Tuesday, November 23, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၅ + ၂၆


 

အခန်း ( ၂၅ )

သွားချင်ယင် လဲ သွား ။ သဘော ။

ပြန်လာချင်ယင် လဲ လာ ။ သဘော ။

ပြန်လာချင်မှ လဲ လာ ။ သဘော ။

သဘောပါ လို့ ဆိုပြန်တော့လဲ မသွားဘူး ။ ငါ နဲ့ ဆိုင်မှာ ထိုင်ပါ ဆိုတော့လဲ မဟုတ်ဘူး ။ ထွက်ချည် ဝင်ချည် နဲ့ ။ ပြီးတော့ သူ့ စရိတ်က သေးတာ မဟုတ်ဘူး ။

မနက်ပိုင်း အိတ်ထောင်ထဲ ထည့်ပေးလိုက်တဲ့ အစိတ်တန် တရွက် က ညနေ ပြန်လာယင် အကြွေ ပဲ ကျန်တတ်တယ် ။ အကြွေး တင်မလာယင်ပဲ ကံကောင်း ။

ငါ့ အလုပ်က ရေ အနက်ကြီးထဲမှာ ငါး ဖမ်းရသလိုပဲ တဲ့ ။ အောင်သိန်း က ငါ့ ကို ပြောတယ် ။

မောင် ... ဘာလုပ်မယ် စိတ်ကူးလဲ ဆိုတော့ ကောင်မတွေ နဲ့ လိုင်းရိုက်မယ် တဲ့ ။ တောင်ကြီး တက်မယ်လို့ ပြောတယ် ။ ငါ မတားပါဘူး ။ သဘောပဲ လို့ ပြောလိုက်ရတယ် ။

ငါ့ ကိုတော့ အခုနေ မဆွယ်နဲ့ ။ အဖော် မစပ်နဲ့ ။ ငါ မလိုက်နိုင်သေးဘူး ။ ငါ့ မိဘ နဲ့ နေရဦးမယ် ။ ငါ့ သားသမီးတွေ နဲ့ နေဦးမယ် ။

လက်ထဲမှာတော့ ထိုင်စားနေလောက်အောင် ငွေ များများ မရှိဘူး ။ မော်လမြိုင် က ဝယ်လာတဲ့ ကုန်ပစ္စည်းတွေပဲ ရှိတယ် ။

အရင်း နဲ့ အမြတ် ပေါင်းလိုက်ယင်တော့ ငါးထောင်ကျော် ရှိနိုင်တယ် ။ ချွေချွေတာတာ စားယင် တနှစ် နီးပါးတော့ ခံလိမ့်မယ် ထင်တာပဲ ။

အောင်သိန်း ရဲ့ သဘောကို ငါ မစဉ်းစားတတ်ဘူး ။ ဘာဖြစ်လို့ နေပူထဲ လျှောက်ချင်ရတာလဲ ။ ဘာဖြစ်လို့ အရိပ်အောက်မှာ အေးအေးဆေးဆေ ထိုင် မနေချင်ရတာလဲ ။ ဝမ်းအပြင် ဘာအတွက် ငွေ လိုချင်ရတာလဲ ။

ငါ ပြောတယ် ။ စာမေးပွဲလည်း အောင်ပြီ ။ ဣန္ဒြေရအောင် ရုံး တရုံး ရုံးမှာ အလုပ် ဝင်လုပ် ။ ရရာ အလုပ် ကို မလုပ်ချင်ယင်လဲ နေ ။ ကြိုက်မှ လုပ် ။

သည်ကြားထဲမှာ အေးအေးဆေးဆေး ပဲ ထိုင်စား နေ ။ အားယင် အိမ်မှာပဲ စာဖတ် နေ ။ ငါ့ သဘောကတော့ ဈေးလိုက်ပြီး ငါ့ အနားမှာ ထိုင်နေစေ့ချင်တယ် ။

အဲဒါကို မဟုတ်ဘူး ။ ပစ္စည်းတွေ နဲ့ တောင်ကြီး ဘက်ကို လိုင်းရိုက်ချင်ပြန်သတဲ့ ။

ငါ မသိပဲ နေမလား ။ တောင်ကြီး လိုင်းကို သွားယင် ဒေါင်းမ လဲ မုချ ပါမယ် ။ ဒေါင်းမ ကို သူ မျက်စိ ကျနေတာ ။ အယင်တခေါက် တောင်ကြီး မှာ တုန်းကလဲ ငါ ပါးရိုက်ခဲ့ရပြီ မဟုတ်လား ။

မကောင်းမှန်း သိပေမယ့် ငါ ကိုယ်တိုင်လဲ အဲသည် အလုပ်ကိုတော့ ပြန် မလုပ်တော့ပါဘူးလို့ တာဝန် မခံဘူး ။ အခြေအနေ အရပဲ ။

ဒါပေမယ့် တတ်နိုင်သမျှတော့ ကြိုးစား ရှောင်မယ် ။ ရည်မှန်းချက် ကလေးတော့ ထားရမယ် ။

ခုမှပဲ အရင်းအနှီးကလေးနဲ့ ပစ္စည်းကလေးတွေ ဆိုင်တင်ထားနိုင်ပြီ ။ အမြတ်ကလေးနဲ့ချည့် စားသွားနိုင်ယင် အရောင်း မပြတ်ဘူး ။ ပစ္စည်းကုန်ခါနီးတော့ မော်လမြိုင် ကို တခေါက် ထပ်သွားလိုက်မယ် ။ အရင်းအနှီး လိုယင်လဲ ကိုယ်နဲ့ ရင်းနှီးတန် ရင်းနှီးလိုက်ဦးမယ် ။ အပြန်မှ ခုလိုပဲ ကုန်ပစ္စည်း ဝယ်လာခဲ့ ။ သည်လိုတော့ စိတ်ကူးထားသင့်တယ် ။

အဲဒါ ... မဟုတ်ဘူး ။ ကိုယ်တော် က လက်ထဲမှာ ထောင်ဂဏန်း မရှိတော့လို့ လိုင်း ရိုက်ချင်တယ် တဲ့ ။

အေးလေ ... ခါတိုင်းကတော့ ငါ က ငွေကိုင်တာမှ မဟုတ်ပဲ ။ သူ့ ပဲ အပ်ထားတယ် ။ ခုတော့ ငွေ မှ မရှိတာပဲ ။ ပစ္စည်း ပဲ ရှိတယ် ။

ဒါပေမယ့် နေ့တိုင်း သူ့ အိတ်ထောင်ထဲ အစိတ်တန် တရွက်တော့ ထည့် ထည့်ပေးနေတာပဲ ။ ဒါကို အားမရဘူး ထင်ပါရဲ့ ။ ဖဲရိုက်ဖို့ မရှိလို့ နေမှာပေါ့ ။

သူ့ သဘောက ကုန်ပစ္စည်းတွေကို လက်လီ မရောင်းစေ့ချင်ဘူး ။ ဖောက်သည် ပေးပစ်လိုက်ချင်တယ် ။ ငွေလုံးငွေရင်း ထွက်လာမယ် ။ သူ့ ကို ပေးထား ။ သူ ဖြုန်းပေးမယ်ပေါ့ ။ တော်လောက်ပါပြီ ။

သူ့ တယောက်တည်း အစိတ် ဆိုတာ မနည်းပါဘူး ။ ငါတို့ တအိမ်သားလုံး စားနေတာမှ ဆန်ဖိုး အပါအဝင် အစိတ် ရယ် ။ ကလေးတွေ ဆိုယင် တနေ့ မှ မုန့်ဖိုး ပြားငါးဆယ် ရယ် ။

ငါ့ ကလေးတွေ အတွက် တာဝန်ထမ်းဆောင်ရလို့ ငါ့ အမေလဲ ပင်ပန်းပြီ ။

သည်တော့ ဘာပဲ ပြောပြော ငါ့ မိဘအတွက် အခုအခံကလေး ဖြစ်အောင် ငါ့ အနေနဲ့ တတပ်တအား တာဝန်ယူဖို့တော့ ကောင်းတယ် ။

ငါ မပါလို့ပဲလားတော့ မပြောတတ်ဘူး ။ ကိုယ်တော် က ကြွတော် မမူဘူး ။

ညနေဘက် အိမ်ပြန်လာတော့လည်း ကြည့်ဦး ။ အရည်နံ့ကလေးကလဲ တသင်းသင်း နဲ့ ။ ငါ ကလဲ ... ရှင်းရှင်း ပြောရယင် သေးနံ့တောင် ရှုချင်သေးတယ် ။ အရည်နံ့ ကိုတော့ မုန်းတယ် ။

ဟိုကောင် ငလွင် နဲ့ တုန်းကလဲ ကလေး သုံးယောက် ရတဲ့အထိ အဲသည် သေရည်နံ့ ကို ရှုလာခဲ့ရပြီးပြီ ။ မူးမူးရူးရူး နဲ့ ဆိုယင် ငါ သိပ်မုန်းတယ် ။

တချို့ကတော့ ပြောတယ် ။ ကြာလာတော့လဲ အလေ့အကျင့် ဖြစ်သွားတာပါပဲ တဲ့ ။ မဖြစ်ပေါင် တော် ... ။ အရက်သမား မယား ဘဝတလျှောက်လုံး အဲသည် အနံ့ကို ဘယ်တုန်းကမှ နှာခေါင်း မယဉ်ခဲ့ဖူးဘူး ။

