❝ အများ နှင့် သက်ဆိုင်သော … သူ ❞
ခု ညတော့ အိပ်နိုင်မယ် မထင်ဘူး ။
ည က ခြောက်သွေ့ငြိမ်သက်လွန်းသည် ။ တကယ်ဆို ဩဂုတ်လ သည် မြန်မာပြည် ၏ မိုးရာသီ ။ ပြင်ပ ရာသီဥတု ကလည်း စိုစိမ့်စိမ့် ။ သို့သော် ရင် ထဲ တွင် ခြောက်ခန်းလှသည် ။ တင်းကျပ်ဆို့နင့်မှု က စာဖွဲ့၍ မရနိုင် ။ ဖုန်း ခေါ်သံ တစ်ချက် က ကိုယ့် ကို ဆိုးရွားစွာ နာကျင်မှု ပေးလေသည် ။ ဤ အခြေအနေ ဆိုး နှင့် ကြုံရတော့မည်မှန်း သိနေပါလျက်နှင့် တကယ် ရင်ဆိုင်ရသည့်အခါ ဖြေဆည်၍ မရနိုင်ပြန် ။ နှမြောလွန်းလှသည် ။ ကိုယ့် သွေးရင်းအစ်ကို တစ်ဦး ကို ဆုံးရှုံးလိုက်ရသကဲ့သို့ပင် ။
သူ နှင့် သိကျွမ်းရသည် က ၃၄ လမ်း ထဲ လက်ဖက်ရည်ဆိုင်တစ်ခု မှာ ပန်းချီမမွှေး က မိတ်ဆက်ပေးခြင်း နှင့် စသည် ။ ကိုယ့် ကို သူစိမ်းများ နှင့် မိတ်ဆက်ပေးမြဲ ထုံးစံ အတိုင်း မမွှေး က ဆရာကြီး … ၏ ချွေးမဟု မိတ်ဆက် ပေးစဉ် သူက ခပ်အေးအေးပင် “ ဩော် … ” ဟု တုံ့ပြန်သည် ။ အများစု က ဖေဖေ့ နာမည် ကို ခေါင်း တပ်လိုက်သည် နှင့် လှုပ်လှုပ်ရှားရှား တုံ့ပြန်တတ်ကြသော်လည်း သူ ကတော့ ပုံမှန် ပင် ။
နောက်ပိုင်း သူ ချစ်ခင်သော စာပေလောကသားများ ကို ဇာတ်ကောင်လုပ် ရေးသည့် စာများ ထဲတွင် ကိုယ် နှင့် မမွှေး တို့ကို ပန်းပွား က ခိုင်းသည် မှ စ၍ သူ့ ရင်ထဲ ရှိ သံယောဇဉ် ကို မြင်ရတော့သည် ။
အမှန် က သူ့ စိတ်ရင်း မှာ မိတ်ဆွေအပေါင်းအသင်း ဆိုလျှင် အလွန်မတန် ချစ်ခင် သံယောဇဉ် ကြီးတတ်သော်လည်း နှုတ် မှ ဖွင့် ပြောရန် ဝန် လေးတတ် သူ ။ ပီယဝါစာ ပြောရန် အလို မရှိသူ ပင် ။
သူ နှင့် ခင်မင်ရင်းနှီးသည် မှ စ၍ ကိုယ် နှင့် ကိုယ့် ခင်ပွန်း ကို သူ့ စာတွေ ထဲ အခါအားလျော်စွာ ထည့်ရေးတော့သည် ။ ကိုယ့် အိမ်သား ကလည်း သူ့ ပစ်မှတ် ဖြစ် ချင်စရာ ။ သူ့ ရှေ့တွင် မှ ဖြစ်လိုက်လျှင် အလွဲလွဲ အချော်ချော် ၊ သူ က ပြောဖူးသည် ။
“ ကိုကျော်ဇင် က ရယ်စရာ မပြောတတ်ဘူးဗျ ။ ရယ်စရာ ပဲ လုပ်တတ်တယ် ”
သူ့ စကား က ကိုယ့် လူကြီး ၏ သရုပ်မှန် ကို လှစ်ဟ ပြလိုက်သလို ။ သူ ကတော့ ခပ်တည်တည်ပင် ။ လူပုံ က အေးတိအေးစက် ၊ မထုံတတ်တေး ပေမယ့် သူ့ ခေါင်း ထဲ တွင် ဉာဏ် က အပြည့် ။ ကိုယ် နှင့် ချစ်ခင်ရင်းနှီး သည့် မေဦး ( ဒေါ်ခင်ဆွေဦး ) ၊ အန်တီဝင်း ( ဒေါ်ကလျာ ) ဦးဆောင်ပြီး စာရေးဆရာမ ၊ ပန်းချီဆရာမ ၊ ထုတ်ဝေသူ တို့ ပါဝင်သော စာပေအုပ်စုလေး စုမိပြီ ဆိုလျှင် ယောက်ျားလေး အဖြစ် သူ နှင့် ဘကြီးမိုး ( မောင်မိုးသူ ) တို့သာ ပါတတ်သည် ။ ရံခါ ဆရာလေး ( ဒေါက်တာတင်စံဦး ) ပါသည် ။
ကိုယ်တို့ အုပ်စု ကို မိန်းမများဖြစ်လျက် နားထောင်သူ မရှိ ။ အလုအယက် ပြောသူ ချည်းသာမို့ “ ဝက်ဝက်ကွဲအဖွဲ့ ” ဟု အမည် ပေးထားသည် ။
တစ်ခါကလည်း အုပ်စု ဆုံမိချိန် ကိုယ်တို့ တစ်ယောက် တစ်ပေါက် ကျွက်ကျွက် ညံနေသည်ကို သူ က ခပ်ပြုံးပြုံးပင် တစ်ထောင့် က ကြည့် နေသည် ။
နောက် နှစ်ရက်လောက် နေမှ ကိုယ့် ဆီ ဖုန်း ဆက်ပြီး “ ဒီမှာ ခင်ဗျား ကို CD တစ်ချပ် ပေးစရာ ရှိလို့ဗျ ” ဆိုတော့ ကိုယ် က “ ဘာလဲ စာ ရေးတာ မကိုက်လို့ အဆိုတော် လုပ် စား မလို့လား ၊ ဦးဗလကြီး ထမင်းအိုး တုတ် နဲ့ ထိုးဖို့ မကြံပါနဲ့လေ ” ဆိုတော့ “ နားထောင် ကြည့်စမ်းပါဗျာ ၊ ခင်ဗျား စာအုပ် ပေးခိုင်းစရာရှိတယ် ဟုတ်လား ၊ ကျွန်တော် ပြန် ထည့် ပေးလိုက်မယ် ”
သူ့ CD ရောက် လာလို့ ကြည့်မိတော့ “ သာလိကာတို့၏ လေချွန်သံ ” ဟု ရေးထားသည် ။ ဖွင့် နားထောင် မိ မှ ကိုယ်တို့အုပ်စု တစ်ယောက် တစ်ပေါက် ပြောသမျှ ကို Recorder လေးနှင့် ဖမ်းထားပြီး CD ကူး ပေးမှန်း သိရတော့သည် ။ သူ မို့ စိတ်ကူးရပလေတယ် ဟု ညည်းရုံသာ ။
လူ ပုံစံ က အေးတိအေးစက် နှင့် မို့ သူ့ အသည်းနှလုံး ကလည်း ဤသို့ပင် ရှိလိမ့်မည် ထင်မိလျှင် မှားလိမ့်မည် ။ သူ ချစ်ခင်သံယောဇဉ်ကြီးသူများ အပေါ် တွင် စိတ် ပူပန်စွာ နှင့် ဂရု စိုက်တတ်သည် ။ သူ ကား အပို စကား ထင်လျှင် မပြောတတ် ။ အပို အလုပ် ထင်လျှင် မလုပ်တတ် ။ လိုအပ်လာလျှင်တော့ အခါမရွေး ကူညီစောင့်ရှောက်တတ်သူပင် ။ တစ်ညနေခင်း သူ့ထံ ကိုယ် ရောက်သွား ၊ ထုံးစံအတိုင်း သူ နှင့် စကားပြော ( ခါတိုင်း သူ နှင့် ညနေခင်း လက်ဖက်ရည်ဆိုင် ထိုင်စကား ပြော မိလျှင် ကိုရူပဆိုင် မှ စားပွဲထိုးကလေး က ကိုယ်တို့ ကို စောင့်ပြီး မှ ဆိုင်တံခါး ပိတ်ရတတ်သည် ) အတန်ကြာသွားပြီး မှောင်ရီပျိုးစ ဖြစ်လာ ချိန် ကိုယ့် သူငယ်ချင်းများ နှင့် ချိန်းထားသည် ကို အမှတ် ရ၍ သူ့ ကို ပြောမိတော့ “ ခင်ဗျား ဘယ် မှာ ချိန်းထားလို့လဲ ” ဟု မေးတော့သည် ။ ကိုယ် က “ …. …. အိမ်ရာမှာ လေ ” ဆိုတော့ “ ဒီ အချိန် အဲဒီ အိမ်ရာ ထဲ လူ ဒီလောက်ပြတ်တာ တစ်ယောက် တည်း သွား မလို့လား ” “ အင်းလေ … ဟိုမှာ သူငယ်ချင်းတွေ ရှိနေမှာပဲ ကို ” “ ဟိုရောက်တော့ ၊ ဟုတ်ပြီလေ ၊ လမ်း မှာ ကျတော့ရော ၊ အဲဒီကိုရော ဘယ်နှခါ ရောက်ဖူးလဲ ” “ အဲ … ” ကိုယ့် မှာ လုပ်ချင် ၊ သွားချင် စိတ် သာ ရှိပြီး ကျန်တာ မတွေးမိလေသမျှ ခုမှ အစ်ကိုကြီး ရှေ့ရောက် နှမငယ် ကဲ့သို့ ဘယ်လို ပြန် ဖြေရမှန်း မသိ ။ အိမ်ရာ ထဲ လည်း တစ်ခေါက် ပဲ ရောက်ဖူးသည် ။ လမ်း ကိုတော့ မှတ်မိသည် ဟု ပဲ တွေးမိသည် ။
“ ကျွန်တော် လည်း အဲဒီ ဘက် ဆံပင် သွားညှပ်စရာ ရှိတယ် ။ ဒီနဲ့ လည်း နှစ်မှတ်တိုင်စာလောက် ပဲ ဝေးတာ ကို ၊ လာ လာ ကျွန်တော် ခင်ဗျား ကို လိုက်ပို့ ပြီး မှ ဆံပင် သွား ညှပ်တော့မယ် ”
သူ ပြောလို့ သူ့ ခေါင်း ကြည့်မိတော့ ဆံပင် က တိုကပ်ကပ် ရယ် ။ ဒါ့ထက် ထပ် ညှပ် ရလျှင် ခေါင်းတုံး ဖြစ်ဖွယ်သာ ရှိသည် ။
“ ဟင် … ဆံပင် က ဘာ ညှပ်စရာ ကျန်လို့လဲ ” အထွန့် တက်မိတော့ “ လာပါဗျာ ” ၊ သူ့ တိုပြတ်ပြတ်အသံ ကို မလွန်ဆန်နိုင်စွာ နောက် က ခပ်ကုပ်ကုပ်လိုက် သွားရသည် ။ စိတ် ထဲ မှာတော့ ကိုယ့် ဟာ ကိုယ် သွားလည်း ရသားနဲ့ ကို အထွန့် တက်မိသည် ။ အိမ်ရာဝင်း ထဲရောက်တော့ လမ်းတွေ က ခပ်ဆင်ဆင် ။ တိုက် နှင့် ခြံဝင်းများကလည်း တစ်ခု နှင့် တစ်ခု မျက်လုံး ထဲ တော့ သိပ် မကွဲ ။ အချိန် က နေဝင်ဖျိုးဖျ ၊ ကိုယ်မှတ်မိသည့် လမ်း အတိုင်း ဝင်သွားတော့ သွားချင်သည့် အိမ်သို့ မရောက် ။ နောက် တစ်လမ်းလည်း မဟုတ်ပြန် ။ မှောင်စ ပြုလာပြီ ။ အိမ်ရာဝင်း တို့ ထုံးစံ ခြံတံခါးများ အားလုံး ပိတ်ထားပြီး လမ်းပေါ် တွင် လူရိပ်လူခြည် မျှ မမြင်ရတော့ ။ ထိုအချိန် တွင် မှ တစ်လမ်းဝင် တစ်လမ်းထွက် ရှာရင်း စိတ် မချစွာ အဖော် လိုက် လာပေးသော မောင်မင်းကြီးသား ကို ကျေးဇူး တင်လိုက်သည့် ဖြစ်ခြင်း ။ ထိုအချိန်က ဟန်းဖုန်း ဆိုသည်မျိုးလည်း အိပ်မက်မျှ မမက်ဖူး ။
နောက်ဆုံး သွားလိုသည့် အိမ်ရောက်တော့ မှောင်ပြီ ။ သူ့ ကို သိနေသည့် သူငယ်ချင်းများ က “ ဟယ် … ကိုမင်းလူ ပါလာတယ် ၊ လာပါ အိမ်ထဲ ဝင် ၊ စကားပြော စားသောက်ပြီး မှ ပြန်ပေါ့ ၊ နီးသားပဲ ” ဆိုသည်ကို “ ရတယ် ၊ မဝင်တော့ဘူး ၊ သွားစရာ ရှိသေးလို့ ” ဆိုကာ ဘာမှမထူးခြားသည့် ပုံ နှင့် အေးဆေးစွာပင် ပြန် ထွက်သွားသည် ။ ကိုယ့် ကို အိမ် မမှတ်မိရကောင်းလား ဟု ဆူပူခြင်း ပင် မလုပ်တော့ ။ အစ ကတည်းက ဤအတိုင်း ဖြစ်လိမ့်မည် ဟု တွေးထားသည့် ပုံ ။
ကိုယ် နှင့် မကြာခဏ အချေအတင် စကားနိုင် လုလေ့ရှိသော်လည်း ကိုယ့် မှာ အခါအားလျှော်စွာ သူ့ ကို အားကိုးရသည်များ လည်း ရှိတတ်သေးသည် ။ သူ ကလည်း ကိုယ်တွေ မိသားစု နှင့် ပတ်သက်လျှင် အခါအားလျော်စွာ သတိပေးတတ်သလို တတ်နိုင်သမျှလည်း အကြံ ပေးတတ်သည် ။
ဖေဖေ ဆုံးပြီး သိပ်မကြာ ။
“ မေတ္တာစေကျွန် သီချင်း က ဆရာ ရေးတာ မဟုတ်လား ၊ အခု သီချင်းရေးသူ နာမည် က ဆရာ မဟုတ်ဘူး နော် ” ဟု သတိပေးတာမျိုး လုပ်တတ်သလို ၊ ကိုယ် ကလည်း “ ကိုဉာဏ် ရေ … ဖေဖေ့ “ …. ” ဝတ္ထု ကို ရုပ်ရှင် ရိုက်ချင် လို့ လာ ဝယ်နေတယ် ၊ အဲဒါ ဘယ်လောက် ပြော ရမလဲ ဟင် ” ဟု အကြံ တောင်း ရတာလည်း ရှိနေတတ်ပြန်သေးသည် ။
ကာလ တစ်ခု တွင် ကိုယ့် မှာ အလုပ်များ ပိ၍ သူ့ ထံ မရောက်ဖြစ်ဘဲ အတန်ကြာ ရှိနေခိုက် အစ်မသန်းမြင့်အောင် က “ ငါ ကိုမင်းလူ ကို လေဆိပ် မှာ တွေ့ခဲ့တယ် ၊ ဘန်ကောက် မှာ ဆေးသွား စစ်မလို့ တဲ့ ” ဤစကား က ကိုယ့် ကို အူကြောင်ကြောင် ဖြစ်သွားစေသည် ။ စိုးရိမ်ရမည် ထက် သူ သက်သက် နောက်သွားသည် ဟု ပင် ထင်၏ ။ ဦးဝင်းငြိမ်း ဘန်ကောက် သို့ ဆေးသွားသွားကုသည် ကိုပင် စာ ထဲ တခုတ်တရ ထည့် ရေး စ နောက်ခဲ့သူမို့ ။
နောက်ပိုင်း သူ့ ဇနီး မရှန် ကို ဖုန်းဆက် မေးတော့ မှ ကြောက်စရာ လူသတ်သမား နှင့် ရင်ဆိုင်နေရပြီ မှန်း နားလည်ရတော့သည် ။ သည် လူသတ်သမား က ဖေဖေ့ ကို လက်လွှတ်လိုက်ရမည် စိုးလွန်း၍ ကုတ်ခြစ်ဖက်တွယ်ထားသည့် ကြား က ကိုယ် တို့လက် ထဲ မှ လုယူ သွားဖူးသည် ။ မုန်းတီးကြောက်ရွံ့လိုက်ရသည့် ဖြစ်ခြင်း ။ ခု လာပြန်ချေပြီ ။ မရှန် ကို တတ်စွမ်းသမျှ အားပေးစကား ပြောရင်း ကိုယ်တိုင်ပင် အားပြတ်ချင်ချင် ။
သူ ပြန်လာသည် ကို သိသိချင်း ဖုန်း လှမ်းဆက်တော့ “ အတိုချုပ် ဥပမာ ပေးမယ်ဗျာ ၊ မန်ယူ နဲ့ မြန်မာ့လက်ရွေးစင် နဲ့ ကန်ရော ဆိုပါတော့ ။ စိတ်ထဲ ၁၀ ဂိုးလောက် သွင်း ခံရမယ် မှန်းထားတာ ။ ၃ ဂိုးလောက် ပဲ သွင်း ခံရတယ် ။ အဲ အဲ … ကျွန်တော့် ရောဂါ အခြေအနေ ကို အကြမ်းဖျင်း အဲလိုသာ မှတ်ထားဦး ။ ခု ဆေးခန်း ပြလိုက်ဦးမယ် ဗျ ” ဟု သူ့ ဝသီအတိုင်း သူ့ ရောဂါ ကို ပြောသွားသည် ။
လူသတ်သမား ၏ လှည့်စားမှု တိုက်ကွက်များ နှင့် အလံမလှဲ တိုက်ခိုက် နေ ဆဲ မှာပင် သူ့ ကိုချစ်သူများ သူ့ အတွက် စိတ်ပူမှာ စိုးရိမ်နေသေးသည် ။ မျက်စိပျက်မျက်နှာပျက် လူနာ လာမေးသော မေဦး ( ဆရာမကြီး ဒေါ်ခင်ဆွေဦး ) ကို “ ဒေါ်လေး ၊ ဘာမှ မပူနဲ့ ၊ ကျွန်တော် ကောင်းသွားမှာပါ ။ ခုကို သွားနိုင် လာနိုင် စားနိုင် သောက်နိုင် ။ ကြည့်ပါလား ၊ ကျွန်တော့် ရုပ် လူမမာ နဲ့ တူလို့လား ။ ဆေး သွင်းပြီးသွားရင် ပြီးပြီ ” ဟု နှစ်သိမ့်လိုက်သေးသည် ။ ပြန်စဉ်းစားကြည့်တော့ ထိုစဉ် က သူ့ စကား ကို သူ ကိုယ်တိုင် ပင် ယုံပါရဲ့လား ဟု သာ ။
သူ ဆေးသွင်း နေစဉ် မေလ ၏ ရက် တစ်ရက် မှာ ပင် ဦးဝင်းငြိမ်း မွေးနေ့အထိမ်းအမှတ် ရွှေအမြုတေ ဆုပေးပွဲ ကျရောက် လာသည် ။ ခါတိုင်း တစ်နှစ် မပျက် တက်ရောက်ခဲ့သည့် သူ … ဒီနှစ်တော့ ဒီ ပွဲ ကို မနွှဲနိုင်တော့ ။ ပွဲခင်း ထဲ မှ ဆူညံသံများ ကြား တွင် ကိုယ့် လက် ထဲ က ဖုန်း တုန်ခါလာ၍ ကြည့် မိတော့ သူ့ နံပါတ် ။ ကိုယ် အခန်းပြင် ထွက်လာပြီး နားထောင်တော့ -
“ တော်တော် စည်လားဗျ ”
“ ဟာ … ထုံးစံအတိုင်း စည်တာပေါ့ ၊ နေပါဦး ကိုဉာဏ် ဘယ်လိုနေလဲ ၊ ခု ဆေးသွင်း နေတုန်းဆို ၊ ခံရ ဆိုးနေသလား ”
“ အဲဒါ ပြော မလို့ဗျ ။ လာတဲ့ လူတွေကို ပြောပေးစမ်းပါဗျာ ။ ကျွန်တော် နေလို့ ကောင်းတယ်ဗျ ။ ခု မလာနိုင်တာ က ဆေးသွင်းရက် တိုက် နေတုန်းမို့လို့ မလာနိုင်တာ ။ ဘာမှ မဖြစ်ဘူး ၊ ကောင်းတယ်လို့ ပြောပေးစမ်းပါ ။ တော်ကြာ လူတွေ က ကျွန်တော် မထနိုင်ဘူး ထင်ပြီး စိတ်ပူ နေကြဦးမယ် ”
“ အင်းပါ … ပြောပေးပါ့မယ် ၊ ဒါပဲလား ”
“ရှိသေးတယ် ၊ ခု သမဂ္ဂတွေ ထောင်ကြတယ် မဟုတ်လား ၊ ကျွန်တော်လည်း သမဂ္ဂ ထောင်ရင် ကောင်းမလားလို့ ၊ ကင်ဆာသမဂ္ဂ လေ ၊ ဆရာမောင်ဝံသ ကို နာယက ထားမယ် ၊ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ကို လုပ်ခိုင်းမယ် ”
“ ဒါဆို ကိုဉာဏ် အတွင်းရေးမှူး လုပ်လေ ”
“ရပါတယ် ၊ အတွင်းရေးမှူး တော့ လုပ်ပေးမှာပေါ့ ”
ဖုန်း ချလိုက်ချိန် ရင် ထဲ မှာ အတွေးတစ်စ နင့်သည်းစွာ ဝင်သည် ။ လူများ ကို သူ ကသာ ပျော်ရွှင်မှု ပေးချင်ပြီး သူကိုယ်တိုင် အတွက်တော့ လူ တကာ စိတ် ညှိုးနွမ်းမှာ မလိုလားသူ ။
သူ့ ဆေးရုံပေါ် မှ နောက်ဆုံး ကာလများ ကို စဉ်းစားမိလျှင် စိတ်မျက်စိ ၌ ပေါ်လာသည် က ကြင်နာသူ ချစ်ဇနီး ၏ လက်ကလေး ကို ကိုင်ထားရင်း နောက်ဆုံး တိုက်ပွဲ အတွက် အားဖြည့်နေသော ပုံရိပ်များပင် ။ သူ့ အား ချစ်ခင်သူများ ကို မည်သို့ပင် ဆိုဆို ကိစ္စတစ်ခုခု ဆိုလျှင် ဝေဖန်ဆန်းစစ်တတ်လွန်းသည့် သူ့ အသိက သူ့ရောဂါ ၏ အတိုင်းအရှည် ကို သိ နေခဲ့သည် ။ သူ့ ဝတ္ထုနောက်ဆုံးပိုင်း ကို ကိုယ်တိုင်ရေး၍ ဖြင့် မမီတော့ ဟု သိပြီးနောက် သူ့ သမီး ထံ သူ့ အတွေး ၊ သူ့ အပြောများ နှင့် အပ်နှံခဲ့သည် ။ မိသားစု အတွက် စီစဉ်စရာများ စီစဉ်ပြီးချိန် တွင်မတော့ ချစ်ဇနီး လက်ကလေးကို ဆုပ်ရင်း သူ့ ဘဝ ၏ နောက်ဆုံး တိုက်ပွဲ တွင်း မှာ ပင် ချစ်ခင်သူများ ကို စွန့်ခွာသွားခဲ့ပြီ ။
တွေးရင်း လွမ်းသည် ။ သူ့ အမည် ရင်း “ ဉာဏ်ပေါ် ” နှင့် လိုက်အောင် ဉာဏ် ကောင်း သူ ။ လူအများ ၏ ဟဒယ ကို သူ့ စာများဖြင့် ရွှင်ပြုံးစေနိုင် သူ ။ စိတ်တွင်း မှ မတရားဘူးထင် လျှင် ထို မတရားမှု ကို ဥပေက္ခာ မပြုနိုင် သူ ၊ အင်အားနည်း သူ ၊ အညတြလူတန်းစားများ ကို အလေးဂရု ပြုတတ် သူ ။ သူ ကိုယ်တိုင်ပင် နာမည်ကျော် တစ်ဦး ဖြစ်သော်လည်း သာမန် ပြည်သူ ကဲ့သို့ ပင် အများကြား တစ်သားတည်း ကျအောင် နေထိုင်တတ် သူ ။ လူ ကြည့် လိုက်လျှင် မထုံတတ်သေး မြင် ရမည် ဖြစ်သော်လည်း မိတ်ဆွေများ အပေါ် အလွန် နွေးထွေးသော မေတ္တာ ပေးနိုင် သူ … သူ … သူ … သူ … ။
◾ဝိုင်းဝိုင်း
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment