“ ဘုရားကားအောက် ၊ မျောက်ကားထက်ဆို ၊ သည်ပုံလိုပင် ၊ မင်းလိုကို ရှောင်ပေဘူး ။ အောင်နိုင်လည်း ခေါင်ထက်က ၊ မြင်းဇက်ခွသကဲ့ ၊ ခြေခွကားယား ....”
◾ ရွှေတိုက်စိုး ဦးတိုး
ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း အပိုင်း ( ၂ )
❝ ခြိုးခြံတော်မူပါဘုရား ❞
တံပူဖြင့် သွား တို့ကို စောလျှင်စွာ တိုက်စားရင်းပင် မျက်နှာကို အမြန်သစ်လိုက်ရပါလေသည် ။
သာယာသော ဥဩသံ သည် ခါတိုင်း နွေဦးရက်လို ပျံ့လွင့်လာခါ လူသားတို့ကို ခညောင်းရင်း ရာသီပြောင်းကြောင်း အစီရင်ခံနေသလိုပင် ဖြစ်တော့သည် ။ သူ့သံသာ အစီအရင်ခံချက်ကို နာခံလိုရက်နှင့်ပင် ဝေလီဝေလင်း ခေါ်တော်ရောက်လာသည့် အတွက် ရွှေနန်းတော်ကြီး ဆီကို အရောက်နှင်းရပေဦးတော့မည် ။ ထိုသည်တို့ကြောင့် ချစ်စဖွယ် သာယာသော ဥဩသံလေး ကိုပင် ရတက်မအေးသောကြောင့် နားမဆင်နိုင် ဖြစ်ရပေသည် ။
ကျောင်းကျိုး ကောင်းဆိုး မသိရ၍ မအေးနိုင်သေးသော အတွေးစိတ်တို့ဖြင့် မြင်းကုန်းနှီး တင်နေသည်ကို စောင့်စားရင်း အရှေ့ဘက်ဆီ သို့ လှမ်းမျှော်အကြည့်လိုက်တွင် ဖန်နေဝင်းသည် ကြက်သွေးအရင့်ရောင်ဖြာလျက် လောကဓါတ် အား အလင်းရောင် ပေးဆောင်ရေးတာဝန်ကို ထမ်းရွက်ရန် အလို့ငှာ ပေါ်ထွက်လာပါလေသည် ။
ထို ရောင်နီ နှင့် ထို ဥဩသံ ကောင်းမှု တို့ကြောင့် စကားပင် သည် အရိုးပြိုင်းပြိုင်း ကျအောင် ရွက်ဟောင်းတွေ လွင့်ကြွေလေပြီ ကိုလဲ သတိပြုမိလာပါသည် ။ တဖန် ဥဩသံ က ဆက်ကာဆက်ကာ တွန်ကြူးသံ လာတော့မည် ဆိုပါလျှင် စိမ်းစိုစိုစကားရွက် နုနုထွတ်ထွတ်တို့ အကြားဝယ် ဆွတ်ဆွတ်ဖြူသော စကားပွင့်တွေ ဝေလာကြဦးမည် ။
အကျွန် သည် ချိုသာသော ဥဩသံ ကို နားထောင်ရင်း နှစ်သစ်ကို မျှော်မှန်း ကြည့်မိပါသည် ။ ပိတောက်ပင် သည်လည်း တာအကူး တွင် ရွှေရည်လူးသော အဖူးအပွင့် တို့ဖြင့် ဝေဆာစွာ တင့်တယ်ပေဦးတော့မည် ကို အားယူမျှော်မှန်း ကြည့်မိပေသည် ။
အတွေးတို့ အကြားဝယ် ငေးမျော်ယမ်းယော်နေဆဲ တွင် ငယ်ကျွန်လက်စွဲတော် က သတိပေးလိုက်သဖြင့် လွင့်ပျံ့နေသော စိတ်အာရုံတို့ကို စုစီးကာ မြင်းပေါ် သို့ လွှားကနဲ တက်ပြီး ရွှေနန်းတော်ကြီး ဆီသို့ မြင်းကို အပြင်း နှင်ခဲ့ပါလေသည် ။ အတွင်းသစ်တပ် တံခါးနီတော် အရောက် အစောင့်တံခါးမှူး က .....
“ ဟေ့ .. ရပ် ။ အသူနည်း ” ဟု အမေးတော် ရှိပြန်၍ ...
“ တံခါးမှူး ကျုပ် ပင်းတလဲစား ရွှေမောင်ကြီး ပလေ ” ဟု ပြန်ပြောလိုက်ရသည် ။ အကျွန် ၏ တုံ့ပြန်သံကို ပြန်လည် ဖြေကြားခြင်း မရှိသော်လည်း တံခါး မှာ ပွင့်လာပါသည် ။ ထို ပွင့်ဟလာသည့် အချက်ကပင် အကျွန့် အား သွားခွင့်ပြုသည် ကို နားလည်လိုက်၍ မြင်း ကို ကြိမ် ဖြင့် တချက် ဆတ်၍ ရိုက်လိုက်ပါတော့သည် ။ သခင့် အလိုကို သိသော သိန္ဓောမျိုး စပ်အုန်းခွန်ချော စီးတော်မြင်း သည် အကျွန့် အား တဟုန်ထိုး နန်းတော်ဦး ဆီ အရောက် သယ်ဆောင်သွားပါလေသည် ။
လျင်မြန်လှသော အဟုန်ကြောင့် လက်ပစ်တတွတ် အတွင်း အရှေ့စမုတ်တော်ကြီး လှေခါးရှေ့ အရောက်တွင် မြင်းပေါ် မှ ဆင်းလိုက်ပါသည် ။ အောက်ရောက်သည် ဆိုလျှင်ပင် အိပ်ဖန်တော်သားများ ကို တွေ့ရပါသည် ။ အကျွန် က မည်သူမည်ဝါ ဟု မသိသော်လည်း အကျွန့် ကို သိသော ထို အိပ်ဖန်တော်သား လက်သို့ မြင်းဇက် ကို ပေးအပ်လိုက်ပြီး စမုတ်တော်ကြီး လက်ဝဲလှေခါးမှ နန်းတော်ကြီး ပေါ်သို့ ခပ်သော့သော့ တက်သွားမိပါသည် ။ ( အရှေ့စမုတ်တော်ကြီး ဟုခေါ်သော နန်းတော်အရှေ့ဘက်ပိုင်း တွင် လှေခါးသုံးသွယ် တို့သည် ကပ်လျက်ယှဉ်တွဲ၍ ရှိပါသည် ။ အလယ်လှေခါးမှာ မင်းတက် လှေခါး ဖြစ်၍ ရှင်ဘုရင် မှ တပါး မည်သူမျှ မတက်ရပါ ။ ဝဲဘက် ၊ ယာဘက် လှေခါး တို့ မှသာ နန်းတွင်းသူ ၊ နန်းတွင်းသားများ နှင့် အခြားသူများ တက်ရောက်ကြရပါသည် .... စာရေးသူ )
အရှေ့စမုတ်တော်ကြီး မှ ပတ်၍ မြေနန်းတော် သီဟာသနပလ္လင် တောင်ဘက် ဘေးကပ်လျက် ကွေ့ပတ်ပြီး
မှန်နန်း စနုဆောင် သို့ ကူးဝင်ချိန်တွင် အိပ်ဖန်တော်မှူး ကဖိုးညွန့် နှင့် တွေ့ပါသည် ။
“ မင်္ဂလာပါ ဝန်မင်း ။ နံနက်စောစော ကသောကမော နဲ့ ဘယ်လို အရေးအခင်းများ နဲ့ ဘယ်ကို ကြွမလို့ပါလဲ ”
“ မှန်ပေသဗျှ ။ ဘဝရှင် မင်းတရားကြီးဘုရား က အခေါ်တော် ရှိနေတယ် ။ ချက်ချင်း လာခဲ့ရမယ် ဆိုတဲ့ အမိန့်တော်မြတ် ကြောင့် ကသောကမြော ဖြစ်ရသဗျှ ” ဟု စကား ကို တဝက်တပျက် ပြောရင်း ဆက် မပြောနိုင်တော့ပဲ မင်းတရားကြီးဘုရား စက်တော်မူရာ မှန်နန်းတော် အိပ်ဖန်တော်ဆောင် သို့ သာ အသော့ ကူး ဝင်လိုက်ပါတော့သည် ။
ဘဝရှင် မင်းတရားကြီးဘုရား နှင့် အကျွန် တို့ ဤ တစ်ကြိမ် တွေ့ဆုံရခြင်းမှာ မမျှော်လင့်သော တွေ့ဆုံမှုပင် ဖြစ်ပါသည် ။ အကျွန် အနေဖြင့် ရင်တွင်း၌ ဘဝရှင်မင်းတရားကြီးဘုရား ၏ ရုပ်လက္ခဏာ ကို လုံးဝမေ့လျော့သွားပြီဟု မဆိုသာသော်လည်း ပင်းတလဲမြို့ ၌ ရှိနေချိန် သုံးလသော ကာလအတွင်း ဘဝရှင်မင်းတရားကြီးဘုရား အကြောင်းကိုမူ တသသ သတိရလျက် ရှိနေကြောင်းကိုတော့ ဝန်ခံရမည်သာ ဖြစ်ပါသည် ။ အကျွန် နှင့် ခွဲခွာရခါနီး မင်းတရားကြီးဘုရား ၏ ရွှေရုပ်သွင် နှင့် ယခု မင်းတရားကြီးဘုရား ကို ဖူးတွေ့နေရသော ရွှေရုပ်သွင် တို့ ခြားနားပုံတို့မှာ ဗေလုဝ နတ်စောင်း ကို တီးခတ်အံ့သောငှာ နတ်သမီး ငါးရာ ခြံရံလျက် တင့်တယ်စွာဖြင့် စောင်းကြိုးကို ညှိနေသော ပဉ္စသီက္ခနတ်သား နှင့် ခွေးဝဲစား အလယ် ဗျက်စောင်းကြိုး ကို တီးခတ်နေသည့် ဖုန်းတောင်းစား ကဲ့သို့ပင် နှိုင်းယှဉ်လောက်အောင် ကွာခြားပါဘိ တကား ။
ဟိုစဉ် အခါက မင်းတရားကြီးဘုရား ၏ ဝင်းဝါစိုပြေသော အသားတော် သည် အလောင်းမင်းတရားကြီးဘုရား ၏ အနွယ်တော်ပီပီ နုပျိုစိုပြေလျက် ၊ တောင့်တင်းသန်မာ မြင့်မားသော ကိုယ်ဟန်နေထား ရှိပေသည် ။ ယောကျာ်း ပီသသော မောင်းသား အဖုံဖုံတို့ကို ထုထုပြီး ခရာချင် ၊ တာချင်သော မိဖုရား အပေါင်းတို့ကို စွေ့ချီ မြှောက်ကိုင်ကာ လဲဝါဂွမ်းဆိုင် ကို ဆုတ်ကိုင်သည့် အလား အားအင်တော်များ ရှိခဲ့သည်ကိုလည်း အကျွန် သိပါသည် ။
ကျက်သရေ ရှိလှ၍ ကြီးမားကျယ်ပြန့်သည့် မဟာနဖူးတော် အောက်ရှိ ဖြောင့်စင်းသော နှာတန် ၊ သောက်ရှူးကြယ် အလား ဝင်းလဲ့တောက်ပြောင်သည့် မျက်လုံးတော် တို့မှာ ယခုအခါ ညိုးလျော် မှေးမှိန်၍ နေချေပြီ ။ ပြုံးမလို ၊ ရယ်မယောင် နှင့် မစေ့တစေ့ ရှိသော နှုတ်ခမ်းတော် တို့မှာလည်း ပွင့်အံဟပြဲ၍ နေပါလေပြီ ။ ရာမမင်း ၏ လေးတော် လို မကွေးတကွေးလေး ရှိနေသော မျက်ခုံးတော် မှာလည်း ပြူးကြောင်ပြဲလန် လာသော မျက်လုံးတော် တို့ကြောင့် ဖြောင့်တောင့်တောင့် ပင် ဖြစ်နေချေပါပြီ ။
အကျွန့် အား မြင်တိုင်း ၊ တွေ့တိုင်း အာဇ္ဇဝန်း ရွှင်ရွှင် နှင့် မင်းတရားကြီးဘုရား က မေးလေ့ ပြောလေ့ ရှိပါသည် ။ အကျွန့် သံတော်ဦး မတင်မှီ နှုတ်ခွန်းမဆက်မှီ နှစ်လိုဖွယ်သော အပြုံးဖြင့် “ ငမောင်ကြီး ၊ ခဲ့ရွှေကြီး ၊ ငတာတူးကြီး ” ဟု အကျွန် ၏ ငယ်နာမည် များဖြင့် မင်းတရားကြီး ခေါ်ချင်သလို ခေါ်ကာ စကားဆိုလေ့ ရှိပါသည် ။ ယခုအချိန် တွင် မင်းတရားကြီးဘုရား မှာ အပါးတော်တွင် ခေါ်တော်မူ၍ ရောက်ရှိ ခစားနေသည်မှာ ကွမ်းတရာညက် မက ကြာရှည်ရှိသည် တိုင်အောင် မည်သို့မျှ မိန့်ဆိုခြင်း မပြုပဲ တွေဝေငေးငိုင်နေသည်ကို တွေ့မြင်ရသော အကျွန့် မှာ ဝမ်းနည်းသလို ဖြစ်လာရပါတော့သည် ။ ယူကြုံးမရလည်း ဖြစ်လာပါသည် ။
သခင် ဘုန်းကြီး လျှင် ကျွန် ဓါးပီး သည် ဆိုသည့် အတိုင်း အကျွန်အား မြှောက်စားချီးမြှင့်ခဲ့သော အရှင်သခင် တွင် မည်ကဲ့သို့သော အဖြစ်အပျက် အပြောင်းအလဲမျိုး တွေ့ကြုံဖြစ်ပျက် နေရသည်တို့ကိုပင် မသိရနိုင်လေအောင် အပျော်ကျူးမိသော အကျွန့် ကို အကျွန် သာ အပြစ်တင်ချင်သလို ဖြစ်လာရပါတော့သည် ။
သို့ပြီးတကား အကျွန် လည်း မင်းတရားကြီးဘုရား အခေါ်တော် ရှိရသည့် အကြောင်းအရင်း ကို သိရှိနိုင်ရန် ....
“ မှန်လှပါ ။ ဘဝရှင်မင်းတရားကြီး ထံပါး ငယ်ကျွန်လက်စွဲ ငမောင်ကြီး ခစားလျက်ရှိကြောင်းပါ ဘုရား ” ဟု တင်လျှောက်လိုက်လေတော့မှ မင်းတရားကြီးဘုရား မှာလည်း တိုး၍ ညင်သာသော လေသံဖြင့် ....
“ ငမောင်ကြီး ၊ နင် စားရသော နယ်ပယ် အေးချမ်းသာယာပါ၏ လော ၊ ရောင်းဝယ် ဖောက်ကား
စပါးဆန်ရေ ပေါများပါ၏ လော ” ဟု အမေးတော် ရှိလေသည် ။
“ ဘုန်းတော်ကြောင့် ရပ်ရွာလည်း အေးချမ်းသာယာ စပါးဆန်ရေလည်း ပေါကြွယ်ဝ၍ စိုးရိမ်တော် မမူပါနှင့် ဘုရား ။ အရှင်မင်းကြီးဘုရား တွင်သာ မည်ကဲ့သို့သော ဝေဒနာတော် ကပ်ရောက်နေပါ၍ ဤမျှ ညိုးငယ်နေရပါ သလဲ ဘုရား ”
“ ငမောင်ကြီး ၊ ငါ့ တွင် ဘယ်သို့သော ရောဂါထူးထွေ ကပ်ရောက်လေသည်ကို ဘဇာ့ကြောင့် မေးဘိသနည်း ငမောင်ကြီး ”
“ မှန်လှပါ ... ဘဝရှင် မင်းတရားကြီးဘုရား ။ ကျွန်တော်မျိုးကြီး အပိုင်စားရသော နယ်ပယ်ဒေသသို့ ကျွန်တော်မျိုးကြီး မသွားရောက်ရမှီ ကာလ အရှင့် အပါးတော်တွင် ဖဝါး ၊ ခြေထပ် ခစားလျက်ရှိစဉ် ကိုယ်တော် ၏ အသားအရေ တို့သည် စိုပြေ ပြည့်ဖြိုး ပါသည် ။ ယခု ဘဝရှင် မင်းတရားကြီး ထံတော်အပါး ကျွန်တော်မျိုး ပြန်လည်ရောက်ရှိ ခစားချိန်တွင် ကိုယ်တော်ဘုရား ၏ အရည်အသွေးတော် တို့မှာ ညိုးလျှော်လျက် ရှိသည်ကို မြင်ရမိကြောင်းပါ ဘုရား ”
“ အိမ်း .. ဟုတ်ပေသဗျ ။ လွန်ခဲ့တဲ့ တလလောက်က စပြီး ငါ ကိုယ်တော်မြတ်မှာ နှလုံးတုန်
ရင်ခုန်တော် မူသည့်အတွက် သမားတော်ကြီးများ နဲ့ တိုင်ပင်ကာ ဆေးတော်များ စားသုံးခဲ့ပေမယ့်
မသက်သာဘူး ငမောင်ကြီး ရဲ့ ”
“ မှန်လှပါ ... မင်းတရားကြီးဘုရား ၏ ဝန်မင်းကြီးများ ဖြစ်ကြသော ကင်းဝန်မင်းကြီး ၊ ခန်းပတ်မင်းကြီး ၊
ရွှေပြည်ဝန်ကြီး ၊ တိုင်းတားမင်းကြီး များတို့က အကြံဉာဏ်တော်များ မပေးဆက်ကြပေဘူးလား ဘုရား ”
“ သမားဟူးရား များ ပေးဆက်တော်မူသော ဆေးတော်များ သောက်သော်လည်း မပျောက်ကင်းတော်မူ၍ သူတို့လဲ လောကီ ဗေဒင်ကိန်းခန်းအရ ဇီဝိတဒါန ၊ ယတြာ ၊ ဓါတ်ရိုက် ဓါတ်ဆင် စသော ဘုရား ကု သမားတော်များ ကိုလည်း အဆောင်ရ ၊ နန်းရ မိဖုရားကြီးများ နှင့် မောင်းမမိတ်သံများ တိုင်ပင်ပြီး ငါ ကိုယ်တော် အရှင်မြတ်အတွက် ပြုလုပ် ဆောက်ရွက်ကြပေမဲ့ မထူးခြားလှဘူး ငမောင်ကြီးရဲ့ ။ သို့မို့ကြောင့် ငါ ကိုယ်တော်မြတ် နင် အခစား ဝင်ရောက်ချိန်ထိ မစောင့်ဘဲ အခေါ်တော် ရှိလိုက်ရခြင်းပ ”
“ ဘဝရှင် မင်းတရားကြီးဘုရား ဆေးတော် ဆက်သည့် အထဲတွင် ၊ ဘုရား ကျွန်တော်မျိုးကြီး တို့နှင့် အရှင့် အရေးတော် ပေါ်ခိုက်တုန်းက တိုက်ဖော် ၊ ခိုက်ဖက် ဖြစ်သော မြင်းစီးရဲဘက်ဗိုလ်ဟောင်း သမားတော်ကြီး ငခဲ ဆေးတော်များ ပါဝင်တော် မူပါရဲ့လား ဘုရား ”
“ သမားတော် ငခဲ ဟာ ငယ်ရွယ်သူ ဖြစ်နေသမို့ကြောင့် သမားတော်ကြီးများ ဆက်သသော ဆေးတော်များသာ စားသုံးရပေသေးတယ် ငမောင်ကြီး ရဲ့ ။ ငခဲ ဟာ သမားတော် အဖြစ်နဲ့ အမှုထမ်းဆောင်နေပေမင့် .. သူ့ ဆေးတော်များ ကို ငါ ကိုယ်တော်တိုင် မစားသုံးဘူးသေး သမို့ ငခဲ အကြောင်းတော့ ကောင်းကောင်း မသိရသေးဘူးပ ”
“ မှန်လှပါ ဘုရား ... အရှင်ဘုရား စွဲကပ်သော ဝေဒနာအတွက် ငခဲ နှင့် တိုင်ပင်၍ ဆောင်ရွက်ခွင့် ပေးတော်မူပါ ။ ကုလားဖြူလူမျိုး ဆေးဝါးများ နှင့် ကုလားမဲလူမျိုး ဆေးဝါးတော်များလည်း အောက်ပြည်
ဒဂုန် တွင် ပေါများလှကြောင်း ကြားမိဘူး၍ စိုးရိမ်နှောင်းလို့ ကြောင့်ကြတော်မူရန်မရှိကြောင်းပါ
ဘုရား ”
“ ကောင်းပေသဗျာ ... ကောင်းပေဗျ ။ သာပေမင့် ငါ ကိုယ်တော်မြတ် အနေဖြင့် ကုလားဖြူရော ၊ ကုလားမဲ
လူမျိုးများ ရဲ့ ဆေးဝါးတော်တွေ ကို မမှီဝဲ လိုဘူး ငမောင်ကြီး ရဲ့”
“ ဘဝရှင် မင်းတရားကြီးဘုရား အလိုတော်ကျ ဖြစ်စေရပါမည် ဘုရား ။ ကုလားအဖြူ ၊ အမဲ တို့ ဆေး မမှီဝဲ လိုလျှင် စိန့်တိုင်းပြည် မှ သမားတော်ကြီးများ လည်း ရှိပါသေးသည် ။ တိုင်းရင်းသား လူမျိုး အနွယ်ဝင် ရှမ်းဆေးယွန်း ဆေးတော်များလည်း အများအပြား ရှိသေးကြောင်းပါ ဘုရား ။ ကျွန်တော်မျိုးကြီး ကိုယ်တိုင် ဆေးပညာရပ်များ ကို ကျွမ်းကျင်သူ ငခဲ နှင့် တိုင်ပင်၍ ဆေးတော်များ စီရင်နိုင်အောင် ကြိုးစားပါမည် ဘဝရှင် မင်းတရားကြီး ဘုရား ”
“ အိမ်း .... ဆေးတော်အတွက် အလိုရှိရာများကို ဝယ်ယူရန် ၊ စုဆောင်းရန် ငမောင်ကြီး အလိုရှိရာကို ရွှေတိုက်တော်ဝန် ထံမှ အမိန့်တော်မြတ် ခံယူပြီး အလို ရှိသမျှ ရွှေ ၊ ငွေ ဘဏ္ဍာ တို့ကို ထုတ်ယူသုံးစွဲခွင့် ရှိစေဗျား ”
အကျွန်လည်း ခြေတော်ဦးခိုက်ရင်း မင်းတရားကြီး ထံပါးမှ ထွက်ခွာလာခဲ့ပါသည် ။ မင်းတရားကြီးဘုရား ရွှေစိတ်တော် မကြည်သာ ကျန်းဂန်တော် မမူကြောင်း တွေ့မြင်ရသည့် အကြောင်းချင်းရတို့ကြောင့် အကျွန်၏ စိတ်ဝယ် လေးလံထိုင်းမှိုင်းနေရပါလေသည် ။
အကျွန့် တကိုယ်လုံးလည်း ချွေးစေးများဖြင့် နစ်လျက်ရှိလေသည် ။ အကျွန့် ကိုယ်ပေါ်မှ ချွေးရည်တို့သည် အကျွန် ဝတ်ဆင်လာခဲ့သော တောင်ရှည် ကြိုးပုဆိုးနှင့် တရုတ်ပိုး အပေါ်ဝတ် သိုရင်းအင်္ကျီ တခုလုံး ရေဖျန်းဆွတ်ထား သကဲ့သို့ ရွှဲရွှဲစိုလျက် ရှိပါလေသည် ။
စွတ်စိုနေသော အဝတ်ဖြင့် မြင်း ကို အသော့နှင်ခဲ့၍ တိုးဝှေ့လာသော လေအရှိန် တို့သည်လည်း အကျွန့်
ရင်ထဲ ၊ ဝမ်းထဲ တွင် ဘဝရှင်မင်းတရားကြီးဘုရား အတွက် ပူပင်ခြင်း ၊ ပြင်းပြနေသော စိတ်နှလုံး ကို အေးချမ်းအောင် မပြုနိုင်ခဲ့ပေ ။ ထိုသို့ ပူပန်စိတ်ဇော ဆောင်နေသောကြောင့် ရောင်းရင်း အပေါင်းအသင်း ဖြစ်နေသော ငခဲ ထံသို့ အကူအပံ့ ရယူရန် မြင်း ကို နှင်လာခဲ့ခြင်း ဖြစ်လေသည် ။
ငခဲ မှာ ဘုရင့် သမားတော် အဖြစ် အမှုတော် ထမ်းရွက်ရသော်လည်း နန်းတော်အတွင်း အချိန်ပြည့် တာဝန်ထမ်းရွက်ရ သူ မဟုတ်မူ၍ မြို့တော်အပြင် အနောက်တော်ပိုင်း မလွန်မင်းသား အပိုင်စားရာ မလွန်ရပ်ကွက် တွင် နေထိုင်ပါသည် ။ ရွှေနန်းတော်ကြီး နှင့် ခရီး တစ်တိုင် သာသာ အဝေးလေးပင် ရှိရိုး မှန်သော်လည်း ရောက်ခဲလှသည် ဟု ထင်မှတ်နေပါသည် ။ မင်္ဂလာတံခါး မှ ထွက်ခဲ့ပြီးနောက် တံတားကျော်ခါ ကျုံး အပြင် ရောက်ရှိသည်နှင့် တပြိုင်တည်း မြင်း ကို ကြိမ် တို့ ၍ ခပ်သုတ်သုတ်ပင် အပြင်း စီးမိပါသည် ။
မြင်းစီးရင်း နှင့် ဘဝရှင် မင်းတရားကြီးဘုရား အရေးတော် ပေါ်ခဲ့စဉ် အတွင်းက ငခဲ ၊ ငစံကြီး ၊
ငရွှေဘေး တို့နှင့် အတူ အမှုတော် ထမ်းရွက်ပုံ တို့ကို ပြန်လည် အမှတ်ရလာပါသည် ။
မင်းတုန်းမင်းသား ရွှေဘိုမြို့ လုပ်ကြံရန် ငစီ ဆို သူ နှင့် ကြက်တက်ရွာသား ငဘိုး တို့အား ရွှေဘိုမြို့ အတွင်း
ရုပ်ဖျက် ဝင်ရောက်စေကာ အချက်ပေး မီး အပြခိုင်းပါသည် ။ မြကန်ရွာသူကြီး ငရွှေသီး ကိုလည်း မုန်အာ တံတားပြင် က မီး ပြစေပါသည် ။ ချိန်းချက်ဆိုသည့် အတိုင်း မီးပြသည် နှင့် တပြိုင်တည်း မြို့ပြင် ရှိ ရဲဘက်
မြင်းတပ်ဗိုလ်ဟောင်း ငခဲ ( ပုဂံမင်း အမှုတော်ထမ်းစဉ် က ငခဲ ကို အင်္ဂလိပ် ၊ မြန်မာ စစ်ပွဲ အတွက်
ရဲဘက် မြင်းတပ်ဗိုလ် ခန့်အပ်၍ အောက်ပြည်ရွာ ရှိ စစ်မြေသို့ ပို့ခါနီး အခိုက်အတန့်တွင် မင်းတုန်းမင်း
အရေးတော် ပေါ်လာသည်၌ ပုဂံမင်း ထံ မနေတော့ဘဲ မင်းတုန်းမင်းသား နောက်တော် ပါလာခဲ့၍ အမှုတော် ကို ထမ်းသူဖြစ်သည် ။ ) ငရွှေဘေး ၊ ငစံကြီး ၊ ငရွှေသိုက် နှင့် အကျွန် တို့ ကိုယ်တိုင် ကြပ်ကြပ်မတ်မတ် ကွပ်ကဲထားသော မင်းတုန်းမင်းသားကြီး ၏ တပ်များ သည် မြို့ထိပ်ကနေ၍ မြို့ဝန်ငဝိုင်း တပ်များ ကို ပမာဏ မပြုဘဲ ဝင်ရောက်တိုက်ခိုက်ကြပုံတွေကိုလည်း သတိရလာပါသည် ။ မြို့ပေါက်သောကြောင့် မြို့ဝန်ငဝိုင်း လည်း သူ့ တပ်ကို သူ မစည်းကြပ် ၊ မကွပ်ကဲနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးသွားရပါလေသည် ။
ငဝိုင်း ထွက်ပြေးသွားပြီးနောက် မြို့ ကို အမိအရ သိမ်းမိပြီ ဖြစ်၍ မင်းတုန်းမင်းသားကြီး ရွှေဘိုမြို့ ကို အမြန်လာရောက် သိမ်းပိုက်တော်မူပါ ဟု ငခဲ တို့က မြင်းလျင် စေလွှတ်၍ လျှောက်ထားသည် တို့ကြောင့်
၁၂၁၄ ခုနှစ် ၊ ပြာသိုလဆန်း ၁၂ ရက် နေ့တွင် မင်းတုန်းမင်းသားကြီး ရတနာသီင်္ဂီ ၊ ရွှေဘိုမြို့ သို့
ရောက်ရှိလာကာ မြို့ဝန်ငဝိုင်း အိမ်တွင် စံနေတော် မူသည် ။ ရက်များ မကြာမှီ နောက်မှ ချီလာသော
ကနောင်မင်းသား တပ် ရွှေဘို သို့ ဆိုက်ရောက်လာကြောင်းတွေကိုပါ တရေးရေး နှင့် မြင်ယောင်လာပါသည် ။
အမရပူရ ကို လုပ်ကြံရာတွင်လည်း စစ်ကိုင်း စစ်ကြောင်း ကို လှတောကြီးရွာသား မြင်းတပ်ဗိုလ် ငရွှေပြင် ကို ဗိုလ်ချုပ် အဖြစ် ခန့်အပ်ဦးစီး တိုက်ခိုက်စေခဲ့ပါသည် ။ ပုဂံမင်း တပ်များ ကို လှိုင်မင်းသား ဦးစီး၍ စမွန်းကြီးရွာ မှ စောင့်ကြိုရင်း တိုက်ခိုက်သည်ကြောင့် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပေသည် ။ ထို တိုက်ပွဲတွင် ငခဲ အစွမ်းပြခဲ့ပုံ တို့မှာ လူတိုင်း ပါးစပ်ဖျားတွင် ရေပန်းစားနေသော ပုံပမာ ကဲ့သို့ပင် ဖြစ်ခဲ့ပါလေသည် ။
ဓါးထက်သော ကနောင်မင်းသား အိမ်ရှေ့စံ ကိုယ်တော်ကြီး မှာ ငခဲ ၏ လုပ်ရည်ကြံရပ် ကို သိရှိတော် မူ၍
အမြင့် သို့ ရောက်ရှိချိန် တွင် ငခဲ ကို စစ်တပ် အတွင်း ဗိုလ်မှူး အဖြစ် တာဝန်ထမ်းဆောင်ရန် အခွင့်အရေး ပေးသနားခဲ့သည် ။ ငခဲ မှာ တာဝန်ဝတ္တရား အရသာ တိုက်ရခိုက်ရသော်လည်း စိတ်မွေ့လျော် ပျော်ပိုက်ခြင်း မရှိကြောင်း ၊ ကနောင်မင်းသားကြီး အား လျှောက်တင် ငြင်းပယ်သည်ကြောင့် သူ တတ်သိသော ဆေးပညာ ဖြင့် သမားတော် အရာပေး မြှောက်စားခြင်း ခံခဲ့ရပေသည် ။
ငခဲ မှာ ဘုရင့်သမားတော် ၁ဝ ပါး တွင် တပါး အပါအဝင် ဖြစ်သော်လည်း ရှင်ဘုရင် ကိုယ်တိုင် အသုံးမပြုဘူးကြောင်း ယခုမှပင် သိရှိရပါလေသည် ။ ထိုသည်ကြောင့် ငခဲ မှာ နန်းမြို့ပြင်တွင် နေထိုင်ပုံရလေသည် ။ သူ့ ကို ချီးမြှင့် မြှောက်စားသော ကနောင်ကိုယ်တော်ကြီး ၏ သားတော် မလွန်မင်းသား နှင့် အတူ နေထိုင်ဟန် ရှိပေသည် ။
မလွန်ရပ် ရှိ မလွန်ဈေး မှာ မြို့ပြင် ရှိ ဈေးများ အားလုံးတို့တွင် အကြီးဆုံး ဖြစ်၍ အကောက်ခွန် ကို မလွန်မင်းသား ပင် ရယူပိုင်ခွင့် ကို ဘကြီးတော်သူ ဘဝရှင်မင်းတရားကြီးဘုရား က အပိုင်စား ပေးထားခဲ့ခြင်း ဖြစ်ပေသည် ။
မလွန်ရပ် ရှိ ငခဲ အိမ် သို့ အကျွန် ရောက်ရှိချိန်တွင် အခြား တစိမ်းတရံ ဧည့်သည် နှစ်ယောက် နှင့် စကားပြော နေသည်ကို တွေ့ရပါလေသည် ။ အကျွန် အား ငခဲ က .....
“ ဟယ် .... ပင်းတလဲစား ငမောင်ကြီး ပါလား ။ ဘယ်သို့သော အချင်းရပ်ဖြင့် ငါ့ အထံ လာဘိသနည်း ။ အိမ်သူသက်ထား နာမကျမ်း၍ လော ”
“ မဟုတ်ပေဘူးပ ငခဲရ ၊ မင်းတရားကြီးဘုရား အတွက် နင် နှင့် ငါ တိုင်ပင်၍ အကျိုးသယ်ပိုးရန် လာခဲ့ခြင်းပေပဲ ”
“ အသို့ ဆိုလေသနည်း ။ ဘဝရှင် မင်းတရားကြီးဘုရား တွင် ပြည့်ရှင်မင်း အဖြစ် ကို ရယူအောင် ကြံဆောင်ရပြီးသည့် နောက် မည်သို့သော အရေးအခင်း သည် နင် နှင့် ငါတို့ အတွက် အချက်ရှိလေပါသနည်း ။ လွန်ခဲ့သော ဆယ်နှစ်ကျော် အတွင်း တို့များ အတူ အသက် နှင့် လဲ၍ ထမ်းရွက်ဝန်တာ ပြီးဆုံးလေမှ ငါ တို့ နင် တို့ အကူအညီ သည် ထူးခြားအံ့လော ”
“ တော်စမ်းပ ငခဲ ရာ ။ နင် သည်သာ သမားဟူးရား အဖြစ် ခံယူထားသသူမို့ တွေ့မြင်သသူများအပေါ် မစောကြော မမေးမစမ်းပဲ သောက်ရမ်း ဆရာ မလုပ်ပါလေနှင့် ။ ငါ လာသည့်အရေးမှာ ဘဝရှင်မင်းတရားကြီးဘုရား မကျန်းခန့်တော်မူသည့် အရေးသာပ ”
“ အလို .. ကျန်းခန့်တော် မမူဘူး ဟုတ်စ ။ ငါ လွန်ခဲ့သည့် သီတင်းပတ် ခစားဝင်စဉ် က မာချာသေး သဟ ။ ကိုယ်တော် အနည်းငယ် ကြုံလှီသွားသည်မှ အပ တခြား ဘာမျှ ငါ မမြင် ။ သူ့ တွင် သမားဟူးရားအို တို့ ခြံရံနေသဟာကြောင့် ငါ အသို့ ပြုရအံ့နည်း ”
“ နင့် စကား ငါ့ နား အသိပါ ၊ ငခဲ ရာ ။ နင့် ဆေးဝါး ကို မင်းတရားကြီးဘုရား မမှီဝဲသည့် အတွက် နင် မကျေနပ်တော်မူတယ် မဟုတ်လား ။ အဲ့သဟာ မင်းတရားကြီးဘုရား အလိုတော် မဟုတ်ဘူးဗျ ”
“ မင်းတရားကြီး ဘုရား ကြားသိတော် မူရင် နင့် စကားကြောင့် ငါ ဒဏ်သင့်နေပမယ် ငမောင်ကြီး ရာ ။ သူတို့ အဘိ ( စကြာဒေဝီ တောင်နန်းစံ နှင့် ဆင်ဖြူမရှင် မိဖုရား တို့ကို ဆိုလိုခြင်း ဖြစ်သည် ။ ) ခုံတော်ပျို မှ သမားအို မှ ဆိုသဟာကြောင့် ငါ လဲ အဝေးကနေပြီး မေတ္တာတော် ပို့ဆက်လျက်ပါ ။ ငမောင်ကြီး ရာ ငါ့ အရှင် သခင်အရင်းပေပဲ ...”
“ အေးပဟယ် ... သဟာကြောင့် မင်းတရားကြီးဘုရား ကျန်းခန့်ဘို့ အရေး ငါ တွေးမိလို့ နင့် ဆီ လာသပေါ့ ”
“ သည်လိုဆိုရင် မင်းတရားကြီးဘုရား ကို နားတော် ဆက်ခဲ့ပြီပေါ့ ဟုတ်လား ။ ငါ က မင်းတရားကြီးဘုရား အတွက် ဘယ်လို ဆောင်ရွက်ပေးရမယ် ဆိုတာ သိစမ်းပရစေလကွာ ။ အနာ ရှိရင် ဆေး ရှိသည် ပ ငမောင်ကြီး ရ ”
“ လာရင်း အလိုကတော့ မင်းတရားကြီးဘုရား ဟာ အအိပ်အနေ နည်းပါးရပြီး ၊ နှလုံးတုန် ရင်ခုန်တော် မူတယ်လို့ မိန့်ဆိုသဟ ။ ကိုယ်တော် လဲ အတော် ချုံး ပြီး မျက်လုံးတော်တွေပင် ညိုးလျော်နေတာ ဖူးတွေ့ရပေတယ် ”
“ အိမ်း ...ကိုယ်တော်ကြီးဘုရား က ငါ ဆက်မဲ့ ဆေးတော် ကိုသောက်သုံးတော် မူလိုတယ် ဆိုရင်ဖြင့် ငါ လိုက်ကြည့်ရပေမယ် ။ သာမှလဲ အနာ မသိ ဆေး မရှိ ဆိုသလိုမဖြစ်ရမပေါ့ ” ဟု ပြောရင်း ငခဲ သည် သူ့ ဧည့်သည်များ ဘက်သို့ လှည့်၍ ယခု ပေးလိုက်သော ဆေးများကို ယူ၍ အညွှန်းအတိုင်း တိုက်ကျွေးပြီး မနက်ဖြန် မနက် အကြောင်းပြန် ပြောရန် မှာကြားလိုက်သည် ။
အနာ မမြင် ၊ ဆေး မတင် နှင့် ၊ အနာ မသိ ဆေး မရှိ ၊ အနာ မပိုင် ဆေး မကိုင် နှင့် ဆိုသည့် ဆောင်ပုဒ်အတိုင်း မင်းတရားကြီးဘုရား ၏ ဝေဒနာတော် ကို ကုစားရမည့် အရေးအခင်း အတွက် လူနာ ၏ အခြေအနေ ကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံစစ်ဆေးမည် ဖြစ်သောကြောင့် နံနက်စာ ထမင်းစားသောက်ရန် ဒုတိယ ဇနီး သည် မယ်အုန်းခိုင် ကို လှမ်း၍ စေခိုင်းလိုက်ပါသည် ။ ငခဲ တွင် အတူနေ ဇနီး မယ်ငြိမ်း ၊ မယ်အုန်းခိုင် ၊ မယ်တုတ် ၊ မယ်မြိုင် လေးယောက် ရှိကြောင်း ကိုတော့ တပ်အပ် သိပြီး ဖြစ်ပါသည် ။ ကျန် ကိုယ်လုပ်တော် အမြှောင်မယား လည်း အများအပြား ရှိကြောင်း ကြားရဘူးသော်လည်း ၊ ရှေးက မယုံမကြည် ရှိသော်လည်း ယခုတော့ ငခဲ လက်ဝယ် တခုကောင်း ရှိရမည် ဟူသော အတွေး တို့က အကျွန့် အား အလုပ်ပေးနေပါတော့သည် ။
ငခဲ နှင့် အကျွန် မှာ ငယ်ပေါင်းကြီးဖော်များ မဟုတ်ကြသော်လည်း မင်းတရားကြီး အရေးတော် မှ စ၍ သေ အတူ ၊ ရှင် မကွာ အမှုတော်ထမ်းဖက်များ ဖြစ်ကြပါလေသည် ။ မင်းတရားကြီးဘုရား အမြင့် သို့ ရောက်ရှိ၍ သင့်လျှော်သလို မြှောက်စားခံရသည့် ကျွန်ရင်း မှတ်တမ်း တွင် အကျွန် တို့ နှစ်ယောက် လည်း ပါဝင်ခဲ့ပေသည် ။ ရောင်းရင်းများ အဖြစ် မရှိ အတူ ၊ ရှိ အတူ ၊ တစ်ယောက် အိမ် တစ်ယောက် ဝင်ထွက် စားသောက်ခဲ့ကြသည်အထိ ရင်းနှီးခဲ့ကြပါလေသည် ။
ငခဲ ၏ သက်ထားအိမ်သူ မယ်အုန်းခိုင် ယူလာခဲ့သော ဒေါင်းလန်းကြီး မှ ထမင်း ကို အကျွန် ပါ လက်ဆေးရင်း အတူတကွ စားသောက်ကြပါသည် ။ ငရံ့ကင် ကို နှမ်းဆီ ရွှဲရွှဲ ဆမ်း ၊ ပဲနီပြုတ် နှင့် ဘူးချဉ်ရည် ဟင်း တို့ အပြင် မိုးမျှော် ငရုတ်သီးထောင်းကလေး ဖြင့် စားသောက်ကြပါသည် ။ လက်ရေတပြင်စီး ဒေါင်းလန်းကြီး ဖြင့် အရသာ ရှိစွာ စားသုံးကြပြီးနောက် ငခဲ လည်း အကျွန် နှင့် အတူပင် မင်းတရားကြီးဘုရား ထံတော်သို့ မြင်းကိုယ်စီ စီးရင်း လိုက်ပါလာခဲ့ပါသည် ။ စကားတပြောပြော နှင့် မြင်း ကို အသားကျ စီးနှင်းခဲ့ရာ တခဏအတွင်း ရွှေနန်းတော်ကြီး ဆီသို့ ဆိုက်ရောက်ပါတော့သည် ။
ဘဝရှင် မင်းတရားကြီးဘုရား ညီလာခံသဘင် မဝင်တော့သည်မှာ ယနေ့ ( ၄ ) ရက် မြောက် ရှိပြီ ဖြစ်ပါသည် ။ မှန်နန်းဆောင်တော် တွင် မင်းတရားကြီးဘုရား အနား ခစားလျက် ရှိသော ဆင်ဖြူမရှင် မိဖုရားကြီး နှင့် ခြွေရံ သင်းပင်း များ သာ ရှိနေချိန် ဖြစ်ပါသည် ။
အကျွန်တို့ လည်း မင်းတရားကြီးဘုရား ခြေတော်ရင်းတွင် ဝပ်စင်းခစားရင်း “ မှန်လှပါ ...ငယ်ကျွန်ရင်း
ငခဲ ရောက်ရှိ ခစားလျက် ရှိကြောင်းပါ မင်းတရားကြီး ဘုရား ” ဟု ငခဲ က တင်လျှောက်လိုက်သည် ။
“ အိမ်း ...ကောင်းသဗျား ။ ငမောင်ကြီး နဲ့ အတူ ပါလာတယ် မဟုတ်လား ”
“ ဘုရား ကျွန်တော်မျိုးကြီး ကို ဘဝရှင်မင်းတရားကြီးဘုရား အလိုတော် ရှိတယ် ဟု ပင်းတလဲစား ငမောင်ကြီး ဆင့်ခေါ်ချက် အရ ခြေဖဝါးတော်အောက် အခစားရောက်ရပါသည် ။ အသျှင် မင်းတရားကြီးဘုရား အလိုတော်ကျ လုပ်ဆောင်ပေးရန် အသင့် ရှိတော် မူကြောင်း လျှောက်ထားဝံ့ပါသည် ဘုရား ”
“ ဟုတ်ပေသဗျား ... ငါ ကိုယ်တော် ကျန်းခန့်တော် မမူလို့ နန်းတွင်း သမားဟူးရားများ ဆေးတော် ဆက်ကြလို့ သုံးစွဲတော်မူတာလဲ မထူးခြားလှဘူး ငယ်ကျွန်ကြီး ။ ဘလဲဘရွာစား နဲ့လဲ အနှိပ်တော် မပြတ် ဆက်တော်မူတာလဲ မခြားနားသည် ကို ငမောင်ကြီး တင်လျှောက်ချက်ကြောင့် ငခဲ ဆေးတော် နဲ့ စမ်းသပ်လိုတော် မူသဗျ ”
“ အမိန့်တော်မြတ် အတိုင်းပါ ဘုရား ။ အနာ နှင့် ဆေး သင့်အောင်ပေး ၊ ပျောက်ရေး မခက်လှပါ ဘုရား ။ အနာ မသိ ၊ ဆေး မရှိ သလို ဖြစ်တတ်၍ မင်းတရားကြီးဘုရား ဝေဒနာတော် ခံစားရပုံတွေကို မိန့်တော်မူပါ ဘုရား ”
“ သည်လို ငခဲ ရ ။ ငါ ကိုယ်တော်မြတ်ကြီး မှာ လွန်ခဲ့သော တလလောက်ကစပြီး နှလုံးတုန် ရင်ခုန်တော် မူတယ် ” စကား မဆုံးမှီ မောပန်းဟန်နှင့် ခေတ္တ စကား အဖြတ်လိုက်တွင် သမားတော်ကြီးငခဲ က ဘုရင်မင်းမြတ် မိန့်တော်မူ မည့် စကားများ ကို ကြို၍ လျှောက်ထားလေသည် ။
“ မှန်လှပါ ။ အမောရင်တုန် အားကုန် အားပျက်တဲ့ အခါ အစားအသောက် လျော့ပါး၍ အိပ်စက်ခြင်း လဲ ကင်းတတ်ပါသည် ဘုရား ။ အိပ်စက် လျော့ပါး တံတွေး များ၍ ရင်ဝမ်းတွင်း မအီမသာ မသတီရာ မှ ပျို့အန်လို စိတ်များလည်း မကြာမကြာ တွေ့ရတတ်ပါသည်ဘုရား ”
“ဟုတ်ပေသဗျား ... ဟုတ်ပေသဗျား ။ ငခဲ လျှောက်တင်ချက် အတိုင်းပေပဲ ”
“ ထိုမှ တဖန် ရှေ့ဆက်ပြန်သော် သွေးလေ ချောက်ခြား ၊ ကြောက်အားတော် ပို အလိုလို စိတ်ဝမ်းတော် မကျ
ရှိတတ်လှ၍ ငိုချင် ရယ်ချင် သလို ဖြစ်ရပါမည် ။ ငိုရ ၊ ရယ်ရ ထိုမှ စ၍ ခံတွင်း မကောင်း ကိုယ်တော် ညောင်းလျက် ကာမ အား ခန်းခြောက် ကိုယ့် ငယ်တော် ပါ ညီညီ မှာ နွမ်းခွေ ပန်းသေ ပန်းညှိုး ” စကားမဆုံးမီ မင်းတရားကြီးဘုရား က လက်ဟန်ပြ တားမြစ်တော်မူပြီး ...
“ ဟယ် .. ငခဲ ၊ နင် ပင် ငါ့ ကိုယ်တွင်း ပူးဝင်ကပ်ခါ ကြည့်ဘိသို့ ရှိလှ၏ ။ နင့် ပညာ ကို ငါ ယုံစားတော်မူကပြီမို့ ငါ ကိုယ်တော် ခံစားရမှု ဝေဒနာ အစုစု တို့ ကို ကုသနိုင်လျှင် ကုသပါတော့ ငယ်ကျွန်ကြီး ” ဟု အမိန့်တော်မြတ် ချလိုက်သည် ။
“ မှန်လှပါ .. ဘဝရှင်မင်းတရားကြီးဘုရား ရောဂါဝေဒနာတော် ကို အမြန်ဆုံး ကြိုးပမ်းကုစားပေးပါမည် ဘုရား ။ ဆေးတော် ဆက်ရေးအတွက် ဆေးပြုစုမှု တခုသာ ကျန်ရှိနေသေးကြောင်းပါ ဘုရား ”
ဤတွင် အနားမှ ခစားလျက်ရှိသော ဆင်ဖြူမရှင် အလယ်နန်းမဆောင်တော် မိဖုရားကြီး မှာ သမားတော်ကြီး ငခဲ နှင့် ဘဝရှင်မင်းတရားကြီး တို့ ပြောဆိုကြပုံ အစအဆုံး ကြားသိပြီး ယုံကြည်အားထားလာစိတ် ဖြစ်၍ ...
“ သမားတော်ကြီး ဦးခဲ ရဲ့ ဆေးဝါးတော် ကုသမှု ခံယူရပါလျှင် မုချ ရောဂါတော် ပျောက်ကင်းမည်ဖြစ်ကြောင်း စုစု ယုံကြည်တော် မူပါသည်ဘုရား ” ဟု ထောက်ခံ လျှောက်တင်လိုက်လေသည် ။
“ မောင်ဘုရား အလိုတော်လဲ ကျတယ် စုကြီး ရဲ့ ။ စုကြီး တို့ ကလဲ ယုံကြည်တော် မူတယ်ဆိုရင် ကောင်းသဗျား ”
မိဖုရားကြီး ဘက် လှည့်ရင်း ပြောရာမှ တဆက်တည်း ငခဲ ကို ပင် ..
“ ခုနက မောင်မင်း တင်လျှောက်ချက် ထဲမှာ ဆေးပြုရမှု တစ်ခု သာ ကျန်နေသေးကြောင်း ပါတယ် မှတ်တယ် ။ ဘယ်သို့သော အကြောင်းခြင်းလဲ ငခဲ ရဲ့ ၊ ရွှေ ၊ ငွေ လိုသမျှ ဘဏ္ဍာတော်တိုက် မှ လိုသလောက် ထုတ်ယူ သုံးစွဲစေဘို့ ငမောင်ကြီး ကို အမိန့်တော်မြတ် မှတ်ပြီးကပြီပဲ ”
“ မှန်လှပါ ... ဆေးတော်ဆက်ဘို့ ဘဏ္ဍာငွေကြေး အတွက် မဟုတ်ကြောင်းပါ ဘုရား ။ ကျွန်တော်မျိုးကြီး ၏ ဆေးဝါးဖေါ်စပ်မှုကို ပြုနိုင်ရန် မတ္တရာ နယ် လမိုင်းတော အတွင်း ဆေးပင် ၊ ဆေးမြစ် ၊ ဆေးဥ စုဆောင်း ရှာဖွေဘို့ အချိန်တော် သုံးရက် လောက်သာ လိုကြောင်း အခွင့်တောင်း လျှောက်ထားပါသည် ဘုရား ”
“ ရှိစေဗျား ။ အချိန်တော် အလိုရှိသလောက် ယူ၍ ဆေးတော် ဆက်စေဗျား ။ ဆေးဝါးကုသနိုင်ရေး အတွက် ဆေးတော် စုဆောင်းရန် ငခဲ အလိုရှိသမျှ ငမောင်ကြီး က အမိန့်တော် သုံး၍ အကူအပံ့ ပေးစေဗျား ”
အမိန့်တော်မြတ် မှတ်သည်ကို အကျွန်တို့ နှစ်ယောက် စလုံး တပြိုင်တည်း ....
“ ဗျာဒိတ်တော်မြတ် အတိုင်းပါ ဘုရား” ဟု သံတော်ဦး တင်၍ အတူတကွ ရှေ့တော်မှ
ထွက်ခွာလာခဲ့ကြပါသည် ။
အပြန်တွင် ငခဲ ကို အကျွန် အိမ် သို့ ဖိတ်ခေါ်၍ အတူ လိုက်ပါလာလေသည် ။ ငခဲ အား ရေမိုးချိုးပြီးမှ ပြန်ရန် တားမြစ်သော်လည်း ဆေးတော် စုဆောင်းရေး အတွက် လမိုင်းတော သို့ တက်ရောက်ရမည့် အစီအစဉ်များ ပြုလုပ်ရန်လည်း ရှိသေး ၊ သူ့ ဆေးဝါးများ စားသုံးနေကြသော လူနာများ ကို ဆေးပတ် ကုန်၍ သူ ခရီးထွက်နေစဉ် လာရောက် ဆေးဝါးတောင်းပါ က မည်သို့ ပြုလုပ်ဆောင်ရွက်ရမည် တို့ကို မှာကြားစရာတွေ များပြားလှသည် ကြောင့် ပြန်သွားပါလေသည် ။ ငခဲ မပြန်မှီ မင်းတရားကြီးဘုရား ရောဂါတော် အကြောင်း နှင့် ပတ်သတ်၍ မေးမြန်းစုံစမ်းသည်တွင် ငခဲ က ပြုံးစေ့စေ့ဖြင့် အကျွန့် နား သို့တီးတိုး ပြောကြား ခဲ့ပါလေသည် ။
သူ ဆေးစုသွားသခိုက် မင်းတရားကြီးဘုရား ညီလာခံ မဝင်နိုင်ဘဲ ရက် အတော်ကြာ ဖြစ်နေရသည့် ရောဂါတော် အကြောင်း အပြင်အပ သို့ တရက် မဟုတ် နှစ်ရက် အမှန်အတိုင်း ပေါက်ကြားရပေလိမ့်မည် ။ ထိုသို့ ပေါက်ကြားသွားပါလျှင် မင်းတရားကြီးဘုရား အတွက် ရောဂါတော် ကြောင့် အရှက်တော် ရနိုင်ကောင်းစရာ အကြောင်း ရှိ၍ တခုခု ကို ရိုးမယ်ဖွဲ့စေလျက် ပြုလုပ်ထားသင့်ကြောင်း ငခဲ အကြံဉာဏ် ပေးခဲ့ပါလေသည် ။
ထိုသည်တို့ကြောင့် အကျွန် လည်း ငခဲ နှင့် ဆေးတော် အတွက် ဘယဆေး ဖြစ်သော သစ်ဥ ၊ သစ်ဖု ၊
သစ်ရွက် ၊ သစ်မြစ် တို့ စုဆောင်းရာသို့ လိုက်ပါလိုလျက်နှင့် ပင် ဘဝရှင်မင်းတရားကြီးဘုရား အပေါ်
ရဟန်းရှင်လူအပေါင်း တို့ အထင်သေးစေ၍ အရှက်တော် ရမည့် ကိစ္စ မှ လွဲရှောင်ပေးနိုင်စေရန် ပြုလုပ်ရမည့် တာဝန် အတွက် နေရစ်ခဲ့ရပါသည် ။
အကျွန် အနေဖြင့် စဉ်းစားရသည်မှာလည်း အမောတကောပင် ဖြစ်ပါလေသည် ။ ငခဲ ကလည်း အတိအကျ ပြောဆို အကြံပေးခဲ့သည် မဟုတ်၍ ပြေလည် ပြီးပြတ်စေဘို့မှာ အကျွန့် တာဝန် လုံးလုံး ရှိနေသည့် အတွက် အိပ်မပျော်နိုင်အောင်ပင် ဖြစ်ရပါသည် ။
အကျွန်သည် ဘဝရှင် မင်းတရားကြီးဘုရား နှင့် ဆယ့်ငါးနှစ် ကျော်ကျော် အတူတကွ နေထိုင် ကြီးပြင်းလာခဲ့ရ သူ အိမ်တော်ပါ တစ်ယောက် ဖြစ်ပါသည် ။ မင်းတရားကြီးဘုရား စိတ်သဘောတော် ကို သိတန်သ၍ သိရှိပြီး ဖြစ်ပါလေသည် ။ မင်းတရားကြီးဘုရား သည် ရတနာသုံးပါးကို တကယ် ယုံကြည်သူ ၊ ကိုးကွယ် ဆည်းကပ်လိုသူ တဦး ဖြစ်ကြောင်း အကျွန့် တွင် သံသယ လုံးဝ မရှိခဲ့ပါ ။
မည်သည့် အခါကာလ မည်သည့် ဒေသနေရာမျိုးများတွင်လည်း ရတနာသုံးပါးတည်း ဟူသော ဘုရား ၊
တရား ၊ သံဃာ ထို သုံးပါး တို့ကို မေ့လျော့လိမ့်မည် မဟုတ်ကြောင်း အကျွန် သိပါသည် ။ ထို သိရှိချက်များ ကို
မူတည်၍ မင်းတရားကြီးဘုရား အတွက် တပည့်လိမ္မာ ဆရာ အာပတ်လွတ် စေသော ကိစ္စမျိုး ကို
ပြုလုပ်ပေးရန် အကျွန် သံနိဌာန် ချလိုက်မိပါတော့သည် ။
နောက်တနေ့ နံနက်စောစော တွင် အကျွန့် လူယုံတော်များဖြင့် မြို့တော် မြောက်ဘက် ရှိ ရွှေဖျဉ်းညီနောင် နတ်ကွန်း ကို မင်းတရားကြီးဘုရား အမိန့်တော် ရှိလေဟန်ဖြင့် ဖျက်ဆီးပစ်လိုက်ပါသည် ။ မင်းတရားကြီးဘုရား အလိုတော် အရ ကုလားညီနောင် နတ်ကွန်း မှာ နတ်သက်ကြွေပြီး ဖြစ်၍ နတ်ကွန်း ရှိနေရန် မလိုလားအပ်တော့ကြောင်း ဥက္ကောဒေယျ ဖြစ်အောင် ကောလဟာလ သတင်း အဖြစ်လည်း တီးတိုး လွှင့်လိုက်ရပါသည် ။ တီးတိုးသတင်း သည် မောင်းကြေးနင်း ခတ်တီးကျေညာရသော သတင်းထက် ပိုမိုပျံ့နှံ့ လွယ်သည် ဟု အကျွန် မျှော်လင့်ထားသကဲ့သို့ပင် လျင်မြန်လှပါလေသည် ။
နံနက်စာ စားအပြီး ဆွမ်းခံပြန်ချိန် လောက်တွင် အကျွန် ရွှေနန်းတော်ကြီး ထံသို့ အခစား
ဝင်ရောက်ချိန်လောက် တွင် ထို သတင်းစကား ကို လူတိုင်း လူတိုင်း ကြားသိပြီး ဖြစ်နေကြပါသည် ။
မင်းတရားကြီးဘုရား အပါးတော် သို့ အကျွန် ခစားဝင်သော ကာလတွင် အဆောင်ရ နန်းရ
မိဖုရားကြီး တို့ ၏ မိဖုရားအကြီးချုပ် ( ၆ ) ပါး ခစားလျက် ရှိနေပါသည် ။ မင်းတရားကြီးဘုရား သည်
သမားတော် ငခဲ တင်ကြို ပြောကြားခဲ့သည့် အတိုင်း ဝေဒနာတော်ကြောင့် ကယောင်ကတမ်း မြည်တမ်းစပင် ပြုနေပါချေသည် ။ ထို မိဖုရားများ ထဲတွင် ပါဝင်သူ အလယ်နန်းမတော် ဆင်ဖြူမရှင် မိဖုရား တပါးသာ
အနည်းငယ် ပူပန်မှု နဲ ဟန် ရှိပါသည် ။ အဂ္ဂမဟေသီ မင်္ဂလာဒေဝီ မိဖုရားကြီး သည် သမားတော်များ အားလုံး
ဆင့်ခေါ်၍ ဆေးတော် ဆက်ရေး အတွက် တိုင်ပင်ရန် စီစဉ်နေသည်ကို အကျွန် မြင်တွေ့ရပါသဖြင့်
မနေသာတော့ပဲ ဆင်ဖြူမရှင် မိဖုရားကြီး အား အရိပ်အခြည် ပြရင်း သံတော်ဦးတင်ရန် ရှိကြောင်း
နားတော် ပေါက်စေရန် အဆောင်တော်မှ အခြွေအရံများ နှင့် ထွက်ခွာတော်မူရင်း ပန်းခုံတော်ဘက် သို့
ကူးဝင်သွားတော်မူပါလေသည် ။
အကျွန် လည်း တအောင့်တနား လောက် စောင့်ဆိုင်းပြီး မှ ဆင်ဖြူမရှင် မိဖုရားကြီး ရှိရာ ပန်းခုံတော်ဆောင် သို့
ကူးဝင်ရောက် ဖူးမျှော်ပါသည် ။ အကျွန် ရောက်ရှိသွားလေမှ အထိန်းအရများ ကို အဝေးမှ ခစားရန်
အမိန့်တော် မှတ်လိုက်သည့်အတွက် အကျွန် လည်း မိဖုရားကြီး အား .....
“ အသျှင် မိဖုရားကြီး သိရှိတော်မူသည့် အတိုင်း သမားတော်ကြီး ငခဲ ဆေးတော်ဆက်ရန် ဆေးဝါးစုဆောင်းဖို့ ခရီးထွက်သွားကြောင်းပါ ဘုရား ။ သမားတော်ကြီး ငခဲ တင်ကြို ပြောဆိုချက်အရ မင်းတရားကြီးဘုရား စိတ်တော်ချောက်ခြား ၍ နေတော်မူလျှင် စိတ်တော်ပူရန် မရှိကြောင်းပါ ဘုရား ”
“ မဖုရား အနေဖြင့် သမားတော် ဦးခဲ တင်လျှောက် ပြောကြားချက်ကို ကြားသိရသည့် အတွက် ဦးခဲ ဆေးတော် ဆက်လျှင် မောင်မောင်ဘုရား ဝေဒနာတော် ပျောက်ကင်းမည်လို့ ယုံကြည်ပါသည် ။ ဒါပေမင့် တောင်နန်းစံ မိဖုရားကြီး အမိန့်ဖြင့် တခြား သမားတော်ကြီး များ ဆေးတော် ဆက်လျှင် ဆေးချက် မှားပြီး မောင်ဘုရား အတွက်များ ဆိုးဝါးနေလေမလား လို့ စိတ်တော် ပူမိတယ် ပင်းတလဲစားကြီး ရဲ့ ”
“ မှန်လှပါ ... ပူပင်ရန် မရှိသေးကြောင်းပါ ။ သမားတော်ကြီး ငခဲ ဆေးတော်ဆက်နိုင်မည့် ရက်လောက်သာ ခန့်မှန်းတွက်ဆပြီး နောင် သုံးရက်မြောက်သော နေ့တွင် မင်းတရားကြီးဘုရား ဝေဒနာတော် မသက်မသာ ရှိလာခဲ့သော် အရှင်ဆင်ဖြူမရှင် မိဖုရား သဘောတော် နှင့် တခြား တပါးသော သမားဟူးရားများ ဖြင့် ကုသခွင့် ရရှိရန်သာ အဂ္ဂမဟေသီ တောင်နန်းစံ မင်္ဂလာဒေဝီ မိဖုရား (တချို့ ရာဇဝင် ဆရာများ က စင်္ကြာဒေဝီ ဟုလည်း ဆိုကြပါသည် ။ ) ကြီးနှင့် အစီအစဉ်သာ ပြုတော်မူထားနှင့်ပါ ဘုရား ”
“ သည် တာဝန်ကို မဖုရား တာဝန်သာ ထားလိုက်ပါ ။ မြို့စားကြီး တို့ အနေနဲ့ သမားတော် ဦးခဲ
ဆေးတော် အချိန်မှီ ဆက်သနိုင်ဖို့ ကြိုးစားကြပါ ”
“ မှန်လှပါ ... ကြိုးပမ်းလျက် ရှိကြောင်းပါ ” ဟု ပြန်လည် တင်လျှောက်ခဲ့ပြီး နောက် အကျွန် လည်း ငခဲ ဘယဆေးအစု သွားသည်ကို စောင့်ကြိုငံ့လင့်ရင်း ဆေးတော် ကို စိတ်စောလျက် ရှိနေပါသည် ။
( ဆက်ရန် )
koaungnaingoo.blogspot.com
.
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Tuesday, November 30, 2021
ဆောင်ကြာမြိုင်မှတ်တမ်း 04
Subscribe to:
Post Comments (Atom)
No comments:
Post a Comment