အေး ... တခုတော့ ရှိတယ် ။ ဧည့်သည် နဲ့ ညအိပ် ညနေ နေရတော့မယ် ဆိုယင်တော့ အရက် က ငါတို့ အတွက် အဖိုးတန်တယ် ။ ဧည့်သည်က မသောက်ချင်ယင်တောင် ချော့မော့ပြီး တိုက်ရတယ် ။

ခွက် ထဲ အရက် လျော့သွားယင် ကိုပဲ မသိမသာ ဖြည့်ပေးရတယ် ။ ဒါမှ မူးလွန်ပြီး အိပ်ပျော်သွားတော့လဲ ငွေရပေါက် ချောင်တယ် မဟုတ်လား ။

ဒါပေမယ့် မမူးတမူး သမား ကိုတော့ ငါ ကြောက်တယ် ။ နဂိုကမှ အရည်နံ့ ကို ခံမရတဲ့ အထဲ စကားပါ များလာယင် သည်းမခံချင်တော့ဘူး ။

ငါ့ အဖေ ကလဲ လူအေး ။ အရက်ဆို လျှာပေါ်တောင် တင်ဖူးတာ မဟုတ်ဘူး ။

ငါ့ အမေ ကလဲ မကြိုက်ဘူး ။ အောင်သိန်း အရည်သောက်သောက် ပြန်လာတာကို ဘယ်ကြိုက်မလဲ ။

ငါ့ အဖေ အမေ တင် ဘယ်ဟုတ်မလဲ ။ ငါ့ ညီမ ဆု ကလဲ မကြိုက်ဘူး ။

မမကြော့ ရယ် သည်လို ကောင်များ ဘာ မက်မောစရာ ရှိလို့ ပေါင်းနေရတာလဲတဲ့ ။

အေး ... ပြောမယ်ဆိုလဲ ပြောစရာ ဖြစ်နေတယ် ။

ဒါပေမယ် ငါ့ အဖေ ငါ့ အမေ နဲ့ ငါ့ ညီမ က ငါ့ မျက်နှာကြောင့် သူ့ ကိုတော့ ဘာမှ မပြောကြပါဘူး ။ ရောလဲ မရောဘူး ။ နှိမ်လဲ မနှိမ်ဘူး ။ မသိဟန် မမြင်ဟန်ပဲ ဆောင်နေတယ် ။

သည်လိုနဲ့ပဲ သုံးလေးငါးလ ကြာသွားတယ် ။ ဆိုင်ပေါ်မှာလဲ ပစ္စည်းတွေ ရောင်းလို့ ကုန်တော့မယ် ။ ပလတ်စတစ်ခွက်ကလေး အနည်းအကျဉ်းလောက်ပဲ ကျန်တော့တယ် ။ ရှေ့လ အတွက် ပူရပြီ ။

ငါ ကသာ ပူရတာပါ ။ အောင်သိန်း ကတော့ အေးအေး ဆေးဆေးပဲ ။ အခြေအနေ မကောင်းတော့မှန်း သူ လဲပဲ သိတယ် ။

သူ့ အိတ်ထဲမှ နေ့စဉ် အစိတ်တန် ထည့် မပေးနိုင်တော့တာပဲ ။ ငါးကျပ်တန် တောင် ပုံမှန် ထည့် မပေးနိုင်တော့ဘူး ။ နှစ်ကျပ် သုံးကျပ် လောက်ပဲ ထည့် ပေးနိုင်တော့တယ် ။

ဒါပေမယ့် သူ ကတော့ အချိုး မပြောင်းဘူး ။ ခါတိုင်းလိုပဲ ။ စောစောစီးစီး ချက်ပြီးယင် စောစောစီးစီး စားသွားတယ် ။ ထမင်းချက် နောက်ကျယင် စောင့်ပြီး စားတယ် ။ စားပြီးယင် မြို့ထဲ ထွက်တယ် ။

ဘယ်က ငွေ ရလို့ ဘယ်လို သောက်သောက် ပြန်လာတယ်တော့ မပြောတတ်ဘူး ။ ပြန်လာယင်တော့ အရည်နံ့ကလေး က သင်းနေတာပဲ ။ ညစာစားတယ် ။ စားပြီးယင် ဒူးယား ကို တလိပ်ပြီး တလိပ် ဖွာတော့တာပဲ ။

ဒါပေမယ့်လဲ ငါ ဘာတခွန်း မှ သူ့ ကို အပြစ် မပြောဘူး ။ လင်မယား ဆိုတာ မရှိတဲ့ အခါ ပိုပြီး စည်းရုံးရမယ် ။

ကိုယ် က ကောင်းစေချင်လို့ ပြောတာတောင် တမျိုး ထင်ချင် ထင်ဦးမယ် ။ ပြီး နေရာကလဲ ငါ့ အမိ ငါ့ အဖ နေရာ ။

ငါ ဦးနှောက် ခြောက်နေမှန်းလည်း သူ သိတယ် ။ ဒါပေမယ့် စီးပွားရေး ငွေရေးကြေးရေး ရှေ့ရေးအတွက်ကို သူ ဘာတခွန်းမှ ဟ ဖော် မရတာကို ငါ အံ့ဩမိတယ် ။

တနေ့တော့ ဝင်းပပ ငါ့ အိမ် ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ် ။ သိတဲ့အတိုင်း အိမ်မှာဆို စကားပြောရတာ မလွတ်လပ်ဘူး ။ လူကြီးတွေ ရှိတယ် ။ ဒါနဲ့ ဝင်းပပ နဲ့ ငါ အပြင်လိုက်သွားတယ် ။

ဝင်းပပ နဲ့ ငါ နဲ့ မတွေ့တာလဲ ကြာပြီ ။ ကြာဆို ... ကိုယ့်လမ်း ကိုယ် လျှောက်နေကြတာကိုး ။ ငါ ကလဲ နေရာ အတည်တကျ ရှိတာမှ မဟုတ်ပဲ ။

လှည်းတန်း ကနေ သုဝဏ္ဏ ကို ရောက် ။ သုဝဏ္ဏ ကနေ သင်္ကန်းကျွန်း ကို ရောက် ။ သည်ကြားထဲ နယ် ကို ခရီးထွက်ပြန်တော့ ငါ့ ကို ဖမ်းမိဖို့ဆိုတာ လွယ်တာမှ မဟုတ်ပဲ ။

ငါ သုဝဏ္ဏ မှာ နေတုန်းက သင်္ကန်းကျွန်း အိမ် ကို တခေါက် ရောက်ဖြစ်သေးတယ်တဲ့ ။

ဝင်းပပ လာတာကတော့ အကြောင်း ရှိတယ် ။ ပုဂ္ဂလိက ခရီး ဆိုပါတော့ ။

ခရီးစဉ် ကတော့ မော်လမြိုင် ကိုပဲ ။ ကား နဲ့ သွားရမယ် ။ တပတ် ခရီး တဲ့ ။ ဧည့်သည် က သုံးယောက် ။ ကားမောင်းသူပါ ဆိုယင် လေးယောက် ။

ပစ္စည်း ကတော့ နှစ်ခု ။ သူ ရယ် ၊ ငါ လိုက်နိုင်မယ် ဆိုယင်လဲ ငါ ရယ်ပဲ ။ စရိတ်ငြိမ်း တထောင် ရမယ်လို့ ပြောတယ် ။

သည် ကိစ္စမှာတော့ ငါ့ သဘောနဲ့ ငါ အဆုံးအဖြတ် မပေးချင်ဘူး ။ အောင်သိန်း ကို တိုင်ပင်ချင်သေးတယ် ။ သူ ခွင့်ပြုယင်တော့လဲ လိုက်ချင်တယ် ။ ရမယ့် ပိုက်ဆံက မနည်းဘူး ။

ဒါပေမယ့် သူ ခွင့် မပြုယင်တော့လဲ မလိုက်ဘူး ။ သည်တော့ ဝင်းပပ ကို အဖြေ မပေး လိုက်နိုင်ဘူး ။

ဝင်းပပ ကတော့ တပင်တိုင် မင်းသမီးပဲ ။ အဖော်အသင်း နဲ့ ဘယ်တုန်းကမှ မလှုပ်ရှားဘူး ။ သူ့ဘာသာ သူ တယောက်တည်း ပဲ လှုပ်ရှားတယ် ။ သူပြောလဲ မဆိုးဘူး ။ အဖော်အသင်း ဆိုတာ သင်းမကွဲခင်သာ ကောင်းတာတဲ့ ။

သည်ခရီး မှာတော့ အဖော် လိုတယ် ။ ဒါကြောင့်မို့ ငါ့ ကို လာခေါ်တာ ။

ပြီး ... ရန်ကုန် မှာလဲ ဝင်းပပ လှုပ်ရှားခဲတယ် ။ ဒါကြောင့် ဝင်းပပ ကို လူ သိပ် မသိဘူး ။

သူ ကလဲ ရန်ကုန် ဧည့် ဆိုယင် ငြင်းတယ် ။ နယ်ဧည့် နဲ့ မှ လှုပ်ရှားတယ် ။

သူ့ မှာ နယ် အဆက်အသွယ်ကတော့ များတယ် ။ လိုင်းပေါင်းစုံ အဆက်အသွယ် ရှိတယ် ။

မန္တလေး မြစ်ကြီးနား အထိ သတင်းကြီးတဲ့ မင်းသမီး ပဲ ။ မော်လမြိုင် ၊ ရေး ၊ မြိတ် ၊ ထားဝယ် အထိလည်း အဆက်အသွယ် ကောင်းတယ် ။ ပုသိမ် ဟင်္သာတ အထိလဲ အဆက်အသွယ် ရှိတယ် ။ သည်တော့ ဘာပူစရာ ရှိသလဲ ။

နယ်ဧည့်သည် မလာယင် အလုပ် မလုပ်ဘူး ။ အေးအေးဆေးဆေး ပဲ ။ နယ်ဧည့်သည် လာယင်တော့ တခါတလေလဲ တပတ်လုံး ဆက်သွားတယ် ။

နယ်ဧည့်သည် ဆိုတာတွေကလဲ လာယင် လက်ချည်းသက်သက် ဘယ်တုန်းကမှ မလာဘူး ။ လက်ဆောင်ကလေး ပါတတ်တယ် ။ ပုသိမ် ဘက်က လာယင် ပုသိမ်ဟာလဝါ ပါမယ် ။ ပုစွန်ခြောက် ပါမယ် ။

အညာ မြေလတ်ပိုင်း က လာယင်တော့ ဆီ ပုံးလိုက် ပါတတ်တယ် ။ မော်လမြိုင် ၊ ရေး ၊ မြိတ် ၊ ထားဝယ် ဘက်က ဆိုယင်တော့ အဝတ်အထည် အမျိုးမျိုးပေါ့ ။

ပုသိမ် ဘက် ဦးဉာဏ်မြင့် ဆိုယင် ဝင်းပပ ကို အသည်းစွဲပဲ တဲ့ ။ ပုစွန်ခြောက်ကတော့ ထားပါတော့ ။ ရာသီရောက်ယင် ပုစွန်ဆီ တို့ ပုစွန်ထုပ်ကြီး တို့တောင် ပါတတ်တယ် တဲ့ ။

ဝင်းပပ က သူ့ လှုပ်ရှားဟန် ကို မြိန်ရည်ယှက်ရည် ပြောပြတယ် ။ အဲ သည်လို နယ်ဧည့်သည်ကလေး လေးငါးဆယ်ယောက် ရှိထားယင် ဣန္ဒြေရရကလေး နေနိုင် စားနိုင်မယ် လို့လဲ ပြောတယ် ။

ဝင်းပပ က စိတ်ကောင်းလဲ ရှိတယ် ။ ကျောင်းနေဘက် လဲ မှန်တယ် ။ သူငယ်ချင်း လဲ မှန်တယ် ။ ကျေးဇူးလဲ ရှိတယ် ။ ဆရာသမား ဆိုလဲပဲ မမှားဘူး ။

ခုသွားရမယ့် ခရီးမှာ ဧည့်သည်တွေ ကိုတော့ သူ မသိဘူး ပြောတယ် ။ သည် ဧည့်သည်တွေက ပုသိမ် က ဦးဉာဏ်မြင့် တို့ ဆက်သွယ်ပေးလိုက်တဲ့ ဧည့်သည်တွေ တဲ့ ။

နောက်တနေ့ ကတော့ သင်္ကြန် အကြိုနေ့ ။ ထွက်ဖြစ်ယင် အကြိုနေ့ ထွက်ကြရမယ်တဲ့ ။

တကယ်လို့ မလိုက်ဖြစ်ဘူးဆိုယင်လဲ အကြိုနေ့ မနက်စောစော သူ့ကို အကြောင်းပြန်ပါတဲ့ ။ သူ တယောက်ယောက် ရှာခေါ်ရမယ်တဲ့ ။

သည်တော့ ငါ ကပဲ ကတိ ခံ လိုက်တယ် ။ လူ မရှာပါနဲ့ပေါ့ ။

တကယ်လို့ ငါ့ အမျိုးသား ခွင့်မပြုလို့ ငါ မလိုက်ဖြစ်ယင်တောင် တယောက်ယောက်တော့ ငါ တာဝန်ယူပြီး ရှာ ပေးပါ့မယ်လို့ ပြောလိုက်ရတယ် ။

ဝင်းပပ စိတ်ချလက်ချ ပြန်သွားတယ် ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်

အခန်း ( ၂၆ )

ဝင်းပပ ပြန်သွားတော့မှပဲ ငါ စဉ်းစားမိတယ် ။ တယောက်ယောက် ကို ရှာပြီး ထည့်လိုက်ဖို့ ဆိုတာကလည်း ပစ္စည်း ကို တွေ့ဦးမှ ။ ပစ္စည်း ဆိုတာကလဲ သိတဲ့ အတိုင်းပဲ ။ ဒိုး လို လည်နေကြတာ များတယ် ။ လင်ပန်း ဖင် ဆုပ်ရသလို ၊ ဖမ်းမိဖို့ မလွယ်ဘူး ။

သည်တော့ ပြေးရလွှားရတာပေါ့ ။ ဒိုးကလေး ဆီ ရောက်သွားတယ် ။ မတွေ့ဘူး ။ ပြောင်းတော့ ပြောင်းလဲနေပြီ ။ သူ့ ယောက်ျားက ညောင်ပင်လေးဈေးမှာ ထမင်းဆိုင် ဖွင့်နေတယ်တဲ့ ။ ဒိုးကလေး ကတော့ ခရီးထွက်သွားတယ်လို့ သိခဲ့ရတယ် ။

တခါ ... မိသက် အိမ် ရောက်သွားပြန်တယ် ။ မိသက် နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမယ့် လိုက်လို့ မဖြစ်ဘူး မမကြော့ ရေ ... တဲ့ ။ သူ့ အမျိုးသားနဲ့ ချိန်းထားတယ်လို့ ဆိုတယ် ။

အမျိုးသားတွေ ဘာတွေနဲ့ ဖြစ်နေပြီလားလို့ မေးကြည့်တော့ မိသက် က ရယ်တယ် ။ မမကြော့ ရယ် ... သည် ဘဝမှာ ဘယ်ကလာ ယောက်ျားတယောက် ကို အတည် ပေါင်းလို့ ဖြစ်နိုင်ပါ့မလဲ တဲ့ ။

ဟဲ့ .... မိသက် ရှင်းရှင်းလင်းလင်း ပြောပါဦး နည်းယူတန် ယူရအောင်လို့ ပြောတော့မှပဲ မိသက် က သူ့ ဘဝ ဇာတ်လမ်းစုံ ကို ပြောပြတယ် ။ မဆိုးဘူး ။ ဣန္ဒြေလဲ ရတယ် ။ လူလဲ သက်သာတယ် ။

မိသက် က ကောင်းစားနေပြီလေ ။ အမျိုးသား က သုံးယောက် တဲ့ ။ တပတ် မှာ နှစ်ရက် တဲ့ ။ တယောက်ချင်း နဲ့ တနေရာရာ မှာ ချိန်းတွေ့ကြတယ် တဲ့ ။

တနင်းလာ နဲ့ ကြာသာပတေး မှာ တယောက် ။ အင်္ဂါ နဲ့ သောကြာ မှာ က တယောက် ။ ဗုဒ္ဓဟူး နဲ့ စနေ မှာ တယောက် ။ သုံးယောက် ။

တယောက် ကို တလ ငါးရာနှုန်း နဲ့ လက်ခံထားတယ် တဲ့ ။ အချိန်မရွေးတော့ ပျက်သွားနိုင်တာပေါ့လေ ။

နင့်ဟာဟယ် ... မတော်တဆ ရက်ချိန်းချင်းများ ထပ်ကုန်မှဖြင့်လို့ ဆိုတော့ ... မိသက် က ရယ်တယ် ။ ရက်ချိန်းချင်း ထပ်မိတော့လဲ အချိန်ချင်း လွှဲလိုက်ရတာပေါ့ တဲ့ ။

အင်း ... မိသက် လမ်းစဉ်ကလဲ မဆိုးဘူး ။ ဘာပဲပြောပြော တလ တထောင့်ငါးရာ ဘယ် ထွက်ပြေးမလဲ ။

တခါ မတွေ့ရတာကြာပြီ ဖြစ်တဲ့ ဇော်မ တို့ အိမ်ဘက် ရောက်သွားပြန်တယ် ။ ဇော်မ ကလဲ ခြေငြိမ်နေပြီလေ ။

အိမ်မှာ မရှိလို့ အိမ်နီးချင်း ကလေးတယောက် က ပြောတာနဲ့ စိန်ဂျွန်းဈေး ကို လိုက်သွားတယ် ။

ဇော်မ နဲ့ တွေ့တယ် ။ ယောက်ျား ရနေပြီတဲ့ ။ သူ့ ယောက်ျားကိုတော့ မတွေ့ခဲ့ဘူး ။ ရန်ကုန် နဲ့ မော်လမြိုင် မှောင်ခိုပစ္စည်း ကယ်ရီယာ လုပ်နေတယ် တဲ့ ။

သူ ကတော့ စိန်ဂျွန်းဈေး ထဲမှာ ပလတ်စတစ်ပစ္စည်းဆိုင် ဖွင့်ထားတယ် ။

ဪ ... လှုပ်ရှားဖော် လှုပ်ရှားဖက်တွေ အလျိုလျို ခြေငြိမ်နေကြတာတွေ့ရတော့ ငါ ဝမ်းလဲ သာပါရဲ့ ။ ဝမ်းလဲ နည်းမိတယ် ။

ငါ့ ဘဝကတော့ အနည်မထိုင်သေးပါကလား ။ လှုပ်ရှားလူးလွန့်ရတုန်းပါကလား ။

ဇော်မ ပြောပြလို့ သိရတယ် ။ တနေ့ကပဲ အောင်သိန်း နဲ့ ဒေါင်းမ ကို သည်ဈေးထဲ မှာ တွေ့လိုက်တယ်တဲ့ ။

ဒေါင်းမ နဲ့ ဘယ်ပုံဘယ်နည်း အကြောင်းပေါင်း သင့်နေတယ်ဆိုတာတော့ မပြောတတ်ဘူး ။ စိတ်ထဲ အတော်ခံပြင်း လာတယ် ။ ခုနေများ အောင်သိန်း ကို တွေ့ယင် အစိမ်းလိုက် ဝါးစားပစ်မိလိမ့်မယ် ထင်တယ် ။

ဒါပေမယ့် ငါ့ စိတ်ကို ငါ ဖြေတယ် ။ မထူးဘူး ခွေးမြီးကောက် ကျည်တောက်စွပ် ။

ဘယ်တော့မှလဲ ဖြောင့်လာမယ့်ကောင် မဟုတ်ဘူး ။ ပါးရိုက်ပစ်တော့လဲ ငါ့လက်ဝါးပဲ နာမယ် ။ ငါ့မိဘနဲ့ ငါ့ညီမပဲ ကြားမယ် ။

နေပလေ့စေ ... ဂျင်းစိမ်း နဲ့ မိတ်သလင် ပေါ့ ။ ငါ ကလဲ သူ့ ထက် သာတာနဲ့ တွဲပြလိုက်ရုံပဲ ။

ပစ္စည်း တခုတော့ ရှိသေးတယ် ။ မိသော်တာ ... ။

ဒါပေမယ့် ငါ ကိုယ်တိုင်က ထိုင်နေတာကြာတော့ အဆင်ပြေမယ် မပြေဘူးဆိုတာ အသေအချာ မပြောနိုင်ဘူး ။ သည်တော့ အိမ်ကိုပဲ ငါ လှည့်ပြန်ခဲ့တယ် ။

ငါ ဆုံးဖြတ်လိုက်တယ် ။ ငါ ကိုယ်တိုင်ပဲ လိုက်သွားတော့မယ် ။ အောင်သိန်း သဘောတူချင်လဲ တူ ။ မတူချင်လဲ နေ ။

ထုံးစံ အတိုင်းပေါ့ ။ အဲသည်ညလဲ မူးပြီး ပြန်လာတယ် ။ ခရီးထွက်မယ့် အကြောင်း ပြောလိုက်တယ် ။

မောင် သဘော မတူဘူးတဲ့ ။ သည့်ပြင် ခရီး ဆိုယင်တော့ မောင် မတားဘူး ။ မော်လမြိုင် ခရီးကိုတော့ မောင် မပါပဲ မမ တယောက်တည်း မလွှတ်နိုင်ဘူးတဲ့ ။

ငါ ကလဲ အစောကြီးကတည်းက တွက်မိပြီးသားပါပဲ ။ ကိုသန့်စင်ငြိမ်း နဲ့ တွေ့နေမှာ စိုးရတယ် မဟုတ်လား ။

တောင်ကြီး ခရီး ကျပြန်တော့လဲ ကိုအောင်သိုက် နဲ့ စိတ်မချဘူး ။ မော်လမြိုင် ဆိုပြန်တော့လဲ ကိုသန့်စင်ငြိမ်း နဲ့ ငြိနေမှာ စိုးတယ် ။

ဘယ်နှယ့် ... ဘယ်လမ်း သွားစရာ ရှိတော့သလဲ ။

ပြဿနာလဲ မဖြစ်ချင်ဘူး ။ ခွန်းကြီးခွန်းငယ်လဲ မပြောချင်ဘူး ။ သည်တော့ ငါ ချော့မော့ပြီး ပြောတယ် ။

မောင် ... ငါ လဲ ဘယ် သွားချင်ပါ့မလဲ ... မသွားချင်လို့ပဲ ဆိုင်ထွက်နေပြီ မဟုတ်လား... ရှေ့လဆိုယင် ပြဿနာ ဖြစ်တော့မယ် ။ ခု ... စရံ ငါးရာ ရမယ် ... မောင့် လက်ကို အပ်ခဲ့မယ် ... ပြန်လာယင်လဲ နောက်ထပ် ငါးရာ ထပ် ရဦးမယ် ... တပတ် ဆိုပေမယ့် ... သုံးလေးရက်နဲ့ ပြန်ရောက်ချင် ရောက်လာမှာပါ ... ကားနဲ့ သွားပြီး... ကား နဲ့ ပြန်လာရမှာ ဆိုတော့ မောင် ဘာပူစရာ ရှိလဲ ... လို့ လေပြေသွေးပြီး ဆွေးနွေးကြည့်တယ် ။

အဲ ... ဘာမှ မပြောတော့ဘူး ။ သက်ပြင်း တချက်ချပြီး သဘောပဲလေတဲ့ ။

ငါ့ အကြောင်း သူ လဲ သိပါတယ် ။ ငါ မသွားချင်တာလဲ အမှန်ပဲ ။

သူ ကလဲ တနေကုန် တမိုးချုပ်လို့မှ တပြားတချပ် မှ ရအောင် ရှာနိုင်တာမှ မဟုတ်ပဲ ။

ရှေ့လဆို စားစရိတ်တောင် ခက်တော့မယ် ။ ပြီးတော့ ဇွန်လ ကျောင်းဖွင့်မှာကို ငါရင်မောနေရပြီ ။

အကြီးကောင် ကိုကိုကြီး က ဒုတိယတန်း အောင်ပြီ ။ တတိယတန်း တက်မယ် ။ အလတ်မ မိမိလတ် က ပထမတန်း တက်မယ် ။ အငယ်ကောင်မပါ ။ ကလေးနှစ်ယောက် အတွက် ကျောင်းအပ်ဖို့ ရှိမယ် ။

သည့်အတွက်တော့ ကြိုတင်စီစဉ်တဲ့ အနေနဲ့ စုဗူးလေး နှစ်လုံး ထားရတယ် ။ စုတာကလဲ ဘာမှ မကြာသေးတော့ များများစားစား ရှိမယ်တော့မထင်ဘူး ။

သည်ခရီးသာ မသွားဖြစ်ရင် နောက်လ ကလေးတွေစုဗူး ဖောက်ရတော့မှာ သေချာတယ် ။

သည်လိုနဲ့ အဲသည်နေ့ ညက စကားပြတ်သွားတယ် ။ ငါ က စကားပြောလဲပဲ သူ က မေးတခွန်း ခေါ်တခွန်း လောက်ပဲ ။ ငါ ကတော့ ဝင်းပပ ဘယ်အချိန် လာမယ်မှန်း မသိလို့ ကြိုကြိုတင်တင်ပဲ ဖြီးလိမ်းပြင်ဆင်ပြီး စောင့်နေတယ် ။

အမေ့ ကိုလည်း ခရီးထွက်မယ် ... အရောင်းအဝယ် တခုအတွက် အဖော်လိုက်သွားရမယ် ။ ကိုယ့် အတွက်လည်း အကျိုးရှိမယ် ...လို့ ကြိုတင်ပြီး ပြောထားရတယ် ။

ဝင်းပပ ရောက်လာတော့ နေ့ခင်း နာရီပြန်နှစ်ချက် ရှိနေပြီ ။ သူ တစ်ယောက်တည်း ဆန်နီကား အဖြူလေး နဲ့ ရောက်လာတယ် ။

ငါ့ လက်ထဲ ငွေငါးရာ ထည့်တယ် ။ ငွေငါးရာ ကို အောင်သိန်း လက်ထဲ အပ်လိုက်တယ် ။ ကလေးတွေကိုလည်း ဂရုစိုက်ဖို့ မှာပြီး ငါ ကားပေါ်တက်လိုက်ခဲ့တယ် ။

ကား က သမ္မတဟော်တယ် ကို ဝင်တယ် ။ နောက်ထပ် ယောက်ျား သုံးယောက် ကို တင်တယ် ။ ပြီးတော့ ခရီး ဆက်ထွက်ခဲ့ကြတယ် ။

ဝင်းပပ က ပြောထားလို့ ကားပေါ် ပါလာတဲ့ သုံးယောက် ကို ငါ လေ့လာကြည့်လိုက်တယ် ။ ရှေ့ခန်းမှာ ထိုင်တဲ့ တယောက်ကတော့ အကောင်ပဲ ။ နောက်ခန်း ငါ့ လက်ဝဲရံ နဲ့ လက်ယာရံ နှစ်ယောက်ကတော့ ကား အရောင်းအဝယ် လုပ်တဲ့ လူတွေ ဆိုပါတော့ ။

သည်နှစ်ယောက်က စီးပွားဖော် စီးပွားဖက် ဆိုရင်လဲ မှန်တယ် ။ တယောက်က ကားလေလံ ဆွဲတယ် ။ တယောက်က ကားဘော်ဒီ နဲ့ ဝပ်ရှော့ လုပ်တယ် ။ မြေနီကုန်း ကြက်တန်း မှာလဲ ကားပစ္စည်းဆိုင် ရှိတယ်လို့ ဆိုတယ် ။

သူတို့ နဲ့ ပါလာတဲ့ လူ ကတော့ သူတို့ လုပ်ငန်း ကို အများကြီး ကူညီနိုင်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲ ။ ကားဝပ်ရှော့ ပိုင်တဲ့ လူ က မောင်မောင်စန်း တဲ့ ။ ပိန်ပိန် ညိုညို ရယ် ။ မျက်နှာက လေးထောင့် စပ်စပ် ။

ဘော်စာသာ ဆိုတယ် ။ ဘော်စာရုပ် မပေါက်ဘူး ။ အလကားနေယင်း ပြုံးနေလို့သာ တော်တော့တယ် ။ မျက်နှာများ တည်ထားယင် လွှတ်အကျည်းတန်မဲ့ မျက်နှာပဲ ။ သူ က ငါ့ ဘေးနားမှာ ကပ်ထိုင်တယ် ။

အဲ ... ရေမွှေးနံ့ကတော့ တထောင်းထောင်း ထနေတယ် ။ ပြီး အရက်နံ့ ကလဲ တခါတခါ ငါ့ နှာခေါင်းထဲ ရောက်လာတတ်ပါရဲ့ ။

ငါ့ ရဲ့ ဘေးတဖက်မှာတော့ ကားပစ္စည်းဆိုင် ပိုင်ရှင် ဆိုတဲ့ လူ ထိုင်တယ် ။

အဲသည်လူ ကတော့ တရုတ် နဲ့ တူတယ် ။ ဝဝဖိုင့်ဖိုင့် ဗိုက်ရွှဲရွှဲ ။ ဆံပင်နောက်မြင့် နဲ့ ။ သူ ကတော့ ဘော်စာရုပ် ပေါက်တယ် ။ နာမည်က ကိုကျော်ဝင်း တဲ့ ။

အဲ ... ရှေ့ခန်းမှာ ဝင်းပပ ရဲ့ ဘေးက လိုက်လာတဲ့ ပုဂ္ဂိုလ်ကြီး ကတော့ ခန့်လဲ ခန့်တယ် ။ တည်လဲ တည်တယ် ။ အသားညိုညို ၊ မျက်နှာ ဝိုင်းဝိုင်းပဲ ။ မျက်ခုံးမျက်လုံး ကောင်းတယ် ။ ကျက်သရေ ရှိတယ် ။

ပြီးတော့ ပုတီးသမား ။ ကားပေါ် ရောက်ကတည်းက ပုတီးစိပ်လာတယ် ။ နှုတ်ခမ်း လှုပ်လာတယ် ။

ငါ ကလဲ မျက်စိနဲ့ နားကိုတော့ အအား မထားတတ်ဘူး ။ ငါ့ အကျင့်ပဲ ... စူးစမ်းတယ် ။ စီးပွားရေးသမားများ ကြောက်ဖို့ သိပ်ကောင်းတယ် ။ ငါတို့ က ငါး စာ ။ ငါတို့ နှစ်ယောက်နဲ့ ရှေ့က လူကြီး ကို  မျှားတယ် ။ ဖျက်ဆီးမယ် ။

ပြီးတော့ သူတို့ လိုဘ ကို ဖြည့်စွမ်းခိုင်းမယ် ။

စင်စစ်တော့ သည် စီးပွားရေးသမားတွေ က အခွင့်အရေး သမားတွေပဲ ။ တချက်ခုတ် နှစ်ချက်ပြတ် စီစဉ်တယ် ။

မော်လမြိုင် က လေလံတင်မယ့် ကားတွေကို ကြည့်မယ် ။ အလုပ် ဖြစ်မယ်ထင်ရင် လေလံဆွဲမယ် ။

တယောက် ဘော်ဒီထုမယ် ။ ပြင်မယ် ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ပါလာတဲ့ ပုဂ္ဂိုလ်ကြီးကို ဆက်လက် ဆောင်ရွက်ပေးခိုင်းမယ် ။

ပုဂ္ဂိုလ်ကြီး ကတော့ စီးပွားရေးသမား နှစ်ယောက်ရဲ့ အကြံအစည် ကို သိပုံ မရဘူး ။ အပန်းဖြေခရီး ဆိုပြီး ပုဂ္ဂိုလ်ကြီး ကို ခေါ်လာတဲ့ ပုံပဲ ။

ဒါပေမယ့် အစီအစဉ်ကိုတော့ ဝင်းပပ က ငါ့ ကို ဖွင့်ပြော ပြီးပြီ ။

ဘာလို့လဲ မသိဘူး ။ အဲ့သည် သူတော်စင်ကြီး ဈာန်လျော ပျက်စီးသွားရမှာကိုတော့ ငါ စိုးရိမ်မိတယ် ။ သူတော်ကောင်းကြီး လူပေါင်းမှားပြီကော ... လို့လဲ အောက်မေ့လိုက်မိတယ် ။

ကိုကျော်ဝင်း ကလဲ ခပ်အေးအေးပဲ ။ သူ့ အာရုံက ဝင်းပပ ထံမှာ မရှိဘူး ။ ကားပြတင်းကနေ အပြင်ကို လှမ်းကြည့်နေတယ် ။ သူ့ အတွေးနဲ့ သူ ။

ငါ့ ဘေးကပ်ထိုင်နေတဲ့ မောင်မောင်စန်း ကတော့ ကြာ ရုပ် ။ မျက်နှာရူး ။ ကား စထွက်ကတည်းက ငါ့ ကို မှီပြီး ထိုင်တယ် ။

အေးလေ ... ငါ ကလဲ အလုပ်တာဝန် တခုနဲ့ လိုက်ခဲ့တာပဲ ။ ပြီးတော့ သည် ခရီးလမ်းမျိုးမှာ သည်လို လူတွေနဲ့ ကြုံခဲ့ဖူးပေါင်းလဲ များပြီ ။ မျက်စိ စပါးမွေး စူးပေမယ့် အပြုံးနဲ့ပဲ နေလိုက်တယ် ။

ကမ်းကြီးဆိပ် ကို ရောက်တော့ မိုးချုပ်ပြီ ။ တဘက်ကမ်းကို ကူးလို့ မရတော့ဘူး ။ တံခါး ပိတ်သွားပြီ ။ ကမ်းကြီးဆိပ်မှာပဲ ညအိပ်ကြရတယ် ။

ညစာ အတွက်ကတော့ အစုံ ပါလာတယ် ။ အင်းလျားကန် ဟိုတယ် က လုံလုံလောက်လောက် ဝယ်လာတယ် ။ စားကြ သောက်ကြတယ် ။

အဲသည်ညအထိတော့ လူကြီး က မပျက်စီးသေးဘူး ။ သူ့ သမာဓိနဲ့ သူ ။ ကားပေါ်မှာပဲ ပုတီးစိပ် နေတယ် ။ ဘယ်သူမှလဲပဲ သူ့ ကို အနှောက်အယှက် မပေးဝံ့ကြဘူး ။

မောင်မောင်စန်း နဲ့ ငါ နဲ့ က တတွဲ ။ ဝင်းပပ နဲ့ ကိုကျော်ဝင်း က တတွဲ ။ ကားပေါ်က ဆင်းပြီး တနေရာရာမှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်နေကြတယ် ။

မောင်မောင်စန်း လောက် ချွဲချွဲပျစ်ပျစ် ပြောတတ်တာ မောင်မောင်စန်း ပဲ ရှိတယ် ။ ငါ့ သက်တမ်း တလျှောက်မှာ သည်လို ယောက်ျားမျိုး မကြုံဖူးသေးဘူး ။ သူ ဘယ်ရွေ့ ဘယ်မျှ ချမ်းသာတယ် ဆိုတဲ့ အကြောင်း ... ။

ငါ့ ကို ဘယ်ရွေ့ဘယ်မျှ တင့်တောင့်တင့်တယ် ထားမယ် ဆိုတဲ့ အကြောင်း .... ။

ဟုတ်တာလဲ မဟုတ်ပဲနဲ့ နားကို ငြီးနေရော .... ။

ငါ က ငါ့ မှာ လင် ရှိတယ် ... စီးပွားရေး မပြေလည်လို့ တခေါက်တခါ လိုက်လာတာ နောင်လဲ သည် အလုပ်မျိုး လုပ်မယ် စိတ်မကူးဘူး လို့ပဲ ပြတ်ပြတ်ပြောလိုက်တယ် ။

အဲဒါလဲ ဇွဲ မလျော့ဘူး ။

စီးပွားရေး မပြေလည်အောင် မဖန်တီးနိုင်တဲ့ ယောက်ျား ကို ဘာလို့ ဆက်ပေါင်းနေမှာလဲ ကြော့ ရယ် ... ကိုစန်း ကို ပဲ လက်ထက်ထားပါတော့လား ... တဲ့ ။

ရယ်ဖို့လဲ ကောင်းတယ်... ။ ပြောသမျှ ရွှန်းရွှန်းကို ဝေလို့ ... ။

အမှန်တော့ သူ့ မိန်းမ ကို သူ အလွန် ကြောက်ရတဲ့ လူ ။

နောက်တော့ သည် အကြောင်းတွေ ပေါ်လာတော့တာပေါ့ .... ။

ငါ ကလဲ ပြတ်ပြတ်ပဲ ပြောတယ် ။ ငါ ယူထားတဲ့ လင် ကို ငါ ချစ်လို့ ယူထားတာ ... ။ သူ့ ပစ်ပြီး ဘယ်လောက် ချမ်းသာတဲ့ လူ ကိုပဲ ဖြစ်ဖြစ် ယူဖို့ ဆိုတာ စိတ်ကူးထဲတောင် ထည့် မစဉ်းစားဘူးလို့ ။

ပစ်ပစ်ခါခါ ပြောလဲပဲ ။ သည်လူ က စိတ်ဓါတ် မကျဘူး ။ ကြာတော့လဲ ငါ ဒေါသ ထွက်လာတယ် ။

တမျိုးပဲလေ ... အလုပ်ကဏ္ဍ အပြင် ငါ့ လင်သားအကြောင်း မကောင်း ပြောတာ ငါ မကြိုက်ဘူး ။

လင် ရှိပါတယ် လို့ ငါ တို့လို မိန်းကလေးမျိုး က ပြောခဲပါတယ် ။ လင် နဲ့ ကွဲနေတယ် ဘာညာနဲ့သာ လိမ်ပြောရိုး ရှိတယ် ။

ဒါပေမယ့် မောင်မောင်စန်း ကိုတော့ တမင်ကို မြင်ပြင်းကတ်လို့ ငါ အရွဲ့တိုက် ပြောလိုက်တာပဲ ။

ပြီးတော့ အဲသည်ည က ငါ တော်တော် စိတ်ဆင်းရဲရတယ် ။ ဘာလို့လဲ ဆိုတော့ လောလော လောလော နဲ့ ထွက်လာတာ စားလက်စ တားဆေးကတ်ကလေး အိမ်မှာ မေ့ကျန်ခဲ့တယ် ။ မတော်တဆ ကိုယ်ဝန် ရှိလာမှာလဲ ကြောက်ရတယ် ။

တခါ ပြဿနာ ပေါ်ခဲ့ဖူးတော့ ငါ့ အတွက် ကြီးမားတဲ့ သင်ခန်းစာပဲ ... ။

သည်လောကထဲမှာ ကျင်လည် ကျက်စားနေသမျှတော့ ကလေး ယူဖို့ မစဉ်းစားထိုက်ဘူး မဟုတ်လား ။ စာရင်း ရှုပ်ကုန်မယ် ။

ဝင်းပပ ကို မေးကြည့်တော့လဲ သူ့ မှာ ပါ မလာဘူးတဲ့ ။ သူ က စားဆေး မစားဘူးတဲ့ ထိုးဆေးပဲ ထိုးတယ်တဲ့ ။ အဲသည်တော့ ခက်ရော ။

မောင်မောင်စန်း ကို ငါ အကျိုးအကြောင်း ပြောပြတယ် ။ သည် တညတော့ ငါ့ ကို အေးအေးနေခွင့်ပေးထားဖို့ ။ ငါ တောင်းပန်တယ် ။ အမျိုးမျိုး အကြောင်းပြပြီး တောင်းပန်တယ် ။

နောက်ညတွေ ရှိသေးတာပဲ ပြောတာကို မရဘူး ။ တောင်းပန်တာကို မရဘူး ။ သူ့ လက်ခုပ်ထဲက ရေ ဖြစ်သွားတယ် ။

ငါ တော်တော် စိတ်ဆိုးတယ် ။ မောင်မောင်စန်း ရဲ့ မျက်နှာကို မကြည့်ချင်တော့လောက်အောင် ရွံရှာ စက်ဆုပ်သွားတယ် ။

သာမာန် ကြည့်ယင်တော့ မဆန်းဘူးလို့ ထင်ရတယ် ။ ဒါပေမယ့် အရေးကြီးပြီလား .... ကိုယ်ဝန် ရှိမှာကိုတော့ ငါ လဲ သိပ်ကြောက်တယ် ။

တလမ်းလုံး ငါ့ စိတ်က မကြည်လင်တော့ဘူး ။ အဲဒါလဲပဲ အလိုက် မသိဘူး ။ ငါ့ နားနား ကပ်ပြီး ပလီပလာစကားတွေ ပြောသေးတယ် ။ ငါ အရေးမစိုက်မှန်း မသိတော့မှ ငြိမ်သွားတယ် ။ သီချင်းတွေပဲ ဆိုလာတယ် ။

ပါးစပ် ကသာ သီချင်း ဆိုတာနော် လက် က အငြိမ် မနေဘူး ။

သည်တော့ ငါ ဝင်းပပ ကို ပြောရတယ် ။ နေရာချင်း လဲ ရအောင်လို့ ။ မိန်းမသား နှစ်ယောက် ကို အလယ်မှာ ထားပြီး ယောက်ျား နှစ်ယောက် က ညှပ်ထိုင် ထားတာကိုး ။

ဒါပေမယ့် ဝင်းပပ က ငါ့ ကို မျက်စိမှိတ် ပြတယ် ။ သဘောကတော့ သူ့ ဆန်စားယင် ရဲရပေမှာပေါ့ ... ဆိုတဲ့ သဘောမျိုး ။ သထုံ က ထွက်တယ် ဆိုယင်ပဲ မောင်မောင်စန်း တို့ရဲ့ အကြံအစည် က ရုပ်လုံးပေါ်လာတယ် ။

ဝင်းပပ ကို ပညာ ပြခိုင်းတယ် ။ မျက်စိ မှိတ် ပြတယ် ။ မေးဆတ် ပြတယ် ။ ကဲ ... ချွတ်စမ်းတဲ့ ။

ဝင်းပပ ကတော့ သည်ပညာ မှာ တဘက်ကမ်းခတ် ကျွမ်းကျင်တယ် ။ အသံ ကလဲ ကောင်းတယ် ။ အပြော ကလဲ ပိုင်တယ် ။ ပုဂ္ဂိုလ်ကြီး နဲ့ တရားအကြောင်း မေးမြန်း ဆွေးနွေးတယ် ။ ပုဂ္ဂိုလ်ကြီး ကလဲ ဖြေတယ် ။ သည်လိုနဲ့ ရင်းနှီးစ ပြုလာတယ် ။

အင်း ... သည် ပုဂ္ဂိုလ်ကြီး တော့ မကြာခင် ကျွတ်တန်း ဝင်တော့မှာပါကလား လို့ ငါ အောက်မေ့လိုက်မိတယ် ။

တခါတခါလဲ ပုဂ္ဂိုလ်ကြီး ပြုံးနေတာကို မှန်ထဲက ငါ လှမ်းမြင်ရတယ် ။ တခါတခါတော့ ပုဂ္ဂိုလ်ကြီး ရဲ့ ရယ်သံသဲ့သဲ့ ကို ကြားရတယ် ။

အမေ ပြောဖူးတဲ့ စကားတခွန်း ကို ငါ သွား အမှတ်ရမိတယ် ။ ဘယ်လောက် ညံ့တဲ့ ထောပတ် ပဲ ဖြစ်ဖြစ် မီး နား ကပ်ယင် ပျော်တာပဲတဲ့ ။

လမ်းမှာလဲ တချို့ နေရာတွေမှာ နားတယ် ။ နားနားမောင်းတယ် ဆိုတော့ ၊ မုတ္တမ ကို နေဝင်မှပဲ ရောက်ကြတယ် ။

ရောက်ကြလို့ ကားပေါ် က အဆင်းမှာ အမှတ်မထင် တွေ့လိုက်ရတာ ကတော့ အောင်သိန်း ပဲ ။

အံ့ဩသွားတယ် ။ သားရေဦးထုပ် အပျော့ကို ရှေ့ငိုက်ငိုက် ဆောင်းထားတယ် ။ ဂျင်းဘောင်းဘီ အပြာ နဲ့ ။

ရထား နဲ့ လိုက်လာတာပဲ ဖြစ်လိမ့်မယ် ။ ငါ တို့က လမ်းမှာ နားလိုက်တော့ သူ လိုက်လာလို့ မီတယ် ။ ကားပေါ်က ဆင်းမိတာနဲ့ ငါ သူ့ အနား သွားလိုက်တယ် ။

ထုံးစံအတိုင်းပဲ မျက်နှာ က ဘာမှ မထူးဆန်းတဲ့ မျက်နှာထားမျိုး ။ လေသံကလဲပဲ မထန်ဘူး ။ ချိုချိုသာသာကလေး ပြောတယ် ။

' မမ ... မောင် နဲ့ ပြန်ပြီး လိုက်ခဲ့ပါ '  တဲ့ ။

သူ က လေအေးလေး နဲ့ ပြောတော့ ငါ ကလဲ လေအေးလေး နဲ့ ပဲ ပြန်ပြောတယ် ။

' ဘယ်ဖြစ်မှာလဲ မောင် ... စရံ ငါးရာ လဲ ယူထားပြီးပြီ ။ ပြီးတော့ နောက်ထပ်လဲ ငါးရာ မရသေးဘူး .... မမ မလိုက်ချင်ပါဘူး ။ သည်လူတွေနဲ့ မျက်နှာကြောကို မတည့်ဘူး ။ ဒါပေမယ့် ခုနေ လှည့်ပြန်လို့ ဘယ်ဖြစ်ပါ့မလဲ မောင် အိမ်ပြန်ပြီး စိတ်အေးအေးနဲ့သာ စောင့်နေပါနော် ' လို့ ။

နောက်ထပ် ငါးရာ မရချင်လဲ နေပေ့စေတော့ တဲ့ ။ ပြန်လိုက်ခဲ့ရမယ် တဲ့ ။ လေသံက မထန်ပေမယ့် အမိန့်ပေးတဲ့ သဘောမျိုး ဆောင်လာတယ် ။

ကဲ ... သည်လောက်တောင် ဖြစ်လှတာ ပြန်လိုက်ခဲ့မယ် ... ။

မောင် ယူထားတဲ့ စရန်ငွေ ငါးရာ ပြန်ပေးလိုက် လို့ ငါ ပြောလိုက်တယ် ။

သည်တော့လဲ ဘာလို့ ပေးရမှာလဲတဲ့ ။ လူမိုက်စကား ပြောတယ် ။

အောင်သိန်း ရဲ့ သဘောကို ငါ သိတယ် ။ လှည့်ပြန်ယင်လဲ သူတို့ ဘာမှ လုပ်ရဲစရာ မရှိဘူး ဆိုတဲ့သဘော ။

သည်လို မဟုတ်ဘူးလေ ။ အလုပ်စည်းကမ်း ဆိုတာ ရှိတယ် ။ မဟုတ်တဲ့ အလုပ်ကို လုပ်ရာမှာလဲ ကတိသစ္စာ ဆိုတာ ရှိရတယ် ။

ကဲ ... မောင့် လိုသာ ညစ်ကြစတမ်း ဆိုယင် ... ခရီးဆုံးပြီးတဲ့အခါ နောက်ထပ် ပေးရမယ့် ကျန်ငွေ ငါးရာကို မပေးတော့ပဲ နေရင် ဘယ့်နှယ့် လုပ်မလဲ ... ။

တရားစွဲလို့ ရမလား ... ။ လိမ်လည်မှုနဲ့ကော အမှုဖွင့်လို့  ဖြစ်မလား ။ ကဲ ပြောလေ ... ။

အဲသည်တော့ လိုက်ခဲ့မိမှတော့ မထူးဘူး ။ ကိုယ့် တာဝန် ကိုယ် ကျေပွန်ဖို့ပဲ လိုတယ် ။ ကိုယ့် တာဝန်ကျေမှ သူ့ တာဝန် ကျေမယ် ။

မမ ပြန် မလိုက်နိုင်ယင်လဲ သွားတော့မယ် တဲ့ ။

ဘယ်ကို ပြန်မှာလည်း အိမ် ကို လား ဆိုတော့ မဟုတ်ဘူး ခြေဦးတည့်ရာ တဲ့ ။

မတားတော့ဘူး ... သဘောပဲ

သွားချင်လဲယင်လဲ သွား ... သဘော ။

ပြန်လာချင်ယင်လဲ လာ ... သဘော ။

ပြန်လာချင်မှလဲ လာ ... သဘော ။

ငါ  ပြန်လျှောက်လာခဲ့တယ် ။ ပြီးတော့ မော်လမြိုင် ဘက်ကမ်း ကို ကူးခဲ့ကြတယ် ။

ကုတို့ ပေါ်ကနေ ငါ လှမ်းကြည့်လိုက်တယ် ။ ကျောခိုင်းထားတဲ့ အောင်သိန်း ကို မြင်ရတယ် ။

သူ ကတော့ ဘယ်ရောက်မယ် မသိဘူး ။ ငါ ကတော့ မော်လမြိုင် ကနေ ၊ စက်စဲ ၊ ကျိုက္ခမီ ဘက်ကို ခရီး ဆက်ရလိမ့်မယ် ။

သင်္ကြန်မိုးပြေးကလေး ရွာချလိုက်တယ် ။ မှုန်ဝါးဝါး မြင်နေရတဲ့ အောင်သိန်း ရဲ့ နောက်ကျော ကို မမြင်ရတော့ဘူး ။

မော်လမြိုင် မှာ တညအိပ်တယ် ။

ကိုကျော်ဝင်း ရဲ့ အသိတယောက် အိမ်မှာ သွားတည်းတယ် ။ အသိဆိုတော့ ကိုကျော်ဝင်း မိသားစု ကိုလဲ သိကြတယ် ။

သည်တော့ ပုဂ္ဂိုလ်ကြီး နဲ့ ဝင်းပပ က လင်မယား တစ်စုံတွဲ ဖြစ်ကရော ။ ငါ နဲ့ မောင်မောင်စန်း က လင်မယား တစ်စုံတွဲ ဖြစ်ကရော ။

အဲသည် ညကလဲ ငါ စိတ်ဆင်းရဲ လိုက်တာ အလွန်ပဲ ။ ခေါင်းထဲမှာတော့ ပြဿနာတွေက အများကြီးရယ် ။

စိတ်ကလဲ မကြည်ဘူး ။

အောင်သိန်း အကြောင်း ရောက်လိုရောက် ။ ငါ့ ရှေ့ရေးအကြောင်း စဉ်းစားလို စဉ်းစားနဲ့ ။ ဦးဏှောက်ခြောက်နေတယ် ။

အဲ ... ဆေးဝယ်ဖို့ စိတ်ကူးထားတာလဲ မေ့နေတယ် ။ သတိရတော့ အချိန်နှောင်းပြီ ။

ပြီးတော့ နောက်ဆုံး လာသွားတာ ဆယ့်နှစ်ရက် ရှိပြီ ။ ကြားဘူးနားဝ ရှိသလောက်တော့ သည်ကာလဟာ စိတ် အပူရဆုံး ကာလပဲ တဲ့ ။

ဝင်းပပ ပဲ ကောင်းတယ် ။ ထိုးဆေး ပဲ ထိုးတယ် ။ ဆေးထိုးထားယင် သုံးလတော့ စိတ်ချရတယ် ။ ဆေးစားဖို့ မေ့မှာလဲ မပူရတော့ဘူး ။

နောက်နေ့ မိုးလင်းတော့ ပုဂ္ဂိုလ်ကြီး ကို ငါ အကဲခတ်ကြည့်တယ် ။

ဝင်းပပ ပဲ ။ ဘာသား နဲ့ ထုထားတာမို့လို့ သည်ကျော့ကွင်း က အလွတ်ရုန်းထွက်နိုင်မှာလဲ ။

ပုဂ္ဂိုလ်ကြီး ရဲ့ မျက်လုံးတွေ က ဝင်းပပ ရဲ့ ကိုယ်ပေါ်ကနေ မခွာတော့ပါကလား ။

နောက်နေ့ သင်္ကြန်အကြတ်နေ့ပဲ ။ ကျိုက္ခမီ ကို သွားကြတယ် ။ ထုံးစံအတိုင်းပဲ ။ ပုဂ္ဂိုလ်ကြီး နဲ့ ဝင်းပပ က တတွဲ ။

ပုဂ္ဂိုလ်ကြီး လဲ အတော်တော့ ကဲနေပြီ ။ ဝင်းပပ အနားက ကို မခွာတော့ဘူး ။ ဝင်းပပ ကလဲ တော်ပါ့ ရှင် ။

ခက်တာက မောင်မောင်စန်း ကလဲ ငါ့ အနားကကို မခွာတော့ဘူး ။ သူ ကလဲ တကယ့်ကို သည်းတဲ့ လူ ။ မတွေ့ဖူးသေးဘူး ။ ပြောလိုက်တဲ့ စကားတွေကလဲ ကရားရေလွှတ် တတွတ်တွတ်ပဲ ။

ငါ့ အကြောင်းတွေကို ဝင်းပပ ပြောပြလို့ သူ သိပြီးပြီ တဲ့ ။ အောင်သိန်း က ငါ့ ကို ခိုင်းစားနေတာတဲ့ ။ ဘာဖြစ်လို့ ပေါင်းနေမှာလဲတဲ့ ကွာပစ်လိုက်ပြီး သူ့ ကို ပေါင်းပါတဲ့ ။

သူ့ မှာ မယားကြီး ရှိတယ် ။ ကြည့်မြင်တိုင် မှာ နေတယ် ။

ဒါပေမယ့် ချစ်လို့ ယူခဲ့ရတာ မဟုတ်ဘူး တဲ့ ။ နှစ်ဘက် မိဘတွေ က သဘောတူပြီး ပေးစားကြတာတဲ့ ။

အို ပြောလိုက်တာမှ စုံလို့ ။

မက်လုံးတွေ မသိမသာပေးပြီး စည်းရုံးလိုက်တာလဲ မပြောနဲ့တော့ ။

ကားဘော်ဒီ တလုံး ထုယင် သုံးလေးထောင် ကျန်သတဲ့ ။ သုံးပုံ ပုံပြီး တပုံ က သူ့ မယားကြီး ဖို့ ဖယ်ထားမယ် ဆိုလား ။ နောက် တပုံ ကတော့ ငါ့ အတွက် စုမယ်တဲ့ ။ ကျန် တပုံကတော့ ကလေးတွေ အတွက် တဲ့ ။

ငါ ဆိုတဲ့ ကောင်မ ကလဲ တမျိုး ။ ငွေ မက်တဲ့ အစားထဲက မဟုတ်ဘူး ။

အရေးကြီးတာက သူ့ မေတ္တာ ကိုယ့် မေတ္တာ ။ အသွားအပြန် ရှိမှလဲ ဖြစ်မယ် ။

သူ့ အပေါ်မှာ ငါ ဘယ်လိုမှ စိတ်မညွှတ်မိဘူး ။ သည်တော့ သူ့ စကားတွေက နားခါးစရာတွေချည့် ဖြစ်ကုန်ရော ။

သူ က ... မန္တလေး က ဦးသိန်းလွင် ထက်များ ချမ်းသာသေးသတဲ့ လား ။

ငွေ ကိုသာ အကြောင်းပြုလို့ ပေါင်းရမယ်ဆိုယင် အထက်မြန်မာပြည် မှာ ငါ့ ကို ကြိုက်ကြလို့ လက်ထပ်ပါရစေ ဆိုတဲ့ ယောက်ျား တွေ အများကြီး ရှိတယ် ။ ရိုက်သတ်လို့တောင် မကုန်ဘူး ။

မန္တလေး က ဦးသိန်းလွင် ၊ မိုးညှင်း က ဦးသိန်းအောင် ၊ မိုးကုတ် က ဦးဗိုလ်ဗိုလ် တို့ ဆိုယင် ငါ လက်ဖြောက်တီးပြီး ခေါ်လိုက်တာနဲ့ တပြိုင်နက် ခေါင်း နဲ့ ပြေးပြီး လာကြမယ် ။

ပြီး ... သူတို့လဲ မလွတ်မလပ် မဟုတ်ဘူး ။ ဦးသိန်းအောင် က မုဆိုးဖို ၊ ဦးဗိုလ်ဗိုလ် က တခုလပ် ။

အဲသည် ဘော်စာကြီးတွေတောင်မှ ငါ ခေါင်းခါပစ်ခဲ့သေးတာပဲ ။ ငါ့ ကိုယ်ခန္ဓာ ကို အချိန်အကန့်အသတ် ကလေးတခု အတွင်းမှာတော့ ပိုင်ဆိုင်ချင်ယင် ပိုင်နိုင်မယ် ။

ဒါပေမယ့် ငါ့မေတ္တာနဲ့ ငါ့စိတ်ဆန္ဒကိုတော့ ဘယ်နည်းနဲ့မှ မပိုင်နိုင်ဘူး ။

အမှန် ပြောရယင် ၊ ကိုအောင်သိုက် ကို ငါ ချစ်တယ် ။ ကိုသန့်စင်ငြိမ်း ကိုလည်း သံယောဇဉ် နည်းနည်းတော့ ရှိတယ် ။ ချစ်တယ် လို့တော့ မပြောနိုင်ဘူး ။

အေး ... ကိုအောင်သိုက် ကို ကတော့ စွဲစွဲလမ်းလမ်း ဆိုပါတော့ ။ ကွာတယ်လေ ။

ရုပ်ကလဲ ချောတယ် ။ အရွယ်ကလဲ အရွယ်ကောင်း ။ ငါ့ ထက် နှစ်နှစ် ပဲ ကြီးမယ် ။

ငါ့ သဘောကိုလည်း နားလည်တယ် ။ ငါ့ ဘဝအကြောင်းကိုလဲ နားလည်တယ် ။

သူ နဲ့ သာ သည်နေရာမျိုးကို လာရယင် ဘယ်လောက် ပျော်စရာကောင်းမလဲ ။

အကြတ်နေ့ နေ့ခင်းမှာ စက်စဲ က ပြန်လာခဲ့ကြတယ် ။ ကိုကျော်ဝင်း ရဲ့ အသိ အိမ်မှာပဲ တည အိပ်တယ် ။

အတက်နေ့ ရောက်တော့ ပုဂ္ဂိုလ်ကြီး က ပြန်ချင်ပြီ ပြောတယ် ။ သည်တော့ လေလံဆွဲမယ့် ကား ကို သူတို့ သွားကြည့်ကြတယ် ။

ပုဂ္ဂိုလ်ကြီး ကတော့ လိုက် မသွားဘူး ။ ပုဂ္ဂိုလ်ကြီး ရယ် ဝင်းပပ ရယ် ၊ ငါ ရယ် ဈေးဝယ်သွားကြတယ် ။

ဝင်းပပ က ငွေငါးရာ ငါ့ ကို ထပ်ပေးတယ် ။ ဈေးထဲ ရောက်ကြတော့ ဝယ်ချင်စရာတွေကလဲ အစုံပဲ ။

အဖေ့ အတွက် တိုက်ပုံ အင်္ကျီစ ၊ အမေ့ အတွက် ပါတိတ် ၊ ညီမ ဆု အတွက် ဖော့ရှံစ ၊ ကလေးတွေ အတွက် အင်္ကျီကလေးတွေ ဝယ်လိုက်တယ် ။ ငွေသုံးရာကျော် ချောသွားတယ် ။

ငွေ ကလဲ ဘာမှ အသုံး မခံဘူး ။ ငါ့ အတွက်ကတော့ ဘာဆို ဘာတခုမှ မဝယ်ဖြစ်ဘူး ။

နေ့ခင်းလောက်မှ မောင်မောင်စန်း တို့ ၊ ကိုကျော်ဝင်း တို့ နှစ်ယောက် တည်းခိုအိမ် ကို ပြန်ရောက်လာကြတယ် ။

မောင်မောင်စန်း ငါ့ အတွက် နာရီတလုံး ဝယ်လာပြီး လက်ဆောင်ပေးတယ် ။ ' ယိုကို ' ဆို ထင်ပါရဲ့ ။ နာမည်က မကြားဖူးပါဘူး ။ အပေါစားကြီးပါ ။

အဲ ... မော်လမြိုင် တဘက်ကမ်းကို ကူးခဲ့ကြတယ် ။ နာရီပြန် နှစ်ချက် ရှိပြီ ။ ကား ကို အမြန်မောင်းခဲ့တယ် ။

ဒါပေမယ့် စစ်တောင်းတံတား ရောက်တော့ မှောင်နေပြီ ။ သိမ်ဇရပ် မှာ တည အိပ်ကြရပြန်တယ် ။

နောက်နေ့ က အတက် နေ့ ။

မနက်စောစောပဲ ခရီးဆက်ခဲ့ကြတယ် ။ လမ်းမှာလဲ အလာတုန်းက လိုပဲ အလာတုန်းက လိုပဲ ။ မောင်မောင်စန်း နဲ့ တလမ်းလုံး ပြဿနာ တက်တယ် ။

ဘယ့်နှယ်လူမှန်း မသိဘူး ။ လူ ကို သူ ကစားဖို့ ဝယ်ထားတဲ့ အရုပ် ကလေးများ အောက်မေ့နေသလား မသိဘူး ။

ပြီး ငါ့ လက်က နာရီဟောင်း ကိုလဲ လွှင့် အပစ်ခိုင်းတယ် ။ သူ ဝယ်ပေးတာကိုပဲ ပတ်ရမယ်တဲ့ ။

ဟုတ်တယ် ။ သူ ဝယ်ပေးတာက အဖိုးတန်လွန်းလို့ ။ ပြောတော့ မိုးလား ကဲလား ။ သူ့ နာရီ အပေါစား ကို ဘာလုပ်ရအောင်လဲ ။ သုံးနာရီ လုပ်ခ နဲ့ နာရီအကောင်းစား ကို ငါ ဝယ်ပတ်နိုင်တယ် ။ သူ့ နာရီ ကို ပြန်ပေးပစ်လိုက်တယ် ။

အဲ့ ... ရန်ကုန် လိပ်စာ လဲ မေးသေးတယ် ။ သူ လာလည်ပါရစေတဲ့ ။

တော်ပါရှင် ... ကန်တော့ဆွမ်းပါလို့ မာမာပဲ ပြောလိုက်ရတယ် ။ တသက်နဲ့တကိုယ် နောက်နောင် ရှင် နဲ့ မတွေ့ပါရစေနဲ့ လို့လဲ ပြတ်ပြတ်ပြောလိုက်တယ် ။

ငါ သိတယ် ။ သည် ခရီးမှာ ငါ ရှုံးတယ် ။ ငါ့ လင် နဲ့ ကွဲ တယ် ။

ငါ သိတယ် ။ သည် ခရီးမှာ ဟို ပုဂ္ဂိုလ်ကြီး လဲပဲ ရှုံးတယ် ။ ဝင်းပပ နဲ့ ဇာတ်လမ်းတွေ ရှုပ်ဦးမှာ မြင်ယောင်တယ် ။

ငါ သိတယ် ။ သည် ခရီးမှာ မောင်မောင်စန်း နဲ့ ကျော်ဝင်း ကတော့ အမြတ်ကြီး မြတ်တယ် ။

ရင်းရတာက အာဏာကုန် သုံးထောင် ပေါ့ ။ အကျိုး ရှိမှာက သောင်း နဲ့ ချီ ရှိမယ် ။ မြေကြီး လက်ခတ် မလွဲဘူး ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment