Thursday, November 25, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၉ + ၃၀


 အခန်း ( ၂၉ )

မန်း ၊ ဆေးတက္ကသိုလ် အနောက်ဘက် က ဒေါ်ရင်မြင့် ဆိုတဲ့ မိန်းမကြီးတစ်ယောက် ရဲ့ တိုက် ကို ရောက်သွားတယ် ။




စင်စစ်တော့ ဒိုးကလေး က သည် ဒေါ်ရင်မြင့် ဆိုတာနဲ့ ဆက်သွယ်ခဲ့ဖူးတာလဲ မဟုတ်ဘူး ။ အကျိုးအကြောင်း အဆိုးအကောင်း ဘာတစ်ခုမှ သိတာလဲ မဟုတ်ဘူး ။ ဧည့်သည်တစ်ယောက် က မန္တလေး ရောက်တဲ့အခါ ဒေါ်ရင်မြင့် နဲ့

 ဆက်သွယ်ပြီး အလုပ် လုပ်ဖို့ မိတ်ဆက်စာ ရေးပေးခဲ့တယ်လို့ ပြောတယ် ။




ဒေါ်ရင်မြင့် က အသက် ငါးဆယ် ဝန်းကျင်တော့ ရှိပြီ ။ ဆံထုံးတော်ကြီး တမာသီး နဲ့ ဆိုသလို ၊ ဆံပင်ကျွတ် လို့ တခေါင်းလုံး ပြောင်လု ပြောင်ခင် ဖြစ်နေပြီ ။




ပြီး မျက်ပေါက်က ကျဉ်းကျဉ်း ။ နှုတ်ခမ်းက ပါးပါး ။ ပါးစပ်က ကျယ်ကျယ် ။ သွားတွေကလဲ တချောင်း နဲ့ တချောင်း ထပ်နေလိုက်သေးတယ် ။




ရုပ် ကို မြင်ရတာ နဲ့ ငါ အတော်ကို စိတ်ကုန်သွားတယ် ။




စာ ကို ဖတ်ပြီး ဒေါ်ရင်မြင့် က ပြုံးတယ် ။ အေး ... သမီး တို့ ကိုယ့်အိမ် လို သဘောထားပြီး နေတတ်သလို နေကြပါတဲ့ ။ အပြောကတော့ ချိုသား ။




ဒါပေမယ့် သည် မိန်းမကြီး နဲ့ နေရမှာကိုတော့ ငါ တော့ ကျော စိမ့်လာမိတယ် ။




ငါ တို့ ကို အိမ် မှာ စောင့်ခိုင်းထားပြီး မိန်းမကြီး က အပြင်ဘက် တခေါက် ထွက်သွားတယ် ။ ပြီး ဂျစ်ကား နဲ့ ပြန်လာတယ် ။ ချက်ချင်းပဲ ဧည့်သည် သုံးယောက် ပါလာတယ် ။




ဒိုးကလေး က ဧည့်သည် တစ်ယောက် ရတယ် ။ ငါ က ဧည့်သည် နှစ်ယောက် ရတယ် ။ ငါ ရတဲ့ ဧည့်သည်နှစ်ယောက် ထဲက တယောက်က ဓါတ်ဆီဆိုင် မန်နေဂျာ တဲ့ ။ သဘောလဲ ကောင်းတယ် ။ ငါ့ ကိုလဲ အတော် သဘောကျသွားတယ် ။ လိပ်စာ လဲ ပေးသွားတယ် ။ အကြောင်းရှိယင် ဆက်သွယ်နိုင်အောင် တဲ့ ။




ဧည့်သည်နှစ်ယောက် သာ ရတာ လက်ထဲ ကို ငွေတပြားတချပ် မှ ရောက် မလာဘူး ။ သူ့ ဟာက ဘယ်လို ရှင်းမှာလဲ ဆိုတာလဲ မသိရဘူး ။ သူ့ အပေး စောင့်နေပြန်တော့လဲ မသိချင်ယောင် ဆောင်နေတယ် ။




သက်တမ်းတလျှောက်လုံးမှာ ဒါမျိုးတော့ မတွေ့ဖူးသေးဘူး ။ ခေါင်းပုံဖြတ်တာတော့ ဖြတ်ကြတာပဲ ။ ဒါပေမယ့် အကျိုးအကြောင်းတော့ သိရမယ် ။ ကိုယ့် အတွက် ဘယ်နှုန်း ဆိုတာလောက်ကတော့ သိခွင့် ရှိရမယ် ။ ပြီး နေ့ချင်း

လုပ်ခ ရှင်းပေးနိုင်ရမယ် ။




ဒိုးကလေး က မနေဘူး ။ မေးတယ် ။ မာမီ ကျမတို့ကို ဘယ်နှုန်းနဲ့ ပြန်ရှင်းပေးမှာလဲ တဲ့ ။




သမီး တို့ကို ထမင်းကျွေးထားမယ် ။ နာမကျန်း ဖြစ်ယင်လဲ ဆေးကုပေးမယ် ။ လုံခြုံရေး အတွက်လဲ မာမီ တာဝန် ယူတယ် ။ တလ တခါ အဝတ်အစား ဝယ်ပေးမယ် ။ ဧည့်သည် တစ်ယောက် လာယင် ညည်းတို့ တဆယ် ယူပေါ့ ။

ဒါပေမယ့် ပြန်မှပဲ စုရှင်းပေးမယ် ... တဲ့ ။




ဒေါ်ရင်မြင့် က သူ့ လက်ထဲ ရောက်လာတဲ့ ရေ လို့ အောက်မေ့တယ် ထင်ပါရဲ့ ။ ခိုင်းစားတော့မယ် ။ မတရား ခေါင်းပုံဖြတ်တော့မယ် ။




ကျွန်မတို့ အဲ့သည်လောက် အဆင့်အတန်း မနိမ့်ပါဘူး ။ တသက်လုံး အဲသည် နှုန်းနဲ့ လုပ်ဖူးခဲ့တဲ့ ရာဇဝင် မရှိဘူးလို့ ဒိုးကလေး က အပြတ် ပြောတယ် ။




ငါ ကလဲ ဘယ် ငြိမ်နေပါတော့မလဲ ။ မေးကြည့်တယ် ။ ဧည့်သည်တယောက် ကို မာမီ ကကော ဘယ်လောက်နှုန်း နဲ့ ကောက်တာ လဲ ... လို့ ။ သူ ပြောတော့ နှစ်ဆယ် တဲ့ ။




' မာမီ က နှစ်ဆယ် ကောက်တယ် ဆိုယင် ဘယ်လို ဧည့်သည်မျိုးတွေ လာမယ် ဆိုတာကို ကျွန်မ တို့ တွေးကြည့်လို့ ရပြီ ။ ဆိုက္ကားသမား လဲပဲ လာမယ် ။ မြင်းလှည်းသမား လဲပဲ လာမယ် ။ ကျွန်မ တို့ မလုပ်နိုင်ဘူး ...' လို့ ပြောလိုက်တယ် ။




မိန်းမကြီး ဒေါကန်ရော ။ စောစောက အပြုံး နဲ့ ဖုံးထားတဲ့ မျက်နှာဖုံး လဲ ကွာကျသွားတော့တယ် ။




' ကောင်မတွေ ကြီးကျယ်လို့ ။ ရွှေကွပ်ပြီး စိန်စီထားတာ မို့လား ... ပြောစမ်း ။ ငါ့ ဘာမှတ်သလဲ ။ နင်တို့ နှစ်ယောက်လုံးကို ရဲစခန်း သွားအပ်လိုက်မယ် ... သိလား ' တဲ့ ။




ရယ်လဲ ရယ်ချင်တယ် ။ သူ့ အိမ်မှာ ဖြစ်တဲ့ ကိစ္စပဲ ။ သည်ကလဲ မနေ့တနေ့ကမှ သည်လောကထဲ ရောက်လာတဲ့ သူငယ်နှပ်စား ကလေးတွေ မှ မဟုတ်တာ ။ တို့ နာရင် အိမ်ရှင် က တို့ ထက် သုံးလေးငါးဆ ပိုနာမယ် ဆိုတာ သိထားပြီးသားပဲ ။ တိုင်ပေါ့ ။ တိုင်တလုံး သုံးမတ် ။




သည်တော့ စိန်ခေါ်လိုက်တယ် ။ ကဲ ... လာ ဘယ် ရဲစခန်း ကို သွားချင်သလဲ ၊ သွားကြရအောင် ... လို့ ။




မိန်းမကြီး လေသံ ပြောင်းသွားတယ် ။ မာမီ့  အပေါ် သမီးတို့ စေတနာကောင်း ထားပါ ။ သမီးတို့ အကျိုးမယုတ်စေရဘူး ။ ရန်ကုန် ကတောင် စာရေး မိတ်ဆက်ပေးလိုက်တယ် ဆိုတော့ ၊ မာမီ စိတ်ကောင်း မရှိပဲ စာရေး မိတ်ဆက်

ပေးပါ့မလား တဲ့ ။




မိန်းမကြီး ကလည်း ပျားရည် နဲ့ ဝမ်းချပြန်တော့လည်း တို့ ပါ ညိမ်သွားကြပြန်တာပေါ့ ။




အမှန် ပြောရယင် ငါတို့ လဲပဲ ကြောက်တာပါပဲ ။ ရဲစခန်း ရောက်ရလို့ကတော့ ဘယ်နည်းနဲ့မှ မသက်သာဘူး ။ မိန်းမကြီး နစ်နာမှာက နောက် ။ လောလောဆယ် နစ်နာမှာက ငါတို့ ။




ကဲ ... ကျွန်မ တို့ကို ရှင်းပေးမယ် ဆိုယင် ရှင်းပေး ၊ တဆယ် ကတော့ နည်းတယ် ။ တစ်ယောက် တဝက် ဆယ့်ငါးကျပ် ပဲ ထားလိုက် ... ဆိုပြီး ၊ ဒိုးကလေး က ပြောတယ် ။




ဒီတော့ မိန်းမကြီးက မငြင်းဘူး ။ ဒိုးကလေး က ဆယ့်ငါးကျပ် ၊ ငါ့ အတွက် က သုံးဆယ် ရှင်းပေးတယ် ။




အေး ... သည် အလုပ်သာ လုပ်နေတယ် ။ နေတဲ့ တိုက်ကြီးကတော့ ဟိန်းနေတာပဲ ။ တတိုက်လုံးမှာမှ လူ သုံးယောက် ပဲ ရှိတယ် ။ မာမီ့ယောက်ျားကြီး က တိုက် အပေါ်ထပ်မှာ နေတယ် ။ အောက်ထပ်ကို မဆင်းနိုင်ဘူး ။ လေဖြတ်ထားတယ် တဲ့ ။




အဝတ်လျှော် ထမင်းချက်ဆိုပြီး ကောင်မလေး တစ်ယောက် ကို ခေါ်ထားတယ် ။ အရုပ် ဆိုးဆိုးကလေး ။ ညိုပြာညက်ကလေး ။ သည် ကောင်မလေး ကို လည်း ပေးချင်သလောက် ပေးပြီး ခိုင်းစားနေပုံပဲ ။




မိန်းမကြီး အပြင်ထွက်နေတုန်း ကောင်မလေး က ပြန်ပြောပြလို့ သည်တိုက်ကြီး အကြောင်း အနည်းအကျဉ်းတော့ သိခွင့်ရလိုက်တယ် ။




ညစာ ငါတို့ သူ့ အိမ်မှာ မစားဘူး ။ မင်္ဂလာဈေးဘက် လမ်းလျှောက်ထွက်ယင်း စားမယ်ဆိုတော့လဲ မစားရဘူးတဲ့ ။ ဆိုက္ကားသမား တစ်ယောက်ကို တို့ ဆီက ပိုက်ဆံ တောင်းပြီး စားချင်တာ အဝယ်ခိုင်းလိုက်တယ် ။




ထမင်းစားပြီးလို့မှ မကြာသေးဘူး ။ ဂျစ်ကားတစင်း သူ့ ခြံထဲ ဝင်လာတယ် ။ ကားပေါ်မှာ ဧည့်သည် ခြောက်ယောက် ပါတယ် ။ သူ နဲ့ စကားပြောကြတယ် ။ အဲ ... ငါ့ ကို လိုက်သွားဖို့ မိန်းမကြီး က ပြောတယ် ။




ကားပေါ် လှမ်းကြည့်လိုက်တော့ ကားရှေ့ခန်း မှာ ထိုင်နေတဲ့ လူတစ်ယောက် က ခေါင်းတောင် မထူနိုင်တော့ဘူး ။ အားလုံး အမူးသမားတွေချည့်ပဲ ။




မိန်းမကြီး ကို ပြတ်ပြတ်ပဲ ပြောလိုက်တယ် ။ ကျွန်မ မလိုက်နိုင်ဘူးလို့ ။




ဟဲ့ ... လိုက်သွားလိုက် ၊ တရာတောင် ရမှာ ။ တော်ကြာနေ ပြန်ပို့ပေးလိမ့်မယ်တဲ့ ။




တော်တော် ခက်တဲ့ မိန်းမကြီး ပဲ ။ ငါတို့ ကို ဘယ်လို အစားထဲက အောက်မေ့နေသလဲ မပြောတတ်ဘူး ။ ငွေတရာ ကိုလဲ ဘယ်လောက်များ အောက်မေ့နေသလဲ မသိဘူး ။




ဧည့်သည်တွေကလည်း တော်တော်နဲ့ မပြန်ဘူး ။ မရမက ခေါ်နေတယ် ။ ငါ မလိုက်ဘူး ဆိုတော့ ဒိုးကလေး ဘက် လှည့်တယ် ။ ဒိုးကလေး ကလည်း ဘယ် လိုက်လိမ့်မလဲ ။




နောက်တော့ မတတ်သာတဲ့ အဆုံး ဂျစ်ကား ပြန်ထွက်သွားတယ် ။ မိန်းမကြီး နဲ့ ငါတို့ နှစ်ယောက် ဆက် စကားများကြတယ် ။




အဲသည်ညက ငါ ကတော့ တော်တော်နဲ့ အိပ်မပျော်ဘူး ။ နည်းလမ်းတွေ အများကြီး စဉ်းစားရတာ ခေါင်း ကို ချာချာလည်ကုန်ရော ... ။




ဒိုးကလေး ကတော့ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တယ် ။ သည် ကောင်မ ကတော့ အောင်သိန်း နဲ့ တထေရာတည်း ။ ဘာမှ မပူတတ်ဘူး ။




နောက်နေ့ မနက် ရောက်တော့ ငါ က ပြောတယ် ။ ဒိုး ရေ ဘယ်လို ဆက်လုပ်ကြမှာလဲလို့ ။ သူ က အသာလေး လက်ရိပ်လက်ခြည် ပြတယ် ။




အဲ ... မိန်းမကြီး လဲ ဈေးခြင်းတောင်း ဆွဲပြီး ထွက်သွားရော ။ အဲသည်တော့မှ ဒိုးကလေး ကလဲ သူ့ ပစ္စည်းတွေရော ငါ့ ပစ္စည်းတွေရော ထုတ်လာတယ် ။




လာ ... တစ်ချီတည်း လစ်ကြမယ်တဲ့ ။ သည်ကောင်မ စိတ်ကူးကတော့ မဆိုးဘူး ။ အဲသည် အနီးအနားကပဲ

ဆိုက္ကားတစီး ငှားတယ် ။ ဒါပေမယ့် ဆိုက္ကားသမား က ဘယ်သွားမှာလဲ မေးတော့ ဗောဓိကုန်း တဲ့ ။




ဗောဓိကုန်း ရောက်တော့ ဆိုက္ကား ပေါ်က ဆင်းတယ် ။ ဆိုက္ကားခ ပေးလိုက်တယ် ။




ဆိုက္ကား ထွက်သွားပြီး အတော်ကလေး ကြာတော့မှ တက္ကသိုလ် ဘက်က လာတဲ့ မြည်းလှည်းတစင်း ကို အရပ်ခိုင်းလိုက်တယ် ။




' ဟဲ့ ... ဒိုးကလေး ၊ ဘယ်သွားကြမှာလဲ ' ... လို့ ဆိုတော့ မြင်းလှည်းပေါ်ရောက်မှ အေးအေးဆေးဆေး စဉ်းစားကြတာပေါ့တဲ့ ။ အမှန်ကတော့ ဆိုက္ကားသမား ကို သက်သက် မျက်ခြည်ဖြတ်လိုက်တဲ့ သဘောပဲ ။




မြင်းလှည်းပေါ် ရောက်တော့မှပဲ ငါ သွား စဉ်းစားမိတယ် ။ ဓါတ်ဆီဆိုင် မန်နေဂျာ က သူ့ ဆိုင်အမှတ် နဲ့ နေရပ်လိပ်စာ ပေးသွားတယ် မဟုတ်လား ။




သူ့ ဆီ သွားပြီး အကူအညီ တောင်းဖို့ စိတ်ကူးရလာတယ် ။ ပြီး ... ဦးသိန်းလွင် လည်း ရှိတယ်လေ ... ။




မြင်းလှည်းသမား ကို ဓါတ်ဆီဆိုင်အမှတ် ပြောပြီး အမောင်းခိုင်းရတယ် ။ တော်သေးတယ် ။ မန်နေဂျာ နဲ့ အဆင်သင့် တွေ့ရတယ် ။




သူ ကလဲ ကားကြုံ တစင်းနဲ့ အပြင်ထွက်ဖို့ ပြင်နေတယ် ။ လွဲတော့ မလို့ ကံကောင်းတယ် ။




အကျိုးအကြောင်း ပြောပြပြီး အကူအညီ တောင်းရတယ် ။ အမှန်ကတော့ ဆိုင်မန်နေဂျာ အဖို့လဲပဲ ရေငတ်တုန်း ရေတွင်းထဲ ကျတာပဲ ။ ငါတို့ နှစ်ယောက် ကို ကားပေါ် တခါတည်း တက်ခိုင်းတယ် ။




မန္တလေး မေမြို့ ကားလမ်း အတိုင်း မောင်းထွက်လာတယ် ။ ရေနီမြောင်း ကို ကျော်တော့ ၊ ရန်ကင်းတောင်ဘက် မောင်းတယ် ။ လမ်းရဲ့ ဗယ်ဘက်မှာ မွေးမြူရေးခြံကြီး သုံးခြံ တွေ့ရတယ် ။ အစွန်ဆုံးက ခြံထဲ ဝင်လိုက်တယ် ။




ခြံကြီး သုံးခြံ ဘေးချင်း ယှဉ်နေတယ် ။ ဒါပေမယ့် ခြံ က ကျယ်တော့ ခြံ အလယ် မှာ ဆောက်ထားတဲ့ တဲ အိမ်ကလေးတွေက တအိမ် နဲ့ တအိမ် အရမ်းဝေးတယ် ။ လှမ်း မမြင်သာဘူး ။ ပြီး ခြံစည်းရိုး တလျှောက်မှာကလဲ ငှက်ပျောပင် တွေနဲ့ ။




သည်ခြံထဲ က အိမ်ကလေးကတော့ ခပ်ငယ်ငယ် ပါပဲ ။ မြေစိုက် ။ ဒါပေမယ့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိတယ် ။ အိမ်ရှေ့မှာကတော့ ဧည့်သည်တွေထိုင်ဖို့ ခုံတန်းလျားကလေးတွေ ရှိတယ် ။ နောက်ဖေးဘက် မှာတော့ ရေကန်တကန် ရှိတယ် ။ ရေတွင်း တတွင်း ရှိတယ် ။ ရေကန်နားမှာလဲ ဝါးထိုင်ခုံ ဝါးတန်းလျားကလေးတွေ ရှိတယ် ။




ဧည့်ခန်းမှာကတော့ ဝါးထိုင်ခုံ ဝါးစားပွဲကလေးတွေချည့်ပဲ ထားတယ် ။ ပြီး နောက်ဘက်မှာ အိပ်ခန်းတခန်း ရှိတယ် ။




