❝မှော်ကြာ မောင်ကြိုင် ❞
ကားဆရာ က ထိုင်ခုံတွင်နေရာယူပြီးနောက် စက်ကိုနှိုးလိုက်
လေ၏ ။ ဝူးခနဲ စက်နှိုးသံနှင့်အတူ မီးခိုးမည်းမည်းတွေက အိပ်ဇော
ပိုက်မှ တထောင်းထောင်း ထွက်ပေါ်လာလေသည် ။ မကြာခင် ကား
ထွက်တော့မည်မို့ စက်သံမှန် မမှန်ကို ကားဆရာ က အတန်ကြာအောင်
စမ်းသပ်၍ နေလေသည် ။
ကိုမောင်ကြိုင် က ကားပေါ်ကို မော့ကြည့်လိုက်မိသည် ။
ကားပေါ်တွင် လူက သိပ်မများလှပါ ။ ပစ္စည်းပစ္စယများဖြင့်သာ
မောက်လျှံလျက် ရှိလေသည် ။ အင်ဂျင်တွေ ၊ ကလပ်ခုံတွေ ၊ မျှောတွေ ၊
ပိုက်တွေ ၊ ကြိုးခွေတွေအပြင် တိုင်ကီတွေ ၊ မိုးကာလိပ်တွေ ၊ ခြင်းတွေ ၊
ပလုံးတွေနှင့် ရှုပ်ယှက်ခတ်နေသည် ။ ကားဘော်ဒီ တစ်ဖက်တစ်ချက်တွင် ဆီထည့်သော ပလတ်စတစ်ပုံးတွေကို အစီအရီ ချိတ်ဆွဲထားပြီး စားပွဲကုလားထိုင်များ ၊ ပန်းကန်စင်များကိုတော့ ကားနောက်မြီး၌ ကြိုးဖြင့်ဆိုင်းကာ ချည်နှောင်ထားလေ၏ ။
ကိုထွန်းမြင့် က ကားပေါ်မှ သူ့ လူများကို သေသေချာချာ
ထိုင်စီးကြဖို့ လှမ်းအော်ပြောနေသည် ။ ထို့နောက် ကိုမောင်ကြိုင်
ရှိရာသို့ လျှောက်လာလေသည် ။ ကိုမောင်ကြိုင် က ဆီးကြိုကာ
ကိုထွန်းမြင့် လက်ကို ဖမ်းဆွဲပြီး ဖျစ်ညှစ်လိုက်သည် ။
“ ငါ့လူကြီး ဒီတစ်ခါတော့ တကယ် ပြန်တော့မယ်ပေါ့ ”
“ နှုတ်ဆက်တယ် ကိုမောင်ကြိုင် ။ ကျွန်တော် ပေးထားတဲ့
လိပ်စာအတိုင်း ကြုံတဲ့အခါ ဝင်ခဲ့နော် ”
“ တကယ် ခွဲရတော့မယ်ဆိုတော့လဲ ဝမ်းနည်းစရာကြီးပေါ့
ကိုထွန်းမြင့်ရာ ”
“ ဒီလိုပေါ့ဗျာ ။ ဆန်ဆုံစား ၊ ကံကုန်သွားလို့ ဆိုသမို့လား ။
ပြီးတော့ ကျွန်တော်က ခင်ဗျားလို မှ မှော်ကြာကြီး မလုပ်နိုင်ပဲဟာ ။
ဟဲ ... ဟဲ ”
“ နို့ ၊ ဟိုရောက်ရင်တော့ ခင်ဗျား လက်ဖက်ရည်ဆိုင်ပဲ ပြန်
ဖွင့်တော့မယ်ပေါ့ ”
“ ဟုတ်တယ် ။ ဒုံရင်းပဲ ပြန်လုပ်တော့မယ် ။ ရေနံတော့ စိတ်
ကုန်ပါပြီဗျာ ။ ဒါ နောက်ဆုံးပဲ ။ ကိုင်း ... သွားပြီဗျာ ”
ကိုထွန်းမြင့် က ကားခေါင်းတွင် တက်ထိုင်လိုက်လေ၏ ။ ကား
ဆရာ က ဂီယာသွင်းကာ မောင်းထွက်လိုက်သည် ။ ကားဘီး စလိမ့်သည်နှင့် ကိုထွန်းမြင့် က လက်တစ်ဖက်ကို ထုတ်၍ ဝှေ့ယမ်းပြီး
“ လစ်ပြီဗျို့ ၊ မှော်ကြာကြီး ” ဟု ပြုံးဖြဲဖြဲမျက်နှာဖြင့် အော်ဟစ်
နှုတ်ဆက်လိုက်လေသည် ။
ကိုမောင်ကြိုင် က လက်ကို ပြန်မြှောက်ပြလိုက်သည် ။ ထို့နောက်
တအိအိ ထွက်ခွာသွားသော ကားကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည် ။ ကားက တဖြည်းဖြည်း ဝေးသွားခဲ့ပြီးနောက် တလိပ်လိပ်
တက်လာသော ဖုန်လုံးများကြားတွင် ပျောက်ကွယ်သွားလေသည် ။
ကိုမောင်ကြိုင် က အနီးရှိ ဒဟတ်ပင် အောက်မှ ခုံတန်းပေါ်သို့
ဝင်ထိုင်လိုက်သည် ။ လေရူးတစ်ချက်က သူ့ကို ဝေ့ကာဝိုက်ကာနှင့်
တိုက်ခတ်သွားသည် ။ လေနှင့်အတူ လိုက်ပါလာသော ရေနံစိမ်းနံ့ က
သူ့ နှာဝကို ပုတ်ခတ်ကျီစယ်သွားလေသည် ။
အခုလို အတူနေ မိတ်ဆွေ တစ်ယောက်က အပြီးအပိုင် ခွဲခွာ
သွားပြန်တော့ စိတ်ထဲမှာ ကြေကွဲသလိုလိုတော့ ဖြစ်မိသား ။ ကိုထွန်းမြင့် က သည်ရေနံမှော်မှာ သူ နှင့် တဲနီးချင်း အဖြစ် တစ်နှစ်ကျော်ကျော်လောက် အတူ နေသွားခဲ့သူ ။ တကယ့် သဘောဖြူ ၊ မနောဖြူ မိတ်ဆွေကောင်းကြီး တစ်ယောက် ။ ကိုယ်လိုတာ သူက ကူညီ ၊ သူလိုတာ
ကိုယ်က ပြန်ကူညီဖြင့် အလွန်အားကိုးခဲ့ရသူတစ်ယောက် ။
ကိုထွန်းမြင့် သည်မှော်ကို ရေနံတူးဖို့ စရောက်လာကတည်းက ကိုမောင်ကြိုင် နှင့် ရေစက်ဆုံခဲ့သည် ။ လူသစ်ဖြစ်သော ကိုထွန်းမြင့်
အား စီနီယာကိုမောင်ကြိုင် က အကြံပေး ၊ ဉာဏ်ပေး ၊ နည်းပေးလမ်းပြ
ပြုခဲ့ရသည် ။ ကိုမောင်ကြိုင် ၏ ကူညီမှုဖြင့် ကိုထွန်းမြင့် လုပ်ငန်းများ
အဆင်ပြေ ခွင်တည့်သွားသည်မှ အစပြုကာ သူတို့နှစ်ဦး တကယ့်
ငယ်ပေါင်းကြီးဖော်တွေ လို ချစ်ခင်ရင်းနှီးသွားခဲ့ကြသည် ။ တစ်ဦး
နှင့် တစ်ဦး ပြောမနာ ဆိုမနာ ၊ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေ ဖြစ်ခဲ့ကြသလို သူ့အဖွဲ့နှင့် ကိုယ့်အဖွဲ့ကလည်း ဟိုဘက်သည်ဘက် ၊ ဝင်ထွက်သွားလာ ၊ ကူးလူးယှက်သွယ် ၊ မိသားစုများသဖွယ် အတူနေထိုင်ခဲ့ကြသူတွေ ။
ယနေ့တော့ ကိုထွန်းမြင့် တစ်ယောက် အားလုံးကို နှုတ်ဆက်ကာ ကျောခိုင်းထွက်ခွာ သွားပါလေပြီ ။ မိရိုးဖလာ လက်ဖက်ရည်ဆိုင်ကလေး ပြန်ဖွင့်ရန် ဟူ၍ ရေနံလောက ကို သံယောဇဉ်ဖြတ်သွားပါလေပြီ ။ သူနှင့် အတူ ရေနံမှော် က ပေးလိုက်သည့် ဘဝသင်ခန်းစာ
အမျိုးမျိုး ( သို့တည်းမဟုတ် ) မြည်းစမ်းခဲ့ရသော ဘဝအရသာ
အမျိုးမျိုးက မမေ့နိုင်စရာ ထက်ကြပ်မကွာ လိုက်ပါသွားပေလိမ့်မည် ။
ကိုမောင်ကြိုင် က သက်ပြင်းတစ်ချက် ချလိုက်သည် ။ နောက်ဆုံးတော့ ရင်းနှီးသူများက ဘွဲ့မည်ပေးထားကြသလို “ မှော်ကြာကြီး ” အဖြစ်နှင့် မိမိသာလျှင် မှော်ထဲ မှာ တဝဲလည်လည် ကျန်ရစ်ခဲ့ရပါ
ပကောလား ဟုလည်း အတွေးဆက်လိုက်မိလေသည် ။ ထိုသို့ တွေးမိပြန်တော့ မချိသည့်စိတ်က ရင်ထဲမှာ အလိုလို ဖြစ်ပေါ်လာသည် ။
မှော်ကြာကြီး တဲ့ ။ ခေါ်ကြပါစေ ။ သည်လို ခေါ်သည့်အတွက်
သူ စိတ်မဆိုးပါ ။ အမှန်တကယ်လည်း မိမိအဖြစ်က ရက်ကို လစား ၊
လကို နှစ်စား ဆိုသလို မှော်ထဲမှာ အကြာကြီး ကြာခဲ့သူ မဟုတ်လား ။
မပြန်ဖြစ်ခဲ့သော ကိုယ့်ဇာတိ ကိုယ့်ရပ်ရွာနှင့် အဝေးကြီး ဝေးပြီး
အစိမ်းကြီး စိမ်းခဲ့လေသူ မဟုတ်လား ။
ဪ ၊ အများတကာတွေ ကိုယ့်ရွာ ကိုယ်ပြန်ကြတာ မြင်ရသည့် အခါတိုင်း ကိုမောင်ကြိုင့် စိတ်ထဲမှာလည်း ရွာကို လွမ်းသော
စိတ် ၊ ရွာကို ပြန်ချင်သောစိတ်က အများနည်းတူ ဖြစ်ပေါ်လာသား
ကပဲ ။ သို့ငြား ...
လေရူးတစ်ချက်က ဖြတ်အတိုက် ၊ ဒဟတ်ကိုင်းခြောက်ကလေး
တစ်ခုက သူ့ပေါင်ပေါ်ကြွေအကျ ၊ အံကိုက်ဆိုသလို ကိုမောင်ကြိုင့်
အတွေးစများက အဝေးတစ်နေရာသို့ ဖျတ်ခနဲ ခုန်ရောက်သွားလေ၏ ။
xxx xxx xxx
“ မောင်ကြိုင်ရယ် နင် မသွားပါနဲ့လား ဟာ ။ ဒီမှာလဲ အလုပ်အကိုင်တွေက ရှိနေတာပဲဥစ္စာ ”
“ ရှိပေမဲ့ ဒီက အလုပ်တွေက ဘဝမပြောင်းနိုင်ဘူးဟ ထားနွယ် ရ ။
ငါ အခုသွားလုပ်မယ့် အလုပ်ကမှ တစ်ချက်တည်းနဲ့ လူတစ်လုံး
သူတစ်လုံး ဖြစ်သွားနိုင်တာ ။ ဒါမှ နင့်ကို သူများထက် သာအောင်
ထားနိုင်မှာ ”
“ အို ၊ ဒါတွေမလိုပါဘူး ။ ငါက ပကာသနကို မက်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူးဆိုတာ နင်သိတာပဲ ”
“ သိပါတယ်ဟာ ။ ဒါပေမဲ့ သူများတွေ ပြောတာ ဆိုတာကို
ငါ မခံချင်ဘူး ထားနွယ် ၊ ငါ မခံချင်ဘူး ။ ငါ့ စိတ်ကို နင် သိပါတယ် ”
ချစ်သူ့မျက်နှာ ညှိုးတာကို မြင်ရပြန်တော့ မောင်ကြိုင်
စိတ်မကောင်း ။ သို့ပေမဲ့ ဆုံးဖြတ်ပြီးသားကိုတော့ ဘယ်လိုမှပြန်ပြင်လို့ မဖြစ် ။ ထားနွယ် နားလည်အောင်သာ အတတ်နိုင်ဆုံး ရှင်းပြ
နေရသည် ။
“ ဒါနဲ့ နင် အခုသွားမယ့် ရေနံမှော် ဆိုတာက တို့ရွာကနေဆို
အဝေးကြီး သွားရမှာပေါ့နော် ”
“ ဟုတ်တယ် ထားနွယ် ။ မင်းဘူး ဘက်မှာ ။ ဒါပေမဲ့ အခုခေတ်မှာ
လမ်းတွေက ကောင်းနေပါပြီ ။ အလွန်ဆုံးသွားရလှ နှစ်ညအိပ်ပေါ့ ။
သွားရလာရတာ ဘာမှ မခက်ခဲဘူးတဲ့ ။ အနောက်ရွာက ထောပြီး
ပြန်လာတဲ့ ကိုကျော်ဆန်းကြီး ကို ငါ အကုန်လုံးမေးထားပြီးပြီ ”
“ အင်းလေ ၊ တားမရတော့ဘူးဆိုလဲ သွားပေါ့ဟာ ။ ကျန်းမာရေးကိုသာ နင်ဂရုစိုက်ပါ ။ ပြီးတော့ ငါ့ဆီလဲ စာမှန်မှန်ရေးပေါ့“
“ စိတ်ချ ထားနွယ် ။ ငါ့အတွက် ဘာမှမပူနဲ့ ။ ငါ အလွန်ဆုံးနေလှရင် လေး ငါးလပေါ့ ။ ဒီအလုပ်မျိုးက အကြာကြီး လုပ်နေရတာမျိုး
မဟုတ်ဘူး ။ ခွင်တည့်ချင်ရင် ခဏကလေးပဲ ။ ငါ အောင်မြင်ပြီး
ပြန်လာမယ့်နေ့ကိုသာ နင် ဆက်ဆက် မျှော်နေစမ်းပါဟာ ။ နော် ”
သည်စကားက နောက်ဆုံးပိတ်အနေဖြင့် ပြောခဲ့ရသည့်
စကား ။ မဟာမျှော်လင့်ချက်ခရီးအတွက် နောက်ဆုံးနှုတ်ဆက်ခဲ့ရသည့် စကား ။
ရာသီက ဆောင်းနှောင်းကာလ ။ နေရာက ပုသိမ် - ရန်ကုန်
ကားလမ်းမကြီးဘေး တစ်နေရာ ။ ခြောက်ဆူအမည်ရှိ သူတို့ရွာကြီး၏ သာလာယံဇရပ်ကလေးအနီးမှ လက်ပံပင်ကြီး အောက်မှာ ။
လက်ပံပွင့်ကလေးက ရဲခနဲ ဝဲခနဲလွင့်အကြွေ ၊ ထားနွယ်က
သူ့ လက်ကလေးကို မြှောက်အပြ ။ ဝူးခနဲ ဆောင့်ထွက်လိုက်သော
ကားပေါ်မှာ အံကိုကြိတ်၍ စိတ်ကိုတင်းကာ သူလိုက်ပါခဲ့ရသည် ။
xxx xxx xxx
တကယ်တော့ ထားနွယ် ကို သူ ချစ်ပါသည် ။ ဖြစ်နိုင်လျှင်
ထားနွယ် အပါးမှာ တစ်ဖဝါးမှ မခွာဘဲ အတူနေချင်ပါသည် ။ တစ်သက်မှာ တစ်ခါသာချစ်ခဲ့ဖူးသော သူ့ နှလုံးသားကို ထားနွယ် နှင့် တစ်လက်မမျှ ဝေးကွာမသွားစေလိုပါ ။
“ ထားနွယ် ကို တို့ အထင်ကြီးထားတာ ။ မောင်ကြိုင် လို ကောင်မျိုးကို ရွေးလိုက်တာ အံ့ပါ့တော် ။ ဥတစ်လုံး တစ်ကောင်ကြွက် ၊
ဆွေမရှိ မျိုးမရှိ ကို ။ သူမို့လို့ ကြိုက်စရာရှားပါ့ ”
“ မောင်ကြိုင် က ရုပ်ကလေးတော့ အရှိသား ။ အဲဒီ ရုပ်ကလေး
မက်လိုက်တာ နေမှာပေါ့ ”
“ အို အေ ။ ရုပ်က ပြုတ်စားလို့ရတာ မှတ်လို့ ။ တကယ်ဆို
ပွဲစားကြီး ဦးထွန်းသာ ရဲ့ သား ကျော်မောင် ကလဲ သူ့ကို ပိုးနေတာပဲ ။
အခြအမြစ်ရှိတဲ့ သူကိုဖြင့် မရွေးဘဲနဲ့ ”
“ တစ်မိပေါက် တစ်ယောက်ထွန်းဆိုတာ ဒါကိုပြောတာ နေမှာ ။ သူ့ အစ်မတွေ အားလုံး တူတူတန်တန်တွေနဲ့ချည်း ရကုန်တာ ။
သူကတော့ မွဲချင်တဲ့ခွေးမို့လို့ ပြာပုံတိုးတာ နေမှာပေါ့ ။ ဟီ ဟိ ”
“ အင်း ၊ မောင်ကြိုင် ကိုသာ ယူလို့ကတော့ ဒီကောင်မ ကောက်စိုက်သမ ဖြစ်ဖို့သာ ပြင်ထား ။ သူ့အမေ ဒေါ်အုံး ကလဲ တစ်ခါတည်း
ပြောထားပြီးသား ။ မောင်ကြိုင် နဲ့သာဆိုရင် သေခန်းပြတ်ပဲတဲ့ ”
သူ့ ရင်ကိုနာကျင်စေသော စကားများဖြစ်ပါသည် ။ သည်လို
ရုပ်ဝတ္ထုအခြေခံ ပကာသနပေတံတွေနဲ့ အတိုင်းခံရလေသည့်
အခါတိုင်း သူ့မှာ မခံချိမခံသာ ဖြစ်ခဲ့ရမြဲ ။ အနည်းနှင့် အများဆို
သလို အားငယ်စိတ် ၊ သိမ်ငယ်စိတ်တွေ ဝင်ခဲ့ရမြဲ ။
သည်ရွာမှာ သူတို့ ချစ်ခြင်းကို လိုလိုလားလား နှစ်သက်
ထောက်ခံသူဆို၍ ထားနွယ် ၏ ညီအစ်မ တစ်ဝမ်းကွဲ မြစိန် တစ်ယောက်သာ ရှိလိမ့်မည်ဟု ထင်သည် ။
“ ဘာမှ အားမငယ်နဲ့ မောင်ကြိုင် ။ ဆင်းရဲတယ် ဆိုတာ အပင်စိုက်ထားတာမှ မဟုတ်ဘဲ ။ ကြိုးစားရင် တစ်နေ့ ချမ်းသာလာနိုင်တာပဲ ။ လူ့လောကမှာ အဓိက အရေးကြီးတာက ရိုးဂုဏ် ရှိဖို့ပဲဟေ့ ။
နင်တို့ နှစ်ယောက်အတွက် ငါ ဘာမဆို ကူညီမယ် ”
မြစိန် ၏ အားပေး စကား ။ အမှောင်ထဲက အလင်းတစ်ပွင့် ၊
တမာအိုး ထဲက သကာရည် တစ်စက် သဖွယ် သူ့ကို အားတက်စေသော စကားများ ဖြစ်ပါသည် ။ လက်တွေ့တွင်လည်း မြစိန် က အစစ
အရာရာ သူ့တို့နှစ်ဦး ဘက်မှ ရပ်တည်ခဲ့လေသည် ။
မကြာပါ ။ မောင်ကြိုင့် အတွက် မျှော်လင့်ချက် လမင်းကြီး
အဖြစ် ဘဝ၏ အလင်းရောင်များကို ဖြန့်ဖြူးပေးဦးမည့်သူ တစ်ဦးက
ထပ်မံ၍ ရောက်ရှိလာပြန်ပါသည် ။ သူကား တစ်ခဏအတွင်းမှာပင်
အရေခွံလဲလိုက်သလို ဘဝပြောင်းကာ ကြီးပွားတိုးတက်သွားလေသူ
အနောက်ဘက်ရွာက ကိုကျော်ဆန်းကြီး ။
“ မောင်ကြိုင်ရာ ။ တကယ့် ဝမ်းသာစရာကြီးပါကွာ ။ မင်းတို့
ငါတို့ အောက်ပြည်အောက်ရွာမှာသာ ဘာမှ မသိကြတာ ။ အညာ
တစ်ခွင်မှာ လူတွေက တရုန်းရုန်းနဲ့ ရေနံတူးနေလိုက်ကြတာကွာ ။
တချို့ဆို နေ့ချင်းညချင်း ချမ်းသာသွားလိုက်ကြတာများ ယုံနိုင်စရာတောင် မရှိဘူး ။ ငါတောင် အရောက်နောက်ကျလို့ ဒီလောက်ပဲ
ရခဲ့တာ ။ နို့မဟုတ်ရင် ဒီထက် ဘယ်ကလိမ့်မလဲကွာ ”
သို့ဖြင့် .... ။
xxx xxx xxx
ရေနံမှော် ကို တကယ်နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့ ကိုကျော်ဆန်းကြီး ပြောတာ နည်းတောင်နည်းသေးသည် ဟု မောင်ကြိုင်
ထင်မိသည် ။ ထိုဒေသ၌ လူတိုင်းလိုလို ရေနံမှရေနံ ဖြစ်နေကြသည် ။
ချမ်းသာသူလည်း ရေနံတူးကြသည် ။ ဆင်းရဲသူလည်း ရေနံတူးကြသည် ။ ယာသမား ၊ ချောင်းသမား ၊ လက်လုပ်လက်စားတွေပါ
မကျန် ရေနံသာ တူးကြသည် ။ ဟိုလူ့ပါးစပ်ဖျားမှာလည်း ရေနံ
အကြောင်း ၊ သည်လူ့ပါးစပ်ဖျားမှာလည်း ရေနံအကြောင်းသာ ပြောနေ ဆိုနေကြသည် ။ တောရောမြို့ပါမကျန် လူတွေ တလှုပ်လှုပ်
တရွရွနှင့် ရေနံအတွက်သာ လုံးပန်းနေကြသည် ။
ရေနံမှော်တွေက ဟိုနားကပေါ် ၊ သည်နားကပေါ် ။ ပေါ်လာသမျှ ရေနံမှော်တိုင်းလိုလို မိုးကာတဲ နီနီပြာပြာတွေ ၊ ရေနံတူးစင်
ထိုးထိုးထောင်ထောင်တွေက အလျှိုအလျှိုပေါ်လာသည် ။ တတိန်တိန်
တခွမ်ခွမ်နှင့် ထုသံနှက်သံတွေ ၊ တအောအော တသောသောနှင့်
လူသံသူသံတွေက မှော်ရိုးတစ်လျှောက် ပွက်ပွက်ညံနေသည် ။ ကျင်း
ထောင်းသူက ထောင်း ၊ ပီပါလှိမ့်သူက လှိမ့် ၊ ပီပါတွေကို ကားပေါ်
တင်သူက တင်ဖြင့် ရှုပ်ယှက်ခတ်နေသည် ။
ရေနံမှော်ကို အမှီပြုကာ ဈေးတန်းကြီးတွေပါ တစ်ခဲနက် ဖြစ်ပေါ်လာသည် ။ ဈေးတန်းရှေ့က လမ်းတွေပေါ်မှာ ရေနံညိုညို
မည်းမည်း ပေကျံနေသူတွေရော ၊ တောက်တောက်ပြောင်ပြောင်
ဝတ်စားထားသူတွေပါ လုံးထွေးပြီး သွားလာနေကြသည် ။ လုပ်ငန်း
အကြောင်း ပြောဆိုနေကြသူတွေ ၊ ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကား
သူတွေ ၊ ငွေစက္ကူ ရေတွက်နေသူတွေကို နေရာတိုင်းမှာလိုလို တွေ့
နေရသည် ။ ကားတွေ ဆိုင်ကယ်တွေကလည်း တပေါ်ပေါ်တတီတီနှင့်
ဟွန်းသံတွေပေးကာ ဝင်လိုက်ထွက်လိုက်နှင့် ပျားပန်းခပ်မျှ စည်
ကားနေသည် ။ ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် ဟိုနားမှာ
လည်း တရုန်းရုန်း ၊ သည်နားမှာလည်း တရုန်းရုန်း ။
xxx xxx xxx
ပေါလိုက်တဲ့ ငွေတွေ ၊ ငွေတွေ ။ မောင်ကြိုင့်တစ်သက် တစ်ခါမျှ မမြင်ဖူးသော ငွေတွေကို သည်ကျမှ မြင်ဖူးတော့သည် ။ ငွေ
တွေကို မြင်ရပြန်တော့ သူ့မှာ ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း ။ ခုနေများ
သည်ငွေတွေရပြီး ရွာပြန်ကာ ထားနွယ် နှင့် မင်္ဂလာဆောင်လိုက်ရရင်
ဟူ၍ စိတ်ကူးတောင် ယဉ်လိုက်မိသေးသည် ။
သို့သော် လက်တွေ့ကျတော့ မိမိ ဘဝက တကယ့်ကို တစ် က
စရသူ ။ သူများ ရေနံကျင်းမှာ ကျင်းသားအဖြစ်နှင့် စပြီး အလုပ်ဝင်ခဲ့ရသူ ။ သည်လိုနှင့် အလုပ်ကို လုပ်လည်း လုပ် ၊ သင်လည်း သင်ရင်း
တစ်စတစ်စ ရေနံမှော်သား ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည် ။ မည်သို့
ဆိုစေ ၊ ရွာမှာနှင့် စာလျှင် သည်မှာက အများကြီး သာသည် ။ သည်မှော်
ထဲမှာ အဖျင်းဆုံးဆိုသည့် အလုပ်ကိုလုပ်ရသည် ဆိုစေဦး ၊ ရွာမှာ
တစ်နှစ်ပတ်လုံး လုပ်မှ ရသည့် ဝင်ငွေမျိုးကို သည်မှာ တစ်လ နှစ်လ
လောက် လုပ်ရုံနှင့် ရသွားနိုင်သည်ပဲ ။ သည်တော့ မောင်ကြိုင်
မှော်ကို သဘောကျသည် ။ မှော်ကို ခင်သည် ။ မှော်ကို အထင်ကြီးသည် ။
ကြိုးစားလုပ် ၊ ကြိတ်ပြီးစုရင်း မကြာမီ မောင်ကြိုင် ငွေအတော်အတန်
ကိုင်မိလာသည် ။ ထို့ကြောင့် ကျင်းသားဘဝမှ တစ်ဆင့်တက်ရန်
ပြင်သည် ။ ကိုယ်ပိုင်ကျင်း တူးရန် ပြင်သည် ။ ဘဝတူ နှစ်ဦး သုံးဦး
နှင့်အတူ အစုစပ်ကာ လုပ်ငန်းစ,ဖြစ်ကြသည် ။
ကိုယ်ပိုင်ကျင်း တူးမိကာမှ တကယ် မလွယ်ကူသော အလုပ်
ဖြစ်မှန်း သိလာရသည် ။ အခက်အခဲတွေနှင့် တစ်ခုပြီးတစ်ခု ကြုံရသည် ။ အဆင်ပြေသည့်အခါက နည်းပြီး အဆင်မပြေသည့်အခါက များနေသည် ။
လုပ်ငန်းသဘော လုပ်ငန်းအထာကိုတော့ သူတော်တော်
ကျေညက်လာပါပြီ ။ သို့သော် သည်လုပ်ငန်းမျိုးက လုပ်ငန်းကျွမ်းကျင်ရုံနှင့် မပြီးသေး ။ ကံတည့်ဖို့ကလည်း လိုသေးသည် ။ ခု သူတို့
ဖြစ်နေသည်က လုပ်ငန်းကလေး ရှောရှောရှူရှူ ဖြစ်နေပြန်တော့
ကံ က သိပ်မလိုက်ချင် ။ ဆီ က ထင်သလို မရချင် ။ တစ်ခါ ဆီကြောကလေး ကောင်းကောင်း ထောက်မိတော့မယ် ကြံကာရှိသေး ၊ လုပ်ငန်း
က အဖုအထစ်တွေနှင့် ကြုံရကာ ရပ်နေရပြန်ပြီ ။ နားနေရပြန်ပြီ ။
သည်လိုနှင့် လုံးလည်ချာလည် လိုက်နေသည် ။
သို့သော် ရည်မှန်းချက်ကြီးမားသူ မောင်ကြိုင့်အတွက် ဇွဲ လျှော့
လို့ မဖြစ်သေး ။ ခုလို ကျားအမြီးဆွဲမိနေမှတော့ ဘယ်နည်းနှင့်မှ
နောက်ဆုတ်လို့ မဖြစ် ။ ကြိုးစားပြီးရင်း ကြိုးစား ၊ ဆက်ကာ ဆက်ကာ
ကြိုးစားဖို့သာ ရှိတော့သည် ။
သည်လိုနှင့် တစ်ကျင်းမကောင်း တစ်ကျင်းပြောင်း ၊ တစ်မှော်မကောင်း တစ်မှော်ပြောင်းရင်း အချိန်တွေက ကုန်မှန်းမသိ
ကုန်လာသည် ။ ကုန်ပါလေ့စေ ။ သည်အချိန်တွေကို မောင်ကြိုင်
စောင့်ကြည့် မနေအား ။ သဲကြီးမဲကြီးဇွဲခတ်ပြီး လုပ်မိနေသော လုပ်ငန်းအပေါ်မှာသာ အာရုံစူးစိုက်နေမိသည် ။ လောဘ၏ ခေါ်ရာ
နောက်ကိုသာ တစိုက်မတ်မတ် လိုက်ပါနေမိသည် ။
ဟော ၊ နောက်ဆုံးကျတော့ တစ်နေ့တစ်လံ ပုဂံဘယ်ပြေး
မလဲ ဆိုသည့်စကားက မောင်ကြိုင့်အတွက် ဖြစ်လာရပြီ မဟုတ်လား ။
မှော်အားဖြင့် သုံးမှော်မြောက် ၊ ကျင်းအားဖြင့် တစ်ဆယ့်ငါးကျင်း တိတိ
ပြည့်မြောက်ချိန်မှာ မောင်ကြိုင် တစ်ယောက် လက်ခမောင်းခတ်နိုင်ခဲ့လေပြီ ။
ကြည့်စမ်း ။ မထင်ဘူးဆိုပြီး ပစ်ထားခဲ့သည့် နေရာကို ရမ်းသမ်းပြီး တူးကြည့်ကာမှ တကယ့်အကြောကို ထောက်မိပြီး ရလိုက်သည့် ဆီတွေ ဆီတွေ ။ ရချင်ပြန်တော့လည်း ဘယ်နှရက်မှ မလုပ်လိုက်ရ ။ အောင်ပြီ ၊ အောင်ပြီ ၊ မောင်ကြိုင် တို့ ပျော်ရပြီ ။
သည်တော့ သူရချင်သည့်ငွေတွေကို ရပြီဆိုသည်နှင့် သူ့ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့်အသိက မည်သည့်အကြောင်းအရာ
ဖြစ်သည်ကို မေးစရာ လိုပါသေး သလော ။ ထို့အတူ မောင်ကြိုင် ပထမဆုံး လုပ်ဖြစ်သည့်အလုပ်က မည်သည့်အလုပ် ဖြစ်သည်ကိုရော
မေးစရာလိုပါဦးမည်လော ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ၊ လက်ပံပွင့်တွေကြွေသည့်အချိန်မှာပဲ
သူ ရွာကို ပြန်ရောက်ဖြစ်သည် ။ သူ့ကို ထားနွယ် လိုက်ပို့ခဲ့သည့် ဇရပ်
ကလေးဘေးက လမ်းအတိုင်းပင် ရွာထဲသို့ သူ ဝင်လာခဲ့သည် ။ အပျော်စိတ်ကြောင့် သူ့ခြေလှမ်းတွေက သွက်မှန်း မသိ သွက်နေသည် ။ ရွာထဲ
ကို ခြေချမိပြီဆိုတော့ သူ့ရင်တွေက အလိုလို အခုန်မြန်လာကြလေပြီ ။
မြစိန် တို့ အိမ်ရှေ့ ရောက်တော့ ဝင်နှုတ်ဆက်ဦးမည်ဟု သူ
လှမ်းဝင်လိုက်သည် ။ ခြေတံရှည် အိမ်အောက်က သစ်သားခုံတန်းပေါ်မှာ ထိုင်နေသော မြစိန် ကို အခန့်သင့်ပင် တွေ့ရသည် ။
“ ဟေ့ ၊ မြစိန် ၊ မြစိန် ”
အော်ပြီး ဝင်လာသော သူ့ကို ပထမတော့ မြစိန် က မမှတ်မိ ။
အသားတွေ နီညိုပြီး ရေနံရောင် ပေါက်နေသော သူ့ကို ကြောင်ပြီး
ငေးကြည့်နေသေးသည် ။ အနီးသို့ ရောက်မှ ....
“ ဟယ် ၊ နင် ၊ မောင် . . မောင်ကြိုင် နော် ”
“ အေးလေဟာ ၊ ငါ့ ကိုတောင် နင်က မမှတ်မိတော့ဘူးလားဟ ။
မြစိန်ရ ”
သည်တော့မှ အံ့ဩသောမျက်နှာတွင် အပြုံးရိပ်များက ယှက်သန်းလာသည် ။ မြစိန် လက်ထဲမှာ လသားအရွယ် ကလေးတစ်ယောက် ကို ပွေ့ချီထားသည် ။ မောင်ကြိုင် က မြစိန် နှင့် ကလေးကို
တစ်လှည့်စီကြည့်ကာ ပြောလိုက်သည် ။
“ အံမယ် ။ နင်တောင် အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတောင် ရနေပြီပေါ့ ။ ဟုတ်လား မြစိန် ”
“ အို ၊ မဟုတ်ပါဘူး ”
ရှက်သောမျက်နှာ ကို မြစိန် က တစ်ဖက်သို့ လှည့်လိုက်သည် ။
မောင်ကြိုင် က တဟဲဟဲနှင့် ရယ်နေသည် ။ သို့သော် ကြာကြာတော့
မရယ်လိုက်ရပါ ။ သူ့ဘက်ကို ပြန်လှည့်လာသော မြစိန် ၏ မျက်နှာက
တည်ကြည်လျက် ရှိသလို အံကိုပါ တစ်ချက်ကြိတ်လိုက်လေသည် ။
“ ဒါ ဘယ်သူ့ ကလေး လို့ ထင်သလဲဟင် မောင်ကြိုင် ”
“ သိဘူးလေဟာ ၊ ငါက အခုမှ ပြန်လာတာပဲ ”
“ ဒါ . . ဒါ ၊ ထားနွယ် ရဲ့ ကလေး ”
“ ဘာရယ် ... ”
မိုးကြိုးပစ်သံ တစ်ချက်ကို သူ ကြားလိုက်ရသည် ။ ထို့နောက်
သူ့တစ်ကိုယ်လုံး ရုတ်ချည်းပင် ကျောက်ရုပ် ဖြစ်သွားသည် ။ မြစိန် က
အသံတွေ တုန်နေသည် ။
“ နင် . . နင် တော်တော် နေနိုင်တယ် မောင်ကြိုင် ။ သုံးလေးလ ဆိုပြီး ထွက်သွားလိုက်တာ ၊ ခု သုံးနှစ် ကျော်ခဲ့ပြီ ၊ သိလား ၊ ထားနွယ်
ကိုလည်း နင် ဘာမှ အဆက်အသွယ် မလုပ်ဘူး ”
မြစိန် ၏ စကားတို့ကို ကြားရ တစ်ချက် ၊ မကြားရ တစ်ချက် ။
“ ထားနွယ်က နင့်ကို အကြာကြီး စောင့်နေသေးတယ် ။ တချို့
ကလဲ မှော်ထဲ မှာ နင် သေပြီလိုလို ဘာလိုလို ပြောကြတယ် ။ မနှစ်ကမှ
သူ ကျော်မောင် နဲ့ ယူလိုက်တာ ။ စောစောကပဲ ကလေး ကို ငါ နဲ့
ထားခဲ့ပြီး စပါးသယ်ဖို့ သူတို့ ကားနဲ့ ထွက်သွားကြတာ ”
သူ မျက်စိကို စုံမှိတ်လိုက်သည် ။ သူ့ ခေါင်းထဲမှာ မိုက်ခနဲ
မိုက်ခနဲ ဖြစ်လာသည် ။ သူ့ တစ်ကိုယ်လုံး လဲပြိုမသွားအောင် မနည်းကြီး ထိန်းထားရသည် ။ မြစိန် ကို ပြန်မေးလိုက်သော သူ့အသံ
ကလည်း ငိုသံပါကြီး ။
“ ဒီ . . ဒီ အကြောင်းတွေဟာ တကယ်ပဲလား ဟင် ၊ မြစိန် ”
“ တကယ်ပေါ့ မောင်ကြိုင် ။ ငါ နင့်ကို ဘာကြောင့် မဟုတ်တာ
ပြောရမှာလဲ ”
“ ရက်စက်လိုက်တာ ထားနွယ် ရယ် ”
မချိတင်ကဲ ရေရွတ်မိခဲ့သော နောက်ဆုံး စကားစုရယ်ပါ ။
သည်နောက်တော့ မြစိန် ရှေ့မှ ချာခနဲ လှည့်ထွက်လာခဲ့သည် ။
မြစိန် က သူ့ကို လှမ်းခေါ်လိုက်သေး သလား ၊ မခေါ် ဘူးလား ဆိုတာ
သူ ဘာမျှ မသိတော့ပြီ ။
xxx xxx xxx
သူ ရွာမှာ တစ်ညမှ မအိပ်ဖြစ်ခဲ့ပါ ။ ရွာ မှ ချက်ချင်းပြန်ထွက်လာခဲ့ပြီး ကြုံရာကားကို စီးကာ မှော်ထဲ သို့ ပြန်လာခဲ့သည် ။
တစ်ခုတော့ သူ မှတ်မိသည် ။ ရွာအပြင် သုဿန်ကို ရောက်တော့ သူ့အမေ မြေပုံ ကို ထိုင်ကန်တော့ရင်း ရှိုက်ကြီးတငင် ငိုမိခဲ့သည် ။ အမေ့ အတွက် ငိုရသည်လား ၊ ထားနွယ် အတွက် ငိုရသည်လား ၊ သို့တည်းမဟုတ် နှစ်ခုစလုံး အတွက်ပဲလား ။
သည်လိုနှင့် မှော်ထဲ မှာပင် နေမှန်း မသိ နေလာလိုက်တာ
အများကသူ့ကို “ မှော်ကြာကြီး ” လို့ ခေါ်ယူရတဲ့ထိအောင်ပါပဲ ။
ကြာဆို မောင်ကြိုင် အဖြစ်ကနေ ကိုမောင်ကြိုင် အဖြစ်သို့ပင်
ပြောင်းလဲခဲ့ရပြီ ။ နောက်ထပ် ဦးမောင်ကြိုင် ဖြစ်သည်အထိ သူ
မှော်ထဲမှာပဲ ဆက်နေဖြစ်ဦးမှာလား ။ ဒါတော့ သူ မသိပြီ ။
နှလုံးသား ဒဏ်ရာကြောင့်ဟု ဆိုပါလျှင်လည်း ထိုဒဏ်ရာက
ဘယ်တော့မှ ကျက်ပါမည်လဲ ။ ဒါလဲ သူ မသိနိုင်ပြီ ။ ။
◾ ရဲမြတ်တင်
📖 ဆီမုဆိုးနှင့် အခြားဝတ္ထုတိုများ
koaungnaingoo.blogspot.com
.
No comments:
Post a Comment