Thursday, November 11, 2021

မိန်းမရှုပ် တစ်ဦး


 

❝  မိန်းမရှုပ် တစ်ဦး  ❞

တစ်ခုသော နွေရာသီနေ့လယ်ပိုင်းတွင် အိုက်စပ်လွန်းလှသဖြင့် ကျွန်ုပ်ငှားရမ်းနေထိုင်သော တိုက်တန်းလျား ၏ အရှေ့အရိပ်တွင် ကုလားထိုင်တစ်လုံး ချကာ ရေနွေးကြမ်း တစ်ကရားဖြင့် တစ်ဖက်လမ်းသို့ လှမ်းမျှော်ကြည့်ရင်း အချိန်ဖြုန်းနေလေ၏ ။ ထိုအချိန်၌ လမ်းအတွင်းမှ မိတ်ဆွေတစ်ဦး အနီးသို့ ရောက်လာပြီးလျှင် ...

“ ဘယ်လိုလဲ ကိုအောင်ထွန်း ၊ ရေနွေးတစ်ခရားနဲ့ ဇိမ်ကျနေပါလား ”  ဟုပြောလေ၏ ။

“ ဇိမ်ကျတယ်ရယ် မဟုတ်ပါဘူးဗျာ ၊ ဟိုကြည့် ဒီကြည့် ကြည့်နေတာပါ ” ဟုပြန်၍ ပြောလိုက်လေ၏ ။ ထိုအခါ ထိုလူက ...

“ ဒါနဲ့ နေပါဦး ကိုအောင်ထွန်း ရဲ့ ။ ခင်ဗျား နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်းက လူငှား ရသွားပြီနဲ့ တူတယ် ။ ပြတင်းပေါက်မှာ ရောင်စုံ လိုက်ကာလေးတွေ တပ်ထားတာ တွေ့ရတယ် ”  ဟု ကျွန်ုပ်အား ပြောလိုက်ပြန်စဉ် ထိုအခန်းမှ မိန်းမ သည် ဆင်းလာ၏ ။ ကျွန်ုပ် အနီးမှ မိတ်ဆွေသည် ထိုမိန်းမ ကို လှမ်း၍ ကြည့်ပြီးလျှင် ...

“ အလို ဘယ်သူများလဲ မှတ်တယ် လေဒီဂျစ်ခင်ခင် ပါလား ” ဟု ပြောလိုက်သဖြင့် ကျွန်ုပ်က

“ ခင်ဗျား သိသလား ” ဟု မေးလိုက်ရာ ထိုသူက ...

“ လေဒီဂျစ်ခင်ခင် ကို မသိတဲ့သူ မရှိပါဘူး ။ မြစ်နားမှာ သူရပ်နေတုန်း မျောလာတဲ့ သပွတ်အူ က အလေးပြု သွားရတဲ့ မိန်းမ ပေါ့ ၊ ရှုပ်တဲ့နေရာမှာ နှစ်ယောက် မရှိဘူး ” ဟု ပြောလိုက်၏ ။

ထို့နောက် ရက်များမကြာမှီ၌ လေဒီဂျစ်ခင်ခင် အိမ်၌ အိမ်တက်မင်္ဂလာ ဖိတ်ကြားသဖြင့် ကျွန်ုပ်လည်း ရောက်ရှိသွားရလေ၏ ။ ထိုအိမ်တက်ပွဲတွင် မန္တလေးကြာဆံချက် ကျွေး၏ ။ လက်ဖက်ရည် ကော်ဖီ တိုက်၏ ။ လေဒီဂျစ်ခင်ခင် သည် စားသောက်နေသော စားပွဲဝိုင်းတိုင်းသို့ သွားရောက်၍ ဧည့်ခံစကား ပြော၏ ။ ကျွန်ုပ်တို့ ဝိုင်းသို့လည်း ရောက်လာ၏ ။

“ ဪ .. ဒီက အစ်ကိုက ကိုအောင်ထွန်း ဆိုတာ မှတ်တယ် ” ဟု ပြောလိုက်သဖြင့် ကျွန်ုပ် က ...

“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ” ဟု ပြန်၍ ဖြေရလေ၏ ။ ထိုအခါ ခင်ခင် က ...

“ နာမည်ကို သိနေလို့ အံ့ဩသွားသလား ။ ခုံလေးချပြီး ရေနွေးကြမ်းသောက်ရင်း ခင်ခင် တို့ အိမ်ဘက်ကို ကြည့်ကြည့်နေတတ်လို့ ဘယ်သူလဲလို့ စုံစမ်းရင်း သိသွားတာပါ ။ ခင်ခင် က ခင်ခင် ဆိုတဲ့အတိုင်း ခင်တတ်မင်တတ်ပါတယ် ။ အဲဒီလို ခင်တတ်တာကိုပဲ အချို့ ရှုပ်တယ်လို့ ထင်တတ်ကြတယ် ။ ရှုပ်တာက လွယ်ပါတယ် ။ ခင်တတ်ဖို့က ခက်တယ် ” ဟု ပြောလေ၏ ။ ကျွန်ုပ်လည်း သွက်လက်လှသော ခင်ခင် ၏ ပြောပုံဆိုပုံကို သဘောကျမိလေ၏ ။

“ ဒါနဲ့ နေစမ်းပါဦး ခင်ခင် ရယ် ၊ သိရတာလည်း ဝမ်းသာပါတယ် ။ ဘာအလုပ် လုပ်ပါသလဲဗျာ ” ဟု မေးလိုက်ရာ ... “ အမှန်အတိုင်း ပြောရရင် ခင်ခင့် မှာ အလုပ် မရှိပါဘူး ။ တကယ် ခင်ခင် လုပ်နေတဲ့ အလုပ်ကတော့ လူတွေကို လိုက်ပြီး ကူညီတဲ့ အလုပ်ပါပဲ ။ ဥပမာ ပြောရရင် အစ်ကိုထွန်းအောင် အခု အမှုဖြစ်နေတယ်ဆိုပါစို့ အဲဒီ အမှုနဲ့ သင့်တော်တဲ့ ရှေ့နေရအောင် ရှာပေးတယ် ။ သမီး ပျောက်သွားတယ် ဆိုပါတော့ အဲဒီ သမီးကို မတွေ့ တွေ့အောင် ရှာပေးတယ် ။ အဲဒီ သမီးဟာ ရိုးရိုးပျောက်တာ မဟုတ်ဘဲ ယောက်ျားနောက် လိုက်သွားတာ ဆိုရင်တော့ သူ့ ယောက်ျားဆီက လုယူပြီး မိဘဆီ ပြန်ပို့ပေးတယ် ” ဟု ခင်ခင် က ပြောလိုက်လျှင် ကျွန်ုပ်က ...

“ ခင်ဗျားပြောတဲ့ အတိုင်းဆိုရင် မခင်ခင် ရေ ... ခင်ဗျားဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ လုပ်မိတတ်တယ် ” ဟုပြောလိုက်ရာ ခင်ခင် က ...

“ မှန်တာပေါ့ အကို ရယ် ... တစ်ပတ်မှာ ငါးရက်လောက် အမှုချိန်း ရှိတယ် ။ ကျန်တဲ့ နှစ်ရက်ကလည်း ရုံးပိတ်ထားလို့ မသွားရတာ ” ဟု ပြန်၍ ဖြေလျှင် ကျွန်ုပ်သည် ရယ်မိသေးတော့၏ ။ ထို့နောက် ခင်ခင် က ...

“ ဒါနဲ့ အကိုရယ် မေးရမှာတော့ အားနာပါတယ် ။ အစ်ကို ဘာအလုပ် လုပ်လဲ ” ဟု တဲ့တိုးကြီး မေးလိုက်လေ၏ ။ ထိုအခါ ကျွန်ုပ်က ...

“ အလုပ်ရယ်လို့ မည်မည်ရရ မရှိပါဘူး မခင်ခင် ရေ ” ဟု ပြန်ဖြေလိုက်လျှင် ...

“ ဒီလိုဆိုရင်တော့ ခင်ခင် က အကူအညီ တောင်းချင်တယ် ။ ခင့် အစ်ကို ဝမ်းကွဲ တစ်ယောက်ဟာ ဆေးရုံ တက်နေတယ် ။ ည စောင့်ပေးမယ့် လူ မရှိဘူး ။ ယောက်ျားအဆောင် ဆိုတော့ ခင်ခင် ကိုယ်တိုင် သွားစောင့်လို့ မရဘူး ။ အဲဒါလေး တစ်ဆိတ်လောက် ခင်ခင် ကို ကူညီတဲ့အနေနဲ့ လူနာကို သွားစောင့်ပေးပါလား ” ဟု အကူအညီ တောင်းလေ၏ ။

ထိုအခါ ကျွန်ုပ်က ...

“ ခင်ခင် ရယ် အကူအညီ ပေးချင်ပါတယ် ၊ ဒါပေမဲ့ ဆေးရုံတွေ ဘာတွေဟာ အခြောက်အလှန့် ရှိတယ် ။ အဲဒါမျိုးတွေကို ကျုပ်က သိပ်ကြောက်တယ်ဗျာ ။ ဒါကြောင့် ညဘက် ဆေးရုံမှာ စောင့်ရတဲ့ အလုပ်ကတော့ မလုပ်ဝံ့ပါဘူးဗျာ ” ဟု ပြောလိုက်လျှင် ခင်ခင် က ဟက်ဟက်ပက်ပက် ရယ်လေ၏ ။

“ အစ်ကို က တကယ် သတ္တိ ကောင်းတာပဲနော် ၊ မဟာဗန္ဓုလ နဲ့ ဘယ်လိုများ တော်သလဲ ” ဟု မေးလေတော့၏ ။ ထိုအခါ ကျွန်ုပ်က ...

“ ခင်ခင် ပြောချင်သလိုသာ ပြောတော့ ကျုပ်ကတော့ ကြောက်တတ်တာ အမှန်ပဲ ” ဟု ပြောလိုက်ရာ ခင်ခင် က သနားသောမျက်လုံးဖြင့် ကျွန်ုပ်ကို ကြည့်လေ၏ ။

“ တကယ် ကြောက်တတ်တယ် ဆိုရင်တော့ ခင်ခင် က မကြောက်ရတဲ့နည်း တစ်ခု ပေးမယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ်က ...

“ ပေးစမ်းပါဗျာ ...” ဟု ဝမ်းသာအားရ တောင်းမိလေ၏ ။

“ ဒီမှာ အစ်ကိုရေ ... အခြောက်အလှန့် ရှိတယ်ဆိုတဲ့ နေရာမှာ ညအိပ်ရမယ်ဆိုရင် ကတ်ကြေးတစ်လက် ယူသွား ၊ ကတ်ကြေး ကို ပါးစပ် ဖြဲလိုက် စေ့လိုက် အကြိမ်ကြိမ် လုပ်ပြီး နောက်ဆုံးမှာ ပါးစပ်ဖြဲပြီး အနားမှာ ချထားလိုက် ၊ အခြောက်အလှန့်တွေ မလာတော့ဘူး ။ နောက် တစ်ခုကတော့ ကုလားပဲ လက်တစ်ဆုပ် နဲ့ သဲလက်တစ်ဆုပ် ယူသွား ... အနားမှာ ပုံထား ၊ ပျင်းလို့ အခြောက်ခံချင်ပါတယ် ဆိုရင်တောင် မလာတော့ဘူး ” ဟု ခင်ခင် က ပြောလေ၏ ။

ကျွန်ုပ်လည်း မှတ်သားလိုက်ရလေ၏ ။ ထို့နောက် ခင်ခင် ၏ အစ်ကို လူနာအတွက် စောင့်ပေးရန် တာဝန်ယူလိုက်၏ ။ ကတ်ကြေးတစ်လက်လည်း ယူသွား၏ ။ သဲတစ်ဆုပ် ပဲတစ်ဆုပ် လည်း ယူသွား၏ ။ ခင်ခင် ပြောသည့်အတိုင်း လုပ်ထားလိုက်၏ ။ မည်သည့် အခြောက်အလှန့်မျှ မလာတော့ပေ ။ ကျွန်ုပ်သည် ခင်ခင် ကို လွန်စွာ ကျေးဇူးတင်ရ၏ ။ လူနာဆေးရုံမှ ဆင်းသွားသောအခါ၌ ခင်ခင် သည် ကျွန်ုပ်အား တိုက်ပုံအင်္ကျီ တစ်ထည်  ၊ ယောပုဆိုး တစ်ထည် နှင့် ငွေ ၅ဝဝ ကန်တော့လိုက်လေ၏ ။ ကျွန်ုပ်ကလည်း ' နေပါစေ နေပါစေ ' ဟု ဆိုကာ ယူထားလိုက်လေ၏ ။

တစ်နေ့တွင် ခင်ခင် နှင့် ကျွန်ုပ် သည် တွေ့ကြပြန်၏ ။ ၎င်းက ကျွန်ုပ်အား ...

“ ဘာတွေ အလုပ်များနေတာလဲ အစ်ကို ...'” ဟု မေးလေ၏ ။ ထိုအခါ ကျွန်ုပ်က

“ ဘာမျှ အလုပ်မများပါဘူး ခင်ခင် ရယ် ... ကျုပ်ရဲ့ ရင်ဘတ်မှာ အနာကလေးတစ်လုံး ပေါက်နေတယ် ။ အဲဒီ အနာကို ဆရာဝန်ပြကြည့်တော့ ဆရာဝန်က ဒီနေ့ ဆေးရုံမှာ ခွဲပေးမယ်လို့ ပြောတယ် ။ ကျုပ် ကလည်း နာမှာ သိပ်ကြောက်တဲ့ လူသားဗျ ။ အဲဒါအတွက် ယောက်ယပ်ခတ်နေတာပါ ” ဟု ပြောလိုက်ရာ ခင်ခင်က ...

“ အစ်ကို့ကို အနာသက်သာတဲ့ ဂါထာတစ်ခု သင်ပေးမယ် ။ အဲဒါက ဘာလဲဆိုတော့ ' ဆွာဆွန်း ' ဆိုတဲ့ ဂါထာကို ( ၈ ) ကြိမ်ရွတ်ပြီး အခွဲခံလိုက်ပါ ။ အစ်ကို မနာဘဲ ခွဲပြီးတာကို အံ့ဩဖွယ်ရာကို တွေ့စေရပါလိမ့်မယ် ” ဟု ပြောလေ၏ ။

ကျွန်ုပ်လည်း ထိုနေက ဆေးရုံ၌ ခင်ခင်ပြောသည့်အတိုင်း ' ဆွာဆွန်း ' ( ၈ ) ကြိမ်ရွတ်၍ အခွဲခံ၏ ။ မည်သို့ဖြစ်သည် မသိ ၊ ခွဲလို့ ခွဲမှန်းပင် မသိပေ ။ အနာအကျင် လုံးဝ မရှိဘဲ ပြီးသွား၏ ။ ထို့ကြောင့် ကျွန်ုပ်စိတ်၌ ဒီမိန်းကလေးသည် အလွန်တော်သော မိန်းကလေးဖြစ်၏ ။ သို့သော် အများက ရှုပ်တယ်ဟု ပြောဆိုနေကြ၏ ။

ရှုပ်ရှုပ် မရှုပ်ရှုပ် ကျွန်ုပ် သူ့ ကို ခင်၏ ။

◾မင်းသိင်္ခ

📖 မင်းနန်သူ နှင့် ဂမ္ဘီရလောက ဝတ္ထုတိုများ

koaungnaingoo.blogspot.com

.

No comments:

Post a Comment