အခန်း ( ၃၁ )
အလုပ် စ ဆင်းရတယ် ။ ပုဂ္ဂလိက မဟုတ်တော့ နှုန်းပြည့် မရဘူး ။ ပြီးတော့ မသီတာ က ငါ့ အတွက် ဈေးတပတ် ရငွေထဲ က သုံးရာ ဖြတ်မယ်တဲ့ ။ ဖြတ်ပေါ့ ။
အလုပ်ခန်း က လေးခန်း ပဲ ရှိတယ် ။
ရန်ကုန် က ပစ္စည်း လေးခု မှာရမယ့် အစား တခု လျော့မှာလိုက်တယ် ။ သည်တော့ ပစ္စည်း သုံးခု ပဲ ပါလာတယ် ။ ငါ့ အတွက် က တခန်း ရတယ် ။
ရန်ကုန် က ပါလာတဲ့ ပစ္စည်းတွေ လဲပဲ ဈေးတပါတ် လုပ်ခ သုံးရာ အဖြတ် ခံရတာချည့်ပဲ ။
အများတောင် အဖြတ်ခံရမှတော့ ငါ လဲ အဖြတ် ခံရတော့မှာပေါ့ ။ အလုပ်ရတဲ့ အတွက် မသီတာ ကို ကျေးဇူးတောင် တင်ရလိမ့်ဦးမယ် ။
အဲ ... ငွေရှင်းပေးတာကလဲ နည်းတယ် ။ နှစ်ဆယ့်ငါး ရာခိုင်နှုန်း ဆိုပါတော့ ။ ဧည့်သည်ထံကတော့ တရာ ကောက်တယ် ။ ငါတို့ ကိုတော့ အစိတ်ပဲ ရှင်းပေးတယ် ။
စားဖို့သောက်ဖို့တော့ မပူရဘူး ။ စရိတ်ငြိမ်း ဆိုပါတော့ ။
မနက်စာလဲ မနက်စာ အလျောက် ၊ နေ့လယ်စာလဲ နေ့လည်စာ အလျောက် ၊ ညစာလဲ ညစာ အလျောက် ၊ စားချင်ရာရာ ဝယ်ကျွေးတယ် ။ ကျွေးစရိတ် မွေးစရိတ် ကိုတော့ ပစ္စည်းထိန်း က တာဝန်ယူတယ် ။
လုံခြုံရေး တာဝန်ကိုတော့ တည်းခိုခန်း က တာဝန် ယူတယ် ။ တာဝန် ယူတယ် ဆိုတာကလဲ သူ့ အန္တရာယ် ၊ ကိုယ့် အန္တရာယ် ကာကွယ်ရတဲ့ သဘောပါ ။ နာစရာ ရှိယင် သူ လဲ နာမယ် ။ ကိုယ်လဲပဲ နာမယ် မဟုတ်လား ။
မော်လမြိုင် ရထားပေါ်က တက်ထရွန်စ ဆင်ကြယ်ဖိနပ် တို့လို ကိုယ့်ပစ္စည်း မဟုတ်ဘူး ဆိုပြီး ရှာဖွေရေး ရှေ့မှာ ပစ်ထားလိုက်လို့ ရတာမျိုး မဟုတ်ဘူး ။
သည်တော့ လုံခြုံရေးအတွက် အစီအစဉ်တွေ လုပ်ရတယ် ။ ဝင်းတံခါးကို ပိတ်ထားရတယ် ။ အစောင့် တယောက် ထားရတယ် ။
ဧည့်သည်ကလဲ မျက်နှာစိမ်း ဝင်လာလို့ မရဘူး ။ မျက်နှာစိမ်း နဲ့ မျက်နှာသိ တွဲဝင်လာမှ ဝင်ခွင့်ပြုတယ် ။
ပစ္စည်းတွေကိုလည်း သင်တန်းပေးထားတယ် ။ အခန်းတခုထဲ မှာ အသင့် စုစည်းပြီး နေ ... ။ အချက်ပေး ခေါင်းလောင်းသံကိုတော့ နားစွင့်နေရတယ် ။
အချက်ပေး ခေါင်းလောင်းသံ တချက် တီးယင် ဧည့်သည် ရောက်ပြီ ။ ပစ္စည်းကြည့် လာလိမ့်မယ် ။ ဖရိုဖရဲ ဖြစ်နေရင်လဲ မိနစ်ပိုင်း အတွင်း ပြင်ဆင်ထားပေတော့ ။
အချက်ပေး ခေါင်းလောင်းသံ နှစ်ချက် ကြားယင်တော့ ပစ္စည်းတွေ သတိဝီရိယ နဲ့ နေပေတော့ ။ အခြေအနေက အပြောင်းအလဲ ရှိနိုင်တယ် ။ ရာသီဥတု ဖောက်ပြန်နိုင်တယ် ။
အချက်ပေး ခေါင်းလောင်းသံ သုံးချက် ကြားယင်တော့ ပစ္စည်းတွေ ကိုယ်ယောင်ဖျောက်ထားပေတော့ ။ အခန်းထဲဝင် အပြင်ဘက်ကနေ သော့ခတ် ထားတော့မယ် ။
ရာသီဥတု ဖောက်ပြန်ချိန်လောက်မှ ပြင်ဆင်ချိန် အများကြီးရတယ် ။ ခြံဝင်းတံခါးနဲ့ ပစ္စည်းထားတဲ့ အိပ်ဆောင်က အတော်ကလေး လှမ်းတယ် ။ ခြံတံခါး ဖွင့်ပေးနေတုန်းမှာ အချိန်ရတယ် ။
အေး ... အရေးပေါ် အခြေအနေ ဆိုယင်တော့ ပြေးပေတော့ ။
ပြတင်းတံခါး ကို လေးချက်ဆင့် ပုတ်လိုက်လိမ့်မယ် ။ ပြတင်းပေါက် က ခုန်ပြီး ပြေးရတယ် ။
တဘက်မှာ နွယ်သာကီပင်တွေ ရှိတယ် ။ အကာအကွယ် ရတယ် ။ ပြီး ဗုဒ္ဓံသရဏံပင်တွေကလဲ ခြံစည်းရိုးတလျှောက် ခပ်ထူထူ စိုက်ထားတယ် ။
တနေရာမှာတော့ ခွေးတိုးပေါက်သာသာ အပေါက်တပေါက် လုပ်ထားတယ် ။ အရေးအကြောင်း ရှိမှသာ သုံးရမယ်လို့ အမိန့် ထုတ်ထားတယ် ။ အကြောင်းမသိယင် အဲ့ဒီ့ ခွေးတိုးပေါက် ကို မြင်ဖို့ မလွယ်ဘူး ။
ခွေးတိုးပေါက် က ခေါင်းလျိုထွက်လိုက်ယင် တဘက်က အဆင့်မြင့် အစိုးရ ကျောင်းဝင်းထဲကို ရောက်မယ် ။ ခြံစည်းရိုးချင်း ကပ်လျက်ဆိုတော့လဲ ကျောင်းစောင့် နဲ့ ပေါင်းထား သင်းထားရတယ် ။
ကျောင်းဝင်းတံခါးပေါက်ကြီး ရဲ့ ဘေးမှာ မလွယ်ပေါက်ကလေး တပေါက် ရှိတယ် ။ ကျောင်းစောင့် က အဲသည် မလွယ်ပေါက်ကလေး ကို ဖွင့်ပေးမယ် ။
မလွယ်ပေါက်ကနေ ထွက်လိုက်ယင် လမ်းမပေါ်မှာ ပေါ်တာကပ်ကလေး တစင်းက အသင့်စောင့်နေမယ် ။ ပစ္စည်းတွေ ကား ပေါ်တက်တော့ ။
လွတ်ရာ တနေရာ ကို မောင်းလိမ့်မယ် ။ အမရပူရ က အိမ် တအိမ် မှာ ညအိပ်ကြပေတော့ ။
သားကောင် နဲ့ မုဆိုး လိုပဲ ။ မုဆိုး ကလဲ သားကောင် ကို ချောင်းနေတာပဲ ။ သားကောင် ကလဲ အကင်းပါးပါမှ ။ လက်ပူးလက်ကြပ် မိဖို့ဆိုတာလဲ ခဲယဉ်းတယ် ။
တနေ့ကလဲ တည်းခိုခန်း တစ်ခု အဲသည်လို ထောင်အဖမ်း ခံလိုက်ရတယ် ။ မိသက် တို့ အဖမ်းခံရတယ် ကြားတယ် ။
သည်တော့ ငါတို့ တည်းခိုခန်း ကလဲ သတိထားနေရတယ် ။ လူကြည့် လက်ခံနေရတယ် ။
ပြောရဦးမယ် ။ တရာမှာ နှစ်ဆယ့်ငါးရာခိုင်နှုန်း ပဲ ရပေမယ့် ငွေ ကို သဲ့ယူသလို ရနေတယ် ။ ပစ္စည်းလေးခု ထဲမှာ ငါ ကလဲ လူကြိုက် များနေတယ် ။ သည်ဈေးတပတ် မှာ အယင်တခေါက်က စံချိန်ထက် ပိုလာတယ် ။
ခက်တာက ငွေ မကိုင်ရဘူး ။ ဈေးပတ်ကုန်လို့ ပြန်ရတော့မယ် ဆိုမှ ကုန်ကျစရိတ် နှုတ်ပြီး ငွေ ကို ရှင်းပေးတယ် ။
တခုတော့ ရှိတယ် ။ ဧည့်သည် က မုန့်ဖိုး ပေးသွားတာ ကလေးတွေကိုတော့ ကိုယ့်ဘာသာ ကိုယ် သိမ်းဆည်းခွင့် ရှိတယ် ။
အဲသည်ငွေထဲကမှ ငါးကျပ်တန်ကလေးတွေ ကို ကတော့ထိုးပြီး ငါ့ ခေါင်းရင်းက ပုလင်းကလေးထဲမှာ ထိုးထားတယ် ။
ငါ့ မှာ လဲ စာရင်း ထားရတယ် ။ ဧည့်သည်တစ်ယောက် ရတိုင်း အမေဂျမ်း အတွက် ငါးကျပ်တန် တရွက် ကတော့ ကိုး ရတယ် ။
မကိုးနိုင်ယင် ငါးကျပ်တန် တရွက် အစား မန်းကျည်းစေ့ တစေ့ ထည့်ထားတယ် ။ နောက်မှ အကြွေး ရှင်းရမယ် ။
အမေဂျမ်း ကို လဲ တိုင်တည်တယ် ။ ကိုယ်တော်နှစ်ပါး ကို လဲပဲ တိုင်တည်တယ် ။ ချိုကလျာ ရဲ့ နန်းမှာပဲ ပခန်းကိုကြီးကျော် အတွက် ထုပ်ထုပ်ထည်ထည် ရယင် သောက်ပွဲကျင်းပမယ် ဆိုပြီး နန်းတိုင်ပုလင်း ဆက်ခဲ့တယ် ။
ဧည့် ကတော့ ရပါတယ် ။ တရက်ကများ ဆိုယင် အယောက် နှစ်ဆယ် ကျော်တယ် ။ လူ့ ကို ကိုင်ရိုက်ထားသလို ခံရတယ် ။
ဒါပေမယ့် နေ့ဧည့် ထက် ညဧည့် ကို ပိုပြီး ငါ သဘောကျတယ် ။
ညဆယ်နာရီ ဆိုယင် ဧည့်သိမ်းပြီ ။ နောက်ထပ် ဧည့်သစ် လက်မခံတော့ဘူး ။ ညအိပ် ဧည့်အတွက် အလုပ်ဝင်တော့ ။
ညဧည့်သည် ဆိုယင်တော့ လေးရာ ယူတယ် ။ ကိုယ် နှစ်ရာ ရတယ် ။ သူ နှစ်ရာ ယူတယ် ။ တယောက် တဝက် ။ မဆိုးဘူး ။
နောက်ဖေးဆောင်မှာ အိပ်ဖို့ မလိုတော့ဘူး ။ ဧည့်သည် ရဲ့ အခန်းမှာပဲ အိပ်လိုက်ရတယ် ။
အလုပ်ဝင်ချိန်ကတော့ ည ဆယ်နာရီ ၊ ဆယ်နာရီ တမတ် ဆိုပါတော့ ။ အလုပ်ထွက်ချိန်ကတော့ မနက် ငါးနာရီ ။
တော်သေးတယ် ။ ပခန်းကိုကြီးကျော် ခေါ်ပေးတဲ့ ဧည့်သည်တွေ ထင်ပါရဲ့ ။ ထုပ်ထုပ်ထည်ထည်တော့ ရပါရဲ့ ။ ဒါပေမယ့် အမူးသမားတွေ များတယ် ။
အမူးသမား ဆိုယင် တမျိုးတော့လဲ စိတ်ညစ်ဖို့ ကောင်းတယ် ။ ဘာလို့လဲ ဆိုတော့ ငါ က အရက်နံ့ဆိုယင် မုန်းတယ် ။ နာကျည်းချက် ရှိတယ် ။
ဒါပေမယ့် ပရိယာယ် သုံးရတယ် ။ အရက် ကို တခွက်ပြီး တခွက် ငှဲ့ပေး ။ လူမှန်းသူမှန်း မသိပဲ မူးပြီး အိပ်ပျော်သွားယင်လဲ ပြီးတာပဲ ။
အိပ်ရေးအပျက်ခံလို့ က မဖြစ်ဘူးလေ ။ နေ့ခင်းဘက် အလုပ်က ရှိသေးတယ် ။
ငါ့ ရည်မှန်းချက် ကတော့ သည် ဈေးတပါတ်တော့ ပြတ်ပြတ်သားသား ရှာထားမယ် စိတ်ကူးထားတာပဲ မဟုတ်လား ။
သည် လူကတော့ လူအေးပဲ ။
ပြုံးတတ်တယ် ။
ခေါင်းညိတ်တတ်တယ် ။
ချစ်တတ်တယ် ။ ဒါပဲ ... ။
မျက်နှာထား ဆိုးပေမယ့် ပြုံးတတ်တယ် ။
နှုတ် မချိုပေမယ့် ခေါင်းညိတ်တတ်တယ် ။
ပြီးတော့ ငါ့ ကိုလဲ ကောင်းကောင်း ချစ်တတ်တယ် ။
အဲသည်ညက မိုးစင်စင် လင်းသွားတယ် ။ နှစ်ယောက်သား တမှေးမှ မအိပ်ဖြစ်ကြဘူး ။
ဘယ်တော့ ရန်ကုန် ပြန်မှာလဲလို့ ငါ က မေးကြည့်တယ် ။ မန္တလေး မှာ သုံးရက် လောက်တော့ နေရဦးမယ် တဲ့ ။ မန္တလေး ကနေ တောင်ငူ နဲ့ ပျဉ်းမနား မှာ ခရီးတထောက် နားဦးမယ် လို့လဲ ပြောတယ် ။ သစ်ကိစ္စ နဲ့ သူ့ မှာ အလုပ်တွေ ရှိနေသေးတယ်တဲ့ ။
ငါ့ စိတ်ထဲ အလကား နေယင်း သူ့ ကို စိတ် မချချင်ဘူး ။ ငါ့ လင် လဲ မဟုတ်ပဲနဲ့ ။
အိမ်ထောင် ရှိသလား မေးကြည့်ပြန်တော့လဲ ခေါင်းခါပြတယ် ။ လူပျိုကြီးလား ၊ မုဆိုးဖိုလား ၊ တခုလပ်လား ... တခုခုတော့ ဖြစ်မယ် ။
အို ... ဘာ ဖြစ်ဖြစ် ငါ နဲ့ နေ့တိုင်း လာတွေ့ယင် သိပ် ကောင်းမှာပဲလို့ ငါ ဆန္ဒပြုမိတယ် ။
အလုပ်သိမ်းချိန် ကျော်ပြီပေါ့ ။ ငါးနာရီ မှာ အလုပ်သိမ်းရမှာ မိုးပဲ စင်စင် လင်းနေပြီ ။
တံခါး လာ ခေါက်လို့ ဖွင့်ကြည့်လိုက်တော့ မသီတာ ဖြစ်နေတယ် ။
မသီတာ နဲ့ ခဏပဲ စကားပြောချိန် ရလိုက်တယ် ။ မမကြော့ နောက် ဈေးတပတ် လာဦးမှာလားတဲ့ ။ ငါ က မသေချာဘူးလို့ ဖြေလိုက်တယ် ။
သည်တော့ မလာချင်ယင် ပစ္စည်းရှာပေးရုံ ရှာပေးတဲ့အလုပ် လုပ်ပါလား ၊ ပစ္စည်းတခု ပါယင် ဈေးတပတ် ကိုသုံးရာ ကျန်မှာပဲ တဲ့ ။ ဘူတာရုံကို ပစ္စည်းရောက်တာနဲ့တပြိုင်နက် ဘူတာမှာတွင် ငွေ ချေမှာပဲလို့ ပြောတယ် ။
မသီတာ ပြောတဲ့ အလုပ်ကလဲ မဆိုးဘူး ။ ငါ က ကောင်းသားပဲ ဆိုလိုက်လို့ ရန်ကုန် ကို ပစ္စည်း ဆင်းကောက်တဲ့ လှရွှေ ရယ် ၊ အောင်ကြည် ရယ် ကို ခေါ်ပြီး မိတ်ဆက်ပေးလိုက်တယ် ။
အဲသည်ညမှာပဲ ငါ ရန်ကုန် ပြန်ခဲ့တယ် ။ လမ်းတလျှောက်လုံးမှာလဲ ကိုမောင်မောင်သိုက် အကြောင်း ခေါင်းထဲက ဖျောက်လို့ မရဘူး ။
ငါ့ ကို ငါ လဲ အံဩမိပါရဲ့ ။ ငယ်တော့တာလဲ မဟုတ်ဘူး ။ အသက် သုံးဆယ် ပြည့်တော့မယ် ။ အတွေ့အကြုံ နည်းတယ်လို့ ပြောရအောင်လဲ သိတဲ့အတိုင်းပဲ နှစ်လင် နဲ့ ကွဲပြီ ။
ညားသမျှ စာရင်းကတော့ ရေတွက် မနေနဲ့တော့ ။ ဆန်စေ့ လက်တဆုပ် ဆိုပါတော့ ။
ပြီး အနာဂတ်အတွက် အစီအစဉ်လေးတွေလဲပဲ ချကြည့်မိပြန်တယ် ။ ထိုင်စားမယ် ဆိုယင်လဲ တဆောင်း နဲ့ တနွေစာ တော့ ရမယ် ။ နောက် တမိုးစာပဲ ရှာတန် ရှာရမယ် ။
ဒါပေမယ့် ငါ သည်လောကကြီး ထဲက ထွက်ချင်ပြီ ။ လက်ထဲ ရလာတာကလေး ကို အရင်းအနှီး လုပ်နိုင်ယင် ကောင်းလိမ့်မယ် ။ တုတ်တုတ် တို့ လုပ်ကိုင်နေတာလဲပဲ အတုယူစရာ ရှိပြီပဲ ။
ပင်စင် စာအုပ်ကလေး သုံးလေးအုပ်လောက် အပေါင်ခံ ထားလိုက်ယင်လဲ တလ သုံးလေးရာလောက် ဝင်နိုင်မယ် ။
မုန့်ဟင်းခါး ချက်ရောင်းဦးမလား ။ တနေ့ ကိုးကျပ် တဆယ် ကျန်နိုင်တယ် ။
သည်ကြားထဲက ပစ္စည်းပို့တဲ့ အလုပ်နဲ့ တွဲလုပ်နိုင်ယင် အေးအေးဆေးဆေး ဒူး နှန့် နေနိုင်မယ် ။
◾မောင်သာရ
📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်
အခန်း ( ၃၂ )
လာချင်ယင်လဲလာ ။ သဘော ။
မလာချင်ယင်လဲနေ ။ သဘော ။ မျှော်ရလွန်းတော့လဲ မောတယ် ။
ဟုတ်တယ် ။ ပြည်ထဲရေး နဲ့ ဝမ်းရေး တို့ထက် လွမ်းရေး ခက်တယ် တဲ့ ။ ငါ့ မှာ ဝမ်းရေးထက် လွမ်းရေးခက်နေတယ် ။
ကြည့်ရတာ မောင့် အလုပ်ကလဲ မထွန်းကားပါဘူး ။ ဖတ်သီဖတ်သီ နဲ့ သွားလာနေရတာသာ ငါ မြင်တယ် ။ သူ့ မှာ ဘယ်တော့မှ လန်းရွှင်တဲ့ ရက်ရယ်လို့ ငါ မတွေ့ဖူးသေးဘူး ။
ငါ့ အိမ်မှာ လာ နေပါ ။ ငါ့ အရိပ်မှာပဲ နားနေပါ ။ ငါ ပဲ ရှာကျွေးပါ့မယ် ဆိုတာလဲ မဟုတ်ဘူး ။
ငါ့ မှာက စီးပွားရေး နဲ့ ပတ်သက်လို့ သိပ် ပူပန်ကြောင့်ကြနေစရာ မလိုတော့ဘူး ။ အခြေအနေ ကောင်းစ ပြုနေပြီ ။
ဈေးတပတ် ... တပတ်မှာ ... ငါ့ ပစ္စည်းကလေး နှစ်ခု ပါတဲ့ အခါ ပါတယ် ။ ပစ္စည်း သုံးခု ပါတဲ့ အခါ ပါတယ် ။ မပါတဲ့ အခါလဲ မပါဘူး ။
ဒါပေမယ့် ငါးရက်တဈေး ဆိုတော့လဲ တလ မှာ ခြောက်ဈေး ရှိတယ် ။ နှစ်ဈေးလောက် မှာ ကိုယ့် ပစ္စည်း နှစ်ခု ပါတယ် ဆိုရင်ပဲ ၊ ကိုယ့် အတွက် ခြောက်ရာ သေချာပြီ ။ နုတ်ဦး ... လမ်းစရိတ် ။ ငါးရာ ကတော့ ကျန်နေဦးမှာပဲ ။ ဒေါ်ညှာ ကို ငွေနှစ်ရာ ထုတ်ချေးထားတယ် ။ မုန့်ဟင်းခါး ရောင်းတယ် အမြတ် က တယောက် တဝက် ။
အချိန်တန်ယင် ငါ့ အတွက် ငါးကျပ် ကတော့ ဘယ်မှ ပြေးမလွတ်ဘူး ။
ငွေပိုငွေလျှံကလေး ရှိလို့ ပင်စင်စာအုပ်နှစ်အုပ် ကိုလဲ လက်ခံထားလိုက်တယ် ။ ပင်စင်စာအုပ် ရော ပင်စင်ထုတ်ခွင့် ကတ်ပြား ပါ ငါ့ လက်ထဲမှာ အပ်ထားတယ် ။
ရုံး မှာလဲ ငါ့ နံမည် နဲ့ ထုတ်ခွင့်ပေးဖို့ လိုက်လုပ်ပေးထားပြီးသားပဲ ။
တအုပ်ကို ( ၁၄၉ ) ကျပ် ထုတ်ရတယ် ။ ( ၄၉ ) ကျပ်ကတော့ သူတို့ကို ပြန်ပေးတယ် ။
နှစ်အုပ် ဆိုတော့ ငါ့ အတွက် တလ နှစ်ရာ ဝင်တယ် ။
အရင်းအနှီးလဲ ပျောက်ပျက်သွားစရာ အကြောင်း မရှိဘူး ။
အေး ... တလမှာ နှစ်ရက်တော့ အလုပ်ရှုပ်တယ် ။ ( ၁၅ ) ရက်နေ့ မတိုင်မီ ပင်စင်စာအုပ် သွားထပ်ရတယ် ။
ဒါလဲ ခဲရာခဲဆစ်တော့ မဟုတ်ဘူး ။ ပင်စင်စာအုပ်ရယ် ၊ ထုတ်ခွင့်ကတ်ပြားရယ် ၊ ပြီးတော့ ပုံစံရယ် သုံးခုကို သားရေကွင်းကလေးနဲ့ စည်းပြီး ရုံး က ပုံးထဲ သွားထည့် ထားလိုက်ရုံပဲ ။
လုပ်သက်ပင်စင် က တရက် ၊ မိသားစုပင်စင် က တရက် ၊ ဆေးပင်စင် က တရက် ၊ သုံးရက် ခွဲပြီး တိုကင် ပေးတယ် ။
ကိုယ် ဘယ်နေ့ကျသလဲ ဆိုတာ စုံစမ်း ။ အဲသည်နေ့ သွားထုတ်လိုက်ရုံပဲ ။ ဟိုကျတော့ တိုကင် ယူပြီး စောင့်နေလိုက်ရုံပဲ ။ လူတော့ များတယ် ။ စောင့်ရတယ် ။ တနေ ကုန်တယ် ။
ငါ လုပ်ပုံကတော့ ရှင်းတယ် ။ အပိုငွေကို ပြန်အမ်းလိုက်တယ် ။ စာအုပ် လိုချင်ယင် ငါ ပေးထားတဲ့ ငွေတထောင် ကို ငါ့ ပြန်ပေးပြီး ရွေးယူ ။
တချို့ဆိုယင် ပိုငွေကို လုံးဝ ပြန် မအမ်းဘူး ။ ပေးထားတဲ့ အရင်းက နှိမ်သွားတယ် ။ အရင်းငွေ ထက်ဝက် ကျိုးတာတောင် အတိုးထုတ်ငွေ က လျှော့ မသွားဘူး ။
သည်တော့ တရာ တဆယ် တိုးတောင် ဘယ်ကတော့လို့လဲ ။
ငါ ကတော့ အဲသည်လောက်လဲပဲ မတရား မလိုချင်ပါဘူး ။ ငါ့ လဲ ပတ်မယ်တော့ မကြံနဲ့ ။ ငွေတထောင် ချေးထားတယ် ဆိုတဲ့ စာချုပ်လဲပဲ ချုပ်ထားတယ် ။ ဘယ်လို သဘောတူညီထားကြသလဲ ။ အဲသည် သဘောတူညီချက် အတိုင်း ဆက်လုပ် ။
ငါ့ ဘက်ကလဲ ပိုငွေ ကို မှန်မှန် ပြန်အမ်းမယ် ။ ငါ့ ထက် သဘောကောင်းမယ် ထင်တဲ့ လူ တွေ့လို့ ရှိယင်လဲ ငွေတထောင် ပြန်ပေးပြီး ကိုယ့် စာအုပ်ကိုယ် အချိန်မရွေး ပြန်ရွေးယူနိုင်တယ်လို့ ပြောထားတယ် ။
နောက်တခါ စိတ်ချရတဲ့ ရုံးသမား လခစား တွေကို နေ့စဉ်သွင်း စနစ်နဲ့ ထဘီတို့ ပုဆိုးတို့ ရောင်းတယ် ။ ဘာပဲ ပြောပြော ... တလ တရာ့လေးငါးဆယ် တော့ ဝင်တာပဲ ။
ဒါ့အပြင် ... နောက် စီးပွားရေး တခုလဲ ရှိသေးတယ် ။ မုန့်ဟင်းခါးဖို နှစ်ဖို နဲ့ အကြော်သည် တွေကို ထင်း ရောင်းတယ် ။ ပေါက်ခြမ်းတော့ မဟုတ်ဘူး ။ အပင်ကချိုင်တို့ ၊ အကိုင်းတို့ ၊ အတုံးတို့ ဆိုပါတော့ ။
သည်လိုဟေ့ ... သင်္ကန်းကျွန်း တပိုင်မှာ သစ်ပင်ကို ခေါင်းတုံး တုံးချင်တာတို့ ၊ အပင်လှဲချင်တာတို့ ရှိယင် ငါ့ ကို အကြောင်းကြားကြတယ် ။
ငါ က သွားကြည့်တယ် ။ ဈေးဖြတ်ပြီး ဝယ်တယ် ။ ငါးဆယ် ဖြင့်လဲ ငါးဆယ် ။ ခြောက်ဆယ် ဖြင့်လဲ ခြောက်ဆယ် ။
အေး ... ဈေးဖြတ်ပြီးယင် ငါ ငွေချေလိုက်တယ် ။ အလုပ်သမား နှစ်ယောက် ကို ခေါ်လိုက်တယ် ။ သူတို့ကိုပဲ အစအဆုံး လုပ်ခိုင်းတယ် ။ သူတို့ကို ပေးရလှ အစိတ် ပဲ ။
အဲ ... ထင်းဘဝ ရောက်ပြီ ဆိုယင် ငါ့ ဖောက်သည် တွေဆီ ပို့တယ် ။ တခါတလေဆို တရာ့ အထက် ကျန်တယ် ။
တခါတခါတော့ မိတ်ဆွေ တချို့က အပင် ကို ခေါင်းတုံး တုံးချင်တယ်တဲ့ ။ မသိတဲ့ လူဆိုတော့ ငါ့ တောင် ကျေးဇူးတင်ကြသေးတယ် ။ ငါ့ လက်ကို အပ်တယ် ။ ငါ က ငါ့ လူတွေကို ပြန်လွှဲတယ် ။
ငါ့ လူတွေကလဲ လျင်တယ် ။ ခေါင်းတုံး တုံးတယ် ဆိုပေမယ့် ထင်း အဖြစ် ရောင်းစားလို့ ရအောင် အကိုင်းကြီးတွေပါ ချိုင် ပစ်တယ် ။ အဲသည် အခါမျိုးမှာလဲ တရာ ဝန်းကျင် ကျန်တတ်တယ် ။
သည်တော့ ငါ စီးပွား ရှာတတ်ပြီ ။ ရှေ့မှာလဲ စဉ်းစားထားတဲ့ စီးပွားရေး လုပ်ငန်းကလေးတွေ ရှိသေးတယ် ။
ရပ်ကွက်ထဲမှာ နို့မှုန့် ကို ဗူးလိုက် မဝယ်နိုင်တဲ့ အလုပ်သမား သားသည် အမေ တွေ ရှိတယ် ။ ပလတ်စတစ် နဲ့ အထုပ်ကလေးတွေ ထုပ်ပြီး ခွဲရောင်းယင် ကိုယ့် အတွက် တဗူး ငါးကျပ် တဆယ် ကျန်နိုင်တယ် ။ ကလေး ရှိတဲ့ အိမ်တအိမ် အနေနဲ့ တလ နှစ်ဗူး ကုန်တယ်ပဲထား ။ ဆယ်အိမ် ဆိုယင် ဗူး နှစ်ဆယ် ။ တလ နှစ်ရာ ကျော် အေးအေးဆေးဆေး ပဲ ။
ငါ လဲ အလုပ်ရှုပ်စရာ မလိုဘူး ။ ကလေးတွေ ကို လက်စင်စင် ဆေးခိုင်းပြီး ခွက်ချိန်နဲ့ ထုပ်ခိုင်းယင် ဖြစ်တယ် ။
ဒါကြောင့် ကိုမောင်မောင်သိုက် ကို ငါ ကပြောတယ် ။ ငါ့ အိမ်မှာ လာနေပါ ။ အိမ့် တာဝန် ဘာ တခုမှ မယူပါနဲ့ ။ ငါ့ တာဝန်ပဲ ထားပါလို့ ပြောတယ် ။
သည်လူကလဲ တမျိုး ။ တကယ့် လူ့ ခွစာ ။ အိမ့် တာဝန်ကို ဘာတခုမှ မပူရဘဲ မိန်းမတယောက် နဲ့ ပေါင်းရမှာ ကိုတောင် သူ့ ဘက်က စဉ်းစားနေရသေးသတဲ့ ။
ငါ့ ကို သူမချစ်ဘူးလား ဆိုတော့ ချစ်တော့လဲ ချစ်ပါတယ် ။ ငါ သိတယ် ။ ဒါကြောင့် တနေ့ ငါ့ အိမ်ကို သူ ရောက်လာတာပေါ့ ။ နောက်တော့လဲ နေ့စဉ်ရက်ဆက် ရောက်လာတယ် ။
နောက်တော့ ထွက်လည်ကြတယ် ။ ဘုရား ဖူးကြတယ် ။ ရုပ်ရှင် ကြည့်ကြတယ် ။ လင်ခန်းမယားခန်း မြောက်အောင် နေကြတယ် ။
ငါ က ပြောတယ် ။ ပျော်သလောက် လာ နေကြည့်ပါ ။ မပျော်ဘူး ဆိုယင်လဲ ဆင်းချင်တဲ့ အချိန် ဆင်းပါ ။ လက်ထပ်ထားစရာ မလိုဘူး ။ ငါ ကလဲပဲ လိုက် နှောက်ယှက်မယ့် အစား မဟုတ်ပါဘူးလို့ ပြောတယ် ။
အဲဒါလဲ ... မဟုတ်ဘူး ။ လာချင်တဲ့ အခါ လာတယ် ။ ပြန်ချင်ယင် ထ ပြန်သွားတယ် ။ တခါတလေ သုံးလေးရက် ပေါ်မလာတတ်ဘူး ။
ငါ့ မှာတော့ တညင်းသီး ဆားရည်စိမ် တို့စရာ နဲ့ ငရုတ်သီး ဆားထောင်း ကို ကြည့်ပြီး စိတ်မချမ်းသာဘူး ။ ဖျားနာပဲ နေသလား ၊ ခရီးပဲ ထွက်နေသလား ။ ဘာများ ဖြစ်နေသလဲ... ပူရလွန်းလို့ မောတယ် ။
ငါးသံချိတ် တို့ ၊ ငါးဘဲဖြူ တို့ တွေ့ယင်လဲ သူ့ ပဲ သတိရတယ် ။ အိုးကပ်ကလေး ချက်ထားတယ် ။
အဲ ... သူ မလာယင်လဲ ငါ ဘယ်သူ့မှ မသဒ္ဓါဘူး ။ သူ့ အတွက်ဆိုယင် သူ့ အတွက်ပဲ ချန်ထားချင်တယ် ။ နောက်ဆုံးတော့ သွန်ပစ်လိုက်ရရော ။
သူ တနေ့ မလာယင် ငါ အိပ်ရာထဲ လဲတော့တာပဲ ။ သွေးကလဲ တိုးတယ် ။ အကြောရောင်ရောဂါ ကလဲ ပြန် စနေပြန်ပြီ ။ ကျန်းမာရေး က မကောင်းတဲ့ အထဲ စိတ် က ဆင်းရဲတော့ ပိုဆိုးတယ် ။
ငါ့ စိတ် ကို ငါ လဲပဲ နားမလည်ဘူး ။ တဘဝလုံး မှာ သည် လူ ကိုမှ ဘယ်နှယ့်ဖြစ်လို့ သည်လောက် ချစ်ရတာလဲ ဆိုတာ ငါ မစဉ်းစားတတ်ဘူး ။
တခါတော့ ငါ ပြောမိတယ် ။ ယောက်ျား ရယ် ... ဆေးတွေ ဝါးတွေ အစီအရင်တွေ နဲ့ လုပ်ထားတာ ဆိုယင်လဲ ပြန် ရုပ်သိမ်းပေးပါလို့ ။ အဲသည်တော့ သူ ပြုံးတယ် ။
ငါ လဲ သိတယ် ။ သည်လူ ကိုယ်တိုင် က ဆေးဝါးအစီအရင်တွေ ကို ယုံကြည်ပုံ မရဘူး ။
ဒါပေမယ့် ငါ့ ပါးစပ် က ထွက်မိထွက်ရာတွေ ထွက်တယ် ။ ငါ ကလဲ တစက်ကလေး မှ မြုံ မထားတတ်ဘူး ။ ချစ်ယင်လဲ ချစ်တဲ့ အကြောင်း ပြောမိတာပဲ ။ ချစ်မှန်း သိလို့ အနိုင်ယူနေတာ များလားကွယ် ။
သည်နေ့အထိ သူ ဘာ မကြိုက်ဘူးရယ်လို့ ငါ့ ကို မတားမြစ်ဖူးဘူး ။ ဒါပေမယ့် သူ ဘာတွေ မကြိုက်ဘူး ဆိုတာ ငါ သိတယ် ။ အောင်သိန်း လို မဟုတ်ဘူး ။ သူ့ မျက်နှာ ဟာ သူ့ခံစားချက် ရဲ့ ပြယုဂ် ပဲ ။ ရင်ထဲရှိတာ ချက်ချင်း မျက်နှာမှာ ပေါ်တယ် ။
အိမ် ပဲ ။ ဧည့် ဆိုတာတော့ လာပေမှာ ပေါ့ ။ ငါ ကလဲ ခုမှ ကိုယ်ရှိန်သတ်စပဲ ရှိသေးတာပဲ ။
ဧည့်ဟောင်းလေးတွေ ၊ မိတ်ဟောင်းလေးတွေ အိမ် ကို လာလည်တတ်ကြတယ် ။
သူနဲ့ ဆုံမိရော ။ အဲသည်အခါမျိုးမှာ ချက်ချင်း ထပြန်သွားတတ်တယ် ။
နှစ်ရက် သုံးရက် ပျောက်နေပါလေရော ။ ပေါ် မလာတော့ဘူး ။
မကောင်းအောင် နေဖို့ က လွယ်ပါတယ် ။ ကောင်းအောင် နေဖို့သာ ခဲယဉ်းတယ် ။ ငါ့ အဖို့ ပြောတာပါ ။ ဘာလို့လဲ ဆိုတော့ ငါ က မကောင်းတဲ့ သံသရာမှာ နှစ် နဲ့ ချီပြီး ကျင်လည်ခဲ့တယ် မဟုတ်လား ။
သည်တော့ အမည်းစက်ကလေးတွေ စွန်းနေတယ် ။ သည် အစွန်းတွေ ပျောက်အောင် အတော် ချွတ်ရလိမ့်ဦးမယ် ။
ဒါပေမယ့် သူ မကြိုက်တဲ့ အလုပ်ကို ငါ စွန့်လွှတ်ထားပါတယ် ။ ငါ ငွေ မမက်ပါဘူး ။ ဝင်းပပ သုံးလေးခါ လာ ခေါ်တယ် ။ ခရီးတထောက် ကို တထောင် အောက်ထစ် ကျန်နိုင်မယ် ။ ဒါပေမယ့် ငါ လိုက်မသွားဘူး ။ ဘာလို့လဲဆိုတော့ သူ မကြိုက်မှန်း သိလို့ ။
ငါ ကလဲ ငါ ပဲ ။ တစက်ကလေးမှ ကိုယ့် အကြောင်း ကို ထိမ်ဝှက် မထားတတ်ဘူး ။ ငါဘယ်လိုကြောင့် ပျက်စီးရတယ် ဆိုတာကို သူ့ ကို အစအဆုံး ပြောပြထားမိတယ် ။
ပြောရဦးမယ် ။ တနေ့တော့ ငါ က နိစ္စပတ်အလုပ် လုပ်တယ် ။ အမွှေးနံ့သာနဲ့ အိမ်တွင်းဖခင် ကို မျက်နှာတော် ဖွင့်တယ် ။ ပုပ္ပားမယ်တော်ကြီး ကို အမှူးထားပြီး ကိုယ်တော် နှစ်ပါး ကိုလဲ မျက်နှာတော် ဖွင့်တယ် ။ အမေဂျမ်း ကိုလဲ မျက်နှာတော် ဖွင့်တယ် ။ ပန်းတော်ပန်းဆက် အလင်းတိုင် ထွန်းပြီး ရွတ်မိရွတ်ရာ ရွတ်နေတာပေါ့ ။
“ ကိုယ်တော်ရေ ... ကိုယ်တော့် နှမ ကို သည်လိုပဲ ကြည့်နေတော့မှာလား ... အထုပ်အထည် နဲ့ ပေးဖို့လဲလုပ်ပါအုံး ”
သူ ရောက်နေတာ ကို ငါ မသိလိုက်ဘူး ။ အဲ ... စကားတခွန်း မှ မပြောပဲ ချက်ချင်း ထပြန်သွားတယ် ။ ထမင်းတောင် စားမသွားဘူး ။ ပြောတော့ ခေါင်းမူးလို့ တဲ့ ။
ဘယ် ဟုတ်မှာလဲ ။ ငါ နတ် နဲ့ ပြောတဲ့ စကား ကို အထအန ကောက်တယ် ။ နတ် က ငါ့ ကို ကောက်ထားတယ် ဆိုတာနဲ့ ပတ်သက်လို့လဲ မကျေနပ်ဘူး ထင်ပါရဲ့ ။
ငါ က ချစ်တော့လဲ ငါ ပဲ အောက်ကျခံ ပေါင်းပါတယ် ။ မကြည်သာယင် ကြည်သာအောင် ငါ ချော့တယ် ။ သူ့ မျက်နှာ ကြည်သာပါမှ ငါ စိတ်လဲပဲ လန်းဆန်းတာကိုး ။
ငါ့ မှ ခက်နေတာက သူ့ သံသယ ပြေပျောက်အောင် ဘယ့်နှယ့်မှ မတတ်နိုင်ဘူး ။ သူ ကလဲ ငါ့ အနားမှာ အမြဲ လာ မနေနိုင်ဘူး ။ အဲ ... ပြီးတော့ သူ့ ကွယ်ရာမှာ ငါ အရင်အလုပ် ကို ဆက်လုပ်နေမှာပဲလို့ သူ ထင်နေပုံရတယ် ။ သူ ယုံအောင်လဲ ငါ ပြော မပြတတ်ဘူး ။
ငါ က ပြောပါတယ် ။ လက်ထပ်ထားစရာ မလိုဘူး ။ ပေါင်းချင်သလောက် ပေါင်းပါ ။ မပေါင်းချင်တဲ့တနေ့ စွန့်ခွာသွားပါ ... လို့ ။
သည်တော့ နုလုံးသား နဲ့ ဦးနှောက် ဟာ ဆက်သွယ်နေသတဲ့ ။
နှလုံးသားကိစ္စ ကို ပေါ့ပေါ့တန်တန် မပြောပါနဲ့ တဲ့ ။ ကဲ ငါ ဘာတတ်နိုင်မှာလဲ ။
ငါ့ တသက် ဘယ် ယောက်ျား ကိုမှ အောက်ကျနောက်ကျ မပေါင်းခဲ့ဖူးဘူး ။ သည်လောက်လဲ စိတ်မော မခံဘူး ။ ဘာဖြစ်လို့ သည် ယောက်ျား ကျမှ ငါ မေ့မေ့ပျောက်ပျောက် သဘော မထားနိုင်တာပါလိမ့် ။
ရုပ် လဲ မချောဘူး ။ အပြော လဲ မချိုဘူး ။ ချမ်း လဲ မချမ်းသာဘူး ။ အရွယ်လဲပဲ မနုပျိုဘူး ။ တကယ့်ကို လူဂွစာ ။
ဒါပေမယ့် ငါ ချစ်တယ် ။
သည်နေ့လဲပဲ ပေါ်တော်မူ မလာသေးဘူး ။ တကူးတက ချက်ထားရတာ ။ ခုနေများ ရောက်လာယင် ကောင်းမယ် ။ မွန်းပဲ လွဲတော့မယ် ။
“ ဟဲ့ ... အငယ်လေး ... သွေးကျဆေးကတ် ယူလာခဲ့စမ်း ၊ မြန်မြန်လုပ် ၊ ရေတခွက်ပါ ယူခဲ့ ၊ သေနာကျ ... ဘယ်တော့မှ မှတ်မထားဘူး ။ ဆေးယူခိုင်းမှတော့ ရေပါ တွဲယူခဲ့ရမယ်ဆိုတာ မသိဘူးလား ၊ တယ် ... ငါ ဓါး နဲ့ ကောက် ပေါက်ရ ”
“ စိန်မျက်လုံးနဲ့ ပြုံးတဲ့သခင် ၊ မြမျက်လုံးနဲ့ ပြုံးတဲ့သခင် ၊ ပတ္တမြားမျက်လုံးနဲ့ ပြုံးတဲ့သခင် ၊ ကျေးဇူးရှင်ကိုယ်တော်လေး ဘုရား ၊ ကိုယ်တော့်နှမ တနင်းလာ သမီးထံ အရောက် ပို့ပေးတော် မူပါအုံး ဘုရား ...”
( ပြီး ပါ ပြီ )
◾မောင်သာရ
📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment