Monday, November 15, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၁၁ + ၁၂


 

အခန်း ( ၁၁ )

လက်ထပ်ချင်သပ ဆိုလဲ လက်ထပ် ။ သဘော ။

ဟင့်အင်း ဆိုလဲ... သဘော ။

ငါ ကတော့ အောင်သိန်း နဲ့ လက်ထပ်ချင်ပါတယ် ။

ချစ်လို့ ။

ပြီးတော့ အောင်သိန်း ငါ့ ကို ချစ်တယ် ဆိုတာလဲ ငါ သိတယ် ။ ငလွင် ကို လဲ အရွဲ့တိုက်ပြ လိုက်ချင်တယ် ။

ခက်တာက ငါ မှားသွားပြီ ။ ငါ လမ်းမှားကို ရောက်ဖူးခဲ့ပြီ ။ ငွေနှစ်ရာ တော့ ရပါရဲ့ ။ ဒါပေမယ့် ငါ ဝမ်းမသာနိုင်ဘူး ။ ယူကျုံးမရ ဖြစ်ရတယ် ။

အောင်သိန်း အိမ်ရောက်လာတယ် ။ ဘာစိတ်ကူး ရလာတယ်တော့ မပြောတတ်ဘူး ။ မမ ရယ် လက်ထပ်ထားကြ ရအောင်လား ... တဲ့ ။

ငါ ကလဲ ငါ ချစ်တဲ့ ယောက်ျား နဲ့ အတူ နေချင်တာပေါ့ ။ လက်ထပ် ချင်တာပဲ ပေါ့ ။

ဒါပေမယ့် အပြော လွယ်သလောက် အလုပ် ခက်တယ် ။ သူ ကလဲ ကျောင်း မပြီးသေးဘူး ။ အိမ်ထောင် တခုကို ဘယ်က ဝင်ငွေနဲ့ ဘယ်လို ရပ်တည်ကြမလဲ ။

အောင်သိန်း က ပြောတယ် ။ သူ့ မိဘက ပို့နေကျ ကျောင်းစရိတ်နဲ့ပဲ ဖြစ်သလို ခြိုးခြံ စားကြတာပေါ့တဲ့ ။

သူ ပြောလိုက်တာက ချောလို့ ။ ငါ က ဘာမှ မသိ နားမလည်တဲ့ အပျိုပေါက်ကလေး တယောက် ဆိုယင်လဲ သူ ပြောတာ လက်ခံလိုက်ရ အကောင်းသား ။ တယောက်စာ ကို နှစ်ယောက် စားလို့ တနေ့မှ တနပ်ပဲ စားရဦးတော့ အရေး မဟုတ်ပါဘူး ။ ငါ ခံနိုင်ရည် ရှိပါတယ် ။

ဒါပေမယ့် ငါ့ မှာက အဆွယ်အပွားလေးတွေ ရှိတယ် ။ ငါ့ တာဝန်ကို ငါ့ အမေ အဖေ ခေါင်းပေါ် ကြာရှည် အရွက် မခိုင်းထားချင်ဘူး ။

ပြီးတော့ နေ့ခင်းက တည်းခိုခန်း မှာ ဖြစ်လာတဲ့ ကိစ္စကြောင့် ငါ့ ရင်ထဲမှာ မရှင်းဘူး ။ ဆို့ဆို့မောမောကြီး ဖြစ်နေတယ် ။ ပြီး အောင်သိန်း မျက်နှာ ပြန်ကြည့်ပြီး မျက်ရည် ဆယ် မရတော့ဘူး ။

မမ ဘာဖြစ်လို့ ငိုတာလဲ တဲ့ ။ ငါ ဘယ်လို ပြောရမလဲ ။ ရင်ထဲ သိုဝှက် ထားရမှာလား ။ ဟင့်အင်း ၊ ဟင့်အင်း ငါ သိုဝှက် မထားနိုင်ဘူး ။ ရင်ဖွင့်ပစ်လိုက် ချင်တယ် ။

ခုဟာက အောင်သိန်း က ငါ့ ကို လက်ထပ်ဖို့ အရင် ဖွင့်ပြောလာတာ ။ ဒါပေမယ့် အောင်သိန်း မသိသေးတဲ့ ပြစ်ချက်ကြီး တခုကို ငါ ကျူးလွန်ခဲ့မိပြီ ။

ငါ့ ဘဝ ကို အောင်သိန်း နားလည်နိုင်ပါ့ မလား ။ ခွင့်လွှတ်နိုင်ပါ့ မလား ။

ငါ့ စကား ကြားရုံနဲ့ပဲ ငါ့ ကို စွန့်ခွာသွားလိမ့်မယ် ထင်တယ် ။ ငါ အသက်ရှုရ ကျပ်လာတယ် ။ တသက် နဲ့ တကိုယ် သည်လို တခါမှ မခံစားခဲ့ရဖူးသေးဘူး ။

ငါ့ ကို ကြည့်ပြီး အောင်သိန်း အံ့ဩနေတယ် ။ ဟုတ်တယ်လေ ။ လက်ထပ် ချင်တယ် ပြောတာနဲ့ပဲ ငါ က မျက်ရည် မဆည်နိုင်အောင် ဖြစ်ရတယ် ဆိုတော့ အံ့ဩ စရာပေါ့ ။

ငါ ကလဲ အောင်သိန်း ရဲ့ နှုတ်က သည်စကားမျိုးကို သည်အချိန်မှာ ပြော လာလိမ့်မယ်လို့ မျှော်လင့် မထားမိဘူး ။ ဘာလို့လဲ ဆိုတော့ ငါ တို့ နှစ်ယောက် ကျေကျေလည်လည် ဆွေးနွေးထားပြီးပြီ ။ ငါ က သူ ကျောင်းပြီးတဲ့ အထိ စောင့်ရမယ် ။ သည်ကြားထဲ ကျောင်းအားရက်တွေမှာတော့ တွေ့နေကျ သူ့ သူငယ်ချင်း အိမ်မှာ ချိန်းတွေ့ကြမယ် ။ ဒါ တို့နှစ်ယောက် သဘောတူ ချမှတ်ထားတဲ့ လမ်းစဉ်ပဲ ။

ဒါပေမယ့် ခု စိတ်ပြောင်းပြီး လက်ထပ်ချင်တယ် ဆိုတော့ အောင်သိန်း ရဲ့ စကားက ဆန်းနေတယ် ။

ငါ့ မှာကလဲ ပြဿနာ က မမျိုနိုင် မထွေးနိုင် ဖြစ်နေတယ် ။
ငါ အားပါးတရ ငိုပစ်လိုက်တယ် ။ အောင်သိန်း ငါ့ ကို မချော့ဘူး ။ မမေးဘူး ။ မနှစ်သိမ့်ဘူး ။ ငါ ငိုတာကို ကြောင် ကြည့်နေတယ် ။

ငါ့ ရင်ထဲမှာ ကတော့ ဆုံးဖြတ်ပြီးသားပဲ ။ နေ့ခင်း က ဇာတ်လမ်း ကို ငါ ဖွင့်ပြောမယ် ။ ဝန်ခံမယ် ။ သည်လို ဝန်ခံလျက်နဲ့မှ ငါ့ ကို ချစ်သေးတယ် ဆိုယင်လဲ သူ့ သဘော အတိုင်းပဲ ။ လက်ထပ်ချင်သေးတယ် ဆိုယင်လဲ လက်ထပ် ။ စွန့်ခွာမယ် ဆိုယင်လဲ စွန့်ခွာ ။ ငါ ကတော့ ငါ့ အဖြစ်ကို ဖွင့်ပြော ရတော့မှာပဲ ။

ဒါပေမယ့် ခက်တယ် ။ ပြော မထွက်ဘူး ။ စကားလုံးတွေက လည်မျိုဝမှာပဲ တစ်နေတယ် ။ ပြီး အရေပျော်ဝင်သွားတယ် ။

အောင်သိန်း ကလဲ သိတယ် ။ ငါ တခုခု ပြောချင်နေမှန်း သိတယ် ။ ဒါပေမယ့် သူကလဲ မမေးဘူး ။ မမ ဘာပြောချင်လဲ ... ပြောလေ ဆိုတဲ့ စကားမျိုးတောင် သူ့နှုတ်က မထွက်ဘူး ။

ငါ ဆက်ပြီး ငိုနေတာ အကြာကြီးပဲ ။ အောင်သိန်း ကလဲ စိတ်ရှည်ရှည်နဲ့ ထိုင်ငေးကြည့်နေတယ် ။

နောက်ဆုံးတော့ ငါ စာရွက်တစ်ရွက် ပေါ်မှာ စာတကြောင်း ရေးပြီး ပေး လိုက်တယ် ။

' မမရဲ့ ဘဝ မကောင်းတော့ဘူး မောင် ' ... လို့ ။

စာ ကို ဖတ်ကြည့်ပြီး အောင်သိန်း ပင့်သက်တချက် ချတယ် ။

ပြီးတော့ စကားတွေ အများကြီး ပြောတယ် ။ ငါ ပြောမယ့် အကြောင်းတွေကို လက်စသတ်တော့ သူ သိနေပြီးသားကို ။

အစအဆုံး အောင်သိန်း အားလုံး သိနေတယ် ။ ဝင်းပပ အကြောင်းကိုလဲ အောင်သိန်း သိတယ် ။ ငါတို့ နှစ်ယောက် တည်းခိုခန်းပေါ် တက်သွားကြတာကိုလဲ သူ သိတယ် ။ ငါ ပြန်ဆင်းလာတာကိုလဲပဲ သူ သိတယ် ။

နောက်တခေါက် ပြန်တက်သွားတာကိုလဲပဲ သူ သိတယ် ။ အို ... နောက်ဆုံး ငါ့ ဘဝပျက်ခဲ့ရတာက အစ သူ အားလုံး သိနေတယ် ။ ငါ့ ကို နောက်ယောင်ခံ လိုက်နေလို့လား ဆိုတော့ မဟုတ်ပါဘူး ။

အမှန်တော့ တိုက်ဆိုင်တာလဲ မဟုတ်ဘူး ။ တည်းခိုခန်း မန်နေဂျာ က အစကတည်းက သူ နဲ့ ရင်းနှီးတယ် ။ သူ ကလဲ သည် တည်းခိုခန်း ကို ရောက်နေကျလို့ ပြောတယ် ။ ဘာအကြောင်းနဲ့ သူ အဲ့သည် တည်းခိုခန်း ကို ရောက်တယ်ဆိုတာ တော့ ငါ မေးမကြည့်မိဘူး ။ သူ ကလဲ မပြောဘူး ။

ဒါပေမယ့် အဲ့သည် မန်နေဂျာ ရဲ့ ပြောပြချက် အရ အဖြစ်သနစ် အားလုံးကို သူ သိရတယ်လို့ ဆိုတယ် ။ ငါတို့ အဖို့မှာသာ သည်ကိစ္စမျိုး ကို အကျင့်သိက္ခာ အတွက် ဖုံးရ ဖိရ လုပ်နေရတာကို ။ သူတို့ အဖို့မှာတော့ အသစ်ကလေးတစ်ယောက် နဲ့ အိပ်ရတာ ကိုက ကြွားစရာ စကားကြီးတခု ။

သည်မှာ အောင်သိန်း က သတိပေးတယ် ။ ဆက်ပြီး ငါ မပျက်စီးစေချင်ဘူးတဲ့ ။ ဒါကြောင့် သူ နဲ့ တရားဝင် လက်ထပ်ထားပြီး အတူ နေကြရအောင်ပါတဲ့ ။ နောင် ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကိုတော့ နောင် မှပဲ လက်တွဲ ဖြေရှင်းကြရအောင်ပါတဲ့ ။

အမှန်ပြောရယင် ငါ လဲ အောင်သိန်း ကို မခွဲနိုင်ဘူး ။ ခု သူ့ အချစ်ကို ပိုပြီး လေးစားဖို့ ဖြစ်လာတော့ ၊ ကျန်တဲ့ ကိစ္စတွေကို ဘာ ဆက်စဉ်းစားစရာနေဖို့ လိုသေးတော့သလဲ ။

ငါ့ မိဘ အကြွေးတွေ ကိစ္စက သူ နဲ့ လက်မထပ်လဲပဲ ငါ ပူရမှာပဲ ။ သူနဲ့ လက်ထပ်လဲပဲ ငါ ပူရမှာပဲ ။ ဒါပေမယ့် ထူးပြီး ပူစရာ အကြောင်းတော့ မရှိပါဘူး ။ ဘာလို့လဲ ဆိုတော့ သူ့ မှာကလဲ သူ့ ရိက္ခာနဲ့ သူ ။ သူ့ကြောင့် ငါ့ မှာ ဝန်ထုပ်ဝန်ပိုး တိုးလာစရာ အကြောင်း မရှိဘူးလို့ ငါ တွက်မိတယ်လေ ။

သည်တော့ လက်ထပ်ဖို့ကိစ္စ ကို ငါ ခေါင်းညိတ်ပစ်လိုက်တယ် ။ ငါ လဲ နောက်ထပ် မပျက်စီးချင်တော့ဘူးလေ ။

တကယ်တော့ လက်ထပ်တယ် ဆိုတာလဲ လိုတော့ မလိုလှပါဘူး ။ လက်ထပ်တယ် ဆိုတာ ဥပဒေအနှောင်အဖွဲ့ သဘောပဲ မဟုတ်လား ။

လူပုဂ္ဂိုလ် အတွက် ဥပဒေ အနှောင်အဖွဲ့ ၊ ပစ္စည်းဥစ္စာ အတွက် ဥပဒေ အနှောင်အဖွဲ့ ... မဟုတ်လား ။ ငါ့ အဖေ ခဏခဏ ပြောဖူးလို့ ငါ့ နားထဲ စွဲနေပြီ ။ ငါ လဲ သည်သဘော သည် အယူအဆကို လက်ခံထားခဲ့ပြီ ။

ဥပဒေ အနှောင်အဖွဲ့ လုပ်ရာမှာ မိန်းမသား ဘက်ကနေ ကြည့်ယင် လူပုဂ္ဂိုလ် အတွက် ဘာ အာမခံချက် ရှိလို့လဲ ။ ဘာမှ မရှိဘူး ။ ဒါ ကျွန်မယောက်ျား ပါ ဆိုပြီး မယားငယ် ကို တရားစွဲနိုင်ခွင့်လဲ မရှိဘူး ။ ယောက်ျားတစ်ယောက် အနေနဲ့က ကျွေးမွေးပေးကမ်း ထားနိုင်ယင် မိန်းမ အကန့်အသတ် မရှိ ယူနိုင်တာပဲ မဟုတ်လား ။
ယောက်ျားတယောက် ဘက်က ကြည့်ယင်တော့ ၊ ဥပဒေ အရ လူပုဂ္ဂိုလ် ကို အနှောင်အဖွဲ့ လုပ်နိုင်တယ် ။ တလင် နဲ့ လင်ခန်း မယားခန်း မပြတ်စဲ မချင်း နောက် လင်ယူဖို့ မစဉ်းစားနဲ့ ။ မယားခိုးမူ နဲ့ တရားစွဲနိုင်တယ် ။ ထောင် ငါးနှစ် အထိ ချနိုင်တယ် ။

ပစ္စည်း ကို ဥပဒေ အရ အနှောင်အဖွဲ့ လုပ်နိုင်တာကတော့ ဟုတ်ပါတယ် ။ ဒါပေမယ့် ငါ ကလဲ တမျိုးပဲ ။ ပစ္စည်း မမက်ဘူး ။ ဘာ လုပ်ရအောင်လဲသည် ပစ္စည်း ။

ငလွင် နဲ့ ငါ နဲ့ ကွဲကြတုန်းကကော ငါ့ မှာ ဘာ ပစ္စည်း ပါလာခဲ့လို့လဲ ။ လက်ထပ်စက သူ့ လည်တိုင် ကနေ ငါ့ လည်တိုင် ကို ပြောင်းဆွဲပေးတဲ့ ရွှေဆွဲကြိုးကို လဲ သူ့ အမေအိမ် က အဆင်း မှာ ငါ ချွတ်ပေးခဲ့တာပဲ မဟုတ်လား ။ နောက်တော့ သူ့ မှာလဲ မတွေ့တော့ဘူး ။ ရောင်းသုံးလိုက်တာလား ဖဲရှုံးပစ်လိုက်တာလား မပြောတတ်ဘူး ။ ငါ လဲ ပါးစပ်ဆော့ပြီး မေးမကြည့်မိဘူး ။

ပြီးတော့ ငလွင် နဲ့ ငါ နဲ့ ကွဲပြီးတဲ့ နောက် ဘာတွေ ခံစားခွင့် ရလို့လဲ ။ ဘယ်မှာလဲ မယားစရိတ် ။ ဘယ်မှာလဲ ကလေးစရိတ် ။

အေး ... ငါ က မယူချင်လို့ မရတာ ဆိုပြီး ပြောမယ်ဆို ပြောကြမယ် ။ ငါ တခွန်းပဲ မေးချင်တယ် ။ သည်ကောင် က ဘယ်လောက် ဝင်ငွေရှိလို့ ငါ နဲ့ ကလေးတွေ အတွက် မယားစရိတ် ကလေးစရိတ် ဘယ်လောက် ပေးနိုင်မှာလဲ ။

မထွန်းကား နိုင်ပါဘူး ။ သည်မယ် ... မပေါင်းချင်လို့ ကွဲပြီ ဆိုခါမှတော့ ဘာ အကြောင်းနဲ့ မှ မပတ်သက်ချင်တော့ဘူး ။ ဆား နဲ့ ပဲ စားမယ် ။ လျှာပေါ် မြက်ပေါက်ချင် ပေါက်ပလေ့စေ ။

ခု .... အောင်သိန်း က ငါ့ ဘဝပျက်စီးမှာ မြင်လို့ ငါ့ ကို လက်ထပ် ယူထားချင်တာ ပါတဲ့ ။

သည်နေ့ ဖြစ်ခဲ့တဲ့ အဖြစ်ကိုလဲ ခွင့်လွှတ်တယ် ဆိုတော့ သူ့ စေတနာ သူ့ မေတ္တာ က လေးနက်လှပါတယ် ။ ငါ လေးစားပါတယ် ။

အေး ... လက်ထပ်တယ် ဆိုတာနဲ့ ပတ်သက်လို့ကတော့ ငါ့ အမြင်က တမျိုး ဖြစ်နေတယ် ။

စာချုပ်စာတမ်း တွေ လုပ် မနေနဲ့ ။ လူကြီးစုံရာတွေ လုပ် မနေနဲ့ ။

အတူ နေကြမယ် ။ ငါ့ မိဘ ငါ့ ဆွေ ငါ့ အမျိုး က အောင်သိန်း ကို ငါ့ လင်သားတယောက် အဖြစ် အသိအမှတ် ပြုတယ် ဆိုယင်ပဲ တော်ပြီ ။

ယုတ်စွ အဆုံး ၊ ပတ်ဝန်းကျင်ကတောင် အသိအမှတ် မပြုချင်နေ ။ ငါ အရေး မစိုက်ဘူး ။

ငါ့ ခြေ ငါ့ လက် လှုပ်မှ ငါ ထမင်းစားရမယ် ။ ငါ့ မှာမရှိယင် ငါ့ မိဘ က လွဲပြီး ဘယ် သူက လာကျွေးမှာ မှတ်လို့ ။
သည်တော့ ငါ့ အယူအဆ ကို ငါ အောင်သိန်း ကို ရှင်းပြတယ် ။ အောင်သိန်း တအံ့တဩ ဖြစ်နေတယ် ။ သူ့ ဘက်က ကြည့်ယင် ငါ သူ့ အပေါ်ထားတဲ့ အချစ် ဟာ ပေါ့ပျက်ပျက်ပဲလို့ ထင်စရာ ဖြစ်နေသလားတော့ မဆိုနိုင်ဘူး ။

သည်နေရာမှာတော့ အောင်သိန်း ညံ့သေးတယ် ။ လေ့လာမှု နည်းသေးတယ် ။ ကျောင်းက သင်တဲ့ သင်ခန်းစာလောက် သူ့ ခေါင်းထဲမှာ ထည့်ထားပုံရတယ် ။

ရပ်ထဲ ရွာထဲ မှာ ဖြစ်ပေါ်နေတဲ့ အိမ်ထောင်ရေး ပြဿနာတွေကို ကြားဖူးနားဝ ရှိသေးပုံ မပေါ်ဘူး ။

ငါ ဟာ သူ့မယားပါ ဆိုပြီး စာချုပ်ကြီး နဲ့ လက်ဆုပ်လက်ကိုင် ယူထားချင်ပုံ ရတယ် ။ မလိုပါဘူးကွယ် ။

အိမ်ထောင်ရေး တခုမှာ စိတ်သဘောထားချင်း တိုက်ဆိုင်ဖို့ သိပ်အရေး ကြီးပါတယ် ။ အပေးအယူ မျှမှလဲပဲ စိတ်သဘောထားချင်း တိုက်ဆိုင်မယ် ။

ကိုယ်ထင်ရာ ကိုယ်စိုင်း နေလို့ကတော့ သည်မယ် ... ဘယ် အိမ်ထောင်ရေးမှ မတည်မြဲပါဘူး ။ ဘယ်လို ဥပဒေအနှောင်အဖွဲ့မျိုးကမှလဲ ထိန်းမထားနိုင်ပါဘူး ။

ငါ က တလင် ပဲ ရသေးတယ် ။ ဒါပေမယ့် လင် သုံးယောက် အကြောင်း ကို လေ့လာဖူးထားပြီ ။

ငလွင့် အစ်ကို နှစ်ယောက် နဲ့ သူတို့ မိန်း မတွေကို အနီးကပ် လေ့လာခွင့် ရခဲ့တယ် ။ အမှတ်မဲ့ နေယင်တော့လဲ အမှတ်မဲ့ပေါ့ ။ ဒါပေမယ့် ငါ ကတော့ အမှတ်မဲ့ မနေခဲ့ဘူး ။

နောက်ဆုံးတော့ အောင်သိန်း ငါ့ အယူအဆကို လက်ခံလာတယ် ။ ငါတို့မှာ ပစ္စည်းချင်း ပေါင်းစရာ ပစ္စည်းလဲပဲ ဘာမှ မရှိဘူး ။

လူချင်း ပေါင်းမယ် ။ တယောက်ဆန္ဒ ကို တယောက် ဖြည့်စွမ်းမယ် ။

သူ့ အဝတ်အစားတွေ သွားယူလာခဲ့ ခိုင်းတယ် ။ ငါ့ အမေအိမ် ကို ညတွင်းချင်း ပြောင်းလာခဲ့ ခိုင်းတယ် ။ အတူ အိပ်တယ် ။ အတူ စားတယ် ။ အတူ သွားတယ် ။ ပြီးပြီ ။

ပေါင်းချင်တဲ့ အချိန် အထိ ငါ့ ကို ပေါင်းပါ ။ မပေါင်းနိုင်တော့တဲ့ အချိန် မှာ ငါ့ ကို စွန့်ခွာသွားပါ ။

အေး ... စိတ်ချ ။ ငါ ဘယ်တော့မှ လိုက်ပြီး နှောင့်ယှက်မယ် မထင်နဲ့ ။ ငါ့ ယောက်ျား သဘောကျ ဖြစ်စေရမယ် ။ ငါ တာဝန် ယူတယ် ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


အခန်း ( ၁၂ )

လူ့ဘဝ ဆိုတာ ကျားကစားသလိုမှ မဟုတ်ပဲ ။ ရှေ့ဖြစ်လာမှာတွေကို ကြိုတွက်ထားလို့ ဘယ်ရနိုင်ပါ့မလဲ ။ ငါ့ အဖေ ပြောတာ ကြားဖူးတယ် ။

ကျားကစားရာမှာ ကိုယ့် ဘက်က အကောင်းဆုံးကို ကြည့်ရတယ်တဲ့ ။ ပြီးတော့ သူ့ ဘက်က အကောင်းဆုံးကို စဉ်းစားရတယ်တဲ့ ။ သည်လို ကြည့်နိုင်ယင် ကိုယ့်ဘက် သူ့ဘက် ဘယ်လို ဖြစ်နိုင်မလဲ ဆိုတာကို ကြိုတွက်လို့ ရနိုင်တယ်တဲ့ ။ ဟုတ်မယ် ။

ဒါပေမယ့် လူ့ဘဝမှာတော့ ( ကျားကောင်ကလေးတွေ နဲ့ ကျားရွှေ့နေတဲ့ လက်ကို မျက်စိနဲ့ တပ်အပ်မြင်နေရသလို ) ကံတရားကို မြင်နေရတာမှ မဟုတ်ပဲ ။

အေး ... တခုတော့ ရှိတယ် ။ အဆိုးဆုံး နဲ့ အကောင်းဆုံး ကို မျှော်လင့်ထားလိုက်တယ် ။ ဒါက ငါ့ အကျင့် ။

အဆိုးဆုံး မျှော်လင့်ထားတာကတော့ ဖြစ်လာတယ် ။

အောင်သိန်း နဲ့ ငါ ရုံးမှာ တက် လက်မှတ် မထိုးဘူး ။ ဧည့်ခံပွဲ မလုပ်ဘူး ။ သတင်းစာမှာ လက်ထပ်ပြီးစီးခြင်း ဆိုပြီး မကြော်ငြာခဲ့ဘူး ။ ခပ်တည်တည်ပဲ အတူတူ နေလိုက်တယ် ။

ဒါပေမယ့် အောင်သိန်း မိဘတွေ သိသွားတယ် ။ ဘယ်လိုကနေ ဘယ်လို သိသွားတယ်တော့ မပြောတတ်ဘူး ။

အဲ ... အကောင်းဆုံး မျှော်လင့်ထားတာကတော့ ဖြစ်မလာဘူး ။

အကောင်းဆုံး မျှော်လင့်ထားတာကတော့ အောင်သိန်း မိဘတွေက ထုံးစံအတိုင်း လစဉ်စရိတ်ပို့ပေးနေမယ် ။

ဘာပဲ ပြောပြော ၊ ငါ့ အတွက် အထောက်အကူ မဖြစ်တောင် သူ့စရိတ် နဲ့ သူ ကျောင်းပြီးသွားနိုင်တယ် ။ ကျောင်းပြီးသွားတဲ့ အချိန်ကျမှ သူ့ မိဘ သိလဲပဲ သိပစေတော့ ။ အဲသည်အခါကျမှတော့ သူ့မိဘ က သဘောမတူလဲပဲ ဘာအရေးလဲ ။

ခုတော့ မမျှော်လင့်ပဲ အသိ စောသွားတယ် ။ သိသွားပြီ ဆိုတော့လဲ ရိက္ခာ ဖြတ်တော့တာပေါ့ ။ စရိတ် မထောက်တော့ဘူး ။

သူ့ အဖေကလဲ ဝန်ထမ်းတယောက်ဆိုတော့ ရရစားစား ပါပဲ ။ သိပ် မချောင်လည်လှပါဘူး ။ တကယ့်တကယ် ဆိုယင် အောင်သိန်း ကိုတောင် ရန်ကုန် ကျောင်းပို့ထားနိုင်စရာ အကြောင်း မရှိဘူး ။

အောင်သိန်း မိဘများ က ကွမ်းခြံကုန်း မှာနေတယ် ။ သူ က အဖေ ရဲ့ လစာအပြင် မွေးမြူရေးကလဲ ဝင်ငွေနည်နည်း ရတယ်လို့ ဆိုတယ် ။ အဲဒါကြောင့် အောင်သိန်း ကို ကျောင်းထားနိုင်တာလို့ ပြောတယ် ။

ငါ ကလဲ မရှိမဲ့ ရှိမဲ့နဲ့ သူတို့ ပို့နေတဲ့ ငွေ ကို မမက်မောပါဘူး ။ ဒါပေမယ့် အခြေအနေက တောင် မလှမ်းသာ ၊ မြောက် မလှမ်းသာ မဟုတ်လား ။ ဒါကြောင့် ဘာပဲ ပြောပြော ၊ အောင်သိန်း ရဲ့ ကျောင်းစရိတ်ကလေး ကိုတော့ မျှော်လင့်ရတာ ပေါ့ ။ သည်အတိုင်း နေလို့ကတော့ မဖြစ်တော့ဘူးပေါ့ ။

အံ့ဩစရာ ကောင်းတာက အတူနေကြပြီး ရက်ပိုင်း အတွင်းမှာပဲ သူ့ မိဘ သိသွားတယ် ။ အေးလေ ... ရန်ကုန် နဲ့ ကွမ်းခြံကုန်း ဆိုတာကလဲ ဘယ်လောက် ဝေးတာ မှတ်လို့ ။ လူ့သတင်း လူချင်းဆောင်မှာပေါ့ ။

ငါ့ အဖေ အမေ ကတော့ ငါ့ သဘော တခုပဲ ။ ဒါပေမယ့် အောင်သိန်း နဲ့ တော့ သဘော မတူကြဘူး ။ သဘော မတူပေမယ့် ကန့်လဲ မကန့်ကွက်ဘူး ။

အကြောင်းက ရှိတယ်လေ ။ ပထမ အိမ်ထောင်က ငါ့ အမေ ရွေးပေးခဲ့တဲ့ လူ ။ ကလေးသုံးယောက် ပဲ အဖတ်တင်လိုက်တယ် ။ လင် က အဖတ်မတင်ဘူး ။ ကွဲတယ် ။ ငါ ပဲ နစ်နာ ကျန်ရစ်ခဲ့ရတယ် ။

သည်တော့ အိမ်ထောင်ရေးကိစ္စ မှာ နောင်တကြိမ် ဝင်မစွက်ဖက်တော့ဘူး ဆိုတဲ့ သဘောမျိုး ။ မှားတယ် မှန်တယ် ဘာတခွန်းမှတောင် မဝေဖန်တော့ဘူး ။ ငါ့ အခွင့်အရေး ငါ့ သဘောတခုပဲ ဆိုပြီး လက်ပိုက် ကြည့်နေကြတယ် ။

ဒါပေမယ့် ငါ့ ညီမ ဆု ကတော့ နည်းနည်းကျဉ်းကျဉ်း ဝေဖန်တယ် ။ မမကြော့ နော် ... သည်လူ ကြည့်ရတာ မရိုးသားသလို တမျိုးပဲ တဲ့ ။

အေးလေ ... ငါ့ မိဘ ငါ့ ညီမတွေကတော့ အောင်သိန်း အပေါ် ဘယ်လာ အမြင်ကြည်လင်ပါ့မလဲ ။ ငလွင် ဆိုးတာကို သူတို့ မမြင်ဘူး ။ ငလွင် နဲ့ ငါ နဲ့ ကွဲတာ ဟာ အောင်သိန်း ကြောင့် လို့ တရားသေ မှတ်ထားတယ် ။ အောင်သိန်း ကို ကြာခိုသမား တယောက် အနေနဲ့ပဲ မြင်တယ် ။

ငါ့ အမေ ပါးစပ် က တသက်လုံး မထွက်ဖူးတဲ့ စကားမျိုး ထွက်လာတယ် ။

“ သမီး... ကလေးသုံးယောက်ကို စိတ်ချလက်ချ ထားခဲ့ ၊ သမီးတို့ လင်မယားကတော့ တော်ရာမှာ ပြောင်းနေကြ ...”  ဆိုပြီး ပြောလာတယ် ။

ငါ့ အမေ သဘောကို ငါသိပါတယ် ။ ငါ့ အပေါ် စေတနာမေတ္တာ ကုန်ခန်းလို့ ပြောတာမှ မဟုတ်ပဲ ။ အေး ... ငါ့ ယောက်ျား ကိုတော့ ငါ့ အပေါ် ထားတဲ့ စေတနာမျိုး မထားနိုင်ဘူးပေါ့ ။

ပြောင်းပါ ဆိုတော့လဲ ပြောင်းရတော့မှာပေါ့ ။

ငါ့ သမီး ငါ့ သား တွေကိုတော့ ငါ မခွဲနိုင်ပါဘူး ။ ဒါပေမယ့် အတူနေဖို့က အခြေအနေ မပေးတော့ဘူး ။ ထားခဲ့ရမှာကလဲ ဘွားအေ နဲ့ ။ ဘွားအေ ကလဲ စိတ်ချဖို့ပြောပြီး တာဝန်ယူထားပြီးပြီပဲ ။ သည်တော့ ထားခဲ့ရတယ် ။

ငါ့ နဲ့ အောင်သိန်း နဲ့ ကမာရွတ် ထဲကို ပြောင်းလာကြတယ် ။ အပြင်ဆောင်နေ ကျောင်းသားတချို့ ကို လခ နဲ့ ထမင်းချက်ကျွေးတဲ့ အိမ် တအိမ်မှာ အောင်သိန်း က အကူအညီတောင်းတယ် ။

သူ နဲ့ က သိကျွမ်းပြီးလဲ ဖြစ်တယ် ။ ပြီးတော့ ဒုက္ခ ရောက်နေတာလဲ မျက်မြင် ။ တခါ အခန်းခလဲ များများစားစား ပေးမယ် ဆိုပြန်တော့ ၊ အိမ်မကြီးရဲ့ အဖီကလေးမှာ အခန်းကျဉ်းကျဉ်းကလေး ဖွဲ့ထားပေးတယ် ။

အင်း ... ငါ့တို့ အဖြစ်ကလဲ ဆိုးတယ် ။ အိမ်ပြောင်းလာခဲ့တာ ဆိုပေမယ့် ဖျာတချပ် ခေါင်းအုံးတစ်လုံး မပါဘူး ။

အိမ်ရှင့် ရဲ့ သဘောထားကတော့ မဆိုးပါဘူး ။ ဖျာ တချပ် နဲ့ ခေါင်းအုံး တလုံး ပေးတယ် ။ လွှာစောင်ကလေး တထည်လဲ ပေးတယ် ။

အိမ်လခကိုလဲ ငါ တို့က ထိုက်ထိုက်တန်တန် ပေးပါ့မယ် ဆိုပေမယ့် သူတို့ကပဲ သတ်မှတ်တယ် ။ တလကို ငါးဆယ် ပဲ ပေးပါတဲ့ ။

နောင်ခါလာ နောင်ခါဈေး ပဲ ။ ပေးဖို့ အာမခံလိုက်တယ် ။

ဝင်ငွေကတော့ နှစ်ယောက်စလုံး တပြားတချပ်မှ မရှိဘူး ။ အောင်သိန်း ကတော့ အလုပ်တခုခု ထွက်ရှာမယ် ပြောတယ် ။ ဒါပေမယ့် ငါ လက်မခံဘူး ။ မရှာနဲ့ ။ ကျောင်းဆက်တက် ဆိုပြီး တိုက်တွန်းတယ် ။

အောင်သိန်း က ငါ့ ကို သံသယ အကြည့်နဲ့ ကြည့်တယ် ။ ငါ သိတယ် ။ သူ ကြည့်ပုံက ဒေါသကြည့်လဲ မဟုတ်ဘူး ။ မျက်လုံးတွေက ဝေဒနာ တစ်ခုကို ဖော်ပြနေသလိုပဲ ။

အတော်ကြာအောင် ကြည့်ပြီးမှ ငါ့ ကို မေးတယ် ။ မမ နဲ့ မောင် ဘယ်က ရတဲ့ငွေ နဲ့ ဘယ်လို စခန်းသွားကြမှာလဲတဲ့ ။

ရုတ်တရက် ဆိုတော့ ငါ လဲ မဖြေတတ်ဘူး ။ ဘာလုပ်ရမယ်လို့လဲ စိတ်ကူးထားတာ မရှိဘူး ။ တခုခုတော့ လုပ်ရမှာပဲ လို့သာ နားလည်ထားတယ် ။

လောလောဆယ်တော့ တစ်နေရာက ငွေလှည့်မယ် ။ လှည့်လို့ ရတာကလေးနဲ့ ထိန်းစားနေပြီး အလုပ်တခုခု ရှာမယ် ။ မောင် က ကျောင်းပဲ ဆက်တက် နေပါကွယ်လို့ ပြောမိပြောရာ ပြောလိုက်တယ် ။

တကယ်တော့ ငါ့ အကြောင်း ငါ မှသိတယ် ။ ငွေချေးလို့ ရနိုင်တဲ့ နေရာလဲ မရှိဘူး ။ တုတ်တုတ် ကလဲ ချေးတော့မှာ မဟုတ်ဘူး ။

မမ ... တခါက လမ်းဟောင်း ပြန်လျှောက်မယ် စိတ်ကူးလို့လား ... တဲ့ ။

သူ့ အသံက ထန်လဲ မထန်ဘူး ။ ပျော့လဲ မပျော့ဘူး ။ အသံနည်းနည်း တုန်နေတယ်လို့တော့ ငါ သတိထားမိတယ် ။

' စိတ်ချမောင် ... မောင် စိတ်မချမ်းသာမယ့် လမ်းကို မမ ဘယ်တော့မှ မလျှောက်ဘူး ။ မမ အလုပ်တခုခု လုပ်မယ် ။ နောက်ဆုံး ဟင်းရွက်ကန်စွန်းပဲ ရောင်းရ ရောင်းရ ... ' ဆိုပြီး ပြောလိုက်တယ် ။

အောင်သိန်း သက်ပြင်းရှည်တချက် ချရုံကလွဲပြီး စကားတခွန်းမှ ဆက်မပြောတော့ဘူး ။ ငါ သိပါတယ် ။ ငါ့ စကားကို သူ ယုံကြည်ပုံ မပေါ်ဘူး ။

အဲသည့်ညနေ က ငါတို့ မှာ နှစ်ယောက်ပေါင်းမှ ငွေနှစ်ကျပ် ပြားခြောက်ဆယ် ပဲ ရှိတယ် ။ ထမင်းစားလို့တော့ မဖြစ်ဘူး ။ လက်ဖက်ရည် တစ်ယောက် တစ်ခွက်ပဲ ရမယ် ။

ဒါပေမယ့် ထမင်းတော့ နပ် မကျော်ပါဘူး ။ စားရတယ် ။ နောက်ဆုံး ထုခွဲစရာပစ္စည်း အဖြစ် အောင်သိန်း ရဲ့ ဂျက်ကတ်အင်္ကျီ ကို ကြည့်မြင်တိုင် လဟာပြင်ဈေး အဟောင်းဆိုင် မှာ သွားရောင်းပစ်လိုက်တယ် ။ လေးဆယ့်ငါးကျပ် ရတယ် ။

နောက်နေ့ကတော့ ကျောင်းအားရက် ။ ငါ့ သဘောကတော့ ငွေကလေး လေးဆယ် ကျော် ရှိတုန်း ဆန်ကလေး ဆီကလေး ဝယ်ထားလိုက်ချင်တယ် ။ ဆိုင်မှာ စားရင် သုံးရက်စာပဲ ရှိမယ် ။ ချက်စားရင် တပါတ်လောက် စားရမယ် ။

ဘယ်မလဲ မီးဖို ၊ ဘယ်မလဲ အိုး တဲ့ ။ အင်း ... သူ မေးမယ်ဆိုလဲ မေးသင့်ပါတယ် ။

ငါ့ သဘောကတော့ ထမင်းဆိုင်ရှင် ကို အကူအညီ တောင်းမယ် ။ အိုးတအိုး ငှားမယ် ။ သူတို့ မီးဖိုအားတုန်း ကိုယ့်မီးသွေးနဲ့ ကိုယ် တည်မယ် ။ ဟင်းချက် မနေနဲ့ ထမင်းအိုးတည်ယင်း ဘဲဥနှစ်လုံး ထည့်ပြုတ် ။ ထမင်း နဲ့ ဘဲဥ ရှိယင် စားလို့ ဖြစ်ပြီပဲ ။

အောင်သိန်း က ဇယားမရှုပ်ချင်စမ်းပါနဲ့ မမ ရယ် ... တဲ့ ။
အိပ်ရာထ ၊ မျက်နှာသစ် ပြီးတယ်ဆိုယင် လက်ဖက်ရည်ဆိုင်ကို ခေါ်တယ် ။ ငါ ကတော့ ငွေနှစ်ကျပ် ကို နှမြောတယ် ။ ဒါပေမယ့် သူက သောက်ရမယ် ဆိုတော့လဲ သောက်လိုက်ရတယ် ။ လက်ဖက်ရည်တွင် မကဘူး ။ နံပြားနှစ်ချပ်တောင် မှာစားလိုက်သေးတယ် ။

တခါ မြို့ထဲ ထွက်မယ်တဲ့ ။ ဘာလုပ်ဖို့ ထွက်မှာလဲ မောင် အေးအေးဆေးဆေးပဲ ပြန်အိပ်နေရအောင်ပါလို့ ငါ ပြောတယ် ။ မရဘူး ။

ဘယ်သွားမှာလဲ ၊ ဘာလုပ်မှာလဲ မေးတာလဲ မဖြေဘူး ။

မမ အေးအေးဆေးဆေး လိုက်သာလာခဲ့စမ်းပါ တဲ့ ။

အမှတ် ( ၈ ) ကားစီးပြီး မြို့ထဲ လာခဲ့ကြတယ် ။

ငါ့ စိတ်ထဲမှာတော့ သူ့ မှာ အကြံအဖန် တခုခု ရှိမယ် ထင်တယ်ပေါ့ ။ သူငယ်ချင်း တစ်ယောက်ယောက်ဆီကို သွားမလို့လားပေါ့ ။ တနပ်စာ သက်သာ သက်သာ ဧည့်သည် သွားလုပ်မလို့လားပေါ့ ။ ဒါမှ မဟုတ် ။ ငွေချေးဖို့လားပေါ့ ။ ဖွင့်မမေးပေမယ့် ငါစဉ်းစားထားတာတော့ မျိုးစုံပဲ ။

ဘယ်ဟုတ်မှာလဲ ။ ငါ တွေးတာ တခုမှမမှန်ဘူး ။ ကိုယ်တော် က ဗန္ဓုလပန်းခြံ ကို ဦးတည်သွားတယ် ။ ပန်းခြံထဲ ဝင်တော့မှပဲ ဪ ... သည်ကို လာတာပါလား လို့ သိလိုက်ရတယ် ။

သည်မှာ လာထိုင်ပြီး ဘာလုပ်မှာလဲ ။ အကြံတုံး ဉာဏ်တုံး ။

ပန်းခြံ အဝင်မှာ ဒူးယားတဗူး ဝယ်လိုက်သေးတယ် ။ ငါ့ နှယ် နှမြောလိုက်တာ ။ ငွေကလေး လေးဆယ် ဘာ ကျန်တော့မှာလဲ ။

စီးကရက် ကို စီးကရက် ချင်း မီးကူးပြီး တစ်လိပ်ပြီးတလိပ် ဖွာတယ် ။ စကားတခွန်းမှ မပြောဘူး ။ ဪ ... သူ စိတ်ကူးနေတယ်လေ ... စိတ်ကူးပျက်သွားပါ့မယ် ဆိုပြီး ငြိမ်နေလိုက်တယ် ။

ငါ စဉ်းစားတာကတော့ အဖျင်းဆုံး ဘယ် သူငယ်ချင်းအိမ် အလည်သွားပြီး ထမင်းစားယင် ရမလဲ ဆိုတာ ကလေးလောက်တော့ သူ စိတ်ကူးသင့်တယ်ပေါ့ ။

ဘယ်ကလာ ဟုတ်ရမှာလဲ ။ နာရီဝက်ကျော် လေးဆယ့်ငါးမိနစ် လောက် ထိုင်တယ် ။ ပြီး သွားကြရအောင်တဲ့ ။ ဘယ်ကိုလဲ ဆိုတော့ထမင်းဆိုင်ကိုပေါ့ တဲ့ ။

သူ့ ဗိုက်ကလဲ ဆာ ဆာနိုင်လွန်းတယ် ။ သူများတွေ ရုံးတောင် မတက်ကြသေးဘူး ။ သွားကြတုန်း ၊ လာကြတုန်းပဲ ရှိသေးတယ် ။

ကမာရွတ် ကလဲ လက်ဖက်ရည် တခွက်နဲ့ နံပြား တချပ် စားလာခဲ့သေးတယ် ။ ငါ တော့ မဆာသေးဘူး ။

အောင်သိန်း မျက်နှာကို ငါ အကဲခတ်ကြည့်တယ် ။ တော်တော် ခေါင်းအေးအေး ထားနိုင်တဲ့ လူပဲ ။ ပူပန်တဲ့ လက္ခဏာ လုံးလုံး မတွေ့ရဘူး ။ အံ့ရော ။

ဒါပေမယ့် သူ က စားမှတော့ ငါ က ချွေတာနေလို့ အပိုပေါ့ ။ ငတ်တော့လဲ အတူတူပေါ့ ။ မဆာပေမယ့် ငါ လဲ ဝမ်းထဲ အဝ ဖြည့်ထားလိုက်တယ် ။

ထမင်းစားပြီးတော့ တခါ ဆူးလေဘုရားလမ်း အတိုင်း အထက်ဘက်ကို ခြေဦး လှည့်ပြန်တယ် ။ ဘယ်ကို သွားမှာလဲ မောင် ... ဆိုတော့ ... ရုပ်ရှင်လေတဲ့ ။

ဒါတော့ သည်းမခံနိုင်တော့ဘူး ။ ရုပ်ရှင် ဆိုတာ မကြည့်ပဲနေလို့ရတယ် ။ သည် ငွေကလေး မကုန်ခင် နောက်ထပ် ငွေ ရဖို့တော့ မစဉ်းစားပဲ ၊ မကုန် ကုန်အောင် သုံးပစ်ချင်လို့ ဘယ်ဖြစ်ပါ့မလဲ ။

မောင်ရယ် ... ဘာလို့ ကြည့်မှာလဲ ။ တော်ကြာ ... သုံးရက် သုံးရမှာ နှစ်ရက် နဲ့ ကုန်သွားမယ် ... လို့ ငါ ကန့်ကွက်လိုက်တယ် ။

မမ ကလဲ လေ ... နောက်နေ့တွေ အတွက် မစဉ်းစားစမ်းပါနဲ့ ။ သည်နေ့ အတွက်ပဲ စဉ်းစားစမ်းပါတဲ့ ။

ကောင်းရော ။ အောင်သိန်း ရဲ့ အယူအဆ က လန့်စရာပါလားလို့ ငါ့ စိတ်ထဲက ကောက်ချက်ချလိုက်တယ် ။
အောင်သိန်း ဟာ ဘဝ ကို သည်လိုပဲ ပေါ့ပေါ့တန်တန် စဉ်းစားသလား ။

ဒါပေမယ့် ငါ ပြန်စဉ်းစားကြည့်တယ် ။ ပူပန် တတ်တာ မတတ်တာ ဟာ ပညာ တတ်တာ မတတ်တာ နဲ့ ဘာမှ မဆိုင်ဘူး ထင်တယ် ။

မပူတတ်တဲ့ လူ ဟာ မပူကို မပူရဘူး ။ အေး ... ပူတတ်တဲ့ လူကတော့ ပူ မှာပဲ ။

သည်တော့ ရုပ်ရှင်ကြည့်မယ် ဆိုလဲ ကြည့်ပေါ့ ။ ငါ့ စိတ်ထဲ ဘဝင် မကျတာတော့ အမှန်ပဲ ။ ဒါပေမယ့် သူလဲ စိတ်ညစ်ညစ် နဲ့ ဖြေစရာ ရှာတာ ထင်ပါရဲ့ ။

ရုပ်ရှင် ကတော့ ဇာတ်ကြမ်း ပဲ ။ သူ ကတော့ စိတ်ဝင်တစား ကြည့်တယ် ။ ရုပ်ရှင်ထဲမှာ နစ်မြုပ်နေတယ် ။ ငါ့ စိတ်ကတော့ ငါ့ အိမ်ကို ရောက်လိုက် ၊ ဘာအလုပ် လုပ်ရပါ့မလဲ စဉ်းစားလိုက် နဲ့ ရုပ်ရှင် ပိတ်ကားပေါ်မှာကို မရှိဘူး ။

ရုပ်ရှင်ရုံ က ထွက်တော့လဲ လက်ဖက်ရည်ဆိုင် ဝင်ပြန်တယ် ။ ငါ ကတော့ ငွေတကျပ် ဆိုလဲ တကျပ် အလျောက် တန်ဖိုးရှိချိန်မို့လို့ နှမြောတယ် ။ ဒါပေမယ့် သူ သောက်တော့လဲ သောက်ပေါ့ ။

လက်ဖက်ရည်ဆိုင် က ထွက်ပြီးတော့ ကမာရွတ် ကိုပဲ တန်းပြန်တယ် ။ အောင်သိန်း ကို ကြည့်ရတာ တမျိုးပဲ ။ အေးအေးဆေးဆေး ပဲ ။ အိမ်ပြန်ရောက်တော့လဲ နောက်ဖေးချောင် အဖီလေးမှာ စီးကရက်ခဲပြီး စဉ်းစားနေတယ် ။

စဉ်းစားတာတော့ ငါ လဲ စဉ်းစားတာပဲ ။ ငါတို့ က ဝမ်းထဲမှာ ရှိတာ မျက်နှာမှာ ပေါ်တယ် ။ မျက်နှာက ဝမ်းတွင်းခံစားချက် ရဲ့ ကြေးမုံပြင် ။

အောင်သိန်း ကတော့ ငါ့ လို မဟုတ်ဘူး ။ အေးတိအေးစက် ။ ဝမ်းထဲမှာ ရှိတဲ့ ခံစားချက်က အရိပ်အယောင် မဟပ်ဘူး ။ ခန့်မှန်းရခက်တယ် ။

ထုံးစံအတိုင်းပဲပေါ့ ။ ညစာ ကို ကမာရွတ် က တရုပ်ဆိုင် မှာ ထွက်စားတယ် ။

အဲသည်တုန်းက ငါ နတ် မကိုးကွယ်သေးဘူး ။ နတ် ကိုးကွယ်ဖို့ နေနေသာသာ ၊ နတ်ကနားတောင် ယောင်လို့ သွား မကြည့်ဖူးဘူး ။ အသိထဲမှာလဲ နတ်ကတော် မရှိဘူး ။

ဝက်သား ဆိုယင်လဲ အသေကြိုက် ။ အောင်သိန်း ကလဲ ဝက်သား ဆိုမှ ဝက်သား ပဲ ။ သည်နေရာမှာတော့ လင်မယား အကြိုက် ညီတယ် ။

အဲ ... တနေ့တည်း ငွေနှစ်ဆယ် နီးနီး ချောသွားရော ။

နောက်တနေ့ကတော့ တနင်းလာ ။ ကျောင်းဖွင့်တယ် ။ မောင်ရယ် ... ကျောင်းတော့ တက်ဖြစ်အောင် တက်ပါကွယ် ။ မမ ကို ငါးကျပ် ပဲ ပေးခဲ့ ။ သူငယ်ချင်းတွေဆီ လှည့်ပြီး အလုပ်အတွက် စနည်းနာ ကြည့်မယ်လို့ ပြောတယ် ။

မတက်ချင်ဘူး ။ မတက်တော့ဘူး တဲ့ ။ သည်လိုတော့ ဘယ်ဖြစ်မလဲ ။ ငါ့ ကြောင့် အောင်သိန်း ဘဝလမ်းကြောင်း အပြောင်း မခံနိုင်ဘူး ။ သည်တော့ နှစ်သိမ့်ဖျောင်းဖျရတယ် ။ နာရီဝက်လောက် ကြာတော့မှ ငါ့ကို သူ ငွေငါးကျပ် ပေးပြီး ကျောင်းဘက် ထွက်သွားတယ် ။

ကျောင်း မတက်ဖြစ်တာကလဲ ဆယ်ရက်လောက် ရှိနေပေါ့ ။ စာအုပ်တွေကိုတော့ အဆောင် က သူ့ သူငယ်ချင်းအခန်းမှာ အပ်ထားတယ် ပြောတယ် ။

ငါ မသိတာမှ မဟုတ်ပဲ ။ သိတယ် ။ အောင်သိန်း ဘွဲ့ ကိုတော့ လိုချင်ပုံ ရပါတယ် ။ သည် ဘွဲ့ကလေးနဲ့ သူ့ ဘဝကို သူ အဖတ်ဆည်ချင်တယ် ဆိုတာ သူ ထုတ် မပြောပေမယ့် ငါ ကောင်းကောင်း သိတယ် ။

အောင်သိန်း လဲ ထွက်သွားပြီးရော ငါ လဲပဲ ထွက်ခဲ့တယ် ။ ထွက်သာ ထွက်လာခဲ့ရတယ် ။ ဘယ်သွားမလဲ ဆိုတာ စိတ်ကူးထဲ ရှိတာ မဟုတ်ဘူး ။ ကားမှတ်တိုင်မှာ ငါ အကြာကြီး ရပ်စဉ်းစားနေမိတယ် ။

ဟို တည်းခိုခန်း ကို ခုနေ ငါ သွားယင် ငွေ ရမယ် ဆိုတာတော့ သိတယ် ။ ဒါပေမယ့် စိတ် မကူးပါဘူး ။ အောင်သိန်း သိသွားယင် ခက်မယ် ။ ဒါ့အပြင် ငါ ကိုယ်တိုင်ကလဲ စိတ် မပါဘူး ။

အဲသည်အကြောင်း စဉ်းစားမိရာက ဝင်းပပ ကို သွား သတိရတယ် ။ သူကတော့ အဆက်အသွယ် များတယ် ။ သူ့ အဆက်အသွယ်တွေ ထဲ အမှီကောင်း ရနိုင်တယ် ။ သည်တော့ ဝင်းပပ ကို အုပ်မိအောင် ကျောက်ကုန်း ဘက် ကို ငါ ခြေဦး လှည့်လိုက်တယ် ။

ငါ့ ယောက်ျား သည်နှစ် ကျောင်းအေးအေးဆေးဆေး တက်နိုင်ဖို့ ။ စာမေးပွဲကိုလဲ စိတ်အေးအေးနဲ့ ဖြေနိုင်ဖို့ ။ ငါတို့ နှစ်ယောက် အေးအေးလူလူ နေနိုင်ဖို့ ။ ငါ့ သားသမီးကလေးတွေ ကို ထောက်ပံ့နိုင်ဖို့ ။ တလမ်းလုံး ငါ စဉ်းစားလာခဲ့တယ် ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment