Friday, November 12, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၇


 အခန်း ( ၇ )


မပေါင်းနိုင်တော့ပါဘူးတဲ့ ။ သဘော ။


ကွာရှင်း ပြတ်စဲချင်သတဲ့ ။ သဘော ။


ဟုတ်တယ်လေ... ။ ပေါင်းနိုင်တော့ပါဘူး ဆိုမှတော့ မပေါင်းနဲ့တော့ပေါ့ ။


ကွာချင်တယ် ဆိုမှတော့ ကွာပေါ့ ။


သည် ငလွင် ကို ငါ ကလဲ ပေါင်းချင်လို့ ပေါင်းနေတာမှ မဟုတ်ပဲ ။ ငါ ကိုယ်၌က မပေါင်းချင်လို့ ငါ့ အမေ့အိမ် ငါ ဆင်းလာခဲ့တဲ့ ဥစ္စာပဲ ။


အံမယ် ... ငါ့ အမေအိမ် ထိ သူ လိုက်လာတယ် ...  ။ မပေါင်းနိုင်တော့ပါဘူး တဲ့ ။ ကွာချင်သတဲ့ ။


စာချုပ်ပါ လက်နှိပ်စက်နဲ့အပြီး ရိုက်လာတယ် ။ လက်မှတ်ထိုးကြမယ် တဲ့ ။


သည်လိုလာစမ်းလို့ကတော့ ဘယ်လာ ရလိမ့်မလဲ ။ ငါ့ အမေ့အိမ် အပိုင် ရပ်ကွက်ကောင်စီရုံး ကို သွားကြတယ် ။ လူကြီး စုံရာရှေ့မှာ ကွာရှင်းစာချုပ် ကို ငါ လက်မှတ်ထိုးလိုက်တယ် ။ သူ လဲပဲ လက်မှတ်ထိုးတယ် ။ ပြီးတော့ တစ်ယောက် စာချုပ်တစောင်စီ ယူကြတယ် ။ သည်လို နဲ့ ငလွင် နဲ့ ငါ အိမ်ထောင်ခန်း ပြတ်စဲခဲ့ တာပဲ ။


စာချုပ်မှာ ဘာရေးထားတယ် ဆိုတာတော့ ငါ မသိဘူး ။ ဖတ်တောင် မကြည့်မိဘူး ။ ဒါပေမယ့် သူပြောလို့ ကွာရှင်းပြတ်စဲတဲ့ စာချုပ်မှန်းတော့ ငါသိတယ် ။


ငါ ကလဲ ကောင်စီရုံးခန်း မရောက်ခင်ကတည်းက လက်မှတ် ထိုးချင်နေတာ လက် ကို ယားနေတာပဲ ။


လူကြီးတွေကတော့ စာချုပ်ကို ဖတ်ကြည့်ကြတယ် ။ အေးလေ ... သူ့ဘာသာ သူ တဘက်သတ် ရေးလာတဲ့ စာချုပ်ဆိုတော့ ဘယ်လာ မျှမျှတတ ရှိပါ့မလဲ ။


ပစ္စည်းခန်း မပါဘူး ။ ကလေးတွေရဲ့ နောင်ရေးအတွက် မပါဘူး ။ အို ... အဖေ တယောက်ရဲ့ တာဝန် ဆိုတာတွေ ဘာဆို ဘာမှ မပါဘူး ။


လူကြီးတွေက မေးတယ် ။ မကြော့ကြော့ကြည် ... ဘာ အခွင့်အရေး တောင်းဆိုချင်သေးသလဲ ... တဲ့ ။


ဘာတခုမှ မလိုချင်ပါဘူး ၊ သူ နဲ့ ပြတ်ရယင် ကျေနပ်ပါပြီ ဆိုပြီးတော့ တခွန်းတည်း ပြောလိုက်တယ် ။


လူကြီးတွေကတော့ စကားဦး သန်းပါသေးတယ် ။ ကလေး သုံးယောက် ရှိတာကို ။ အကြီးဆုံးက ယောက်ျားကလေး ။ ကိုကိုကြီး ။ အလတ်ကတော့ မိန်းကလး ။ မိမိလတ် ။ အငယ်ဆုံးကောင်ကလဲ ယောက်ျားကလေးပဲ ။ ကိုငယ် ။


ဒါပေမယ့် အငယ်လေး လို့ပဲ အခေါ်များတယ် ။


သည်ကလေး သုံးယောက် ရဲ့ တာဝန်တွေ ကို ဘယ်သူ ထမ်းဆောင်မှာလဲ ဆိုတဲ့ အခန်းကဏ္ဍက စာချုပ်မှာ ဘာမှ မဖော်ပြထားဘူး ။ သူရေးလာတဲ့ စာချုပ်မှာ သူက ကိုယ်လွတ်ရုန်းထားတယ် ။


ငါ့ အမေအိမ် ငါ ဆင်းလာတော့ ၊ ငါ တစ်ယောက်တည်း ခြေလွတ်လက်လွတ် ဆင်းလာတာမှ မဟုတ်ပဲ ။ ငါ့ သားသမီး သုံးယောက်စလုံး ကို ငါ ခေါ် ဆင်းလာခဲ့တာကို ။


ကျွန်မ ဘာ အခွင့်အရေးမှ မလိုချင်ဘူး ။ ကလေးတွေ တာဝန်လဲ ကျွန်မ ပဲ ယူမယ် ။ သူ့ အထောက်အပံ့ ကို ကျွန်မ လက်မခံဘူး ဆိုပြီး ကောင်စီလူကြီးတွေရှေ့မှာ ပြောလိုက်တယ် ။


သည်မယ် ... ယောက်ျား ။ မိကြော့ ဆိုတဲ့ မိန်းမ က ပြတ်တယ်ဆိုယင် အဲသည့်လိုကို တိကနဲ ပြတ်တဲ့ မိန်းမ ။


သည် ငလွင် ကို ကြိုက်လို့ ယူခဲ့တာလဲ မဟုတ်ဘူး ။ သမီးရည်းစား ဖြစ်ပြီး ယူလိုက်တာလဲ မဟုတ်ဘူး ။ ကိုယ်ဝန် ရှိလို့ အမိဖမ်း ယူလိုက် တာလဲ မဟုတ်ဘူး ။ အမေ ပေးစားလို့သာ ယူလိုက်ရတာ ။


အဲသည် နှစ်က ဆယ်တန်း ကျတယ် ။ နောက်နှစ် ဆထက်ထမ်းပိုး တိုးပြီး ကြိုးစားတယ် ။ တက္ကသိုလ်ကို သိပ်ရောက်ချင်ပေသကိုး ။ ဒါပေမဲ့ နောက်နှစ်လဲ မအောင်ဘူး ။


သည်အချိန်မှာ ငလွင့် မိဘတွေကလဲ လာ တောင်းရမ်းတယ် ။ အမေ ကလဲ ပဲ နားချတယ် ။ ငါ ကလဲ စိတ်ညစ်နေတယ် ။ သည်တော့ စိတ်ညစ်ညစ်နဲ့ လင် ကောက်ယူလိုက်တယ် ။ သည်တော့ ငလွင် ဟာ ငါ စိတ်ညစ်ညစ် နဲ့ ကောက်ယူခဲ့တဲ့ လင် ။


အိမ်ထောင်ကျတော့ ငါ က ဆယ့်ကိုးနှစ် သမီး ။ ငလွင် က နှစ်ဆယ့် လေးနှစ် ။


ငလွင် က အင်းစိန် ဂျီတီအိုင် ကျောင်းဆင်း ။ လက်ထောက် အင်ဂျင်နီယာ ဆိုပါတော့ ။


ရခါစမို့ ထင်တယ် ။ ငါ့ ကို တော်တော် ချစ်တယ် ။ ငါ့ မျက်နှာကို အရိပ် တကြည့်ကြည့် ပဲ ။ သူ့မှာ တကျပ်သား ဆွဲကြိုး တကုံး နဲ့ ငါးမူးသား လက်စွပ်တကွင်း ပါတယ် ။ လက်စွပ်ကိုတော့ သူပဲ ဆက်ဝတ်ထားတယ် ။ ဆွဲကြိုး ကိုတော့ ငါ့ ကို ပြောင်းဆင်တယ် ။


ငါ ကလဲ ငါ့ အမေ မိဘ ကို ခွဲနိုင်တာ မဟုတ်ဘူး ။ အမေ က သူနဲ့ နားချကတည်းက ငါ အပြတ် ပြောပြီးသား ။ လက်ထပ်ပြီးယင်လဲ အမေ့ အိမ်မှာပဲ ဆက်နေမယ်လို့ ။


သည်တော့ အမေ့ အိမ်မှာပဲ ဆက်နေကြတယ် ။ သူ ရတဲ့ လခ တဝက် အမေ့ လက်ကို အပ်တယ် ။ အမေ ချက်ပြုတ်ကျွေးတာကိုပဲ စားကြတယ် ။


ငါ ဆိုတဲ့ မိန်းမက ချက်တာပြုတ်တာကို နည်းနည်းကလေးမှ ဝါသနာ မပါဘူး ။ အမေ့ အိမ်မှာ အစ်မ ချက်ကျွေးတာ စားနေတယ်ဆိုတော့ ဘာ ပြဿနာမှလဲ မပေါ်ဘူး ။ အချိန်တန် စား ။ အချိန်တန် အိပ် ။


အဲ ... ကိုယ်ဝန်လဲ ရှိလာရော ။ ငလွင် က ငါ့ကို နားချတယ် ။


သူ့ အမေအိမ် တလှည့် ပြောင်းနေရအောင် ... တဲ့ ။


ငလွင် တို့က တရုတ် ကပြား ။ ငလွင့် မှာ အဖေ မရှိဘူး ။ အမေ ပဲ ရှိတယ် ။


ငါ စဉ်းစားကြည့်တယ် ။ လိုက်နေလို့ ဖြစ်ပါ့မလား ပေါ့ ။


ဘာဖြစ်လို့လဲ ဆိုတော့ ငါ တွေ့ဖူးသလောက် သူတို့ စရိုက်က ချွေးမကို ကျွန် လို သဘောထားတာ ။


ဟို ဘီအိုစီ ထိပ်က ငါ့ သူငယ်ချင်း နွဲ့နွဲ့ ကို မြင်ပြီး ငလွင် တို့အိမ် ငါ လိုက်နေရမှာ ကြောက်လာတယ် ။


ဒါပေမယ့် ငါ့ အမေ ကိုယ်တိုင်ကလဲ နားချတယ် ။ သူ့ မှာလဲ အမေ တစ်ယောက်တည်း ရှိတယ်ပေါ့ ။ စမ်း နေကြည့်ဦးပေါ့ ။ မပျော်တော့လဲ အမေ့ အိမ် ပြန်ဆင်းလာခဲ့ပေါ့ ။ သည်လို ဝိုင်းပြောကြတယ် ။


နောက်တော့ ငါ လဲ လိုက်နေဖို့ ဆုံးဖြတ်လိုက်တယ် ။


ငလွင့် အစ်ကို နှစ်ယောက် အိမ်ထောင်သည်တွေ ။ သည် အိမ်ထဲမှာပဲ နေကြတယ် ။


ငလွင့် အောက်မှာ က ညီ နှစ်ယောက် ညီမ တယောက် ရှိတယ် ။


ဟိုတုန်းကတော့ တော်တော် ချမ်းသာကြတယ် ။ ဖယောင်းတိုင်လုပ်ငန်း လုပ်တယ် ။ ပြည်သူပိုင် သိမ်းပြီးတဲ့ နောက်မှာလဲ စုမိဆောင်းမိထားတာ မနည်းဘူး ။


အဲ့ ... ရောက်တယ်ဟေ့ ဆိုယင်ပဲ နား မချမ်းသာစရာ စကားကို ကြားရ တော့တာပဲ ။ ယောက္ခမ က သူ့ သား ကို ဩဝါဒပေးတယ် ။ ယောက်ျား ရဲ့ လခကို မိန်းမလက် မအပ်ရဘူးတဲ့ ။ အပ်ယင် မိန်းမ ပျက်စီးတတ်တယ် ဆိုပဲ ။


ငလွင့် အစ်ကို နှစ်ယောက် ရဲ့ မိန်းမတွေ ဆိုရင်လဲ ငလွင့် အမေ ရဲ့ ဩဇာ အောက်မှာ ပိပြားနေတာပဲ ။


ပြောပြီးပါပကော ။ ချွေးမ ကို ကျွန် လို သဘောထားပါတယ် ဆိုနေမှ ။


အဲသည် ချွေးမနှစ်ယောက် ကလဲ အိမ်မှာတော့ ကျွန် ပါပဲ ။ ထမင်းဟင်းချက် ။ လျှော်ဖွတ် ။ကြမ်းတိုက် ။


အဲ ... သားသုံးယောက် စလုံး အဘွားကြီး ကို လခ အပ်ရတယ် ။ အကြီး နှစ်ယောက် က လခ အပ်နေမှတော့ ငလွင် ကကော ဘာကောင်မို့လို့ ငြင်းဆန်နိုင်မှာလဲ ။ ငြင်းဆန်ဝံ့မှာလဲ ။


သည်မှာတင် ငါ့ စိတ်ထဲ တစ်ချက်ကွက်ပြီ ။


ဈေးသွားတော့လဲ အဘွားကြီး ကိုယ်တိုင် ။ ဒါပေမယ့် ချွေးမ တစ်ယောက် က ဆွဲခြင်းကိုင်ပြီး နောက်က လိုက်ရတယ် ။ တို မှာ လျို မှာ စိုးလို့ ပဲလား ဆိုတာတော့ မပြောတတ်ဘူး ။


ပြီးတော့ ချွေးမတွေနဲ့ ပတ်သက်တဲ့ ဧည့်သည်တွေ အိမ်လာတာကို မကြိုက်ဘူး ။ ဗြောင် တားမြစ်တယ် ။ အဲ ... သူတို့နဲ့ ပတ်သက်တဲ့ ဧည့်သည်တွေ အိမ်လာယင်လဲ အိမ်ရှေ့ခန်းထွက်တာ မကြိုက်ဘူး ။


တပတ်တောင် မပြည့်သေးဘူး ။ ငါ့ အမေအိမ် ပြန်ပြေးဖို့ စိတ်ကူးမိတယ် ။ ဒါပေမယ့် ငါ့ အမေ ကပဲ ဖျောင်းဖျတယ် ။ ကြာယင် ကျင့်သား ရသွားမှာပါ တဲ့ ။ သည်းခံပါတဲ့ ။


အဲသည်အိမ် ရောက်ပြီးကတည်းက ငါ့ စိတ်ဟာ မကြည်တော့ဘူး ။ ငလွင် နဲ့လဲ ခဏခဏ စကားများတယ် ။ တပတ်မှာ လေးရက်လောက်က ကတောက်ကဆ ဖြစ်ကြတယ် ။


လင်မယား စကားများတိုင်းမှာလဲ သူ့အမေက သူ့ သားဘက်က ဝင်ပါတယ် ။ ငါ ကလဲ အဲ့ဒါကို နည်းနည်းလေးမှ မကျေနပ်ဘူး ။


ပြီးတော့ လင်မယားစကားများရတဲ့ အကြောင်းအရင်းတွေကို စစ်ကြည့်ရင် အဘွားကြီး ရဲ့ ပယောဂ မကင်းတာ များတယ် ။ သား က ရုံး က ပြန်လာယင် ချွေးမ မကောင်းကြောင်း ပြောတယ် ။ ပြောဖန်များတော့လဲ ငလွင် က သူ့ အမေ စကားကို ယုံလာတယ် ။


ကိုယ်ဝန် ကိုးလ ရတော့ ငါ အမေ့ အိမ်ကို ပြန်ဆင်းလာခဲ့တယ် ။


အကောင်း ဆင်းလာတာတော့ မဟုတ်ဘူး ။


ငလွင် ရုံး က မပြန်ခင်မှာ ယောက္ခမ နဲ့ စကားများပြီး ဆင်းလာခဲ့တာပဲ ။


ငလွင် လိုက်လာတယ် ။ သူ့ အမေ အိမ် ပြန်လိုက်ဖို့ ခေါ်တယ် ။ ငါ့ အမေ က လဲပဲ ပြန်လိုက်သွားဖို့ နားချတယ် ။ တော်ပြီလေ ။ နားပူ မခံနိုင်တော့ဘူး ။


ဒါ့ကြောင့် ငါ ပြန်မလိုက်တော့ဘူး ။


သည်တော့ ငလွင် ပါ ငါ့ အမေအိမ် မှာ လိုက်လာနေတယ် ။ ငါ့ အမေ အိမ်မှာပဲ ကိုကိုကြီး ကို မွေးတယ် ။


ဒါပေမယ့် ကိုကိုကြီး ခြောက်လသား မှ သူ့ အမေအိမ် ကို ပြန်ရောက်ရပြန်တယ် ။


ငါ သိပြီးသားပဲ ။ ကြာကြာတော့ ဘယ်လိုမှ နေလို့ဖြစ်မယ် မဟုတ်ဘူး ဆိုတာကို ။


ဒုတိယ အခေါက် သူ့ အမေ အိမ် ပြန်ရောက်တော့ ၊ အဘွားကြီး က အတော်လဲ စိတ်ကျသွားပြီ ။ ကောင်းကောင်းလဲ မကျန်းမာဘူး ။


အဲ. .. တစခန်း ထလာတာကတော့ သူ့ ညီမ ပဲ ။ အထွေးဆုံး ညီမ ဆိုတော့ အစ်ကိုတွေ အားလုံးကလဲ ချစ်ကြတယ် ။


နာမည် က ဝင်းမာ တဲ့ ။


ဝင်း တော့ မဝင်းဘူး ။ မာ တာကတော့ မပြောနဲ့တော့ ။ သည်ကောင်မ က ဆယ်တန်း သုံးနှစ် ကျ ပြီးပြီ ။ စမ်းတဝါးဝါး ဖြစ်နေတယ် ။ တောင်စမ်းစမ်း မြောက် စမ်းစမ်း ။


ဆယ်တန်းပဲ ဆက်ဖြေရတော့ မလိုလို ။ လက်နှိပ်စက်သင်တန်းပဲ တက်ရ ကောင်းနိုးနိုး ဖြစ်နေတယ် ။


ဒါပေမယ့် အိမ်မှာတော့ အဖွားကြီး နေရာမှာ နေရာစား ဝင်လာတယ် ။ အိမ်မှာ သူ့ဩဇာ လွှမ်းချင်လာတယ် ။ သူကိုယ်တိုင် ဈေးသွားတယ် ။ ယောက်မ တစ်ယောက်ယောက် က ဆွဲခြင်းကိုင် လိုက်ရတယ် ။


ဝင်းမာ ကလဲ ငါ့ ကို တစောင်းစေး နဲ့ မျက်ချေးပဲ ။ ငါ ကလဲ သူ့မျက်နှာ ကြည့်မယ့်အစား ချေး ကြည့်ချင်တယ် ။ တဦးမေတ္တာ တဦးမှာ ဆိုသလိုပေါ့ ။


သည်တော့ အိုးခွဲစားဖို့ ငလွင့် ကို ငါ ပြောတယ် ။ ငလွင် ကလဲ လက်ခံတယ် ။


ဟုတ်တယ်လေ ။ ငါ့ လင် လခ ငါ့ လက်မှ မအပ်ယင် ဘယ်သူ့ လက် အပ်ရမှာလဲ ။ နှမလက် အပ်တော့ သဘာဝကော ကျနိုင်မလား ။


ထားတော့ ။ အိုးခွဲ ချက်စားဖြစ်တယ် ။ အဲသည်တော့ မိမိလတ် ကိုယ်ဝန် သုံးလ ရပြီ ။


အေးချမ်းတာတော့ မအေးချမ်းဘူး ။


ဝင်းမာ ကလဲ သူ့ အစ်ကို ကို ငါ့ မကောင်းကြောင်း ပြောတယ် ။ အဘွားကြီး ကလဲ အိပ်ရာထဲ ခေါ်ပြီး ငါ့ မကောင်းကြောင်း ပြောတယ် ။


သည်တော့ ငလွင် ကလဲ ဘယ်လာ စိတ်ချမ်းသာတော့မှာလဲ ။


အေး ... အိမ်ပြန် နောက်ကျ လာတယ် ။ အရက်သောက် လာတယ် ။ အပြင် က စားလာတယ် ။ အကျင့်ပျက် လာတယ် ။ သောက်စားမူးယစ် လာတယ် ။


သည်တော့ လကုန်တဲ့ အခါမှာ ငါ့ လက်ထဲ လစာ အပြည့် မပါတော့ဘူး ။


သည်လို မအေးမချမ်း မညိမ်မသက် နေရင်းက တနေ့တော့ ဝင်းမာ နဲ့ ငါ သတ်ကြရော ။


ငါ့ လင် လုပ်စာ နဲ့ ငါ့ ဘာသာ ငါ ဖဲပြား ဝယ်တာ ဘာဖြစ်သလဲ ။ ကလေးတစ်ယောက် ရတာနဲ့ ကော်ဖဲပြား မစည်းရတော့ဘူးတဲ့လား ။ ငါ့ ဘာသာ ငါ ဖဲပြား စည်းရုံ မကလို့ ကျစ်ဆံမြီးပဲ ကျစ်ကျစ် ၊ သူ့ အရာလား ။ သူ နဲ့ ဘာဆိုင်လဲ ။ သူ ပြောစရာလား ။ သူ ဝေဖန်စရာလား ။


မကြားတကြား ပြောတာကို ငါ ကလဲ ကြားတယ် ။


သည်တော့ တယောက်တခွန်း ဖြစ်ကြရော ။ အခြေအနေက ပြင်းထန်လာရော ။


ငါ သုံးစွဲပုံမျိုးနဲ့သာ ဆိုယင် သူ့ အစ်ကို ခေါင်းမွေး ပြောင်တော့မယ် ဆိုပဲ ။


ကြီးကျယ်လို့ ။


သူ့ အစ်ကို လခက ဘယ်လောက် ရလို့လဲ ။ ငါ ကကော ဘာတွေ အပိုသုံး နေလို့လဲ ။ ရတဲ့ လခ ဆိုတာကကော အိမ်ကို အပြည့်ပါသလား ။ လခ အပြင် ဘာတွေများ ထုခွဲ သုံးစွဲစရာ ရှိနေသေးလို့လဲ ။


ဝင်းမာ နဲ့ ဖြစ်ပြီ ဆိုတော့ အဖွားကြီး ကလဲ ဝင်ပါလာတယ် ။ မထူးတော့တဲ့ အဆုံး ငါ ကလဲ သူ့ အစ်ကို နဲ့ မောင်နှမချင်း ပြန် ပေးစားမိရော ။


ရန်ဖြစ်တုန်းဆဲဆဲမှာပဲ ငလွင် ပြန်ရောက်လာတယ် ။ ပြေရာပြေကြောင်း မဖြန်ဖြေပဲနဲ့ ငါ့ ဆံပင်ကို ဆောင့်ဆွဲတယ် ။ ငါ ကလဲ ဘယ် ခံလိမ့်မလဲ ။ သူ့ ဗိုက်ကို ငါ့ ခေါင်းနဲ့ တအား ပစ်ဆောင့်ပစ်လိုက်တယ် ။


ဆွဲကြိုးကို ငါ ပစ်ထားပေးခဲ့တယ် ။ ငါ့ အဝတ်အစားတွေ ငါယူပြီး သား ကို လက်ဆွဲ လို့ အမေ့ အိမ်ကို ဆင်းခဲ့တယ် ။


ငလွင် လဲ လိုက် မလာဘူး ။ တော်တော် ကြာသွားတယ် ။ တလ ကြာလို့ လခကုန်လောက်မှ ငလွင် လိုက်လာတယ် ။


သူ့ ဘက်က လိုက်လာမှတော့လဲ ပြန်ပေါင်းဖြစ်တော့တာပေါ့ ။ အမေ့ အိမ် မှာပဲ နေကြပြန်တယ် ။ အမေ ကပဲ ကျွေးထားတယ် ။


တော်သေးတယ် ။ အမေ ကလဲ ကျွေးထားနိုင်ပေလို့ ။


သည်လိုနဲ့ မိမိလတ် ကို မွေးတယ် ။


ဒါပေမယ့် ငလွင့် စရိုက်ပျက် နဲ့ ငါ့ အမေ နဲ့ က ကြာရှည် မဖြစ်ပြန်ဘူး ။ ငါ့ အဖေ ကလဲ တရားသမား ။ ငါ့ အမေ ကလဲ တရားသမား ။ သောက်စား မူးယစ်လာတာကို မကြိုက်ဘူး ။


ဒါပေမယ့် သမီး မျက်နှာနဲ့ သည်းခံကြပါတယ် ။ တော်ရုံတန်ရုံ မပြောကြပါဘူး ။


ခက်တာက ငလွင် ကလဲ မူးရုံတင် မဟုတ်တော့ဘူး ။ သွေးဆိုးတယ် ။ ရမ်းချင်လာတယ် ။ ပါးစပ်ကလဲ စည်းကမ်းမဲ့လာတယ် ။ ဆဲဟယ် ဆိုဟယ်နဲ့ ။


ငါ့ အမေအိမ်မှာ ဆိုတော့ စားအိုးခွဲဖို့တော့ မလိုတော့ပါဘူး ။ အမေ့ လက်ထဲ တတ်နိုင်သမျှ ထည့်ပေးလိုက်ရုံပဲ ။ အချိန်တန် စားရုံပဲ ။ နည်းတယ် များတယ် မပြောပါဘူး ။


ဒါပေမယ့် ငလွင့် လခက သုံးပုံတပုံ လောက်ပဲ အိမ်ပါတယ် ။ ရတာက လေးရာ ကျော် ။ သုံးပုံတပုံ ပဲ အမေ့ လက်ထဲ ထည့်နိုင်တယ်ဆိုတော့ ဘယ်လာ ကောင်းနိုင်တော့မှာလဲ ။


ပြီးတော့ ငါ ကကော ဘယ်က ငွေနဲ့ သုံးစွဲရမှာလဲ ။


ငါ နဲ့ ငလွင် ... ခဏခဏ ရန်ဖြစ်ကြပြန်တယ် ။ ခဏခဏ အိမ်ပေါ်က ဆင်းသွားတယ် ။ ခဏခဏ ပြန်တက်လာတယ် ။

သည်လိုနဲ့ နောက်ဆုံးကောင် အငယ်ကလေး ကိုယ်ဝန် ရှိပြန်ရော ဆိုပါတော့ ။


သည်အချိန်မှာ ငလွင့် အမေကြီး က အသည်းအသန် မမာမကျန်း ဖြစ်နေတယ် ။ သူ့ အမေ က သူ့ သား ကို ပြန်ခေါ်တယ် ။ ငါ့ ကိုလဲ ပြန်ခေါ်တယ် ။ ငါ က မလိုက်ချင်တော့ဘူး ။


တခါက နှစ်ခါ မဆင်းချင်ဘူး ။ အမေ ကတော့ လိုက်သွားဖို့ ပြောတယ် ။ ညီမ ဆု ကလဲ လိုက်သွားဖို့ ပြောတယ် ။ မကောင်းတတ်ဘူး တဲ့ ။ လူမူရေး တဲ့ ။


သူ့ အမေ သေခါနီးဆဲဆဲ ဖြစ်နေတာကြောင့်ချည့်တော့ မဟုတ်ဘူး ။ သည်တခေါက် သူ့ အမေ အိမ် ပြန်တက်ဖို့ ငါ စဉ်းစားမိတဲ့ အကြောင်းတစ်ကြောင်းလဲ ရှိသေးတယ် ။


ဘာလဲဆိုတော့ ငါ့ အမေအိမ် နေတော့ ငါ့ အမေမှာ တာဝန် ကြီးတယ် ။ ငလွင့် လခ က အပြည့်ပါတာ မဟုတ်ဘူး ။


အေး ... သူ့ အမေ အိမ် ဆိုယင်တော့ ငါ့ အမေ လဲ တာဝန်ပေါ့သွားတယ် ။ သူ့ အမေ အိမ် မှာဆိုတော့ သူ့ လခ တပြားတချပ် မှ ပြန်ပါမလာတော့လဲ ဘာအရေး လဲ ။


ငါ့ အမေ ငါ့ အဖေ တွေ အနေနဲ့က ငါ တယောက်တည်း တာဝန်ကိုတော့ ဘာ မယူနိုင်စရာ ရှိသလဲ ။ ခုတော့ ငါ တယောက်တည်းမှ မဟုတ်တော့ပဲ ။ ငလွင် လဲ စားတယ် ။ သား နဲ့ သမီး ကလဲ ရှိသေးတယ် ။


သည်အကြောင်းတွေကို ထောက်ပြီး ရေကျော် က ငလွင့် အိမ် ကို ငါ ပြန် ရောက်ရတယ် ဆိုပါတော့ ။ နောက်ဆုံး အခေါက် ။


ငါ လဲ တွက်ပြီးသားပါ ။ သည် ရေကျော် အိမ်ဟာ ငါ့ အတွက် ဘယ်လိုမှ စိတ်ချမ်းသာစရာ ရှာလို့ရမှာ မဟုတ်တဲ့ နေရာ ။


ငါ တွက်ရင် လွဲခဲပါတယ် ။ မလွဲဆို နံကြားလက်ထောက်ပြီး ရမ်းပြောတာမှ မဟုတ်ပဲ ။ ငါ့ အတွေ့အကြုံအရ သုံးသပ်ကြည့်တာကို ။


အဲသည်အချိန်မှာ သူ့ အစ်ကို အကြီးဆုံး ရဲ့ ဇနီး မသက် ကလဲ ကိုယ်ဝန် အရင့်အမာ နဲ့ ။ ဘာပဲပြောပြော အိမ်ထောင်ဝေယျာဝစ္စ ကို ခါတိုင်းလို တက်တက်ကြွကြွ မလုပ်နိုင်တော့ဘူး ။


ထုံးစံအတိုင်း သူ့ခန္ဓာကိုယ် နဲ့ သူ့ဗိုက် ကို သူ သယ်နေရတာကိုက အလုပ် တလုပ် ။


အစ်ကိုလတ် ရဲ့ဇနီး မမနှင်း ကလဲ အသားဝါ ရောဂါနဲ့ ဆေးရုံက ပြန်ဆင်း လာခါစ ။ ကောင်းကောင်းတောင် နလန်မထူသေးဘူး ။


သည်အိမ်မှာ အိမ်ဖော် မရှိဘူး ။ ချွေးမဆိုတာ အိမ်ဖော် ပဲ ။ ကြမ်းတိုက် ၊ အဝတ်လျှော် ၊ ပန်းကန်ဆေး အလုပ်တွေကို ချွေးမတွေပဲ လုပ်ကြရတယ် ။


ဒါလောက်နဲ့တင် အိမ်ထောင် ဝေယျာဝစ္စ ပြီးသေးတာ မဟုတ်ဘူး ။ အဘွားကြီး ရဲ့ တာဝန်ကလဲ သေးတာ မဟုတ်ပဲ ။


သူ့ အိပ်ရာကို ခင်းပေး ။ သူ့ ဆံပင်ဖြူကို နုတ်ပေး ။ သူ့ ကို အညောင်းပြေ နှိပ်နယ်ပေး ။


သူ ခေါ်လို့ ကြားနိုင်တဲ့ နေရာမှာ တယောက်က စတင်းဘိုင် နေ ။ ခေါ်ယင် ချက်ချင်း ပြေး ။ ခိုင်းယင် ချက်ချင်း လုပ် ။ တယ်လဲ ဟုတ်တယ် ။


သည့်အပြင် နှစ်ခေါက်တုန်းကတော့ သိပ် ပြဿနာ မရှိလှသေးဘူး ။ သည်တခေါက်တော့ ပြဿနာ ရှိတယ် ။ အစ်ကိုကြီး နှစ်ယောက်တွေရဲ့ မိန်းမတွေက လုပ်အားလျော့နေတဲ့ အချိန်လေ ... ။


အဲ ... ရောက်ပြီး နောက်နေ့မနက်မှာပဲ ပြဿနာ စတက်တယ် ။


' ကြော့ ... ဈေးကို လိုက်ခဲ့ပါ ' ... တဲ့ ။


ဝင်းမာ က ငါ့ ကို ခေါ်တယ် ။ ငါ က ဈေးဆွဲခြင်းကိုင်ပြီး သူ့နောက်က လိုက်ရမှာတဲ့လား ။ ဘယ်လာ လိုက်လိမ့်မလဲ ။ ဝေးပါသေးရဲ့ ။

ဗြောင်ပဲ ပြောလိုက်တယ် ။ မလိုက်နိုင်ဘူး ။


အဲဒါ သူ့အစ်ကို ကို သွားတိုင်တော်မူတယ် ။ ဝင်းမာ တယောက်တည်း မသွားရဲလို့ ဈေးခေါ်တာ မလိုက်နိုင်ဘူးတဲ့ ဆိုပြီး တိုင်ပြောတယ် ။


ငလွင် ဆိုတာကလဲ လူ့ငနွား ။ ဘာမှ သိတတ်တဲ့လူ မဟုတ်ဘူး ။ အကောင်း ခေါ်တာမှ မဟုတ်ပဲ ။ တမင်သက်သက် ငါ့ ကို နှိမ်ရအောင် ခေါ်တာကို ။


သူက သူ့ ညီမ ဘက်က ။ မယား ကိုတော့ ဘာမှ မမေးမမြန်းဘူး ။ လိုက်သွားတော့ ဘာဖြစ်လို့လဲတဲ့ ။ ငါ့ ပြန်မေးတယ် ။


ဘယ်ရလိမ့်မလဲ ။ ငါ ကလဲ မာနနဲ့ ပဲ ။ မကြောက်လို့ သူတို့ အမျိုးတွေထဲ ငါ တစ်ယောက်တည်း လိုက်နေတာ ။ ပြန်ကောပစ်လိုက်တယ် ။


သည်တော့ ငလွင် နဲ့ ငါ စကားများကြတယ် ။ ငါ က အထုပ်အပိုးတွေ ဆွဲပြီး ချက်ချင်း ငါ့ အမေ အိမ် ပြန်မယ် လုပ်တယ် ။ သည်တော့မှ ငလွင် လဲ ငြိမ်သွား တယ် ။


ရေကျော် မှာ နေပေမယ့် ဈေး ကျတော့ ပုစွန်တောင်ဈေး ကို သွားကြတယ် ။ အိမ် နဲ့ဆိုယင် အတော်လှမ်းတယ် ။

အသွား ကတော့ ခြေကျင်ပေါ့ ။ အပြန် ကျယင် ဆိုက်ကား နဲ့ ။


ငလွင် ပြောတာကတော့ လွယ်လွယ်လေး ။ ပင်ပန်းတာမှ မဟုတ်ပဲ ။ အပြန် ဆိုက်ကား နဲ့ ပြန်ရတာပဲ ...တဲ့ ။


အေး ... ဆိုက်ကား နဲ့ ပြန်ရတာကိုက ပြဿနာ ။ ဘယ်သူက ရှေ့က ထိုင်မှာလဲ ။ သူလား ။ ငါလား ။


ငါ့ တယောက်တည်း လွှတ်လိုက်ယင်ကတော့ ဘာ အရေးလဲ ။ တခေါက် မဟုတ်ဘူး ။ ဆယ်ခေါက် သွားရဦးတော့ ။ အကြောင်းမဟုတ်ဘူး ။


နောက် တကြောင်းလဲ ရှိသေးတယ် ။ အိမ်မှာ ကြမ်းတိုက်တဲ့ ပြဿနာ ။ ငါ့ ကို ကြမ်းတိုက် ခိုင်းတယ် ။ ဟင်း ... ဘယ်ရလိမ့်မလဲ ။


ကြီးကျယ်တာတော့ မဟုတ်ဘူး ။ ရှင်းရှင်းပြောရယင် ငါ့ တသက်မှာ ကြမ်း မတိုက်ဖူးသေးဘူး ။


ဒါပေမယ့် ငါ့ အိမ်ကလဲ ဖြစ်သလို နေတတ်တဲ့ အိမ်တော့ မဟုတ်ပါဘူး ။ ငါ့ အမေအိမ် ကို လာကြည့် ။ ရှာထိုးခင်းပါပဲ ။ ကြမ်းပြင်မှာ အရောင် မထွက်ပေမယ့် ဖုန်မှုန့်သလဲ မရှိစေရဘူး ။ သန့်တယ် ။


တခုတော့ ရှိတယ် ။ ငါ လုပ်တာတော့ မဟုတ်ဘူး ။ ငါ့ ညီမ မိဆု ရှိတယ် ။ ချက်ရေးပြုတ်ရေးက အစ အိမ်ထောင်ထိန်းသိမ်းရေး တာဝန် အားလုံးကို ငါ့ ညီမ မိဆု ကပဲ တာဝန်ယူထားတယ် ။


သည်ကောင်မ ဝင်းမာ က ဘာလုပ်ရှိတာ မှတ်လို့ ။ ဈေးသွားရတယ် ဆိုပြီးတော့ မီးဖိုချောင် ဝင်လာတာလဲ မဟုတ်ဘူး ။


တနေကုန် အားနေတယ် ။ ကျောင်းလဲ တက်နေရတော့တာ မဟုတ်ဘူး ။ လက်နှိပ်စက်လဲ မသင်ဖြစ်ဘူး ။ တနေ့တနေ့ ကက်ဆက်နဲ့ပဲ အချိန်ကုန်နေတဲ့ ကောင်မ ။


အဲသည်တော့ သန့်တာ ကြိုက်ယင် သူကိုယ်တိုင် တိုက်ပေါ့ ။ ကိုယ်တိုင် မတိုက်ချင်ဘူး ဆိုယင်လဲ လူငှား ပေါ့ ။ အိမ်ဖော် တစ်ယောက်ယောက် ။


ငါ့ မှာက ကလေးအငယ်တွေနဲ့ လျှော်ရ ၊ ဖွတ်ရနဲ့ ။ အားရတယ်ကို မရှိဘူး ။ ညဘက် အိပ်ရေးပျက်လို့ တရေးလေး မှေးချင်တာတောင် မှေးချိန်မရဘူး ။


သည်လိုနဲ့ ... ကတောက်ကဆဖြစ်ရင်း နေလိုက်တာ စနေ နှစ်ပတ် ကုန်သွားရော ။


သောကြာနေ့ မှာ ကိုကိုကြီး ဖျားတယ် ။ စနေနေ့ ရောက်တော့ အဖျား မကျဘူး ။


ငလွင် ကလဲ အိမ် ကို အချိန်မှန် ပြန်တာ မဟုတ်ဘူး ။ အိမ်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကိုလဲ သူ မသိဘူး ။


ရုံးဆင်းရင် သူငယ်ချင်းတွေ နဲ့ အရက်ဆိုင်မှာ ထိုင်တယ် ။ အိမ်ပြန်ရောက်ယင် မူးနေပြီ ။


ကိုကိုကြီး ကို ဆေးခန်း ပို့ရမယ် ။ အကြီးကောင် ကို ဆေးခန်းပို့ရင် အလတ်ကောင်မ မိမိလတ် ကိုလဲ မခေါ်လို့ မဖြစ်ဘူး ။ နေရစ်ခဲ့မှာ မဟုတ်ဘူး ။


သည်တော့ အကြီးကောင် ရော ၊ အလတ်မ ကို ပါ ခေါ်ပြီး ဆေးခန်းကို ငါ ထွက်လာခဲ့တယ် ။


ပြဿနာ တက်ချင်တော့ အိမ် က ထွက်ပြီး ဆယ့်လေးငါးလှမ်း လောက်ပဲ လှမ်းရသေးတယ် ။ အောင်သိန်း နဲ့ တွေ့တယ် ။


အောင်သိန်း ဆိုတာ ကလဲ သည် ရေကျော် အိမ် နဲ့ ဆိုယင် မျက်နှာစိမ်း မဟုတ်ဘူး ။ ဝင်းမာ အထက်က ဝင်းမောင် ရဲ့ သူငယ်ချင်း ။ အိမ် ကို အမြဲ ဝင်ထွက် နေတဲ့လူ ။ တက္ကသိုလ်ကျောင်းသား ။


အမှန်တော့ အောင်သိန်း က ဝင်းမောင် နဲ့ တွေ့ရအောင် အိမ်ကို လာတာ ။ ငါ နဲ့ တွေ့တော့ ဝင်းမောင် ရှိသလား မေးတယ် ။ ငါ က မရှိဘူး ဆိုတော့ ငါ့ ကို ဆေးခန်းလိုက်ပို့တယ် ။


ငါ က တားပါသေးတယ် ။ လိုက် မပို့ဖို့ ။ ဆေးခန်းကလဲ ဝေးတာမှ မဟုတ်ပဲ ။ ခရစ်လမ်း ကျော်ယင် ရောက်ပြီ ။ ဒါပေမယ့် အောင်သိန်း ကလဲ ဆေးခန်းက အပြန်မှာ ရေကျော် အိမ် ကို ပြန်လိုက်ခဲ့မှာတဲ့ ။


အောင်သိန်း ဆေးခန်း လိုက်ပို့တာကို ဝင်းမာ က လှမ်းမြင်တယ် ။ ငလွင် ပြန်လာတော့ ထောင်ပေးတယ် ။ ဖြစ်လိုက်ကြတဲ့ ရန် မပြောနဲ့တော့ ။


မဖြစ် နေမလား ။ ပြောတာကလဲ ကြည့်လေ ။ အောင်သိန်း နဲ့ ပဲ လင်ငယ် နေ သလိုလို ။ ငလွင့် ပါးစပ်ကတင် ထွက်တာ မဟုတ်ဘူး ။ အဘွားကြီး ကလဲ ဘာမသိ ညာမသိ နဲ့ အိပ်ယာထဲကနေ ဝင်ပြောတယ် ။


သည်အိမ်ထောင်ရေး ဘယ်မှာလာ အဆင်ပြေဖို့ ရှိတော့လို့လဲ ။


အဲသည့် ညမှာပဲ ငါ အထုပ်အပိုးပိုက်ပြီး အမေ့ အိမ် ပြန်ဆင်းလာခဲ့ပြန်တယ် ။


သည်တခါတော့ ငလွင် ကလဲ မတားဘူး ။ ဟာ ဟ ... ရယ်ဖို့တောင် ကောင်းတယ် ။


သည်တကြိမ်မှာတော့ ပြတ်ပြတ်သားသားပဲ ဆုံးဖြတ်ချက် ချလိုက်တယ် ။ တသက်နဲ့တကိုယ် သည်ရေကျော်အိမ်နဲ့ နောက်ထပ်ဘယ်တော့မှ

မပတ် သက်တော့ပါဘူး ရယ်လို့ ။


အမေ့ အိမ် ကို ရောက်လာပြန်တယ်ဆိုတော့ ထုံးစံ အတိုင်းပဲပေါ့ ။ အမေ က ပဲ ပေး ။ အမေ က ပဲ ကျွေး ။


အိမ်ထောင်ရေး မှာ ငါ လူရွေးမှားပြီ ဆိုတာတော့ သိပြီ ။ ဒါပေမယ့် တလင် မကောင်း လို့ နောက် တလင် ပြောင်းဖို့ကလဲ လွယ်သလား ။


ငါက ကိုယ်လွတ် လက်လွတ်လဲ မဟုတ်ဘူး ။ ကလေး နှစ်ယောက် အမေ ။ ဗိုက်ထဲမှာလဲ တစ်ယောက် ရှိနေပြန်ပြီ ။


ဆယ့်ငါးရက်လောက် ကြာတော့ ငလွင် လိုက်လာတယ် ။ ငါ ကတော့ မပေါင်းချင်တော့ဘူး ။ သည် ယောက်ျားအပေါ် စိတ်လဲ ကုန်သွားပြီ ။


ဒါပေမယ့် အမေက နားချပြန်တယ် ။ မိဆု ကလဲ ဝင်ဖျောင်းဖျတယ် ။ ငါ ကိုယ်တိုင်လဲ ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားကြည့်တယ် ။


ဟုတ်တယ် ။


နောက်ဆုံးအကြိမ် အနေနဲ့တော့ သည်းခံပြီး ပေါင်းကြည့်လိုက်ဦးမယ် ။ ကောင်းလာယင်လဲ ဆက်ပေါင်း မကောင်းလာရင်လဲ ဂျောင်းပေါ့ ။


အင်း ... ပြဿနာကလဲ အမေ့ အိမ်အထိ လိုက်လာတယ် ။ တညနေတော့ ငလွင် ကလဲ အရည်တွေ သောက်ပြီး အိမ်ပြန်လာတယ် ။ ထုံးစံအတိုင်းပေါ့ ။


သည်အချိန်မှာ အောင်သိန်း ကလဲ အိမ် ကို ရောက်နေတယ် ။ ဧည့်ခန်းမှာ စကားထိုင်ပြော နေကြတုန်း ၊ ငလွင် ရောက်လာတော့ အခြေအနေ ဆိုးကုန်တော့ တာပေါ့ ။


ငါ လွယ်ထားတဲ့ ကိုယ်ဝန် ဟာ အောင်သိန်း နဲ့ ရတဲ့ ကိုယ်ဝန်ပါ လို့ မူးမူးရူးရူး စွပ်စွဲတယ် ။ အောင်သိန်း လဲ ဆင်းပြေးရော ။


ငါ နဲ့ ငလွင် နဲ့ ဆက်ပြီး ရန်ဖြစ်တယ် ။ သည်တကြိမ်မှာတော့ ငါ့ အမေ က ပထမဆုံး ငါ့ ဘက်က ဝင်ပါတယ် ။ ပါတယ်ဆိုတာလဲ ရှင်းပြ လင်းပြတဲ့ သဘော ပါ ။


ငလွင် က အမေ ငါ့ ဘက်က ဝင်ပါရမလား ဆိုပြီး အမေ့ ကို ပါ ဆဲဟယ် ဆိုဟယ် လုပ်တယ် ။ ပြီး သူ့ပစ္စည်းတွေ သူ ယူပြီး အိမ်ပေါ်က ဆင်းသွားတယ် ။ မနေချင်တော့လဲ ဆင်းပေါ့ ။ ငါ ကလဲ မတားပါဘူး ။


ငါ့ အထင်ကတော့ သည် ငလွင် ငါ့ ကို ပြတ်နိုင်မယ် မထင်ဘူး ။ တနေ့နေ့ တစ်ချိန်ချိန် ပြန်လာဦးမှာပဲလို့ ငါထင်တယ် ။

ထင်လဲပဲ ထင်စရာ ကို ...  ။ ငါ့ ကိုသာ သူ က လိုက်ခေါ်ရိုး ရှိတယ် ။ သူ ဆင်းသွားလို့ ဘယ်တုန်းကမှ ငါ လိုက်မခေါ်ခဲ့ဘူး ။ အေး ... သူ စိတ်ပြေယင် သူ့ဘာသာ သူ ပြန်လာတာပဲ မဟုတ်လား ။


ဆင်းသွားတဲ့ အကြိမ်လဲ များပြီပဲ ။ ပြန်ပြန်လာတဲ့ အကြိမ်လဲ သိတဲ့ အတိုင်း ပဲ ။


ငလွင် ဆိုတာက ငါ ကြိုက်လို့ ယူတာလဲ မဟုတ်ဘူး ။ သူက ကြိုက်လို့ သူ့ အမေ ကို လာ အတောင်းခိုင်းတာ မဟုတ်လား ။


ငါ နဲ့ ငလွင် နဲ့ စတွေ့တာကတော့ မင်္ဂလာဆောင် တခုမှာ ။ သူတို့ ရုံးက အရာရှိတယောက် ရဲ့ သမီး မင်္ဂလာဆောင် မှာ ငါ တို့ တွေ့ကြတယ် ။ အငမ်းမရ ဖြစ်ပြီး တောင်းခိုင်းလို့ ညားကြတဲ့ အိမ်ထောင်ရေးပဲ ။


တော်တော် နဲ့ ငလွင် ရောက်မလာဘူး ။ တလကျော်မှ ရောက်လာတယ် ။ သမဝါယမအသင်း စုငွေ လာထုတ်တယ် ။ သန်းခေါင်စာရင်း နဲ့ ကုန်ဝယ်စာအုပ်ကို သူ့ အမေအိမ် ပြောင်းဖို့ လာလုပ်တယ် ။ ငါ က မတားဘူး ။ သန်းခေါင်စာရင်း

ထဲ က သူ့ နံမည် ထုတ်တာလဲ မတားဘူး ။


နောက်ဆုံး သမဝါယမ က ထည့်ဝင်ငွေ ပြန်ထုတ်တာကိုလဲ ငါမတားဘူး ။ သဘောပဲ ဆိုပြီး ထိုင်ကြည့်နေလိုက်တယ် ။


နောက် နှစ်လကြာတော့ ပြန်ရောက် လာပြန်တယ် ။ ကွာချင်သတဲ့ ။ ကွာချင်လဲ ကွာပေါ့ ။ သဘောပဲ ။

ကွာရှင်းစာချုပ်ပါ အပြီး ရိုက်လာတယ် ။ လက်မှတ်ထိုးပေး စေ့ချင်သတဲ့ ။ ရတယ် ။ သဘောပဲ ။ အိမ်မှာမဟုတ်ဘူး ။ ကောင်စီရုံးခန်းမှာ သွားပြီး လူကြီးစုံရာရှေ့မှာ လက်မှတ်ရေးထိုးပေးလိုက်တယ် ။


အဲသည်တော့ အငယ်လေး ကို မွေးပြီး ပြီ ။ လသား ပဲ ရှိသေးတယ် ။


ငလွင် ရောက်မလာခင်ကတည်းက ငါ ငါ့ သားကို နာမည် ရွေးတယ် ။ ကိုငယ်

ဆိုပြီး မှည့်လိုက်တယ် ။


ကိုငယ် ဆိုတဲ့ နာမည် ကို ငါ အမှုမဲ့ အမှတ်မဲ့ ရွေးတယ် မထင်နဲ့ ။ အကြီးဆုံးကောင် က ကိုကိုကြီး မို့ ကိုငယ် ဆိုပြီး ရွေးတယ်လို့လဲ မထင်နဲ့ ။ ဗေဒင်ဆရာ နဲ့ တွက်ချက်ပြီး ဗေဒင်ကိန်းခန်း အရ ရွေးတယ်လို့လဲ မထင်နဲ့ ။ တခုမှ မဟုတ်ဘူး ။


သည်သားကတော့ ငါ့ တသက် နောက်ဆုံး မွေးတဲ့ သားပဲ ။ အငယ် ဆုံး ။ သူ့အောက် အငယ် မွေးစရာလဲ မရှိတော့ဘူး ။ တော်လောက်ပြီ ။ တော်ပြီ ။


◾မောင်သာရ


📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment