Sunday, November 28, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 03


 ဘဝရှင်မင်းတရားကြီးဘုရား ၏ မိန့်တော်မူသံ ကြားကြရသော အဆောင်ရ ၊ နန်းရ မိဖုရားကြီးချုပ် တို့မှာ တိုင်ပင်ထားဘိ သကဲ့သို့ ပင်းတလဲစားကြီး ဦးရွှေမောင်ကြီး ရှိရာသို့ တပြိုင်တည်း ခေါင်းငဲ့ ကြည့်ကြပါလေသည် ။ အချို့သော မိဖုရားကြီးများ ၏ မျက်မာန်တော် အဝင့်ခံကောင်း ခံရမည်ကို ဦးရွှေမောင်ကြီး   သိလင့်ကစား ....


“ မှန်လှပါ ဘဝရှင် မင်းတရားကြီးဘုရား ၊ နှစ်ကိုယ်တော် တိုင်ကြားလျှောက်တင်တော်မူရန် အကြောင်း ရှိပါသဖြင့် ကျွန်တော်မျိုး ငံ့လင့်လျက် ရှိနေကြောင်းပါ ဘုရား” 


“ အိမ်း ... ထူးသည် ဆိုသည်ပ ၊  ငါ့ အား တင်လျှောက်မည့် အရေးအခင်းအတွက် ပန်းခုံတော်မှ စောင့်စေ ငမောင်ကြီး ” 


“ ဗျာဒိတ်တော်မြတ် အတိုင်းပါ  ဘုရား” ဟု ဦးရွှေမောင်ကြီး လည်း ပြန်လည် လျှောက်ထားရင်း ပန်းခုံတော်ဆောင် သို့ ဦးတည် ထွက်လှမ်း သွားပါလေသည် ။ ( ပန်းခုံတော် အဆောက်အဦး မှာ အုတ် ဖြင့် ဆောက်လုပ်ထားပြီး မင်းတုန်းမင်းတရားကြီး အနားယူချင်သည့်အခါ နှင့် အထူးတလည် ကိစ္စများ တိုင်ပင်လိုရာများ ရှိလျှင် ၎င်း ပန်းခုံတော်  အုတ်တိုက် အတွင်း တိုင်ပင်လေ့ ရှိပါသည် ။ ) ပန်းခုံတော် ခန်းမဆောင် ရှိ သလွန်တော် နံဘေး ရှိ  ထိုင်နားရာမှ စောင့်ဆိုင်း၍ မကြာမီ  ကာလအတွင်း ဘဝရှင် မင်းတုန်းမင်းတရားကြီး ကိုယ်တော် ထီးထီး  ကြွချီတော် မူလာ၍  သလွန်ညောင်စောင်းပေါ် ထိုင်တော်မူရင်း


“ လက်သုံးတော် ငမောင်ကြီး ၊ တင်လိုသမျှ တင်ဘို့ ငါ ခွင့်ပြုသဗျ ” 


“ မှန်လှပါ ။ ဘုန်းတော်ကြီးမြတ်တော်မူလှသော  မင်းတရားကြီးဘုရား ၏ သစ်စိမ့် မိဖုရားအဆောင်တော် တွင် ယမန်နေ့  ညပိုင်း ၊ ပေါင် ပေါ်တွင် ထိုးကွင်းမှင်ကြောင် ပါရှိသော နန်းတွင်းအပျိုတော် အသွင် ဝတ်ဆင်ထားသူ တဦး ကျူးကျော်တော် မူကြောင်းပါ ဘုရား ” 


ဦးရွှေမောင်ကြီး တင်လျှောက်သံ ကြားနာရပြီး မျက်နှာတော် မသာမယာ ဖြစ်သွားလျက် အခိုက်အတန့်

ဆိတ်ငြိမ်သွားရာမှ ....


“ ဘယ်ပုံနည်း သိရသည်ပ ၊  ဘာပြုမဲ့ တပါတည်း နှောင်ကြိုး တဲပြီး ရှေ့တော် မသွင်းခဲ့သနည်း

ငမောင်ကြီး ရဲ့ ” 


“  မှန်လှပါ ၊ အိပ်ဖန်တော်မှူး ငဖိုးညွန့် ၏ အိပ်ဖန်တော်သား ငအောင်ခင် ဆို သသူ အိပ်ဖန်တော် တာဝန် ထမ်းဆောင် ဆဲ ညဉ့်သန်းခေါင် မတိုင်မှီ  တဗဟိုလ် အလို  ထို အပျိုတော် အသွင် ဝတ်ဆင်ထားသည့် သူ မှာ အဆောင်တော် ဝင် ကျည်းရှင်တံခါး အကျော် တပေါင် ပေါ် ၍  ထိုးကွင်းမှင်သေ့ ၊ မြင်တွေ့ရကြောင်း တင်လျှောက် ပေးပါရန်  အိပ်ဖန်တော်မှူး က နံနက်ညီလာခံ မစမီ အလာတော် ရှိကြောင်းပါ  ဘုရား ” 


“  သည်လိုဖြင့် ငါ ကိုယ်တော်မြတ်  အမိန့်တော် နဲ့ သည် မိဖုရားပေးရပြီးသား အဆောင်အနန်း တို့ ကို သိမ်းရုတ်၍ အိမ်နိမ့်စံထားစေ ၊ စစ်မေးပြီး ကျူးကျော်သသူ ကို ဖမ်းဆီး ၊  အားပေးသသူ ၊ အကူအညီပံ့သူ ၊ အဆက်အနွယ် ဝင်သသူ  အားလုံး  ကွပ်မျက်စေ” 


မင်းတရားကြီးဘုရား လည်း  အမိန့်တော် မှတ်၍ ထို အမှု ကို  ပင်းတလဲစားကြီး  ဦးရွှေမောင်ကြီး အား

အာဏာကုန် နှင်းအပ်လျက် မျက်နှာတော် လွှဲသွားပါတော့သည် ။ သို့ဖြစ်၍ ဦးရွှေမောင်ကြီး မှာ အမိန့်တော် ကို

သုံးလျက်  မြို့တော်ဝန် ကို ဗြဲတိုက်တော် သို့ ဆောလျင်စွာ လာရောက်ရန်  ဆင့်ခေါ်လိုက်ပါသည် ။


ဦးရွှေမောင်ကြီး လည်း ဗြဲတိုက်တော် သို့ သွားရောက်ပြီးနောက် အိပ်ဖန်တော်မှူး နှင့်အတူ အိပ်ဖန်တော်သား ငအောင်ခင် ကို ပါ  လာရောက်ရန် ခြေမြန်တော် လွှတ်ပြန်ပါသည် ။ မကြာမီ အတွင်း ရှေ့ဆင့် နောက်ဆင့် ဆိုသလို အိပ်ဖန်တော်မှူး ၊ မြို့ဝန်မင်း နှင့် အိပ်ဖန်တော်သား  ငအောင်ခင် တို့ ပါ ဆိုက်ရောက်လာကြပါသည် ။


ဦးရွှေမောင်ကြီး ကို ဘုရင်မင်းမြတ် က သစ်ဆိမ့် မိဖုရား ကိစ္စ နှင့် ပတ်သတ်သမျှ ကို အာဏာကုန် အပ်နှင်း၍ မျက်နှာတော်  လွှဲသွားတော်မူသောကြောင့် မည်ကဲ့သို့  ပြုလုပ်ဆောင်ရွက်ရမည် တို့ကို  မြို့တော်ဝန် မင်းအား အကြံဉာဏ် တောင်းလို၍ အမိန့်တော်ကို သုံး၍  ဆင့်ခေါ်ရခြင်းဖြစ်ကြောင်း ဦးရွှေမောင်ကြီး က

ရှင်းလင်းပြလေသည် ။


“ ပင်တလဲစားကြီး ရဲ့ ၊ သည်အတိုင်း ဆိုရင်ဖြင့် ကျုပ်တို့ အနေနဲ့ သစ်ဆိမ့်မိဖုရားကြီး ထံ အရင် သွားကြရမယ် ။ သည် ကိစ္စ ကို အိပ်ဖန်တော်မှူး က ကိုယ်တိုင်ကိုယ်ကျ မြင်သသူ ငအောင်ခင် သာ ကျုပ်တို့နှင့် အတူ ပါးလိုက်ရင် ဖြစ်သည်ပ ” 


“  အိမ်း ..... ကောင်းသဗျား ။ သာမှလဲ ကျုပ်တို့ မိဖုရားကြီး ထံမှ ပေးရပြီးသား ၊ အဆောင်အနန်း တို့ကို

ရုပ်သိမ်းမိန့် လည်း  ဆောင်ရွက်ပြီး  ဖြစ်မပေါ့ ။ ဘယ်သူ ဘယ်ဝါရယ်လို့လဲ  စစ်မေးတော်မူကြသာပ ” 


“ သည်လိုဖြင့်ရင် ကျုပ် လက်ရုံး သွေးသောက် မောက်ပေါက် ကို တပ်စိတ် တခု နဲ့  ကျူးကျော်သသူ ကို အရအမိ ဖမ်းဆီးပြီး အနွယ်အခင်တွေ ကိုလဲ ချုပ်နှောင်ဖို့  စီစဉ်ပမယ် ။ ပင်းတလဲစားကြီး သာ သစ်ဆိမ့်မိဖုရားကြီး အဆောင် သွားနှင့်သည်ပ ” ဟု ပြောဆို မှာထားပြီး  မြို့ဝန်မင်း လည်း ဗြဲတိုက်တော် မှ မြင်း ကို အသော့နှင်းကာ သူ ၏ လက်ရုံး သွေးသောက်ကြီး မောင်ပေါက် ကို  အမှုကိစ္စ စီရင်ရန်စေခိုင်းဖို့ အိမ်တော် သို့ အရောက် ပြန်ပါလေတော့သည် ။


ဦးရွှေမောင်ကြီး နှင့် ငအောင်ခင် ပါ တပ်သား အချို့ခေါ်ယူလျက် အနောက်တော်ကြီး မှ သစ်ဆိမ့်မိဖုရားအဆောင်တော် သို့ သွားကြပါသည် ။ ဦးရွှေမောင်ကြီး တို့  လူသိုက် ရောက်သည် ဆိုလျှင်ပင် ခစားလျက်ရှိသော မိဖုရားကြီး ၏  အပျိုတော်တသိုက် မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါလေသည် ။ သစ်ဆိမ့်မိဖုရား မှာလည်း မျက်နှာတော်ပျက်ပျက် နှင့် .....


“ ပင်းတလဲ မြို့စာကြီး ရဲ့ ဘယ်လို  အကြောင်းအရေးအတွက် နှင့်  သည်ကို လာရသည်လဲ  ” 


“  မှန်လှပါ ..... ဘဝရှင် မင်းတရားကြီးဘုရား ၏ အမိန့်တော် ကို  ဦးထိပ်ရွက် ပန်လျက်  အရှင် သစ်ဆိမ့် မိဖုရားကြီး ကို အပ်နှင်းချီးမြှင့်တော်မူသော အဆောင်အနန်း တို့ကို ရုပ်သိမ်းရပါမည် ဘုရား ” 


သစ်ဆိမ့်မိဖုရား နှင့် တကွ  အဆောင်တော် အတွင်း ရှိနေကြကုန်သော အထိန်းတော်  အချော့တော် အပျိုတော်များ အံ့ဩထိတ်လန့် ကုန်ပေသည် ။


“  မှန်လှပါ ..... ခြေ က ကျူးလျှင်  ဒူး ဖြတ်ရန် အမိန့်တော် မှတ်ထားသည့် အဆောင်တွင်း သို့ ထိုးကွင်းမှင်ကြောင် ပါရှိသူ အပျိုတော်တု နှင့် ကြည်ဖြူတော်မူကြောင်း  ဘဝရှင် မင်းတရားကြီးဘုရား ကြားသိတော် မူ၍ အမျက်တော် ရှပါသဖြင့် ပေးရပြီးသား  အဆောင်အနန်း တို့ကို ရုပ်သိမ်း၍ အိမ်နိမ့်စံ အဖြစ် ထားရှိရပါမည် ဟု  အမိန့်တော် မှတ်ပါသည် ။  ကျူးကျော်သသူ ကိုလည်း ပေးအပ်ရမည်ပါ ... ” 


ပင်းတလဲမြို့စားကြီး ၏ အမိန့်စကား ကြားကြရသော သူအပေါင်း တို့မှာ လှုပ်လှုပ်ရွရွ နှင့် တယောက်မျက်နှာ  တယောက် ကြည့်ပြီး  တိတ်ဆိတ်နေကြပါသည် ။


ထို အခိုက်ဝယ် မြို့တော်ဝန်ကြီး နှင့် သူ ၏ လက်ရုံးသွေးသောက်ကြီး တို့  အဆောင်တော် အတွင်း

ဝင်ရောက်လာကြပြီး နောက်  .....


“ ပင်းတလဲမြို့စားကြီး ဗျား ၊  ဘဝရှင် မင်းတရားကြီးဘုရား ၏ အမိန့်တော်ကို မိဖုရားကြီးအား

ပန်ကြားပြီးတော် မူပါစ ....” 


“ ဟုတ်သပ .... သည်နှယ်ကြောင့် ကျုပ်တို့ လာရခြင်းပေပ ... ” 


“ မှန်လှပါ .... သည်လို အရေးအခင်း အတွက် ကျွန်တော်မျိုးကြီး လက်သို့   ကျူးကျော်သူ ကို ပေးအပ်တော်မူပါ ၊ ရှင်မိဖုရားကြီး ဘုရား   ....” 


အတန်ကြာ တိတ်ဆိတ်နေကြပြန်ပါသည် ။ အပျိုတော် တချို့၏ ရှိုက်သံ သဲ့သဲ့ သာ ခန်းမဆောင် အတွင်းမှ လှုပ်ရှားသံ အဖြစ် ထွက်ပေါ်လာနေပါသည် ။မြို့ဝန်မင်း ကပင် ဆက်လက်ပြီး “ အသျှင်မိဖုရားကြီး ၊ ကျွန်တော်မျိုး တို့ လက်ဝယ်သို့ ကျူးကျော်သူ မပေး မအပ် ရှိကြောင်း ဘဝရှင်မင်းတရားကြီးဘုရား ရွှေနားတော် ပေါက်ကြားတော် မူပါလျှင် ၊ မိဖုရားကြီး အသက်တော်ပင် စိုးရိမ်ရကြောင်းပါ ဘုရား ..... ” 


“ ငမောင်ကြီး လက်ဝယ် သို့ အသျှင်မိဖုရားကြီး အနေဖြင့် ကျူးကျော်သူ မပေး မအပ်ခဲ့ပါလျှင် အမိန့်တော်မြတ်အတိုင်း အဆောင်တော် အတွင်း နေ့ည မဟူ ခစားသသူ အထိမ်းအရာ နှင့် အချော့တော်ပျိုများ အားလုံး သေမိန့်သေဒဏ် မှတ်၍  ကွပ်မျက်ချင်း ခံရမည် ဖြစ်ကြောင်းပါ .....” 


ဦးရွှေမောင်ကြီး ၏ စကားအဆုံး တွင် သစ်ဆိမ့်မိဖုရားကြီး မှာ မနေသာတော့ဘဲ


“ အထိမ်း မမများ နှင့် အချော့တော်ပျိုများ နှင့် မပတ်သက်စေချင်ပါ ။  ကျူးကျော်သသူ မှာ မြို့မြောက်ပြင် ဂေါသီတာရာမ  ကျောင်းတိုက်မှ ဆရာတော်ကြီး ၏ တပည့်သား မောင်မြတ်စံ ဖြစ်သပ မြို့စားမင်းကြီး တို့  ...” 


“ မိဖုရားကြီး မိန့်ဆိုချက် အကြားအတိုင်း ဆိုလျှင်  ကျောင်းထိုင်ဆရာတော် ဘုရားကြီး တပည့်သား ဖြစ်နေသည်ကြောင့် ဘယ်သို့ ပြုရအံ့ ပင်းတလဲစားကြီးဖျား ” 


“ ကျုပ်တို့  ဝန်မင်းတို့ သည် ဘဝရှင်မင်းတရားကြီး ၏ အမိန့်တော် ကို ဦးထိပ်ရွက်ပန် မလွန်ဆန်ဝံ့ကြပါ ။

မည်သူပင် ဖြစ်ပါစေ အနွယ်အစင် တို့ကို  ကုန်စင်အောင် စစ်မေး ရှင်းလင်းပေးရမည်ပ ”  


မိဖုရားကြီး နှင့် အပျိုတော် ၊  အချော့တော် တို့၏  ရှိုက်ငိုသံ တို့မှာ တဖြည်းဖြည်း တိုးရာမှ ကျယ် ၊ ကျယ်ရာမှ

ဆူညံသံ ထွက်လာပါတော့သည် ။ သို့နှင့် ဝန်မင်း လည်း လက်ရုံးသွေးသောက်ကြီး ဘက်သို့  လှည့်၍  .....


“ သွေးသောက်ကြီး  အမရဋ္ဌာနီရပ် ရှိသော ဂေါသီတာရာမတိုက် သို့ သွား၍  သီတင်းသုံးနေသော  ရဟန်း ၊ သာမဏေ ၊ ကပ္ပိယ ကျောင်းသား ပါ မကျန်စေရ ။ ကျူးကျော်သူ ငမြတ်စံ နှင့် အဆက်အသွယ် ရင်းသသူများ ရှိက ရဟန်းရှင်လူ မရွေး အမြန်ဆုံး ဖမ်းဆီး ထောင်သွင်း အကျဉ်းအချုပ်ထားပါလေ ....”  ဟု မြို့ဝန်မင်း က အမိန့်ပေးပြီးနောက်  သွေးသောက်ကြီး လည်း အဆောင်တော် အတွင်း မှ ထွက်ခွာသွားပါတော့သည် ။


မိဖုရားကြီး လည်း စံနေရာသလွန် ထက်မှ ပင် အထိမ်းတော်ကြီး အား  ...


“ မမခင်ဖွားမြစ် ၊  အဆောင်တော် တွင်းမှ ဘဝရှင်မင်းတရားကြီးဘုရား ၏ ချီးမြှင့်ပေးသနားထားသော မိဖုရား တို့နှင့် အပ်စပ်ပိုင်ဆိုင်သော ပစ္စည်းများ ကို ပင်တလဲစားကြီး လက်ဝယ် သို့ စာရင်း နှင့် တကွ လက်ရောက်အပ်နှံ ဆက်သပ  .... ” 


အထိန်းတော်ကြီး  ခင်ဖွားမြစ် ကပင် .... “ မှန်လှပါ၊   သခင်မဖုရား ။ အဆောင်ရနန်းရ တို့ ပိုင်ဆိုင်အပ်သော  ပစ္စည်းများ ကိုသာ ဆိုလိုရင်း  ဖြစ်ပါလျှင် ၊ အသျှင်မဖုရား  ပိုင်ဆိုင်သော ပစ္စည်း အများ ကျန်ရှိပါလိမ့်မည် ။ ဘဝရှင်မင်းတရားကြီးဘုရား ဆုတော်ချထား  ပေးသနား ၊   ရထားတော်မူသော ရွှေ ၊ ငွေ ၊ ရတနာ ၊ ဘဏ္ဍာပစ္စည်းများကို မည်ကဲ့သို့ ပြုပြင်စီရင်ရမည်ကို မိန့်တော်မူပါ အသျှင်မဖုရား ......” 


“ မမခင်ဖွားမြစ် ရယ် ....  မဖုရား မှာ အမျက်တော် ရှလို့  မျက်နှာတော် မလှ ဖြစ်နေသမျှ ရွှေ ၊ ငွေ ၊ ရတနာ ၊ ဥစ္စာပစ္စည်းများ သည် ပသို့မျှ   တောင့်တ မက်မောဖွယ်  မရှိပါ ။ မင်းကြီး လက်ဝယ်သာ  အပ်နှံပ ...” 


မိဖုရားကြီး အမိန့်တော် စကား အဆုံး ပင်တလဲမြို့စားကြီး သည်  ဂရုဏာ သက်သွားမိပါလေသည် ။


မိဖုရားကြီး ဟုသာ ပညတ်သတ်မှတ်ထားသော်လည်း  သူ့ သမီးရွယ် လုံမလေး သာရုံမျှ ရှိသေးသော နုနယ်ပျိုရွယ်သူ တို့ မှောက်မှားတတ်သော သဘော ကို    ရိပ်စားမိသည်ကြောင့်  မသက်ဆိုင်သော ပစ္စည်းသည် ဘဝရှင်မင်းတရားကြီး အတွက် မဟုတ်ကြောင်း ကို ... “ အထိမ်းတော်ကြီး  လျှောက်တင်ချက်သည် သင့်မြတ်လှပါပေသည် ။ ကျုပ် ကို  လက်ဝယ်သို့ အပ်နှံရန် အမိန့်တော် ပါရှိသည့်အတိုင်း အဆောင်ရ နန်းရစဉ်က ပါဝင်သော ပစ္စည်းများ သာ သက်ဆိုင်မည်ပ ။ ရွှေသင်ဖြူး ၊  ငွေသင်ဖြူး ၊ ရွှေကွမ်းအုပ် ၊ ရွှေရေတကောင်း ၊ ရွှေကရား ၊ ရွှေဖလား ၊ ရွှေကလပ် ၊ ရွှေထွေးခံ  စသော မင်းမိဖုရား တို့ ကိုင်ရဆောင်ရသည် တို့သာ ဖြစ်ပါမည် ....” 


မြို့ဝန်မင်း ကလည်း  ...  “  ဦးရွှေမောင်ကြီး  ပြောကြားချက်  သင့်မြတ်မှန်ကန်လှသည်ပ ။ ကျုပ် အနေဖြင့် ကျူးကျော်နှင့် အညီအကူပြုသသူ  အမှန် ရရှိစေရန် တာဝန် ကျန်ရှိသေးသမို့   ထောက်လှမ်း ခရီးဆက်ရပါဦးမည်ပ .....” 


“ ဟုတ်ပေသဗျို့ ။  ခင်ဗျား ပြောသည့်အတိုင်းသာ ပြေချောအောင် စီရင်လိုက်ပါ ၊ ညညီလာ အမှီ

ဘဝရှင်မင်းတရားကြီးဘုရား ကို  ရွှေနားတော် လျှောက်နိုင်ဖို့ ကိုသာ ပြည့်စုံစေဘို့  လုံးလ စိုက်ပေတော့

ဝန်မင်းရေ့  ....” 


မန္တလေးမြို့တော်ဝန်ကြီး လည်း မြောက်ပြင် အမရဋ္ဌာဏီ အနီးရပ် မှ ဂေါသီတာရာမတိုက် ဆီသို့ လိုက်ပါသွားပါလေသည် ။ ညညီလာခံ တွင် တင်လျှောက်ရန် ရရှိသော အချက်ကလက်များ ကို ရွှေလွှတ်တော် အဆောက်အဦး အဖြစ် သတ်မှတ်ထားသော မြေနန်းတော် တွင်  ညီလာခံ မစမှီ  တဗဟိုရ် အလို  တွေ့ဆုံကြရန် အချိန်းအချက်  ပြုသွားခဲ့ပါသေးသည် ။  မြို့တော်ဝန် လည်း  ဂေါသီတာရာမတိုက် ရောက်ရှိသွားချိန်တွင် ကျူးကျော်သူ ငမြတ်စံ နှင့်  နီးစပ်သသူ  ရဟန်းရှင်လူ နှစ်ဆယ်ကျော်တို့ ဖမ်းဆီးပြီးသား တွေ့ရှိရပါသည် ။ သွေးသောက်ကြီး နှင့် အမှုတော်ထမ်း အချို့ မှာ နန်းရှေ့ ရှိ အရှေ့ သင်္ကန်းတိုက် ဟု ခေါ်သည့် မဟာဝိသုဒ္ခါရုံ ပထမတိုက် သို့ ငမြတ်စံ ၏ အစစ်ခံချက် အရ သံဃာအချို့ နှင့်   သူ့ အပေါင်းအသင်းများ ကို ဖမ်းဆီးရန် ထွက်ခွာသွား၍  မတွေ့ရတော့ပါ ။


ဂေါသီတာရုံ ကျောင်းတိုက်   ဆရာတော်ဘုရား မှာ သက်တော် ငါးဆယ် ကျော်ဟန် မရှိသေးသော်လည်း သိက္ခာတော် ရှိပါသည် ။ ပထမကျော် အောင်မြင်ပြီးသူ  စာတတ်ပုဂ္ဂိုလ် သီလသမာဓိ ရှိသော ဆရာတော်တပါး အဖြစ် ကျော်ကြားပါသည် ။ ဘဝရှင် မင်းတုန်းမင်းတရားကြီး ၏ လက်ထက်တော် အခါက သာသနာကို ချီးမြှင့်မြှောက်စားသည့် အတွက် စာတတ်ကျမ်းတတ် ပုဂ္ဂိုလ်တို့မှာ အထူးအခွင့်အရေး ရရှိပါသည် ။ အကျော် အောင်လျှင် ဆယ့်နှစ်မှုပင်တိုင် ကင်းလွတ်၍ အခိုင်းရေအတွက် ခုနှစ်အိမ်ထောင် ရရှိပါလေသည် ။


ယခု ဖမ်းဆီးထားသော ဆရာတော် မှာ နန်းတွင်းသူ နန်းတွင်းသားများ  ကိုးကွယ်ဆည်းကပ်သော ဆရာတော် ဖြစ်၍လည်း မြို့ဝန်မင်း မှာ ဇောချွေးများ ပြန်လာအောင် အခက်အခဲ တွေ့ပါလေသည် ။ မြို့ဝန်မင်း လည်း ဆရာတော် ထံပါး သို့ သွား၍ ဦးချပြီး “ ခွင့်လွှတ်တော်မူပါ အသျှင် သူမြတ် ဘုရား .... ဘုရား တပည့်တော် တို့မှာ မင်းခယောက်ျား ဖြစ်၍ အမိန့်တော် ကို  လွန်ဆန်ရန် မဝံ့ကြောင်း တင်လျှောက်ပါသည် ....  ။ ဘဝရှင်   မင်းတရားကြီးဘုရား အကြောင်းစုံ ကြားသိတော် မူပါလျှင် အပြစ်တော် မှ ချမ်းသာရာ  ရနိုင်ကောင်းပါသည် ဘုရား .....” 


“ ရှိပစေ .... တကာတော်မြို့ဝန်မင်း ...။  ဘုန်းကြီး ကံကုသိုလ်အတိုင်း ဖြစ်ရပါမည်....။

ဝဋ်မကင်း၍သာ ယခုကဲ့သို့ ကင်းအောင် နေသော်လည်း မရှင်းရခြင်း ဖြစ်ပါသည်  ...  ။ ငါ သည် ဘုရား သားတော် စစ်စစ် ဖြစ်၍  ရတနာသုံးပါး ကိုသာ ဦးထိပ်ထား၍  တရားသဘော ကို နှလုံးသွင်းပါသည် ...  ။ တကာတော် ကို အပြစ် မယူပါ ...  ။ ခံရသူမှာ  အဟောင်း ဖြစ်၍  ပြုသူမှာ အသစ် ဖြစ်မည်ကို  စိုးရိမ်မိ၍

မေတ္တာပို့သပါသည် .... ။ မြို့ဝန်မင်း  ဝတ္တရားအတိုင်းသာ  ဆောင်ရွက်ပါ ... ။ သည်ကိစ္စ သည်

ရဟန်း တို့ ကိစ္စ မဟုတ်သော်လည်း  ငါ့ တပည့် ဖြစ်၍ ငါ မသိရ ဆိုသော်လည်း တာဝန် မကင်း

မယုံကြည်မည် ကို  ငါ သိရှိ၍ ဆိတ်ဆိတ်နေပေသည်  တကာတော် ..... ” 


မြို့ဝန်မင်းလည်း တရားသဘော ပြည့်ဝသည့် သူတော်စင် ဆရာတော်   ဘုန်းကြီး စကားကို

ကြားနာတော်မူရသဖြင့် စိတ်ဝမ်း မချမ်းမြေ့လှစွာဖြင့် ခြေတော်ဦးခိုက်ရင်း ....


“ အရှင်ဘုရား သည် သူတော်စင် သူမြတ်ကောင်း  ဖြစ်ကြောင်း ကို  ဘုရားတပည့်တော် တွင် ယုံမှားသံသယ မရှိကြောင်းပါ အသျှင်ဘုရား ....။ ဘုန်းတော်ကြီး မိန့်တော်မူ စကားအရ  ဝဋ်မကင်း၍ ဖြစ်ခြင်းကို ဘုရားတပည့်တော်  ဆင်ခြင်မိပါသည်  ဘုရား .... ” ဟု လျှောက်ထားပါသည် ။  ၎င်းနောက်  စိတ်နှလုံး ငြိုငြင်ချင်းကြီးစွာဖြင့် မြို့ဝန်မင်း လည်း ဘီရိုလှည်းပေါ် သို့ တက်ရောက်ရင်း ပြန်လည် ထွက်ခွာသွားပါလေသည် ။


( ၃ )


လက်ရုံးတော်  သွေးသောက်ကြီး ပြန်လည်အစီရင်ခံချက်ပေါ်တွင်   မူတည်၍ ညညီလာခံ တွင် တင်လျှောက်နှိင်ရန် အစီအစဉ် ပြုနိုင်ရန်  သူ့ အိမ်တော် သို့ ဦးတည်ခဲ့ပါသည် ။ မြို့ဝန်မင်း မျက်စိ ၊ မျက်နှာ အပျက်ပျက် နှင့် ဘီရိုလှည်းပေါ် မှ ဆင်းလာသည်ကို မြို့ဝန်ကတော် မြင်လျှင်  စိတ်မချမ်းမြေ့စွာဖြင့် .....


“ လုံမလေး တို့  ဘဘဘုရား  စိတ်ဝမ်းတော်  မသာ မျက်နှာမလှသည့်  ဝိသေသထူးကြောင့် ကျန်းခန့်ရှိတော်မူပါစ  .... ” 


“ မိမိငယ် စိုးရိမ်လင့်သလို   ကျုပ် တွင် မဖြစ်ရိုးပါ ... ။  ဒါ ပေသည့်  ကျုပ် ထမ်းရွက်ရသည့် အမှုတော် တသက်တာ အတွင်း ဒီလောက်  စိတ်ဝမ်းတော် မညို့အဖြစ်ဆိုးလှသည့် အမှုမျိုး မကြုံတွေ့ဘူး၍ မျက်နှာမလှခြင်းပါ  မိမိငယ်  .....” 


“ လုံမလေးတို့  ဘဘဘုရား ။  စိတ်တော်ညို အလိုတော်မကျရသည့်ကိစ္စမှာ ပြည်တွင်းရေးရာ ပုန်းစားခြားနားသသူ  ရှိလေတော်မူသောကြောင့်ပေလား ။ သလို မဟုတ်ပဲ  လုံမလေး တို့ ဘဘ အပေါ် ဘဝရှင် မင်းတြားကြီးဘုရား စိတ်ဝမ်းတော် မကျ ၊ အလိုတော် မကျ၍ ပေလား မိန့်ဆိုပေမှ သိရမည်ပ .... ” 


မြို့တော်ဝန် လည်း လှုပ်လှုပ်ရှားရှား အမူအရာဖြင့်  .....


“ သည်လို  မဟုတ်ဘူးပ မိမိငယ်  ..... ပြောရမှာ မသင့်လျော်  လျှပ်ပေါ်သည့်  အရေးအတွက် သစ်ဆိမ့်မိဖုရား အရှုပ်ဇာတ်ကြောင့်  ထေရ်ရဝါရ ဆရာတော် အကျော် မြို့မြောက်ပြင် ဂေါသီတာရာမ ကျောင်းထိုင်ဆရာတော် အပါအဝင် ရဟန်းရှင်လူ တို့ ကို ကွပ်မျက်ရမည့် အရေးကြောင့် တွေးမိ၍ စိတ်ဝမ်းတော် မအေးဖြစ်ရသည်ကြောင့်ပါ မိမိငယ်  ..... ” 


ဝန်ကတော်ကြီး လည်း မြို့ဝန်မင်း ဆိုချက် စကား ကြောင့် ရင်ဘတ် ကို လက်ဖြင့် ဖိကပ်ရင်း .....


“ မြတ်စွာဘုရား  ကယ်တော်မူပါ .....  ဂေါသီတာရာမ ဆရာတော်ကြီး မှာ အဂ္ဂမဟေသီ တောင်နန်းစံ စကြာဒေဝီ  မိဖုရားခေါင်ကြီး မှ အစ  ကျမ်းတတ်အကျော်  သီလသိက္ခာတော် တို့ဖြင့် ပြည့်စုံသည်မို့ နန်းတွင်းသူ ၊ နန်းတွင်းသား တို့ ကိုးကွယ် ဆည်းကပ် မစဲ တသဲသဲ ရှိနေသည်မှာ မြို့သိရပ်သိ ဖြစ်သည်ကိုမှ ကြုံပါလေ လုံမလေး တို့  ဘဘရယ် ..... ” 


“ သဟာကြောင့် ကျုပ်ဘဝ   တာဝန်ထမ်းရွက်စဉ် ခရီးမှာ  မတွေ့မကြုံဘူးသည်မို့ မျက်နှာတော် မလှ စိတ်ဝမ်းတော် မကျရခြင်းပါ မိမိငယ် .... ၊ ညညီလာခံ အမှီ  လက်သုံးတော်ကြီး  ပင်းတလဲစား ဦးရွှေမောင်ကြီး မှ တဆင့် တင်ကြားရလျက် အပြစ်တော်သာ  ပေါ့လျော့လာတန်ကောင်းပ  မိမိငယ် ရယ်  ... ” 


မြို့တော်ဝန်မင်း လည်း သက်ပြင်းသံ ရှည်ရှည်ချရင်း အထက်ပါ စကား ကို ဆိုလျက် ဆင်ဝင်ပေါ်တွင် ချေပစ်လက်ပစ် ထိုင်ပါတော့သည် ။ ဝန်ကတော် လည်း နံနက်စာ အချိန် လွန်နေပြီ ဖြစ်သော်လည်း နံနက်စာ ပွဲတော်စာ နှင့် အတူ အချိုယမကာ အဖြာဖြာသော စားတော်အုပ် ကို ယူစေခဲ့ပါသည် ။ အပါးတော်မြဲ အစေခံ မယ်ထွေး နှင့်  ကျွန်ယုံတော် ဖိုးသန့် တို့ကို မြို့ဝန်မင်း ထိုင်နေရာ အရောက် သယ်ယူ မချီ၍

ကျွေးမွေးပြုစုသော်လည်း မြို့ဝန်မင်း မှာ မသုံးဆောင်နိုင်တော့ပါ ။ သည်လိုနှင့် နှစ်ပတ်သာသာ ဆယ်ဗီဇနာ စွန်းလောက်တွင် လက်ရုံးတော်ကြီး မောင်ပေါက် ချွေးသံ တရွှဲရွှဲဖြင့် ဝင်ရောက်လာပါသည် ။


“ မြို့တော်ဝန်မင်းအမိန့်တော်ဖြင့် ကျွန်တော်မျိုးကြီး သစ်ဆိမ့်မိဖုရား ကိစ္စ နှင့် သက်ဆိုင်သူ အားလုံး

ဘမ်းဆီးထောင်သွင်း အကျဉ်းချထားပြီး ဖြစ်ပါကြောင်း ... ” 


မြို့ဝန်မင်း လည်း မျက်ခုံးပင့်ချီလျက် သွေးသောက်ကြီး အား .....


“ သည်ကိစ္စဟာဖြင့်  ဘုန်းတော်ကြီးဘုရား အမိန့်တော်ကြောင့် ဆောင်ရွက်ရပေမင့်  .. သွေးသောက်ကြီး ရာ .....  ကျုပ် အနေဖြင့် အတော် စိတ်မချမ်းမြေ့  ရသည်ပ ၊ ဝတ္တရား ဆောင်ရွက်ရာမှာ တပည့် တာဝန်ကျေပါမှ ဆရာ  စိတ်ဝမ်းသာပေမယ် မဟုတ်လား .... ။ သာကြောင့်ပ မင်းတရားကြီး စိတ်တိုင်းကျ ဖြစ်စေဘို့ မောင်တို့ ကျုပ်တို့ ကြိုးစားနေရသည်ပ .... ” 


“ မှန်လှပါ .... ကျွန်တော်မျိုး လည်း အမိန့်တော် ကို ဦးထိပ် ပန်ရွက်ရသည့် အတွက် လုပ်ဆောင်ရပေမင့် ဂေါသီတာရာမ ဆရာတော်ဘုရား မှာ အကျော်ဒေယျ နှင့် ဖြစ်သည့် ပြင် ၊ ကိုးကွယ်ဆည်းကပ်သူများမှာလည်း မြို့တော်ကြီးအတွင်း နှင့် နန်းတွင်းသူ ၊ နန်းတွင်းသား လူကြီး လူကောင်းများ သာ များကြသပ  ..... ” 


“ ခု အရေးအခင်းကြောင့်  သွေးသောက်ကြီး ဖမ်းဆီးချုပ်နှောင်၍ စစ်မေးရန်  ရဟန်းသံဃာတော် ဘယ်နှပါး ၊ လူ ဘယ်နှယောက်  ရှိသနည်း ။ ငမြတ်စံ ကို  ဘယ်လို အကြောင်းနဲ့  နန်းတွင်း ရောက်လာရသည်ကိုလည်း မင်းတရားကြီးဘုရား  သိလိုတော် မူပေမယ်  သွေးသောက်ကြီးရဲ့ ..... ” 


“ ကျွန်တော်မျိုးကြီး တို့  အမိန့်တော်ဖြင့် ဖမ်းဆီးစကပင် ငမြတ်စံ ဖြောင့်ဆို အစစ်ဆေးခံပြီး

ဖြစ်ပါသည်  ။ အလွှာထက်တွင် ရေးဆက်ပြီး မြို့ဝန်မင်း ထံ တင်ရန် အသင့်ပါ  ။ ငမြတ်စံ မှာ လူလုံးလူရပ် ခပ်ပြတ်ပြတ် ရှိပေမင့် ရုပ်ရေ ချောမော လှပသူ ဖြစ်ကြောင်းပါ မြို့ဝန်မင်း .....” 


“ ကျုပ် ကိုယ်တိုင် စစ်မေးရပေဦးမယ် ဗျာ  .. ။ ဘဝရှင်မင်းတရားကြီးဘုရား အရေးနှင့် ပတ်သတ်နေသူ ဖြစ်သမို့ ငယ်လူများ နှင့် လွှဲအပ်ထားလျှင် အမှုတော်ထမ်း ပေါ့လျှော့ပေတယ်လို့ ရွှေနန်းတော်ကြီး က ထင်မှတ်စရာ ရှိပေမယ်  မဟုတ်လား   ....” 


“ မှန်လှပါ ... ကိုယ်တိုင်  ကိုယ်ကျ စစ်ဆေးရန် သင့်လှသည်ပ ၊ အဖမ်းအဆီးခံ ရဟန်း သံဃာသာမဏေ သုံးကျိပ်နှစ်ပါး ရှိ၍   လူဝတ်ကြောင် ၆ ယောက် တွင် နန်းတွင်းသူ နှစ်ယောက် ပါဝင်ခါ  ... ပေါင်း ၃၈ ကျိပ် ရှစ်ပါး ရှိပါသည်  ... မြို့ဝန်မင်း ..... ” 


“ ကျုပ် ကိုယ်တိုင် ငမြတ်စံ ကို စစ်မည်ပ  ... ၊ ကျန် အနွယ်အခင်များ ကိုတော့  သွေးသောက်ကြီး ကိုယ်တိုင် မည်ကဲ့သို့ ကူပံ့သည်  အားပေးအားယူပြုသည် ကို  ကျကျစိပ်စိပ်  စစ်ဆေးပါဘိ  ...  ၊ မဆိုင်သသူ အပြစ် မယူစေပါ နှင့်  သွေးသောက်ကြီး ... ” 


“ ငမြတ်စံ ကို ထောင်သွင်း အကျဉ်းချထားရှိသည် ဖြစ်၍ မြို့ဝန်မင်း စစ်ဆေးလိုပါက မည်သည့်နေရာ ခေါ်ဆောင်လာခဲ့ရမည်ကို မိန့်တော်မူပ ... ။ ညညီလာခံ အမှီ တင်ရမည် ဆိုပါက အချိန်တော် နည်းလှပေကပြီ  မြို့ဝန်မင်း ..... ” 


“ အိမ်း .... ဟုတ်ပေသဗျို့ ... ။  ကျုပ်တို့ မလဲ သည် အရေးကိစ္စ တွေးနေရသမို့ နေတောင် အတော်ကျလာပပြီ ...  ။ သွေးသောက်ကြီး လည်း အမှုတော် လုံးပမ်းနေရသမို့ ယနေ့တာ အဖို့ နားနေပ  ... ။ ကျုပ်ဟာ ကျုပ်ဘဲ စီးတော်မြင်း နဲ့ ထောင်ချုပ် ကို သွားစစ်ဆေးမဗျ ....” 


သွေးသောက်ကြီး လည်း မြို့ပြင်တွင် နေထိုင်သူ ဖြစ်သဖြင့် လေးချက်တီး အမှီ  ပြန်ထွက်ရပေမည် ။ ( ညနေ နေဝင်ချိန် အရှေ့ဘက်ရှိ နာရီစင်မှ ကြီးမားသော  မောင်းကြီး ကို တီး၍  အချက်ပေးသည် ။  ၄ ချက် တီးသောအခါ  နန်းတော် တံခါးများ အားလုံး ပိတ်တော့သည် ။ စာရေးသူ )  မြို့ဝန်မင်းအား နှုတ်ဆတ်၍

သွေးသောက်ကြီး  ပြန်သောအခါ မြို့ဝန်မင်း လည်း ဇောင်းတွင်း မှ  စီးတော်မြင်း ကို ကျွန်ယုံတော်  ဖိုးသန့် ကို ကုန်းနှီးတင်ခိုင်းလိုက်ရင်း  အတွင်းတော် သို့  ခေတ္တ ဝင်ရောက်  သွားပါသည် ။


            ( ဆက်ရန် )

               

koaungnaingoo.blogspot.com


.

No comments:

Post a Comment