။ ကဲ ရှေ့က မြေနီလမ်းလေး အတိုင်း ဘယ်ဘက် ချိုးကွာ ။ အဲဒါ တောရရိပ်သာ သွားတဲ့ လမ်းပဲ ”
တောရရိပ်သာကျောင်းများ ထုံးစံအတိုင်း အေးချမ်းငြိမ်သက် နေပါတယ် ။ နာရီဝက် တစ်နာရီ လောက် ပဲ နေလိုက်ရပေမယ့် အေးငြိမ်း တဲ့ အရသာ ကို ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် ရခဲ့ပါတယ် ။
◾ မောင်ဝဏ္ဏ
📖 ကျွန်တော် အူကြောင်ကြား
koaungnaingoo.blogspot.com
No comments:
Post a Comment