နေချင်စရာကလေးပဲ ။ ဒါပေမယ့် ရှေ့မျက်နှာစာ ရှုမျှော်ခင်းကတော့ မကောင်းဘူး ။ နွားတင်းကုပ် နဲ့ ၊ နွားတွေ နဲ့ နွားချေးတွေ နဲ့ ။




အစောင့်ကောင်ကလေး ထင်ပါရဲ့ ။ အိမ်ထဲ က  ပြေးထွက်လာတယ် ။ မန်နေဂျာကို တရိုတသေ ကြိုဆိုတယ် ။ မန်နေဂျာက ငါတို့ နှစ်ယောက်ကို အခန်းထဲမှာ နေရာချထားပေးဖို့ ပြောတယ် ။




ပြီးတော့ စားဖို့ သောက်ဖို့လည်း စီစဉ်ခိုင်းလိုက်တယ် ။ ကားပေါ်က ပါလာတဲ့ စားသောက်စရာတွေကိုလည်း ချခိုင်းတယ် ။ ကန်ထဲက ငါး လတ်လတ်ဆတ်ဆတ် ကို ကြော်စားရအောင် တဲ့ ။




မန်နေဂျာ က ငါ့ ကို ခရီးရောက် မဆိုက် ဈေးဦး ဖောက်လိုက်တယ် ။ ပြီး ငွေငါးဆယ် ပေးတယ် ။




ကြော့ ... ဘာမှ အားမငယ်နဲ့ ။ သည်မှာပဲ နားနားနေနေ အလုပ်လုပ်ပြီး ၊ ငွေထုပ်ပိုက် ပြန်သွားကြတဲ့ လူတွေ ရှိတယ် ။ မြစ်ကြီးနား က လာတာလဲ ရှိတယ် ။ တခါတခါ မော်လမြိုင် ဘက်ကတောင် တက်လာကြသေးတယ် ... တဲ့ ။




ဟိုဘက် ခြံကတော့ မွေးမြူရေးခြံတွေပဲ ။ ငါးမွေးတယ် ဆိုလား ။ ဖားမွေးတယ် ဆိုလား ။ ငါ ကတော့ ဘာမှ မမွေးရသေးဘူး ။ ကြက်မွေးရင် ကောင်းမလား ၊ စိတ်ကူးတယ် တဲ့ ။




ညနေပိုင်းရောက်တော့မှ မန်နေဂျာ ကားနဲ့ပြန်သွားတယ် ။ သူ ပြန်သွားပြီး မကြာဘူး ။ တနာရီသာသာပဲ ကြာမယ်ထင်တယ် ။ နောက်ထပ် ဂျစ်ကားနှစ်စင်း ရှေ့ဆင့်နောက်ဆင့် ရောက်လာတယ် ။ မန်နေဂျာ ရဲ့ အပေါင်း

အသင်းတွေ ဆိုပါတော့ ။




နောက်ဘက် ရေကန်နားမှာ နှစ်ဝိုင်းဖွဲ့ပြီး ထိုင်ကြတယ် ။ သောက်ကြစားကြပေမယ့် အေးအေးဆေးဆေးချည့်ပဲ ။ လူရည်လဲ သန့်ကြတယ် ။ အလုပ်လဲ ဖြစ်ကြတယ် ။




ဒိုးကလေး က လေးရာ့ငါးဆယ် ။ ငါ က ငါးရာ့ငါးဆယ် ရလိုက်တယ် ။




ည ဆယ်နာရီ ကျော်မှ ဧည့်သည်တွေ ပြန်သွားကြတယ် ။




ဒိုးကလေး ကတော့ ရှားတယ် ။ ဧည့်သည်တွေ ပြန်သွားကြတော့ အစောင့်ကောင်လေး ကို သူ့ နားမှာ ခေါ်ထားတယ် ။ ကြောက်လို့ တဲ့ ။




ဟုတ်တာပေါ့ ။ မြို့ပြင်မှာ ဆိုတော့ နေရာက လူလဲ ပြတ်တယ် ။ လျှပ်စစ်မီးလဲ မရှိဘူး ။ တဲအိမ်ကလေးထဲမှာ တို့ ချည်းပဲ ကျန်ရစ်ခဲ့တာကိုး ။




ငါ လဲ ကြောက်တော့ ကြောက်တာပါပဲ ။ တော်တော်နဲ့ကို အိပ်လို့ မပျော်ဘူး ။ မိုးလင်းခါနီးမှပဲ မှေးကနဲ အိပ်ပျော်သွားတော့တယ် ။




ဒိုးကလေး လာနှိုးမှပဲ ငါ အိပ်ရာက နိုးတော့တယ် ။




ရေမိုးချိုး အဝတ်အစားလဲပြီး ကော်ဖီသောက်တုန်းပဲ ရှိသေးတယ် ။ ခြံထဲ ကို ကားတစင်း ထိုးဝင်လာတယ် ။




ကားကတော့ မန်နေဂျာ မနေ့ကစီးလာတဲ့ကားပဲ ။ ဒါပေမယ့် မန်နေဂျာ တော့ မပါဘူး ။ ဧည့်သည်သစ် လေးယောက် ကို လွှတ်လိုက်တယ် ။




တယောက်တည်း ကပဲ ဒိုးကလေး ကို ရွေးတယ် ။ ကျန်တဲ့ သုံးယောက် က ငါ့ ကို ကြိုက်ကြတယ် ။




သည် သုံးယောက် ထဲမှာ နှစ်ယောက် က ရိုးရိုး ပါပဲ ။ သမရိုးကျ အတိုင်းပါပဲ ။ သူလို ငါလို ပဲ လုပ်ကြတယ် ။




ဒါပေမယ့် နောက်ဆုံး တယောက် ကတော့ ဆန်းတယ် ။ ငါ့ သက်တမ်းတလျှောက် သည်လူ နဲ့ တွေ့ရတော့မှပဲ အစဉ်အလာတွေ ပျက်ကုန်ရတော့တယ် ။




အသည်းထိတ်လိုက်တာလဲ မပြောနဲ့တော့ ။




လူပုံက အရပ်အမောင်း ကလဲ ကောင်းတယ် ။ ဗလ လဲ ကောင်းတယ် ။




အဲ ... ငါ့ ကို ပွေ့ပြီး အထက်ကို မြှောက်တင်တယ် ။ ပြန်ဖမ်းတယ် ။ မြှောက်တင်တယ် ။ ပြန်ဖမ်းတယ် ။




အိုး ... ဘာတွေ လုပ်နေတာလဲ ။ အလဟဿ အချိန်တွေလဲ ပုပ်ကုန်တယ် ။ အားတွေလဲ ယုတ်ကုန်တယ် ။




သည်လိုလူမျိုး သည်တခါပဲ တွေ့ဖူးသေးတယ် ။ အံ့ရော ။ အဲသည်လို ကိုင်လိုက် မြှောက်လိုက် ပြန်ဖမ်းလိုက်နဲ့ပဲ သူ စိတ်ကျေနပ်သွားတယ် ။ တခြား ဘာညာဘာညာ မလုပ်သွားဘူး ။




ဧည့်သည်တွေ ပြန်သွားကြတယ် ။




ခဏကြာတော့ အစောင့်ကောင်လေး က ထမင်းပွဲ ပြင်ပေးတယ် ။ ဝက်အူချောင်းကြော် နဲ့ ကြက်ဥကြော် ။




ဒိုးကလေး ရော ငါ ပါ ဝက်အူချောင်း မစားကြတော့ ကြက်ဥကြော် နဲ့ပဲ စားကြရတယ် ။




ထမင်းစားတုန်း ငါ က ငါ့ အတွေ့အကြုံ အထူးအဆန်း ကို ပြန်ပြောတယ် ။ ဒိုးကလေး က ပြုံးတယ် ။ သူ လဲ တခါ ကြုံဖူးတယ်တဲ့ ။ မြစ်ကြီးနား ဘက်မှာတဲ့ ။




အဲသည်ကနေ စကား စပ်မိပြီး ဒိုးကလေး က စိတ်ကူးရလာပြန်တယ် ။




' မြစ်ကြီးနားဘက် သွားကြရအောင်ပါ မမကြော့ ရယ် ... ။ ကာရန်သင့်ယင် ရထားပေါ်မှာတွင် လေးငါးရာ ရနိုင်ပါတယ် ' တဲ့ ... ။




ဒိုးကလေး က သူ့ အတွေ့အကြုံ ကို ပြောပြတယ် ။ မန္တလေး ကနေ မြစ်ကြီးနား ကို အမြန်ရထား နဲ့ လိုက်မယ် ။ ရွှေဘို ရောက်ယင် မှောင်ပြီလို့ ဆိုတယ် ။




မှောင်တာနဲ့ တပြိုင်နက် တွဲစောင့်ကို လက်ဖက်ရည်ဖိုးပေးပြီး အကြံအဖန် လုပ်ယင် ဖြစ်တယ်လို့ ပြောတယ် ။ ဒါပေမယ့် နှစ်ယောက် အိပ်စင်တော့ ယူရလိမ့်မယ် တဲ့ ။




ငါ ကတော့ စိတ်မဝင်စားပါဘူး ။ အဲသည်လောက် ဝေးတဲ့ ခရီးကိုလည်း သိပ် မသွားချင်ဘူး ။ အဲသည်လောက်လဲပဲ မသောင်းကြမ်းချင်ဘူး ။




ကျန်းမာရေးကလဲ သိပ်ကောင်းသေးတာ မဟုတ်ဘူး ။ သည်တော့ သည် မန္တလေး မှာပဲ ခဏ ဆက်နေပြီး ရန်ကုန် ပြန်ချင်ပြီ ။




နေ့ခင်းဘက်မှာ မန်နေဂျာ ရောက်လာတယ် ။ သူ့ သူငယ်ချင်း နှစ်ယောက် လဲ ပါလာတယ် ။ သောက်စရာတွေလဲ အပြည့် အစုံနဲ့ ။




ငါ က ညတုန်းက မအိပ်ရဲတဲ့အကြောင်း ၊ မအိပ်ပျော်တဲ့ အကြောင်း ပြောပြတယ် ။ မန်နေဂျာ က တည်းခိုခန်းတခန်း ကို သည်နေ့ည ပို့ပေးမယ်လို့ ပြောတယ် ။




သူတို့တွေ သောက်လို့ ပြီးကြတော့ မိုးချုပ်စ ပြုပြီ ။ နောက်ထပ် နှစ်ရာ ထပ်ရတယ် ။ အဲသည်နေ့ တနေ့တည်း ခုနှစ်ရာကျော် တွက်ခြေကိုက် ကြတယ် ။ အဲသည်ည က မြို့ထဲ ( ၃၅ ) လမ်းက ' စန်းသော်တာ ' တည်းခိုရိပ်သာ မှာ

နေရာပြောင်း တည်းကြတယ် ။




တည်းခိုခန်းရဲ့ အသွင်အပြင်ကို အကဲခတ်ကြည့်ရတာ စည်းကမ်းကောင်းပုံပဲ ။ ဒါပေမယ့် ' အေး ' ဆိုတဲ့ အမျိုးသမီးကလေးတယောက် က ငါ့ ကို စကား လာပြောတယ် ။ အလုပ် လုပ်ချင်ယင် ဖြစ်နိုင်တဲ့အကြောင်း သိလိုက်ရတယ် ။




ငါ ကတော့ စိတ်ဝင်စားတယ် ။ ဒိုးကလေး ကတော့ ပင်ပန်းနေပြီတဲ့ ။ အိပ်ချင်နေပြီတဲ့ ။




သည်တော့ သင်းခွဲပြီး လုပ်နေလို့ မကောင်းဘူး ။ နားမယ် ။ အိပ်မယ် ။




' အေး ' ကိုတော့ အဆက် အသွယ် ပြန်လုပ်ဖို့ မှာလိုက်တယ် ။ သူ ကလဲ သည် တည်းခိုခန်း က မဟုတ်ဘူး ။ တခြား တနေရာက ပစ္စည်းပဲ ။




ဧည့်သည်တယောက် က တည်းခိုခန်းပိုင်ရှင် ကို ပြောပြီး ခေါ်လာလို့ ၊ သည်ကို ရောက်နေတာလို့ ပြောတယ် ။




ငါ တို့ နောက်နေ့ ည ရထား နဲ့ ရန်ကုန် ကို ပြန်ခဲ့ကြတယ် ။




◾မောင်သာရ




📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၃ဝ )


တံငါသည် ရေကြောက်ယင် ငတ်မယ် ။ လှေသမား ရေလမ်း မသွားချင်လို့ ဘယ်ဖြစ်ပါ့မလဲ ။


မန္တလေး က ပြန်လာပြီးတော့ နားနေတယ် ။ နားဆို သင်္ကန်းကျွန်း အိမ်ကနေ မြို့ထဲတောင် မထွက်ဘူး ။


ရှာလို့ဖွေလို့ ရလာခဲ့တာကလေးနဲ့ ခြစ်ခြစ်ကုတ်ကုတ် သုံးစွဲ နေခဲ့တယ် ။


ဒါပေမယ့် ... အခုတော့ ကုန်ပြီ ။


ဝါတွင်းလေးလ ထိုင်စားယင်း အားမွေးထားတယ် ။ ကျန်းမာရေးကို ပြန်ပြုပြင်တယ် ။


ခုဆိုယင် အားအင်လဲ ပြည့်လာပြီ ။ အထိုင်အထမှာလဲ မမူးတော့ဘူး ။ အကြောရောင် ရောဂါလဲ ပျောက်နေပြီ ။


ဝါကျွတ်တော့မယ် ။ သည်တော့ ခတ်ကွင်း ပြင်ရတယ် ။


တဆောင်းစာ ရှာဖွေရဦးမယ် ။ ဖြစ်နိုင်ယင်တော့ အရင်းအနှီး ရချင်တယ် ။


အဖော် မရှာတော့ဘူး ။ ရှုပ်တယ် ။ သူ့ သဘော ကိုယ့် သဘော ညှိနေရတာကိုက အလုပ် တလုပ် ။


ခုနေ ဒိုးကလေး ကို အဖော်စပ်လဲပဲ သည် ကောင်မ က လိုက်ဖြစ်ချင်မှ လိုက်ဖြစ်မယ် ။


တလောကတောင် အိမ် ကို လာလည်သွားသေးတယ် ။ ရန်ကုန် မှာပဲ လှုပ်ရှားနေတယ် တဲ့ ။


ပြောလိုက်မှဖြင့် မိုးလားကဲလား နဲ့ ။ သူ့ ကို ကြည့်လိုက်တော့ မြင်နေကျ လက်စွပ်ကလေးလဲ မတွေ့တော့ဘူး ။ မြင်နေကျ ဆွဲကြိုးကလေးလဲ မတွေ့တော့ဘူး ။


ကုန်ကုန် ပြောရယင် လက်ပတ်နာရီတောင် မတွေ့တော့ဘူး ။ အဲ ... ထမင်းဆိုင် ကတော့ ရောင်းနေရတယ် ပြောတာပဲ ။


သည် ကောင်မ ကလဲ ငါ့ လိုပဲ ။ အချစ် ကို ကိုးကွယ်တတ်တယ် ။ စိတ် နဲ့ တွေ့ယင် သူ့ မှာ ရှိတာ အကုန် ချွတ်ပေးခဲ့တဲ့ ကောင်မ ပဲ ။


သူ့ ယောက်ျား ကတော့ အယင်ကလို မသုံးဖြုန်းတော့တာ သေချာတယ် ။ ရှာလို့ ရတဲ့ ငွေတွေ ဘယ် ရောက်ကုန်ပြီလဲ ။


မန္တလေး ကို ရောက်တော့ ပထမဆုံး အေး အကြောင်း စုံစမ်းရတယ် ။ ကုန်းဘောင် မှာ ပဲ တည်းခိုပြီး အေး ရဲ့သတင်းကို စုံစမ်းရတယ် ။


အေး ကို မတွေ့ရတော့ဘူး ။ အချစ်နာ ကျပြီး မိုညှင်း ကို ပြန်သွားပြီလို့ ကြားရတယ် ။ အေး ရဲ့ သူငယ်ချင်း မသီတာ က ပြောတယ် ။


အေး နဲ့ က ကောင်းကောင်း မရင်းနှီးလိုက်ရပါဘူး ။ တွေ့ဖူး ၊ မြင်ဖူး ၊ စကားပြောဖူး ရုံကလေးလောက်ပါပဲ ။


ဒါပေမယ့် အေး ကို ကြည့်ရတာ နာမည်နဲ့ လိုက်အောင် အေး မယ့် ပုံပဲ ။ စိတ်လဲပဲ နုပုံ ရတယ် ။


ဒါကြောင့်လဲ ခု ... အချစ်မြှား သင့်ပြီး နေရပ် ပြန်သွားရတာ ဖြစ်မှာပေါ့ ။


ငါ တို့ လောကမှာ ဒါမျိုးတွေလဲ ရှိတယ် ။ အေး ကို အပြစ် မပြောလိုပါဘူး ။ မတရာသားတွေ နဲ့ ဖက်လှဲတကင်း ဆက်ဆံနေရတာပဲ ။


ဥစ္စာပေါ ရုပ်ချောတွေနဲ့လဲ တွေ့ရမှာပဲ ။ ကနွဲ့ကလျနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်သူတွေနဲ့လဲပဲ တွေ့ရမှာပဲ ။


ကျအောင်လဲ ပြောတတ်ပါပေရဲ့ ။ လွမ်းအောင်လဲ ပြောတတ် ပါလေရဲ့ ။ သည်တော့ အသည်း မခိုင်ယင် ယိမ်းယိုင် သွားတတ်တယ် ။


ငါ ကိုယ်တိုင် ကလဲ ကြုံဖူးလို့ ကိုယ်ချင်းစာတယ် ။ အောင်သိန်း ကို ငါ ချစ်တယ် ။ သည်ကြားထဲ ကိုအောင်သိုက် နဲ့ တွေ့တော့လဲ တန်းတန်းစွဲ ဖြစ်မိပြန်တယ် မဟုတ်လား ။


တခါ ကိုသန့်စင်ငြိမ်း နဲ့ တွေ့ပြန်တော့လဲ ငါ့ စိတ် က မခိုင်ပြန်ဘူး ။ အလုပ်သဘော အပြင် စေတနာ မေတ္တာတွေ ပိုမိတယ် မဟုတ်လား ။


မသီတာ ကတော့ ငါ နဲ့ အေး ရဲ့ ရင်းနှီးမှု အတိုင်းအတာကို သိတာ မဟုတ်ဘူး ။ အေး ကို သူ သိပ်ခင်တယ် ။ အေး နဲ့ ပတ်သက်တယ် ဆိုတော့ ငါ့ ကို လဲပဲ ခင်လာတယ် ။


ကူညီပါ့မယ် တဲ့ ။ ဈေးတပတ်တော့ စောင့်ပါအုံး တဲ့ ။ ဈေးတပါတ် ပြည့်ဖို့က သုံးရက် လားပဲ လိုတော့တယ် ။


မသီတာ ကို အားကိုးနိုင်တယ် ဆိုတာတော့ ငါ တွက်မိပါရဲ့ ။ တည်းခိုခန်း ရဲ့ လက်ထောက်မန်နေဂျာ ကို မသီတာ က ပိုင်တယ် ။


ရန်ကုန် ကို ပစ္စည်း ဆင်းကောက်ယင် ပစ္စည်းတခု လျှော့ မှာလိုက်မယ်တဲ့ ။ သည်တော့ ငါ့ ပစ္စည်းက စွံပြီ ဆိုပါတော့ ။


သည်ကြားထဲမှာ ငွေ အသုံး လိုယင်လဲ မသီတာ့ အိတ်ထဲကပဲ ခဏ ဆွဲသုံးနေရုံပဲ ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment