Friday, November 12, 2021

နန္ဒဝန်ဈေး က မအေးမာ


 

❝  နန္ဒဝန်ဈေး က မအေးမာ  ❞

ဆိုက်ကားပေါ်မှ ဆင်း၍ စစ်ဆေးလိုက်ရာ သူ ထင်သည့်အတိုင်း စပုတ်တိုင် တစ်ချောင်း ကျိုးနေပြီ ၊ စပုတ်တိုင် အကျိုးကို ကိုင်ကြည့်ရင်း သူ့နံရိုးတစ်ချောင်းကျိုးသွားသည့်နှယ် ချောမောင် ခံစားလိုက်ရ၏ ။

မနှစ်က သူ့ ဆိုက်ကားကို ကားတစ်ဝင်းဝင်တိုက်၏ ။ ဆိုက်ကား အတော်ပျက်စီးသွားသလို ချောမောင် လည်း နံရိုးတစ်ချောင်း ကျိုးပြီး ဒူးတွင် ဒဏ်ရာရခဲ့၏ ။

ထိုသို့ဖြစ်ရခြင်းကို ချောမောင် က ကံကောင်းသည် ဟုပင် အပေါင်းအသင်းများကို ခပ်ရွှတ်ရွှတ် ပြောခဲ့မိသေး၏ ။

အဘယ်ကြောင့်ဆိုသော် ကားပိုင်ရှင် က အမှုတွေ ဘာတွေ ဖြစ်လျှင် သံသရာရှည်နေမည်စိုး၍ ၊ ပင်ကို စိတ်ရင်းကိုက စာနာထောက်ထားအကြင်နာ ပွါးတတ်သူ မို့ပဲလား မပြောတတ် ။ ဆိုက်ကားပြင်ရန် နှင့် ဆေးကုသရန်အတွက် ငွေကို ပိုပိုသာသာကလေး ပေးခဲ့သောကြောင့်ပေတည်း ။

သူ့ တစ်သက်တွင် တစ်ခါမျှ ငွေငါးရာ ကို လုံးကနဲ ပိုင်ပိုင်နိုင်နိုင် မကိုင်ခဲ့ရဖူးသည့်ချောမောင် ဟန်မျှပင် မဆောင်နိုင်ဘဲ ကားပိုင်ရှင် ကို ကျေးဇူးတင်ပါကြောင်း အခါခါ ပြောခဲ့မိသေး၏ ။

ရာတန် အသစ်ကျပ်ချွတ်ကလေးများသည် ချွေးများ ၊ ဖုန်များ ၊ စက်ဆီများ နှင့် စေးထန်းပေကျံလျက် ရှိသော ချောမောင် လက်ထဲတွင် ကြာကြာတော့ မနေလိုက်ရပေ ။

ဆိုက်ကား ပြင်သည့် အထဲ ၊ ချောမောင်အတွက် ဆေးများ ဝယ်သည့် အထဲ ၊ ချောမောင် အစ်မကြီး အကြွေးဆပ်သည့် အထဲ ၊ တူကလေး နှင့် တူမကလေး တို့၏ ကျောင်းစာအုပ် ဝယ်သည့် အထဲ တစ်တိတိဖြင့် အားလုံး ပါသွားလေပြီ ။

ချောမောင် ဆိုက်ကား ပြန်နင်းနိုင်သည့်အချိန်တွင် လက်ထဲ၌ အပိုငွေ ဟူ၍ တစ်ပြားမှ မရှိတော့ ။ဒုံရင်း ဒုံရင်း အတိုင်း ။

“ တစ်ခါတစ်ခါ ဟန်ပုံ မရရင် အဲသလို သဘောကောင်းတဲ့ ပိုင်ရှင် ရဲ့ ကား နဲ့ အတိုက်ခံပါရစေလို့တောင် ဆုတောင်းချင်စိတ် ပေါက်ပေါက်လာတယ် ”

“ မလုပ်ပါနဲ့ ချောမောင် ရာ ၊ ငါတို့ ယပ်တောင်ဖိုး ထည့်ရပါဦးမယ် ”

ဘဝတူ ကိုသောင်း က သာရေးနာရေးကိစ္စ ရှိလျှင် သူတို့ အနှေးယာဉ်အဖွဲ့အစည်းမှ ကူငွေ တောင်းခံတတ်သည်ကို ရည်ညွှန်း ပြောလိုက်၏ ။

“ အဲဒါ ထက် ငါ့ အိမ်က ငှက်ပျောပင်ကြီး ခုတ်ထည့်ပေးရမှာက ပိုဆိုးတယ်ကွ ”

တဝှီးဝှီး ဖြတ်မောင်းနေသည့် ကားတွေကိုကြည့်ရင်း ကိုမျိုးတင့် က လူပျိုကြီး ချောမောင်ကို ခနဲ့သည် ။

သူတို့သည် ခရီးသည် ပါးသဖြင့် ဆိုက်ကား ၁ဝ စီး ရပ်ရန် ၊ အလှည့်ကျ စနစ်ကို လိုက်နာရန်ဟု ရေးထားသည့် ဆိုင်းဘုတ်ကလေး ရှိရာ ကုက္ကိုရိပ်တွင် နားနေကြခြင်းဖြစ်သည် ။

ထိုစဉ် မြေနီလမ်းအတွင်းမှ ထွက်လာသည့် မိန်းမ ဝဝဖိုင့်ဖိုင့်ကြီးတစ်ယောက် က လက်ခုပ်တီးခေါ်လိုက်၏ ။

“ ဟေ့ ခရီးသည်ကွ ၊ မြဝင်း ငိုက်မနေနဲ့ ၊ မင့်အလှည့် ၊ ပေါ့ပေါ့ပါးပါးကလေး နင်းရမှာ ၊ ထထ ”

ဆိုက်ကားပေါ်တွင် ထိုင်ငိုက်နေသည့် မြဝင်းကို လှုပ်နှိုးလိုက်၏ ။ နီရဲနေသောမျက်လုံးများကို လက်ဖမိုးဖြင့် ပွတ်သုတ်ပြီး ခရီးသည် ရပ်စောင့်နေရာသို့ မြဝင်း သူ့ ဆိုက်ကားကို တွန်းယူသွား၏ ။

“ မိုးတွင်းမို့ လူစီးနည်းရတဲ့အထဲ ဒီလိုင်းအသစ်က ဝင်နှောက်သေး ”

ပြေးဆွဲစ ကားလိုင်းအသစ် ကို ရွှေ‌သောင်း လှမ်း ငြူစူလိုက်၏ ။

“ အဘရေ သွားလိုက်ဦးမယ်ဗျ ”

မြဝင်း က မျက်နှာကြီးစပ်ဖြဲဖြဲဖြင့် လှမ်းအော်သွား၏ ။ ချောမောင် တို့ လှမ်းကြည့်လိုက်၏ ။

ပုပုညှက်ညှက် ၊ ပိန်ပိန်သေးသေး မြဝင်းကလေးသည် ကုန်းအတက်ကို ကုန်းရုန်းနင်းထွက်သွားလေပြီ ။

°°°°°   °°°°°   °°°°°

“ ဟောတော့ ဒုက္ခပါပဲနော် ”

ဒေါဂျစ်ကား ပေါ်မှ ကုန်စိမ်းခြင်းကြီးဆွဲအချ ခြင်းတောင်းလက်ကိုင် ပြတ်၍ သရက်သီးမှည့်တွေ လမ်းမပေါ်တွင် ပြန့်ကြဲကျသွား၏ ။

“ အေးမာ ကလဲ ဖြည်းဖြည်း ချတာမဟုတ်ဘူး ”

သရက်သီးမှည့်များ ကို ဝိုင်းကူ ကောက်ပေးရင်း အပြစ်တင်လိုက်သည့် မခင်ထွေး ကို မော်ကြည့်လိုက်သည့် အေးမာ မျက်လုံးထဲတွင် မျက်ရည်တွေ ဝဲလျက် ။

“ ခုရက်ပိုင်းအတွင်း ငါ ကံမကောင်းပါဘူးအေ ၊ မနေ့ကလဲ အရင်းတောင် မရဘူး ၊ အမေဂျမ်း ပြောတာ သိပ် မှန်တာပဲ ၊ ငါကလဲ ပဝါကလေး တစ်ပိုင်တောင်မှ ဝယ်မဆက်နိုင်တော့ ”

နှပ်တစ်ချက်ရှုပ်ရင်း စကားစကို ဖြတ်လိုက်၏ ။ အေးမာ က လွန်ခဲ့သည့်လ သူတို့ ခြေရင်းအိမ်မှာ ပြုလုပ်ခဲ့သည့် နတ်ကနားပွဲကြီးကို သွားမြင်ယောင်နေသည် ။ စိတ်ထဲမှလည်း “ အမေဂျမ်း ရှင့် ၊ သမီးလေးကို ပစ်မထားပါနဲ့ ၊ စောင်မကြည့်ရှုတော်မူပါ ၊ ဒီတစ်ခါ အရောင်းအဝယ် ကောင်းရင် ပဝါ တစ်ပိုင် ဆက်ဆက် ပသပါ့မယ် ” ဟု အားကိုးတကြီး တိုင်တည်နေမိ၏ ။

အေးမာ စိတ်ထဲတွင် အမေဂျမ်း သည် အားကိုးနိုင်စရာ ဟု မြင်နေမိသည် ။ သူ့ဘဝတွင် သူ့ ကို ကူညီစောင်မနိုင်မည့်သူမှာ အမေဂျမ်း မှတပါး မည်သူမျှ မရှိဟု ထင်နေမိသည် ။

ထိုစဉ်မှာပင် တပေါ်ပေါ် တတီတီမြည်လာသည့် ကားဟွန်းသံများ ဆူညံစွာ ပေါ်ထွက်လာ၏ ။ သရက်သီးများ ပေါ်တွင် အာရုံ ရောက်နေသည့် အေးမာ လှည့် မကြည့်မိ ။ သူ့ သရက်သီးများ ကိုသာ မဲ၍ ကောက်နေမိ၏ ။ တစ်စုံတစ်ယောက်က အေးမာ လက်မောင်းကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်၍ လမ်းဘေးသို့ ဆွဲချလိုက်၏ ။

အေးမာ ထိုင်ခဲ့သည့် နေရာမှ သရက်သီးများကို ဟီးနိုးကားကြီးက ကြိတ်နင်းသွား၏ ။ အမယ်လေး ကံကောင်းလို့ပါလား ။ သူ့ကို ဆွဲချလိုက်သူကို အေးမာ မော်ကြည့်လိုက်မိ၏ ။ အမေဂျမ်း မဟုတ်သည်မှာတော့ သေချာသည် ။

ရင်အုပ်ကားကား အသားညိုညို နှင့် လူတစ်ယောက် ။ မျက်နှာကို မြင်ဖူးနေသည် ။

အေးမာ ၏ ကျေးဇူးတင် အကြည့်ကို ထိုလူက အပြုံးနှင့် တုံ့ပြန်ရင်း သူကောက်ထားသည့် သရက်သီးများ ကို အေးမာ တောင်းထဲ အသာ ထည့်ပေးလိုက်၏ ။

“ ဟိုဟာတွေ ကတော့ မကောင်းတော့ပါဘူး ”

ခါးကိုဆန့်ရင်း သူ ပြောသည် ။

“ ဒီဈေးမှာပဲ နေ့တိုင်းရောင်းတာ မဟုတ်လား ”

အေးမာ “ အင်း ” ဟု ဆိုကာ ခေါင်းညိတ်ပြလိုက်၏ ။

“ ဒီမှာ ရှင့် ကလေးတွေ စားဖို့ ယူသွားပါဦး ”

“ ကျုပ် ကလေးတွေ ဟုတ်လား ၊ အင်း ပေးလိုက်လေ ၊ သူ့တို့က သရက်သီးမှည့်ကြိုက်ပါတယ် ”

ရယ်ချင်စိတ်ကို မျိုသိပ်ပြီး လှမ်းပေးလိုက်သည့် သရက်သီး သုံးလုံး ကို ခပ်တည်တည် ယူလိုက်၏ ။

“ ဒီတောင်းကြီး မင်းတစ်ယောက်တည်း နိုင်ပါမလား ”

“ ရပါတယ် ၊ အေ ခင်ထွေး ရေ လာပါဦး ဟ ၊ ညည်းကလဲ ဘယ်သွားနေတာတုံး ”

စူးရှရှ ပျာတာတာ အသံက ချောမောင် နားထဲ မပြေမပြစ် ဝင်လာ၏ ။ သူ ကြည့်နေဆဲမှာပင် မိန်းမတစ်ယောက် ထပ်ရောက်လာကာ တောင်းကြီးကို ဒယန့်တိုက် ဆွဲယူသွားကြ၏ ။

°°°°°   °°°°°   °°°°°

“ ပြောပါ အေးမာ ရယ် ၊ ပွင့်ပွင့်လင်းလင်းသာ ပြောပါ ၊ ဘာလဲ ငါ့ကို ပြောရမှာ အားနာနေလို့လား ၊ အားမနာပါနဲ့ ဟာ ၊ မဖြစ်နိုင်ဘူး ဆိုလဲ ပြတ်ပြတ်သားသားပေါ့ ၊ ငါ ကတော့ နင့် ကို ... ”

“ အိုး ဒါပဲ ထပ်ထပ် ပြောနေတာ ကျုပ် ရှက်ပါတယ် ၊ နေ့တိုင်းပဲ တကျည်ကျည် နဲ့ ”

“ ပြောရတာပေါ့ အေးမာ ရ ၊ငါ က နင့်ကို နေ့တိုင်းနေ့တိုင်းပဲ ပိုပို ချစ် ချစ် လာမိတာကိုး ”

“ ဟောတော် ၊ ကိုချောမောင် နော် ၊ ကျုပ် ဆက် မစီးတော့ဘူး ၊ ဒီက ဆင်းလျှောက်သွားမှာ ဘာမှတ်လဲ "

“ နင်ကလဲ စိတ်ချည့်ဟာ ”

ချောမောင် က ဆိုက်ကား ကို တစ်ဘီးချင်းလှိမ့်ရုံမျှ နင်းနေရာက အေးမာ ကို ငုံ့ကြည့်လိုက်၏ ။ ကဲကဲဆတ်မလေး က ပြောသည့်အတိုင်း တကယ် လုပ်မည့် ပုံစံ ။

အေးမာ နှင့် စတင် တွေ့ဆုံခဲ့ကြပြီး တစ်လကျော်ကျော် အတွင်း လူပျိုကြီး စိတ်ပြောင်းခဲ့ခြင်းဖြစ်ပေသည် ။ မဖြစ်စဖူး ထူးထူးခြားခြား အေးမာ ဆိုသော ကုန်စိမ်းသည်မကလေး အပေါ် သူ မေတ္တာတွေ ထားလာမိသည် ။

“ တို့တွေ လူပျို အပျိုပေါက်ကလေးတွေလဲ မဟုတ်တော့ပါဘူးဟာ ”

လေသံဖြင့် စကားပြေထိုး အသနားလိုက်သော သူ့ ကို အေးမာ တစ်ချက်မျှ မော်မကြည့် ။ တစ်စုံတစ်ခုကို အလေးအနက်ထား စဉ်းစားနေသလို ငြိမ်ပါလာ၏ ။

“ တကယ် မချစ်ဘဲနဲ့ အတည်ယူပါရ‌စေ လို့ ပြောမလား အေးမာ ရယ် ”

“ ဒါတော့ ဒါပေါ့ တော့ ၊ ဒါပေမယ့် ရှင် နဲ့ကျုပ် နဲ့ သိတာ ဘာကြာသေးတာမှတ်လို့ ”

“ အခု နှစ်ဆယ်ရာစု‌ခေတ်ပါဟ ၊ သုံးနှစ်သုံးမိုး အချိန်ယူပြီး စဉ်းစားနေချင်သေးလို့လား ”

သူ့ အသံ နည်းနည်း ထန်သွားသည် ထင်သည် ။ အေးမာ သူ့ ကို ဖြတ်ကနဲ မော့ကြည့်လိုက်၏ ။ သူ့ ကို ကိုချောမောင် စိတ်တိုသွားပြီလား ၊ စိတ်ပျက်သွားပြီလား ဟူသော စူးစမ်းကြည့် ။ ထို အကြည့် ကို ကိုချောမောင် သိလိုက်၏ ။ ထို့ ကြောင့် တမင်ပင် မျက်နှာကြီး မှုန် ၊ မျက်မှောင်ကြီးကို ကုပ်၍ ဟန်လုပ်နေလိုက်၏ ။

“ ကိုချောမောင် ရယ် ”

လှိုက်လှဲစွာ ညည်းညူလိုက်သံကလေးမှာ ချောမောင် ရင်ထဲ မွှေနှောက်သွားသည် ။

“ ရှင့် အကြောင်းလဲ ကျုပ် ကောင်းကောင်း သိရသေးတာ မဟုတ် ၊ ကျုပ် အကြောင်းလဲ ရှင် ဘာမှ သိသေးတာ မဟုတ် ”

“ ငါ့ အကြောင်းတွေ အားလုံး ပြောပြထားပြီးသားပဲ အေးမာ ရာ ၊ မင်း အကြောင်းကတော့ မလိုပါဘူးကွာ ၊ ငါ က မင်း ကို ချစ်ပြီးသားပဲ ဟာ ”

“ မဟုတ်သေးဘူး ကိုချောမောင် ၊ ကျုပ်စိတ် မလုံဘူး ၊နောက် ရှင် သိလာရင် ကျုပ် ကို ပစ်သွားမှာ စိုးတယ် ၊ ကျုပ် ကျုပ် က ကလေးတစ်ယောက် အမေ မုဆိုးမ ကိုချောမောင် ရဲ့ ၊ ဒါဆို ရှင် ကျုပ်ကို ယူချင်ပါဦးမလား ”

ချောမောင် အံ့သြတုန်လှုပ်သွား၏ ။ ပုံ့ ပုံ့လေး ထိုင် ကာ ခေါင်းငိုက်စိုက်ချထားသည့် အေးမာ ကို စိုက်ကြည့်နေမိ၏ ။ သူ့ ရင်ထဲတွင် ဟာတာတာကြီး ဖြစ်သွား၏ ။

“ ငါ မယုံဘူး ”

အထစ်ထစ် အငေါ့ငေါ့ ထွတ်သွား၏ ။

“ ယုံပါ ကိုချောမောင် ၊ အခု အိမ်အထိ လိုက်ခဲ့ပါ ၊ ကျွန်မ ကို စိတ်မပျက်ဘူး ဆိုရင် ကျွန်မ ဘာမှ ငြင်းစရာ မရှိပါဘူး ”

တင်းရင်းပြည့်ဖြိုးသော အေးမာ တစ်ကိုယ်လုံး ကို အမှတ်မထင် စူးစိုက် ကြည့်နေမိ၏ ။ သူ သူ အပျိုမဟုတ်ဘူး ဆိုပါလား ။ ကလေးတစ်ယောက် အမေ တဲ့ ။ ဒါဖြင့် သူ ဈေးရောင်းရာကို လိုက်လိုက် လာတတ်တဲ့ ကောင်လေး ဟာ သူ့ ကလေး ပေါ့ ။

“ ဘယ်လိုလဲ ကိုချောမောင် ၊ စကားတောင် ပြန်မပြောတော့ပါလား ၊ ကျွန်မ ကို စိတ်ပျက်သွားပြီ မဟုတ်လား ”

သရော်တော်တော် အသံကလေးကို ချောမောင် နား မခံနိုင် ။ အေးမာ က ဆက်ပြောနေသည် ။

“ ရှင်တို့ ယောက်ျားတွေရဲ့ သဘောကို ကျွန်မ သိပါတယ် ကိုချောမောင် ရယ် ၊ ခုတော့ စဉ်းစားပါရစေဦးလို့ ရှင် ပြောချင်နေပြီ မဟုတ်လား ”

ခနဲ့တဲ့တဲ့ စကားသံလေး ကို ရယ်သံကလေးဖြင့် အဆုံးသတ်လိုက်၏ ။ အေးမာ သည်မျှ စကားတတ်လိမ့်မည် ဟု သူ မထင်မှတ်ခဲ့ ။

ချောမောင် ဘာမျှ ခွန်းတုံ့ မပြန်နိုင် ၊ တွေဝေနေသည် ။ ဆိုက်ကား ကိုသာ ဖိ၍နင်းနေမိ၏ ။ မကြာမီ အေးမာ တို့ လမ်းထိပ်သို့ ရောက်ခဲ့၏ ။ ခါတိုင်းဆိုလျှင် အေးမာ သည် လမ်းထိပ်တွင် ဆင်းနေကျ ၊ အိမ်အထိ လိုက်ပို့ပေးပါရစေ ဟု ချောမောင် ခွင့်ပန်ခဲ့သည် ကို လက်မခံခဲ့ ။

သည်ကနေ့တော့ လမ်းထိပ်ရောက်သောအခါ အေးမာ ချောမောင် ကို မော့ ကြည့်လိုက်၏ ။

ချောမောင် ဘာမျှ မပြော ။ ဆိုက်ကားလက်ကိုင်ကို အေးမာ တို့ လမ်းအတွင်းသို့ ကွေ့ပေးလိုက်၏ ။

“ မေကြီး လာပြီ ၊ မေကြီးပြန်လာပြီ ”

သုံးနှစ်သားကလေး လမ်းမပေါ်သို့ ပြေးဆင်းလာပြီး အေးမာ ကို ဖက်တွယ်လိုက်၏ ။ ချောမောင် စိတ် မသက်မသာဖြင့် သူ့ ရှေ့မှမြင်ကွင်းကို ကြည့်နေမိ၏ ။ အေးမာ က သူ့ သားကို ချီလျက် ချောမောင် ကို စေ့စေ့ ကြည့်၏ ။

“ ဘယ်လိုလဲ ကိုချောမောင် ” ဟု သူ့မျက်လုံးများ က မေးခွန်းထုတ်နေ သလိုလို ။

ချောမောင် သည် စိတ် မပျက်သော်လည်း နှမြောစိတ် ဝင်နေမိသည်ကို မညာချင် ။ သူသည် သက်ပြင်းရှည်ကြီး ခိုးချရင်း ဆိုက်ကားနောက်ဘက်မှ တောင်းကြီးကို ဆွဲချပေးလိုက်မိ၏ ။

“ နက်ဖြန် မနက်မှာတော့ ရှင့် ဆုံးဖြတ်ချက်ကို ကျွန်မ သိရလိမ့်မယ် ထင်တယ် ၊ ကျွန်မ ကို အားမနာပါနဲ့ ကိုချောမောင် ၊ မဖြစ်နိုင်ဘူး ဆိုရင်လဲ ပြတ်ပြတ်သားသားပေါ့ရှင် ၊ လာ သား သား ”

သူပြောခဲ့သည့် စကားတို့ကို ထပ်တူဆိုကာ အေးမာ သူ့ ကို ထားရစ်၏ ။

လူပျို ကြီး ကိုချောမောင် ကတော့ တေမိ ။

°°°°°   °°°°°   °°°°°

ချောမောင် တို့ ဆိုက်ကားဂိတ်ထိုးရာ နေရာသည် နေ့တွင် လူစည်ကားသလောက် ညဘက်တွင် လူသူအသွားအလာ နည်းပါးလှသည် ။ ညဘက် ဆိုက်ကားထွက်သူကလည်း နေ့ဘက်လောက် မများ ။

ချောမောင် သည် ကိုရွှေသောင်း ကို အေးမာ နှင့် သူတို့ အဖြစ်ကို ပြောပြ တိုင်ပင်နေမိသည် ။

“ အေးလေ ကောင်မလေး ပြောတာ ရှင်းနေတာပဲ ၊ မင်း ကြည်ဖြူနိုင်ရင် နက်ဖြန်မနက် ခါတိုင်းလိုပဲ သွားကြို ၊ မကြည်ဖြူနိုင်ရင် မသွားနဲ့ ၊ ဒါပဲ ”

“ ချောမောင်ရာ မင်းကလဲ အသက် သုံးဆယ်နီးပါး အထိ လူပျိုကြီးလုပ်နေခဲ့ပြီးမှ တွေ့ မယ့် တွေ့တော့ ”

ကိုမျိုးတင့် စကားက အဆုံးမသတ် ၊ သို့သော် ပြတ်သားစွာ ဆုံးဖြတ်ဖြစ်တော့မည့် အရေးကို နှောင့်နှေးစေခဲ့သည်က အမှန် ။

ထိုခဏမှာပင် သူတို့အနီးသို့ မိန်းကလေးတစ်ဦး ရောက်လာ၏ ။ ဓာတ်မီးတိုင်အရောင်အောက်ဝယ် တောက်ပ ရွှန်းလက်နေသော မျက်လုံးကလေးများကို မြင်နေရ၏ ။

“ အစ်ကို ညီမ အားနေတယ်နော် ၊ ဧည့်သည်များ အခေါ်လာရင် ”

ကိုရွှေသောင်း နား ကပ်၍ ပြောသွား၏ ။

ဆံပင်တိုကလေး နှင့် ကိုယ်နေဟန်နွဲ့နွဲ့ကလေးနှင့် ဘယ်လိုမှ ထင်နိုင်စရာ မရှိသော ဝတ်စားဆင်ယင်မှုမျိုး နှင့် ။

သည် ကောင်မလေး ကို ချောမောင် တို့အားလုံး သိကြသည်ပင် ။ သိသည်မှ အကျွမ်းတဝင် တရင်းတနှီး ။

“ စဉ်းစားကြည့်လေ ချောမောင် ၊ အဲသလို ကောင်မလေးမျိုးနဲ့ စာရင် မင့်ကောင်မလေး က အပြတ်အသတ် အဆင့်အတန်း မြင့်နေတာပဲ ၊ အဓိကကတော့ မေတ္တာ ပါပဲ ”

သည် စကားကြောင့် ချောမောင့် စိတ်ပေါ့ သွား၏ ။ ဟုတ်သည် ။ အဓိကကတော့ မေတ္တာ ပါပဲ ။ အေးမာ ကလေးတစ်ယောက် အမေ ဆိုတော့လဲ ဘာဖြစ်သလဲ ၊ သူ တကယ် ချစ်နေပြီပဲ ။ ဖွင့် မပြောဘဲ နေခဲ့ပါက သူ သိပင် သိရမည် မဟုတ် ။

ရိုးသားဖြူစင်သူ အေးမာ ကို သူ ဘာကြောင့် ပစ်ပယ်ရမည်နည်း ။

°°°°°   °°°°°   °°°°°

အေမာ တို့ ကုန်စိမ်းကားကြီး ဈေးရှေ့တွင်ရပ်လိုက်၏ ။ အေးမာ ရင်တထိတ်ထိတ်ဖြင့် ဘေးဆီကို အကဲခတ် ကြည့်လိုက်၏ ။ ချောမောင် ကို မတွေ့ရပေ ။ အေးမာ ရင်ထဲဟာသွား၏ ။ အံကလေး ကို မသိမသာ ကြိတ်လိုက်မိ၏ ။

ကုန်စိမ်းခြင်းတွေ ၊ ငါးတောင်းတွေ ကြားထဲ ကျပ်ကျပ်ညပ်ညပ် ကတ်ကတ်သတ်သတ် စီးလိုက်လာရစဉ်ကထက် ပိုမိုပင်ပန်း မွန်းကျပ်သွား၏ ။ နောက်ပိုင်းမှ မခင်ထွေးတို့တွေ ကားပေါ်မှ သွက်လက်ခုန်ဆင်းနေကြပြီ ။ သက်ဆိုင်ရာ ခြင်းတွေ တောင်းတွေ ကို အားနှင့်အင်နှင့် ဆွဲချသယ်ယူခင်းကျင်းနေကြလေပြီ ။

အေးမာ သည် ကားရှေ့ပိုင်းတွင် ပိတ်မိနေရာမှ - ခြင်းတွေ အတော် ရှင်းသည် အထိ စောင့်နေမိသည် ။ မျှော်လင့်ချက် ကင်းမဲ့သွားသဖြင့် သူ အားငယ်နေသည် ။ ငိုချင်နေသည် ။ ကားပေါ်မှ ခပ်လေးလေးပင် ဆင်းလိုက်မိသည် ။

တောင်းကြီး ကို ဆွဲယူလိုက်သည် ။ တောင်းကြီးသည် အခါတိုင်းထက် ပို၍ လေးနေသလိုလို ။ အတော်ကြီး အားစိုက်၍ ကားပေါ်မှ ချရန်ကြိုးစားဆဲ တောင်းကြီး ကို လူ တစ်ယောက် က ဝင် ထမ်းလိုက်၏ ။

“ ဟင် ကိုချောမောင် ”

ရွှန်းလဲ့သွားသည့် အေးမာ မျက်လုံးကလေးတွေက တစ်ဘက်က ချောမောင် ၏ချစ်စိတ်ကို နှိုးဆွလိုက်၏ ။

“ ဟေ့ မင်း ဘာဖြစ်လို့ ငိုရပြန်တာလဲကွာ ”

တောင်းကြီးကိုပြန်ချပြီး အေးမာ နားကပ်ကာ မေးမိ၏ ။ အေးမာ မဖြေနိုင် ။ အင့်ကနဲပင် ရှိုက်လိုက်မိသေး၏ ။ ဘေးပတ်ဝန်းကျင်ကိုပင် အေးမာ မမှုနိုင်တော့ ၊ ကြည်နူးစိတ်ကို မနည်းထိန်းကာ မေးလိုက်မိ၏ ။

“ ကိုချောမောင် ရှင် ကျွန်မဆီ လာတာလား ”

“ အေးလေကွာ ၊ မင်းဆီ လာတာမို့ မင်းရဲ့တောင်းကြီး ငါ ဝင် ထမ်းပေးတာပေါ့ ၊ ဒိပြင် ကောင်မဆီ လာတာဆိုရင် ဒိပြင် ကောင်မရဲ့ တောင်းကို ငါ ထမ်းမှာပေါ့ဟ ၊ ငါ ဆုံးဖြတ်ပြီးပြီ အေးမာ ၊ မင်းကို ငါ ယူမယ် ”

“ သေချာရဲ့လား ကိုချောမောင် ရယ် ၊ ကျွန်မရဲ့ သားလေးကိုကော ရှင် တစ်သက်လုံး ကြည်ဖြူနိုင်မှာလား ”

ချောမောင် စိတ်ပါလက်ပါ ခေါင်းညိတ်ပြလိုက်၏ ။

“ မယား ကို ချစ်မှတော့ သားကိုလဲ ချစ်မှာပေါ့ အေးမာ ရာ ၊ မင်း ငါ့ကို ဘယ်တော့ ယူမှာလဲ ပြောကွာ ”

“ ဟာ ဘယ်လို လူကြီးလဲ ၊ တိုးတိုးပြောစမ်းပါ ရှက်စရာကြီး ၊ လာပါ ဈေးထဲ ဝင်ကြပါစို့ ”

ချောမောင် သည် တောင်းကြီး ကို ဝှေ့ ကနဲမကာ ပြန်ထမ်းလိုက်ပြီး မားမား မားမားနှင့် ဦးဆောင် ထွက်ခွာသွားလေသည် ။

အေးမာ က ရယ်ချင်စိတ်ကို မနည်းမျိုသိပ်နေရ၏ ။

ညီမ ၏ သားကလေးကို သူ့ ကလေး လုပ် ၊ သူ့ ကိုယ်သူ မုဆိုးမ ယောင် ဆောင်ကာ လူပျိုကြီး ၏ အချစ်ကို စမ်းသပ်ခဲ့သည့်အဖြစ်ကို ချောမောင် သာ သိလျှင် .….

ခစ်ကနဲ ရယ်သံကြား၍ ချောမောင် လှည့်ကြည့်လိုက်တော့ ရယ်လက်စ မသတ်နိုင်သည့် အေးမာ ၏ မျက်နှာနီနီကလေး ကို တွေ့ လိုက်ရလေသည် ။

◾ကြူကြူသင်း

📖 စာပေလုပ်သားမဂ္ဂဇင်း
       ၁၉၈၅ ခု ၊ ဩဂုတ် လ

koaungnaingoo.blogspot.com

.

No comments:

Post a Comment