Wednesday, November 24, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၇ + ၂၈


 အခန်း ( ၂၇ )


ကြွပေတော့ နောက်နောင်လဲ ဘယ်တော့မှ လာမပတ်သက်နဲ့တော့ ။


ငါ ကလဲ လင် တယောက်လို့ မသတ်မှတ်တော့ဘူး ။


ငါ့ ကိုလဲ မယား တယောက် အနေနဲ့ မသတ်မှတ်နဲ့တော့ ။


အဲသည်လို ပြောပြီး အောင်သိန်း ကို ငါ နှင်လွှတ်လိုက်တယ် ။


နှစ်ဆန်း တရက်နေ့ ငါ သင်္ကန်းကျွန်းအိမ်ကို ပြန်ရောက်တယ် ။ အောင်သိန်း မရှိတော့ဘူး ။ သူ့ အဝတ်အစားတွေပါ ယူပြီး ထွက်သွားပြီ ။


ငါ စရန်ရတဲ့ ငွေငါးရာ သူ့ လက်ထဲ အပ်ခဲ့တာလဲ ဘယ်သူ့ ကိုမှ တပြားတချပ် မပေးဘူးတဲ့ ။ ကလေးတွေ ကိုတောင် မုန့်ဖိုးပဲဖိုးကလေး ပေးမသွားဘူးတဲ့ ။


ပေးမသွားရုံတင် မဟုတ်ဘူး ။ ကလေးတွေ ရဲ့ စုဗူးတွေ ကိုတောင် ခိုးသွားသေးတယ်တဲ့ ။ သည် စုဗူး နှစ်ဗူး ဆိုတာကတော့ ကလေးတွေ ရဲ့ မုန့်ဖိုးထဲက ဖဲ့ပြီး စုထားကြတာပါ ။


ကျောင်းအပ်စရာ ရှိယင် ကျောင်း အပ်ရမယ် ။ နေထိုင်မကောင်းတဲ့အခါ မလှည့်သာ မရှောင်သာယင် သုံးတန် သုံးရမယ် ။ မလုပ်သင့်ပါဘူး ။


ခုတော့ ကြည့်လေ ... ငွေငါးရာ လဲ အကုန် တယောက်တည်း ယူသွားလေသေးရဲ့ ။ သူ နဲ့ ဘာမှ မဆိုင်တဲ့ စုဗူးတွေကိုလဲ ခိုးသွားလေသေးရဲ့ ။


ပြီးတော့ သူ့ အဝတ်အစားတွေ ဆိုယင်လဲ စွပ်ကျယ်အင်္ကျီ အစုတ်အပြဲ က အစ ဘာမှ မချန်ပဲ ယူသွားတယ် ။


ယုတ်စွအဆုံး သွားပွတ်တံ သွားတိုက်ဆေးဘူးတောင် မထားခဲ့ဘူး ။


လင်မယား အဆင် မပြေလို့ အိမ်ပေါ်က ဆင်းတာကတော့ ဆင်းတာပေါ့ ။ ငါ အပြစ် မပြောပါဘူး ။ ငါ ကိုယ်တိုင်ကလဲ ယောက္ခအိမ် က သုံးကြိမ်တိတိ ဆင်းလာခဲ့ဖူးတာပဲ ။


ဒါပေမယ့် မဆင်းခင်မှာ အသေအချာ အလေးအနက် စဉ်းစား ။ ပြတ်သားဖို့တော့ လိုလိမ့်မယ် ။


သည်မယ် ... စိတ်ခံစားမူ ဆိုတာ အကြောင်းယုတ္တိ တန်ချင်မှ တန်မယ် ။ အကြောင်းယုတ္တိ မတန် စိုးရိမ်တာလဲ ရှိတယ် ။ အကြောင်းယုတ္တိ မတန်ပဲ နာကျည်းတာလဲ ရှိတယ် ။ အကြောင်းယုတ္တိ မတန်ပဲ ဒေါသ ထွက်လာတာလဲ ရှိမယ် ။

အကြောင်းယုတ္တိ မတန်ပဲ ယောက္ခမ အိမ်ပေါ်က ဆင်းတာလဲ ရှိတယ် ။


အေး ... အကြောင်းယုတ္တိ တန်တယ် မတန်ဘူး ဆိုတာ လူပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ စိတ်ခံစားမူ နဲ့ပဲ ဆိုင်တယ် ။


ငါ ယောက္ခမ အိမ်ပေါ်က ဆင်းလာတုန်းကလဲ ငါ အဝေဖန်ခံရတယ် ။ လင်မယား ကွဲတော့ ကိုယ်ပဲ နာမယ် ။ ဒါကလေးလောက်နဲ့ အိမ်ပေါ်က ဆင်းခဲ့ရသလား ဆိုပြီး ဝေဖန်ကြတာကို ခံရတယ် ။ ငါ့ အမေ ကိုယ်တိုင် က ငါ့ ကို ဝေဖန်တယ် ။


အကြောင်းယုတ္တိ တန်တာ မတန်တာ ထားတော့ ။ ငါ မှ မနေချင်တော့တာပဲ ။


ပြီးတော့ အဆုံးစွန်ကိုလည်း ငါ စဉ်းစားပြီးသားပဲ ။ ယောက်ျား နဲ့ ကွဲရယင် ငါ ဂရုမစိုက်ပါဘူး ဆိုနေမှတော့ ပြီးရောပေါ့ ။ ပြတ်ရောပေါ့ ။


အေး ... ယောက္ခ အိမ်ပေါ်က မဆင်းခင် သေသေချာချာ စဉ်းစား ။ ပြတ်နိုင်သလား ။ ပြန်မတတ်ပဲ နေနိုင်သလား ။


အေး ... စိတ်က ပြတ်တယ်လို့ ထင်ယင်တော့ ဆင်းပေတော့ ။ မပြတ်နိုင်ဘူး ထင်ယင် ဘာလို့ ဆင်းမှာလဲ ။


ယောက္ခမ အိမ် ဟဲ့ .... ယောက္ခမ အိမ် ။ ကိုယ့် အမေ့ အိမ် မဟုတ်ဘူး ။ ဆင်းချင်တဲ့ အချိန် ကိုယ့်သဘောနဲ့ ကိုယ် ဆင်းသွားပြီး တက်ချင်တဲ့ အချိန် ကိုယ့်သဘောနဲ့ ကိုယ် ပြန်တက်လာလို့ ဖြစ်မလား ။


ငါ့ မိဘ နဲ့ ငါ့ ပတ်ဝန်းကျင် က ငါ့ လင် ကို အထင်အမြင် သေးမှတော့ သည် လင်မျိုး ငါ ဆက်ပေါင်းနေဖို့ ကောင်းပါဦးမလား ။


ခု အောင်သိန်း လုပ်တဲ့ အပေါက်မျိုး က ငါ့ မိဘ နဲ့ ငါ့ ညီမ အထင်သေးစရာ ဖြစ်မနေဘူးလား ။ ကြမ်းပိုးသူခိုး ဆန်လွန်း မနေဘူးလား ။


ထားတော့ ။ နှစ်ဆန်းနှစ်ရက်နေ့ ညကျတော့ အောင်သိန်း အိမ် ကို ပြန်ရောက်လာပြန်တယ် ။ သူ့ အဝတ်အစားတွေတော့ ပြန်ပါမလာတော့ဘူး ။ အဝတ်တထည် ကိုယ်တစ်ခုနဲ့ပဲ ပြန်လာတယ် ။


မျက်နှာကတော့ သူ့ထုံးစံအတိုင်းပဲ ။ သူ့ မှာ ဘာအပြစ် မှ မရှိတဲ့ ပုံစံမျိုး ။ ငါ ကလဲ သူ့ ကို ဘာမှ မပြောချင်တော့ပါဘူး ။ အပြစ်လဲ မတင်ချင်တော့ပါဘူး ။


သူ က မေးတယ် ။ နောက်ထပ် ငွေဘယ်လောက် ထပ်ရခဲ့သေးသလဲ တဲ့ ။ ဘာ ဖြေစရာ လိုသလဲ ။ လက် ငါးချောင်း ထောင်ပြလိုက်တယ် ။ ဘယ်မှာလဲ တဲ့ ။ လက်ခါ ပြလိုက်တယ် ။ ကုန်ပြီ ဆိုတဲ့ သဘော ။


သည်တော့ စကား ပြောင်းပစ်တယ် ။ ရူးပေါပေါ လုပ်လိုက်တယ် ။ ဆာလိုက်တာ မမ ရယ် .... ဘာဟင်း ချက်သလဲတဲ့ ။


ဟင်းကတော့ အဲ့သည့်နေ့က မကောင်းဘူး ။ ဘဲဥ ချဉ်ရည် ချက်တယ် ။ ပြီးတော့လဲ ကုန်ပြီ ။ ဪ ... သူ တကယ် ထမင်း မစားရသေးဘူး ထင်ပါရဲ့ ... ဆိုပြီး ကိုကိုကြီး ကို ခေါက်ဆွဲကြော်တစ်ထုတ် အဝယ်ခိုင်းလိုက်တယ် ။


ဝက်သား နဲ့ နော် တဲ့ ။ ကိုကိုကြီး ကို သူ လှမ်းပြောလိုက်တယ် ။ ဒါကတော့ သက်သက်မဲ့ စော်ကားတာ ။ ငါ က နတ်ကတော် တော့ မဟုတ်ဘူး ။


ဒါပေမယ့် ကိုယ်တော်နှစ်ပါး ကို ငါ ဘယ်လောက် အထိ လေးလေးစားစား ကိုးကွယ်တယ် ဆိုတာ သူ အသိဆုံး ။ ငါ့ အိမ်မှာ ငါ့ အဖေ အမေ တောင် မစားဘူး ။ စားချင်ယင် အပြင်မှာ စားတယ် ။


ဒါပေမယ့် ငါ သည်းခံလိုက်ပါတယ် ။ ဘာတခွန်းမှ မပြောဘူး ။ ကိုယ်တော်နှစ်ပါး ကို ငါ စိတ်နဲ့ တောင်းပန်ထားလိုက်တယ် ။ တစ်ကြိမ် တခါတော့ ခွင့်လွတ်လိုက်ပါလို့ပေါ့ ။


ခေါက်ဆွဲစားပြီးတော့ ကိုကိုကြီး ကို ဒူးယား တစ်ကျပ်ဖိုး အဝယ်ခိုင်းသံ ကြားရပြန်တယ် ။


ငါ သိပြီ ။ သူ့ မှာ ငွေ ပြတ်နေပြီ ။ အောင်သိန်း ဒူးယား ကို ဘူးလိုက်တောင် ဝယ် မသောက်နိုင်တော့ဘူး ။ ကိုကိုကြီး ကို ဒူးယားတစ်ဘူး ဝယ်ခဲ့ဖို့ ငါ ပိုက်ဆံပေးလိုက်တယ် ။


နောက်ထပ် သူ လဲ ဘာတခွန်းမှ မပြောတော့ဘူး ။ ငါ ကလဲ ဘာတခွန်းမှ မပြောဘူး ။ အိပ်ရာဝင်ချိန် ရောက်ရော ဆိုပါတော့ ။ အိပ်ရာဝင်တော့လဲ ခါတိုင်းလိုပဲ ခြင်ထောင်အပြင်ဘက် ခေါင်းထွက်ပြီး ဆေးလိပ်သောက်တယ် ။ ပြီးတော့မှ ခေါင်းကို ခြင်ထောင်ထဲ ပြန်သွင်းတယ် ။


အဲ ... ခေါင်းအုံး နဲ့ ခေါင်းထိပြီး ဘာမှ မကြာဘူး ။ သူ အိပ်ပျော်သွားတယ် ။ ငါ ကတော့ တော်တော်နဲ့ အိပ်မပျော်ဘူး ။ အောင်သိန်း အကြောင်းကို တွေးကြည့်တယ် ။


သိရခက်တဲ့ လင် ။ သိပ် အကဲခတ်ရ ခက်တဲ့ လူ ။ ရှိမှန်းလဲ မသိရဘူး ။ မရှိမှန်းလဲ မသိရဘူး ။ မရှိလဲ မပူဘူး ။ မကြောင့်ကြတတ်ဘူး ။


ငါ စဉ်းစားတယ် ။ ငွေငါးရာ သူ ဘာလုပ်ပစ်လိုက်သလဲ ။ ဖဲရှုံး လို့ ကုန်သလား ။ မုတ္တမ ကနေ အိမ် မပြန်ပဲ ဘယ်ကို ထွက်သွားသလဲ ။ ဒေါင်းမ နဲ့ ဆက်မိနေပြီလား ။ ကလေးတွေ ရဲ့ စုဗူးနှစ်လုံး ကို ယူသွားတာကကော ။


အဲသည် အချိန်က သူ့ လက်ထဲ ငွေငါးရာ ရှိဖို့ ကောင်းသေးတယ် ။ ငါ ဆု ကို မေးကြည့်တော့ ငါ အိမ်က ထွက်သွားပြီး နောက်တနေ့မှာ သူ ထွက်တာတဲ့ ။


သူ တရေး နိုးလာတယ် ။ ငါ ကတော့ အိပ် မပျော်သေးဘူး ။ ဒါပေမယ့် အိပ်ပျော်ချင်ယောင် ဆောင်နေလိုက်တယ် ။ ငါ့ ရင်ဘတ်ပေါ် လက်တင်ပြီး ငါ အိပ်ပြီလားလို့ အကဲစမ်းကြည့်တယ် ။ ငါ နဲ့ ပေါင်းလာတဲ့ ငါ့ လင်အကြောင်း

ငါ သိပြီးသားပေါ့ ။


ခါတိုင်းလဲ ငါ့ ရင်ဘတ် ပေါ် လက်တင်ကြည့်တဲ့ အကျင့် ရှိတယ် ။ ငါ က နိုးနေရင် သူ့ လက်ကို ဖယ်ပစ်လိုက်တတ်တယ် ။ သူ့ လက်ကို ဖယ် မပစ်ရင်တော့ ငါ အိပ်ပျော်နေပြီဆိုတာ သူ သိတယ် ။ ခု ငါ က နိုးလျက်နဲ့ သူ့ လက်ကို ဖယ်

မပစ်ပဲ ထားလိုက်တယ် ။


အောင်သိန်း အိပ်ယာက ဖြည်းဖြည်းခြင်းထတယ် ။ ပြီးတော့ ဓါတ်ငွေ့ မီးခြစ်လေးနဲ့ ဟိုစမ်း သည်စမ်း ရှာနေတယ် ။


ငါ တို့မှာ အဝတ်ထည့်တဲ့ ဗီရို မရှိဘူး ။ အဝတ်တွေကို ခရီးဆောင် လက်ဆွဲအိတ်ကြီးထဲပဲ ထည့်ထားတယ် ။ အဲသည်အိတ် ကို သူ ဖွင့်တယ် ။ ငါ့ အဝတ်အစားတွေ ကို သူ ထုတ်တယ် ။


အဝတ်ခေါက်တွေ ကြားမှာ မွှေနောက်ပြီး ရှာနေတယ် ။ မီးခြစ် ကတော့ မှိန်လိုက် လင်းလိုက်ပေါ့ ။


ဒါပေမယ့် မိးလင်းလိုက်တိုင်း သူ့ လှုပ်ရှားမှုတွေကို ငါ အကုန်မြင်နေတယ် ။


ဒေါသလဲ ထွက်တယ် ။ ကြောက်လဲ ကြောက်မိပါရဲ့ ။ ကိုယ့် မိန်းမငွေ ကိုယ် ပြန်ခိုးဖို့ ကြိုးစားနေတော့ သည် ယောက်ျားမျိုး ဘယ်လာ ခွင့်လွတ်ဖို့ ကောင်းတော့မှာလဲ ။


ပြီးခဲ့တာတွေကိုတော့ ငါ သင်ပုန်းချေလိုက်နိုင်ပါတယ် ။ ဒါကြောင့်လဲ ပေးခဲ့တဲ့ ငွေငါးရာ ကုန်ပြီလား ကလေးတွေ ကို ဘာလို့ မုန်ဖိုး မပေးရတာလဲ ။ ဘယ်ကို ထွက်သွားရတာလဲ ။ ဘာလို့ ကလေးတွေ စုဗူးကို ခိုးသွားရတာလဲ

စသည်ဖြင့် ငါ ဘာတခွန်း မှ မမေးဘူး ။


အေး ... ခုတော့ သည်းမခံနိုင်တော့ဘူး ။ သူ တုတ်ကိုင်ယင် ကိုယ် တုတ်ကိုင်မယ် ။ သူ ဓားဆွဲယင် ကိုယ် ဓားဆွဲရုံပဲ ။


ငါ အိပ်ရာက ထလိုက်တယ် ။ မီးခလုတ် ကို ဖွင့်လိုက်တယ် ။ ငါ တို့ အိပ်ခန်း က နောက်ဖေးဆောင်မှာ ။


ဒါပေမယ့် အိမ်က သိပ်ကျယ်တာ မဟုတ်တော့ ညဉ့်နက် သန်းခေါင်မှာ စကားပြောယင် တအိမ်လုံး က ကြားရနိုင်တယ် ။ မတတ်နိုင်တော့ဘူးလေ ။


' ဟေ့ .... အောင်သိန်း .... ဒါ ဘာလုပ်တာလဲ ။ သူခိုးကျင့် သူခိုးကြံ ကြံတာပေါ့ ... ဟုတ်လား ... ဟင်း ... တော်တော်ကောင်းတဲ့ လူ ၊ ကိုယ့်အိမ် ကိုယ် ပြန်ခိုးရတယ်လို့ ၊ တော်တော်လဲ သတ္တိ ကောင်းတဲ့ သူခိုးပဲ ။ နင် ...

ငါ မပြောချင်လို့ ၊ တော်တော် ယုတ်မာတယ် ။ သွားခါနီး ငါ ပေးခဲ့တဲ့ ငွေငါးရာလည်း တယောက်ထဲ အကုန်သုံးပစ်တယ် ။ ဒါနဲ့တောင် အားမရလို့ ကလေးတွေ စုဘူးကိုပါ ခိုးတယ် ။ နင်မို့ ကြံစည်ရက်တယ် ။ တော်ပြီ နင့် ကို ငါ မပေါင်းချင်တော့ဘူး ။ နင့် မျက်နှာကိုလဲ ငါ မကြည့်ချင်ဘူး ။ နင် ... ငါ့ အိမ်က အခု ဆင်းတော့ ' ... ဆိုပြီး ပစ်ပစ်ခါခါ ပြောချပစ်လိုက်တယ် ။


သည်ကောင် ဘာတခွန်းမှ ပြန် မပြောနိုင်တော့ဘူး ။ သူ လဲပဲ ပညာတတ် ပဲ ။ သူ နဲ့ပေါင်းလာတဲ့ မိန်းမ ဘယ်လို စိတ်သဘောထားမျိုး ရှိတယ် ဆိုတာတော့ သိမှာပေါ့ ။


အေး ... ပျော့ယင် ဖယောင်းပဲ ။ အဲ ... မာပြီဆိုယင်တော့ သံချောင်း ။ ကောင်းနေသေးယင်တော့ ခေါင်း ကို နင်းယင် နင်းသွား ငြိမ်နေမယ် ။


ဟင် ဆိုယင်တော့ လှည့် မကြည့်တော့ဘူး ။


ပါးစပ် က ပြောရင်းနဲ့ မျက်စိ က လျှောက်ကြည့်ထားပြီးပြီ ။ ခေါင်းရင်းမှာ ဆေးလိပ် ပြာချွေခွက် ရှိတယ် ။ ဖန်ခွက် ရှိတယ် ။


နည်းနည်းကလေး လှုပ်ရှားမယ် မကြံနဲ့ ကောက်ပေါက်လိုက်ဖို့ အသင့်ပဲ ။


အခြေအနေ မကောင်းမှန်းတော့ အောင်သိန်း လဲ ပဲ သိတယ် ။ အဖေ တို့ အမေ တို့ မိဆု တို့လည်း နိုးကုန်ပြီ ။


ဒါပေမယ့် ဘာတခွန်းမှ ဝင်မပြောကြဘူး ။ အိမ်ရှေ့ခန်း က မီးဖွင့်ပြီး အသံပဲ ပေးကြတယ် ။


အောင်သိန်း အိမ်ပေါ် က ဆင်းသွားတယ် ။


ငါ အိပ်ခန်းထဲ က မီးခလုတ် ကို ပြန်ပိတ်လိုက်တယ် ။ အိပ်ရာပေါ် ပြန်လှဲတယ် ။


အိပ်လို့တော့ ဘယ်ပျော်တော့မှာလဲ ။ မိုးစင်စင်လင်းတဲ့အထိ တရေးမှ မရတော့ဘူး ။


အဖေ ၊ အမေ နဲ့ မိဆု လည်း မီးပြန်ပိတ်ပြီး ကိုယ့် အိပ်ရာ ကိုယ် ပြန်ဝင်သွားကြတယ် ။ ငါ့ လဲ ဘာတခွန်းမှ မမေးဘူး ။


အဲသည်လိုနဲ့ အောင်သိန်း နဲ့ ငါ လမ်းပြတ်သွားကြတယ် ။


အေး ... မော်လမြိုင် ခရီး က ရလာတဲ့ ငွေကလည်း ဘာ ကျန်တော့လို့လဲ ။ ရန်ကုန် ရောက်တော့ ငွေလေး တစ်ရာကျော် ပဲ ကျန်တယ် ။


သည်တော့လှုပ်ရှားရဦးမယ် ။ ငါ့ ဘဝ ကို အနည်ထိုင်စေ့ချင်တယ် ။ ကြိုးစားတယ် ။ မရဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတယ် ။ ငါရှာလို့ ရသမျှကို အောင်သိန်း က ဖြုန်းပစ်တယ် ။


ခုတော့ သည် ငနာ လဲ မရှိတော့ဘူး ။ သည် တမိုး နဲ့ တဆောင်း ကြိုးစားပြီး လှုပ်ရှားစုဆောင်း လိုက်ယင် ငါ့ ရည်မှန်းချက် ပြည့်နိုင်လိမ့်မယ်လို့ ငါ့ ကိုယ် ငါ နှစ်သိမ့်မိတယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၂၈ )


ဒိုးကလေး နဲ့ ငါ ပြန်တွဲမိတယ် ။ ဒိုးကလေး ဆိုတဲ့ ကောင်မ က ဒိုးလို လိမ့်နေချင်တဲ့ ကောင်မ ။


ဒါပေမယ့် သူ က ငါ့ ထက် စီမံကိန်း ပိုရှိတယ် ။ သူ ရှာလို့ ရသမျှကလေးနဲ့ သူ့ ယောက်ျား ကို ထမင်းဆိုင် တည်ထားပေးတယ် ။ ညောင်ပင်လေး ဈေးထဲမှာ ဆိုတော့ ရောင်းလဲ အတော် ရောင်းရတယ် ။


ဒါပေမယ့် ဒိုးကလေး က ဝါသနာကို မစွန့်ဘူး ။ သုံးကလဲ သုံးချင်တယ် မဟုတ်လား ။ လှလှပပ ကလဲ ဝတ်ချင်တယ် မဟုတ်လား ။


မမ ရယ် ... ထမင်းဆိုင် က ရောင်းရတော့ ရောင်းရပါရဲ့ ။ အေးအေးဆေးဆေး ထိုင်စားမယ် ဆိုယင်လဲ ရပါတယ် ။ ဒါပေမယ့် ရှာနိုင်ဖွေနိုင်တုန်းမှာ ရှာအုံးမယ် ... တဲ့ ။


ငါ ကတော့ ထိုင် မစားနိုင်သေးဘူး ။ ငါ့ မှာက ဘာမှ မပြည့်စုံသေးဘူး ။ လင်သား ကလဲ မရှိတော့ဘူး ။ အိုးပိုင် အိမ်ပိုင်လဲ မရှိသေးဘူး ။


ဆိုင် ဆိုတာတော့ ဝေးရော ။ သင်္ကန်းကျွန်း ဈေးထဲက ဆိုင်ကလဲ သူများ ဆိုင် ။ ပြန်အပ်လိုက်ရပြီ ။


ဒိုးကလေး နဲ့ တွဲမိတော့ ငါ အား လဲ တက်မိတယ် ။ ဘာပဲပြောပြော တနယ်တကျေးမှာ ထွက်စီးပွား ရှာရမှာ ။ အရေးဆို တိုင်ပင်ဖော် တိုင်ပင်ဘက် လိုတယ် ။ နာမကျန်းယင်လဲ ပြုစု စောင့်ရှောက်မယ့် လူ လိုတယ် ။


ငါ နဲ့ ဒိုးကလေး မန္တလေး ဘက် ထွက်ခဲ့ကြတယ် ။ ဒိုးကလေး က ငါ့ ကို ဆရာ တင်တယ် ။ သည်တော့ ငါ့ အဆက်အသွယ် ရှိခဲ့ဖူးတဲ့ ဒေါ်ဆယ့် တည်းခိုခန်း ကိုပဲ အဓိက အားထားပြီး သွားကြတယ် ။


ထင်သလိုတော့ မဖြစ်ဘူး ။ အလုပ်ခန်းတွေ အားလုံးလဲ ပြည့်နေတယ် ။ အဖမ်းအဆီး အရှာအဖွေလဲ များတယ်တဲ့ ။ စိတ်မောရရော ။


ငါ့ မှာ ငွေလဲ များများ မပါဘူး ။ ဒိုးကလေး ကပဲ တချို့ စိုက်ထားတယ် ။ သူ့ မှာကတော့ လေးငါးရာ ပါတယ် ။ ပြီးတော့ ဆွဲကြိုးတကုံး လဲ ပါတယ် ။


ဒေါ်ဆယ် က ဆိုးတော့ မဆိုးဘူး ။ ငါတို့ နှစ်ယောက်ကိုတော့ အခန်းတစ်ခန်း မှာ တည်းခိုခွင့် ပေးတယ် ။ ဒါပေမယ့် သူ့ တည်းခိုခန်း မှာတော့ အလုပ် မလုပ်ပါဘူးလို့ ကတိပေးထားရတယ် ။


သည် တည်းခိုခန်း မှာ ငါ နဲ့အောင်သိန်း လာတည်းပြီး အလုပ် လုပ်ဖူးခဲ့တယ် မဟုတ်လား ။ တည်းခိုခန်း က သတ်သတ် ။ အလုပ်ခန်း က သတ်သတ် ။ အလုပ်ခန်း လေးခန်း က အောက်ထပ် နောက်ဖေးဘက်မှာပဲ ။


သုံးရက်လုံးလုံး အလုပ် မဖြစ်ဘူး ။ စရိတ်ထောင်းတယ် ။ အခန်းခ နဲ့ စားသောက်စရိတ် က တနေ့ ကို သုံးဆယ် ကျော်တယ် ။ နှစ်ယောက်ပေါင်း ဆိုတော့ ခြောက်ဆယ် ပေါ့ ။


တပတ်လောက် ကြာယင် ဒိုးကလေး ဆွဲကြိုး ပေါင်ရလိမ့်မယ် ။


အကြံအိုက်နေတုန်း မေမြို့ က ကောင်လေး နှစ်ယောက် တည်းခိုခန်း ကို ရောက်လာတယ် ။ စတုတ္ထနေ့ မှာပေါ့ ။


တစ်ယောက် နဲ့ ဒိုးကလေး နဲ့ ချိတ်မိတယ် ။ မေမြို့ ကို လိုက်ခဲ့ဖို့ ခေါ်တယ် ။ ဒါနဲ့ လိုက်သွားဖြစ်ကြရော ဆိုပါတော့ ။


မေမြို့ မှာ သုံးရက်လောက် ကြာတယ် ။ စားပြီးသောက်ပြီး တစ်ယောက်ကို လေးရာကျော် ပိုက်မိတယ် ။


မန္တလေး ကို ပြန်ဆင်းခဲ့ကြတယ် ။ တည်းခိုခန်း မှာပဲ ပြန်ပြီး စတည်းချတယ် ။


အောက်က အခန်းလေးခန်း မှာ ဒိုးကလေး နဲ့ ငါ နှစ်ခန်း ရလိုက်ယင်တော့ သိပ်ကောင်းမှာပဲ ။ ဒါပေမယ့် သူ့ လူနဲ့ သူ လည်ပတ်နေတာ ဆိုတော့ ငါ တို့ ကြားဖြတ် ဝင်တိုးဖို့ မလွယ်ဘူး ။


ဒိုးကလေး က အယင် စိတ်ပျက် စ ပြုလာတယ် ။


မမရေ ... စရိတ်ကလေး ရှိတုန်း ပြန်ကြရအောင် တဲ့ ။ ငါ တားကြည့်ပါသေးတယ် ။ ငုပ်မိသဲတိုင်ပေါ့ ။


ဒါပေမယ့် သည် ကောင်မလေး က စိတ်ဓါတ် ကျနေတယ် ။ အားပေးနှစ်သိမ့်လို့လဲ မရဘူး ။ သည်တော့ ရည်မှန်းချက် မအောင်မြင်ပဲ ပြန်လာခဲ့ကြတယ် ။ အိမ်အဝင် မှာ ငွေကလေး သုံးရာ ပဲ ပါတော့တယ် ။


အလုပ်အကိုင် ဆိုတာလည်း အပေါက်အလမ်း တည့်ချင်မှ တည့်တာမျိုးပဲ ။ ဘယ် အလုပ်အကိုင်ပဲ ဖြစ်ဖြစ် သည် အတိုင်းပဲ ။


အဆင်ပြေချင်တုန်းကလဲ ဝင်လိုက်တဲ့ ငွေတွေ လျောကနဲ လျောကနဲ ။ လူလဲ အားရတယ်လို့ မရှိဘူး ။ ဟော ... မပြေချင်တော့လဲ သွားလေရာရာ အနှောင့်အယှက် မလွတ်ဘူး ။ ငါ ကလဲ ငါ ပဲ ။ ဒိုးကလေး နဲ့ ကသောကမျော ထွက်သွားရလို့ စတော် တိုက် မသွားရဘူး ။


ဒါပေမယ့် အမေဂျမ်း အတွက်တော့ ထုံးစံအတိုင်း ကိုးပါတယ် ။ သည်တခါ မန္တလေး မှာ အဆင် မပြေလို့ မေမြို့ တက်တော့ အမေဂျမ်း အတွက် ငါးကျပ်တန် နှစ်ရွက် ကို ကိုးထားတယ် ။


အရေးထဲ ဟို ကိစ္စက မလာပြန်ဘူး ။ ဆယ့်လေးငါးရက် ကျော်ပြီ ။


ဟိုစပ်စပ် သည်စပ်စပ် နားလည်တဲ့ ဒေါ်ညှာ နဲ့ စမ်းကြည့်တယ် ။ ဘာမှ မတွေ့ဘူး ပြောတာပဲ ။


မော်လမြိုင် က ပြန်ရောက်ပြီး နောက်ရက်တွေမှာ ဆေးဆက်သောက်နေတော့ စောင့်ကြည့်ဖို့တော့ လိုသေးတယ် ။ ကြားမှာ နှစ်ရက်လောက်ကလဲ ဆေးပြတ်သွားရတယ် မဟုတ်လား ။


ဒေါ်ညှာ က အားတော့ ပေးတယ် ။ လက်သည်တောင် မလိုပါဘူးအေ ။ ငါ့ ဦးလေး မှာ အစွမ်းထက်တဲ့ ဆေးရှိပါတယ် ... တဲ့ ။ ထိမ်နေတာပါတဲ့ ။ စောင့်ကြည့်ပါဦးတဲ့ ။


စီးပွားရေး အဆင်မပြေရတဲ့ကြားထဲ ရောဂါက ဝင်လာတယ် ။ ပေါင်တွင်းကြောကြီးတွေ ရောင်လာတယ် ။ ဖုလာတယ် ။


ဒေါ်ညှာ က သက်ရင်းကြီးရွက် နဲ့ ဆား ကျပ်ထုပ် ထိုးပေးရင် ပျောက်နိုင်တယ် ပြောတယ် ။ ဒဏ်ကျေတယ်တဲ့ ။


သက်ရင်းကြီးရွက် ကလဲ ခဲခဲယဉ်းယဉ်း ရှာရတာမှ မဟုတ်ပဲ ။ ဒေါ်ညှာ ပဲ လမ်းထိပ် အိမ်က သွားတောင်း ခူးလာတယ် ။


ဆား နဲ့ ရောထောင်းပြီး ကျပ်ထုတ် ထိုးရတယ် ။ သက်သာတယ် ။ ဒါပေမယ့် လုံးဝတော့ မပျောက်ဘူး ။


မပျောက်တော့ ဆေးခန်းကို ပြေးရတယ် ။ ငွေဆယ့်ငါးကျပ် သာ ကုန်တယ် ။ ပေးလိုက်တဲ့ ဆေးကတော့ အနာဂျက်ဆင် က နှစ်လုံး ၊ ဘီဗစ် က လေးလုံး ၊ စီဗစ် က လေးလုံး တဲ့ ။


ကလိုင်ဗီနော ဝယ်စားရမယ်တဲ့ ။ ဆေးစာ ရေးပေးလိုက်တယ် ။


ဆယ်လုံး ပါတဲ့ ဆေးတကတ် ကို သုံးဆယ့်နှစ်ကျပ် တဲ့ ။ ဘယ် ဝယ်နိုင်မှာလဲ ။ ရောဂါပျောက်ချင်တော့လဲ ဝယ်ရတော့တာပေါ့ ။ ပေါင်မို့ ဇမခုပြီး လမ်းမှ မလျှောက်နိုင်တော့တာကို ။


ဆေးတကတ် ကို ငါးရက်ခွဲ သောက်တယ် ။ ဆရာဝန် ရဲ့ အညွှန်းကတော့ တစ်ခါသောက် နှစ်လုံး တနေ့ သုံးကြိမ် တဲ့ ။


တနေ့ ကို ခြောက်လုံး ။ ဆယ်လုံး ပါတဲ့ ဆေးတကတ်တဗူး ကို ကိုးဆယ် ။ ငါးရက်တည်း နဲ့ ကိုးဆယ် ကုန်မယ် ။


မတတ်နိုင်ဘူး ။ ငါးရက် ကို ဆေးတကတ်နှုန်းနဲ့ပဲ ချွေတာပြီး သောက်ရတယ် ။


မဆိုးဘူး ။ ဆေးတကတ် သောက်ပြီးယုံနဲ့ သိသိသာသာ သက်သာသွားတယ် ။ အကြောရောင်ပြီး ဖုနေတာတွေ ပျောက်သွားတယ် ။ ဒါနဲ့ငါ လဲ ရပ်လိုက်တယ် ။


ဝါ ကလဲ ဝင် တော့မယ် ။ သည့်အတွက်လဲ ငါ ပဲ တာဝန်ယူရတယ် ။ အိမ်တွင်းအုန်း လဲ ရတယ် ။ ဦးရှင်ကြီး တင်ရတယ် ။ ငွေငါးဆယ်ကျော် ထွက်ပြန်ရော ။


ဟုတ်တယ် ။ ငွေ ရပေါက်သာ အဆင်မပြေတာ ။ ထွက်ပေါက်တွေက ပိတ်လို့ကို မရဘူး ။ ဒါတောင် ကလေးတွေက ကျန်းကျန်းမာမာ ရှိနေကြပေလို့ ။


မန္တလေး က ပါလာတာကလေးလဲ ဘာ ကျန်တော့လို့လဲ ။ ဟိုတို့တိတို့တိ သည်တို့တိတို့နဲ့ တို့တိဖန် များတော့ အဆောက်အအုံ ဖြစ်လာတယ် ။ လက်ထဲမှာ တရာ့သုံးဆယ် လား ကျန်တော့တယ် ။


အမေ့ လက်ထဲတောင် ငွေ မအပ်နိုင်ပဲ ငါ့ လက်ထဲမှာတွင် ထားတယ် ။


သည်ကြားထဲ ပန်းမပွင့် တဲ့ ပြဿနာအတွက်ကလဲ စိတ်မအေးရဘူး ။ ဒေါ်ညှာ ပထမ ယူလာတဲ့ ဆေးသုံးခွက်စာ စားလိုက်တယ် ။ အကြောင်း မထူးဘူး ။


နောက်ထပ် ဆေးပြောင်း စားတယ် ။ သုံးလေးငါးရက် ပိုကြာသွားတယ် ။ ဒါလဲ အကြောင်း မထူးဘူး ။


အဲ့သည်အထိ ဒေါ်ညှာ ကတော့ ထိမ်တာပါပဲ ပြောနေတယ် ။ ငါ ကတော့ သိပ်မယုံချင်တော့ဘူး ။


ဆေးတိုက်သွားပြီး စမ်းသပ်ကြည့်လိုက်တယ် ။


သားဖွားမီးယပ်ဆရာဝန် က ဆေးထိုးပေးလိုက်တယ် ။ တပတ်စောင့်ကြည့်တဲ့ ။ ပြီးတော့ ပြောလိုက်တယ် ။ ကိုယ်ဝန် ရှိနေပြီတဲ့ ။


လက်ထဲမှာ လက်သည်ခတောင် မရှိတော့ဘူး ။ လက်သည် က တော်တယ်လို့ ပြောကြတယ် ။ တရာ့ငါးဆယ် ပေးရမယ် ... တဲ့ ။


တုတ်တုတ် ဆီမှာ နာရီ ပေါင်ရတယ် ။ သူငယ်ချင်းရယ် ... တရာ တော့ ပေးပါ ဟယ် ဆိုပြီး ၊ ထိုင် ရှိခိုး ရမတတ် ပြောရတယ် ။


သည် ငွေ နဲ့လည်း မလောက်သေးဘူး ။ နောက်ထပ် ထဘီ သုံးထည် နဲ့ အင်္ကျီ သုံးထည် ၊ စလင်းဘက် တလုံး ထပ်ပြီး ပေါင်လိုက်ရသေးတယ် ။


သည်လို အဝတ်အထည်တွေကျတော့ တုတ်တုတ် က လက်မခံဘူး ။ သည်တော့ ဒေါ်ညှာ့ လက်ကိုပဲ ဝကွက် အပ်နှံ လိုက်ရတယ် ။


ငါ့ ထဘီတွေ က ထဘီကောင်းတွေပဲ လုံးဝ မစွန်းသေးဘူး ။ ပါတိတ် တထည်ဆိုရင် တစ်ခါလား ခါးပေါ်တင်ကြည့်ရသေးတယ် ။ လျှော်လဲ မလျှော် ရသေးဘူး ။


ဒါပေမယ့် မတရား ဈေး နှိမ်တယ် ။ ထဘီတထည် ကို ဆယ့်ငါးကျပ် တဲ့ ။ အင်္ကျီလဲ ဆယ့်ငါးကျပ် ပဲ ရတယ် ။ ချုပ်ခသာသာပဲ ပေးတယ်ဆိုပါတော့ ။ စလင်းဘက် ဆိုရင် ငါ ဝယ်တုန်းက တရာ့ငါးဆယ် ပေးရတယ် ။ လေးဆယ် ပဲ ရတယ် ။


ပေါင်း တရာ့သုံးဆယ် ရတယ် ။ အဲ့သည် ငွေလေး နဲ့ လက်သည်အိမ် ပြေးရတယ် ။ ငွေ က လက်ထဲမှာ မရှိတော့ စိတ် သွားတိုင်း ကိုယ် မပါနိုင်ဘူး ။ ဟိုလူကပြောလိုက် ဟိုဆေးကောင်းနိုးနိုး ၊ သည်လူက ပြောလိုက် ၊ သည်ဆေး ကောင်းနိုးနိုး ။ ငါးကျပ်စ ၊ ခြောက်ကျပ်စ ပေးရတဲ့ ဆေးမြီးတိုလေးတွေ စားကြည့်ယင်းနဲ့လဲ အချိန်တွေ နှောင်းခဲ့တယ် ။


အင်္ဂလိပ်ဆေး ထိုးပြန်တော့လဲ စောင့်ရပြန်သေးတယ် ။ သည်လိုနဲ့ ကိုယ်ဝန် က လေးလ ထဲ ဝင်လာတယ် ။


သည်တော့ မျက်လုံးပြူး မျက်ဆန်ပြူး ခံရတော့တာပေါ့ ။ ကံကောင်းလို့ မသေတယ် ။


အဲ ... အမေဂျမ်း ကို စတော် တိုက်ပြီး ကူညီပါ မှိုင်းမပါ တောင်းပန်ရတယ် ။ ဒါပေမယ့် အနောက်တိုင်း ဆေးရုံ ရောက်တာ့မှပဲ ကိစ္စ ပြတ်တော့တယ် ။ ကလေး ပျက်ကျတယ် ။


ဆေးရုံ က ဆင်းတော့လဲ အနားယူရသေးတယ် ။ ဒါပေမယ့် နှစ်ပတ်လားပဲ နားရသေးတယ် ။ ဝင်းပပ ရောက်လာတယ် ။ နယ်က ဧည့်သည်တွေ လာလို့ အလုပ် ရှိတယ်တဲ့ ။ မေးကြည့်တော့ ဟို မောင်မောင်စန်း ဆိုတဲ့လူ ပါနေတယ် ။


ဟင့်အင်း ဆိုပြီး ခေါင်းခါလိုက်ရတယ် ။ ဖြစ်လေရာ ဘဝ အဆက်ဆက် သည်လိုလူမျိုးနဲ့ ဘယ်လိုမှ ရေစက် မဆုံချင်ဘူး ။ လျှာပေါ် မြက်ပေါက်ရင် ပေါက်ပလေ့စေ ။


လေးဆယ့်ငါးရက် တောင် အပြည့် မနားလိုက်ရပါဘူး ။ ဒိုးကလေး ရောက်လာပြန်တယ် ။ မန္တလေး သွားရအောင်တဲ့ ။ အဆက်အသွယ်ကောင်း ရလာတယ် လို့လဲ ပြောတယ် ။


ငါ့ ရဲ့ အခြေအနေကို ပြောပြလိုက်တယ် ။ ဘာမှ မရှိတော့ဘူး ။ အင်္ကျီအဝတ်အစားက အစ ဆလင်းဘတ် အဆုံး ပေါင်ထားရတယ် ။ ပြီးတော့ နာရီ လဲပဲ မရွေးနိုင်ဘူး ။ ကျန်းမာရေး ကလဲ သွေးနုနု ၊ သားနုနု ။


ခုနေ ခရီးသွားမယ့် ဧည့်သည်များ ရယင် သိပ်ကောင်းမှာပဲ လို့ ညဉ်းမိတယ် ။


အို ... မမကြော့ ကလဲ ခရီးသွားဖို့ စောင့်နေယင် ငတ်မယ် ။ တိုး ကတော့ အဲ့သည် ဧည့်သည်မျိုးကို မမျှော်ဘူး ။ ကိုယ့်ဟာကိုယ် ကျဖမ်း လှုပ်ရှားရတာပဲ သဘောကျတယ်တဲ့ ။


ငါ ကတော့ ငါ့ ဘဝနဲ့ငါ ညဉ်းမိတာပါ ။ ခရီးသွားလို့ တထောင် ရမယ်ဆိုယင် ငါးရာ စရန် ရမယ် ။ ပစ္စည်း ကလေးတွေ လဲပဲ ပြန် ရွေးနိုင်မယ် ။ အိမ် အတွက်လဲပဲ တချို့တဝက် ပြန်ပေးထားမယ် ။


ဒိုးကလေး က ငွေနှစ်ရာ ထုတ်ချေးတယ် ။ မရွေးမဖြစ်တာကို ရွေးနှင့် ပေါ့တဲ့ ။


နာရီ ရွေးလိုက်တယ် ။ အဝတ်အစား တစုံ ရွေးလိုက်တယ် ။ ကျန်တာတွေကိုတော့ ပြန်လာမှပဲ ရွေးတော့မယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment