Wednesday, November 17, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၁၄


 အခန်း ( ၁၄ )


သွားစေချင်ယင်လဲ သွားပါ့မယ် ။


သည်နေ့တော့ အောင်သိန်း စကားဆန်း ပြောတယ် ။


ငါ့ တသက် ဘယ်လိုမှ မမျှော်လင့်တဲ့ စကားပဲ ။ ငါ့ မျက်နှာကို မကြည့်ဘူး ။ အခန်းအပြင်ဘက် ငေးကြည့်ယင်း ပြောတယ် ။


အလုပ်တခု ရှိတယ် လို့ သူ့ အသိတယောက် က ပြောသတဲ့ ။ ပစ္စည်းသယ်ပို့ပေးရမယ်လို့ ဆိုတယ် ။ ခရီးလမ်းဆုံး က တောင်ကြီး ။ ခုနစ်ရက် ကြာမယ် တဲ့ ။ ငွေ နှစ်ထောင် ရမယ်တဲ့ ။ သည်ခရီး အတွက် ဆက်သွယ်ပေးခ နှစ်ရာ ပေးရမယ်တဲ့ ။ ထောင့်ရှစ်ရာ ပိုက်မိမယ်လို့ ဆိုတယ် ။


စကားပြောပြီး စီးကရက် ကို တအား ရှိုက်တယ် ။ ပြီးတော့ စီးကရက်ခိုး တွေကို အောင်သိန်း မှုတ်ထုတ်ပစ်လိုက်တယ် ။


တောင်ကြီး ကို ပစ္စည်းပို့ရမယ်ဆိုတော့ ဘာ ခဲယဉ်းတာ မှတ်လို့လဲ ။ ခုနစ်ရက် အတွင်း ထောင့်ရှစ်ရာ ပိုက်မိမယ့် အလုပ်ပဲ ။ လျှာရည်ယိုဖို့ သိပ် ကောင်းတယ် ။


အမှန်ပြောရယင် ငါ ကတော့ ဝမ်းသာသွားတယ် ။ နှစ်ရာ ပြန်ပေးရမယ် ဆိုတော့ နှစ်ဆယ် ရာခိုင်နှုန်း ကျတယ် ။ ပွဲခ ဆိုပါတော့ ။


ဘယ်တော့ သွားပို့ရမှာလဲ ငါ မေးကြည့်လိုက်တယ် ။ သန်ဘက်ခါ တဲ့ ။


မောင်ရယ် ... တို့ ဘဝမှာ ဒါ ထွက်ပေါက်ပဲပေါ့ ၊ တို့ လင်မယား နှစ်ယောက်စလုံး လိုက်သွားကြတာပေါ့ ... လို့ ငါ က ပြောလိုက်တယ် ။


မဟုတ်ဘူး ။ မိန်းကလေး တယောက်တည်းပဲ လိုတယ်တဲ့ ... ဆိုပြီး ဆက် မပြောတော့ဘူး ။


သူ့ မျက်နှာထားကို ကြည့်တော့လဲ အေးအေးဆေးဆေး ပဲ ။ စီးကရက်ကို အားရပါးရ ဖွာနေတယ် ။ မီးခိုးတွေကို မှုတ်ထုတ်တယ် ။ ဒါပေမယ့် သူ့ ခံစားမူကို မျက်နှာ ကြည့်ပြီး ငါ မခွဲတတ်ဘူး ။ ဝမ်းသာနေလား ၊ ဝမ်းနည်းကြေကွဲနေသလား ဆိုတာ ဘယ်လိုမှ မသိနိုင်တဲ့ မျက်နှာထားပဲ ။


' ဘာနဲ့သွားရမှာလဲ မောင် ... အဖော်ကော မပါဘူးလား ... ပို့ရမယ့် ပစ္စည်းက ဘိန်းဖြူ တော့ မဟုတ်တန်ရာပါဘူးနော် ... ' လို့ ငါ ဆက် မေးကြည့်ပြန်တယ် ။


ကား နဲ့ သွားရမယ် တဲ့ ။ ယောက်ျား က လေးယောက် ပါမယ်လို့ ဆိုတယ် ။ ဘာ ပစ္စည်း ပို့ရမယ် ဆိုတာတော့ သူ မသိဘူး တဲ့ ။


' မောင့်သဘောပဲလေ ... မောင် လွှတ်ယင်တော့ သွားရဲပါတယ် ။ ဘိန်းဖြူ မဟုတ်ယင် ... မကြောက်ပါဘူး ... ' လို့ ငါ ပြန်ပြောလိုက်တယ် ။


ဒါပေမယ့် သူတို့က လူကို ကြည့်ပြီး လူရွေးဦးမှာ တဲ့ ။


အဲဒါတော့ ငါ မတတ်နိုင်ဘူး ။ လူရွေးတာကတော့ သူတို့ အလုပ် ။ ငါ့ ကို လွှတ်မလွှတ် ဆိုတာကတော့ အောင်သိန်း အလုပ်လေ ...  ။ အေး ... ငွေရဖို့ လိုက် သွားရမှာကတော့ ငါ့ တာဝန် ပေါ့ ။


ကျောင်းလဲ ပြီးသွားပြီ ဆိုတော့ အောင်သိန်း လဲ အားနေပြီ ။ အလုပ် ရှာနေတယ် ။ နေ့တိုင်း ထွက်ရှာနေတာပဲ ။ တခါတခါတော့လဲ တဆယ်တန် ကလေး အစ ၊ အစိတ်တန်ကလေး အစ ပါ ပါ လာတတ်တယ် ။ အလုပ် လျှောက်ထားသလား ၊ ရပြီလား ၊ ဘာလုပ်လဲဆိုတာတော့ ငါ ကတော့ မမေးပါဘူး ။ သူ စိတ်ညစ်မှာ စိုးလို့ ။ ဒါပေမယ့် ပြော မပြဘူး ။


ငါ ဘာမှ မေးစရာ မလိုဘူး ။ အရေးကြီးတာက ငါတို့ လင်မယား နေ့စဉ် ထမင်းနပ်မှန်အောင် စားရဖို့ပဲ ။ ဖြစ်နိုင်ယင် ငါ့ သားသမီးကလေးတွေ ကိုလဲ တကျပ်တပြား တတ်နိုင်တတ်နိုင် ထောက်ပံ့နိုင်ဖို့ပဲ ။


ပထမ လင် ငလွင် တုန်းကလဲ သူ့ အလုပ်နဲ့ ပတ်သက်လို့ မစပ်စုဖူးဘူး ။ အိုးအိမ်မှာ လုပ်တယ်လို့သာ သိတာ ။ အိုးအိမ် ဘယ် ရုံးခွဲမှာလဲ ဆိုတာတောင် ငါ မသိဘူး ။အဲသည်လောက် ကို စိတ် မဝင်စားခဲ့တာ ။


အရေးလဲ မဟုတ်ပါဘူး ။ သူ ဘယ်မှာပဲ လုပ်လုပ် ၊ ဘာ ရာထူးနဲ့ပဲ ဖြစ်ဖြစ် ၊ သူ့ လစာ ငါ အပြည့် ကိုင်ရတာမှ မဟုတ်ပဲ ။ သူ ပြောသလောက်ပဲ ။ သူ ပေးသလောက်ပဲ ။ ငွေရေးကြေးရေးကိစ္စ နဲ့ ပတ်သက်လာယင် ငါ ကလဲ သိပ် မပြောချင်ဘူး ။


အဲဒါနဲ့ နောက်တနေ့တော့ အောင်သိန်း က ငါ့ ကို ခေါ်တယ် ။ မြို့ထဲ သွားမယ်တဲ့ ။ ဝတ်စားပြင်ဆင်ဖို့ ပြောတယ် ။ အောင်သိန်း နဲ့ ငါ အနော်ရထာလမ်း က ပီတိ လက်ဖက်ရည်ဆိုင် မှာ ထိုင်တယ် ။ ထိုင်ပြီးတယ် ဆိုယင်ပဲ ပိန်ပိန်ညှက်ညှက် မည်းမည်းကြုတ်ကြုတ် လူတယောက် ငါတို့ စားပွဲကို ကူးလာတယ် ။ အေးမြ တဲ့ ။ အောင်သိန်း ခေါ်သံ ကြားတယ် ။ သူတို့ နှစ်ယောက် စကား ပြောကြတာကတော့ တရင်းတနှီးပဲ ။


အဲသည်တုန်းကတော့ ငါ ကလဲ ရိုးတာကိုး ။ နောင်တော့မှ ငါ သိရတယ် ။ ဒါဟာ ပစ္စည်း ပြတာပဲ ။ ရှင်းပါတယ် ။ ငါ က ပစ္စည်း ။ ပစ္စည်းပြတဲ့ လူက အောင်သိန်း ။ အဲ ... ပစ္စည်းကို သင့်မသင့် ၊ လျော်မလျော် ၊ ကောင်း မကောင်း လာကြည့်တဲ့ လူကတော့ အေးမြ ပဲ ။


အဲသည်တုန်းက အောင်သိန်း ရဲ့ အသုံးအနှုန်းကလေးတွေကလဲ ဆန်းပြားနေတယ် ။ အေးမြ ကို ပြောပြရာမှာ ငါ့ မယား ရယ်လို့ မသုံးနှုန်းဘူး ။ ဒါ ငါ့ အမျိုးသမီး တဲ့ ။


ဟိုတုန်းကတော့ ငါ့ အမျိုးသမီး ဆိုတာနဲ့ ငါ့ မယား ဆိုတာ မထူးဘူးလို့ပဲ ငါ ထင်ခဲ့တယ် ။ အမှန်တော့ ထူးတယ် ။ အများကြီး ထူးတယ် ။ အများကြီး ကွာတယ် ။


ဟဲ့ ... မယား ဆိုတာက လက်ထပ်ပေါင်းသင်းနေတာကို ပြောတာ ။ အမျိုးသမီး ဆိုတာက မယားလောက် မလေးနက်ဘူး ။ ခဏသုံးတဲ့ ပစ္စည်း သဘောပဲ သက်ရောက်တယ် ။ ကိုင်ထားတဲ့ ပစ္စည်းသဘောပဲ သက်ရောက်တယ် ။


အေးမြ က ငါ့ ကို စေ့စေ့စပ်စပ် အကဲခတ်တယ် ။ အဲသည် အချိန်အထိ လဲပဲ ။ ဪ ... ပစ္စည်း ကို တောင်ကြီး ပို့ရာမှာ ငါ့ အင်္ဂါရုပ် နဲ့ သင့် မသင့် ချင့်ကြည့်နေတာပဲလို့ ငါ ထင်ခဲ့မိတယ် ။ ရိုးသား လား မရိုးသားဘူး လား လေ့လာနေတာပဲ ဖြစ်မယ်လို့ ငါ ယူဆခဲ့တယ် ။


ဒါကြောင့် ငါ့ ဘာသာ ငါ ကော်ဖီတခွက် ကို ဖြည်းဖြည်းခြင်း သောက်ပြနေလိုက်တယ် ။ အေးမြ နဲ့ အောင်သိန်း နေ့ခင်းကို ပီတိဆိုင် မှာပဲ ပြန်ချိန်းလိုက်ကြတယ် ။ အေးမြ က ပြောတယ် ။


မင်း အမျိုးသမီး ကို ခေါ်မလာခဲ့ပါနဲ့တော့ တဲ့ ။


အောင်သိန်း ငါ့ ကို အိမ်ပြန် ပို့ပေးတယ် ။ သူ တစ်ယောက်တည်း ပြန်ထွက် သွားတယ် ။ ညနေစောင်းတော့မှ ပြန်လာတယ် ။ ငွေရှစ်ရာ လည်းပါလာတယ် ။


ကြည့်မြင့်တိုင် ညဈေးဘက် ငါ့ ကို ခေါ်သွားတယ် ။ ခရီးထွက်ရမယ် ဆိုတော့ မမ အတွက် အဝတ်အစားအသစ် နှစ်စုံလောက် နဲ့ အိတ်တလုံး လောက်တော့ ဝယ်ဖို့ လိုမယ်တဲ့ ။ ပြီးတော့ အလှပြင်ပစ္စည်းလဲပဲ ဝယ်ချင်တာ ဝယ်တဲ့ ။


အဲသည်အချိန်တုန်းကတော့ မရှိတာကတော့ ဘာဆို ဘာမှ မရှိတာပဲ ။ စီးနေတဲ့ သားရေဖိနပ် က လဲပဲ ခေါင်က ပြတ်တော့မယ် ။ ခုံကလဲ ပါးနေပြီ ။ ရှပ်တိုက် တောင် မလျှောက်ရဲသလောက်ပဲ ။


ပေါင်ဒါ မိတ်ကပ် ဆိုတာလဲ မမြင်ဖူး မသုံးဖူးတာ ကြာနေပြီ ။ သနပ်ခါးခဲပဲ လိမ်းနေရတယ် ။


အောင်သိန်း ရဲ့ ခွင့်ပြုချက် အရပဲ ။ ခရီးဆောင်လွယ်အိတ် အပေါစား တလုံး ဝယ်တယ် ။ ဘရာစီယာ တထည် ဝယ်တယ် ။ ချုပ်ပြီးသား အင်္ကျီနှစ်ထည် ဝယ်တယ် ။ ထဘီလဲ နှစ်ထည် ဝယ်တယ် ။


' သင်း ' ကိုယ်လိမ်းပေါင်ဒါ တဗူးနဲ့ တက္ကသိုလ် သနပ်ခါးမိတ်ကပ် တဗူး ဝယ်တယ် ။


အောင်သိန်း ပြောတော့ နောက်နေ့ အစောကြီး ခရီးထွက်ရမှာတဲ့ ။ သည်တော့ အချိန် မရတော့ဘူး ။ ရန်ကုန် မှာ တညပဲ အိပ်ရတော့မယ် ။


ဘာပဲပြောပြော ငါ့ ရင်ထဲမှာတော့ အေးသွားတယ် ။ ဝယ်ခြမ်းစရာလေးတွေ ဝယ်လိုက်တော့ ၊ ငွေသုံးရာ လောက် ကုန်သွားတယ် ။ ငါးရာ ကျန်သေးတယ် ။ တပတ်ကြာလဲ နောက်ထပ် တထောင် ရဦးမယ် ။ ငါ တို့ လင်မယား

နှစ်ယောက် အတွက်တင် မကဘူး ။ ငါ့ အမေ အဖေ နဲ့ ငါ့ သားသမီးကလေးတွေ အတွက်လဲ အခက်အခဲကလေးတွေ ဖြေရှင်းနိုင်တော့မယ်ပေါ့ ။


အဲသည်ည က တော်တော်နဲ့ အိပ်မပျော်ဘူး ။ အောင်သိန်း ကို မှာစရာ ရှိတာတွေ မှာရတယ် ။ သူငယ်ချင်း အပေါင်းအသင်း အိမ်တွေမှာ လိုက် မအိပ်ဖို့ ။ ကိုယ့်အခန်း ကိုယ် မှန်မှန်ပြန် အိပ်ဖို့ ။ ဖဲ မရိုက်ဖို့ ။ အရက် အလွန်အကျွံ မသောက်ဖို့ ။


ပြီးတော့ ငါ့ သားသမီးတွေ ကိုလဲ မုန့်ဖိုးငွေ လေးငါးဆယ်လောက် သွားပေး ပေးဖို့ ။


အိပ်ပျော်လို့ မှေးခနဲပဲ ရှိသေးတယ် ။ အောင်သိန်း ငါ့ ကို နှိုးပြန်တယ် ။ ဘယ်အချိန် ရှိပြီလဲတော့ မသိဘူး ။ နာရီ မှ မရှိပဲ ။


ကား လာခေါ်မှာလား ဆိုတော့ မခေါ်ဘူးတဲ့ ။ တနေရာက သွားစောင့်ရမှာတဲ့ ။


မျက်နှာကို ကပျာကယာ သစ်ပြီး ဒရောသောပါး ချယ်သလိုက်တယ် ။ အဝတ်အစား ဝတ် ၊ အလှပြင်တာ ငါ့ အထင် ဆယ့်ငါးမိနစ် လောက်ပဲ ကြာလိမ့်မယ် ။


အောင်သိန်း က ငါ့ ကို ပြည်လမ်းမကြီး က မာလာဆောင် ရှေ့ မှတ်တိုင် အထိ ခေါ်သွားတယ် ။


လူလုံးတောင် မကွဲသေးဘူး ။ မှောင်တုန်း ပဲ ။ ငှက်တွေလဲ မနိုးသေးဘူး ။ လေးနာရီခွဲ လောက်ပဲ ရှိမလား ၊ မဆိုနိုင်ဘူး ။


ခဏကလေးပဲ စောင့်လိုက်ရတယ် ။ ဖင်မလီယာ တံခါး နှစ်ပေါက် ကား တစီး ငါတို့ ရှေ့ ထိုးစိုက်လာတယ် ။ ကားပေါ် မှာ မောင်းတဲ့လူ အပါအဝင် ယောက်ျား လေးယောက် ပါတယ် ။


ငါ ကားပေါ် တက်ပြီးတာနဲ့ ကားထွက်တယ် ။ ငါ့ ကို ကားနောက်ခန်း ပြတင်းပေါက်နားမှာ နေရာပေးတယ် ။


ရန်ကုန်မြို့ပြင် ရောက်တော့မှပဲ မိုးလင်းတယ် ။ ကားအရှိန် ကလဲပဲ မြန်လာတယ် ။ ကားပေါ်က လူတွေ ကို ငါ အကဲခတ်ကြည့်လိုက်တယ် ။ ကားမောင်းတဲ့ လူက တရုတ် ပိန်ပိန်ပါးပါး ။


သူ့ဘေးမှာ ထိုင်နေတဲ့လူကတော့ အသား ဖြူဖြူ ။ ဝဝဖိုင့်ဖိုင့် ။ မျက်ခုံး ကောင်းကောင်း ။ အသက် ငါးဆယ် ဝန်းကျင်မှာ ရှိမယ် ။


သူတို့ အကြောင်းကို သိတန်သရွေ့ သိထားဖို့တော့ လိုမယ် ။


သူတို့ချင်း ပြောကြဆိုကြ အသံတွေကိုလဲ နားစွင့်နေလိုက်တယ် ။ တန်တော့ သိပြီ ။ သုံးယောက်က ဝန်ထမ်း ။ အရာရှိငယ်တွေနဲ့ တူတယ် ။


ကားမောင်း တဲ့ လူရဲ့ ဘေး ၊ ရှေ့ခုံတန်းမှာ ထိုင်တဲ့ ဝဝပြည့်ပြည့် ပုဂ္ဂိုလ်ကတော့ ကျန်တဲ့ နှစ်ယောက်ထက် အဆင့် ပို မြင့်ပုံ ရတယ် ။ သူ့ ကိုတော့ ရိုရိုသေသေ ဆက်ဆံတတ်ကြတယ် ။


နောက်ခန်း ၊ ဗယ် အစွန်လူ ကတော့ သိပ် မကြီးသေးဘူး ။ ရာထူးအဆင့်လဲ သိပ်ကြီးသေးပုံ မရဘူး ။ အဲ့သည်လူ ကတော့ အသား ညိုတယ် ။ မျက်နှာကလဲ မဲ့ခွက်ခွက် နဲ့ ။ ဆံပင်ကလဲ နည်းနည်း ရှည်တယ် ။ အရပ်လည်း ရှည်ပုံ ရတယ် ။


နောက်တန်း ညာအစွန်မှာ ငါ က ထိုင်တယ် ။ ကားမောင်းတဲ့ လူ ရဲ့ နောက်တည့်တည့် မှာ ဆိုပါတော့ ။


အဲ ... ငါ နဲ့ ကပ်လျက် ထိုင်တဲ့ လူကတော့ သူတို့ထဲမှာ အသားနားဆုံးပဲ ။ လူကလဲ ဖြူဖြူ နွဲ့နွဲ့ ။ စကားပြောယင်လဲ အပြုံးကလေးနဲ့ ။ အသက်ကတော့ လေးဆယ် ဝန်းကျင် ရှိမယ် ။


ဒါပေမယ့် အားလုံးကို ကြောက်ရွံရိုသေပုံ ရတယ် ။ အားလုံးကို လိုက်လျောနေရတယ် ။ ဟုတ်ပြီ ။ ကုန်သည် ငွေရှင်ကြေးရှင်ပဲ ဖြစ်မယ် ။ နာမည်ကလဲ ရဲမြင့်ဇော် တဲ့ ။


တောင်ငူ ရောက်တော့မှ သူတို့ အကြောင်းကို ပိုသိလာတယ် ။ အလုပ်ကိစ္စ နဲ့ ခရီးထွက်ကြတာတော့ မှန်တယ် ။ ဒါပေမယ့် အစိုးရ ကိစ္စ ။ သမဝါယမ ကိစ္စတော့ မဟုတ်ဘူး ။ ရဲမြင့်ဇော် ရဲ့ အလုပ်ကိစ္စ ။


ရဲမြင့်ဇော် ရဲ့ အလုပ်ကိစ္စ အတွက် ပါလာတဲ့ အရာရှိ နှစ်ယောက်က လိုက် ဆောင်ရွက်ပေးကြတာ ဖြစ်တယ် ။ တောင်ငူ တနေရာမှာ ခဏဝင်တယ် ။ ရဲမြင့်ဇော် နဲ့ မိတ်ဆက်ပေးကြတယ် ။ ရဲမြင့်ဇော် က ငွေထုတ်ပေးတယ် ။ ကားပေါ်က မဆင်းရပေမယ့် ငါ လှမ်းမြင်နေရတာပဲ ။


လမ်းတလျှောက် မြို့ကြီးတွေမှာလဲ သူတို့ ခဏ ဝင်တတ်ကြတယ် ။ စကားပြောကြတယ် ။ ငွေပေးတယ် ။ ခရီးဆက်တယ် ။


အေး ... မိတ္ထီလာ နေရာ တော်တော်များများကို ဝင်တယ် ။ စကားပြောကြတယ် ။ ငွေပေးတယ် ။


မန္တလေး ကို ရောက်တော့ မှောင်နေပြီ ။ ( ၂၆ ) အာဇာနည်လမ်းက ' ကေသီပန် ' တည်းခိုရိပ်သာမှာ တည်းတယ် ။


ရဲမြင့်ဇော် နဲ့ ငါ နဲ့ က လင်ယားအဖြစ် နှစ်ယောက်ခန်းမှာ တည်းကြရတယ် ။ အဲဟို သုံးယောက်ကတော့ ၊ တယောက်ခန်းတွေမှာ တယောက်တခန်း ။


အဲ ... မန္တလေး ရောက်လာတော့မှ ငါ့ လုပ်ငန်းသဘာဝ က ပို ပီပြင်လာတယ် ။ ငါ က ပစ္စည်း ပို့ရမယ့် လူ မဟုတ်ဘူး ။ ငါ ကိုယ်တိုင်က ပစ္စည်း ဖြစ်နေတယ် ။ ရဲမြင့်ဇော် က ငါ့ ကို မယားအဖြစ် ပေါင်းသင်းတယ် ။


တကယ် တကယ် ။ ငါ့ ဒေါသ စိတ် ။ ယူကျုံးမရ စိတ်တွေက အောင်သိန်း မျက်နှာကိုပဲ မြင်နေစေတယ် ။ ဪ ... သည်လုပ်ငန်း သဘာဝကို ငါ သာ အ လို့ မသိခဲ့တာ နေမှာ ၊ အောင်သိန်း ကတော့ သိပြီးသား နေမှာပဲလို့ ငါ တွေးပြီး

မျက်ရည်ကျမိတယ် ။


ရှိပလေ့စေတော့ ။ ဝက် ဖြစ်ရပြီ ဆိုမှတော့ ချေးကြောက်နေလို့ အပိုပဲ ။


တညအိပ်ပြီး တောင်ကြီး ဘက်ကို ခရီးဆက်တယ် ။ သာစည် မှာ မနားဘူး ။ ယင်းမာပင် မှာ မနက်စာ စားတယ် ။ စားပြီးတာနဲ့ ဆက်ထွက်တယ် ။ မနားတော့ဘူး ကလော ကို ရောက်တယ် ။


ကလောဗိုလ်တဲ မှာ တည တည်းပြန်တယ် ။ အဲသည် ညမှာတော့ ကားရှေ့ခန်းက ထိုင်လာတဲ့ ဝဝပြည့်ပြည့်ပုဂ္ဂိုလ် နဲ့ နှစ်ပါးသွားရတယ် ။


နောက်နေ့ မနက် တောင်ကြီး ဘက်ကို ခရီး ဆက်တက်တယ် ။ အောင်သပြေ အဝင်က တထပ်တိုက်ကလေး တတိုက်မှာ တည တည်းပြန်တယ် ။ အဲသည်ည မှာတော့ အသားညိုညို ကိုမဲ့ခွက် နဲ့ အိပ်ရတယ် ။ လူ စေ့ပြီ ။


မနက် မိုးလင်းတော့ ဝဝပြည့်ပြည့်ပုဂ္ဂိုလ် နဲ့ ကိုမဲ့ခွက် က လေယာဉ် နဲ့ ရန်ကုန် ကို ပြန်ကြမယ် ဆိုပြီး လမ်းခွဲတယ် ။ ငါ ရယ် ၊ ရဲမြင့်ဇော် ရယ် ၊ ကားသမား ရယ်ပဲ ကျန်ခဲ့တယ် ။


ရဲမြင့်ဇော် က ရုပ်သာချောတာ မဟုတ်ဘူး ။ သဘောလည်း ကောင်းတယ် ။ ငါ့ ကိုလည်း တော်တော် စွဲစွဲလန်းလန်း ဖြစ်နေပုံ ရတယ် ။ မေးလိုက်တာတွေကလဲ စုံလို့ ။ အိမ်ထောင်နဲ့လား ။ ကလေးရှိသလား ။ ဘယ်မှာ နေသလဲ ... နဲ့ ။ ပြီးတော့ စကားပြောယင် ကိုယ် က ကိုယ် က နဲ့ ပြောတယ် ။ ရန်ကုန် ပြန်ရောက်လို့ အကူအညီ လိုယင်လဲ သူ နဲ့ဆက်သွယ်ဖို့ ပြောတယ် ။ သာကေတ ၊ ရန်ပြေ ( ... ) လမ်းမှာ နေတယ်တဲ့ ။


တောင်ကြီးဈေး ရောက်တော့ ဝယ်ချင်ခြမ်းချင်စရာကလေးတွေကလဲ များတယ် ။ ဒါပေမယ့် ငါ့ မှာ ငွေမှ မပါပဲ ။ ရသမျှ အားလုံးကို အောင်သိန်း လက် ဝကွက် အပ်ထားခဲ့ရတယ် မဟုတ်လား ။


သည်မှာ ရဲမြင့်ဇော် က ငါ့ ကို ငွေငါးရာ ထုတ်ပေးတယ် ။ ညီမ ဝယ်ချင်ရာ ဝယ်တဲ့ ။


ငါ့ အတွက်ကတော့ နည်းနည်းပါးပါး ပါပဲ ။ ဂိုရာရေမွှေး တပုလင်း ။ ယာဒ်လေ ကိုယ်လိမ်းပေါင်ဒါ တဗူး ။ ပြီးတော့ နိုင်ငံခြားဖြစ် မက်စ်ဖက်တာ မိတ်ကပ်တဗူး ။ ဒါပဲ ဝယ်လိုက်တယ် ။ ကလေးတွေ အတွက်ကတော့ ဖိနပ်

တယောက် တရံ ဝယ်လိုက်တယ် ။


အောင်သိန်း အတွက်ကတော့ ဝမ်းနည်းပါတယ် ပဲ ။


အေး ... ။ ရဲမြင့်ဇော် ကလဲ သတ်သတ် ဝယ်ပေးသေးတယ် ။ နာရီ က တလုံး ။ အိုးရီယင့် အမျိုးအစား ။ လေးထောင့်ပုံ ။ ပြီး ခေါက်ထီး တလက် ။ ဘလောက် အဆင်ဆန်း နှစ်ထည် ။ စလင်းဘက် တလုံး ။ ရေမွှေးတပုလင်း ။ ပြီးတော့ ငါ သိပ်လိုချင်တဲ့ ကျိုင်းတုံဖိနပ် က တရံ ။


အို ... ဘဝပေး အသိ ၊ ဘဝပေး ပညာတွေ သည် ခရီး တခေါက်တည်း နဲ့ပဲ ရလိုက်ရပြီပဲ ။ ဘယ်လိုမှ ကြည့်မရတဲ့ ကိုမဲ့ခွက် ကိုတောင် ကိုကို လို့ ချိုချိုသာသာ ခေါ်ခဲ့ရပြီပဲ ။ ဘာ ကျန်တော့သလဲ ။


အပြန်ကျတော့ သာစည် မှာ ကားပျက်တယ် ။ တည အိပ်ရတယ် ။ ပျဉ်းမနား မှာ ကိစ္စ ရှိလို့ ဆိုပြီး တည နားပြန်တယ် ။ ပြီးတော့ တောင်ငူ မှာလဲ တည အိပ်ကြတယ် ။


ပြောတုန်းကတော့ တပါတ် ခရီး ။ ခုနှစ်ရက်မြောက် တဲ့ နေ့မှာ ရန်ကုန် ကို ပြန်ဝင် ရမယ် ။ ဒါပေမယ့် ခုနစ်ရက် ပြည့်တဲ့ နေ့က သာစည် မှာပဲ ရှိသေးတယ် ။ အောင်သိန်း မျှော်နေမှာပဲလို့ ငါ တွေးမိတယ် ။


နောက်နေ့ မနက်စောစော တောင်ငူ က ထွက်တယ် ။ နေ့ခင်းလောက်မှာ ရန်ကုန် ကို ဝင်တယ် ။ မာလာဆောင် ရှေ့မှာပဲ ငါ ကားကို ရပ်ခိုင်းတယ် ။ ဆင်းခဲ့တယ် ။


အခန်းကို ပြန်ခဲ့တယ် ။ ဒါပေမယ့် အောင်သိန်း မရှိဘူး ။ သော့ခလောက်ကပဲ စောင့်နေတယ် ။ ငါ ရိုက်ဖွင့်ရတယ် ။


အောင်သိန်း ကို မတွေ့ရတော့ အတော် စိတ်မောသွားတယ် ။ ခရီးတလျှောက်မှာ ကြုံတွေ့ရတာတွေကို ခေါင်းထဲက ဖျောက်လိုက်တယ် ။ ငါ့ယောက်ျား ကို ငါ သိပ်တွေ့ချင်တယ် ။


ခုနစ်ရက် ပြည့်ကတည်းက ငါ့ စိတ်က အောင်သိန်း ကို သိပ်တွေ့ချင်နေတယ် ။ မာလာဆောင် ရှေ့က နေကုန်နေခန်း စောင့်နေမှာ ထင်ပါရဲ့လို့ တွေးခဲ့မိတယ် ။


အိမ်ပိုင်ရှင် သားကလေး ကို မေးကြည့်တယ် ။ ပြန်မအိပ်တာ မနေ့ညကမှ တဲ့ ။ တနေ့ညကတော့ သူ့ သူငယ်ချင်း လင်မယား သည်မှာ လာ အိပ်တယ်တဲ့ ။


ငါ့ စိတ်ထဲက ထိတ် သွားတယ် ။ သူ့ သူငယ်ချင်း လင်မယား ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား ။ မိန်းမ တယောက်ယောက် ကိုများ သူငယ်ချင်း နဲ့ တွဲခေါ်လာပြီး အိပ်တာလား ။


ဒေါသလဲ ထွက်တယ် ။ ဝမ်းလဲနည်းတယ် ။ ငါ ငိုမိရော ။ လာပလေ့စေလို့လဲ စိတ်ထဲက ကြုံးဝါးမိတယ် ။


အခန်း ပတ်ပတ်လည် လေ့လာ ကြည့်လိုက်တယ် ။ ရှုပ်ပွနေတာပဲ ။ အရက်ပုလင်းလွတ် ၊ ကြက်သွန်ဖြူခွံ ၊ ပဲကြီးလှော်ခွံတွေ တွေ့ရတယ် ။ ဒါပေမယ့် မိန်းကလေးနဲ့ ပတ်သက်တဲ့ သဲလွန်စ ဘာတခုမှ မတွေ့ရဘူး ။


မိန်းမလဲ သုံး ၊ ယောက်ျားလဲ သုံးလို့ ရတဲ့ ပလတ်စတစ်ဘီးကျိုးလေး တခုပဲ တွေ့ရတယ် ။ သူ့ ရှာတွေ့ဖို့ကလဲ လွယ်တာမှ မဟုတ်တာပဲ ။ ခုနေမှာ ဘယ်သွား ရှာမလဲ ။ ဖဲဝိုင်း ရောက်နေပြီလား ။ ဒါမှ မဟုတ်ရင် အရက်ဝိုင်း ရောက်နေပြီလား ။


ငါ့ မှာကတော့ ကိုယ်နဲ့ ရင်းနှီးပြီး စီးပွားထွက် ရှာရတယ် ။ အဲဒါတောင် အိမ်မှာ ငါ စိတ်ချအောင် မနေဘူး ။ မျှော်ရတဲ့အလုပ် စောင့်ရတဲ့အလုပ် ကို ငါ သိပ်မုန်းတယ် ။ စိတ်မရှည်ဘူး ။ အိမ်သာထဲ ရောက်လို့မှ ချေး မထွက်ရင်တောင်

ပြန်ထွက်လာခဲ့တဲ့ မိန်းမ ပဲ ။


ဒါပေမယ့် စောင့်တဲ့ အလုပ်က လွဲပြီး ဘာမှလဲ မတတ်နိုင်ဘူး ။ ကလေးတွေ အတွက် ဝယ်ခြမ်းလာတဲ့ ပစ္စည်းလေးတွေ သွားပို့ချင်တာတောင် မပို့ဘူး ။ ဒင်း နဲ့ တွေ့ချင်လို့ ။


အဲ မီးထွန်းချိန်ကျမှ ကိုယ်တော်ချော ပြန်ရောက်လာတယ် ။ သူ့မျက်နှာ ကြည့်လိုက်တော့ ဘာမှ အပြစ် မရှိတဲ့ အတိုင်းပဲ ။ ဘာမှ မခံစားရတဲ့ အတိုင်းပဲ ။


' ဟဲ့ ... မောင် ... ငါ က စီးပွားထွက် ရှာနေတာ ၊ မင်းက အိမ်မှာ ကမြင်းနေရသလား ... ဟင် ... ဘာသဘောလဲ ... ပြောစမ်း ... ' လို့ မငေါက်စဖူး ငေါက်လိုက်တယ် ။


သည်တော့မှ မျက်နှာ ပျက်သွားတယ် ။ ဒါပေမယ့် ကွက်ကနဲတချက် ပျက်သွားရုံ လောက်ပဲ ။ ဣန္ဒြေ ပြန်ဆည်လိုက်တယ် ။


မမ ပြန်တောင် မလာတော့ဘူး ထင်တာ ။ ခုနစ်ရက် ပြည့်တဲ့နေ့ကတော့ နေကုန်နေခန်း သွားစောင့်သေးသားပဲ ။ မလာတော့ မောင့် ကို အပြီး စွန့်သွားပြီလို့ တွက်လိုက်မိတယ် ... တဲ့ ။


သူ့ စကား ကြားရတော့ ဒေါသ ပြေသွားတယ် ။ အေးလေ ... သူ လဲပဲ သူ့ မယား ကို တပါးသူ ရင်ခွင်မှာ ဘယ်လာပေးအိပ် စေချင်ပါ့မလဲ ။


ပြီး ရက်လွန်သွားတာကလဲ အမှန်ပဲ ။ သူ မျှော်နေတယ် ဆိုတာလဲ ဟုတ်မှာပါပဲ ။ သူ့ မျက်နှာကတော့ သိတဲ့ အတိုင်းပဲ ။ ဝမ်းနည်းဟန်လဲပဲ မပြဘူး ။ ဝမ်းသာဟန်လဲပဲ မပြဘူး ။ ထုံးစံအတိုင်း အေးတိအေးစက်ပဲ ။


သည်တော့ ငါ့ မှာ ပိုလာ လျှံလာ တဲ့ ငွေကလေး တရာကျော် ကိုလဲ သူ့ လက်ထဲပဲ အပ်လိုက်တယ် ။ နောက်ထပ် ငွေတထောင် လဲ အေးမြ ဆီက ထပ်ရသေးတယ် တဲ့ ။ သူ့ လက်ထဲ ထောင့်ငါးရာ လျော့လျော့ ရှိရမှာ မရှိတော့ဘူး ။ သူ သုံးတာကလဲ ရှစ်ရာ လောက် ကုန်နှင့်ပြီ ပြောတယ် ။


မမ ပြန်ရောက် မလာတဲ့ နေ့က စိတ်ညစ်ညစ် နဲ့ အရက် သောက်မိတယ် ၊ ဖဲရိုက် မိတယ် ။ ဖဲရှုံးတယ် ... တဲ့ ။ ရှိပလေ့စေတော့ ။ လူ မသေယင် ငွေ မရှားပါဘူး ။


ငါ့ လက်က နာရီကို ကြည့်တယ် ။ ငါ ဝယ်လာတဲ့ အဝတ်အစားတွေ ကို ကြည့်တယ် ။ ဘာတခွန်းမှ မမေးဘူး ။ သည်တော့ ' မောင်ရေ ... ဒါတွေကတော့ ဘောက်ဆူးသဘောမျိုး ဝယ်ပေးလိုက်တာတွေပါ ... မောင် သိတယ်မဟုတ်လား ... သည်က သွားတုန်းက မမ မှာ ငွေ မှ ပါမသွားတာ '  ... လို့ ရှင်းပြလိုက်ရတယ် ။


သူ့ မျက်နှာက ဝမ်းသာပုံလဲ မပေါ်ဘူး ။ ဝမ်းနည်းဟန်လဲ မပြဘူး ။ နှုတ်ဆိတ်နေတယ် ။ ငါ ကချည့် စကားတွေ ပြောရလွန်းလို့ အာတောင် ခြောက်လာ တယ် ။ ထမင်းလဲပဲ မဆာတော့ဘူး ။ သူ လဲပဲ မစားချင်ဘူးတဲ့ ။


ငါတို့ နှစ်ယောက် အအေး ထွက်သောက်ကြတယ် ။ ပြန်ရောက်တော့ အိပ်ရာထက် လှဲပြီး သူ့ ရင်ခွင်ထဲမှာ ငါ အိပ်တယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ် ။


ငါ တရေး နိုးတော့လဲ သူ မအိပ်သေးဘူး ။ စီးကရက် ဖွာတုန်းပဲ ။ ကြက်

တွန်သံတွေ ကြားလာတယ် ။ မိုးလင်းတော့မယ် ။


◾ မောင်သာရ


📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment