Monday, November 8, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် ၁ + ၂


 အခန်း ( ၁ )


လာချင်ယင်လဲ လာ ။ သဘော ။


မလာချင်ယင်လဲ နေ ။ သဘော ။


မျှော်ရလွန်းတော့လဲ မောတယ်လေ ။ တရက်လဲ မဟုတ် ။


နှစ်ရက်လဲ မဟုတ် ။ မျှော်ရတာက နေ့စဉ်ရက်ဆက် ။ သူ့ဥစ္စာက လာ တရက် ... မလာ တရက် ။ ခက်ဘိခြင်း ။


စောင့်ရတာက ငါ ။ မျှော်ရတာက ငါ ။ စိတ်မောရတာက ငါ ။


ခုတော့ ငါ့ စိတ်ကို ငါ ပိုင်းဖြတ်လိုက်ပြီ ။ လာပါလို့လဲ မဖိတ်ခေါ် တော့ဘူး ။ မလာပါနဲ့လို့လဲ ငါ မတားမြစ်တော့ဘူး ။ သူ့သဘော ။


သူ့ စိတ်ကို ငါ မှ အစိုး မရပဲ ။ သည်လူက လူတမျိုး တဇွတ်ထိုး ။ တယ် ။ လူ့ခွစာ ။ သိပ်အပေါင်းရခက်တဲ့ လူ ။ မကြုံဖူးပါဘူး ။


◾မောင်သာရ


📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် 



အခန်း ( ၂ )


ကိုယ်တော်တွေကလဲ အဖွာတော် ဆက်ထားတာ တဝက်ပဲ ဖွာတယ် ။ အင်း ... သည်နေ့လဲ စိတ်မောရဦးမယ်ထင်တယ် ။ ချက်ယင်းပြုတ်ယင်း စိတ်တောင် ကုန်လာတယ် ။ ချက်ရပြုတ်ရလို့ မောရတာက တစ်မျိုး ။ သူ မလာယင် ပိုဆိုးတယ် ။ ထမင်းပွဲပြင်ပြီး ငါ့ မှာ လမ်းမဘက် တကြည့်ကြည့် နဲ့ ။ ငါလဲပဲ မစားရက်ဘူး ။ ငါ့ သားသမီးတွေလဲပဲ မကျွေးရက်ဘူး ။ ယုတ်စွအဆုံး ငါ့အမေ တောင် ငါ မကျွေးနိုင်ဘူး ။ သူ့အတွက် ရည်ရွယ်ချက်ထားတာ ၊ သူ့အတွက်ပဲ ထားချင်တယ် ။ သူ မစားဖြစ်ယင် သွန်သာ ပစ်လိုက်ချင်တယ် ။


သူကြိုက်တာက ငရုတ်သီးဆားထောင်း ။ အတို့အမြှုပ်ကတော့ တညင်းသီး ဆားရည်စိမ် ။ ဟင်းကတော့ ငါးသံချိတ် ဒါဆိုယင် မြိန်ရည်ရှက်ရည် စားပြပါလိမ့်မယ် ။ ဒါပေမဲ့ တခါပြင်သာရယ် ။


ပလုတ်ပလောင်း စားတာကို မြင်ရတော့ ငါ အားရတယ် ။ သဘောကျတယ် ။ အဲ ... ငါ အားမရတာကတော့ တခါပြင့် အပြင်ကို ထမင်း ထပ်ထည့်ပေးတာကို လက်မခံ တတ်တာပဲ ။ စားစေ့ချင်လို့ ထမင်း ထပ် ထည့်ပေးတာကိုက အပြစ် ဖြစ်ချင် ဖြစ်တတ်တယ် ။ ရန်စတာတဲ့ ။ ရန်ရှာတာတဲ့ ။ ကိုယ်လက်နဲ့ ကိုယ် ထည့်စားလို့ ရတာပဲတဲ့ ။


အေး ... တခါပြင်ကိုလဲ လေးငါးလုတ်တည်းနဲ့ စားပစ်တယ် ။ ပြီးပြီ ။ စေတနာပိုပြီး သွားထပ် မထည့်ပေးနဲ့ ။ ပြဿနာ တက်မယ် ။


ချေးများသလား ဆိုတော့လဲ မများပါဘူး ။ ဒါပေမဲ့ ဇီဇာကြောင်တယ် ။


အဲသည်လို ထမင်း တခါပြင် စားတာကလဲ ကိုယ်အလေးချိန်ကို ထိန်းတာတဲ့ ။ သူ့ အကြောင်းပြချက်နဲ့ သူ ။ သူ့ အကြောင်း ပြချက်ကို ဆင်ခြေသွား မတက်နဲ့ ။ ရေပက်မဝင်အောင် ပြောပြလိုက်လိမ့်မယ် ။ အကြောင်းတရားတွေရော ... အကျိုးတရားတွေရော ... စုံသွားမယ် ။


ဘယ်သူနဲ့မှ တည့်မယ့်လူ မဟုတ်ဘူး ။ လူ့ ခွစာပါလို့ ဆိုနေ ။


အဲ ... နောက်တခါ သူကြိုက်တတ်တာက တရုတ်အမဲ ။ ဒါကတော့ မဖြစ်ဘူး ။ လားလားမှကို မဖြစ်တာ ။ ငါလဲ မစားဘူး ။ ငါ့ တစ်မိသားစုလုံးလဲ မစားဘူး ။ ငါ့ကိုယ်တော်တွေ မကြိုက်တာတော့ ငါ လက်မခံနိုင်ဘူး ။ စားချင်ယင် ဆိုင်မှာ သွားဝယ်စား ။


အနံရတာနဲ့ကို ငါ အော့ချင် အန်ချင် လာတယ် ။ တချိန်ကတော့ ငါလဲပဲ ကြိုက်ခဲ့တာပါပဲ ။ ငါ့ ပထမယောက်ျား က တရုတ်ပဲ ။ ဝက်တစ်ကောင်လုံး ခေါင်းက အမြီးဖျားတိုင် စားဖူးတယ် ။ ဟော ... ခုတော့ အနံ့တောင် ခံမရတော့ဘူး ။


ငါးသံချိတ် တို့ ၊ ငါးဘဲဖြူ တို့ ဆိုတာ ငါ့ တသက် ချက်ဖူးဖို့ နေနေသာသာ စား ကို မစားဖူးခဲ့တာ ။ အရိုးများလို့ မကြိုက်ဘူး ။ သွားကြား အရိုးညပ်လို့ သွားကြား ထိုးရတာနဲ့တောင် မကာမိဘူး ။ သည်တော့ မစားဘူး ။


ကိုင်ရတဲ့ နေရာကျတော့လဲ လက်ဝင်ပါ့ ။ ခုတ်ပစ် ထစ်ပစ်လို့ကလဲ မဖြစ် ။


အမြီးဖြတ် ခေါင်းဖြုတ် လုပ်တာအပြင် ငါးဘဲဖြူ ကြီးယင် အကြေးပါ ထိုးရတယ် ။ ပုစွန်ကျော့ ထက်တောင် ပိုဆိုးသေးတယ် ။


တွက်ခြေလဲ မကိုက်လှဘူး ။ ငါးဆယ်သား ဝယ်မှ အစိတ်သား တင်တာ ။


ချက်ရတော့လဲ ကြည့် ။ ဆီပြန်ရုံတင် မကဘူး ။ အိုးကပ် ။ အိုးကပ် ဆိုတော့ ဆီခိုလို့ ဘယ်ရမလဲ ။


ငါကြိုက်တာထက် သူကြိုက်ဖို့သာ လိုရင်းစွဲ ။ သည်တော့ ချက်ရတာပဲ ။ ဈေးသွားလို့ ငါးသန်ချိတ် တို့ ငါးဘဲဖြူ တို့ တွေ့ရင် ငါ သိပ်စိတ်ချမ်းသာတယ် ။ သူ စားချင်တာကလေး ။ သူ ကြိုက်တတ်တာကလေး ... ဆိုပြီး ဝယ်ဖြစ်တော့တာပဲ ။


သည်နေ့လဲ ငါးဘဲဖြူအိုးကပ် ချက်ထားတယ် ။ ပြီးပြီ ။


ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ အချိုမှုန့် ၊ ဆား ရောထောင်းထားပြီးပြီ ။


တညင်းသီး ဆားရည်စိမ်ကို အခွံချွတ်ရုံပဲ ကျန်တော့တယ် ။ ဟင်းချိုအိုးလဲ ကျတော့မယ် ။ အဲဒါ ... အပြင်ထွက်ကြည့်တော့ ကိုယ်တော်တွေကို ဆက်ထားတဲ့ အဖွာတော်စီးကရက်က ထက်ဝက်နဲ့ ငြိမ်းနေ တယ် ။ ဒါ နိမိတ် မကောင်းဘူး ။ ကိုယ်တော်တွေ အဖွာတော်ကို အကုန် မဖွာဘူး ။ သည်ပုံ အတိုင်းဆိုယင် သူ လာကော လာပါ့မလား ။ မထင်ဘူး ။


ငါ့နှယ် ... မျက်ရည်ကလဲ လွယ် ...လွယ် လွန်းပါတယ် ။ မကျချင်လို့လဲပဲ မရဘူး ။


ဟုတ်တယ် ... မျှော်ရတာ သိပ်မောတယ် ။ မချက်ထား ပြန်တော့လဲ ငါ့ဘက်က တာဝန် မကျေဘူး ။ ချက်ထားပြီး မလာပြန်တော့လဲ ဒါတွေ မြင်ရလေလေ စိတ်ပင်ပန်းလေလေပဲ ။


တခါတလေတော့ ဖြစ်တတ်တယ် ။ ငါ့ လက်ထဲလဲ ငွေက ပြတ်နေ ။ အဲသည်လို နေ့မျိုးမှာတောင် ငါ့ဘက်က တာဝန်ကျေအောင် လုပ်ထားတယ် ။ အိမ်သားတွေလဲ ဖြစ်သလို စားကြ ။ သူလဲပဲ ဖြစ်သလို စား ။ ငရုတ်သီး ကြက်သွန်ဖြူဆားထောင်းကလေး နဲ့ တညင်းသီး သုံးလုံးကိုတော့ ထပ်ခြမ်း ခြမ်းထား ပေးလိုက်တယ် ။


အဲ ... အဲသည့်လို နေ့မျိုးကျတော့လဲ မညည်းမညူ စားသွားတာပါပဲ ။ သူလာလာ ၊ မလာလာ ၊ ငရုတ်သီးဆားထောင်းနဲ့ တညင်းသီး သုံးလုံး ထက်ခြမ်း ခြမ်းထားဖို့ကတော့ ငါ့တာဝန် ။


ဒါပေမဲ့ နေထွက်ကနေ ထားလိုက်တဲ့ အဲသည် ငရုတ်သီးဆားထောင်း နဲ့ တညင်းသီးတွေဟာ သူမလာယင် မိုးစုပ်စုပ်ချုပ်တဲ့အထိ နေရာ မယွင်းဘူး ။ ငါကလဲ အားတိုင်း ယားတိုင်း လှမ်းလှမ်း ကြည့်မိတယ် ။ သည်တော့ ဘယ်လာ စိတ်မမောပဲ နေမှာလဲ ။


ငါတို့ ရပ်ကွက်ဈေးဆိုတာက စည်မယ် မကြံသေးဘူး ။ ကွဲတဲ့ ဈေး ။ ပျံကျ ဈေးတန်းကလေး ။ ပိုက်ဆံပေးဝယ်တိုင်း အချိန်မရွေး ဝယ်လို့ရတာ မဟုတ်ဘူး ။ ဒါကြောင့် ငါ ဝီရိယ ထားပြီး ဈေးသွားတယ် ။ ဒါတောင်မှ ခြေ ဆယ်လှမ်းလောက် ဦးခင်လို့ ။ မဦးယင် ရလိုက်မှာမဟုတ်ဘူး ။


ခုတော့ ကြိုးစားထားရသမျှ သဲထဲရေသွန် ဖြစ်တော့မယ် ထင်ပါရဲ့ ။ ကိုယ်တော်တွေ အဖွာတော်ကြည့်ပြီး စိတ်ဆင်းရဲ ရတယ် ။


' ကိုယ်တော်တို့ ... နှမတော်ကြီးရဲ့ ဒုက္ခကို ကြည့်နေတော် မမူကြပါနဲ့ ... ။ ဒါးပိုင်တဲ့မင်း ၊ နန်းပိုင်တဲ့မင်း ၊ ကျားပိုင်တဲ့မင်း ၊ ရုံးပိုင်တဲ့မင်း ... ၊ နှမတော် ဒုက္ခကို မြင်တော်မူပါ ၊ သိတော်မူပါ ၊ ကြားတော်မူပါ ၊ သူ့ကို တွေ့ရာအရပ်က နှမတော်ရဲ့ အိမ်ဂေဟာရှိရာသို့ အမြန်ဆွဲခေါ် လာတော်မူပါ ၊ နှမတော်ကြီး လေးစားပါတယ် ၊ ကိုးစားပါတယ် ။ အားထားပါတယ် ။ တနာရီအတွင်း ရောက်အောင် ဆွဲခေါ်လာ ပေးတော်မူကြပါ ...'


' ဟဲ့ ... အငယ်လေး ၊ သေနာကျ ၊ အသုဘ ၊ ငါခေါ်နေတာ မကြားဘူးလား ၊ ဘယ်သွား သဝေထိုးနေတာလဲဟင် ၊ တယ် ... ဒါး နဲ့ ကောက်ပေါက်လိုက်ရ ၊ မမှတ်သေးဘူးထင်တယ် ၊ ဟုတ်လား ၊ သွားစမ်း .... ဒူးယားနှစ်လိပ် အမြန်ပြေး ဝယ်စမ်း '


◾မောင်သာရ


📖 ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment