❝ ထဘီဖာ လိုပါသေးရဲ့ ၊ တဘက်ဖာ လိုပါသေးရဲ့ ၊ ဘီး နှင့် မှန် လိုပါသေးရဲ့ ❞
( ၁ )
ရွာသူကြီးဟောင်း ကိုတက်ရိုး က ဖလံကျင်းသူ မမြသင် နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတော့ သက်ကယ်တန်း တစ်ရွာလုံး က ရယ်လိုက်ကြတာ အုန်းအုန်း ထ လို့ ။ တချို့ကတော့လည်း မရယ်နိုင်ကြဘူး ။ ကိုယ့်ရွာ သူကြီးဟောင်း ကို သိပေမယ့် ဖလံကျင်းသူ မမြသင် ကို တချို့က မမြင်ဖူးကြပဲကိုး ။ သက်ကယ်တန်း နဲ့ ဖလံကျင်း ဆိုတာက တစ်နယ်တော့ တစ်နယ်တည်းပဲ ။ ဒါပေမယ့် နည်းနည်းတော့ လှမ်းတယ် ။ နေ့ဝက် ခရီးလောက် သွားရတယ် ။ မမြသင် က သက်ကယ်တန်း က ရီးပေါက်စ တို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းတော့ သက်ကယ်ပျစ်ချိန် ဆိုရင် သက်ကယ်ပျစ်ချိန် တစ်နှစ်တစ်ခေါက် ရောက်လာတတ်တယ် ။ အသား ဖြူဖြူ မျက်နှာ ဝိုင်းဝိုင်းကလေး နဲ့ ၊ ရှိလှမှ အသက်က နှစ်ဆယ်ကျော်ရင် တစ်နှစ် ပဲ ။ ရွာက သူကြီးဟောင်း ကိုတက်ရိုး ကတော့ အသက် ခုနှစ်ဆယ် ကျော် လို့ ရှစ်ဆယ်သီသီ ဝေ့နေပြီ ။ ကညာပျို နဲ့ ဇရာအို ရယ်လို့တောင် မဟုတ်တော့ပါဘူး ။ တချို့ က မြေးအဘိုး တဲ့ ။ တချို့လည်း နှမြောလို့တဲ့ စုတ်သပ်သပ် နဲ့ ။ တချို့ကလည်း ဘ၀အကြောင်းကို တော်ရဲ့ တဲ့ ။ တချို့ ယောက်ျားတွေကတော့ မိန်းမလေး နှယ် ကြိုက်စရာ ရှားလို့ကွာ ... ချီး ဆိုတဲ့ အာခံတွင်း သံကြီးနဲ့ ။
ဘာပဲဖြစ်ဖြစ်လေ ၊ ပဲနှမ်းလေး ပေါ်တာနဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာကတော့ သေချာနေပြီ ။ ရီးပေါက်စ ကပဲ ကမကထလုပ်ပြီး မကွေး ဘက် တက် လက်ဖက်လေး ဆေးလေး ဝယ်လို့ ၊ အိပ်ရာခမ်းနားလေး ဝယ်လို့ ။ မမြသင် ဖို့ အဝတ်အစားလေး ဘာလေး ဝယ်လို့ တတိတိနဲ့ လုပ်နေကြပတဲ့ ။ မမြသင် ဘက်က မိဘဆွေမျိုးများကလည်း သက်ကယ်တန်း ကို လိုက်လာလိုက်တာ နှစ်ခေါက်တောင် ရှိပတဲ့ ။
°°°°° °°°°° °°°°°
( ၂ )
သူကြီးဟောင်း ကိုတက်ရိုး လို့သာ ပြောရတာ ၊ ဘကြီးတက်ရိုး ဒါမှမဟုတ် ဘိုးတက်ရိုး တောင် ဖြစ်နေပါပြီ ။ သျှောင် တစောင်းကလေး နဲ့ ပိတ်ဖြူကလေး ကပိုကရို တစ်ခွေပတ်ထားတတ်တာလည်း ရှိရဲ့ ။ ကြာဆံချောင်းတွေကို အမျှင်မျှင် ထလို့ ။ သွား ဆိုတာလည်း ဘယ်တုန်းကမှ တိုက်ခဲ့ပုံ မရဘူး ။ နီညစ်ညစ်နဲ့ ။ ကွမ်းသွားချေးတွေ တက်နေလိုက်တာလည်း ရွံစရာကြီး ။ သည်ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ် ။ စိုက်သွားလေး ကူထားလို့ ပါးချိုး ပါးချောင် တော့ သိပ်မကျလှသေးဘူး ။ အသားကတော့ တောသူတောင်သား ပီပီ ညို တဲ့ဘက် ကျော်ပြီး မှောင်တဲ့ဘက် ရောက်နေလို့ သူနဲ့ ရာထူး တူတဲ့ သူကြီးချင်းတောင် သက်ကယ်တန်းသူကြီး က နချီပိုးထိုး တဲ့ ။
သူ သူကြီး ဘ၀တုန်းကတော့ ဘာ အကြောင်းလဲ ။ သူကြီးအာဏာ လက်တစ်ဆုပ်လောက် နဲ့ ပေမယ့် ရွာမှာတော့ ဖိန့်ဖိန့်တုန် ထဲကပဲ ။ ရွာဘုရားပွဲတွေမှာ သူများ သူကြီး တွေလို နှစ်လုံးပြူးတွေ ဘာတွေ ကိုင်မနေပါဘူး ။ ဝါးရင်းတုတ်ကြီးကြီး လက်တစ်ကိုင်လောက် ကို သူ့အရပ် နဲ့ တိုင်းဖြတ်ပြီး ကိုင်ထားရုံပဲ ။ သူ့ နောက်က ရာအိမ်မှူး ငမှုံ ကို ခေါ်ခဲ့ပြီး ပွဲခင်းတစ်ခင်းလုံး လှည့်နေတော့တာ ။
သက်ကယ်တန်းသူကြီး ကိုတက်ရိုး ဆိုလို့ကတော့ မူးတဲ့ လူတောင် အမူးပြေလောက်အောင် ကြောက်တယ် ။ မိုက်လို့ ဆိုးလို့များတော့ ရိုက်စရာ ရှိရင် ကျွဲရိုက် နွားရိုက် ပဲ ။ လူတိုင်းတော့ အကြောင်းမဲ့ ရိုက်နှက်နေတာ မဟုတ်ပါဘူး ။ တော်တော် ဆိုးမှပါ ။ သူပိုင်တဲ့ လယ်တွေ ချောင်းတွေ ဆိုတာကလည်း မပြောနဲ့တော့ ။ အနောက်ကွင်း နတ်ကွန်းစင် ဘက်ကနေ လက်ညှိုးသာ ထိုးလိုက် ၊ မြစ်နားတန်းညိုညို အထိက သူ့ လယ် ချည်းပဲ ။ မြေပဲခင်း ၊ နှမ်းခင်း ဆိုတာတော့ မမြင်ချင် အဆုံး ။
အရက် ကလေး ကလည်း ကြိုက်တယ် ။ ဒါလည်း တမင် ကျင့်ထားရတာ ။ ဝန်ထောက် တို့ ၊ မြို့ပိုင် တို့လာရင် ဒါမှ အဆင်ပြေတာကိုး ။ ကက် တော့ တော်တော် ဝါသနာကြီးတယ် ။ သူကြီးရင့်မကြီး လုပ်ပြီး နေ့လယ်နေ့ခင်း ဈေးလယ်ကောင် ကက် သွား ဆွဲချင် ဆွဲနေတတ်တာ ။ ဝါးရင်းတုတ်ကြီး ဆိုင်ဘေး ထောင်ပြီး တစ်နေကုန် ထုံးခွေကြေး ကက် ဆွဲကြတော့ သူ့မျက်နှာ ထုံးတွေ အစင်းလိုက်ပဲ ။
သူများ မျက်နှာတွေလည်း ထုံးတွေ အချောင်းလိုက်ပဲ ။ ညနေ မိုးချုပ်ခါနီး ကက်ဝိုင်း ပြီးလို့ ပြန်လာရင် မျက်နှာသစ်လာတာ မဟုတ်ဘူး ။ ထုံးကြောင်း အရစ်အရစ်တွေနဲ့ သည်အတိုင်း အိမ်ကို ပြန်လာတာ ။ အိမ်ရောက်မှ မျက်နှာသစ်တယ် ။ ( သူကြီး ဆိုတော့လည်း မျက်နှာက ထုံးတွေနဲ့ ရယ်စရာကြီး ဖြစ်နေပေမယ့် လမ်းတွေ့တဲ့ လူကလည်း မရယ်ရဲဘူး )
“ ကနေ့ အဖေချည်း ရှုံးတာပဲ သမီးရေ ... ” ဆိုပြီး အိမ်ပေါ်တက်လာတော့ သမီးကြီး ( တတိယသမီး ) တင်ဥ က “ အဖေကလည်း သူကြီး လုပ်နေပြီး မျက်နှာ ထုံးတွေနဲ့ မရှက်ဘူးလား ” လို့ အမြဲပြောတတ်တယ် ။
“ ဟ... သူကြီး ဘာဖြစ်တုန်း... သူကြီးလည်း လူပဲဟ ” ဆိုပြီး မျက်နှာသစ်တယ် ။ နောက်တစ်နေ့ နေ့လယ် ကက်ဝိုင်းသွားမြဲပါပဲ ။ တစ်ခါတလေ ကစားဖက်က နိုင်လို့ သူကြီးမျက်နှာ ထုံးမခွေရဲဘူးဆိုရင် ...
“ ဟကောင် ခွေလကွာ သူကြီးမို့ ထုံးမခွေဘူးဆိုရင် ဘယ် တရားပါ့မလဲကွ ... ကက် ဆွဲရတာ ဘယ်အရသာ ရှိတော့မှာလဲ ... လုပ်ပါ ငါ့ကောင်ရ ... ခွေပါ ” လို့ ပြောပြီး မျက်နှာထိုးပေးတတ်တယ် ။ တကယ်က ကိုတက်ရိုး က သူကြီးမျိုးရိုး မဟုတ်ဘူး ။ ပညာကတော့ အပြင် အောင်ခြင်း ၊ အတွင်း အောင်ခြင်း လောက်ပါပဲ ။ သူ့ အရင် သက်ကယ်တန်းသူကြီး က ကိုကံရင် တဲ့ ။ အဲဒီ တုန်းက ကိုတက်ရိုး က သူကြီး ရဲ့ ညာလက်ရုံး ၊ သူကြီး ကိုကံရင် မှာ သား မရှိဘူး ။ သမီး တွေချည်း မွေးထားတာ ၊ သူကြီး ကိုကံရင် အသက်ကြီးတော့ သူ့သမီးတွေထဲက မကျင်လှ ကို ကိုတက်ရိုး နဲ့ ပေးစားတယ် ။ ဒါဘာပွဲ တို့ မင်းပွဲ တို့ မှာ ကိုတက်ရိုး ကို ပွဲထုတ်တယ် ။ ကိုကံရင် သေတော့ သမက် ကိုတက်ရိုး က သူကြီး ဖြစ်လာတာပါပဲ ။ သူကြီး ဖြစ်တဲ့နှစ်က ကိုတက်ရိုး ပိုက်ဆံ တော်တော် ကုန်တယ် ။ မြို့ပိုင် တို့ ၊ နယ်ပိုင် တို့ ရွာကို ကြွလာတော်မူတယ်ဆိုရင် ကိုတက်ရိုး က အရိုးခံ မဟုတ်လား ။ ဘာမှ မလုပ်တတ်ဘူး ။ သူ့ မိန်းမ မကျင်လှ က သူကြီးသမီး ဆိုတော့ ဘာလုပ်ရမလဲ ဆိုတာ သိတယ် ။ ဒီလို ဒီလို လုပ်ပေါ့ ။ ဒီဟာ ဒီဟာ ကျွေးပေါ့ ။ ဒါလေး ဒါလေး ပေးပေါ့ ဆိုတော့ သူကြီးပါး ၀သွားတော့တယ် ။
မကျင်လှ နဲ့ က နှစ်အစိတ်လောက် ပေါင်းလိုက်ရတယ် ။ မကျင်လှ မီးယပ်သွေးဆုံး နဲ့ သေတော့ ကိုတက်ရိုး က ငါးဆယ် ကျော်ရုံ ရှိသေးတယ် ။ အရွယ် ကောင်းတုန်း ။ သားနှစ်ယောက် ၊ သမီး သုံးယောက် ကျန်ရစ်တယ် ။ ငတင် တဲ့ ၊ ငမှင် တဲ့ ၊ မတင်ဥ တဲ့ ၊ မကျင်နု တဲ့ ၊ မခင်ပု တဲ့ ။
သားကြီး ကိုတင် က ခေတ်ပညာတတ်တယ် ။ မကွေး မှာ ကျောင်းထားတယ် ။ သူကြီး လည်း လုပ်ချင်ပုံ မရတော့ သားလတ် ကိုမှင် ကို နားသွင်းရတယ် ။ သူကြီးလက်စွဲလေး ဘာလေး ဖတ်ခိုင်း ၊ ရပ်အမှု ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း ၊ သူကြီးအစည်းအဝေးလေး ဘာလေး စာရင်းလုပ်ခိုင်း ၊ ကောက်ခိုင်း နဲ့ သူကြီး ထရိန်နင် ပေးလိုက်တာ ရွာက တော်ရုံကိစ္စ ကိုမှင် နဲ့ တင်ပြီးတယ် ။
မကျင်လှ ဆုံးပြီးလို့ လေးနှစ်လောက် ကြာတော့ ကိုတက်ရိုး မိန်းမ ထပ်ယူတယ် ။ သက်ကယ်တန်း ကပါပဲ ။ ဆွေကြီးမျိုးကြီး ထဲကပါ ။ မငြိမ်း တဲ့ ။ မငြိမ်း က အပျို စစ်စစ်တော့ မဟုတ်ဘူး ။ မုဆိုးမ ။ သူ့ အရင်ယောက်ျား က အပေါင်ဆိုင်ဖွင့်ထားတဲ့ တရုတ် ကိုကျင်မှိန် ။ ရွှေလေး ငွေလေး နဲ့ ချမ်းချမ်းသာသာ ပါပဲ ။ ကိုကျင်မှိန် နဲ့ ကလေး မရဘူး ။ အပေါင်ဆိုင်တရုတ် ဆုံးတော့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတုန်း သူကြီး ကိုတက်ရိုး က ကောက်ယူလိုက်တာ ။ အပေါင်ဆိုင် တရုတ်နဲ့ ကလေးမမွေးတဲ့ မငြိမ်း က သူကြီး ကိုတက်ရိုး နဲ့ ကျတော့ မွေးလိုက်တာမှ ရှင်မွေးလွန်း ဖြစ်ရော ။ ဆယ့်တစ်ယောက် တောင် ( ဒါတောင်မှ ကြားထဲမှာ နှစ်ယောက် ပျက်ကျသေးတယ် ) ကိုတက်ရိုး ရဲ့ အရင် မယား က ရတဲ့ သားသမီးတွေ နဲ့ အဆင်မပြေတော့ ဝိုင်းထဲမှာ အိမ်သပ်သပ် ဆောက်ပြီး ထားတယ် ။
အရင်မယား က သားသမီးတွေနဲ့ မငြိမ်း နဲ့သာ အဆင်မပြေတာ ။ ကလေးတွေချင်း ကျတော့ အဆင်ကို ပြေလို့ ချစ်ကြတယ် ။ ကိုတက်ရိုး ကလည်း မငြိမ်း မို့ မျက်နှာသာ မပေးဘူး ။ အရင်သားသမီးတွေ မို့လို့လည်း ဦးစား မပေးဘူး ။ မျှမျှတတ ပဲ ။
ခြံဝိုင်းကြီးထဲ စပါးကျီ ၊ ပဲကျီ ကြီးကြီးဆောက်ပြီး ရလာတဲ့ စပါး ၊ ပဲ ၊ နှမ်း လှောင်ထားတာပဲ ။ မျိုးချန်စရာရှိတာ ချန် ၊ ရောင်းစရာရှိတာ ရောင်း ၊ စားဖို့ သိမ်းတာ သိမ်းနဲ့ ရသမျှ တစ်စုတစ်စည်းတည်း ထားတာပါပဲ ။
ကိုတက်ရိုး အသက်ခြောက်ဆယ် တော်တော် ကျော်လာတော့ သူကြီး အလုပ် စိတ်ကုန်လာတယ် ။ အသက်ကလည်း ရလာပြီ ။ လယ်တွေ ချောင်းတွေကလည်း ရှိသေးတယ် ။ ရွာကိစ္စတိုင်းကို ထစ်ခနဲဆို သူ မသွားနိုင်တာလည်း ပါတယ် ။ ဆိုင်ရာဆိုင်ရာနဲ့ ညှိနှိုင်းပေးကမ်းပြီး သူ့သား ငမှင် ကို သူကြီးရာထူး အပ်ပြီး သူက နားတယ် ။ သျှောင်တစောင်း နဲ့ သူကြီး ကိုတက်ရိုး နေရာမှာ ဘိုကေနောက်မြင့် နဲ့ သူကြီးဦးမှင် ပြောင်းတာက လွဲရင် သက်ကယ်တန်းရွာ က သူကြီး အပြောင်းအလဲကို သိတောင် မသိလိုက်ကြဘူး ။
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ရွာကလေးမှာ သူကြီးအပြောင်းအလဲ ကို သိပ် ဂရုစိုက်နေကြတာလည်း မဟုတ်ဘူး ။ တစ်နေ့ ငမှင် သူကြီး ဖြစ်မယ် ဆိုတာ ကြိုသိနေကြတော့လည်း အသွားမပျက် အစားမပျက်ပါပဲ ။ ကိုမှင် က သူကြီးဖြစ်လို့မှ မကြာသေးဘူး ။ သူ့အဖေ သူကြီးဟောင်း ကိုတက်ရိုး ရဲ့ နောက်မယား မငြိမ်း သေပြန်ရော ။ မငြိမ်း သေတော့ သူကြီးဟောင်း ကိုတက်ရိုး က ခုနှစ်ဆယ် ကို သုံးနှစ် စွန်းနေပြီ ။ လယ်လေး ကိုင်းလေးလည်း ကွပ်ပဲရသေးတယ် ။ ရပ်ရွာမှုကလည်း တစ်ဖက် ၊ ညီအစ်ကိုမောင်နှတွေ အရေးက တစ်ဖက် နဲ့ ဂျင်ခြေကို လည်လို့ပ ။
ညီအစ်ကို မောင်နှမတွေ ကို အိမ်စောင့် ချသင့်သူ ချ ၊ ကျောင်းထားဖို့ မြို့ ကို ပို့သင့်သူ ပို့ ။ လယ်ထဲ ကိုင်းထဲ ဆင်းခိုင်းသင့်တဲ့လူ ဆင်းခိုင်း လုပ်နေတုန်းမှာပဲ သူကြီးဟောင်း ကိုတက်ရိုး က ပုတီးကလေး လည်ပင်းဆွဲပြီး ဘုန်းကြီးကျောင်း သွားသွားနေတာ နေ့တိုင်း ။ ဘုန်းကြီးကျောင်း သွားတဲ့ လမ်းမှာ ရီးပေါက်စ တို့ သက်ကယ်ပျစ် တဲ့ တဲကြီး ရှိတယ် ။ ဟိုရွာ သည်ရွာက မိန်းကလေး တော်တော်များများလည်း ရီးပေါက်စ တို့အိမ်မှာ နေရင်း သက်ကယ် ပျစ်ကြတယ် ။ အဲဒီ အထဲမှာ ဖလံကျင်း က မမြသင် လည်း ပါတယ် ။ အိမ်ရှေ့ ဖြတ်ဖြတ်သွားတဲ့ သူကြီးဟောင်း ကိုတက်ရိုး ကို ရီးပေါက်စ က “ အိမ်များလည်း ဝင်ပါဦး သူကြီး ရဲ့ ... ဝင်ကောင်းပါတယ် ” ဘာညာ ဆိုတော့ သူကြီး ကလည်း ဝင်ဖြစ်ရော ။ ဝင်ရင်း ဝင်ရင်း ကပဲ သူကြီးဟောင်း ကိုတက်ရိုး မိန်းမ လိုချင်လာရော ။ ဒါကို ရီးပေါက်စ က သိတယ် ။ ရီးပေါက်စ က ဒါကိုတင် သိတာ မဟုတ်ဘူး ။ သူကြီးဟောင်း ရဲ့ လယ်တွေ ချောင်းတွေ ကိုလည်း သိတယ် ။ အရင် မယားတွေ က ကျန်ရစ်တဲ့ ကြံဆစ် လက်ကောက်တွေ ၊ ပန်းတစ်လိမ် နန်းတစ်လီ ဗျက်တွေ ၊ အမ်စီကြိုးတွေ ကိုလည်း သိတယ် ။ သေတ္တာ နဲ့ နှစ်လုံးလောက် ကျန်ရစ်တဲ့ ထဘီတွေ ၊ အဝတ်အစားတွေ ကိုလည်း သိတော့ မမြသင်ကလေး နဲ့ အောင်သွယ်တယ် ။ အောင်သွယ်ခလေး စားလိုက် ၊ နားလေး ချလိုက်နဲ့ နှစ်နှစ်လောက် ကြာတော့ မင်္ဂလာဆောင် ဖို့ ရက်သတ်တဲ့ အထိ ဖြစ်လာတယ် ။ ပထမတော့ မမြသင် က ငြင်းတယ် ။ ခုနှစ်အိုကျား ရှစ်အိုကျားကြီး မယူချင်ပေါင် တဲ့ ။
နောက်တော့ ရီးပေါက်စ ကလည်း အပို့ကောင်း ၊ မမြသင် မိဘများကလည်း သည်သတင်းကြားတော့ တွန်း ။ ကြာတော့ မမြသင် “ အင်း ” လိုက်ရတယ် ဆိုပါတော့ ။
အဲဒီ မှာတင် သူကြီးဟောင်း ကိုတက်ရိုး နဲ့ ဖလံကျင်းသူ မမြသင် မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်း ထွက်လာလိုက်တာ ပဒူအုံ တုတ်နဲ့ ထိုးလိုက် သလိုပဲ ။
°°°°° °°°°° °°°°°
( ၃ )
မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေ ဆိုတာ ထိန်လို့ ။ မကွေး ကို တက်ငှားတာ ဓာတ်မီးဖိုး ကချည်း တစ်ရာ လောက် ကျတယ် ။ ချက်တဲ့သူက ချက် ၊ ပြုတ်တဲ့သူက ပြုတ် ပေါ့ ။ သူကြီး ကိုမှင့် မျက်နှာနဲ့ ဟိုရွာ သည်ရွာက လာပို့တဲ့ ဝက် တို့ ၊ ကြက် တို့ဆိုတာ ဖောချင်း ပဲ ။ အရက် ဆိုတာကတော့ မပြောနဲ့ ပလတ်စတစ်ပုံးကြီးတွေနဲ့ တည်ထားတာ ။ သောက်စမ်း ကြိုက်သလောက် ။
ရွာက တီးဝိုင်းကလည်း ရသမျှ သီချင်းတွေနဲ့ ဧည့်ခံလို့ ။ သူကြီးဟောင်း ကိုတက်ရိုး ကတော့ တစ်ခါမှ ထုတ်မပေါင်းဖူးတဲ့ ပန်းနုသွေး မင်္ဂလာရောင် ခေါင်းပေါင်း နှစ်ပတ်ကျော့လေး နဲ့ တကယ့် ကာလသားလေး ကျနေတော့တာ ။ လည်ကတုံးအကျ .. လျှာဖတ်လတ်မှာ ရွှေသီး ဆိုတာ တစ်လုံးတစ်လုံး ကို မန်ကျည်းစေ့လောက် ရှိတယ် ။ တစ်ချက်မှလည်း ဣန္ဒြေ မရဘူး ။ ရပ်မိရပ်ဖတွေ ထိုင်တဲ့ လူကြီးဝိုင်းပဲ ဝင်ထိုင်ရတော့ မလိုလို ၊ ကာလသား တီးဝိုင်းထဲ ဝင်ပြီး မေတ္တာသဗ္ဗေအနန္တော မြတ်ရှင်စော ဟောကြားကာရယ် ပဲ ဟဲရတော့ မလိုလိုနဲ့ ။
သူကြီး ကိုမှင် ကတော့ ဖအေ သတို့သား ကို ကြည့်ရင်းက ပြုံးပြုံးကြီး ။ မငြိမ်း နဲ့ ရတဲ့ ကလေးတွေကလည်း သူတို့ အဖေ အိုကြီးအိုမ ကို ကြည့်ပြီး ရှက်တဲ့ သူက ရှက်လို့ ။ မူးတဲ့ လူက မူးလို့ ။ ပျော်တဲ့ သူက ပျော်လို့ ။ မမြသင် ကိုတော့ မတွေ့ရဘူး ။ ရှက်လို့ပဲလား ။ ညွှတ်နေအောင် ဆင်ထားတဲ့ ရွှေတွေ နဲ့ မနေတတ် မထိုင်တတ်လို့လား မသိဘူး ။ မဏ္ဍပ်ထဲ တစ်ခါမှ မလာဘူး ။ တချို့ကလည်း ရီးပေါက်စ တို့ အိမ်မှာ ငိုနေလိုက်တာ ရှိုက်ကြီးငင်ကြီး တဲ့ ။ တချို့ကလည်း မဟုတ်ပါဘူး တဲ့ ။ သင်းကြူကြူပေါင်ဒါလေး လိမ်းလိုက် ၊ သီချင်းလေး ညည်းလိုက်နဲ့ ပါတဲ့ ။
ခက်တာက မမြသင် ရဲ့ အဖေ နဲ့ အမေ ပဲ ။ သူကြီးဟောင်း ရဲ့ ယောက္ခမ သာ ပြောရတယ် ။ သမက် က သူတို့ထက် ကြီးနေတော့ သား ပဲ ခေါ်ရမှာလား ။ သူကြီး လို့ လွယ်လွယ် ခေါ်ရမှာလား မဝေခွဲတတ်ဘူး ဖြစ်နေတယ် ။ ကိုတက်ရိုး ကလည်း ယောက္ခမ ကို ခေါ်ရင် ဒီမယ် တဲ့ ။
နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းအုပ် ပို့ပြီးတာနဲ့ ရွာ က ရွာမိရွာဖတွေ ထမင်းကျွေးဖို့ စီစဉ်တယ် ။ ထမင်းမကျွေးခင် ဟိုဘက် ဒီဘက် ဆွေမျိုးမိဘတွေ ၊ လူကြီးသူမတွေ ခေါင်းရင်းဘက် တန်းစီထိုင်ပြီး သတို့သမီး ၊ သတို့သား မင်္ဂလာစကား ပြောမယ် လုပ်တော့ မမြသင် နဲ့ ကိုတက်ရိုး က ပီဘိ ကျုံ့ကျုံ့ ကလေး ထိုင်လို့ ။ မမြသင် ကတော့ စံပယ်ပွင့်တွေ ဝေနေအောင် ပန်ထားတယ် ။ မျက်နှာကလည်း ပန်းသွေး ထနေလိုက်တာ ရဲလို့ ။ ခေါင်းကလည်း ငုံ့ထားလိုက်တာ ဇက်ကျိုးတာကမှ လှုပ်လိမ့်ဦးမယ် ။ မိန်းမသုံးယောက် နဲ့ မင်္ဂလာဆောင်ဖူးသွားပြီ ဖြစ်တဲ့ ကိုတက်ရိုး ကတော့ ရှိုးတိုးရှန့်တန့်တော့ မဖြစ်ဘူး ။ ဒါပေမယ့် ရှက်တော့လည်း ရှက်တာပါပဲ ။ သူ့ သဘောအတိုင်းဆို မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး ။ သည်အတိုင်း ပေါင်းလိုက်ရုံ တွက်ထားတာ ။ ဒါပေမယ့် မမြသင် ဘက်က လက်မခံဘူး ။ သူ့သမီး အပျို နုနုထွတ်ထွတ်ကို မင်္ဂလာဆောင် ယူရမယ် ဆိုလို့သာကိုး ။
မမြသင် ရဲ့ မိဘနှစ်ပါးရဲ့ ရပ်ဖိရပ်ဖတွေ သူ့သား သူကြီးကိုမှင် တို့ ခေါင်းရင်းခန်း နေရာ ဝင်ယူတော့ လာသမျှ ဧည့်သည်တွေကလည်း အထူးအဆန်း ဖြစ်လို့ ၊ ငြိမ်လို့ ၊ ပြုံးကြလို့ ။ ဒါပေမယ့် မင်္ဂလာစကား ကို ဘယ်သူက စပြောမယ် ဆိုတာ ညှိမထားတော့ တိတ်ဆိတ်နေလိုက်တာ အကြာကြီး ။ တအောင့်နေတော့မှ ရွာက စက်ပိုင် ဦးဘရှင် က ..
“ မောင်မှင် မင်းက ရွာမှာ သူကြီး ပဲ... မင်း က စ,ပြောကွာ ” တဲ့
ကိုမှင် က ဘယ်လိုမှ မျှော်လင့်ထားတာ မဟုတ်ဘူး ။ သူ စကားပြောရမယ် လို့လည်း မထင်ဘူး ။ ပြောလည်း မပြောတတ်ဘူး လို့ တွက်ထားတာကိုး ။ ဒါကြောင့် ဦးဘရှင် က ပြောခိုင်းတော့ တွန့်သွားတယ် ။
“ ဟာ ... မဟုတ်တာ..ဘကြီးရှင် ပဲ ပြောပါဗျာ ”
“ အေးပါ ... တို့လည်း ပြောမှာပါ ... ဟိုဘက် ဒီဘက် မိဘများကလည်း ပြောရမှာလေ ... မင်းက အဖေဘက်က လူကြီးတစ်ယောက် အနေနဲ့ရော ... ရွာက သူကြီး အနေနဲ့ပါ မင်း စ,ပြော မှ တင့်တယ်မှာပေါ့ ”
အဲဒီ တော့ ရွာက လူတွေကလည်း စိတ်ဝင်စား လာကြတယ် ။ ကိုမှင် ကတော့ ချွေးတွေသံတွေ တောင် ထွက်လာတယ်လို့ ထင်တယ် ။ သူ့ ရှေ့က ဖလားစုံ ကွမ်းအစ်ကြီး ထဲက ကွမ်းသီးတစ်ဖတ် ကောက်ဝါးထည့်ပြီး အကြာကြီး နေတော့မှ
“ အဟမ်း ... ”
ချောင်း မဟန့်ချင်ဘဲ ဟန့်တော့ လူတွေက တဝေါဝေါ စကားပြောကြတာ ငြိမ်သွားတယ် ။
“ အဖေ နဲ့ အဲ ... အဖေ နဲ့ ပေါ့လေ ... မမြသင် နဲ့ ” ကိုမှင် ဆက်ပြောလို့ မရသလို ရပ်သွားတယ် ။ ကွမ်းသီးတစ်ဖတ် ထပ်နှိုက်တယ် ။ ဝါးတယ် ။ မဆီမဆိုင်ရေနွေးကြမ်း တစ်ပန်းကန် ငှဲ့တယ် ။
“ အဖေ နဲ့ မမြသင် နဲ့ ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကား ပြောပါဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ရှိတယ် ။ ပုဆိုးတန်းတင် အကြင်လင်မယား တဲ့ ... အဟမ်း .. အရှေ့ ခုနှစ်အိမ် အနောက် ခုနှစ်အိမ် သိကြလို့ မြန်မာထုံးစံ ကန်တော့ပွဲနှင့် ကွမ်းဆေးလက်ဖက် နဲ့ ဧည့်ခံလို့ လင်မယားအရာ မြောက်ပြီဆိုတာနဲ့ ... ”
ကိုမှင် က ငှဲ့ထားတဲ့ ရေနွေးကြမ်းပန်းကန်ကိုယူပြီး ရွတ်ခနဲ သောက်တယ် ။ သူကြီးဟောင်း ကိုတက်ရိုး ကတော့ သူ့သား ကိုမှင် ကို မျက်ထောက်နီကြီး နဲ့ ကြည့်နေတယ် ။ လူတွေက ရယ်ချင်ပေမယ့် မရယ်ဘဲ တင်းထားတဲ့ ရုပ်တွေနဲ့ ။ ကိုမှင် ကလည်း သူ့စကား အမြီးအမောက် မတည့်တာ သူ့ ဟာ သူ သိတယ် ။ ဘာဆက်ပြောရမှန်းလည်း မသိဘူး ။ ခဏနေတော့မှ
“ ဒီတော့ကာ မမြသင် ကလည်း မယားဝတ္တရား ငါးပါး နဲ့ တူတယ် ... အဲဒါ ရှိတယ် .. အဖေ ကလည်း လင့်၀တ္တရား ငါးပါးနဲ့ အညီ တစ်ဦးကို တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ နော် ဗျာ ... ရသမျှ ဥစ္စာလည်း တူအမျှ .. ရသမျှ ကုသိုလ်လည်း တူအမျှ ဆိုသလို အဲ .. ဆိုသလို မမြသင် ကလည်း ကိုယ့် လင်သား ကို လင်သား လို အစ်ကို လို ... အဖေ လို ဆက်ဆံရမယ် ... အဖေ ကလည်း ဒီလိုပဲနော် ... အဖေ ကလည်း ခါတိုင်းလို မမိုက်နဲ့တော့ ... ”
သူကြီးဟောင်း ကိုတက်ရိုး က သူ့သား ကိုမှင် ပြောနေတာကို ဒေါသပဲ ဖြစ်နေလို့လား ၊ စိတ်ထဲ မကောင်းလို့လား မသိဘူး ။ မျက်လုံးတွေကလည်း ပြူးလို့ ။
“ မမိုက်နဲ့ ဆိုတာက အဖေ ကက် လည်း ဖြတ်တော့ ... အရက် လည်း ဖြတ်တော့ ... အသက်ကလည်း နားထင် ဆောင့်နေပြီ ” ကိုတက်ရိုး က သူ့သား ကိုမှင် ရဲ့ မင်္ဂလာစကား ထဲမှာ ကက် တွေရော ၊ အရက် တွေရော ၊ မမိုက်နဲ့တော့ ရော ပါလာတဲ့အထိ ဘာမှ မပြောသေးဘူး ။ အသက် နားထင်ဆောင့်နေပြီလည်း ဆိုရော ...
“ဟေ့ကောင် ငမှင် ... ခွေးသား တော်တော့ကွာ ” တဲ့ ။
အော်လိုက်တာမှ မင်္ဂလာပွဲ လာကြတဲ့ သူတွေဆိုတာ အုံးခနဲ ထရယ်တာ ပတ်ထုတ်ယူရတယ် ။
°°°°° °°°°° °°°°°
( ၄ )
အရင် မယားနှစ်ယောက် ယူခဲ့တုန်းက မယားတွေ သာ သေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုး ၊ မမြသင် နဲ့ ညားလို့ ခြောက်လ လောက်လည်း ကြာရော သည်တစ်ခါ သေတာ သူကိုယ်တိုင် ဖြစ်သွားတော့တယ် ။ အဲဒီ တုန်းက မူလ ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်းသည့် ရောဂါ ဆိုတာလည်း မပေါ်သေးဘဲ နဲ့ သူကြီးဟောင်း ကိုတက်ရိုး ကတော့ တပိန်ပိန် တလိန်လိန် နဲ့ လုံးပါးပါးပြီး သေသွားတာ ။ ဘာရောဂါရယ် လို့ မည်မည်ရရ လည်း မရှိဘူး ။
သူကြီးဟောင်း ကိုတက်ရိုး ခုနှစ်ဆယ် ကျော် လို့ သေသွားတာက သတင်း မဟုတ်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မမြသင် ကတော့ ကိုယ်ဝန် နှစ်လ ကျန်ရစ်ခဲ့တယ် ဆိုတာကမှ သတင်း ဖြစ်နေတော့ ရွာက လူတွေ က “ ဟယ် ... ဟုတ်ပါ့မလားပေါ့ ... မဖြစ်နိုင်ဘူး ” ပေါ့ ။
သူကြီးဟောင်း သေပြီးလို့ မကြာပါဘူး ၊ မမြသင် ဗိုက်ကလေး စူလာတော့မှ လူတွေ က ...
“ ဟုတ်ပါ့တော် ... သူကြီးဟောင်း ကိုတက်ရိုး တို့များ သေခါနီး တောင် “ ခုနှစ်ထွေက ” လေးနဲ့ ” တဲ့ ။
◾ နေဝင်းမြင့်
၁၉၉၀ ဧပြီ
koaungnaingoo.blogspot.com
.
No comments:
Post a Comment