Tuesday, November 16, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၁၃


 အခန်း ( ၁၃ )


ခန့်ချင်လဲ ခန့် ၊ မခန့်ချင်လဲ နေ ၊ သဘော ။


ဒါပေမယ့် ဝင်းပပ သင်ပေးတဲ့ အတိုင်း ပြောဖို့ကိုတော့ ငါ သဘောတူလိုက်တယ် ။ အိမ်ထောင် နဲ့ ကွဲနေပြီလို့ ပြောရမယ်တဲ့ ။


အလုပ်ကတော့ စာရေးမ ။ ဒါပေမယ့် နေ့စား ။ ရမှာကတော့ ခြောက်ကျပ်ခွဲ ဆိုလားပဲ ။


ဝင်းပပ နဲ့ တွေ့တော့ ငါ က ပြောတယ် ။ ဟို အလုပ်မျိုးကိုတော့ မလုပ်ပါရစေနဲ့ ။ လူကြား ကောင်းတဲ့ တခြား အလုပ်ကလေး တခုခုလောက် ပြောပေးနိုင်ရင် ပြောပေးပါပေါ့ ။ လခ နည်းချင် နည်းပေ့စေပေါ့ ။


ဝင်းပပ က ရယ်တယ် ။ သူငယ်ချင်း... အတန်းထဲ ဆင်းပြီး တွေ့ကရာ လူ သောင်းခြောက်ထောင်နဲ့ ဆက်ဆံရတာမှ မဟုတ်တာ ၊ လူကြီးလူကောင်းတွေ နဲ့ ဆက်ဆံရတာပဲ ၊ ဘာဖြစ်သလဲ တဲ့ ။


တော်ပြီ ၊ မောင် မကြိုက်တာ မလုပ်ချင်ဘူးလို့ ပြောတော့ ၊ မင်း ရဲ့ မောင် ကို ဖျောက်ထားရမယ်နော် ... တဲ့ ။ သည်တော့မှ အလုပ်က အဆင်ပြေမယ် တဲ့ ။ အိမ်ထောင် နဲ့ ကွဲပြီး ကလေးသုံးယောက် ကို လုပ်ကျွေးနေရတဲ့ တခုလပ်မကလေး ဖြစ်တယ်လို့ ... ဖြေရလိမ့်မယ် တဲ့ ။


အနောက်ပိုင်းဆေးရုံနား က ဆီချက်ခေါက်ဆွဲဆိုင် ကလေးမှာ ဝင်းပပ က ငါ့ ကို အထပ်ထပ် သင်တယ် ။ ပြီးတော့ ပြောသေးတယ် ။ မင်း လုပ်ကြည့်ဦးပေါ့ လေ ... ၊ အဆင် မပြေတော့လဲ ငါ နဲ့ထပ်ပြီး လာတွေ့ပေါ့တဲ့ ။


သူ ပြောပုံက သေချာပေါက် အလုပ်ခန့်မယ့် ပုံ ။ ငါ ဝမ်းသာတယ် ။ အားလဲ ရှိလာတယ် ။ ပင်ပန်းတာ အရေး မဟုတ်ဘူး ။ လစာနည်းတာလဲ အရေး မဟုတ်ဘူး ။ ရတဲ့ ဝင်ငွေကလေး နဲ့ အောင်သိန်း စာမေးပွဲ ပြီးတဲ့ အထိ ထိန်းထားနိုင်ဖို့ပဲ အရေး ကြီးတယ် ။


အနောက်ပိုင်းဆေးရုံ ဘေးက လမ်းအတိုင်း ကမ်းနားဘက် ကို လျှောက်ခဲ့ ကြပြန်တယ် ။ ကမ်းနားဘက် ရောက်တော့ ၊ ဆန်ဂိုဒေါင် သုံးလုံး တွေ့တယ် ။ နောက် ဆုံး ဆန်ဂိုဒေါင် ထဲ အထိ ဝင်းပပ က ငါ့ ကိုခေါ်သွားတယ် ။


ဆန်ဂိုဒေါင်မှူး ရဲ့ စားပွဲကို ခေါ်သွားတယ် ။ ဦးမောင်မောင် တဲ့ ။ ပိန်ပိန် ၊ အရပ် မြင့်မြင့် ။ မျက်မှန်အထူကြီးထဲ ကနေ ဖောက်ပြီး ငါ့ တကိုယ်လုံးကို ကြည့်တယ် ။ ငါ က ဘာစကားမှတောင် မပြောရပါဘူး ။ ဝင်းပပ က ချည့် ငါ့ အကြောင်းတွေ ပြောပြတယ် ။


လင် နဲ့ ကွဲပြီး ကလေးသုံးယောက် ကို လုပ်ကျွေးနေရတဲ့ တခုလပ်မလေး ' ကြော့ ' ရယ်ပေါ့ ။


အလုပ်ရတာ မြန်လိုက်တာ ။ နက်ဖြန်က စဆင်းတဲ့ ။ နေ့စားပေးမယ်တဲ့ ။ ဘယ်ရွေ့ဘယ်ညာ မဟုတ်ဘူး ။ ဝင်းပပ ပြောသလို ခြောက်ကျပ်ခွဲ လဲပဲ မဟုတ်ဘူး ။ ကြည့်ပေးမယ် တဲ့ ။


ဝင်းပပ ကပဲ ထမင်းကျွေးတယ် ။ နောက် အိမ် သိရအောင်ဆိုပြီး ငါ တို့ အိမ် ကို လိုက်ခဲ့မယ်တဲ့ ။ ငါ မျက်လုံးပြူး သွားတယ် ။ မပြောနိုင်ဘူး ။ အောင်သိန်း ကျောင်းကနေ အခန်းကို ပြန်ရောက်ချင် ရောက်နေမယ် ။ ဝင်းပပ နဲ့ ငါ့ကို တခါထပ် တွေ့ယင် ဟို အလုပ် သွားလုပ်ရာက ပြန်လာတယ် ထင်တော့မယ် ။ သည်တော့ ဝင်းပပ ကို လှည့်ပြီး လမ်းခွဲခဲ့ရတယ် ။


ထင်တဲ့ အတိုင်းပါပဲ ။ အခန်းပြန်ရောက်တော့ အောင်သိန်း အိမ်ပြန် ရောက်နှင့် နေပြီ ။


ငါ့ တကိုယ်လုံး ကို ခြေဆုံးခေါင်းဆုံး ကြည့်တယ် ။ ပြီးတော့ ဆေးလိပ်တလိပ် ကို မီးညှိသောက်တယ် ။ မျက်နှာ အမူအယာကတော့ ဘယ်လို မှ ခံစားမူ မရှိတဲ့ မျက်နှာမျိုး ။


အလုပ် ရလာပြီ ဆိုတဲ့ အကြောင်း ငါ က အားရဝမ်းသာ ပြောပြတယ် ။ ဟုတ်လား ... တဲ့ ။ အေးတိအေးစက် ။ ဝမ်းသာဟန်လဲ မပြဘူး ။ ဘာ အလုပ်လဲ ဆိုတာလဲ မမေးဘူး ။


ငါ က မနက်ဖြန် စဆင်းရမယ် ဆိုတဲ့ အကြောင်း လိုက် မပို့နိုင်တောင် ညနေ လမ်းထိပ်က လာကြိုဖို့ အကြောင်း ပြောတယ် ။ သူ ခေါင်းတဆတ်ဆတ် ညိတ်ရုံပဲ ညိတ်တယ် ။


အလုပ်စဆင်းတဲ့ နေ့မှာ အောင်သိန်း ငါ့ ကို လိုက်ပို့တယ် ။ ဒါပေမယ့် လမ်းထိပ်မှာပဲ မောင် ... သည်ကနေ ပြန်တော့နော် ... ဟို နောက်ဆုံးက ဂိုဒေါင် ပဲ ... ညနေ လေးနာရီခွဲလောက် သည်ကပဲ လာစောင့်ပါ ... ဆိုပြီး ပြောလိုက် ရတယ် ။


သည်လိုတော့လဲ သူ ဘာမှ မေးလားစမ်းလား မလုပ်ဘူး ။ ခေါင်းတချက် ညိတ်ပြီး ထွက်သွားတယ် ။


ဦးမောင်မောင် အပါအဝင် ငါ ပါနဲ့မှ အလုပ်သမား ဆယ်ယောက် ပဲ ရှိတာ ။ မိန်းကလေး ဆိုလို့ ငါ တယောက်တည်း ဂိုဒေါင်ထဲ မှာ ရှိတယ် ။ အပြင်မှာတော့ ဆန်ပြာတဲ့ မိန်းကလေးတွေ ရှိပါရဲ့ ။


အလုပ်ကတော့ ထွေထွေထူးထူး မရှိပါဘူး ။ လော်လီကား နဲ့ ဆန်အိတ်တွေ လာပို့တဲ့အခါ ရေရတယ် ။ ပြီးတော့ မြို့နယ်သမဝါယမ သုံးဆိုင် အတွက် ဆန်ခွဲတမ်းက ငါတို့ ဂိုဒေါင်မှာ ။ သမဝါယမ က ဆန်လာထုတ်တဲ့အခါ ပုံစံမှာ

စာရင်း ရေးသွင်းရတယ် ။


အလုပ်ကတော့ ငါ မရှိလည်း ဖြစ်တယ် ။ ပြီးတော့ ဘယ်သူက ငါ့ကို ခန့်တယ် ဆိုတာလဲ မပြောတတ်ဘူး ။ နေကုန်တော့ ငါ့ ကို ငွေ အစိတ်တန် တရွက် ထုတ်ပေးလိုက်တာပဲ ။


ကု -လားကလေးတယောက် နဲ့ ကောင်ကလေး နှစ်ယောက် ကတော့ ဂိုဒေါင်မှာ ထွေရာလေးပါး လုပ်ရတယ် ။ ဆန်အိတ် အပေါက်တွေ ပြန်ချုပ် ။ ဆေးဖြန်း ။ သန့်ရှင်းရေး လုပ် ။ ငါ ကတော့ ဦးမောင်မောင် နဲ့ မျက်နှာချင်းဆိုင် ထိုင်နေရုံပဲ ။ စာရင်းရေးတယ် ဆိုတာကလဲ ကားဝင်ကားထွက် ရှိတဲ့ အချိန် ကလေးလောက်ပဲ ။ ထိုင်နေရတာက များတယ် ။


အဘိုးကြီး ရဲ့ ကြည့်ပုံရှုပုံက မရိုးသားဘူး ။ ဒါလောက်တော့ ငါ သိတာပေါ့ ။ ဒါပေမယ့် ဘာပဲ ပြောပြော လူတွင်ပါ မှ နွားကျားကိုက်မှာပါ ။


နေ့တိုင်း ငွေ အစိတ် ရတယ် ဆိုတော့လဲ သည်အလုပ် က ဘယ်ဆိုးမလဲ ။ ဒါ့အပြင် ဆန်လဲပဲ နှစ်ပြည်စ သုံးပြည်စ ပေးလိုက်တတ်သေးတယ် ။ ဆန် ဆိုလဲ ကောင်းလိုက်သမှ ဖွေးဥနေတာပဲ ။


အဆင်ပြေတာပေါ့လေ ။ ဘာပဲ ပြောပြော ၊ အောင်သိန်း လဲ အေးအေးဆေးဆေးပဲ ။ နောက်ကြောင်းအတွက် မပူရတော့ဘူး ။ ကျောင်းမှန်မှန် တက်နေရုံပဲ ။


ဒါပေမယ့် သည် အိမ်မှာ ဆက်နေဖို့ကတော့ မကောင်းလှဘူး ။ အောင်သိန်း အတွက် စာကျက်လို့ မကောင်းဘူး ။ သည့်ထက် သားနားတဲ့ နေရာ တနေရာကို ရှာကြဖို့ ငါ က ပြောပြတယ် ။ အောင်သိန်း ကလဲ သဘောတူတယ် ။


နောက်ရတဲ့နေရာ စံရိပ်ငြိမ် က ကမာရွတ် ထက်တော့ သားနားတယ် ။ ဒါပေမယ့် ထူးတော့ သိပ်မထူးပါဘူး ။ နောက်ဖေးမှာ အဖီကလေး ချထားတာပဲ ။ ဒါပေမယ့် သပ်သပ်ရပ်ရပ် ရှိတယ် ။ အိမ်မကြီးပေါ်မှာတော့ အခန်းတွေ ဖွဲ့ထားတယ် ။ ကျောင်းသားတွေ နေကြတယ် ။ တို့အဖီခန်း ကို မီးတပွင့် သွယ်ပေးထားတယ် ။


ဖင်လှည့် ခေါင်းလှည့်နဲ့ပဲ သုံးလကျော် လေးလနား ချဉ်းကပ်သွားရော ။ စံရိပ်ငြိမ် ရောက်ပြီး နှစ်ရက် အကြာမှာ သွေးပေါ်တယ် ။ အဲသည်ကနေ မပေါ်လိုက်တာ သုံးလကျော်လို့ လေးလထဲ ဝင်လာပြီ ။


ဗိုက်ကလဲ သိသိသာသာကလေး စူလာပြီ ။ ငါ ကတော့ ကလေး တစ်ယောက် နှစ်ယောက် ထပ်ယူချင်တယ် ။ အောင်သိန်း ဆိုတာ ငါ ချစ်တဲ့ ယောက်ျား ပဲ ။ ကလေး ရထားယင် ဘာပဲ ပြောပြော တို့နှစ်ယောက် ကြားမှာ အတုတ် အနှောင်ကလေးတခု ရှိလာမယ် ။ သူ ကလေးချစ်တတ်မှန်းလဲ ငါ သိတယ် ။ ဒါပေမယ့် သူ့ ကိုတော့ သည်အကြောင်း ဖွင့်မပြောသေးဘူး ။


တညနေမှာတော့ အလုပ်သိမ်း နောက်ကျတယ် ။ ငါးနာရီ ထိုးသွားတယ် ။ ဘာပဲပြောပြော သည်နေ့အဖို့တော့ အတော် တွက်ခြေကိုက်မယ့်နေ့ ။ တယောက် ကို ဆန်နှစ်အိတ်စီ ခွဲတမ်း ရတယ် ။ တအိတ်ဖိုး သွင်း ။ တအိတ် က အလကား ရတာ ။ ဦးမောင်မောင် က ငါ့ ကို ဂျစ်ကား နဲ့ လိုက်ပို့မယ် ဆိုလို့ မပြန်ရဘူး ။


ငါ တို့ ဂျစ်ကား နဲ့ ဆန်အိတ် တင်ပြီး ဂိုဒေါင်က ထွက်လာတော့ ၊ ငါးနာရီ ခွဲပြီ ။ လမ်းထိပ်မှာ ငါ ကြည့်တယ် ။ အောင်သိန်း ကို မတွေ့ရဘူး ။


တွေ့ယင်တော့လဲ ကျွန်မ မောင် ဝမ်းကွဲ ဘာညာ ပြောပြီး ဂျစ်ကား နဲ့ တင်လာ ဖို့ပါပဲ ။ ဒါပေမယ့် မတွေ့တော့ မတတ်နိုင်ဘူး ။ နောက်တော့မှ သိရတယ် ။ ကိုယ်တော် က ကွမ်းယာဆိုင် မှာ ကွယ်နေလိုက်တာကိုး ။


ငါ အိမ်ပြန်ရောက်ပြီး မကြာခင်ပဲ သူ ပြန်ရောက်လာတယ် ။ မျက်နှာကတော့ မှင်သေတယ် ။ ဘာမှ မခံစားရတဲ့ အတိုင်း ။ ဒါပေမယ့် ငါ့ ကို အဘိုးကြီး နဲ့ မသင်္ကာ ဖြစ်သွားပြီ ။ ဒါလဲ နောင်မှ သိရတာပါ ။


နှစ်ယောက်သား ဆန်နှစ်အိတ် ကို ပေါက်ဈေး နဲ့ သွားသွင်းလိုက်တယ် ။ တအိတ်အတွက် က လေးဆယ့်ငါးကျပ် မြတ်တယ် ။ အလကားရတဲ့ အိတ် အတွက်က ကိုးဆယ် ။ ပေါင်း တရာ့သုံးဆယ့်ငါးကျပ် ရလိုက်တယ် ။


အဲသည် အချိန်တုန်းက အဖော်ကောင်းတဲ့ အခါ အောင်သိန်း နည်းနည်းပါးပါး သောက်သောက်လာလေ့ ရှိတယ် ။ အဲသည် ညနေမှာတော့ မမ ရယ် ... အရက် သောက်ချင်တယ်တဲ့ ။


သောက်ချင်တယ် ဆိုတော့လည်း သောက်ပေါ့ ။ ကြိုက်တာ လုပ် ။ ငါ မကန့်ကွက်ဘူး ။ အောင်သိန်း ကို ငါချစ်တယ် ။ ငါ နဲ့ တန်းချင်းတောင် တူတယ်လို့ ငါ မထင်ဘူး ။ ဪ ... သူ့ခမျာ ငါ့ ကြောင့် မိဘ တွေက သေခန်း ရှင်ခန်း ဖြတ်ခံရပြီး ၊ ဒုက္ခ ရောက်နေရပါကလား ... လို့ ငါ ခဏခဏ တွေး မိတယ် ။ တွေးမိတိုင်းလဲ စိတ်မကောင်း ဖြစ်ရတယ် ။


ဟုန်စင့်စားပွဲရုံ က အခန်းကလေး တခန်းထဲမှာ နှစ်ယောက်သား ထိုင်တယ် ။ ငါ ကတော့ ထမင်းကြော် ပွဲကြီးတပွဲ မှာတယ် ။ သူ ကတော့ အရက်မှာပြီး သောက်တယ် ။ သောက်တော့လဲ ဂေါ်ရင်ဂျီ သောက် ။ သောက်တတ်စသာ

ဆိုတယ် ။ သူ သောက်တာ ကြောက်ဖို့တောင် ကောင်းတယ် ။ ငလွင် တို့ လို ဆိုဒါ ဘာညာ ရော မနေဘူး ။ ရေ နည်းနည်းနဲ့ စပ်ပြီး အပြတ် မော့ချပစ် လိုက်တယ် ။


ထမင်းကြော် ရောက် မလာခင်ကို သူ တော်တော် မူးနေပြီ ။ စီးကရက်ကလဲ တလိပ်ပြီး တလိပ် ဖွာနေ တယ် ။ စကားတော့ တခွန်းမှ မပြောဘူး ။


ဒါပေမယ့် ရှင်းပါတယ် ။ အောင်သိန်း စိတ်ညစ်နေပုံပဲ ။ ဘာကြောင့် စိတ်ညစ်တယ် ဆိုတာတော့ သူ မပြောလို့ ငါလဲ မသိဘူး ။ သူမှ မပြောပဲကို ။ နောင်တော့မှ ဆက်စပ် စဉ်းစားလို့ ရတယ် ။ ဦးမောင်မောင် ဂျစ်ကားနဲ့ ဆန်အိတ် လိုက်ပို့တာကို သူ မသင်္ကာ ဖြစ်နေတာကိုး ။


ထမင်းကြော်တောင် ထိုင်မစားချင်တော့ဘူး ။ သိပ်မူးယင် ခက်မယ် ။ ဒါကြောင့် ထုပ်ခိုင်းလိုက်တယ် ။ ဆိုက္ကား စီးပြီး အခန်းကို ပြန်ခဲ့ကြတယ် ။ သူ ဇက်ကျိုးနေပြီ ။


နောက်နေ့ ညနေ သူ လာကြိုတော့ လမ်းလျှောက်ကြရအောင်လို့ ငါက ပြောတယ် ။ သူ က မငြင်းဘူး ။ ဒါပေမယ့် ကြည့်ရတာ စိတ် မပါ့ တပါပဲ ။


လမ်းကျတော့ ငါ က ကိုယ်ဝန် လေးလနီးပါး ရှိနေပြီလို့ ပြောပြလိုက်တယ် ။ ငါ့ အထင်က သည်စကား ကြားယင် သူ ဝမ်းသာလေမလားပေါ့ ။


ကလေးတော့ မောင် လိုချင်ပါတယ် မမ ... ဒါပေမယ့် မောင့် ကလေး စစ်စစ်ပဲ မောင် လိုချင်တယ် တဲ့ ။ ခု ... သူ့ စိတ်ထဲမှာ မသန့်ဘူးတဲ့ ။ ငါ အံ့ဩသွားတယ် ။ အောင်သိန်း ပါးစပ် က သည် စကားမျိုး ထွက်လာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ခဲ့ဘူး ။


ဟဲ့ ... နင် နဲ့ ရပြီးကတည်းက ငါ ဘယ် ယောက်ျား နဲ့ မှ မပတ်သက်ဘူး ။ ကမာရွတ် ရောက်စတုန်း က သွေးတစ်ကြိမ် ပေါ်သေးတယ် ။ ဟို တည်းခိုခန်း ကိစ္စဟာ ပြီးသွား ပြီ ... ဆိုပြီး ရှင်းပြတယ် ။


သူကတော့ လေအေးအေးနဲ့ပဲ ပြန်ချေပတယ် ။ မမ ဘာသာ မမ ပြောချင်သလို ပြော ... မောင် ကတော့ မောင့် သွေး စစ်စစ် လို့ မယုံကြည်ဘူး ၊ မလိုချင်ဘူး တဲ့ ။


အေး ... သည်လို ရှင်းရှင်း ပြောတာပဲ ကောင်းတယ် ။ နင် မလိုချင်ယင်လဲ ဖြစ်ပါတယ် ... လို့ ငါက ပြန်ပြောပစ်လိုက်တယ် ။


ဆက်ပြီး ခွန်းကြီး ခွန်းငယ် မပြောကြတော့ဘူး ။ ကားမှတ်တိုင်မှာ ကား စောင့်စီးပြီး ငါတို့ အခန်းကို ပြန်ခဲ့တယ် ။


အခန်းမှာ ထမင်း တအိုးပဲ တည်တယ် ။ မနက်စာ ညစာ ပေါင်းတည်တယ် ။ ဟင်းကိုတော့ ဆိုင်ကပဲ ဝယ်စားတယ် ။ အဲသည် ညက ငါ ဟင်းဝယ်ပြီး ပြန်လာတော့ ၊ အခန်းမှာ သူ မရှိဘူး ။ ည ရှစ်နာရီ ကျော်မှ ပြန်ရောက်လာတယ် ။

မူးလာတယ် ။ အိပ်ရာထဲ ထိုးလှဲပြီး အိပ်သွားရော ။


နောက်နေ့မှာ ဆန်ဂိုဒေါင်ကို သွားတယ် ။ ဆန်ပြာတဲ့ မချို ကိုပဲ အကျိုးအကြောင်း ပြောပြရတယ် ။ အကူအညီ တောင်းရတယ် ။


မချို ကိုယ်တိုင် လိုက် ကူညီတယ် ။ မြောက်ဥက္ကာ အထိ သွားရတယ် ။ ကိစ္စပြီး လာခဲ့တယ် ။


ဒါပေမယ့် ကလေး က မဆင်းဘူး ။ အဖျား ဝင်လာတယ် ။ ကိုယ်တွေ ပူလိုက်တာ ချစ်ချစ်တောက်ပဲ ။ အောင်သိန်း လဲ ပျာပျာသလဲ ပြုစုတယ် ။ ရေနွေးပူပူထဲ ပရုတ်ဆီ ထည့်ပြီး စောင်ခြုံထဲမှာ အရှူ ခိုင်းတယ် ။ သူ တတ်သလောက်

မှတ်သလောက် ပြုစုတယ် ဆိုပါတော့ ။


သုံးရက် လောက် အပြင်း ဖျားတယ် ။ ကလေး ကလဲ မဆင်းဘူး ။ အလုပ် မဆင်းနိုင်တော့ဘူး ။


ငါးရက် လောက် ကြာတော့ အဖျား ကျတယ် ။ ကလေး ကတော့ မဆင်းသေးဘူး ။ ငါ အားလဲ သိပ်နည်းနေတယ် ။ ဒါပေမယ့် ဆေးခန်းသွား ၊ ဆေးထိုး နဲ့ လက်ထဲလဲ ငွေ ပြတ်ပြီ ။ သည်တော့ နောက်နေ့မှာ ဆန်ဂိုဒေါင် ကို ရောက်အောင် သွားရတယ် ။


ဦးမောင်မောင် ကလဲ ကောင်းရှာပါတယ် ။ နေမကောင်းယင် နားနေပါအုံး တဲ့ ။ ခွင့်ပေးတယ် ။


ဒါပေမယ့် အိမ်သာ သွားလိုက်တော့ ၊ အိမ်သာ ထဲ မှာ ကျသွားတယ် ။ လူ ကတော့ ခေါင်းတောင် မထူချင်တော့ဘူး ။ ဦးမောင်မောင် ဆီမှာ ခွင့်တောင်းပြီး အိမ်ပြန်လာခဲ့တယ် ။ ဦးမောင်မောင် ကလဲ ငွေငါးဆယ် ပေးလိုက်တယ် ။


အခန်းရောက်အောင် မနည်း ပြန်ရတယ် ။ အခန်းလဲ ရောက်ရော ဗုန်းဗုန်း လဲတာပဲ ။ အောင်သိန်း သိပ် စိုးရိမ်သွားတယ် ။ ငါ့ ကို တောင်ဥက္ကလာ မိခင် နှင့် ကလေးဆေးရုံ ကို လိုက်ပို့တယ် ။


အချင်းက ဝမ်းတွင်း မှာ ကျန်နေတယ် ။ သားအိမ် ခြစ်ရတယ် ။ အဖျား ဝင်တယ် ။ ဆေးရုံမှာ တပတ်ကျော် ကြာသွားတယ် ။


ဆေးရုံက ဆင်းတော့လဲ အား မရှိဘူး ။ အခန်းမှာပဲ နားနေရတယ် ။ အစကတည်းက စုမိဆောင်းမိ ထားတာမှ မဟုတ်ပဲ ။ ချွတ်ခြုံ ကျပြီ ။ အဝတ်အစား ကလေးတွေလဲ ပြောင်ပြီ ။ ငါ ဆေးရုံ တက်နေတုန်း ဆေးရုံ စရိတ်အတွက် အောင်သိန်း ထုခွဲရောင်းချလိုက် ပြီးပြီ ။


သက်သာသွားတာနဲ့ ငါ ဆန်ဂိုဒေါင် ကို သွားတယ် ။ ဒါပေမယ့် အလုပ်ပြန် မရတော့ဘူး ။ ဦးမောင်မောင် လဲ စာရင်းကွာ လို့ အဖမ်းခံရတယ်တဲ့ ။ အမှု မပြီးသေးဘူး ။ အာမခံတော့ ရတယ်လို့ သိရတယ် ။


ရှေ့ဘဝအတွက် မတွေးရဲသလောက်ပါပဲ ။


အိမ် က အဝတ်အစားတွေ ကုန်ရုံတင် ဘယ်ကမှာလဲ ။ အောင်သိန်း တယောက် လူလိမ် ဖြစ်နေပြီ ။ သူငယ်ချင်း အပေါင်းအသင်း ပတ်ဝန်းကျင်မှာ ချေးထားတာတွေ ပွနေပြီ ။ နာရီ ကို ငှားပြီး ပြန်မပေးတာလဲ ရှိတယ် ။ အင်္ကျီငှားပြီး ပြန်မပေးတာလဲ ရှိတယ် ။


အောင်သိန်း ကတော့ ငါ့ ကို ဘာတခွန်းမှ မပြောပါဘူး ။ ဒါပေမယ့် လိုက်လာတဲ့ ကြွေးရှင်တွေ ဆီက ငါ သိရတယ် ။ သူ နဲ့တည့်တည့် တွေ့ယင်တော့ သူ က အပြင် ခေါ်ထုတ်သွား တတ်တယ် ။ သူ မရှိတဲ့ အခါမှ ရောက်လာတဲ့ လူတွေကတော့ ငါ့ ကိုပြောပြတယ် ။


ဘာပဲ ပြောပြော ၊ အောင်သိန်း စာမေးပွဲ ချောချောမောမော ဖြေဖြစ်လိုက်ရလို့ ငါ ကျေနပ်ပါတယ် ။ ရှေ့ခရီးစဉ် ကိုတော့ မီးစင်ကြည့်ပြီး စခန်းသွားရမှာပဲ ။


ငါ ဆေးရုံတက်နေရတဲ့ ရက်အတွင်း အောင်သိန်း တော်တော် ပျက်စီးသွားတယ် ။ ကစားတတ်လာတယ် ။ ဘာကစားတယ်သာ မသိရတာ ။ ဖဲလား ၊ ဂျင်လား တခုခုတော့ တခုခုပဲ ။


ငါ ဆေးရုံ တက်တာ တပတ်လောက် ဆိုတော့ အိမ်မှာ လဲနေတာ သုံးရက် နဲ့ ဆိုယင် အလုပ် မဆင်းနိုင်တာ ဆယ်ရက် လောက်ပဲ ရှိမယ် ။ သည် ဆယ်ရက် အတွင်း ငါ့ အတွက်ကုန် ကျတာကလဲ ဘာမှ မည်မည်ရရ မရှိဘူး ။


နေ့စဉ် ငါ့ ဆီ ထမင်းဟင်း လာပို့ရတာလဲ မဟုတ်ဘူး ။ ငါ့ ဘာသာ ဆေးရုံ က အလုပ်သမားကလေး တယောက်ကို စားချင်တာ ဝယ်ခိုင်းပြီး စားတာပဲ ။ ငါ့ မှာ ပါသွားတဲ့ ငွေငါးဆယ်အပြင် သူ နောက်ထပ် လာပေးတာ နှစ်ဆယ် တည်းပဲ ။


အဲ ... အဝတ်အစား ရောင်းလိုက်တာ အပြင် ချေးထားတာတွေ ဗရပွ ဖြစ်နေတာက ကစားလို့ပဲပေါ့ ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 


koaungnaingoo.blogspot.com


.

No comments:

Post a Comment