အခန်း ( ၅ )
ငါ့ ကိုယ်တော်တွေ အဖွာတော်သောက်တာ သိပ် အားရစရာ ကောင်းတယ် ။ ရှိတ်ကနဲ ရှိတ်ကနဲပဲ ။
သည် ကောင်မ မိညို ... နေမစောင်းပါဘူး ။ ရောက်လာလိမ့်မယ် ။
လက်ထဲမှာ ငွေကလဲ မရှိတော့ဘူး ။ ယောက်ျား ကလဲ မလာတာ သုံးရက် ရှိပြီ ။ တနေ့လာမှ တခါပေးတော့လဲ ပြတ်တာပေါ့ ။
ပေးတော့လဲ ကုလားပေး ပေးတယ် ။ ထုပ်ထုပ်ထည်ထည် မပေးဘူး ။ တနေ့မှ တဆယ်ရယ် ။
ထားပါတော့ ။ သည် ယောက်ျားကို ငါ ပေါင်းနေတာ ငွေ ကိုမှ အခြေမခံတာပဲ ။ ချစ်လို့ ပေါင်းနေတာပဲ ။ သူကတော့ သည်လို မြင်ချင်မှ မြင်မယ် ။
တနေ့ ငွေတစ်ဆယ် ရလို့ ပေါင်းနေယင် မှားသွားမယ် ယောက်ျား ။ မှား သွားမယ် ။ သည်မယ် ... မိကြော့ ဆိုတဲ့ မိန်းမ က ဘယ်တော့မှ ငွေမျက်နှာ မကြည့် ဘူးမှတ်ပါ ။ စိတ် မပါယင် ငွေ ဘယ်လောက် ရရ အလုပ်တောင် လုပ်တာ မဟုတ်ဘူး ။
ရိုင်းရိုင်းပြောရယင် ကုလားခပ်တဲ့ ရေ ကုလားဖင်ဆေးတာနဲ့တင် ကုန်တာပါပဲ ။
စီးကရက် ကြိုက်တယ်လဲ ပြောတယ် ။ အိမ်ကို လာယင် လက်ကြားညှပ်လာတဲ့ဆေးလိပ်အပြင် အပိုမပါဘူး ။ အိမ်ရောက်ယင် ဆေးတံ
ထုတ်သောက် တယ် ။
ငါ စဉ်းစားတယ် ။ ဘာလို့ သည်ဆေးတံကို သောက်တာလဲ ။ ကြိုက်လို့လား ။ ကြိုက်တယ် ဆိုယင်လဲ ဒူးယား ကို ဘာလို့ လက်ကြားညှပ်လာ ရတာလဲ ။
ငါ က မေးကြည့်တယ် ။ မောင် ... ဆေးတံဆို ဆေးတံပဲ သောက်ပါတော့လား ။ ဒူးယား က ဘာဖြစ်လို့ သောက်တာလဲ ... လို့ ။
အိုကွာ ... ကားပေါ်မှာကျယင် ဆေးတံက ဒုက္ခ ပေးတယ် ။ ဆေးစ ၊ ဆေးနကနေ မီးကျနိုင်တယ် ။ ဒါကြောင့်ပါတဲ့ ။ အင်း ... သူ့ အကြောင်းပြချက်နဲ့ သူကတော့ ဟုတ်နေတာပဲ ။
ဒါပေမဲ့ ငါ သိတယ် ။ ယောက်ျား က ဒူးယား ကြိုက်တယ် ။ ဆေးတံ ကို ဟန်လောက် သောက်တာနေမှာ ။ ဒူးယား တကျပ်ဖိုး ဝယ်ပြီး ချထားပေး ကြည့်တယ် ။ ဟော ... တလိပ်ပြီး တလိပ် မီးကူး သောက်သွားတယ် ။ ကုန်ရော ။
ဪ ... သူကြိုက်ရှာတယ်လေ .... ဆိုပြီး ငါ ဝယ်တယ် ။ အဲ သုံးကျပ်ဖိုးဝယ်ယင် သုံးကျပ်ဖိုး သောက်သွားတယ် ။
လက်ဖက်ရည် ကျတော့လဲ ကြိုက်လိုက်တာ သူ့ အပြင် နှစ်ယောက် မရှိဘူး ။
ချိုင့်ဆွဲ တစ်ခါဝယ်ယင် ငါးမတ် ။ သူ ပြန်တဲ့အထိဆိုယင် အငယ်လေး သုံးခေါက် ဆွဲရတယ် ။ တခါဆွဲတိုင်း ဒူးယား ကလဲ တကျပ်ဖိုးပါတယ် ။ သည်တော့ ခြောက်ကျပ် ခုနစ်ဆယ့်ငါးပြား ကုန်နေပြီ ။ သူပေးတဲ့ ငွေတစ်ဆယ် ဘာကျန်တော့လို့လဲ ။
တခါတလေ ပေးတဲ့ငွေ တဆယ်ထဲက ဆိုက်ကားခ တကျပ်တောင် ပြန်တောင်းသွား တတ်သေးတယ် ။
သူ နဲ့ တွေ့တာ ဖွတ်တက်တာပဲလို့ ငါ မပြောရက်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ငါ က ချစ်တာကိုး ။ ငါအဆင်းရဲ ခံတယ် ။ အငတ် ခံတယ် ။
မှတ်မှတ်ရရ သူ ဝယ်ပေးဖူးတာဆိုလို့ မန္တလေးချိတ် ကိုးဆယ်တန် တထည်ရယ် ၊ ပြီးတော့ ဟို ဆယ်ရက်ကွက်ဈေးမှာ ဝယ်ပေးတဲ့ အိရှံ အပျိုဗိုက်ဖုံး အင်္ကျီ တစ်ထည် ရယ် ။ ဒါပါပဲ ။ အဲ ... မေ့လို့ ။ ပရိုမီနာ ဗူးသေး တဗူး ။ ဒါပါပဲ ။
ခု ... ငါ့မှာ မျက်နှာ အပြောင်သားနဲ့ ။ ကိုယ်လိမ်းပေါင်ဒါ မရှိဘူး ။ ပရိုမီနာလဲ ကုန်ပြီ ။ ထပ် မဝယ်နိုင်ဘူး ။ ပရိုမီနာ ဝေးလို့ ... တက္ကသိုလ် သနပ်ခါးရည် တောင် မလူးနိုင်တော့ဘူး ။
ဘရာစီယာကလေး နှစ်ထည် ရှိပါတယ် ။ တထည်က ခွေးချီသွားတယ် ။ ငါတို့နေရာ ငါတို့ဒေသက ခွေးတွေကလဲ ဘရာစီယာတောင် ဘာမှတ်လို့ ချီသွားတယ် မပြောတတ်ဘူး ။
တထည်တည်း ရှိတဲ့ ဘရာစီယာ နဲ့ပဲ နေရတယ် ။ မှတ်ထားတာ ကြာပြီ ။ ဒါပေမယ့် နှောင်နှစ်ခါ တောင်ပြုံးပွဲ မှာ ဝတ်ရယင်ပဲ ကံကောင်း ။
တမတ်တန် သနပ်ခါးခဲ ပဲ လိမ်းနေရပြီ ဟေ့ ။
ဟိုတုန်းက ဘယ် သည်လို ဟုတ်လိမ့် မလဲ ။ ရှာကလဲ ရှာနိုင်တယ် ။ ရကလဲ ရတယ် ။ သည်တော့ ကြော့ ဆိုတဲ့အတိုင်း ကြော့ နေအောင် ဝတ်စားလာတဲ့ မိန်းမပဲ ။
ဖိနပ်ဆိုရင်လဲ နိုင်ငံခြားဖြစ် ရာကျော်တန် မှ ။ ဆလင်းဘတ် ဆိုယင်လဲ ထည်လဲနဲ့ သုံးလာတာ ။ အဝတ်အစား ဆိုတာတော့ ပြောမနေနဲ့တော့ ။ ခုတော့ ကုန်ပါပြီ ။ အပေါင်ဆုံးတာလဲ မနည်းတော့ဘူး ။ ရတဲ့ ဈေးနဲ့ ရောင်းစားရတာလဲ များပြီ ။
ခုကြည့် ။ ဘရာစီယာ ချိတ်ပြုတ် နဲ့ ။ ပြည်တွင်းဖြစ် ပလတ်စတစ်ဖိနပ် ပဲ စီးနေရပြီ ။ ထီးတလက် မရှိဘူး ။ နာရီတလုံး မပတ်နိုင်ဘူး ။ အို ... ယုတ်စွ အဆုံး ၊ ကိုတက်စ် မဆိုထားနဲ့ ၊ မှိုင်းခံစက္ကူတောင် မသုံးနိုင်ဘူး ။ ထဘီစုတ်တွေပဲ သုံးနေ ရတယ် ။ ကြာပြီလေ ။
ဒါပေမယ့် ငါ ဝမ်းမနည်းပါဘူး ။ ဝတ်ခဲ့ဖူးပြီ ။ စားခဲ့ဖူးပြီ ။ အမျိုးစုံပြီ ။
တခုတော့ ရှိတယ် ။ ငါလဲ တဘက်တလမ်းက ရှာမှ ဖြစ်မယ် ။ ရှာလဲ ရှာနေတယ် ။ ယောက်ျားပေးစာကမ်းစာ နဲ့ အငြိမ့်သား ထိုင်စားနေလို့ မှ မဖြစ်တော့တာပဲ ။
တခုတော့ ရှိတယ် ။ ယောက်ျား မကြိုက်တဲ့ စီးပွားရေးကိုတော့ မလုပ်ပါဘူး ။ ငွေ အလို့ငှာ ငါ့ ခန္ဓာကိုယ် ကို ငါ့ ယောက်ျား က လွဲပြီး ဘယ်ယောက်ျားသား တယောက်ကိုမှ မအပ်နှံတော့ဘူး ။ သည်အကြောင်းကို ငါ ဘုရားမှာ သစ္စာ ဆိုပြီးသားပဲ ။
ဒါပေမယ့် ခက်တယ် ။ ယောက်ျား က ငါ့ ကို သင်္ကာကင်းချင်မှ ကင်းမယ် ။ ကင်းမယ့်ပုံလဲ မမြင်ဘူး ။
တားသလား ဆိုတော့လဲ ငါ့ယောက်ျား က ငါ့ ကို ဘာလုပ် နေနေ မတားပါဘူး ။ ငါ့ သဘော ။ လွှတ် ထားတယ် ။
ငါ ကလဲ သိတယ် ။ သူ ဘာတွေ မကြိုက်ဘူး ၊ ဘာတွေ ကြိုက်တယ် ဆိုတာကို ။ အေးလေ ... ဘယ်လို ယောက်ျား က ကိုယ်နဲ့ ပေါင်းနေရတဲ့ မိန်းမ တခြားသူတွေ ရင်ခွင်မှာ အိပ်တာကို ကြည့်နေနိုင်ရက်မလဲ ။ ကြည့်နိုင်ရက် ကြားနိုင်ရက်တဲ့ ယောက်ျားတွေလဲပဲ ရှိတော့ ရှိပါရဲ့ ။ တွေ့ဖူး တယ် ။ ကြုံဖူးတယ် ။
အခု ငါလုပ်နေတဲ့ ရန်ကုန် မန္တလေး လိုင်းမှာ ပစ္စည်းရှာပေးနေတဲ့ အလုပ် ကိုတောင် ယောက်ျား က ကြိုက်ပုံ မရဘူး ။ ဒါပေမယ့် မပြောဘူး ။ ကြုံတိုင်း ကြားတိုင်းတော့ သူ့ မျက်နှာ အုံ့နေတဲ့မိုးလို ချက်ချင်း မှိုင်းညို့သွားတယ် ။ အဲ ... ငါ့ အိမ်က ထွက်သွားတဲ့အထိ
ပြန်မကြည်လာတော့ဘူး ။
ဆန္ဒပြခြင်း တမျိုး ပေါ့လေ ... ။ အဲ့သည့် အခါမျိုးမှာ ငါ သိပ်ခံစားရတယ် ။ ငါ အိပ်လို့လဲပဲ မပျော်တော့ဘူး ။
ခက်တာက စားဝတ်နေရေး ။ ငါ အပါအဝင် ပါးစပ်ပေါက် ငါးပေါက်ရဲ့ တာဝန်ကို ငါ ထိန်းနေရတယ် ။ မလွယ်ဘူး ။
သည်တော့ ယောက်ျား မကြိုက်မှန်း သိပေမယ့် မသိယောင်ဆောင်ပြုပြီး ပစ္စည်း ရှာဖွေပေးတဲ့ အလုပ်ကိုတော့ ငါ လုပ်နေရမှာပဲ ။
ဒါပေမယ့် ငါ ကိုယ်တိုင်က သည်လောကမှာ နဖူးတွေ့ဒူးတွေ့ မလှုပ်ရှား တော့လဲ အဆက်အသွယ်က ရှားလာတယ် ။ ပစ္စည်း အရှာရ
ခက်လာတယ် ။ ပစ္စည်းက ရှားသလား ဆိုတော့လဲ မရှားပါဘူး ။ ငါ့ မှာသာ ရှားလာတာ ။
ဘာပဲပြောပြော ပစ္စည်း ကောင်းကောင်း ဆယ့်လေးငါးခု ရှိယင် အကြောင်း မဟုတ်ဘူး ။ ဈေးတပတ် နဲ့ တပတ် လည်ပတ်သွားနိုင်တယ် ။
ခုတော့ ကိုယ့်ရှိတဲ့ ပစ္စည်းတွေကလဲ ရင့် ကုန်ပြီ ။ ကျွမ်း ကုန်ပြီ ။ သည်တော့ ပုန်ကန်ကုန်ရော ။ တစင်ထောင်ရော ။ သူတို့ ကိုယ်တိုင်ကလဲ ကွင်းဆင်းတယ် ။ သူတို့ ကိုယ်တိုင်လဲ ပစ္စည်း ရှာတယ် ။ သည်တော့ ငါ့ဈေးကွက်လဲ ကျဉ်းလာတယ် ။
သည်တခေါက် ပစ္စည်းဆိုလို့ ရှားရှားပါးပါး ဒိုးကလေး မိညို တစ်ယောက်တည်း ပဲ စိတ်ကူးလို့ ရတယ် ။
အဲဒါတောင် သေနာမ က အခုထိ ပေါ်မလာဘူး ။ ပစ္စည်း လာကြည့်တဲ့ သူတွေနဲ့က ပေး မတွေ့ရသေးဘူး ။ သည်တော့ ငါ့ ပစ္စည်း ကို ဈေးတပတ်မှာ သုံး မသုံးဆိုတာ ဘယ်လာ ကံသေကံမ ပြောနိုင်ပါ့မလဲ ။
လူ့ မျက်စိ ဆိုတာကလဲ တခါတခါ အတော် ခက်တယ် ။ ရယ်ဖို့လဲ ကောင်းတယ် ။
ကြုံဖူးတယ် ။ ကိုယ့်ပစ္စည်းက ကောင်းပေ့ သန့်ပေ့လို့ ကိုယ့် စိတ်က ထင်ထားပေမယ့် ဟော တလွဲတချော် ဖြစ်ရင် ဖြစ်တတ်တယ် ။ ပစ္စည်း လာကြည့်သူက နှာခေါင်း ရှုံ့ရင် ရှုံ့တတ်တယ် ။
တခါတခါတော့ ကိုယ့်ပစ္စည်း ကိုယ် အားမရဘူး ။ မျက်နှာပုံပန်းက အစ ၊ အပြင်အဆင်က အစ ၊ အရပ်အမောင်းက အစ အားမရဘူး ။ စွံမှ စွံပါ့မလားလို့ တွေးပြီး ရင်တထိတ်ထိတ် နေရတယ် ။ အမယ် ... အဲဒါမျိုးကလဲ မထင်မှတ်ပဲ ဈေးကောင်းရချင် ရသွားတတ်တယ် ။ အဲ့ဒါတွေဟာ သတ္တုချကြည့်လိုက်တော့ ဘယ်လို ပြောရမလဲ ။ အမေဂျမ်း ကျေးဇူးပဲ ထင်တယ် ။
ဒါကြောင့် ဒိုးကလေး ကို စတော်တိုက်ဖို့ မနှမြောပါနဲ့လို့ ပြောရတာပေါ့ ။
စတော်တိုက်တယ် ဆိုတာ အဝယ်လိုက်ရုံ အတွက်တင် ဘယ်ကမှာလဲ ။ အန္တရာယ် ကို ကာကွယ်ဖို့လဲ ပါတာပေါ့ ။
ခုနေခါက အလုပ်လုပ်ရတာ ကျီးလန့်စာစား လုပ်ရတာ ။ ကိုယ်လုပ်တာ က ဒုစရိုက် အလုပ် ။ သည်တော့ တာဝန်ရှိတဲ့ အပိုင်းကလဲ
မျက်စိနဲ့ နားနဲ့ ။ တော်နေကြာ ကျားရှေ့ မှောက်လျက်မလဲဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ ။
ပြောတော့သာ လွယ်တာ ။ လက်တွေ့ လုပ်ရာမှာ သိပ် ရင်ထိတ်ရတဲ့ အလုပ် ။ ခြေတလှမ်း အမှားမခံဘူး ။ တဘဝလုံး မှောက်ထိုးမှောက်လှန် ဒုက္ခ ရောက်သွားနိုင်တယ် ။
ဟုတ်တယ်လေ ။ ခိုးလုပ်ရတဲ့ အလုပ် ။ မိဘမောင်ဘွားက အစ မသိအောင် ပိပိရိရိ ခိုးလုပ်ရတာ ။ အဖမ်းခံရပြီ ၊ ထောင်ကျပြီ ဆိုမှတော့ ဖုံးလို့ ဖိလို့ ရဦးမှာတဲ့လား ။ ဆွေမျိုးသားချင်းအလယ်မှာ ခေါင်းဖော်နိုင်ဦးမယ်တဲ့လား ။
တချို့လဲ လင်ယောက်ျား မသိအောင် ခိုးလုပ်ရတာရှိတယ် ။ အရောင်းအဝယ် ပေါ့ ။ ဆပ်ပြာတောင့်လေး စစ ၊ သကြားနို့ဆီလေး စစ ၊ အဝတ်အထည်လေး စစ အရောင်ပြ ပြီး လုပ်ကြတယ် ။ ဟော ... ပြဿနာလဲ တက်ရော ဗူးပေါ်သလို ပေါ်ရော ။ အိမ်ထောင်တွေ ကွဲကုန်ကြရတယ် ။ မိသားစုတွေ ကစဉ့်ကလျား ဖြစ်ကုန်ကြ ရတယ် ။
ကျောက်ကုန်ကူးတယ် ဆိုတာမှ လွယ်ချင် လွယ်ဦးမယ် ။ လူကုန်ကူးတယ် ဆိုတာ မလွယ်ပါဘူး ။
မြက်မြက်ကလေးတော့ စားရပါရဲ့ ။ ဒါပေမယ့် မျက်စိ နဲ့ နား ကို အအား ထားရတဲ့ အလုပ် မဟုတ်ဘူး ။ ကျီးကန်းတောင်းမှောက် လုပ်စားရတဲ့ အလုပ် ။ စိတ်ကုန်ဖို့ ကောင်းတယ် ။
ဒါပေမယ့် အကြံကုန်တော့လဲ ဂဠုန်ဆားချက် ရမှာပဲ ။
သည်အလုပ်ကို ငါ စွန့်လွှတ်ခဲ့တာ ယောက်ျားကြောင့်လဲ တကြောင်း ၊ ပြီးတော့ ငါ့ ကျန်းမာရေးကြောင့်လဲ တကြောင်း ၊ ပြီးတော့ စိတ်ကုန်တာလဲ တကြောင်း ကြောင့်ပဲ ။
ငါ သည်လမ်းပေါ် ရောက်ခဲ့ လျှောက်ခဲ့ပေမယ့် တသတ်မတ်တည်း လျှောက်ခဲ့တာ မဟုတ်ဘူး ။ ကိုယ်ရှိန်သတ်ပြီး ရပ်ခဲ့တဲ့ အချိန်တွေမှာ ရပ်ခဲ့တယ် ။
ခု တကြိမ်မှာတော့ ရာသက်ပန် ရပ်လိုက်ဖို့ ငါ ရည်ရွယ်ပါတယ် ။
အရွယ်ကလေးကလဲ ရလာပြီ ။ ရောဂါကလဲ စုံလာပြီ ။ သွေးတိုးက တမျိုး ။ အကြောထုံးတဲ့ရောဂါက တမျိုး ။ တနေ့တနေ့ သောက်လိုက်ရတဲ့ ဆေးတွေကလဲ မနည်းဘူး ။
သည်တော့ အာကလေးနဲ့ပဲ ရင်းချင်တော့တယ် ။ ဈေးတပတ် အမီ ပစ္စည်း ကလေး တစ်ခုစ ၊ နှစ်ခုစ ရှာပေးနိုင်ယင်လဲ မဆိုးဘူးပေါ့ ။ ဈေးတပတ် မရှာနိုင်ရင် တောင် တလ တဈေး ကိုယ့်ပစ္စည်းကလေး ပါယင် နည်းနည်း အသက်ရှူချောင် မယ် ။
အေး ... ပြောတာတော့ အာနဲ့ရင်းရတဲ့ အလုပ် ။ လက်တွေ့မှာကျတော့ အာချည်း မရဘူး ။
ဘယ် အလုပ်ကရော အာ နဲ့ ချည်း ရင်းရတဲ့အလုပ် ရှိလို့တုံး ။ ထီးဖြူ ဖိနပ်ပါး ပွဲစား အလုပ်ကကော ၊ အာ နဲ့ ချည်း ရင်းလို့ ရလို့လား ။ စရိတ် ရှိတယ် ။ စရိတ် ပွန်းတယ် ။ စရိတ် ဆိုတာလဲ အရင်းအနှီးပဲ ။
ခုလဲ ကြည့်လေ ။ သည် ဒိုးကလေး ကို ငါ့ ပစ္စည်းအဖြစ်နဲ့ ပို့လိုက်ဖို့ လုပ်ရတာ စရိတ်တောင် အတော်ထောင်းပြီ ။ သူ့ အိမ် သွားရတာနဲ့ပဲ ကားခ နှစ်ဆယ့်ရှစ်ကျပ် အပြင် ပြား စွန်းပြီ ။
ဟိုပစ္စည်း တခုကဆို ပိုဆိုးတယ် ။ လဲ့လဲ့ တဲ့ ။ နေတာက အင်းစိန် မှာ ။ ရန်ကုန်မြို့နဲ့ တလျားတနံပဲ ။ စိတ်ကလဲ သိပ်ရှည်တာ မဟုတ်ဘူး ။ တကျပ်ကား စီးရင် ရပါရဲ့ ။ ဒါပေမယ့် မဖြစ်ဘူး ။ ခေါင်းမူးတယ် ။
သည်တော့ သုံးဘီးပဲ စီးရတယ် ။ ပထမ တစ်ခေါက် ရောက်တော့ မတွေ့ ဘူး ။ ကားခ နှစ်ဆယ် ချောရော ။ အပြန်တော့ မီးရထားစီး ပြန်ရတယ် ။ နောက် တခေါက်မှ တွေ့တယ် ။ ဒါပေမယ့် ခေါင်းခါတယ် ။ ငါ လာတာတောင် မကြိုက်တဲ့ အတိုင်း ။ လင်ကောင်းသားကောင်း ရနေပြီ ဆိုပဲ ။ ဆိုက်ကားခ နဲ့ ဆိုယင် မှတ်မှတ် ရရ လေးဆယ့်ငါး ကျပ် နဲ့ ပြား ခုနစ်ဆယ် ။
ပစ္စည်း စွံတာ မစွံတာ မသေချာသေးဘူး ။ အာသမားလဲ အာသမား အလျောက် ရင်းတော့ ရင်းထားလိုက်ရပြီ ။
အေ ... ဒိုးကလေး ကို ပစ္စည်းလာကောက်တဲ့ လူ မျက်စိတွေ့ယင်တော့ ၊ ငါ့ အတွက်က သုံးရာပဲ ။ ရန်ကုန်ဘူတာကြီး မှာ ပစ္စည်းအပ်ပြီးယင် ငါ့ တာဝန် ကျေပြီ ။ ငါ့ လက်ထဲ ငွေသုံးရာ ထည့်ပေတော့ ။
ဒါပေမယ့် သည် ငွေသုံးရာ က ပစ္စည်းလာကောက်တဲ့ လူက ပေးရတဲ့ငွေ မဟုတ်ဘူး ။ ယာယီ စိုက်ထုတ်ပေးထား ငွေ ဆိုပါတော့ ။ ဒိုးကလေး အလုပ် လုပ်လို့ ရတဲ့ထဲက သုံးရာ ပြန်ဖြတ်ယူလိမ့်မယ် ။
စဉ်းစားကြည့်ယင် ရင်နာဖို့လဲ ကောင်းတယ် ။ လုပ်ခပြည့် မရဘူး ။ လုပ်ခ ရဲ့ လေးပုံတပုံ ပဲ ရတယ် ။
တပုံ ကတော့ ပစ္စည်းလာကောက်တဲ့ လူက ယူတယ် ။
တပုံကတော့ ပစ္စည်းလက်ခံထားတဲ့ လူက ယူတယ် ။
တပုံကတော့ ပစ္စည်းကို ပေးတယ် ။
အဲ ... ကျန်တဲ့ တပုံကိုတော့ ပစ္စည်းကောက်တဲ့ လူ နဲ့ လက်ခံတဲ့ လူက လိုအပ်တဲ့ ကိစ္စတွေမှာ သုံးတယ် ။
ရာခိုင်နှုန်းနဲ့ ပြောယင် နှစ်ဆယ့်ငါး ရာခိုင်နှုန်း ပဲ ရတယ် ဆိုပါတော့ ။
အရဆုံးကတော့ ပစ္စည်းလက်ခံထားတဲ့ အဆောက်အအုံ ပိုင်ရှင် ပဲ ။ သူက ခေါင်းပုံအဖြတ်ဆုံး ။ ပစ္စည်းလာအပ်တဲ့ လူက အခန်းခအတွက် တယောက်အတွက် တနေ့ ငါးဆယ်ကျပ် ထပ်ပေးရသေးတယ် ။
ပစ္စည်းကောက်တဲ့ လူမှာ နောက်ထပ် ကုန်ပေါက် တခု ရှိသေးတယ် ။ ပစ္စည်းတွေအတွက် မနက်စာညစာ ကျွေးရတယ် ။
မနက်စောစော ဆိုယင် မုန့်ဟင်းခါး ၊ မုန့်တီ ၊ ရှမ်းခေါက်ဆွဲ ၊ ပဲနံပြား ၊ ပေါင်မုန့်ထောပတ်သုတ် ၊ ကြိုက်ရာစား ။ ကော်ဖီ ၊ လက်ဖက်ရည် ၊ အိုဗာတင်း ၊ မိုင်လို ၊ နွားနို့ ကြိုက်ရာသောက် ။
မနက် ခြောက်နာရီ ထိုးလို့ အိပ်ရာက ထ ၊ ပြီးယင် ရေမိုးချိုး ဖြီးလိမ်း ၊ ပြင်ဆင်ထား ။ ခိုင်းတဲ့ ကောင်ကလေး တယောက် ရောက်လာတယ် ။ ဘာစားချင် သလဲ ။ စားချင်တာကို စာရင်းပေးလိုက် ။ အရောက် လာပို့ပေးတယ် ။
ရှစ်နာရီ ထိုးတာနဲ့ တပြိုင်နက် အလုပ်စတယ် ။ အခန်းတခန်းထဲမှာ ပစ္စည်းငါးခုလုံး စုနေရတယ် ။ ဧည့်စောင့်ချိန် ။
အချက်ပေး ခေါင်းလောင်းသံကိုလဲ နားစွင့်နေရတယ် ။
ခေါင်းလောင်းသံ တချက် တည်း ကြားယင် ဧည့်သည်ရောက်ပြီ ။ ပစ္စည်း ကြည့် ရောက်တော့မယ် ။ အလှပြင်ချင်သပ ဆိုယင်လဲ ပြင်ဆင်ကြ ။
အဲ ... နှစ်ချက် ကြားရင်တော့ ပစ္စည်းတွေ သိမ်းပေတော့ ။ အန္တရာယ် ရှိပြီ အသင့်ပြင်ထား ။
သုံးချက် ကြားယင်တော့ ပစ္စည်းတွေ အစဖျောက် ။ အန္တရာယ် ရောက်နေပြီ ။ တံခါးပိတ် ... ချိတ် ။
အခန်းကလဲ စတိုခန်းလိုလို ဆိုတော့ သတင်းအတိအကျ မရယင် စစ်ဆေးရေးကလဲ မျက်စိလည်နိုင်တယ် ။ စီမံထားပုံကလဲ ပိရိတယ် ။
ပစ္စည်းကောက် ပစ္စည်းထိန်း အနေနဲ့က နေ့လယ်စာလဲ တာဝန်ယူတယ် ။ အပူ အအေး ဖျော်ရည် အမျိုးမျိုး ကြိုက်တာမှာ ။ ကျွေးတယ် ။
ပစ္စည်း တွင်ကျယ်တယ် အရောင်းရ များတယ်ဆိုယင် ညပိုင်းမှာလဲ ကြိုက်ရာစား ။ ကျွေးသေးတယ် ။
တွင်ကျယ်သလား အရောင်းရများသလား ဆိုတာကတော့ လိမ်လို့ ရတာမှ မဟုတ်ပဲ ။ ညကိုးနာရီ စာရင်းပိတ်ရင် အဖြေပေါ်လာတယ် ။
နောက်တခါ ဆေးဖိုးဝါးခ ကုသစရိတ် ရှိတယ် ။ အဲဒါကတော့ ပစ္စည်းက ကိုယ့်စရိတ်နဲ့ ကိုယ် ။
ကိုယ့်စရိတ်နဲ့ ကိုယ် ဆိုပေမယ့် ပစ္စည်းလက်ထဲမှာ ငွေ ပေးမထားဘူး ။ ငွေ မကိုင်ရဘူး ။ စိုက် ရှင်းပေးထားတယ် ။ ဈေးတပတ် ကုန်လို့ ရန်ကုန် ပြန်မယ့် ညကျမှပဲ စာရင်းအရ ဖြတ်တောက်ထားပြီး ကျန်ငွေကို ရှင်းတယ် ။
မချောင်တာကတော့ မချောင်ဘူး ။ အနေရ ကျဉ်းကျပ်တယ် ။ ရေချိုးခန်းရယ် ၊ အိမ်သာရယ် ၊ အိပ်ခန်းရယ်က ကပ်နေတာ ။ အဲ့သည် သုံးခန်းထဲမှာပဲ ဈေး တပတ်အပြည့် ကျဉ်လည်နေရတယ် ။
အမှန်တော့ ထောင်ကျနေရတာနဲ့ အတူတူပါပဲ ။
သည်တော့ သည်အလုပ်မှာ ဘာမှ မက်မောနေစရာ မရှိဘူး ။ အသည်းထိတ် ရင်ဖိုပြီးမှ ငွေရတဲ့ အလုပ် ။ ကာရံမသင့်ယင် ထောင်နန်းစံရမယ့် အလုပ် ။ ကာရံမသင့်ယင် ဘဝတသက်ပန်လုံး ခေါင်းမဖော်နိုင်အောင် အရှက်ကွဲနိုင်တဲ့ အလုပ် ။ စက်ဆုပ်ဖို့လဲ ကောင်းတယ် ။ ကြောက်ဖို့လဲ ကောင်းတယ် ။
အေး ... ပစ္စည်းတွေဘက်က ကြည့်ယင် ငွေရေး ၊ ကြေးရေး အတွက် အခက်အခဲ မရှိဘူး ။ ပစ္စည်းကောက်သူ မျက်စိတွေ့ယင် မှတ်ပုံတင်ပေးလိုက် ရုံပဲ ။
မီးရထားလက်မှတ် အရံသင့် ၊ လမ်းမှာစားဖို့ အရံသင့် ။
မန္တလေး ရောက်တော့လဲ စောင့်ကြိုနေမယ့် ပေါ်တာကပ် ကလဲ အရံသင့် ။
ဒါပေမယ့် ခုနက ပြောသလိုပဲ ။ ခြံပြင်ကို ထွက်ခွင့် မရှိတော့ဘူး ။ ဈေးတပတ် ဆိုတဲ့ ငါးရက်တာ ထောင်ကျပြီလို့မှတ် ။
ကိုယ့်အိပ်ခန်းထဲ ကိုယ်နေရတယ် ဆိုပေမယ့် ထွက်ခွင့် မရှိတော့ဘူး ။ အမေ့ အိမ် မှ မဟုတ်တာ ။ ခေါင်းလောင်းသံပဲ နားထောင်နေပေရော့ ။
အေး ... ငါ့ လုပ်သက် တလျှောက်မှာကတော့ ကုသိုလ်ကံ ကောင်းတယ် ။ ခေါင်းလောင်းသံ သုံးချက်တီးတာ တခါမှ မကြားခဲ့ရ ဖူးဘူး ။ ခွေးပြေး ၊ ဝက်ပြေး မပြေးခဲ့ရဖူးဘူး ။
အေး ... ကိုယ့် လွတ်လပ်ခွင့် ကတော့ ဈေးတပတ် ပြည့်ပြီး ခြောက်ရက်မြောက်တဲ့ နေ့ ဆိုပါတော့ ။ ဝယ်ချင်ရာ ဝယ် ။ သွားချင်ရာ သွား ။ စစ်ကိုင်းဘက် ကူးချင်သေးလား ဖြစ်တယ် ။ မေမြို့ တက်ချင်သေးလား ရတယ် ။ အိမ်က ကားနဲ့ပဲ လိုက်ပို့တယ် ။ ကားခကိုတော့ ခရီးသည်ချင်း စုပေါင်းရှင်း ။ မီးရထားနဲ့ အလာ တုန်းကလို အခမဲ့တော့ စီးခွင့် မရတော့ဘူး ။ ရုံခါလိုက်ပြီ ။ ကိုယ့်စရိတ်နဲ့ ကိုယ် ။
နောက်ဆုံးအချိန် အထိတော့ ကူညီပေးပါသေးတယ် ။ လက်မှတ် ဝယ်ပေးတယ် ။ ဘယ်ရထား စီးချင်သလဲ ။ နေ့ရထားလား ။ ညရထားလား ။ အမြန်လား ။ စာပို့လား ။ ရိုးရိုးတန်းကလား ။ အထက်တန်းကလား ။ လက်မှတ် ဝယ်ပေးတယ် ။ ဒါပေမယ့် ကိုယ့်စရိတ်နဲ့ ကိုယ် ။ တယောက် တဆယ် စီတောင် အပိုဆောင်း ပေးရသေးတယ် ။
ဘူတာ ကို ကား နဲ့ အခမဲ့ ပို့ပေးတာလေးတော့ ရှိတယ် ။
တခု ထူးတာကတော့ အဲသည်အချိန်မှာလဲ ကိုယ့်ကိုယ်ကို မပိုင်သေးဘူး ။ မန္တလေး မှာ တရက် တန်သည် ၊ နှစ်ရက် တန်သည် နေချင်သေးတယ် ဆိုလို့လဲ မရဘူး ။ နေခွင့် မပေးဘူး ။ ဒါက မလွဲမသွေ လိုက်နာကြရတဲ့ စည်းကမ်း ။
ရထားစီးရာမှာလဲ သင်းကွဲပြီး စီးခွင့် မပေးဘူး ။ တအုပ်စုတည်း စီး ။ ဘယ် ရထား စီးချင်သလဲ ။ ကိုယ့်အချင်းချင်း ညှိ ။ ဘယ်အတန်းက စီးချင်သလဲ ။ ကိုယ့် အချင်းချင်း ညှိ ။ တပေါင်းတစည်းတည်းသာ ဖြစ်ပလေ့စေ ။
သည်စည်းကမ်းချက်ကို ဖောက်ယင် နောက်နောင် အဲ့သည်နေရာမှာ အလုပ်ဆင်းခွင့် မရှိတော့ဘူး ။
အဲ ... ရန်ကုန်ဘူတာ ရောက်မှပဲ ကိုယ်လိုရာ ခရီးကို ကိုယ်ဆက်သွား ။ ကျွတ်ပြီ ။ လွတ်ပြီ ။
သည်လမ်းကြောင်းမှာ ငါ လျှောက်လှမ်းလာခဲ့တာ တကယ့်ခရီးကြမ်း ။ စိတ်ပန်း ကိုယ်ပန်း ။ ကိုယ့်ကိုယ်နဲ့ သူများစိတ် ။
ပျော်လို့လုပ်တာ ပြောရအောင်ကလဲ သိတဲ့အတိုင်းပဲ ။ ဘဝရဲ့ အခက်အခဲ လေးတွေကို ဖြေရှင်းဖို့ပါပဲ ။
လုပ်သက်မှတ်တမ်းကလေး ကတော့ မန္တလေး မှာ ကျန်ခဲ့တယ် ။ ဘယ်ပစ္စည်း အရောင်းအဝယ် ကောင်းတယ်ဆိုတာ စာရင်းရှိတယ် ။
အေး ... ရောင်းကောင်းတဲ့ ပစ္စည်းဆိုယင် ဈေးနှစ်ပတ်လောက် နား ။ ဟိုက ပြန်ခေါ်တယ် ။ ဈေးတပတ် ပြန်အလုပ်ဆင်း ။
ငါ ကတော့ ရောင်းကောင်းတဲ့ ပစ္စည်း ။ ပစ္စည်းကောင်း ဆိုပါတော့ ။ စံချိန်တောင် ချိုးခဲ့ဖူးမှပဲ ။ အလုပ်နားရလဲ ဈေးနှစ်ပတ် လောက်ပဲ ။ ရတယ် ။
အေး ... ဈေးနှစ်ပတ် နားတဲ့ အချိန်ကလေးမှာလဲ လိုင်းဝင်တဲ့ အခါ ဝင် တယ် ။ ပုဂ္ဂလိကလိုင်း ဆိုပါတော့ ။
တောင်ကြီး လိုင်း ၊ မြစ်ကြီးနား လိုင်း ၊ မော်လမြိုင် လိုင်း ... စသဖြင့်ပေါ့လေ ။
ဒါကတော့ ကိုယ့် အဆက်အသွယ်နဲ့ ကိုယ် သွားတာမျိုး ။ ပုဂ္ဂလိက လိုင်းမှာလဲပဲ နှစ်စားရှိတယ် ။
တစားကတော့ တဦးတယောက် ကို အမှီတံကဲ ပြုပြီး သွားရတာမျိုး ။ ကိုယ့် အဆက်အသွယ် မဟုတ်ဘူး ။ သူ့ အဆက်အသွယ်နဲ့ သွားရတာ ။ စရိတ် သူခံတယ် ။ ရတာကိုတော့ တယောက် တဝက် ခွဲယူ ။
အေး ... ကိုယ့် အဆက်အသွယ်နဲ့ ကိုယ် သွားရတာမျိုးကတော့ သပိတ်ဝင် အိတ်ဝင်ပဲ ။ အမြီးနုတ်စရာ ၊ ခေါင်းနုတ်စရာ မလိုဘူး ။
အဲသည်တော့ ငါ့ ဘဝက အတွေ့အကြုံ စုံပြီ ။ ဖောက်သည်လဲ မနည်းတော့ဘူး ။ လုပ်ဖော်ကိုင်ဘက်လဲ မနည်းတော့ဘူး ။ သမ္ဘာရင့်ပြီ ဆိုပါတော့ ။ အခုဆိုယင်ပဲ မာမီ လို့တောင် အခေါ်ခံနေရပြီ မဟုတ်လား ။ ကောင်းပါတယ် ။ မာမီ နေရာကပဲ နေတော့မယ် ။
ပစ္စည်းရှာသူ ရောက်လာယင် ပစ္စည်းရှာပေးရမယ် ။ အဆင်ပြေယင်လဲ ကိုယ့်အတွက် ကျန်တယ် ။ ပစ္စည်း နှစ်ခုလောက်ပဲ ပါ ၊ စရိတ်ပွန်းတာ နှုတ်ယင် ငါ့ အတွက် ငါးရာ ကျန်မယ် ။ ဒါကတော့ အရန် လုပ်ငန်းပဲ ။
သည် တပတ်ကတော့ ကြည့်ရတာ ဟန်မယ့်ပုံ မပေါ်ဘူး ။ ပစ္စည်းကောင်း မရသေးဘူး ။ ပစ္စည်းနှစ်ခုပဲ အဆက်အသွယ် ရတယ် ။ ပစ္စည်းတစ်ခုက အဆင် မပြေဘူး ။ ဟိုကောင်မ ဒိုးကလေး ကလဲပဲ မရေရာဘူး ။
အင်း ... စရိတ်ရှုံးပြီ ထင်တယ် ။
◾ မောင်သာရ
📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment