Friday, November 19, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၁၇ + ၁၈


 အခန်း ( ၁၇ )


ကိုယ့်လမ်းကိုယ် လျှောက်ချင်သတဲ့ ။ သဘော ။ နေရစ်ခဲ့ဆိုလဲ နေရစ်ခဲ့မယ် ။ လိုက်ခဲ့ဆိုလဲ လိုက်ခဲ့မယ် ။ ငါ ကတော့ ဦးသိန်းလွင် ချပေးတဲ့ အစီအစဉ် ကို ကြိုက်တယ် ။ အေးအေးဆေးဆေးပဲ ။ အေး ... ငါကတော့

နှစ်လင် စံ ရမှာပေါ့ ။


ငါ တို့ သင်္ကြန် အကြိုနေ့ မှာ မန္တလေး ကို ရောက်တယ် ။ ဦးသိန်းလွင် အိမ်မှာ တည ပဲ အိပ်တယ် ။ နောက်တနေ့ ဦးသိန်းလွင် အိမ်ကနေ တည်းခိုခန်း ကို ပြောင်းကြတယ် ။ အောင်သိန်း ဆန္ဒအရ ဆိုပါတော့ ။ ဦးသိန်းလွင် ကတော့ ဘာမှ မပြောဘူး ။


အမှန်တော့ မူလ ကတည်းက ဦးသိန်းလွင် ကို အောင်သိန်း မျက်စိစပါးမွေး စူးနေတယ် ။ ငါ သိတယ် ။ ဒါပေမယ့် သူ့ ထုံးစံအတိုင်းပေါ့ ။ ရထား ပြတင်းပေါက်ကနေ အပြင်ဘက် ငေးပြီး ငါးသုံးလုံးစီးကရက် ကို တစ်လိပ်ပြီး တလိပ်

ဖွာနေ တယ် ။


ဦးသိန်းလွင် အထက်တန်း အိပ်ခန်း တခန်း လေးယောက်ခန်း ယူလိုက်တယ် ။ သည်တော့ တခန်းလုံး မှာ တို့ သုံးယောက်ပဲ ရှိတယ် ။ လွတ်လပ်တယ် ။ ရထားကလဲ မန္တလေး အဆန် အပြန် ညရထား ။


အထက်တန်း အိပ်ခန်း ဆိုတာကလဲ အောက်မှာ နှစ်ယောက် စင်ပေါ်မှာ နှစ်ယောက် အိပ်ရတယ် ။ အောက်ကနေ စင်ပေါ်တက်ရင် လှေကားကလေးနဲ့ တက်ရတယ် ။ ဆင်းတော့လဲ လှေကားနဲ့ပဲ ဆင်းရတယ် ။


သည်တော့ ဦးသိန်းလွင် လို အဘိုးကြီး တယောက် အဖို့ကတော့ စင်ပေါ်တက်ဖို့ မလွယ်ဘူးပေါ့ ။ ပြီးတော့ လူကြီး လဲ လူကြီး ။ သူ ကပဲ ငွေကုန်ကြေးကျ ခံပြီး တို့ကို အလည်ခေါ်လာတာ ဆိုတော့ သူ့ ကိုတော့ ဦးစားပေးရမယ် ။ သူ ကလဲ အောက်မှာပဲ နေရာ ယူတယ် ။ ဒါ သဘာဝကျတယ် ။


အောက်ထပ် က ကျန်တဲ့ အိပ်ရာမှာ အောင်သိန်း နဲ့ ငါ နှစ်ယောက်တွဲ အိပ်ဖို့လဲ မဖြစ်နိုင်ဘူး ။ နှစ်ယောက် မအိပ်သာဘူး ။ ကျဉ်းတယ် ။


ဒါဖြင့် ငါ က စင်ပေါ်တက် အိပ်ယင်ကော ။ မိန်းမ က အမြင့်က ဆိုတော့ မတင့်တယ်ဘူး ။ သည်တော့ ငါ ကပဲ နေရာ စီစဉ်ပေးရတယ် ။ မောင် စင်ပေါ် တက်အိပ်ပါကွယ် ပြောရတယ် ။


အဲသည်တုန်းကလဲ သူ ဘာမှ မပြောဘူး ။ ရပါတယ် တဲ့ ။ မကျေနပ်တဲ့ အမူအရာလဲ မပြဘူး ။ ကျေကျေနပ်နပ် ။


လမ်းခရီးတလျှောက် စားဖို့သောက်ဖို့လဲ ဦးသိန်းလွင် က အောင်သိန်း ကို စီစဉ်ခိုင်းထားတာ အပြည့်အစုံ ။ ဂျော်နီဝေါ့ကား တပုလင်း ၊ ဆိုဒါ ၊ ရေခဲ ၊ ဘဲကင် ၊ ကြက်သားလုံးကြော် ၊ ထမင်းကြော် ၊ လိမ္မော်ရည် ၊ ငါးသုံးလုံး စီးကရက် ဘာမှ လိုလေသေး မရှိဘူး ။


ရထား စထွက်ကတည်းက သူတို့ နှစ်ယောက် အိပ်စင်နှစ်ခုကြား က စင်ကလေးပေါ် ပုလင်း နဲ့ အစားအသောက်တွေ တင်ပြီး ဝိုင်းထိုင်လာကြတယ် ။


ပြောမယ့်သာ ပြောတာပါ ။ သည် ဦးသိန်းလွင် ဆိုတာက စိတ် သာ ရှိတာ ။ လူ က လိုက်နိုင်တော့တာ မဟုတ်ဘူး ။ အရွယ်ကလဲ ဇရာပိုင်းထဲ ဝင်နေပြီ ။ သူ့ အကြောင်း ကို ငါ့ ထက် အောင်သိန်း က ဘယ်လို လို့ သိမှာလဲ ။


ဒါပေမယ့် အဘိုးကြီး က အပြုစုအယုယ သိပ်ကြိုက်တယ် ။ ငွေ ကို မနှမြောတတ်ဘူး ။ သူ့ သဘောကျ သာ ပြုစုပေးနေ လို့ကတော့ ငွေတထောင် လျှောခနဲ ထွက်လာဖို့ဆိုတာကလဲ ဘာမှ မခဲယဉ်းဘူး ။


သည်တော့ ငါ က အရက်ဖြင့်လဲ ငှဲ့ပေး ။ အသားကြော်ကလေး ဖြင့်လည်း ပါးစပ်ထဲ ခွံ့ကြွေးတယ် ။ အဘိုးကြီး တယောက်တည်းတော့ မဟုတ်ပါဘူး ။ အောင်သိန်း လဲ အတူတူပါပဲ ။ ငါ့ ပါးစပ်ထဲ လဲ ငါ ပြန်ထည့်တာပဲ ။


နောက်ပြီး စီးကရက် မီး ငြိမ်းနေယင်လဲ ငါ က ဓါတ်ငွေ့မီးခြစ်ကလေးကို ကောက်ပြီး ခြစ်ပေးတယ် ။ ဆေးလိပ် မသောက်တတ်ပေမယ့် ငါးသုံးလုံး နံ့က မွှေးတော့ ငါ လဲ တလိပ် တလေ ယူ ဖွာတယ် ။


ပြောရယင် သူစိမ်း ယောက်ျား တယောက်ကို အရက် ငှဲ့ပေးတာတို့ စီးကရက် မီးညှိပေးတာတို့ ဆိုတာ ငါ့ ဘဝမှာ မဆန်းတော့ပါဘူး ။ ငါ တောင်မှ စီးကရက် ကို ချောင်းမဆိုးပဲ ဖွာတတ်နေပြီပဲ ။


အေးလေ ... သူ့ နောက်ကွယ်မှာ ဆိုတော့လဲ အကြောင်း မဟုတ်ဘူးပေါ့ ။ သည်ထက် ဆိုးတဲ့ အဖြစ်တွေတောင် သူ သိပြီးသားပဲ ။ သူ့ လဲ အဆိုးတော့ မဆိုသာပါဘူး ။ သူ မကြိုက်ဘူး ထင်တယ် ။


ဂျော်နီဝေါ့ကား ပုလင်းလဲ တဝက်ကျော် ကျိုးသွားပြီ ။ ဦးသိန်းလွင် ကတော့ ဣန္ဒြေတောင် မပျက်သေးဘူး ။ အောင်သိန်း ကတော့ မူးနေပြီ ။


သောက်ပုံချင်းလဲ မတူဘူးလေ ။ အောင်သိန်း သောက်တာက နွားငတ်ရေကျ ။ ဆိုဒါ မရောဘူး ။ ရေ မရောဘူး ။ မူးတာကိုပဲ အရသာ ခံတာ ။ ဦးသိန်းလွင် ကျတော့ အဲသည်လို မဟုတ်ဘူး ။ လျှာပေါ်မှာ အရသာ ခံတယ် ။

အရက်ခွက် ကို နှုတ်ခမ်းကလေး မှာ တေ့ရုံတေ့ပြီး လျှာဖျား နဲ့ စုပ်သောက်ရုံ သောက်တာ ။


နည်းနည်း အရှိန်ရလာတော့ ဦးသိန်းလွင် က ငါ့ လက်ကိုဆွဲပြီး သူ့ ဘေးနား အထိုင် ခိုင်းတယ် ။ ပြီးတော့ ငါ့ နဖူးကို တချက် နမ်းတယ် ။


အောင်သိန်း မျက်နှာ ပျက်သွားတယ် ။ ဒါပေမယ့် ဘာမှတော့ မပြောဘူး ။ အရက် လက်နှစ်လုံးလောက် ငှဲ့ပြီး မော့ချပစ်လိုက်တယ် ။ သူ့ ငါးသုံးလုံးဗူး နဲ့ မီးခြစ် ကို ယူပြီး အိပ်စင်ပေါ် တက်သွားတယ် ။ ပါးစပ် ကတော့

ပြောသွားတယ် ။ ဦးလေး ကျွန်တော့် ကို ခွင့်ပြုပါနော် တဲ့ ။ ပြောပုံကလဲ လေအေးလေး နဲ့ ယဉ်ယဉ် ကျေးကျေး ။


ဦးသိန်းလွင် အနေနဲ့က အောင်သိန်း ကို ငါ့ ခိုင်းစားတဲ့ လူတယောက် လို့ပဲ သိထားတာ ။ ငါ တို့ နှစ်ယောက် ရဲ့ မေတ္တာ အတိမ်အနက် ကိုတော့ ဘယ်လာ သိမှာလဲ ။


သည်တော့ လင်ယောက်ျား တယောက် အဖြစ် နဲ့ သူ့ ကို အလေးအနက် မထားဘူး ။ ဒါကြောင့်မို့လို့လဲ အောင်သိန်း အရှေ့မှာ ငါ့ ကို ဖက်လားဆွဲလား လုပ်တာပေါ့ ။


အောင်သိန်း အပေါ်ထပ် အိပ်စင်မှာ အိပ်ပျော်တယ် မပျော်တယ်တော့ မပြောတတ်ဘူး ။ ဦးသိန်းလွင် ကတော့ သူ့ ရင်ခွင်ထဲမှာ ငါ့ ကို အအိပ်ခိုင်းထားတယ် ။ ရုန်းထွက်ဖို့လဲ မလွယ်ဘူး ။ ငါ ကလဲ မကြိုးစားဘူး ။ ဦးသိန်းလွင်

အကြောင်း ငါ သိတယ် ။ သည့်ထက် ပိုကဲလာယင်လဲ နည်းနည်းပါးပါးပဲ ။


သည် အဘိုးကြီး က စိတ်ကူးယဉ် သမား သက်သက် ရယ် ။ ငါ့ ကို သူ့ ရင်ခွင်ထဲ ထားပြီး ငယ်ငယ်တုန်း က သူ့ ချစ်သူ နဲ့ အတူနေခဲ့ဖူးတဲ့ အကြောင်းတွေကို ပြန်စဉ်းစားနေသလားမှ မသိပဲ ။


စကားတွေ တတွတ်တွတ် ပြောတယ် ။ ငါ့ ကို ချစ်တဲ့ အကြောင်း ၊ သူ့ ကို ယူထားဖို့ အကြောင်း ၊ ငါ တို့ လင်မယား နှစ်ယောက်စလုံး ကို သူ့ အိမ်မှာ တင်ကျွေးထားမယ် ဆိုတဲ့ အကြောင်း ... စုံရော ။


ဦးသိန်းလွင် အရက်တော့ ဆက်မသောက်တော့ဘူး ။ ဒါပေမယ့် ငါးသုံးလုံးစီးကရက် ကိုတော့ တလိပ်ပြီး တလိပ် မီးညှိပေးရတယ် ။


စီးကရက် မီးညှိပေးတဲ့ အခိုက်အတန့် ကလေးပဲ ငါ အအား ရတယ် ။ ပြီးယင် သူ့ ရင်ခွင်ထဲ ပြန်အိပ်ခိုင်းထားရော ။ အေး ... ငါ့ အထင် အောင်သိန်း တော့ မူးမူးနဲ့ အိပ်ပျော်သွားပြီပေါ့ ။


ငါ တို့ နှစ်ယောက် ကတော့ တောင်ငူဘူတာ ဆိုက်တဲ့အထိ လေပစ်ကြတုန်းပဲ ။ ငါ ဒူးရင်းသီး စားချင်တယ် ဆိုလို့ ဒူးရင်းသီး ငါးလုံး ဝယ်တယ် ။


ဒူးရင်းသီး သုံးလုံး ခွဲစားတယ် ။ သူ့ ကို ငါ ခွံ့တယ် ။ ဒါပေမယ့် မစားဘူး ။ အရက် နဲ့ ဒူးရင်းသီး မတည့်ဘူးတဲ့ ။ အဆိပ် ဖြစ်တတ်တယ်တဲ့ ။ မကုန်ယင် ကောင်ကလေး အတွက်လဲ ပဲ ချန်ထားလိုက်ဦး တဲ့ ။


ဒူးရင်သီး သုံးလုံး ငါ တယောက်တည်း အကုန် စားပစ်လိုက်ရတယ် ။ အဲသည်နောက် သူ့ ရင်ခွင်ထဲ ပြန်ရောက်တယ် ။ အောင်သိန်း ဆင်းလာတဲ့ အထိပဲ ။ အောင်သိန်း ဆင်းလာတော့ မိုးလင်းလုပြီ ။


မန္တလေး ရောက်တော့ ဦးသိန်းလွင် အိမ်ကို လိုက်သွားကြတယ် ။ အောင်သိန်း လဲပဲ ပါတယ် ။ အာဠဝီလမ်းမပေါ်မှာ တိုက်ကြီး ကို ဟိန်းနေတာပဲ ။


ဦးသိန်းလွင် မှာက စီးပွားရေး ကုံလုံတယ် ။ လုပ်ငန်း ကောင်းတယ် ။ သံကြွပ်ပစ္စည်းတွေ တင်ဒါဆွဲပြီး ပြန်ရောင်းတဲ့ အလုပ် နဲ့ပဲ တနှစ် တနှစ် သိန်း နဲ့ ချီ ဝင်ငွေ ရှိတယ် ။


ဒါပေမယ့် အိမ်ထောင်ရေး ကုသိုလ်ကံ ကတော့ မကောင်း ရှာဘူး ။ သူ့ ဇနီး က စိတ်ဝေဒနာ သည် ။ တိုက် အပေါ်ထပ် က အခန်းထဲမှာပဲ နေတယ်တဲ့ ။ တံခါး သော့ခတ် ပိတ်ထားရတယ်တဲ့ ။


သားသမီး လဲ မထွန်းကားဘူး ။ တူ တယောက် ကို အိမ်မှာ ခေါ်ထားတယ် ။ အိမ်ဖော် အဒေါ်ကြီး နဲ့မှ အိမ်သူအိမ်သား လေးယောက် ပဲ ရှိတယ် ။


ဦးသိန်းလွင် ရဲ့ အစီအစဉ် က ငါ တို့ လင်မယား ကို အောက်ထပ်မှာ အိပ်ခန်း တခန်း ပေးထားမယ် ။ ပြီးတော့ ကျွေးထားမယ် ။ အောင်သိန်း ကိုလဲ လခ နဲ့ လုပ်ငန်း တခုခု မှာ ခိုင်းထားမယ် ။ ငါ တို့ရဲ့ လှုပ်ရှား လုပ်ကိုင်နေကြတဲ့ အလုပ်ကိုတော့ ရပ်ပါတော့တဲ့ ။


မဆိုးတော့လဲ မဆိုးဘူး ။ အဘိုးကြီး မှာ သားထောက် သမီးခံလဲ မရှိဘူး ။ တနေ့မှာ အမွေ အနေနဲ့တောင် အစုလိုက် အပြုံလိုက် ရနိုင်တယ် ။ အဲဒါကို ရွှေကိုယ်တော် က လက်မခံချင်ဘူး ။


ကိုယ့်လမ်း ကိုယ် ထွင်လျှောက်ချင်တယ် တဲ့ ။ သဘောပဲပေါ့ ။ အဘိုးကြီး အိမ် ကနေ ' ကေသီပန် ' တည်းခိုရိပ်သာကို ပြောင်းလာခဲ့ရတယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၁၈ )


သင်္ကြန်ရက်ဆိုတော့ အလုပ်ကျတဲ့ အချိန် ။ ဧည့်သည်ကျတဲ့ အချိန် ။ ဧည့်သည်များတဲ့ အချိန် ။ ငါ့ခေါင်းထဲမှာတော့ သည်ရက်ပိုင်းကလေးမှာ အလုပ်ကို ပဲ ဖိလုပ်ပစ်လိုက်ဖို့ စိတ်ကူးရှိတယ် ။ ဒါပေမယ့် အဆက်အသွယ် မရှိတော့လဲ ခက်တယ် ။ ဘယ်က စရမှန်း မသိဘူးဖြစ်နေတယ် ။ ဘယ်လို အဆက်အသွယ်နဲ့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ် ။ တည်းခိုခန်းပိုင်ရှင်က အမျိုးသမီးပဲ ။ ဒေါ်ဆယ် တဲ့ ။ ငါလဲ သူ့ကိုမသိဘူး ။ သူကလဲ ငါ့ကို မမြင်ဖူးဘူး ။


အေး ... တခုတော့ရှိတယ် ။ အေးမြ ကိုတော့ သူသိတယ် ။ အေးမြ က မန္တလေးသွားမယ်ပြောတုန်းက သည်တည်းခိုခန်းမှာတည်းဖို့ ပြောဖူးတယ် ။ သူ့ နာမည် ပြောလိုက်တဲ့ ။ သူတို့ချင်း ရင်းတယ်တဲ့ ။


တည်းခိုခန်းကို အကဲခတ်ကြည့်တော့လဲ အလုပ်လုပ်ပုံ မရဘူး ။ အစအန မမြင်ရဘူး ။ သည်တော့ ပြောပြီးခါမှ အလုပ်မဖြစ်ယင် စကားအဖတ် တင်မယ် ။ ကိုယ်လဲပဲ ဆက်တည်းခိုလို့ ကောင်းမှာ မဟုတ်တော့ဘူး ။


အောင်သိန်း ကို တိုင်ပင်ကြည့်တယ် ။ အကြံကောင်း ဉာဏ်ကောင်းလေးများ ထွက်လာမလား လို့ပေါ့ ။ ခရီးသွားယင်းငွေပြတ်မှာ ငါသိပ်စိုးရိမ်မိတယ် ။ အသုံးစရိတ် ကလဲ တနေ့တနေ့ လေးငါးဆယ် အထက်မှာ ရှိတယ် ။


အောင်သိန်း က ... မမ အဲ့သည့် ဒေါ်ဆယ် ဆိုတဲ့ အမျိုးသမီးကြီး ကို အကျိုးအကြောင်း ပြောကြည့်ပါလားတဲ့ ။ နောက်ဆုံးတော့ တာဝန်က ငါ့ ပခုံးပေါ်ပဲ ပြန်ကြတယ် ။


ကဲ ... မထူးတော့ဘူး ဆိုပြီး လူရှင်းချိန်မှာ အမျိုးသမီးကြီး ကို အေးမြ နာမည်ပြောပြီး အလုပ်အကိုင် ဖြစ်နိုင်သလားလို့ ငါ အရဲစွန့်မေးလိုက်တယ် ။


အမျိုးသမီးကြီးက အတော်ကြာကြာ စဉ်းစားတယ် ။ နောက်တော့မှ အေးမြ ကို အမှတ်ပြန်ရပုံပေါ်တယ် ။ နေအုံး ... သူမေးကြည့်အုံးမယ်တဲ့ ။ ပြီးတော့ ... အောင်သိန်း နဲ့ ငါ နဲ့ ဘာတော်လဲတဲ့ ။ ယောက်ျား လား တဲ့ ။ ယောက်ျားတော့ မဟုတ် ဘူး... ကျွန်မအဖော်ပါ ဆိုပြီး... လိမ်ပြောလိုက်ရတယ် ။


အဲ ... ညနေပိုင်းကျတော့ အမျိုးသမီးကြီးက တည်းခိုခန်းအောက်ထပ်ကို ခေါ်သွားတယ် ။ အောက်ထပ်မှာကတော့ ဧည့်သည်မထားဘူး သူတို့နေတယ် ။ ခြံကလဲပဲ ကျယ်တယ် ။


ငါ့ကို တရုတ်မ ရှုခင် ဆိုတာနဲ့ စကားပြောခိုင်းတယ် ။ ပိန်ပိန် ၊ ပါးပါး အရပ်မြင့်မြင့်ပဲ ။ အသက်သုံးဆယ်လောက်ပဲ ရှိမယ် ။ အဲ့... သူကပြောတယ် ။ အလုပ်လုပ်ချင်ယင် သူ့ကို နှစ်ရာပေးရမယ်တဲ့ ။ တနေ့တဆယ် ဖြတ်မယ် ပြောတယ် ။ အနည်းဆုံးလဲ တလနေရမယ်တဲ့ ။


အောင်သိန်းနဲ့ တိုင်ပင်ကြည့်တော့ အေးအေးဆေးဆေး ဆိုယင် မမ သဘောပဲတဲ့ ။


ငါကတော့ တလလောက် ကြိုးစားငွေရှာချင်သေးတယ် လို့ ငါ့သဘော ကို ပြောလိုက်တယ် ။ သူလဲ ဘာမှ ဆက်မပြောတော့ဘူး ။


အဲသည်ညနေမှာပဲ အပေါ်ထပ်ကနေ အောက်ထပ်ကို ပြောင်းဆင်းခဲ့ရတယ် ။ အောင်သိန်း နဲ့ ခွဲနေရတယ် ။ အလုပ် လုပ်တဲ့ မိန်းကလေး တွေ အိမ်ပေါ်ထပ် တည်းခိုခန်း ကို မတက်ရဘူး ။ ဒါကတော့ သူတို့ တည်းခိုခန်း ရဲ့ သံမဏိ စည်းကမ်းလို့ ဆိုတယ် ။


အောက်ထပ်နောက်ဖေးဆောင်မှာ အခန်းလေးခန်း ရှိတယ် ။ အစေခံ တန်းလျားလို့ ဆိုတယ် ။ သည် တည်းခိုခန်းမှာ သန့်ရှင်းရေးတို့ ၊ အိမ်ဝေယျာဝစ္စ တို့ကို လုပ်တဲ့ အိမ်ဖော် မိန်းကလေးတွေနေတဲ့ အခန်းတွေတဲ့ ။


စိတ်ကူးကတော့ မဆိုးဘူး ။ မိန်းကလေးသုံးယောက် ရှိတယ် ။ ငါ ရောက်သွားတော့ လေးခန်းလုံး လူပြည့်ရော ဆိုပါတော့ ။ ငါ့ ကိုလဲ အိမ်ဖော် အလုပ်သမားစာရင်းထဲ သွင်းလိုက်တယ် ။


ဆိုင်ရာက လာစစ်ချင်ယင်လဲ စစ်လေ ။ ဘယ်သူကဖြင့် ထမင်းချက် ၊ ဘယ်သူကဖြင့် အဝတ်လျှော် ၊ ဘယ်သူကဖြင့် သန့်ရှင်းရေး ၊ ဘယ်သူကဖြင့် အောက်ခြေသိမ်းလုပ်တဲ့သူ ဆိုပြီး တရုတ်သံဝဲဝဲနဲ့ ရှင်းပြလိုက်လိမ့်မယ် ။


ရှုခင် ကတော့ တို့ လေးယောက်ကို ထိန်းထားတဲ့ အထိန်းပဲ ။


ငါ့ ကိုတောင် ငွေနှစ်ရာ အဖြတ်ခံပါမယ် ဆိုလို့ လက်ခံထားတာ မှတ်လား ။ ပိုင်ရှင်ဒေါ်ဆယ် ရဲ့ သဘော တစ်ခုတည်း နဲ့ မပြီးဘူး ။ ရှုခင် က အရေးကြီးတယ် ။


အညှီ ရှိတဲ့ နေရာကို ယင် ကတော့ အုံတယ် ။ သည့်ပြင် လူတွေသာ မသိယင် ရှိရမယ် ။


တောကောင် ကျက်စားရာ နေရာကို မုဆိုး ကတော့ သိမယ် ။ ငါး ရှိရာ နေရာကို တံငါ ကတော့ သိမယ် ။


သူ့ အထာလေးနဲ့ သူ ထားပေမယ့် ဧည့်သည် တွေကတော့ သိတာပဲ ။ ပြီးတော့ ဗူး အပေါက် တရာ ပိတ်လို့ လွယ်ချင် လွယ်မယ် ။ လူ့ ပါးစပ်ပေါက် တပေါက် ပိတ်လို့ ဘယ်လွယ်လိမ့်မလဲ ။ သည်တော့ ဖောက်သည်တွေ အပြင် မျက်နှာစိမ်း ဧည့်သည်တွေလည်း ရောက်လာတတ်တာပဲ ။


ဒါပေမယ့် ရောက်လာတဲ့ ဧည့်သည်တွေကတော့ သန့်တယ် ။ ဈေးကလဲ ကောင်းတာကိုး ။ အခန်း ထဲ တခါ ဝင်ရင် တရာ ။


အခန်းခ ကိုတော့ ငါ တို့ က ခံရတယ် ။ ဧည့်သည် တယောက်လာယင် အခန်းခ က ဆယ့်ငါးကျပ် ။ ကိုယ့်အတွက် က ဆယ့်ငါးကျပ် ။ ဒါ ဧည့်သည် လာတိုင်း သုံးဆယ် ဖြတ်တဲ့ သဘော ။ နေ့စဉ် ကိုယ်နေတဲ့အတွက် ပေးရတဲ့ ဆယ့်ငါးကျပ် က တခြား ။


အမှန်တော့ အခန်းခ လို့သာ ဆိုတာပါ ။ နားလှည့်ပြီး ပါးရိုက်တာပါပဲ ။


သုံးဆယ်ရ ာနှုန်း သူ့ကို ပေးရမယ်လို့ မဆိုပဲ ၊ အခန်းခ လို့ ဆိုတာပါ ။ အဲ ... ဧည့်သည် တစ်ယောက် ရောက်လာတိုင်း ငါ က ခြောက်ဆယ် ရတယ် ။ ဒေါ်ဆယ် ကို အခန်းခ သုံးဆယ် ပေးရတယ် ။ ဘာမှန်း မသိတဲ့ တဆယ် ကတော့ ရှုခင် ကို ပေးရတယ် ။


ပထမနေ့ကတော့ သိပ်အလုပ်မဖြစ်ချင်ဘူး ။ ဧည့်သည် ငါးယောက်ပဲ ရတယ် ။ ဒါပေမယ့် မန္တလေး သူ လဲ့လဲ့ ဆိုတဲ့ အမျိုးသမီး ကတော့ ဧည့်သည် ဆယ့်ငါးယောက် ကျော်တယ် ။


လဲ့လဲ့ က ပါးပါးလျားလျား ကလေး ။ အသားဖြူတာလေး တခုပဲ မက်စရာ ရှိတယ် ။ ဒါပေမယ့် လဲ့လဲ့ က ဝါဝါ နဲ့ ငါ တို့ ထက် ဧည့်သည် ပိုရတယ် ။ သူ့ ဝင်ငွေ အကောင်းဆုံးပဲ ။


လဲ့လဲ့ က စိတ်ကောင်းလဲ ရှိတယ် ။ တွေ့တွေ့ချင်း ငါ့ ကို ခင်တယ် ။ တဦးမေတ္တာ တဦးမှာ ဆိုသလိုပဲ ။ ငါ ကလဲ သူ့ ကို မြင်မြင်ချင်း ညီမလေး တစ်ယောက်လိုပဲ ခင်မိတယ် ။


တယောက်အခန်း တယောက် အကူးအသန်းရှိတယ် ။ သူ့ အခန်းကို ငါရောက်သွားတော့ မမြင်ဖူးတာမြင်ရတယ် ။ သူ့ခေါင်းရင်းထဲက ပုလင်းလေး တလုံးမှာ ငါးကျပ်တန်ကလေးတွေ ကတော့ထိုးပြီး ထည့်ထားတာ တွေ့ရတယ် ။


မသိတော့ ပါးစပ်ဆော့ပြီး မေးမိတယ် ။ ဟင် ... အစ်မ မသိဘူးလား ၊ အဲဒါ အမေဂျမ်း ကို ကိုးထားတာ တဲ့ ။ သူပြောမှပဲ အမေဂျမ်း ဆိုတာကို ငါ ကြားဖူးတော့တယ် ။


အမေဂျမ်း ကို တိုင်တည်ပြီး လုပ်ရင် စီးပွားတက်တယ်တဲ့ ။ အမေဂျမ်း ဟာ မိန်းမ ကိစ္စတွေမှာ သိပ် ကူညီ ဆိုကိုး ။


လဲ့လဲ့ က မမကြော့ လဲ စမ်းပြီး တိုင်တည်ကြည့်ပါလား လို့ အကြံပေးတယ် ။ အေးလေ ... ဘာမှ မဟုတ်တဲ့ ဟို တရုတ်မ မရှုခင် ကိုတောင် တနေ့ တဆယ် ခေါင်းပုံဖြတ်ခ ပေးနေရသေးတာပဲ ။ စမ်းကြည့်မယ် စိတ်ကူးတယ် ။


ဧည့်သည် ငါးယောက် ထက် ပိုယင် ဧည့်သည် တစ်ယောက် ကို ငါးကျပ် နှုန်း အမေဂျမ်း အတွက် ပသပါ့မယ် လို့ ငါ တိုင်တည်လိုက်တယ် ။


မဆိုးဘူး ။ အဲ့ဒီ နေ့က ဧည့်သည် ဆယ်ယောက် ရတယ် ။ လဲ့လဲ့ လုပ်တဲ့ အတိုင်း ငါးကျပ်တန် ငါးရွက် ကို ကတော့ ထိုးပြီး ငါ့ ခေါင်းရင်းမှာ ပုလင်းကလေး တလုံးနဲ့ ထည့်ထားလိုက်တယ် ။


သည် နေရာကတော့ သိုသိုဝှက်ဝှက် အလုပ် လုပ်နေတဲ့ နေရာ မှန်ပါတယ် ။ သည် နေရာကို လူတိုင်း လာချင်လို့လဲ လာလို့ မရဘူး ။ ပေါက်သောက်လဲ လက်မခံဘူး ။ လူ ရွေးတယ် ။ စိတ်ချရတဲ့ လူမှ ။ စိတ်မချရတဲ့ လူ အကြောင်း မသိတဲ့ လူ ဆိုယင် လုံးဝ လက်မခံဘူး ။ မရှုခင် ဆိုတာက တချိန်က အေးမြ နဲ့ ပတ်သက်ဖူးတယ် လို့ ဆိုတယ် ။ ဒါကြောင့်လဲပဲ ငါ့ ကို အေးမြ မျက်နှာနဲ့ လက်ခံတာ ဖြစ်တယ် ။


ဒါပေမယ့် သူ့ ကို နှစ်ရာ ပေးရမှာနဲ့ ပတ်သက်လို့ ငါ မကျေနပ်ဘူး ။ နှစ်ရက်နဲ့ပဲ တရာ့ငါးဆယ် တော့ ကျော်သွားပါပြီ ။ ငါးဆယ် ပဲ ကျန်တယ် ။ မပေးချင်တော့ဘူး ။


အဲ့ဒါ နဲ့ ဒေါ်ဆယ် ကို ငါ အကျိုးအကြောင်း ပြောပြတယ် ။ အမယ် ... ဒေါ်ဆယ် ကလဲ ငါ့ ကို အတော် သဘောကျသွားပြီ ။ ငါ့ စံချိန်က လဲ့လဲ့ စံချိန်နား နီး သွားတာကိုး ။ သည်တော့ နောက်ထပ် ငါးဆယ် မပေးနဲ့တော့ တဲ့ ။ သူ မရှုခင် ကို ပြောပြလိုက်မယ်တဲ့ ။


ငါ လဲ လဲ့လဲ့ နဲ့ တွေ့တော့မှပဲ ယုံကြည်ရမှန်း ကိုးကွယ်ရမှန်း သိတော့တယ် ။ နောက်နေ့တွေမှာ လဲ ဧည့်သည် ငါးယောက် ကျော်ကျော် မကျော်ကျော် အမေဂျမ်း အတွက် သီးသန့် ဖယ်ထားတယ် ။ ဧည့်သည် တယောက် လာတိုင်း အမေဂျမ်း အတွက် ငါးကျပ်တန် တရွက် ကတော့ထိုးပြီး ကိုးလိုက်တယ် ။


ထမင်းစားဖို့ အတွက်ကတော့ ထမင်းချက်တဲ့ တရုတ်အဖိုးကြီး တယောက် ရှိတယ် ။ ထမင်းဖိုးကို သပ်သပ် ပေးရတယ် ။ စုပြီး ကြိုက်တဲ့ဟင်း ချက်ခိုင်းလို့ ရတယ် ။ တနေ့ တဆယ် ။


အောင်သိန်း ကတော့ အပေါ်ထပ်မှာပဲ နေရတယ် ။ လင်မယား နှစ်ယောက် အတူ အိပ်ခွင့် မရှိဘူး ။ စရိတ်ကတော့ နှစ်ယောက်ပေါင်း ငါးဆယ် ရှိတယ် ။ ဒါပေမယ့် နေ့စဉ် ဝင်ငွေ ကလဲ ပျမ်းမျှ သုံးရာ ကျော်တယ် ။


ငါ့ သဘောကတော့ ဆက်ပြီး စီးပွား ရှာချင်သေးတယ် ။ ဒါပေမယ့် ဆယ့်ခြောက်ရက် မြောက်တဲ့နေ့မှ အောင်သိန်း က အသံမြည်လာတယ် ။ ခရီး ဆက်မယ် တဲ့ ။ ဘယ်ကိုလဲ ဆိုတော့ တောင်ကြီး ကိုတဲ့ ။


စားစားသောက်သောက် သုံးသုံးဖြုန်းဖြုန်း နဲ့ တောင် ငွေ နှစ်ထောင် ကျော် ပိုက်မိတယ် ။ အောင်သိန်း က မနေချင်တော့ဘူး ဆိုတော့လဲ ငါ တစ်ယောက်တည်း ဘယ် နေလို့ ဖြစ်ပါ့မလဲ ။


ကတိခံထားတာကတော့ တလပဲ ။ ဒါပေမယ့် မတတ်နိုင်ဘူး ။ ဒေါ်ဆယ် ကို ပြန်တော့မယ်လို့ နှုတ်ဆက်တယ် ။ ကျေကျေနပ်နပ်ပဲ ခွင့်ပြုတယ် ။ နောက်လဲ အလုပ် လုပ်ချင်ယင် လာခဲ့တဲ့ ။ ဘယ်သူ့ကိုမှလဲ ခေါ် မလာနဲ့တဲ့ ။ ဘာအတွက်ဆိုလဲ မသိဘူး ။ ငွေတရာ အလှူငွေ ထည့်ခဲ့ရသေးတယ် ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 


koaungnaingoo.blogspot.com


.

No comments:

Post a Comment