Thursday, November 4, 2021

ဘီ အိုင် အေ


 

❝ ဘီ အိုင် အေ ❞

လမ်းတုန်းက ဘယ်မြို့ ဘယ်သူ သိမ်းသည် ကို မသိခဲ့ ။ စစ်မျက်နှာပြင် ဘယ်သို့ ရောက်နေသည်ကိုလည်း မသိခဲ့ ။

ဟင်္သာတ ရောက်မှ ရန်ကုန်မြို့ ကို ဂျပန် တွေ သိမ်းပြီးပြီ ဖြစ်ကြောင်း သိရလေသည် ။

ထိုမျှ မကသေး ၊ ဟင်္သာတ ကိုလည်း ဘီအိုင်အေ ခေါ်သော ဗမာ့လွတ်လပ်ရေးတပ်မတော် က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သိရလေသည် ။

သခင် နှင့် ကျောင်းသားများ သည် တပ်ဖွဲ့လျက် ဂျပန် နှင့် အတူ ချီတက်လာပြီး ဗမာ့ လွတ်လပ်ရေး အတွက် တိုက်နေကြပြီဟုကား ကြားသိထားနှင့်၏ ။ သို့သော် ဘီအိုင်အေ ဆိုသော အခေါ်အဝေါ် ကိုကား ယခုမှပင် ပထမဆုံး အကြိမ် ကြားဖူးရခြင်း ဖြစ်လေသည် ။

ဟင်္သာတမြို့ ကား အပျက်အစီး သိပ် မရှိ ။ စစ်မြေပြင် အမာရွတ် ဟူ၍ တစ်စုံတစ်ရာ မတွေ့ရ ။ ဖုံး၍ထားသော ဒဏ်ရာဒဏ်ချက်လည်း မရှိ ။ စစ်အတွင်း ကံကောင်းသော ဟင်္သာတ ။

ဟင်္သာတ မှာ တိုက်ပွဲ ဖြစ် မဖြစ် ကျွန်တော် စုံစမ်းကြည့်သည် ။ ကမ်းနားမှာ တိုက်ပွဲဖြစ်သည်ဟု ဆို၏ ။ ဘီအိုင်အေတပ်များ က ရေကာတာ ကို အကာအကွယ် ယူပြီး တိုက်ကြသည် ။ အင်္ဂလိပ် စစ်တပ်များ က မြစ်ထဲမှနေ၍ တိုက်ကြသည် ။ ပစ်ခတ်တိုက်ခိုက်နေကြစဉ် ဟင်္သာတ မြို့သူမြို့သား များသည် ဘီအိုင်အေစစ်သားများ ကို အဖက်ဖက်မှ ကူညီကြသည် ဆို၏ ။ ကျည်ဆန်သယ်ပေးသူ ၊ ရေတိုက်သူ ၊ ဆေးလိပ်တည်သူ ၊ ထမင်းထုပ်ကမ်းသူ ၊ သက်သက်ကြည့်ပြီး ဩဘာပေးသူ ၊ ဘီအိုင်အေ ထဲ ဝင်ရန် စာရင်းပေးသူ တရုန်းရုန်း တအုန်းအုန်း စည်ကားလှသည်ဆို၏ ။

ဘီအိုင်အေ စစ်သား တို့အား ချီးကျူးသံမှာ အပျံ့အနှံ့ ဖြစ်လေသည် ။

ကျွန်တော် ကား ဟင်္သာမြို့ မြေပေါ် နင်းမိသည်ဆိုလျှင်ပင် ဘီအိုင်အေ စစ်သားတွေကို တွေ့မြင်ချင် လေသည် ။ သို့သော် ကျွန်တော် ရောက်သော အချိန်မှာ ညနေဝင်ရီတရော ဖြစ်သောကြောင့် လွယ်ကူစွာ မတွေ့နိုင်ချေ ။

မြို့ မှာ ဓာတ်မီးတွေဖြင့် ထိန်နေ၏ ။ လမ်းမီး ၊ အိမ်မီး ၊ ဘုရားမီး ။

ရေဒီယိုသံ တွေကိုလည်း ကြားနေသည် ။

ငြိမ်းချမ်းနေသော အချိန်အခါနှင့် တူနေပေ၏ ။

သခင်များ ၊ ကျောင်းသားခေါင်းဆောင်များ နှင့် မြို့မိမြို့ဖလူကြီး များ ခေါင်းဆောင် ကာ ဖွဲ့စည်းထားသော ဟင်္သာတခရိုင် အုပ်ချုပ်ရေးအဖွဲ့ ရှိနေပြီဟုလည်း သိရ၏ ။ ထိုအဖွဲ့သည် မင်းပြောင်းမင်းလွဲ ဖြစ်သော်လည်း ဖရိုဖရဲ မဖြစ်ရအောင် ထိန်းသိမ်းရုံ မက အားလုံး အခြေအနေ နေသားတကျဖြစ်အောင် စီမံနေပြီဟု ဆို၏ ။

ကျွန်တော် ကား ဖြစ်နိုင်လျှင် ဟင်္သာတ မှ လက်ပံတန်း သို့ ၊ လက်ပံတန်း တို့မှ ရန်ကုန် သို့ မီးရထား ဖြင့် သွားချင်သည် ။ သို့မှ မြန်မြန် ရောက်လိမ့်မည် ။ ထို့ကြောင့် ကျွန်တော့် အနီး လာ ထိုင်ပြီး ဟင်္သာတ အကြောင်း ပြောပြနေသော ထမင်းဆိုင်ရှင် အား -

“ အားလုံး နေသားတကျ ပြန်ဖြစ်အောင် စီမံနေတယ်ဆိုတော့ သာရဝေါ လက်ပံတန်း မီးရထား သွားနေရောပေါ့ နော်ဗျာ ”

“ အဲဒီဘက်လမ်း ကိုတော့ ဘာမှ မလုပ်နိုင်သေးဘူးလို့ ထင်တယ်ဗျ ။ အင်္ဂလိပ်စစ်တပ်တွေ က တံတားကြီး ချိုးထားတယ် ၊ ရန်ကုန် ဘက် က ဆုတ်လာတဲ့ အင်္ဂလိပ်စစ်တပ် တွေကလည်း လက်ပံတန်း ဘက်မှာ ရှိသေးတယ် ဆိုသလိုလိုပဲဗျ ။ ပုသိမ် ဘက်ကိုတော့ မကြာခင်ပဲ မီးရထား သွားနိုင်အောင် လုပ်မယ်လို့ လူကြီးတွေ ပြောနေကြတာပဲ ။ ဖြစ်မှာပါပဲဗျာ ၊ ဘီအိုင်အေ ဗိုလ်ကြီး ကလည်း တယ်ပြီး အစီအမံ ကောင်းတာပဲ ၊ ဗိုလ်ကြီး ကိုယ်တိုင်များ ဒီနယ် မှာ ဆက်အုပ်ချုပ်ပြီး လုပ်လိုက်ရရင် ခဏကလေး နှင့် အားလုံး ကောင်းကုန်မှာပဲ ။ ခုတော့ ဗိုလ်ကြီး က ဒီမှာ အကြာကြီး မနေနိုင်ဘူးတဲ့ဗျ ”

“ ဘယ်သွားမှာလဲ ”

“ ရန်သူ နောက် လိုက်တိုက်ရမှာတဲ့ဗျာ ၊ ပြည်ဘက် ဆက်ချီတက်ကြရမှာပဲလို့ သတင်းဖြစ်နေတာပဲ ။ ဘီအိုင်အေ ဗိုလ်ကြီးက တယ်လည်း တိုက်ရည်ခိုက်ရည် ရှိသတဲ့ ၊ သတ္တိလည်း ကောင်းသဗျ ”

“ ဗိုလ်ကြီးနာမည်က ဘယ်သူတဲ့လဲ ”

“ ဗိုလ်ရန်နိုင် တဲ့ဗျ ၊ နာမည် ကို က ရန်နိုင်မယ့် နိမိတ်ပဲ ”

“ ကျွန်တော်ဖြင့် တစ်ခါမှ ဒီနာမည် ကို မကြားဖူးဘူးဗျ ။ သခင်ရန်နိုင် ၊ ရဲဘော်ရန်နိုင် ၊ မကြားဖူးပါဘူးဗျာ ”

ကျွန်တော် သည် သည်နာမည်ကို အကြိမ်ကြိမ် ရေရွတ်ပြီး တွေးကြည့်နေသည် ။ နောက်ပေါ်တဲ့ ရွှေကြာပင်ထဲကပဲမို့ ကျွန်တော် မကြားဖူးခြင်း ဖြစ်ရမည်ဟု အောက်မေ့လိုက်ပေသည် ။

ထမင်းဆိုင်ရှင် သည် ကျွန်တော့် အား အကဲခတ်နေဟန် ရှိ၏ ။

အတန်ကြာ ငြိမ်သက်နေကြပြီးနောက် ကျွန်တော် က မေးလိုက်ပြန်သည် ။

“ သူ က စစ်ဗိုလ်ကြီးမဖြစ်ခင်က သခင်ခေါင်းဆောင်လား ၊ ကျောင်းသားခေါင်းဆောင်လား ” 

“ ကျောင်းသားခေါင်းဆောင်ဆို ထင်ပါရဲ့ဗျာ ။ ကျွန်တော်တော့ ကောင်းကောင်း မသိပါဘူး ၊ ဈေး စကားပါပဲ ၊ ဂျပန်ပြန် တဲ့ဗျ ”

“ ကျောင်းသားခေါင်းဆောင်ဆိုရင် ကျွန်တော် သိရမှာပဲဗျ ”

သို့ကလို ပြောနေကြစဉ် ဆိုင်ရှေ့မှ ကားတစ်စီး ဖြတ်သွားလေသည် ။

ထမင်းဆိုင်ရှင်က -

“ ဟော ဟော ၊ သူပဲ သူပဲ ၊ ဘီအိုင်အေ ဗိုလ်ကြီး ”

ကျွန်တော် ကား စစ်ဗိုလ်ကြီး ၏ မျက်နှာ ကို ကောင်းစွာ မမြင်လိုက်ရပါ ။ စစ်ဗိုလ်ကြီး မှန်းတော့ အလွန်သိသာ၏ ။ ကားဘေး တစ်ဖက်တစ်ချက်တွင် စစ်သားတစ်ယောက်စီ လှံစွပ်တပ်ထားသော ရိုင်ဖယ်ကို ကိုင်၍ မတ်တတ်ရပ်လျက် လိုက်ပါသွားလေသည် ။

မော်တော်ကား မှာ ဟစ်လမင်အမျိုးအစား ခပ်သစ်သစ်ဖြစ်သည် ။

ကျွန်တော် က ဆက်ပြန်၏ ။

“ ကျောင်းသားခေါင်းဆောင် ဂျပန်ပြန် ဆိုရင်တော့ ကျွန်တော် သိရမှာပဲဗျ ”

ထမင်းဆိုင်ရှင် သည် ကျွန်တော့် အား မသင်္ကာသော မျက်လုံးများဖြင့် ကြည့်လျက် ဆိတ်ဆိတ် နေလေသည် ။

“ သူက ဘယ်မှာ နေသလဲဗျ ”

ဆိုင်ရှင် သည် မကြားချင်ယောင် ဆောင်နေသည်ဟု ထင်သည် ။

ကျွန်တော် က ထပ်၍ -

“ ဘီအိုင်အေ စစ်ဗိုလ်ကြီး က ဘယ်မှာ စခန်းချသလဲဗျ ”

ဆိုင်ရှင်သည် မပြောချင် ပြောချင်ဖြင့် -

“ မပြောတတ်ပါဘူးဗျာ ”

ကျွန်တော့် မှာ ကျွန်တော့် အကြောင်း ပြောမပြလျှင် မပြီးတော့ချေ ။ ကျွန်တော် လည်း သခင် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ၊ ကျောင်းသားခေါင်းဆောင်တစ်ဦး လည်း ဖြစ်ခဲ့သေးကြောင်း ၊ ယခု အရေးတော်ပုံလုပ်ငန်းများ နှင့် ပတ်သက်၍ အရေးတကြီး မန္တလေး မှ လာခဲ့ရကြောင်း ။ ချဲ့သင့်တာ ချဲ့ ၊ ကားသင့်တာ ကား သော်လည်း ဖုံးသင့်တာ ဖုံး ၊ ဖိသင့်တာ ဖိ၍ ပြောပြလိုက်လေသည် ။

သည်တော့မှ ထမင်းဆိုင်ရှင် သည် ကျွန်တော့် အား ယုံကြည်လာဟန် ရှိသည် ။ ယုံကြည်ရုံမက ကိုးစားလာဟန်လည်း ရှိသည် ။ အဆိုပါ စစ်ဗိုလ်ကြီး ဗိုလ်ရန်နိုင် သည် ဟင်္သာတဦးမြ ခေါ် မျိုးချစ် ခေါင်းဆောင်ကြီး ၏ အိမ်တွင် နေကြောင်း ပြောပြလေသည် ။ ကျွန်တော် က ထိုအိမ်သို့ သွားပြီး စုံစမ်းချင်ကြောင်း ပြောသောအခါ သူက -

“ ဒီအချိန်ကြီး သွားလို့တော့ မတော်ဘူးဗျ ၊ ကင်းတွေဘာတွေ ချထားတယ် ။ မတော်တဆ ပစ်လိုက်ခတ်လိုက်မှဖြင့် ကိုယ်ကျိုးကြီးနည်းရချည့်ဗျာ ” 

ကျွန်တော် က မအုံမအော့ လုပ်နေသောအခါ “ မနက်မှ သွားတာပေါ့ဗျာ ”  ဟု သူက ထပ်ပြီး အကြံပေးပြန်လေသည် ။

ကျွန်တော့် ကိုယ်အမူအရာ နှင့် မျက်နှာဟန်ပန်တို့မှာ စိတ်ပျက်ခြင်းကို သရုပ်ဆောင်နေဟန် ရှိ၏ ။

“ ဒီနေ့ည ဒီမှာ အိပ်ပေါ့ဗျာ ၊ မနက်မှ ထသွားတာပေါ့ ”

တစ်ညတာ တည်းခိုစရာ နေရာအတွက် စိတ်အိုက်နေခဲ့ရာ ပြဿနာတစ်ခု ရှင်းသွားလေသည် ။ သို့သော် ဟန်တော့ လုပ်ရသေး၏ ။

“ နေပါစေဗျာ ၊ ဒုက္ခရှာလို့ ”

“ ဘာမှ ဒုက္ခ မရှိပါဘူး ။ ထမင်းဆိုင် ဆိုတာ ဒီလိုပဲ ၊ ဧည့်သည်တွေလည်း အလွယ်တကူ ဝင်တည်းကြ တာပါပဲ ”

“ အေးလေဗျာ ၊ ကျေးဇူးပါပဲ ။ ဒီမှာ မအိပ်လည်း အခြား အိမ် တစ်အိမ်သွားပြီး ဒုက္ခပေးနေရဦးမှာပါပဲ ။ မနက်မှပဲ ဒီက ထသွားတာက အဆင်ပြေပါတယ် ”

ထိုနေ့ည ထမင်းဆိုင်မှာ ညအိပ်လိုက်ရလေသည် ။ ကျွန်တော့် အဖို့ ကြုံသလို သွား ၊ တွေ့သလို စား ၊ ဖြစ်သလို အိပ် ခဲ့ရသည်မှာ မဆန်းတော့ပါ ။ အမှန်အားဖြင့် စစ်ကြီးကာလ ခရီးသွားရသူတိုင်း အဖို့လည်း မဆန်းတော့ပါ ။

နောက်တစ်နေ့ နံနက် ၇ နာရီ လောက်တွင် ထမင်းဆိုင်ရှင် လမ်းညွှန်လိုက်သည့်အတိုင်း ဦးမြ ၏ အိမ်ဘက်သို့ လျှောက်လာခဲ့ကြလေသည် ။

ကမ်းနားလမ်းပေါ်မှာ အနည်းငယ် လျှောက်ရ၏ ။

ကာကီယူနီဖောင်း ကို အချိုးကျကျ ဝတ်ဆင်လျက် ဖိနပ် ပြောင်အောင်တိုက်ပြီး ကာကီ ဦးထုပ် ဆောင်းထားသော စစ်ဗိုလ်တစ်ဦး သည် လှေသမားများကို ငေါက်ငမ်းနေလေသည် ။ သူ့ လက်ထဲမှာ တုတ်တိုတစ်ချောင်း ကိုင်လျက် ။ သူ့နောက်မှာ စုပ်ပြတ်ပြီး မွဲညစ်ညစ်ဖြစ်နေသော ကာကီ ယူနီဖောင်း ပွရောင်းကြီးတွေ ဝတ်ထားသော ရိုင်ဖယ် လွယ်ထားသည့် စစ်သားသုံးဦး က ရပ်လျက် ။

စစ်ဗိုလ် သည် လှေများ ကို ဆင့်နေသည် ။ မပြည့်သေးသဖြင့် မကျေမနပ် ဖြစ်နေ၏ ။

“ မင်းတို့ နားမလည်ဘူးလားကွ ။ တို့က မင်းတို့ လွတ်လပ်ရေး အတွက် အသက်စွန့်ပြီး တိုက် နေရတဲ့ ကောင်တွေ ၊ မင်းတို့ဟာ တို့တပ်မတော် ရဲ့ ကျေးဇူးကို သိတတ် ရမယ် ။ မအေပေး တွေ ၊ ကျေးဇူး မသိတတ်လို့ ခုထိ မလာကြတာပဲ ”

ထိုသို့ ရေရွတ်ပြောဆိုသော စကားများကို ကြားရသောအခါ ကျွန်တော် ခေါင်းကြီးသွားလေသည် ။ ကျေးဇူး အတော် အတင်ခံချင်တဲ့ အာဏာသံ ပြင်းလှတဲ့ စစ်ဗိုလ်ကြီး ပါကလားဟု စိတ်ထဲမှာ မှတ်ချက်ချမိလေသည် ။ ' ဗိုလ်ရန်နိုင်ဆိုတာ သူပဲများ ဖြစ်မလားဟဲ့ ' ဟု တွေးကြည့် လိုက်မိသေး၏ ။ သို့သော် ဘီအိုင်အေ အကြီးအကဲ လုပ်သူ ဗိုလ်ရန်နိုင် သည် ကိုယ်တိုင် လှေ ဆင့်မည် မဟုတ်ဟု နားလည်လိုက်ပေသည် ။

ဦးမြ ၏ အိမ်ဝင်းခြံ အဝမှာ လည်းကောင်း ၊ အိမ်ပေါက်ရှေ့နားမှာ လည်းကောင်း ၊ ဘေးနား ဟိုနား သည်နားမှာ လည်းကောင်း ၊ ယူနီဖောင်းအပြာ ဝတ်ထားသော ရိုင်ဖယ် လွယ်ထားသည့် စစ်သားများကို တွေ့မြင်ရလေသည် ။ လှံစွပ်ကြီးများကား တလက်လက် ဖြစ်နေ၏ ။ သူတို့သည် လွယ်လင့်တကူ မီးသတ်ယူနီဖောင်းများကို ယူပြီးဝတ်နေဟန် တူ၏ ။

ဝင်းခြံထဲ ဝင်ရမှာ ခပ်ရွံ့ရွံ့ ဖြစ်လာသည် ။ သို့သော် အရဲစွန့်ပြီး ဝင်သွားလေ၏ ။ ဆတ်ခနဲ စစ်သားများ က လှံစွပ်များ နှင့် ကျွန်တော့် ရင်ဘတ်ကို ရွယ်ပြီး တားထားလိုက်လေသည် ။ စစ်သားတစ်ယောက် -

“ ဘယ်ကိုလဲ ”

ကျွန်တော် -

“ ဦးမြ အိမ် မဟုတ်ပါလား ခင်ဗျာ ”

“ ဟုတ်တယ်လေ ”

“ ဦးမြအိမ် သွားချင်လို့ပါဗျာ ”

သူတို့သည် ချိန်ရွယ်ထားသော လှံစွပ်ကြီးများ ကို ရုပ်သိမ်းကြပြီး အတွင်းသို့ ဝင်စေလေသည် ။

အိမ်တံခါးဝ သို့ ရောက်သောအခါ တံခါးစောင့် စစ်သားများ က လှံစွပ်များ ဖြင့် ချိန်ကာ တားကြပြန်လေသည် ။

“ ဘယ်သူနဲ့ တွေ့ချင်လို့လဲ ”

“ ဗိုလ်ရန်နိုင် နဲ့ တွေ့ချင်လို့ပါ ခင်ဗျာ ”

“ ခဏ ဒီမှာ စောင့်ဦး ”

ရဲဘော်တစ်ယောက် ကို အိမ်ထဲသို့ လွှတ်လိုက်၏ ။ အိမ်ထဲသို့ ကျွန်တော့် မျက်လုံးများ လိုက်သွားလေသည် ။ ခန်းမကြီး ၏ တစ်ဖက် ထောင့်တွင် စားပွဲရှည်ကြီး တစ်လုံး ရှိ၏ ။ ထိုစားပွဲမှာ စစ်ဗိုလ် တစ်ယောက် ထိုင်၍ ကော်ဖီ သောက်နေသည်ကို ဘေးစောင်း မြင်ရ၏ ။ ကာကီယူနီဖောင်း မှာ ခပ်ပွပွ ဖြစ်သည် ။ မြင်းစီး ဘွတ်ဖိနပ်ရှည်ကြီးကို စီးထား၏ ။ ရဲဘော် သည် သူနှင့် မလှမ်းမကမ်းတွင် ဖြောင်းထိုင်းခနဲ ခြေဖနောင့်ချင်း ပေါက်ကာ ရပ်ပြီး ဆလံ ပေး၏ ။ ဧည့်သည်တစ်ယောက် က တွေ့လိုကြောင်း ပြောပြနေဟန် ရှိ၏ ။ စစ်ဗိုလ် သည် ကော်ဖီသောက် မပျက်ဘဲ တစ်စုံတစ်ရာကို ပြောလွှတ်လိုက်လေသည် ။

ထိုရဲဘော် အပြင်ပြန်ထွက်လာပြီး ကျွန်တော့် အား -

“ ခင်ဗျား နာမည် ဘယ်သူလဲတဲ့ဗျ ၊ ဟင်္သာတ ကလား ၊ တခြား ကလား ”

“ ရန်ကုန် က သခင်တင်ထွန်း လို့ ပြောလိုက်ပါဗျာ ”

ထိုရဲဘော် ဝင်သွားပြန်လေသည် ။ ဖြောင်းထိုင်းနှင့် ဖနောင့်ချင်း ပေါက်ကာ ဆလံပေးပြီး ပြောပြနေပြန်လေသည် ။

စစ်ဗိုလ်ကြီး သည် အပြင်ဘက်တွင် ရပ်နေသော ကျွန်တော့် ဘက်ဆီ သို့ လှမ်းကြည့်လိုက်လေသည် ။ ကျွန်တော် က သူ့အား မြင်ဖူးသလိုလို ရှိသည်နှင့် စိုက်ကြည့်နေ၏ ။ သူကမူ ဗြုန်းခနဲ ထိုင်ရာမှ ထပြီး -

“ ဟေး ရဲဘော်တင်ထွန်း ”

သူ သည် ပြောပြောဆိုဆို မြူးထူးရွှင်လန်းစွာဖြင့် ကျွန်တော့် ဆီ လာလေသည် ။ သည်တော့မှ ကျွန်တော် ကား ဗိုလ်ရန်နိုင် ဆိုသည်မှာ ကိုထွန်းရှိန် ဖြစ်ကြောင်း သိလေတော့သည် ။ ကျွန်တော့် မှာ ထီပေါက်သလောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည် ။

“ ဟာ ကိုထွန်းရှိန် ပါကလား ”

ကျွန်တော်တို့ သည် တစ်ယောက်လက် တစ်ယောက် ဆွဲကြသည် ။

ကိုထွန်းရှိန် -

“ ခု ဘယ်က လာတာလဲ ”

ကျွန်တော် -

“ ဟာ မပြောပါနဲ့တော့ဗျာ ၊ မန္တလေး က လာတာ ။ ခု ဒီဝင်လာတာ ဗိုလ်ရန်နိုင် ဆိုတဲ့ စစ်ဗိုလ်ဟာ ခင်ဗျားပဲလို့ သိပြီး လာတာ မဟုတ်ဘူး ။ သခင်အရေးတော်ပုံ တပ်သားတစ်ယောက် ရန်ကုန် ရောက်အောင် သွားဖို့ ကိစ္စမှာ စစ်ဗိုလ်ကြီး တစ်ယောက် ကိုဖြင့် အကူအညီ တောင်းမှပဲ ဆိုပြီး လာခဲ့တာဗျ ။ ဝမ်းသာလိုက်တာဗျာ ကိုထွန်းရှိန် ရာ ”

“ အင်း ဝမ်းသာစရာပေါ့ဗျာ ။ ကဲ ကိုယ်တို့လည်း နက်ဖြန်ပဲ ဆက်ပြီး ချီတက်ရလိမ့်မယ် ။ ကိုယ့်လူ ကိုယ်တို့ တပ်နဲ့ အညာ လိုက်ခဲ့ပေတော့ ”

“ ဟင် အညာ က လွှတ်လိုက်လို့ ကျွန်တော် က အောက်ဆင်းခဲ့ရတာ ။ လိုက်တော့ လိုက်ချင်ရဲ့ ၊ လိုက်လို့ မဖြစ်ဘူး ထင်တယ် ”

“ ကဲလေ ဖြည်းဖြည်း ဆွေးနွေးတာပေါ့ ။ ထိုင် ၊ လာဒီမှာ ထိုင် ၊ ကော်ဖီသောက် ”

ကျွန်တော် က သူ့အား မန္တလေး က လာခဲ့ရပုံကို ပြောပြသည် ။ သူ က မန္တလေး မှ ပြည်မြို့ အထိ လမ်းတစ်လျှောက်လုံး အင်္ဂလိပ်စစ်တပ် တွေ ဘယ်လောက် တွေ့ခဲ့သလဲ ၊ လက်နက်အင်အား ဘယ်လို နေသလဲ ၊ အင်္ဂလိပ်အစိုးရ အုပ်ချုပ်ရေး အခြေအနေ ဘယ်လိုလဲ စသည်ဖြင့် မေးလေသည် ။ ကျွန်တော် ကား စစ်သား အရေအတွက် လည်း မှန်စွာ မခန့်မှန်းတတ် ၊ လက်နက်နှင့် ပတ်သက်ပြီး ဘာက ဘယ်လို ဟုလည်း ခွဲခြား မပြောတတ် ။ ကျွန်တော့် ကိုယ်ကို ကျွန်တော် အားမရ ။ နိုင်ငံရေး အခြေအနေကိုတော့ ကျကျနန ပြောပြနိုင်လေသည် ။ ဂျပန် တွေ ကတိမတည်ပုံကိုလည်း ပြောပြသည် ။

ကိုထွန်းရှိန် သည် သူတို့ မော်ဖိုဆာ မှာ စစ်အတတ် သင်ရပုံ ၊ စစ်ကြေညာတော့ ဘန်ကောက် သို့ လာခဲ့ကြပုံ ၊ ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ဖွဲ့ကြပုံ ၊ စစ်ကြောင်း သုံးကြောင်း ခွဲပြီး မဲဆောက် ၊ မြစ်သာ နှင့် ဝိတိုရိယ တို့မှ မြန်မာပြည် ထဲ ဝင်ခဲ့ကြပုံ ၊ ထားဝယ် မှာ သူ့ စစ်တပ် တိုးချဲ့ပုံ ၊ ထားဝယ် မှ မော်တော်ကတ္တူကြီး များဖြင့် မုတ္တမပင်လယ် ကို ဖြတ်ပြီး ဒေးဒရဲ ဝင်သိမ်းပုံ ၊ ကျိုက်လတ် ၊ ဘိုကလေး တို့ ဘက်မှနေပြီး ဟင်္သာတ ထိ ရောက်လာခဲ့ပုံတို့ကို ပြောပြလေသည် ။

“ ဂျပန်တွေနဲ့ ဆက်ဆံရတာ ၊ ဘယ့်နှယ်နေသလဲ ”

“ သူတို့လည်း နယ်ချဲ့သမားပဲ ဟာ ၊ ဆက်ဆံရေး ဘယ်ကောင်းတယ်လို့ ဟုတ်ပါ့မလဲ ကိုယ့်လူ ”

ကျွန်တော့် ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားသည် ။ ရှေ့အဖို့ အဆိုးတွေနှင့် ကြုံရဦးမှာပါကလားဟု တွေးမိလိုက်လေသည် ။

ထိုခဏ၌ အသားဖြူဖြူ ရှပ်အင်္ကျီအဖြူနှင့် လုံချည်နီ ဝတ်ထားသော လူနှစ်ယောက် ဝင်လာလေသည် ။

ကိုထွန်းရှိန် က -

“ ဟိုက ဝင်လာတဲ့ လူတွေဟာ ဂျပန် တွေဗျ ။ ကျွန်တော့်တပ် က အကြံပေးအရာရှိ နှစ်ယောက်ပဲ ၊ စကားပြောရင် ကြည့်ပြော ၊ ဗမာစကား မတတ်ပေမယ့် အကင်းပါးတယ် ”

ထိုစကားများ ကို ကတိုက်ကရိုက် ပြောပြီး ကိုထွန်းရှိန် သည် ထိုသူတို့အား ဂျပန်စကား ဖြင့် အာလာပသလ္လာပ ပြောနေလေသည် ။

ထိုနေ့ နေ့လယ်တွင် ဟိုက်စကူးကျောင်း ၌ စစ်သားစုဆောင်းရေး တရားပွဲတစ်ခု ကျင်းပလေသည် ။ ဗိုလ်ရန်နိုင် က -

“ နယ်ချဲ့သမားတွေကို ဗမာမြေပြင် က မောင်းနှင်ထုတ်ရမယ် ၊ အခု စစ်တိုက်နေတာ ဗမာ့ လွတ်လပ်ရေး အတွက် တိုက်နေတာ ၊ ဘယ်သူ့ အတွက်မှ တိုက်တာ မဟုတ်ဘူး ၊ မှတ်ထားပါ ”

စသည်ဖြင့် ဟောပြောလေရာ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် နေလေသည် ။

တို့ဗမာသခင်များ ၊ တောသူတောင်သား လယ်သမားများ နှင့် ကျောင်းသား အများအပြား ဘီအိုင်အေ ထဲသို့ ဝင်ကြလေသည် ။ ကောလိပ် တုန်း က ကျွန်တော်တို့နှင့် သိသော ဘီအေ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် အောင်ထားသည့် ဟင်္သာတ သား အတာ ခေါ်  ကိုဘသိန်း သည် ဘီအိုင်အေ ထဲ ဝင်သွားလေသည် ။

◾သိန်းဖေမြင့်

📖 အရှေ့က နေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment