Saturday, November 6, 2021

လေပြင်းမုန်တိုင်းကြီးတွင် တွယ်စရာ ခိုစရာ


 ❝ လေပြင်းမုန်တိုင်းကြီးတွင် တွယ်စရာ ခိုစရာ ❞


သာမန် မဟုတ်သော အခါကာလကြီးတွင် အချိန်သည် ဘယ်လိုကုန်သွားမှန်း မသိနိုင်ချေ ။


ကျွန်တော် သည် ကမာရွတ် မှာသာ ခပ်လျှိုလျှို ဆက်နေသွား၏ ။ ဘီအိုင်အေ ဌာနချုပ် တွင်

ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း တို့ အထက်မြန်မာပြည် သို့ တက်သွားပြီးသည့်နောက် ဗိုလ်စကြာ

သည် အကြီးအကဲ ဖြစ်၏ ။ ဗိုလ်စကြာ ဆိုသူမှာ သခင်အောင်သန်း ပင် ဖြစ်ကြောင်း၊ သူလည်း

သခင်အောင်ဆန်း နှင့် အတူ ဂျပန်ပြန် ဗိုလ်တစ်ဦး ဖြစ်ကြောင်းလောက်ကိုသာ သိထားပါ၏ ။

သည့်ပြင်ကား ဘာမျှ ကောင်းစွာ မသိ ။ ဗိုလ်စကြာ မှာ ဆေးရုံတင်နေရသည်ဟုလည်း ကြားရ၏ ။

သူ့နေရာတွင် ဗိုလ်ကျော်ဇော ဆိုသူ အခြား ဂျပန်ပြန် ဗိုလ်တစ်ဦး အလုပ်ဆင်းနေသည်ဟု သိရ၏ ။

ထိုဗိုလ် ၏ ပင်ရင်း တာဝန်မှာကား ဂေါ်ရာကုန်း မှာ ဗိုလ်သင်တန်း ဖွင့်ပေးခြင်း ဖြစ်သည်ဟုလည်း

သိရသေး၏ ။ သည့်ထက် ပိုပြီး ကျွန်တော် မသိ ။ ဗိုလ်ကျော်ဇော ဆိုသူ၏ အမည်ရင်း ကိုပင် မသိသေးချေ ။ သူတို့ထံမှောက်တွင် ကျွန်တော့် ရင်တွင်းမှာ ရှိသမျှတွေကို ဖွင့်ထုတ်ရန် မဖြစ်နိုင်ချေ ။

သူတို့ကလည်း ကျွန်တော့်အား ယုံကြည်နိုင်မည် မဟုတ် ။ အရင်းနှီးဆုံး ရဲဘော်လည်း ဖြစ်ပြီး

အချစ်ခင်ဆုံး ကျောင်းနေဖက်သူငယ်ချင်း ကိုအေးငွေ ကို တမ်းတမိသည် ။ သူ နှင့် တွေ့ပြီး တိုင်ပင်ဆွေးနွေးလိုသည် ။


သို့မဟုတ် သခင်တင်မောင်ကြီး နှင့် တွေ့ရလျှင် အဆင်ပြေလိမ့်မည် ။ ဂျပန် တွေ ဗမာပြည်ထဲ

မရောက်ခင်က ကျွန်တော် သည် သူနှင့် ပွင့်ပွင့်လင်းလင်း မဆွေးနွေးရဲချေ ။ ကျွန်တော် တို့၏

အရေးတော်ပုံလုပ်ငန်းများကို ပြောမပြရဲချေ ။ အဲဒီတုန်းက သူ့ အယူအဆ၊ အထင်အမြင်များကို

ကျွန်တော် လေးစားစွာ နားထောင်သော်လည်း လက်မခံခဲ့ချေ ။ ယခု ဂျပန် များ မြန်မာပြည် ထဲသို့

ရောက်ပြီးချိန်တွင် လုံးဝ လက်ခံနိုင်ပေပြီ ။ သူ၏ ဟိုတုန်းက မြော်မြင်ချက်များသည် ယခု

ကျွန်တော် ၏ ခံစားချက်များနှင့် ညီညွတ်နေပေပြီ ။


အင်္ဂလိပ် နှင့် ဂျပန် စစ်မဖြစ်မီ သုံးလေးလလောက်တုန်းက အင်းစိန်ထောင်ထဲမှ “ ဖက်ဆစ် အန္တရာယ် ကို ဒီမိုကရေစီ အင်အားစုအားလုံး နှင့် ပူးပေါင်း တိုက်ဖျက်လိုသည် ”  ဟူသော အသံတစ်သံ ထွက်လာခဲ့၏ ။ ထိုစဉ်အခါက အင်းစိန်ထောင်ထဲတွင် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင် တစ်ဝက်ခန့် ထောင်ကျနေလေသည် ။ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ

အလုပ်သမား အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ သခင်ကျော်စိန် က “ သူသည်

ဖက်ဆစ်ဂျပန် အန္တရာယ်ကို လူထုနည်း အစည်းအရုံးနည်းများဖြင့် ပြန်လည်တိုက်ဖျက်ဖို့

လိုကြောင်း ၊ ထိုလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် သူ့အား ထောင်မှလွှတ်ပေးဖို့

လိုကြောင်း ”  ဘုရင်ခံ ဒေါ်မန်စမစ် ထံသို့ စာရေးခဲ့လေသည် ။ ထိုစဉ် အခါတုန်းက ကျွန်တော် သည်

အင်းစိန်ထောင်ထဲ မှ ထိုအသံ ကို လေးနက်စွာ မစဉ်းစားခဲ့ချေ ။ သခင်ကျော်စိန် ၏ တောင်းဆိုချက်

ကိုလည်း အခြားသော ကျွန်တော့် ရဲဘော်များနှင့် အတူ “ ထောင်က ထွက်ချင်လို့ သဘောတရားတွေ

ထုတ်ပြီး ရေးနေတဲ့ စာတွေပါ ”  ဟု ရယ်စရာ လုပ်ခဲ့လေသည် ။ ယခု ဖက်ဆစ်သံတလိမ့် ( ဒလိမ့် )

ကြီး ကျွန်တော်တို့ အပေါ် ကြိတ်လာပြီဖြစ်ရာ အထက်ပါ အင်းစိန်ထောင် ထဲမှ ခေါင်းဆောင်များ ၏

အသံကို လေးလေးနက်နက် စဉ်းစားနိုင်ပါပြီ ။ သူတို့ ၏ ထင်မြင်ယူဆချက်များကို ရိုသေလေးစား

လာပါပြီ ။


ထိုစဉ် အခါတုန်းက အင်းစိန်ထောင် ထဲတွင် အလုပ်အမှုဆောင်လူကြီး များ ဖြစ်သော သခင်

လေးမောင် ၊ သခင်နု ၊ သခင်စိုး ၊ သခင်သန်းထွန်း ၊ သခင်အုန်းဖေ ၊ သခင်ခင်အောင် ၊ သခင်လှဘော်ကြီး နှင့် သခင်ကျော်စိန် တို့ ရှိကြသည် ။ ခု သူတို့ ဘယ်ရောက်နေကြပြီလဲ ။ အင်္ဂလိပ် က

သူတို့အား ထောင်တွေပြောင်းပြောင်းပို့သွားရာ အိန္ဒိယပြည် အထိ ခေါ်သွားလေမည်လား ။ သူတို့

အတွက် ကျွန်တော် များစွာ စိုးရိမ်ကြောင့်ကြနေလေသည် ။ ဟိုစဉ်တုန်းက အင်းစိန်ထောင် ထဲမှ

ထွက်လာသော ဖက်ဆစ်ဆန့်ကျင်ရေး ခေါ်သံကို သူတို့အားလုံး သဘောတူကြသလား ။ ယခု

သူတို့ ဘယ်လို ယူဆနေကြမည်လဲ ။ ယခု သူတို့ ဘယ်လို လမ်းစများ တွေ့ထားကြသလဲ ။ ယခု

သူတို့ ဘယ်လို ညွှန်ကြားမည်လဲ ။ ကျွန်တော် သိချင်စမ်းပါဘိ ။ သူတို့တစ်တွေ ကို လိုက်ရှာပြီး

မေးချင်လှ၏ ။ ကျွန်တော် ကား ဖက်ဆစ်မှောင်ထု တွင် ကျရောက်နေရာမှ အလင်းရောင် ရှာနေသူပေတည်း ။


ကျွန်တော် နေ့စွဲ အသေအချာ မမှတ်မိတော့သော မေလ ၏ နေ့တစ်နေ့ တွင် နေပူလှသော နေ့လယ်

အချိန်၌ ရေတွင်း အနီး သစ်ပင်အောက်မှာ ကျွန်တော် သည် ကိုကြွယ် နှင့် ကျားထိုးလျက်

နေလေသည် ။ ထိုအခိုက် ကိုတင်ဖေ ရောက်လာလေသည် ။


ကိုကြွယ် က သူ့ကျား ကို ရွှေ့လိုက်ချိန် နှင့် ကိုတင်ဖေ ရောက်လာချိန်မှာ တစ်ပြိုင်နက်တည်း ဖြစ်နေလေသည် ။ ထို့ကြောင့် သူသည် စကားပြောရန် အားသွားလေရာ ကိုတင်ဖေ အား -


“ မင်း လှည်းဖြုတ်ပြီးပြီလားဟေ့ ” 


“ ဟုတ်ကဲ့၊ ခုပဲ ပြန်ရောက်တယ်၊ ဖြုတ်ပြီး မြင်းစာကျွေးထားခဲ့ပြီး ကိစ္စရှိတာနဲ့ ဒီကို လာခဲ့တာပဲ ” 


ကျွန်တော် ကား ကျွန်တော့် ကျား ကို ရွှေ့ရန်သာ စိတ်ကူးနေရသဖြင့် စကား မပြောအား ။ ကိုကြွယ် က

ပင် -


“ ဪ မင်းက ကိစ္စနဲ့ လာခဲ့တာကိုး၊ ကိုင်း ဆိုစေဗျား ” 


“ ကိုတင်ထွန်း ကို စာတစ်စောင် ပေးစရာရှိလို့ ” 


ကျွန်တော် သည် ကျားကွက် စိတ်ကူး မပေါ်သေးသည် နှင့် မရွှေ့သေးဘဲ ထားလိုက်ရသည် ။


ကိုတင်ဖေ အား လှမ်းကြည့်ပြီး -


“ ဘယ်သူက ပေးလိုက်တာလဲ ”  


ကိုတင်ဖေ က ကျွန်တော့် အား စာကို လှမ်းပေးရင်း -


“ ဒီမှာ နေမကောင်းလို့ နေသွားတဲ့ ဦးကြီးမောင် ဆီကလေ ” 


ကျွန်တော် မှာ အံ့ဩဝမ်းသာဖြင့် ပျာပျာသလဲ ဖြစ်သွားလေသည် ။ ဦးကြီးမောင် မှာ တို့ဗမာ

အစည်းအရုံး ၏ ဥက္ကဌ သခင်တင်မောင် ၊ သို့မဟုတ် သခင်တင်မောင်ကြီး ၏ နာမည်ဝှက်

ဖြစ်သည် ။


“ သူနဲ့ ဘယ်မှာတွေ့ခဲ့သလဲ ” 


“ အင်းစိန် ဘက်မှာ တွေ့ခဲ့တယ် ” 


ကျွန်တော် က သခင်တင်မောင်ကြီး ၏ စာကို ဖောက်ပြီး ဖတ်ရန် လုပ်နေစဉ် သူက ဆက်ပြောပြန်လေသည် ။


“ တွေ့တော့ ဦးလေးမြင့် တို့ ၊ ကိုကြွယ် တို့ အကြောင်း မေးတယ် ၊ ကျန်းကျန်းမာမာ ရှိကြရဲ့လားတဲ့ ၊

အန္တရာယ်ကင်း ဘေးရှင်းကြရဲ့လားတဲ့ ။ စကားစပ်မိတာနဲ့ ကျုပ်က ကိုတင်ထွန်း လည်း ရောက်နေတဲ့အကြောင်း ပြောပြလိုက်တယ်၊ ဒီတော့ သူက ဒီစာကို ရေးပေးလိုက်တာပဲ ” 


သူက ကျွန်တော် ၏ နာမည်ဝှက် ' ညွန့်မောင် ' ဆိုတာကို သုံးပြီး ရေးလိုက်သည် ။ သူ့ဆီ

လာတွေ့ရန် ချိန်းခြင်းဖြစ်၏ ။ သူနေထိုင်သော တောရကျောင်း သို့ လာတတ်အောင် ညွှန်ကြား

ရှင်းလင်းချက်များလည်း ပါလေသည် ။


ကိုကြွယ် -


“ သူ တစ်ခေါက်မှ ဒီဘက် မလာဘူး နေနိုင်လိုက်တာ ” 


ကျွန်တော် -


“ လာလို့ မလွယ်လို့ ဖြစ်မှာပါဗျာ၊ မလာချင်လို့တော့ မဟုတ်နိုင်ပါဘူး ” 


ကိုတင်ဖေ က ချက်ချင်းလိုလို လှည့်ပြန်မည် လုပ်သောအခါ ကိုကြွယ် က -


“ ပြန်တော့မှာလားကွ နေပါဦးလား ” 


“ ပြန်တော့မယ်ဗျာ၊ အိမ်မှာ အဖေ တစ်ယောက်တည်း ရှိတယ်၊ သူကလည်း ကျွန်တော် ပြန်ရောက်တယ် ဆိုရင်ပဲ သူ့မြင်း တပ်ပြီး လှည်းထွက်ဖို့ လုပ်နေပြီ ” 


ကိုကြွယ် -


“ မင်း အမေ နဲ့ မြကြည် တို့က ဘယ်သွားကြသလဲ ” 


“ အမေ ရယ်၊ တင်ရွှေ တို့ လင်မယားရယ် ဘူတာရုံဘက် သွားကြတယ်၊ ကိုပြုံး က ဘူတာရုံမှာ အလုပ်ပြန်ရ မလိုလို ကြားတာနဲ့ သွားကြတာဗျ၊ မြကြည် တော့ ဈေးသွားတယ်ဗျ ”  


ကိုကြွယ် -


“ မြကြည် တစ်ယောက်တည်း သွားတာလား ” 


“ ဟုတ်တယ်ဗျ ” 


ကိုကြွယ့် မျက်နှာတွင် စိုးရိမ်စိတ်ကြောင့် ထင်ဟပ်လာသည် ။ သူ သည် ဒေါ်လုံးတင် နှင့် မညားခင်ကပင် မြကြည် တို့အား ဂရုတစိုက် စောင့်ရှောက်ခဲ့၏ ။ ခုတော့ မယားပါ သမီးလည်း ဖြစ်ပြန်၊

ကိုတင်ဖေ ၏ မယားလည်း ဖြစ်လာပြန်သော အခါ ပို၍ ဂရုစိုက်လျက် ရှိလေသည် ။


“ ဒီခေတ်ကြီးမှာကွာ၊ မိန်းကလေး တစ်ယောက်တည်း မသွား မလာစေနဲ့ ဟ၊ ပျိုပျို အိုအို မထူးဘူးဟ၊

ငပုတွေ ဘယ်လောက် ရမ်းကားနေတယ်ဆိုတာ မင်း ကြားတယ် မဟုတ်လား ” 


“ ဟုတ်တယ်၊ ကျွန်တော် ပြောတော့ထားသားပဲ၊ ဈေးကလည်း သိပ်မဝေးလို့ သွားလိုက်တာ

ထင်ပါရဲ့၊ ကဲ ပြန်ဦးမယ်ဗျာ ” 


ကိုတင်ဖေ ၏ မျက်နှာနှင့် အမူအရာတို့တွင် စိုးရိမ်မကင်းဖြစ်လာသည်မှာ သိသာလှ၏ ။


သူ ထွက်သွားသော အခါ ကိုကြွယ် က ကျား ကို လက်ခုပ်ထဲမှာ လှုပ်ရင်း -


“ တို့ပြည်ကတော့ နေဖို့တောင် မကောင်းတော့ဘူးနော်၊ မင်း ကြားလား၊ တစ်နေ့က ခွေးမသား

တင်ကြီး က ပုလိပ်အင်စပိတ်တော် ဦးတုတ်ကလေး ရဲ့ သမီး ကို တောင်းယူတာ၊ ကလေးမကလေး က

အပျိုဖားဖား ဖြစ်တာမှ မကြာသေးဘူး၊ ကွန်ဗင့်ကျောင်းသူကလေး လေ“ 


“ သူ့ အဖေ က ငြင်းလိုက်ဖို့ ကောင်းတယ်နော် ” 


“ ဘယ့်နှယ် လုပ်ပြီး ငြင်းမှာလဲ၊ ခွေးသားကြီး က ဦးတုတ်ကလေး ကို အင်္ဂလိပ်သူလျှို ဂျပန့်လက်ထဲ

အပ်လိုက်မယ်၊ ဘာညာ ပြောပြီး မြောက်လိုက် လှိမ့်လိုက် လုပ်တာကိုး ။ ပုလိပ်အရာရှိ ဆိုတော့

အင်္ဂလိပ် သူလျှို လို့ စွပ်စွဲရင် လွယ်နေတာကိုးကွ၊ ဂျပန် ကလည်း ယုံမှာပဲ၊ အဖျင်းဆုံး လက်ထိပ် ကို

အပ် နဲ့ အဆွခံရပြီးသားပဲ ” 


ကျွန်တော့် မျက်စိထဲတွင် ခပ်ခွင်ခွင် ခြေနှစ်ချောင်း ဖြင့် ခပ်ယိုင်ယိုင် ထောက်ထားသော တုတ်ခိုင်သည့် ကိုယ်ခန္ဓာမှ သေးကွေးသော လက်နှစ်ချောင်း တွဲကျလျက်ရှိသော အသက် ၄၀ ကျော်ပြီ

ဖြစ်သည့် သခင်တင်ကြီး အား မြင်နေလေသည် ။ သူ့ အား ကွန်ဗင့်ကျောင်းသူ ပျိုဖြူ လှလှနုနု

ကလေး နှင့် ယှဉ်တွဲလျက် ကျွန်တော့် မျက်စိမှာ ထင်မြင်လာရန် ကြိုးစားသည်၊ မအောင်မြင်ချေ ။


ကျွန်တော်တို့ သည် ကျား ဆက် မကစားကြတော့ပေ ။


နောက်တစ်နေ ့နံနက်တွင် ကျွန်တော် တစ်ယောက်တည်း သခင်တင်မောင် ထံသို့ သွားရန် ထွက်ခဲ့

လေသည် ။


အင်းစိန်ထောင်ကြီး အနီးသို့ သွားရ၏ ။ ပြီးမှ လှည်းလမ်းကလေး တစ်ခုသို့ ချိုးဝင်ရ၏ ။

လှည်းလမ်းဘေးတွင် လယ်ခင်းများ နှင့် ဥယျာဉ်ခြံများ ရှိ၏ ။ အတန်ကြာသောအခါ တောကလေး

ထဲသို့ ဝင်ရသည် ။ ၎င်းနောက် ဗြုန်းခနဲ တောရကျောင်းတိုက် သို့ ရောက်သွားလေသည် ။ မြို့ နှင့်

တကယ်ဝေးပြီး ' စိပ်ပုတီးနှင့် ရိပ်ကြီးခိုရန် ' တကယ်ကောင်းသော ကျောင်းတိုက်ဖြစ်လေသည် ။

အဆောက်အအုံ ကြီးကြီးမားမား မရှိ ။ သစ်သားကျောင်း ခပ်ငယ်ငယ်များသာ ရှိသည် ။ ' သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက် သီတင်းသီလ ဆောက်တည်ရန် ' နေရာများကား ပေါလှ၏ ။


သူစိမ်းတစ်ယောက် ဝင်သွားသည်ဆိုလျှင် လှုပ်လှုပ်ရွရွဖြစ်သွားပြီး သိသာလှသည့်နေရာဖြစ်၏ ။

သခင်တင်မောင်ကြီး သည် ကျွန်တော် ရောက်သည်ကို ချက်ချင်း သိလေသည် ။


သခင်တင်မောင်ကြီး က ကျွန်တော့် အား ဘယ်သူမျှ မရှိသော ဇရပ်ကလေး တစ်ခုသို့ ခေါ်သွားလေသည် ။


ထိုင်မိလျှင်ပင် ကျွန်တော် က -


“ ကျွန်တော် ရန်ကုန် ရောက်ရောက်ချင်း ခင်ဗျားကို စုံစမ်းနေတာပဲဗျ ” 


သခင်တင်မောင်ကြီး သည် သူ၏ မူပိုင် အပြုံးဖြင့် -


“ ဘယ်သူမှ မသိကြဘူး မဟုတ်လား ” 


“ ဟုတ်ကဲ့ ဘယ်သူမှ မသိကြပါဘူး ထင်တယ် ။ ကျွန်တော် ကလည်း ခင်ဗျား နဲ့ ရင်းနှီးတဲ့လူ

ဘယ်သူမှန်း မှ မသိဘဲ ။ တကယ်ဆိုတော့ဗျာ ဒီနေ့ထိ ကျွန်တော် တော့ ရန်ကုန် မှာ ရင်းနှီးတဲ့

ရဲဘော်ရဲဘက် ဘယ်သူ့မှ မတွေ့ရသေးဘူးဗျ“ 


“ ဟဲ ဟဲ ခုမှပဲ ရင်းနှီးသူ တွေ့ရတော့တယ်ပေါ့ ” 


“ ဟုတ်တယ် ” 


သူက ကျွန်တော် နှင့် ကွဲသွားပြီးသည့်နောက်မှ စ၍ ယခု ပြန်တွေ့သည်အထိ သူ့မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြသည် ။ တစ်ပါတည်းပင် မြန်မာပြည် တစ်ပြည်လုံး ဂျပန့် လက်အောက်သို့

ရောက်ခဲ့ရပုံကို ပြောသွားသည် ။ မေလ ၁၃ ရက်နေ့ က မဟာမိတ် စစ်တပ်များ သည်

မြန်မာပြည် အရပ်ရပ်မှ ရုပ်သိမ်းပြီးကြောင်း ကြေညာသည်ဟု သိရလေသည် ။ ကျွန်တော်ကလည်း

သခင်တင်မောင် အား သူနှင့် ကွဲပြီးသည့် နောက်မှစ၍ ယခုပြန်တွေ့သည်အထိ ကျွန်တော့်မှာ

ဖြစ်ပျက်တာတွေ၊ ဗမာများ မှာ ဖြစ်ပျက်တာတွေကို တွေ့သမျှ၊ ကြုံသမျှ ဖုံးကွယ်ခြင်းမရှိဘဲ

ပြောပြသည် ။ တစ်ပါတည်းမှာပင် ယခင် က သူ၏ မြော်မြင်ချက်တို့သည် ယနေ့ ကျွန်တော်၏

ခံစားချက်တွေနှင့် တစ်ထပ်တည်းတူနေကြောင်း ဝန်ခံလိုက်လေသည် ။


သူကား ကျွန်တော် ဝန်ခံသမျှကို ပြုံး၍ နားထောင်နေသည် ။ “ ငါ မပြောဘူးလားကွာ ”   ဟူသော

ကြွားဝင့်ခြင်းမျိုး မရှိပေ ။


ကျွန်တော် - 


“ အင်းစိန်ထောင် ကနေပြီး ပြောင်းသွားရတဲ့ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်လူကြီးတွေ ခု

ဘယ်မှာတဲ့လဲ၊ လိမ့်လိမ့်လည်းလည်း ဘာမှမဖြစ်ဘူး ထင်ပါရဲ့နော် ” 


သူက ဝမ်းသာအားရစွာ ပြောသည် ။


“ အားလုံး ဘေးကင်းရန်ကင်းတာပဲတဲ့ကွ ။ အင်းစိန်ထောင် ကနေပြီး သရက်၊ ပြီးတော့ မြင်းခြံ၊

ပြီးတော့ တချို့ကို မန္တလေး၊ တချို့ကို မုံရွာ ပြောင်းခေါ်သွားတယ် ။ အိန္ဒိယ ကိုတော့ ခေါ်မသွား

နိုင်တော့ဘူး ။ သခင်နု ၊ သခင်စိုး တို့ လူစုက မန္တလေးထောင် ရောက်မှ လွတ်ကြသတဲ့ ။ သခင်သန်းထွန်း ၊ သခင်လေးမောင် တို့ လူစုကတော့ မုံရွာထောင် ကျမှ လွတ်ကြသတဲ့ ” 


“ သခင်ကျော်စိန် ရဲ့ သတင်းကောဗျ ” 


“ သူလည်း သခင်နု တို့နဲ့ အတူတူ မန္တလေးထောင် က လွတ်ကြတာပဲတဲ့ ။ ကိုယ့်လူ ဘယ်သူ့မှလည်း

မပြောနဲ့ ၊ သခင်နု ၊ သခင်စိုး နဲ့ သခင်ကျော်စိန် တို့ကို ထောင်က ထုတ်ပြီး တရုတ်ပြည် ပို့ပေးဖို့

စီစဉ်ကြသေးသတဲ့ ။ ဒါပေမဲ့ မအောင်ဘူး ။ ဂျပန် တွေက သီပေါမြို့ ကို သိမ်းလိုက်တော့ တရုတ်ဗမာ လမ်းကနေပြီး ထွက် မရတော့ဘူး ။ ခုတော့ ဘယ်နည်းနဲ့ မဆို ဗမာပြည် အပြင်ရောက်ပြီး

မဟာမိတ်တွေ နဲ့ အဆက်အသွယ် ယူဖို့ သခင်ကျော်စိန် ၊ သခင်မြသွင် နဲ့ ကိုသိန်းဖေ တို့ဟာ

တရုတ်တပ် နဲ့ လိုက်သွားကြပြီတဲ့ ” 


“ ဟုတ်လား၊ ကိုသိန်းဖေ ကို ကျွန်တော် မန္တလေး မှာ တွေ့ခဲ့သေးတယ် ” 


“ ဒီ ပြင် လူတွေတော့ မကြာခင် ရန်ကုန် ကို ဆင်းလာကြလိမ့်မယ် ” 


“ ဆင်းလာပြီး ဘာလုပ်ကြမှာလဲ၊ ခုကော ဘာလုပ်နေကြပြီလဲ၊ကျွန်တော်တို့ကော ဘာလုပ်ရမှာလဲ၊

ဒါပဲ သိချင်တယ်ဗျာ ။ မြင်တွေ့နေရတဲ့ အခြေအနေတွေကို ကျွန်တော် မကြိုက်ဘူး၊ မခံမရပ်နိုင်

ဖြစ်နေတယ် ။ နို့ပေမယ့် ဘာလုပ်ရမှန်း မသိဘူး ” 


ကျွန်တော့် အမေးကို သခင်တင်မောင်ကြီး သည် လွယ်လွယ်ရှင်းရှင်း နှင့် မဖြေတတ် ဖြစ်နေသလော၊

သို့မဟုတ် သူကိုယ်တိုင် ကျွန်တော့် လိုပင် အဖြေရှာနေဆဲပင်လော မပြောတတ်ပါ ။ သူကား

အတန်ကြာ ဘာမျှ မပြော၊ ပြောပြန်တော့လည်း -


“ ဒီလို ရှိတယ်လေ သခင်တင်ထွန်း ရဲ့၊ တစ်ခုခုတော့ လုပ်ရမှာပဲ ။ နို့ပေမယ့် မခံမရပ်နိုင်ဖြစ်တိုင်း

အရင်စလို လုပ်လို့ မဖြစ်ဘူး ။ စစ်မရောက်ခင် က မြားကုန်တယ် ဆိုတာမျိုးကို ရှောင်ရမယ် ” 


ကျွန်တော် ကား သူ့လို အဘိဓမ္မာဆန်တွေးတောပြီး အေးအေးနေတတ်သူ မဟုတ် ။ ကျွန်တော့်အား

သွေးဆူလွယ်သူဟု ခေါ်လျှင်လည်း ခံရပါတော့မည် ။


“ စစ်မရောက်ခင် က မြားမကုန်စေနဲ့ ဆိုတာကတော့ ဘာမှ မလုပ်ချင်တဲ့ လူတွေအတွက်

အကောင်းဆုံး စကားပုံပဲဗျာ ” 


ကျွန်တော် သည် ဤစကားများဖြင့် သခင်တင်မောင်ကြီး အား တိုက်ခိုက်လိုက် သလို ဖြစ်သွားလေသည် ။ သူ့ မျက်နှာသည် တင်းမာသွား၏ ။ သူသည် ခေါင်းကို နောက်ပစ်လှန်ကာ သူ၏

 ထူထပ်သော ဆံပင်များကို လက်ဖြင့် ဖိရင်းသပ်ရင်း အတန်ကြာအောင် စဉ်းစားနေလေသည် ။

၎င်းနောက် မတ်မတ်ထိုင်လိုက်ပြီး လေးဆေးစွာ ပြောလိုက်လေသည် ။


“ ကိုယ်တို့တစ်တွေလည်း တတ်နိုင်သလောက် လုပ်ကြတာပါပဲကွာ ။ ကာကွယ်ရေး ပုဒ်မ ၂၆ နဲ့ ၃၈

အရ သခင်လေးမောင် ၊ သခင်နု ၊ သခင်သန်းထွန်း ၊ သခင်စိုး တို့ ထောင်ကျပြီးတဲ့နောက် တို့ဗမာ

အစည်းအရုံး အလုပ်အမှုဆောင် ပြန်ဖွဲ့ရလို့ ကိုယ်က ဥက္ကဌ တက်လုပ်ရတယ် ။ နောက် ဘာကြာလဲ

ဖက်ဆစ်ဂျပန် တွေ အင်ဒိုချိုင်းနား ရဲ့ ကမ်းမရားကွေ့ ကို သိမ်းပြီး ရေတပ်အခြေခံစခန်း လုပ်လိုက်တယ် ။ ၁၉၄ဝ ခုနှစ် ဇူလိုင်လ ထဲမှာပေါ့ကွ ။ ရေကျော်လမ်း မှာ တို့ဗမာအစည်းအရုံး ရဲ့ နိုင်ငံလုံး

ဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပတယ်၊ အဲဒီမှာပဲ ငါ က ဥက္ကဌ အဖြစ်နဲ့ တို့ဗမာအစည်းအရုံး သည် ဗမာတစ်နိုင်ငံလုံး ကိုယ်စား ဖက်ဆစ်စနစ် ကို ခုခံတွန်းလှန်မယ် လို့ ကြေညာ

ခဲ့တယ် ။ ကမ်းမရားကွေ့ မှာ ဂျပန်တွေ လုပ်ပုံကို ရှုတ်ချခဲ့တယ် ။ နောက် စက်တင်ဘာလ ထဲမှာ

အင်္ဂလိပ် က တရုတ် - ဗမာလမ်းမကြီး ကို ဂျပန် အကြိုက်လိုက်ပြီး ပိတ်လိုက်တော့ တို့ဗမာအစည်းအရုံး က ကန့်ကွက်ခဲ့တယ် ။ ဒါဟာ တရုတ်ဒီမိုကရေစီ ကို အင်္ဂလိပ်နယ်ချဲ့ တို့က သစ္စာဖောက်ခြင်း ဖြစ်တယ်လို့ တို့က သတ်မှတ်ခဲ့တယ် ။ ၁၉၄ဝ ခု အောက်တိုဘာလ မှာ ပျဉ်းမနား မှာ

တို့ဗမာအစည်းအရုံး နိုင်ငံလုံးဆိုင်ရာကော်မတီ အစည်းအဝေး ကို ကျင်းပခဲ့တယ် ။ အဲဒီ

 အစည်းအဝေး မှာ ကိုယ် က ဥက္ကဌ အနေနဲ့ ဖက်ဆစ်ဂျပန်များ ဟာ မြန်မာပြည် ထဲ ကျူးကျော်

ဝင်ရောက်လာရင် ခုခံတွန်းလှန်မယ်လို့ ကြေညာခဲ့တယ် ” 


သခင်တင်မောင်ကြီး သည် တို့ဗမာအစည်းအရုံး အနေနှင့် ဖက်ဆစ်ဆန့်ကျင်ရေး သဘောထားများ

ရှိခဲ့ပုံကို အတိတ်ဆောင်နေလေသည် ။ ရေနံမြေအလုပ်သမားတပ်ဦး ညီလာခံ မှ ဆုံးဖြတ်ချက်များ

မြင်းခြံ တို့ဗမာအစည်းအရုံး ညီလာခံ မှ ဆုံးဖြတ်ချက်များ စသည်တို့ကို ကိုးကား၍ ပြောလေသည် ။


“ ကြေညာချက်တွေ ဆုံးဖြတ်ချက်တွေကတော့ ဟုတ်တာပေါ့ဗျာ၊ ဖက်ဆစ်ဂျပန် ခုခံတွန်းလှန်ရေး

အတွက် ပါပဲ ။ သို့ပေမယ့် လက်တွေ့ဖြစ်တာကတော့ ကျွန်တော်တို့ မြန်မာပြည်ထဲ မြန်မြန်

ဝင်လာနိုင်အောင် ကူကြတာပဲဗျ ။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားသလဲဆိုတာတော့ ကျွန်တော်

နားကို မလည်ဘူးဗျာ ” 


သခင်တင်မောင်ကြီး သည် ဘာမျှ ပြန်မပြောနိုင်ဘဲ ကြောင်သွားသည် ။ သို့သော် သူ၏ မျက်နှာမှာ

ဒေါသ မရှိ၊ ပကတိ အေးချမ်းတည်ငြိမ်နေလေ၏ ။


အတန်ကြာမှ -


“ အင်း ဟုတ်တော့ ဟုတ်တာပဲ ။ ဒါပေမဲ့ ကိုယ့် အနေနဲ့ကတော့ အဖြစ်အပျက်တွေကို မတားဆီးနိုင်တာသာ အပြစ်ပါပဲ ။ ဟိုအရင်က မင်း အယူအဆတွေ မမှန်ဘူးလို့ ဆိုပြီး ကိုယ် ဝေဖန်ခဲ့တယ်

မဟုတ်လား ။ သို့ပေမယ့် မင်း ကို အမှန်ရောက်အောင် မပို့နိုင်ခဲ့ဘူး၊ မင်းတို့ အလုပ်ကို တို့

မတားဆီးနိုင်ခဲ့ဘူး ။ စကားစပ်မိလို့ ပြောရဦးမယ် ။ သခင်မြ ရယ်၊ ကိုယ် ရယ်၊ ဘုရင်ခံ

ဒေါ်မန်စမစ် နဲ့ သွားတွေ့ကြပြီး ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းတွေ လုပ်ဖို့ ထောင်ထဲ က တို့ဗမာ

 အစည်းအရုံး ခေါင်းဆောင်တွေ ကို လွှတ်ပေးဖို့ တောင်းဆိုကြတယ် ။ ဒီတော့ ဘုရင်ခံ က သခင်အောင်ဆန်း နဲ့ သခင်ခေါင်းဆောင်အချို့ ဂျပန် ရောက်နေပြီဆိုတဲ့ အစီရင်ခံစာ ကို ထုတ်ပြပြီး

တောင်းဆိုချက် ကို မလိုက်လျောနိုင်တဲ့ အတွက် ဝမ်းနည်းပါတယ်လို့ ပြောလွှတ်လိုက်တယ် ။

အဲဒီလို အခြေအနေမျိုးမှာ တို့က ဘာတွေများ လုပ်နိုင်မှာလဲ ။ တကယ်ကတော့ သခင်အောင်ဆန်း

ဂျပန် ရောက်သွားတာကိုက အစီအစဉ် မရှိဘဲနဲ့ ရောက်သွားတာပဲ ။ ဒါလည်းပဲ အခြေအနေကို

မတားဆီးနိုင်တဲ့ သဘောပေါ့ ကိုယ့်လူ ” 


ကျွန်တော့် မှာ အံ့ဩ၍ မဆုံးနိုင် ဖြစ်နေသည် ။


“ ဒါ အဟုတ်ပဲလား ” 


“ ဒီလိုပဲ ပြောကြတာပဲ ။ ကိုယ်ကတော့ သခင်အောင်ဆန်း တို့ ဂျပန် ရောက်သွားတာ အစီအစဉ်ရှိပြီး

ကြံစည်ရင်းအတိုင်း ရောက်သွားတာလား ။ မကြံစည်ဘဲနဲ့ ရောက်သွားတာလားဆိုတာကို အငြင်းမပွားချင်ဘူး၊ တို့တစ်တွေဟာ အားလုံးပဲ အခြေအနေကို မတားဆီးနိုင်ခဲ့ကြဘူး ဆိုတာကတော့

ဘယ်သူမှ မငြင်းနိုင်ဘူး ထင်တယ် ” 


“ ဟုတ်တယ်၊ အခြေအနေကို မတားဆီးနိုင်တာတော့ အမှန်ပဲ ။ ဒါကြောင့်လည်း ဖက်ဆစ်ဂျပန် ဟာ

ကျွန်တော်တို့ နိုင်ငံကို ကုပ်ခွစီးထားနိုင်နေပြီ၊ အုပ်စီးထားနိုင်ပြီ ။ နောက်လာတဲ့ မောင်ပုလဲ

ဒိုင်းဝန်ထက် ကဲ ဆိုတာလိုပါပဲ၊ ဒီ ဝဋ်က ကျွတ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ဖက်ဆစ်ဂျပန် ကို

ဘယ်လို တွန်းလှန်ကြမလဲ ” 


ကျွန်တော် က ဆူပူလှုပ်ရှားနေသလောက် သခင်တင်မောင်ကြီး မှာ အေးစက်စက်နိုင်လှသည် ။


“ အခြေအနေ ရင့်ကျက်အောင်စောင့်ပြီး အချိန်ကျတော့ တွန်းလှန်ရမှာပေါ့ ” 


သူ့ အဖြေကို မမှန် ဟု ကျွန်တော် မပြောနိုင်သော်လည်း အားရစရာကောင်းသော အဖြေကား

မဟုတ်ချေ ။ ကျွန်တော့် သွေးမှာ ဆူပွက်နေဟန် တူသည် ။ ကျွန်တော့် အသံမှာ သဘာဝ မကျဘဲ

မြင့်တက်နေသည် ။


“ အရိပ်ထဲက ထိုင်ပြီး အေးအေးကလေး စောင့်နေရမှာလား ” 


သခင်တင်မောင်ကြီး သည် ကျွန်တော့် အတွင်းလှုပ်ရှားမှုများကို ရိပ်မိဟန် တူသည် ။ ရယ်ပစ်လိုက်ပြီး -


“ ဟား ဟား သခင်တင်ထွန်း ရယ် ဒီလိုလည်း မဟုတ်ပါဘူး၊ ခေါင်းအေးအေး ထားစမ်းပါ ။ ကိုယ်တို့

လူတွေ စုံအောင် စောင့်ပါဦး၊ ယုံကြည်ရတဲ့ လူအချင်းချင်း တိုင်ပင်ဆွေးနွေးပြီး လုပ်သင့်တာ

စလုပ်ကြတာပေါ့“ 


သခင်တင်မောင်ကြီး က ယုံကြည်ရတဲ့ လူအချင်းချင်း ဟူသော စကားကို ထည့်ပြောလိုက်ခြင်းသည်

ကျွန်တော့် အား လေးလေးနက်နက် စဉ်းစားခန်း ဝင်စေ၏ ။ ယခုထိ ကျွန်တော်လည်း ကိုယ့်ရင်တွင်း

ရှိသမျှကို ဖွင့်ပြနိုင်သော ယုံကြည်ရသူများကို ရှာနေသည် မဟုတ်ပါလား ။ သခင်တင်မောင် လည်း

ကျွန်တော့် လိုပဲ ယုံကြည်ရသူ ရှာနေသည် မဟုတ်ပါကလား ။ လေပြင်းမုန်တိုင်း သည် ကျွန်တော်

တို့အပေါ်တွင် ဗြုန်းခနဲ ကျရောက်လာ၏ ။ သစ်ပင်တွေ အမြစ်ကလန်ပြီး လဲကျလွင့်စဉ်နေ၏ ။

လှိုင်းတံပိုးကြီးများ ရိုက်ခတ်နေ၏ ။ ထိုကြားထဲတွင် ခိုင်မြဲသော အတွယ်အခို ၊ လုံခြုံသော

အကာအကွယ် ရှာရသည်မှာ တကယ် မလွယ်ပါတကား ။


မိုးသည် ဗြုန်းခနဲ ရွာကျလာလေသည် ။ လွန်ခဲ့သော ရက်များအတွင်းက နေအလွန်ပူထားသဖြင့်

ဓနိမိုး တွင် အပေါက်များ ရှိနေပေရာ မိုးယို၍ ကျလေသည် ။ ကျွန်တော်တို့ သည် နေရာရွှေ့ထိုင်ကြရ၏ ။ ဇရပ်ရှေ့မှာ ဦးပဉ္စင်း တစ်ပါး ခပ်သုတ်သုတ် လျှောက်သွားလေသည် ။


ကျွန်တော် -


“ ဒီကျောင်းတိုက်မှာ သိပ်ပြီး တိတ်ဆိတ်တာပဲနော်၊ ကျောင်းတိုင် သံဃာ လည်း နည်းတယ်

ထင်တယ် ” 


“ နည်းတယ်၊ သိပ်နည်းတာပဲ၊ ကျောင်းသားလည်း သိပ် မရှိဘူး ” 


“ စစ်ပြေးတွေကော သိပ် မရှိဘူးလား ”  


“ မရှိဘူး၊ ကိုယ်တောင် ပြောင်းလာတာ မကြာသေးဘူး ” 


“ အရင်က ဘယ်မှာလဲ ” 


“ ရွှေတောင်ကြား မှာ နေလိုက်သေးတယ်လေ၊ သခင်ကိုယ်တော်မှိုင်း နဲ့ မျက်နှာချင်းဆိုင် အိမ်

ဟာပေါ့ ” 


“ ဪ ဟုတ်လား၊ သခင်ကိုယ်တော်မှိုင်း လည်း ရွှေတောင်ကြား မှာ နေသလား ” 


“ နေတာပေါ့၊ ရွှေတောင်ကြား ဘက်က အိမ်တွေ ကို သခင်ခေါင်းဆောင်တွေနေဖို့ သိမ်းထားတာပဲ ။

ကိုယ်ကတော့ အဲဒီမှာ နေရင်း စိတ်ချလက်ချနေလို့ မဖြစ်တာ တွေ့လာရတယ် ။ ဂျပန် တွေက

မသင်္ကာဘူး ဆိုရင် ဖမ်းဆီးပြီး ရိုက်တာပဲ၊ လက်သည်းခွံ ခွာတယ်၊ လျှပ်စစ်ဓာတ်နဲ့ ရှို့တယ်၊ အိုကွာ

အမျိုးမျိုး နှိပ်စက်တာပါပဲ ။ ကိုယ့် ကို ဂျပန်ကင်ပေ တွေက မသင်္ကာ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ် ။ ဒီတော့ ခုလို ပြောင်းရွှေ့နေလိုက်တာ ကောင်းတာပေါ့ ” 


“ ရွှေတောင်ကြား ထဲမှာ သခင်ခေါင်းဆောင် တချို့ နေကြတယ်လို့တော့ ကျွန်တော် ကြားပါရဲ့၊

သို့ပေမယ့် ခုအခါကြီးမှာ ' မေးပါများ စကားရ ' ဆိုတဲ့ စကားဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးနိုင်လေတော့ မေးမြန်းစုံစမ်း မနေတော့ပါဘူးဗျာ ” 


“ အေး အရမ်းမမေးတာ၊ မစုံစမ်းတာ ကောင်းတယ် ။ သခင်အောင်ဆန်း ၊ သခင်ကိုယ်တော်မှိုင်း ၊

သခင်မြ တို့ အကြောင်း မမေးရဘူးလို့ ဂျပန် တွေက လုပ်ထားတယ် ။ အင်္ဂလိပ် ဘက်သား ရန်သူတွေက လုပ်ကြံသွားမှာ စိုးရသတဲ့ ။ ကဲ ဒါထားဦး၊ ဥပမာ နိုင်ငံခြား ထွက်သွားပြီ ဆိုတဲ့

သခင်သိန်းဖေ တို့ လူစုအကြောင်း မေးမိတယ် ဆိုပါတော့၊ မေးတဲ့လူဟာ သခင်သိန်းဖေ တို့ရဲ့

လူရင်ဖြစ်ရမယ်၊ သို့မဟုတ်လည်း ဂျပန်သူလျှိုရင် ဖြစ်ရမယ်လို့ အမေးခံရတဲ့လူက ထင်လိုက်မှာပဲ ။ ဘယ်ဘက်ကမှ ဘေးအန္တရယ် မကင်းဘူး ။ ဒီတော့ အင်မတန် ရင်းနှီးတဲ့လူကိုမှ မေးတာမြန်းတာ ကောင်းတယ် ” 


“ ခု ဒီမှာ ခင်ဗျားနဲ့ အတူ သခင်ခေါင်းဆောင် ထဲက ဘယ်သူများ ရှိနေသလဲ ” 


“ ဘယ်သူမှ မရှိဘူး ။ ရွှေတောင်ကြား မှာ တုန်းကတော့ ဆရာတော် သခင်ပါမောက္ခ လည်း ကိုယ်နဲ့

အတူနေတာပဲ ။ ဘုန်းကြီး ကလည်း မဟုတ် မခံကွ၊ ဒီတော့ ဂျပန် တွေ လုပ်နေတာတွေ အတိအလင်း

ရှုတ်ချကန့်ကွက်နေတယ် ။ ကိုယ်ကလည်း အစကတည်းက ဖက်ဆစ်ဆန့်ကျင်ရေးသမားမှန်း

လူသိများနေတော့ ရွှေတောင်ကြား မှာ အတူနေလို့ မကောင်းတော့ဘူး ။ ဆရာတော် ကတော့

ဗားကရာ သူ့ကျောင်း သူ ပြန်သွားတယ်၊ ကိုယ်ကတော့ ဆရာတော် အဆက်နှင့် ဒီကျောင်း

ပြောင်းလာတာပဲ ။ မကြာခင်တော့ ဆရာဖေ တို့ ဒီကို ပြောင်းလာကြလိမ့်မယ်၊ ဆရာဦးရွှေဖေ

တို့လေ၊ မင်း သိတယ်မဟုတ်လား ” 


မသိဘဲ နေပါမည်လော ။ မခင်သစ် ၏ အဖေ၊ ဒေါ်ရွှေသစ် ၏ မောင်၊ ကျောင်းဆရာ ဦးရွှေဖေ ကို

 ဆိုလိုသည် မဟုတ်ပါလား ။ သူတို့ သတင်းကို နားစွင့်နေတာ ကြာပြီ ။


“ ဪ ဆရာဖေ တို့ ဒီ ပြောင်းလာကြမယ်လား၊ ခု သူတို့ ဘယ်မှာလဲ ” 


“ ခု သူတို့ မှော်ဘီ မှာ ရှိနေကြတယ်၊ သူတို့က အဲဒီ ဇာတိကိုးကွ ” 


သခင်တင်မောင်ကြီး သည် စကားကို ရပ်ထားလိုက်ပြီး အပြင်သို့ ကြည့်နေလေသည် ။ မိုးသည်

စွေနေသော မိုး မဟုတ်၊ သွန်ချသလို ရွာချလိုက်ပြီး ရပ်သွားခဲ့လေပြီ ။ နေမင်းသည် ကြိုးကြား

ကြိုးကြား ထွက်ပြူနေ၏ ။ သခင်တင်မောင်ကြီး ၏ မျက်နှာမှာ ညှိုးနွမ်းသွားလျက် -


“ ဆရာဖေ လည်း ဂျပန် အနှိပ်အစက် ခံထားရတယ် ကိုယ့်လူ ” 


ကျွန်တော့် မှာ ထိတ်လန့်သွားသည် ။


“ အို ဖြစ်ရလေဗျာ၊ နိုင်ငံရေးသမား လည်း မဟုတ်ဘဲနဲ့ ” 


“ ဟ သခင်တင်ထွန်း ရဲ့၊ ခုအခါမှာ နိုင်ငံရေးသမား အနှိပ်စက်ခံရတာက နည်းတယ် ။ ရိုးရိုးလူတွေ

အနှိပ်စက်ခံရတာ များတယ် ။ နိုင်ငံရေးသမား ကတော့ ရှောင်တတ်တိမ်းတတ်တယ် ။ မီးစင်ကြည့်

ကတတ်တယ် ရိုးရိုး လူတွေကတော့ ဒီလို မဟုတ်ဘူး ။ ဒိလိုနဲ့ ဆရာဖေ ခမျာ ခံရရှာတာပေါ့ ” 


ကျွန်တော့် မှာ များစွာ စိတ်မကောင်း ဖြစ်ရသည် ။ ဆရာကတော် ဒေါ်ညွန့် နှင့် သမီး မခင်သစ် တို့အား

အထူးကရုဏာ သက်မိလေသည် ။ သူတို့ အတွက်ပင် စိုးရိမ်လာသည် ။



“ ဖြစ်ပုံပြောစမ်းပါဦးဗျာ ” 


“ သခင်တင်ထွန်း သိတဲ့ အတိုင်းပဲ၊ ဆရာဖေ ဟာ ကျောင်းဆရာ ရိုးရိုးပဲ ။ ဒါပေမဲ့ နိုင်ငံရေးသမားတွေကို လေးစားတယ်၊ အားပေးတယ် ။ ကျောင်းဆရာ ကိုထွန်းရွှေ တို့နဲ့ ပတ်သက်ပြီး ဆရာဖေ

တို့နဲ့ တို့ရဲဘော်တွေ ရင်းနှီးကြရတယ် ။ ကိုယ်တို့တစ်တွေ ပြေးကြလွှားကြရတော့ သူ့ဆီမှာ

အရေးကြီးတဲ့ စာအုပ်တွေ အပ်ထားကြတယ် ။ ကိုယ့် စာအုပ်တွေလည်း အပ်ထားတယ် ။ လီနင်ဝါဒ

ပြဿာနာများ၊ မာ့က်စ်ဝါဒလက်စွဲကျမ်း၊ တရုတ်ပြည်ပေါ်မှာ ထွန်းတဲ့ ကြယ်နီ၊ ဂျပန် ရဲ့ ရွှံ့ခြေထောက် စတဲ့ စာအုပ်တွေပေါ့ကွာ ။ ဆရာဖေ ကလည်း သူကိုယ်တိုင် မဖတ်တတ်ပေမယ့်လို့

တို့အတွက် အင်မတန် အဖိုးတန်တဲ့ စာအုပ်တွေ ဖြစ်တယ်ဆိုတာ ယုံကြည်တယ် ။ ဒါကြောင့်

မှော်ဘီ ပြေးတော့လည်း ယူသွားတယ် ။ တစ်နေ့တော့ ဂျပန် တွေ က အိမ်တွေ တက်မွှေရင်း အဲဒီ

စာအုပ်တွေ တွေ့သွားတော့ ဆရာဖေ ကို ဂျပန် ဆန့်ကျင်ရေးသမား ကွန်မြူနစ် စသည်ဖြင့် စွပ်စွဲပြီး

ဖမ်းသွားတော့တာပဲ၊ ခေါင်းဆောင် ဘယ်သူလဲ၊ ကွန်မြူနစ်ဌာနချုပ် ဘယ်မှာလဲ စသည်ဖြင့်

မေးတော့တာပဲ ။ ဆရာဖေ ကလည်း မသိတော့ ဘယ်မှာ ပြောတတ်မှာလဲ ။ ဆရာဖေ က မသိဘူး

မပြောတတ်ဘူး ဆိုတာကို ဂျပန် တွေက မယုံဘူး၊ ဘယ်သူ့ စာအုပ်တွေလဲလို့ မေးတော့ ဆရာဖေ က

တို့ကို ဂျပန် တွေ ရန်ရှာမှာ စိုးတာနဲ့ ဘာမှ မပြောဘူး ။ အမျိုးမျိုး ရိုက်နှက်၊ အမျိုးမျိုး နှိပ်စက်ပြီး

စစ်တာပဲ ။ အတော်ခံလိုက်ရတယ် ကိုယ့်လူ၊ ဆရာဖေ ကို ဗိုလ်ကျော်ဇော က ကောင်းကောင်း

သိတယ် ” 


“ ဘယ် ဗိုလ်ကျော်ဇော လဲဗျ ” 


“ ဘယ် ဗိုလ်ကျော်ဇော ဖြစ်ရဦးမှာလဲ၊ ဂျပန်ပြန်၊ အခု ဗိုလ်သင်တန်းကျောင်း တာဝန်ခံ ဗိုလ်ကျော်ဇော

ပေါ့ကွ ” 


“ ဪ ကြားဖူးသားပဲ ” 


“ အေး ဗိုလ်ကျော်ဇော ဆီ လူလွှတ်ပြီး အကျိုးအကြောင်း ပြောရတယ်၊ ဗိုလ်ကျော်ဇော က

ဂျပန်တွေ ထံ ဝင်ပြီး ပြောပေးလို့ ဆရာဖေ အသက် မသေဘဲ လွတ်ခဲ့ရတယ် ကိုယ့်လူ ” 


“ ဖြစ်မှဖြစ်ရလေဗျာ ” 


“ မှော်ဘီ မှာက ဂျပန် တွေနဲ့ နီးတယ်၊ ဆရာဖေ က ဂျပန် တွေ လက်လှမ်း မမှီလောက်တဲ့ နေရာပြောင်းချင်တယ် ။ သမီးပျိုကလေးကလည်း ရှိသေးတော့ အမျိုးမျိုး စိတ်ပူတယ် ထင်ပါရဲ့ ကိုယ့်လူရာ ။ ဒါကြောင့် ဒီတောရကျောင်း ပြောင်းလာခဲ့ဖို့ ကိုယ် က ခေါ်ထားတာပဲ ။ အားလုံး အစီအစဉ်

လုပ်ပြီးပြီ၊ ပြောင်းလာကြလိမ့်မယ် ” 


“ ကျွန်တော်ကလည်း သူတို့နဲ့ တွေ့ချင်ပါတယ်ဗျာ ” 


“ နောက် လာခဲ့ပေါ့၊ ဒီလာရင် တွေ့မှာပါပဲ ” 


ကျွန်တော် စဉ်းစားကြည့်နေမိသည် ။ မခင်သစ် တို့ မိသားတစ်စုသည်လည်း ဖက်ဆစ်ဂျပန် တို့အား

ကျွန်တော့် လိုပင် မုန်းနေလိမ့်မည် ။ ယုံကြည်အားကိုးစားရသော ရဲဘော်ရဲဘက် တွေ ရှာကောင်း

ရှာနေမည် ။


ကျွန်တော်တို့ တဲဇရပ်ရှေ့မှ အုပ်လမ်းကလေးပေါ်တွင် သပိတ်ပိုက်ထားသော ဘုန်းကြီးတစ်ပါး နှင့်

ဆွမ်းဟင်းအုပ်ထမ်းသော ကျောင်းသားကလေး တစ်ယောက်တို့သည် ဆွမ်းခံပြန်လာကြသည်ကို

တွေ့ရလေသည် ။ ဘုန်းကြီး နှင့် ကျောင်းသားကလေး တို့မှာ မိုးရေစိုရွှဲနေလေသည် ။


“ ကဲ ကျွန်တော် ပြန်ဦးမယ်“ 


“ အေး ကိုယ်တို့တစ်တွေ စုကြဦးမှာပေါ့ ” 


“ ဟုတ်ကဲ့၊ စစ်ရောက်တော့ ပစ်ရအောင် မြားတွေ စုထားကြရလိမ့်မယ် ” 


သခင်တင်မောင်  က ပြုံးလိုက်လေသည် ။ သူ့အပြုံးက သူ့တွင် တွေ့နေကျ သူ့မူပိုင် အပြုံး ဖြစ်လေသည် ။


“ အေး ကောင်းတယ်၊ ကောင်းတယ်၊ စစ် မရောက်ခင်သာ မြား မကုန်ပစေနဲ့၊ မြား ကို စုတော့

စုထားရမယ် ” 


ကျွန်တော် ကမာရွတ် အိမ်သို့ ပြန်ရောက်သော အခါ ဘယ်သူ့ကို တွေ့ရသည် ထင်သနည်း ။


ကိုအေးငွေ ။


လေပြင်းမုန်တိုင်းကြီး ကြားတွင် တွယ်စရာ၊ ခိုစရာ တစ်ဦး တွေ့ပြန်လေပြီ ။


မှား အတူ၊ မှန် အတူ၊ ဆိုး အတူ၊ ကောင်း အတူ ဖြစ်ခဲ့သော ကျွန်တော့် ရဲဘော်ကြီး ကိုအေးငွေ ။


ဂျပန် နှင့် စစ် စဖြစ်ကတည်းက သူ နှင့် ကျွန်တော် လူချင်း ကွဲသွားခဲ့လေသည် ။ သို့သော် ကျွန်တော်

တို့၏ အသည်းနှလုံးတို့ကား သီးခြား ကွေကွင်း မနေခဲ့ကြပါ ။


သူသည် ဗမာ့လွတ်လပ်ရေးတပ်မတော် ဗိုလ်ကလေး ယူနီဖောင်း ကို ဝတ်ထား၏ ။ မြင်းစီး

သားရေဖိနပ်ကြီး နှင့် ဓားရှည်ကြီးများ ကား မပါ ။ ရိုးရိုးခံ့ခံ့ နှင့် ကြည့်ကောင်းနေလေသည် ။


“ ဘယ်တုံးက ဘီအိုင်အေ ထဲ ဝင်သလဲ ” 


“ မကြာသေးဘူး ။ ဂေါ်ရာကုန်း ဗိုလ်သင်တန်းကျောင်း တက်တယ် ၊ ကျောင်းကလည်း ဆင်းရော

ကမာရွတ် တစ်ဝိုက်မှာ တစ်စုတစ်စု ဖွဲ့ရမယ်လို့ တာဝန်ကျတယ် ။ တာဝန်ကျတဲ့ အတိုင်း ဖွဲ့ပြီးပြီ၊

ဖွဲ့လည်းပြီးရော ဘီအိုင်အေ ဖျက်ရမယ်လို့ သတင်းကြားနေတယ် ” 


“ အို ဟုတ်လား၊ ဂျပန် တွေကလည်း အကင်းပါးသားပဲနော်၊ ဘယ်ဟာဖြင့် ပြည်သူ့အဖွဲ့

လက်နက် ဆိုတာ သိတာပဲနော် ” 


“ ပါးတာပေါ့ ဖိုးတင်ထွန်း ရာ၊ သူတို့လည်း အံခွအောင် စားဖူးနေတဲ့ ကောင်တွေပဲ ။ ကိုယ်လေ

ဂျပန် တွေရောက်လာပြီး မကြာဘူး၊ သူတို့ အကြောင်း ကောင်းကောင်း သိတာ ။ သိလို့လည်း

ပြန်ချရအောင်လို့ တပ်ထဲ ဝင်တာ၊ ဗိုလ်သင်တန်း တက်တာပဲ ။ ကိုယ့်ကို အုပ်ချုပ်ရေးဘက်မှာ

တာဝန် ပေးသေးတယ်၊ ရာထူးပေါ့ ကိုယ့်လူရာ၊ ကိုယ် မယူဘူး၊ စစ်ထဲပဲ ဝင်ပစ်လိုက်တယ် ။ ခုတော့

ဘီအိုင်အေ ဖျက်ပစ်မယ် ဆိုတော့ အဖျက် မခံဘဲနဲ့ ကိုယ့်တပ်စု နဲ့ တော အခြေခံ တစ်ခုခု ယူပြီး

ခံချနေမယ်တောင် စိတ်ကူးမိတယ် ” 


“ တစ်ယောက်တည်းတော့ ထ မလုပ်နဲ့လေ၊ တိုင်ပင်ညှိနှိုင်းရဦးမှပေါ့ ” 


“ အင်း အဲဒါလည်း ဟုတ်တာပဲ ။ ပြီးတော့လည်း ဘီအိုင်အေ ကို ဖျက်ပေမယ့် ဒီ့ပြင်နာမည်

တစ်ခုခုနဲ့တော့ ထပ်ပြီး ဆက်ဖွဲ့ဦးမှာနဲ့ပဲ တူပါတယ်၊ ဒါကြောင့် စောင့်နေတာပဲ ” 


“ ကိုအေးငွေ ခင်ဗျား စစ်ဗိုလ် ဖြစ်ပြီဆိုတော့ မိန်းမများ ရနေပြီလား ” 


“ ဟာ ကြံကြီးစည်ရာ ကိုယ့်လူရာ ” 


“ မသိဘူးလေ၊ ခုတလော ဘီအိုင်အေ ဗိုလ် တို့၊ သခင်အရာရှိ တို့ စန်းပွင့်နေကြလို့ပါ ။ လက်ထပ်လိုက်ကြတာ အလျှိုလျှိုပဲ ” 


ကျွန်တော်တို့ သည် တောက်တိုမည်ရ အတင်းအဖျင်းများကို ပြောကြသည် ။ လွန်ခဲ့သော

ခြောက်လအတွင်း က အတွေ့အကြုံများ ကို လှဲလှယ်ကြသည် ။ ထင်မြင်ယူဆပုံတွေကို ညှိကြလေသည် ။ ကမ္ဘာစစ်သတင်းများ နှင့် ကမ္ဘာ့ရေးရာများ ကို ဆွေးနွေးကြသည် ။ ကျွန်တော်တို့

နှစ်ယောက်သည် တစ်ခုတည်းသော ရေစီးမှာ လိုက်ပါခဲ့ကြ၏ ။ ကူးခတ်ခဲ့ကြ၏ ။ ကျွန်တော်တို့

နှလုံးသည်းပွတ်များ သည် တစ်ခုတည်း အဖြစ်ဖြင့် ပေါင်းစပ်ခဲ့ကြ၏ ။


ယခုအခါ အတွေ့အကြုံတူညီသည့်အပေါ်တွင် အခြေခံ၍ အထင်အမြင် အယူအဆကို ညှိလိုက်ကြ

 သောအခါ တစ်ခုတည်းသော အထင်အမြင် အယူအဆ ဖြစ်လာပေသည် ။ ကျွန်တော်တို့ ၏

 ဦးတည်ရာသည် တစ်ခုတည်း ဖြစ်၏ ။ ဤသို့ တူညီခြင်းများကို တွေ့ရသောအခါ ကျွန်တော့် မှာ

မည်မျှ ဝမ်းသာသနည်း ။ မည်မျှ အားတက်သနည်း ။ ဖော်ပြရန်ပင် ခက်လေသည် ။ 


◾သိန်းဖေမြင့်


📖 အရှေ့က နေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

No comments:

Post a Comment