❝ လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း ❞
ဒီဇင်ဘာလ ၂၃ ရက်နေ့ သို့ ရောက်ခဲ့လေပြီ ။
ထိုနေ့ နံနက်မှာ ကောင်းကင်သည် ကြည်လင်နေ၏ ။ နေရောင်ခြည်သည် ထွန်းလင်းတောက်ပ
လှ၏ ။
ကျွန်တော် သည် ထိုနေ့ ညနေရထား ဖြင့် ခရီးထွက်ရန် ပြင်ဆင်လျက် ရှိလေသည် ။ ' ဇစ် ' ကြိုးဖြင့်
ဖွင့်ပိတ်ရသော လက်ဆွဲ သားရေအိတ် တွင် ဝန်ကျဉ်းသော အသုံးအဆောင်များနှင့် အထည်အလိပ်များကို ထည့်လျက်ရှိလေသည် ။
ယမန်နေ့ က ကျွန်တော် သည် လျှို့ဝှက်ရေး မြေအောက်ဌာနချုပ်စခန်း သို့ သွားရောက်ခဲ့ရ၏ ။
မြေအောက်စခန်း မှာ ရွှေဂုံတိုင်လမ်း ခြောက်ထပ်ကြီးကျောင်းတိုက်မှာ မရှိတော့ချေ ။ ရွှေတိဂုံ
စေတီ၏ မြောက်ဘက် ကုန်းမြင့် နှင့် ကပ်လျက်ရှိသော ခြံတစ်ခုထဲသို့ ရွှေ့ထားလေသည် ။
ချိန်းထားသော အချိန်တွင် သွေးဆေးကန် အနီး၌ ကိုအေးငွေ သည် ကျွန်တော့် အား ကြိုဆိုပြီး
ထိုခြံထဲ သို့ ခေါ်သွားလေသည် ။ ခြံဘေးတွင် တရုတ်ဘုန်းကြီးကျောင်းလည်း ရှိသည် ။
အိမ်ငယ်ကလေးများလည်း ဝိုင်းရံနေသည် ။ ခြံတွင်းရှိ နှစ်ထပ်အိမ်မှာ အတော်ကြီးသော်လည်း
သစ်ပင်များဝါးရုံများ ကြားတွင် မြုပ်နေသည် ။ လျှို့ဝှက်ရေးစခန်း အတွက် အတော်ကောင်းသော
နေရာ ပေတည်း ။
ကိုအေးငွေ သည် ကျွန်တော့် အား ဆရာချစ် ထံမှာ အပ်ခဲ့ပြီး အခြား လူတစ်ယောက် နှင့် ထွက်သွားလေသည် ။ ဆရာချစ် က ကျွန်တော့် အား လေယာဉ်ပျံမှ ချပေးမည့် လက်နက်များ ကို လက်ခံရန်
ကျွန်တော် ရွေးချယ်ထားသော နေရာ သို့ သွားရတော့မည် ဟု ညွှန်ကြားလိုက်လေသည် ။ ပြီးတော့
အရပ်ရှည်ရှည် ခပ်တောင့်တောင့် အသားမည်းမည်း ဖြစ်သော လူတစ်ယောက် နှင့် လည်း မိတ်ဆက်
ပေးလေသည် ။ ထိုသူကား ပျဉ်းမနား မှ သခင်မြ ဆိုသူ ဖြစ်၏ ။ သခင်မြ သည် မိုးကုတ် သို့ သွား၍
မိုးကုတ် မှာ ရှိသော သခင်သာခင် တို့နှင့် အတူ သခင်သာခင် တို့ ရွေးချယ်ထားသော နေရာတွင်
လေယာဉ်ပျံမှ ချပေးမည့် လက်နက်များကို လက်ခံရန် တာဝန်ယူရလေသည် ။
သခင်ချစ်က “ ခင်ဗျားတို့ဟာ လက်နက်တွေရပြီး အရေးတော်ပုံလုပ်တဲ့ အခါမှာ ပူးပေါင်း
လုပ်စရာတွေ ၊ ညှိနှိုင်းတိုင်ပင်စရာတွေ ရှိလိမ့်မယ် ၊ ဒါကြောင့် ခုလို ဆက်ပေးလိုက်တာပဲ ” ဟု
ညွှန်ကြားလေသည် ။
ကျွန်တော် သည် သားရေအိတ်ထဲမှာ ဝန်ကျဉ်းသော အသုံးအဆောင်များနှင့် အထည်အလိပ်များကို
ထည့်ရင်း ယမန်နေ့က အထက်ပါအတိုင်း ညွှန်ကြားခဲ့သော ဆရာချစ် အကြောင်းကို စဉ်းစားနေလေသည် ။ သူက ခေါင်းဆောင် ၊ ကျွန်တော်က နောက်လိုက် ။ သူက မြန်မာ ဆယ်တန်း သာ
အောင်သူ ၊ ကျွန်တော် က ဘီအေအောင်ထားသူ ။ ထိုအချက်ကို စဉ်းစားမိပြီး မခံချင်သလို ဖြစ်နေ၏ ။ ခဏအတွင်း ပညာမာနသည် တက်လာ၏ ။ သို့သော် အရေးတော်ပုံ ၏ တာဝန်ကို
ထမ်းဆောင်ရမည်ဟူသော အသိက ထိုမာန ကို နောက်တစ်ခဏမှာပင် ချိုးနှိမ်လိုက်လေသည် ။
ထိုအချိန်တွင် ကောင်းကင် မှ မိုးချုန်းသံထက် ပြင်းထန်သော အသံများကို ကြားရလေသည် ။
ဥဩမှုတ်သံတွေကိုလည်း စူးရှစွာ ကြားရပြန်သည် ။ လူတွေကလည်း အုန်းအုန်းကျွတ်ကျွတ်
ဖြစ်လာလေသည် ။
ဧကန္တ ဂျပန် ဗုံးကြဲလေယာဉ်ပျံ တွေ လာနေပြီ ။
ကျွန်တော် သည် ခရီးထွက်ရန် ပြင်နေသော လက်ဆွဲသားရေအိတ် ဇစ်ကြိုး ကို ဆွဲပိတ်ပြီး ထိုအိတ် ကို
လက်မှဆွဲကာ အောက်ထပ်သို့ အမြန် ဆင်းခဲ့လေသည် ။
အတူနေ ဗေဒကဝိန် ဆရာဦးတက်ရှိန် နှင့် ဘလောက်ဆရာ ကိုတင်အေး တို့ကား အိမ်မှာ မရှိကြ ။
သူတို့ ဘယ်သွားနေကြပါလိမ့်မည်လဲဟု စိတ်ပူမိသည် ။
လမ်းပေါ်တွင် လူအများကား ပြေးလွှားနေကြ၏ ။ တချို့က တောင်ပြေး၍ တချို့က မြောက်ပြေးသည် ။ တချို့က အရှေ့ပြေး၍ တချို့က အနောက်သို့ ပြေးသည် ။ များသောအားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက် ၊ ပြေးလိုက် လုပ်နေကြ၏ ။
အခုနေ ဒေါ်လုံးတင် တို့ မိသားတစ်စုလည်း ဒီလို ပြေးနေကြမှာပဲဟု အောက်မေ့မိ၏ ။
ကျွန်တော် ကား မပြေးပါ ။ လမ်းဘေးတွင် အတော်ကလေး နက်သော မြူနီစီပယ် ရေမြောင်းများ
ရှိ၏ ။ ရေတော့ မရှိ ၊ ခန်းခြောက်နေသည် ။ ရေမြောင်းဘေးမှာ ရပ်ပြီး ကောင်းကင်သို့ မော့ကြည့်နေသည် ။ လျှပ်စစ် လက်သလို လေယာဉ်ပျံတွေမှ မီးပွင့်လာသည်ကို မြင်ရသည် ။ မိုးကြိုးပစ်သလို
အသံများကို ကြားရသည် ။ ကျွန်တော် သည် ဗြုန်းခနဲ မြောင်းထဲ ခုန်ချလိုက်၏ ။ ကျွန်တော့်လို
မြောင်းထဲ ခုန်ချသူကား နည်းလှ၏ ။ ပြေးကြသူသာ များ၏ ။ ကလေးချီ ပြေးသူ ၊ အဘိုးအို အမယ်အို
တို့ကို လက်ဆွဲ ပြေးသူ ၊ ထော့နဲ့ထော့နဲ့နှင့် ပြေးသူ ၊ အားရှိပါးရှိပြေးသူ စုံနေ၏ ။ လန်ချားကု -လား
များသည် လန်းချားကိုယ်စီဆွဲပြီး အတင်းစိုင်းနေ၏ ။ မော်တော်ကားများလည်း အမြန် မောင်းပြေးနေ၏ ။
ဗုံးကြဲသံများ အနည်းငယ် စဲပြီး လေယာဉ်ပျံများ ဝေးသွားပြီ ထင်ရသဖြင့် ကျွန်တော် သည် မြောင်းပေါ်သို့ တက်ပြန်၏ ။ မြောင်းဘေးမှာ ရပ်ပြီး ကောင်းကင်သို့ ကြည့်ပြန်၏ ။ ကျွန်တော် ကား
ကိုယ့်ကိုယ် ကိုယ် အံ့ဩမိ၏ ။ အဘယ့်ကြောင့်ဟု မသိ ။ ကျွန်တော် သည် တုန်လှုပ်ချောက်ချားခြင်း
လုံးဝ မဖြစ် ။ ဗုံးထိမှန်လိမ့်မည်ဟု လုံးဝ မထင် ။ အေးအေးလူလူပင် ပွဲကောင်းကြည့်သလို
ကောင်းကင်သို့ မော့ကြည့်နေ၏ ။ လေယာဉ်ပျံ အုပ်များ ပျံသန်းနေသည် ။ ဗြုန်းခနဲ မိုးကြိုးပစ်သလို
ပစ်သံခတ်သံ ကြားရသည် ။ ကောင်းကင် မှာ မီးခိုးလုံးကြီး တစ်ခု မြင်ရပြီး ထိုမီးခိုးလုံးထဲမှ
ဖြူဖြူသဏ္ဌာန်တစ်ခု ကျဆင်းလာလေသည် ။ နောက် ဗုံးကြဲသံများ ဆက်ကြားရသဖြင့် မြောင်းထဲ
ခုန်ဆင်းပြန်လေသည် ။
မြောင်းထဲမှာ ခိုနေစဉ် အခန်းတံခါး မပိတ်ခဲ့ရသည်ကို ပြေးသတိရ၏ ။ တံခါးသွားပိတ်ချင်သော
ဆန္ဒ ဖြစ်လာသေး၏ ။ သို့သော် အချည်းနှီး မစွန့်စားအပ် ၊ အတင့်မရဲအပ်ဟု ချက်ချင်း သဘောပေါက်ပြီး ထိုဆန္ဒ ကို ချုပ်တည်းထားလိုက်ပေသည် ။ ငါ့အသက် နှင့် ကိုယ်ခန္ဒာ မြဲနေရင်လည်း
ဝတ်စရာ ၊ အသုံးပြုစရာ ဖူဖူလုံလုံ ဒီ အိတ်ထဲမှာ ပါလာသားပဲဟု တွေးတောမိပြီး ခရီးထွက်ရန်
ပြင်ဆင်ထားမိသည်ကိုပင် ကျေးဇူးတင်နေသေး၏ ။
ပြေးကြလွှားကြသူတို့ ၏ စိုးရိမ်တကြီး ဟစ်သံ ၊ အော်သံ ၊ ငိုကြွေးသံတွေကို ကြားနေရလေသည် ။
ကျွန်တော် က သူတို့ အား မပြေးကြနှင့်ဟု တား၏ ။ ကျွန်တော့် လို မြောင်းထဲ လာခိုကြဟု ခေါ်၏ ။
နားမထောင်သူသာ များလေသည် ။ တစ်ယောက်တလေသာ ကျွန်တော့် အနားသို့ လာ၏ ။
အို ဟုတ်မှ ဟုတ်ပါမည်လား ။ တကယ်ပင် သူတို့ သားအမိ ဖြစ်နေ၏ ။
ဒေါ်ဒေါ်ညွန့် နှင့် မခင်သစ် တို့သည် မောင်ဂိုမာရီလမ်းကြီး ပေါ်တွင် ကျွန်တော် တို့ ဘက်ဆီသို့ ပြေးလာသော လူအုပ်ကြားတွင် ပါလာသည် ။ ဒေါ်ဒေါ်ညွန့် ကား မခင်သစ် ၏လက်ကို ဆွဲလျက် ။
ကျွန်တော် သည် သူတို့ သားအမိ ဆီ အမြန်သွားရင်း -
“ ဒေါ်ဒေါ် ဒေါ်ဒေါ် ရှေ့ဆက် မပြေးနဲ့ ၊ လာ လာ ဒီကိုလာ ”
သူတို့သည် အံ့ဩသွားကြ၏ ။ သူတို့ မျက်နှာမှာ ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် ပျက်နေလေသည် ။ ချွေးတွေလည်း ယိုစီးနေသည် ။
“ ဒေါ်ဒေါ် ၊ သစ်သစ် ၊ ရှေ့ဆက် မပြေးကြနဲ့ ။ ပြေးတာက မလွတ်ဘူး ၊ လာ မြောင်းထဲ လာကြ ”
သူတို့သည် အပြေးရပ်သွားပြီး ကျွန်တော့် အား ကြောင်ကြည့်နေလေသည် ။ ကျွန်တော် က
ဒေါ်ဒေါ်ညွန့် လက် ကို အတင်းဆွဲပြီး ခေါ်သည် ။ သားအမိ သည် ကျွန်တော့် နောက်သို့ လိုက်လာပြီး
ကျွန်တော်နှင့် အတူ မြောင်းထဲ ဆင်းလိုက်ကြလေသည် ။
ဒေါ်ဒေါ် နှင့် မခင်သစ် တို့သည် အသက်ရှူ မှားလောက်အောင် မောဟိုက်နေကြ၏ ။ အခါတိုင်းဆိုလျှင် ဒေါ်ဒေါ် သည် အားလုံးသော သူတို့၏ အားထားစရာ မျက်နှာမူရာနှင့် ဟန်ပန်တို့ကို
ဆောင်လေ့ရှိ၏ ။ ယခုမူ ဒေါ်ဒေါ့် ထက် ခိုးကိုးရာမဲ့ဖြစ်သူ မရှိဟု ထင်စရာ ဖြစ်နေလေသည် ။
ကျွန်တော် သည် မခင်သစ် အား တစ်ခါမျှ ဤမျှလောက် အားငယ်နေသော အဖြစ်တွင် မတွေ့မြင်ဖူးချေ ။ ကျွန်တော် သည် ဒေါ်ဒေါ် ၏ အားကိုးရာ ၊ မှီခိုရာဖြစ်ရန် ကြိုးစားရသည် ။ အားငယ်နေရှာသော
မခင်သစ် အား ကျွန်တော် လှိုက်လှိုက်လှဲလှဲ သနားလာလေသည် ။
“ မြောင်းထဲမှာ ငြိမ်ငြိမ် ထိုင်နေကြပါနော် ။ ဗုံး ဆိုတာ မြေကြီးပေါ် ကျတာနဲ့တစ်ပြိုင်နက် ကွဲပြီး
ဗုံးကွဲအစတွေနဲ့ ဗုံးဆန်တွေဟာ ဘေး လွင့်စဉ်တတ်တာပဲ ။ ဒီတော့ ဘယ်အကာအကွယ် မှ မရှိတဲ့
မတ်တတ်ရပ် နေသူကို မှန်ဖို့ သိပ်လွယ်ကူတယ် ။ မြေကြီးပေါ် အားလျားမှောက်နေရင် သက်သာတယ် ၊ ထိမှန်ဖို့ နည်းတယ် ။ ကျင်းထဲ ဝင်နေသူအတွက် ပိုပြီး ထိမှန်ဖို့ နည်းတယ် ။ ဗုံးက
ခေါင်းပေါ် တိုက်ရိုက် ကျရင်သာ ထိဖို့ ရှိတယ် ။ ခေါင်းပေါ်ကို တိုက်ရိုက်ကျဖို့ ဆိုတာလည်း ထီ
ပေါက်တာထက်တောင် ခက်သေးတာပဲ ”
ကျွန်တော်သည် ဗုံးကြဲခြင်းနှင့် ပတ်သက်၍ ကြားဖူးတာတွေ ၊ ဖတ်ဖူးတာတွေကို ရုတ်တရက်
အမှတ်ရပြီး ပြောပြနေလေသည် ။ ဒေါ်ဒေါ် နှင့် မခင်သစ် တို့သည် ပြောပြသောအချက်များကို
သဘောပေါက်ကြဟန် တူသည် ။ တစ်စတစ်စ ကြောက်ရွံ့စိုးရိမ်မှုတွေ ပြေသွားဟန်တူသည် ။
ဒေါ်ဒေါ် -
“ ကံကောင်းထောက်မလို့ ငါ့တူ နဲ့တွေ့ရတယ်ကွယ် ”
မခင်သစ် ကမူ အားတက်လာသော မျက်နှာဖြင့် ကျွန်တော့် အား ကြည့်လိုက်၏ ။
ကျွန်တော် -
“ ဆရာဖေ တို့ကော ၊ ရွှေရွှေကော ဘယ်မှာလဲ ”
ဒေါ်ဒေါ်၏ မျက်နှာတွင် စိုးရိမ်ကြောင့်ကြခြင်း တို့သည် ချင်းနင်းဝင်ရောက်လာပြန်၏ ။
“ မင်းတို့ ဆရာ က ကျောင်းသွားတယ် ၊ မရွှေသစ် ကတော့ ဈေးသွားတယ် ၊ အင်း ဘုရားသိကြားမလို့
လွတ်ကြပါစေ ”
ကောင်းကင်မှ လေယာဉ်ပျံတို့သည် တဖြည်းဖြည်း ဝေးသွား၏ ။
မခင်သစ် -
“ ဖေဖေတို့ ကျောင်းနားမှာတော့ ဗုံးခိုကျင်း ရှိတယ် မေမေ ၊ ဖေဖေ တော့ ဗုံးခိုကျင်း ထဲမှာပဲ ခိုနေမှာပဲ ၊ ရွှေရွှေ အတွက်သာ ”
မခင်သစ် သည် သက်ပြင်းချလိုက်သည် ။ ဒေါ်ဒေါ် ကား ဘုရားကိုသာ တပြန်၏ ။
ဥဩသံ ကြားရ၏ ။ အန္တရယ်ကင်းရှင်းပြီဆိုသော ဥဩသံ နှင့်တူသည် ။ တကယ်မူ ကျွန်တော် ကိုယ်တိုင် အန္တရယ်ကင်း ဥဩသံလော ၊ ဘာလော တပ်အပ် မပြောနိုင် ။ သို့သော် အရဲစွန့်ပြီး မြောင်းပေါ် တက်လိုက်၏ ။
မခင်သစ် -
“ အို ဆရာ ကလည်း ဘာဖြစ်လို့ အပေါ်တက်ရတာလဲ ”
ဒေါ်ဒေါ် -
“ ဟုတ်သားပဲ ဘာဖြစ်လို့ တက်တာလဲကွယ် ”
“ ဘေးကင်းပြီလို့ အချက်ပေးတဲ့ ဥဩသံနဲ့ တူတယ် ဒေါ်ဒေါ် ရဲ့ ။ ကိစ္စ မရှိပါဘူး ၊ လေယာဉ်ပျံ
နီးလာပြန်ရင်လည်း ချက်ချင်း ခုန်ဆင်းလိုက်ရင် ပြီးတာပဲ ။ ခုနင်က ကျွန်တော် ဒီလို လုပ်နေတာပဲ ၊
ခုန်ဆင်းလိုက် ၊ တက်ကြည့်လိုက်နဲ့ပဲ ”
ဒေါ်ဒေါ် နှင့် မခင်သစ် တို့သည် ကျွန်တော့်အား အာဂ လူစွမ်းကောင်းကြီး အဖြစ်နှင့် မော့ကြည့်နေကြသည် ။
ကောင်းကင်ကို မော့ကြည့်၏ ။ အရပ်ကိုးမျက်နှာ လှည့်ကြည့်၏ ။ လောယာဉ်ပျံ တစ်စင်းမျှ မမြင်ရ ။
လူတွေလည်း ရှင်းနေ၏ ။ ယာဉ်တစ်ခုမျှလည်း သွားလာခြင်း မရှိ ။ အရှေ့တောင်ဘက်တွင် မီးခိုးလုံးကြီးများကို မြင်ရလေသည် ။
“ ဟာ မီးတွေလောင်နေပြီထင်တယ် ”
ဒေါ်ဒေါ် -
“ ဘယ်ဘက်ဆီမှာလဲ ”
“ ဗိုလ်တထောင် ဘက်ဆီက ထင်တာပဲ ဒေါ်ဒေါ် ”
ဒေါ်ဒေါ် -
“ ဘုရား ဘုရား ခက်ကုန်ပါပြီ ”
စစ်ဘက်မှ ကားတစ်စီး မောင်းသွားလေသည် ။ ပြီးတော့ ပုလိပ်မော်တော်ဆိုင်ကယ် နှင့် ပုလိပ်ကားများ ။ အတန်ကြာတော့ မီးသတ်ကားများ ။
ဥဩသံ ရပ်သွားလေပြီ ။
“ ကဲ ဘေးအန္တရယ်ကင်းသွားပြီ ဒေါ်ဒေါ် ၊ ဗုံးကြဲလေယာဉ်ပျံတွေ ပြန်သွားကြပါပြီ ၊ တက်ကြပါတော့ ”
ဒေါ်ဒေါ် နှင့် မခင်သစ် တို့သည် ခပ်ရွံ့ရွံ့ဖြင့်ပင် တက်လာကြသည် ။ မခင်သစ် သည် လက်ကိုင်ပဝါ
နှင့် မျက်နှာကို ချွေးသုတ်နေ၏ ။ ဒေါ်ဒေါ် ကား အင်္ကျီလက်ဖြင့် ချွေးသုတ်၏ ။ သူတို့သည်
မြောင်းနံဘေးတွင် အတန်ကြာ ရပ်ပြီး ဟိုဟိုသည်သည် အကဲခတ်၍ ကြည့်နေကြလေ၏ ။
ဆယ်မိနစ်လောက်ကြာသောအခါ လူများ လှုပ်ရှားသွားလာနေသည်ကို တွေ့ရလေသည် ။ အချို့ကား အထုပ်အပိုးကို ရွက်၍ ၊ အချို့မှာ ထမ်း၍ သွားကြသည် ။ လန်ချားကုလားအချို့သည် သူတို့
အထုပ်နှင့် အိုးခွက်များကို တင်၍ သွားနေကြသည် ။
ဒေါ်ဒေါ်ညွန့် -
“ ကဲ ဒေါ်ဒေါ်တို့ အိမ်ပြန်ဦးမယ် ”
“ ကျွန်တော် လိုက်ပို့မယ်လေ ”
ကျွန်တော် သည် အိမ်ပေါ်တက်ပြီး လက်ဆွဲအိတ်ကို ထားခဲ့သည် ။ တံခါးကို သော့ခတ်ပိတ်ထားခဲ့ပြီး ဒေါ်ဒေါ် တို့အား လိုက်ပို့လေသည် ။ အိမ်ရှေ့ထွက် မျှော်နေသော ဒေါ်ရွှေသစ် ကို
တွေ့ရလေသည် ။ မသေလို့ တွေ့ကြသည် ။ ဝမ်းသာအားရ နှုတ်ဆက်ကြ၏ ။ မေးကြ၏ ။
ဒေါ်ရွှေသစ် သည် မခင်သစ် အား ဖက်ထားသည် ။ သူတို့သည် မခင်သစ် ၏အဖေ ဦးရွှေဖေ ကို
စိုးရိမ်ကြီးစွာနှင့် စောင့်မျှော်နေကြပြန်၏ ။ ကျွန်တော် က စေတနာတွေ ပိုလာကာ -
“ ကျွန်တော် သွားရှာပေးမယ် ဒေါ်ဒေါ် ”
ဒေါ်ဒေါ်ညွန့် က ပြုံးနေ၏ ။ ဒေါ်ရွှေသစ် ကမူ မျက်နှာထား တင်းတင်းဖြင့် -
“ နေပါစေ မောင်တင်ထွန်း ရယ် ၊ ကလေးမှ မဟုတ်ဘဲ ဘေးကင်းပြီ ဆိုရင် ကိုယ့်အိမ်ကို ချက်ချင်း
ပြန်လာရမှာပေါ့ ။ သူ့မယား ၊ သူ့နှမ ၊ သူ့သမီး အတွက် သူ စိုးရိမ်တတ်ရမှာပေါ့ မင်း ပူဖို့
မလိုပါဘူး ”
ဒေါ်ရွှေသစ် သည် သို့ကလို ကျွန်တော့် အား ဘုကျကျပြောသည်မှာ သူ့နဂို ဓလေ့ကြောင့် သာမက
မခင်သစ် အပေါ်တွင် ကျွန်တော် က သစ္စာမဲ့ခဲ့သည်ကို ရှုတ်ချကန့်ကွက်လိုသောကြောင့် တမင်
ပြောခြင်းလည်း ဖြစ်ဟန် တူလေသည် ။ ဒေါ်ဒေါ်ညွန့် နှင့် မခင်သစ် တို့ကား ကျွန်တော့် အား
အားတုံ့အားနာနှင့် ကြည့်ပြီး နေကြသည် ။ ၎င်းပြင် သူတို့အား ကူညီခဲ့သည်ကို လည်းကောင်း ၊
ဆရာဖေ အား ရှာပေးမည်ဟု ဆိုခြင်းကို လည်းကောင်း စိတ်ထဲမှ ကျိတ်၍ ကျေးဇူးတင်နေကြဟန်
တူလေသည် ။ သူတို့ သားအမိ သည် အိမ်ထဲ မဝင်ကြသေးဘဲ မယောင်မလည်နှင့် ရပ်နေကြသည် ။ ကျွန်တော် ကလည်း သူတို့ အနီးမှာ ရစ်သီရစ်သီ လုပ်နေလေသည် ။ ဒေါ်ရွှေသစ် သည် ကျွန်တော်
တို့အား ကြည့်ပြီး ကိုယ့်အတွင်းသဘောကို ဖုံးဖိထားတတ်သူ မဟုတ်သည့် အားလျော်စွာ
မျက်စောင်း ထိုးလိုက် ၊ နှုတ်ခမ်း စူလိုက် ၊ ဆောင့်လိုက် အောင့်လိုက် လုပ်နေလေသည် ။ အတန်
ကြာတော့ -
“ ဟဲ့ မိရွှေသစ် ၊ လာ အိမ်ထဲကို ၊ ဟေ့ မောင်တင်ထွန်း ၊ မင်းလည်း သွားချင်ရာ သွားပေတော့ ၊
ကိုရွှေဖေ ကိုတော့ သွားရှာ မနေနဲ့တော့ ”
မခင်သစ် ကား ဒေါ်ရွှေသစ် နောက်သို့ ကြောက်ကြောက်နှင့် လိုက်ပါသွားသေလည် ။ ကျွန်တော် သည် ရှက်ရှက် နှင့် မယောင်မလည် ဖြစ်ပြီး ထွက်ခွာလာခဲ့လေသည် ။ ဒေါ်ဒေါ်ညွန့် ကား အားတုံ့
အားနာ နှင့် ကျွန်တော့် အား ကြည့်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ တောင်းပန်လျက် ကျန်ရစ်ခဲ့လေသည် ။
ကျွန်တော်ကား ဒေါ်ရွှေသစ် အား စိတ် မဆိုးပါ ။ ကိုယ့်အပြစ် ကိုယ် နားလည်ပြီး ဖြစ်သည် ။
ကျွန်တော့် မှာ ဤလို ပြုမူခြင်းမျိုးနှင့် ထိုက်သောသူ ဖြစ်ပေသည် ။ သို့သော် ဝမ်းနည်းကြေကွဲ
ဖြစ်မိ၏ ။ မခင်သစ် အား လက်လွတ်ရလေပြီတကား ဟူ၍လည်း သတိရလာပြန်ပေရာ ဘယ်တုံးက
မျှနှင့် မတူအောင် နှမြောနေမိလေသည် ။ အစားမထိုးနိုင်သော ဆုံးရှုံးခြင်း ဟုလည်း ထင်လိုက်ပေသည် ။
နေက အတော်ပင် ပူနေသည် ။ နေပူကျဲကျဲတွင် လူများသည် ရွှေ့ပြောင်းနေကြ၏ ။ တစ်ဖက်သို့
ဦးတည်ကာ ညီညာစွာ ရွှေ့ပြောင်းနေကြသည် မဟုတ် ။ အချို့က အရှေ့ ၊ အခြားအချို့က
အနောက် ၊ သည့်ပြင် အချို့က တောင် ၊ ကျန်တချို့က မြောက် ၊ရောက်တတ်ရာရာ ရွှေ့ပြောင်းနေကြသည် ။ ကုလား ၊ ဗမာ ၊ တရုတ် ၊ ကပြား လူမျိုးစုံ ရွှေ့ပြောင်းနေကြသည် ။ အချို့ကား
အထုပ်ကို ခေါင်းမှာ ရွက်လျက် ၊ အချို့မှာ ထမ်းလျက် ၊ အချို့အချို့မှာ ယူနိုင်သမျှသာ ဝန်ထုပ်ဝန်ပိုး
တို့ကို ယာဉ်အမျိုးမျိုး၌ တင်ဆောင်ကာ ပြောင်းရွှေ့ကြသည် ။ လန်ချား ၊ မြင်းလှည်း ၊ စက်ဘီး ၊
ချယ်ဂါရီ ၊ ထရပ်ကား ၊ ဘတ်စ်ကား ၊ ဆလွန်းကား ။
ကျွန်တော် သည် လူအချို့နှင့် အတူတူ ကွမ်းခြံဘူတာကြီး ဘက်သို့ လိုက်ပါလာခဲ့လေသည် ။ လူ
အများသည် ရထားဖြင့် ရွှေ့ပြောင်းရန် စုဝေးလာကြသည် ။ သို့သော် မီးရထား အလုပ်သမားများကို
မတွေ့မြင်ရ ။ ဘူတာရုံ အလုပ်သမားများ သည် အလုပ်မှာ စိတ်မဝင်စားနိုင် ။ တာဝန်ကျနေရာများမှာ
မနေနိုင် ။
ကျွန်တော် သည် ခုံးတံတားကြီး ကို ကျော်ဖြတ်ခဲ့သည် ။ ဟိုဘက် ရောက်သည်ဆိုလျှင်ပင် ဗုံးထိပြီး
သေနေသော အလောင်းများကို တွေ့ရတော့သည် ။ ကျွန်တော့် အဖို့ ဤမြင်ကွင်းကား စစ်ကြီး၏
ပထမဆုံး တွေ့မြင်ရသော သွေးစွန်းနေသည့် ဒဏ်ရာဒဏ်ချက်များ ပေတည်း ။ ဟောဟိုဘက်မှာ
အားလျားမှောက်ကြီး သေနေသည် ။ ခေါင်းပြတ်ကြီးနှင့် ။ ဝင်းထရံအုတ်တိုင်မှာ ကြည့်လိုက်ပါဦး ။
လူတစ်ယောက် မှီထိုင်လျက် သေနေသည် ။ ခေါင်းငိုက်စိုက်ကျလျက် ၊ ရင်ဘတ်မှာ သွေးကွက်ကြီးနှင့် ။ သည်ဘက်က အလောင်းမှာကား ဒူးတုပ်ရင်း လဲကျကာ သေဆုံးသွားသော ကု -လားမကြီး
ဖြစ်သည် ။ အလောင်းတွေ အလောင်းတွေ ။
ကျွန်တော့် ခေါင်းမှာ မူးလာသည် ။ မျက်စိတွေက ဝေလာသည် ။ စိတ်မကောင်းလိုက်သည့်ဖြစ်ခြင်း ။
ကျွန်တော် သည် အနောက်ဘက်သို့ လျှောက်ခဲ့သည် ။ နေပူလို့ ပူရမှန်း မသိ ။ လမ်းပေါ်က
လူတိုင်းလည်း ကျွန်တော့်လိုပင် ဖြစ်လေသည် ။ ဆူးလေတံတားကြီး ကို ဖြတ်ခဲ့လေသည် ။
ခရီးသည်တင် ဘတ်စ်ကားများကား လုံးဝ ရပ်စဲသွား၏ ။ ဆိုင်တွေအားလုံး ပိတ်ထားသည် ။
မဂိုလမ်း သွားဖို့ စိတ်ကူး မိသည် ။ မမြမှီ တို့ တိုက် ဗုံးများထိလို့ ပြိုလေပြီလား ။ မမြမှီ ကော ဘယ်လို
နေပါလိမ့် ။ လွတ် မှ လွတ်ပါလေစ ၊ ဗုံးများ ထိရင်ကော ။
သို့ကလို မကင်းရာ မကင်းကြောင်းတွေကြောင့် ကြောင့်ကြစိုးရိမ်မှုတွေ ပေါ်လာစေလင့်ကစား
မမြမှီ ထံသို့ကား ဘယ်နည်းနှင့်မျှ မသွားတော့ဟု စိတ်ကို ပိုင်းဖြတ်လိုက်လေသည် ။ မမြမှီ ကား
အနားကပ်မိလျှင် ရုန်းထွက် မရသော ပိုက်ကွန်ကြီးနှင့် တူသည် ။ အားနာလို့ သွားသွား ၊ သနားလို့
ကူညီချင်လို့ သွားသွား ၊ သွားချင်လို့ သက်သက် သွားသွား သူ့အနား သွားမိလျှင် ကျွန်တော့်ဘဝ
သည် နစ်မွန်းတော့မည်ဟု ထင်လိုက်သေးသည် ။ ရက်စက်ရာ မကျပေဘူးလား ၊ လူစိတ်ကင်းရာ
မကျပေဘူးလား ၊ စစ်ဘေးဒုက္ခ ကျရောက်နေချိန် မမြမှီ တစ်ယောက်တည်း ခိုကိုးရာမဲ့ ဖြစ်မနေ
ပေဘူးလား ။ ကိုယ့်စိတ်နိုင်ရင် ပြီးတာပဲ ၊ တာဝန်အတိုင်း ကူညီလိုက်ပြီးတော့ ကိုယ့်ဘာသာကိုယ်
ရှင်းရှင်း နေလိုက် ။ စိတ်ထဲမှသာ သို့ကလို တွေဝေနေသည် ။ ခြေထောက်ကမူ မောင်ဂိုမာရီလမ်း
အတိုင်း အရှေ့ဘက်သို့သာ လျှောက်လာခဲ့ပေသည် ။ ထို့နောက် ပန်းဆိုးတန်းလမ်း တစ်လျှောက်
နှင့် ဖရေဇာလမ်း တစ်လျှောက်ကို ကြည့်သည် ။ ဗုံးအချက် များစွာ ထိသော နေရာပေတည်း ။
ကျွန်တော့် လိုပင် လျှောက်ကြည့်နေကြသော လူငယ်တွေ အတော်များနေလေပြီ ။
ဖရေဇာလမ်း နှင့် ပန်းဆိုးတန်း ထောင့် လေးထပ်တိုက်ကြီး အောက်ဆုံးထပ်မှ လက်ဖက်ရည်ဆိုင်မှ
ကု -လားအများဆုံး ဗုံးထိသည်ဟု ဆိုကြလေသည် ။
ပလက်ဖောင်းပေါ်မှ အလောင်းတွေ ကို ဘယ်သူမျှ မရွှေ့သေး ။ တုံးလုံးပက်လက် သေနေကြသည်မှာ မြင်မကောင်း ။ မတော်တာတွေ ပေါ်နေ၍ ဖုံးဖိသူ မရှိ ။
လူတစ်ယောက် သည် လှေကားပေါ်မှာ ခွေခွေကလေး သေနေသည် ။ သစ်ပင်ခွကြားတစ်ခုတွင်
အလောင်းတစ်လောင်းသည် ခွစီးလျက်သား နေသည် ။ မည်ကဲ့သို့ ရောက်သွားသည်ကို ခန့်မှန်း၍
ပင် မရချေ ။ ခေါင်းပြတ်သော အလောင်း ၊ လက်ပြတ်သော အလောင်း ၊ ခြေပြတ်သော အလောင်း ၊
အလောင်းတွေ အလောင်းတွေ ။ မရေနိုင်ဟု ထင်မိတော့၏ ။
မြင်းတစ်ကောင် သည် ခြေလေးဖက် ဒူးထောက်လျက် ခေါင်းရှေ့စိုက်ကာ သေနေလေသည် ။ ဘာ
ဒဏ်ရာမျှ မရှိ ။ လိုက်ကြည့်နေသူ တစ်ဦးက ဗုံးစက်ကွင်းမိ၍ သေသွားဟန် ရှိသည်ဟု ထင်ကြေးပေး၏ ။ တစ်ယောက်ကမူ ဗုံးကွဲသော အရှိန်ကြောင့် တုန်လှုပ်သွားပြီး အသည်းနှလုံးကြွေကာ
သေသည်ဟု ယူဆလေသည် ။ ဤမြင်း သေသလို ဒဏ်ရာ မပေါ်ဘဲ သေနေသော လူသေအလောင်း
တွေကိုလည်း တွေ့ရသေးသည် ။
ကျွန်တော့်မှာ တစ်သက်နှင့် တစ်ကိုယ် ဤမျှသေကျေပျက်စီးသည်ကို တစ်ခါမျှ မကြုံတွေ့ဖူးသဖြင့်
ကြက်သီးမွေးညင်းတွေ ထနေသည် ။ ရင်ထဲမှာ ဖိုလှိုက်နေသည် ။ ခေါင်းထဲမှာ မူးနောက်နေသည် ။
ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်မိ၏ ။ သူတို့လို သေရမှာ ကြောက်နေလို့လား ။ ကျွန်တော်
မကြောက်ပါ ။ စောစောက ကြောက်လို့ ပြေးလွှားသူတွေသာ သူတို့လို သေကုန်ကြသည် ။
ဘူတာရုံနားမှာ သေနေသူတွေသည် ကျွန်တော့် ရှေ့မှ ဖြတ်ပြေးကြသူတွေ ၊ ကျွန်တော်က
မကြောက်ကြနှင့် မပြေးကြနှင့်ဟု ပြောလိုက်သူတွေ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည် ။ အသေကောင်
တို့က တစ္ဆေ ဖြစ်ပြီး ခြောက်မည်ကိုလည်း ကျွန်တော် မကြောက် ။ ကျွန်တော်ကား တစ္ဆေကို
ယုံသူ မဟုတ် ။ သနားကြင်နာစိတ်တွေ ယိုဖိတ်နေပြီး ကြက်သီးမွေးညင်းတွေ ထနေလေသလား ၊
ရင်ဖိုနေလေသလား ။ သည်လိုလည်း ဟုတ်မည် မထင် ။ သေသူတွေကို သနားတော့ သနား၏ ။
သို့သော် စစ်ဖြစ်လျှင် ဗုံးကြဲမည် ။ ဗုံးကြဲလျှင် လူတွေ ထိမှန်ပြီး သေမည် ။ ဤကား သဘာဝတည်းသာဟူ၍ အေးစက်တည်ငြိမ်စွာ သေခြင်းကို လက်ခံလိုက်ပြီဖြစ်သဖြင့် သနားခြင်းဖြင့်
ရင်တွင်းမှာ ဖိုလှိုက်ဖို့ အကြောင်း မရှိပါ ။
ကြက်သီးမွေးညင်း ထခြင်း ၊ ရင်ဖိုခြင်း စသည်တို့မှာ ကြောက်စိတ် ၊ သနားစိတ် စသောစိတ်များ
နှင့် ဆိုင်ဟန် မရှိ ။ ဤလိုဟာတွေ ဖြစ်ပြီး ဤလိုဟာတွေကို မြင်လျှင် ဤလိုပင် ကြက်သီးထမည် ၊
ရင်ဖိုမည် ၊ ခေါင်းနောက်မည် ။ ရဟန်းတော်များပင်လျှင် ဤလိုဟာတွေ မြင်လျှင် ဤလိုပင်
ဖြစ်ပေလိမ့်မည်ဟု ကျွန်တော် ထင်မိပေသည် ။
တစ်စတစ်စ လိုက်ကြည့်သူတွေ များလာသည် ။ တချို့က ပန်းဆိုးတန်း နှင့် ဒါလဟိုဇီ ( မဟာဗန္ဓုလ ) လမ်းထောင့် ကြေးနန်းရုံးကြီး တွင်လည်း ဗုံးကျသည်ဟု ပြောကြသည် ။ ကျွန်တော် သည်
ထိုနေရာသို့ သွားလေသည် ။ သွားရင်း သေခြင်း ၊ ပျက်စီးခြင်း စသည်များကို ဆင်ခြင်နေမိပြန်လေသည် ။ အနိစ္စ ၊ မမြဲသော အရာတွေပါတကား ဤအရာတွေ ဤဖြစ်ပျက်ရပ်တွေနှင့် ဤ
လောကမှာ ဒုက္ခပါတကား ။ ဪ ဘယ်ဟာကို ဆုပ်ဖမ်း၍ မှတ်မှတ် ၊ ဘယ်မှာ ရှာရှာ သူတို့ထဲမှာ
ရှာရှာ ၊ ကိုယ့်ထဲမှာ ရှာရှာ နတ္တဆိုတာ မတွေ့နိုင်ပါကလား ။ အားလုံး အနတ္တသာလျှင် အနှစ်ဖြစ်ချေ
သည်တကား ။
ကျွန်တော် သည် ကိုယ့်ကိုယ် ကိုယ် အံ့ဩနေသည် ။ ငါ ဘာ့ကြောင့် လက္ခဏာရေး သုံးပါးတွေ
ထင်မြင်နေပါလိမ့် ။ ငါ ဘာ့ကြောင့် အဘိဓမ္မာ ဆန်ပါလိမ့် ။
ရှိတ်စပီးယား က ဆိုသည် မဟုတ်ပါလား ။ မြေမှုန့်မှ လာသော လူသည် မြေမှုန့်သို့ ပြန်သွားသည် ။
လူတွေ သေခြင်းကို ထင်ဟပ်နေသော ကျွန်တော့် ဦးနှောက် အတွင်းသို့ ကောလိပ်ကျောင်း တုန်းက
သင်ခဲ့ဖူးသော ထိုစာကြောင်းကလေး သည် ဝင်လာလေသည် ။
ကြေးနန်းရုံးကြီး ရှေ့သို့ ရောက်သောအခါ လူတွေ အများကြီး အုံကြည့်နေသည်ကို တွေ့ရလေသည် ။ လမ်းမကြီးပေါ်တွင် ဗုံးကျထားပြီး ရေပိုက်များပေါက်ကာ ရေလုံးကြီးများ ပန်းထွက်နေလေသည် ။ လူစုထဲတွင် အရေးတော်ပုံ မြေအောက်စခန်းမှာ မနေ့က တွေ့ခဲ့သော လူများကို
တွေ့ရသည် ။ သခင်ချစ် ၊ ပျဉ်းမနားသခင်မြ နှင့် သခင်တင်ထွန်း တို့ ဖြစ်သည် ။ သခင်ချစ် ကား
မျက်မှန် ဖြုတ်ထား၏ ။ မျက်မှန်ဖြုတ်ထားရုံဖြင့် ရုပ်ဖျက်ပြီး ဖြစ်နိုင်ပါ့မလား ။ သခင်တင်ထွန်း
မှာကား မျက်မှန်မည်းကြီး တပ်ထားသည် ။ သခင်မြ ကား လုံးဝ ရုပ် မဖျက် ။ အမှန်မှာကား ဤ
အခါမျိုး၌ ရုပ်ဖျက်ဖို့ မလိုတော့ပါ ။ စုံထောက်သည် သူ့ဝတ္တရား သူ မလုပ်နိုင် ။ စုံထောက်က
ထောက်သော်လည်း ဖမ်းမည့်သူ မရှိ ။ ကျွန်တော် ကား သူတို့ကို မြင်လျှင် ဝမ်းသာသည် ။ ကျွန်တော်တို့ အရေးတော်ပုံတပ်သားတွေ ဘေးမသီ ရန်မခ ရှိကြသည် ။ သို့သော် သူတို့နှင့် သိကျွမ်းသည်ကို
ဘေးလူတွေ မသိစေချင်သဖြင့် သူတို့အား နှုတ်မဆက်ခဲ့ပေ ။
ကမာရွတ် က မိတ်ဆွေတွေ ဘေးအန္တရာယ် ကင်းကြပါလေလား ။ ကမာရွတ် မှာ ဗုံးကြဲဦးတော့ ၊
မကြာမီက ဆွေးနွေးခြင်းကြောင့် ဗုံးခိုဗုံးရှောင် တတ်လောက်ကြပေမည် ။
မမြင့်ဦး တစ်ယောက် ဘယ်လို နေရှာပါလိမ့် ။ ဂျပန်ဖက်ဆစ် တွေသည် တက္ကသိုလ် ကိုတော့
ဗုံးကြဲမည် မထင် ။ မမြင့်ဦး အား ဗုံးက အန္တရာယ်ပေးမည် မထင် ။ သို့သော် အိပ်ရာပေါ်မှာ ခွေလဲကာ
ဖျားနာနေသော မမြင့်ဦး သည် လေယာဉ်ပျံသံ ၊ ဗုံးသံတွေကြောင့် ထိတ်လန့်တကြား ဖြစ်ရှာပေလိမ့်မည် ။ အားကိုးရာမဲ့ ဖြစ်ရှာပေလိမ့်မည် ။ ကျွန်တော့် အား ပိုမို၍ တမ်းတရှာပေလိမ့်မည် ။
ကျွန်တော့် ခြေလှမ်းများသည် မမြင့်ဦး ထံသို့ ဦးတည်နေကြလေ၏ ။
မမြင့်ဦး ။ တီဘီရောဂါ နှင့် စစ်တိုက်နေသော မမြင့်ဦး ။ ကျွန်တော့် အား သူမ ၏ အသက်တည်နေ
မှီခိုအားထားရာ အဖြစ်ဖြင့် ဆုပ်ကိုင်တွယ်တာလျက် သေမင်း ကို အကျောက်အကန် ခုခံနေရှာသော
မမြင့်ဦး ။ ကျွန်တော့ ပတ်ဝန်းကျင်ကား သေမင်း ကို အရှုံးပေးရသော လူသေကောင် တို့၏ မြင်ကွင်း ၊
ကျွန်တော် သည် ထိုမြင်ကွင်း ကို စွန့်ပစ်လျက် သေမင်း ကို အရှုံး မပေးသော မြင်ကွင်းဖြစ်သည့်
မမြင့်ဦး ၏ အိပ်ရာဘေးသို့ တစ်လှမ်းပြီး တစ်လှမ်း လှမ်းလာခဲ့သည် ။
လူသေကောင် ရွှေ့မည့်သူလည်း မရှိ ၊ မြုပ်မည့်သူလည်း မရှိ ၊ အပျက်အစီးတွေ ဖယ်ရှားမည့်သူ
လည်း မရှိ ၊ မီးလောင်နေသည်ကို သတ်မည့်သူလည်း မရှိ ၊ ခရီးသည်တင် ဘတ်စ်ကားလည်း မရှိ ၊
မြင်းလှည်းလည်း မပြေး ၊ လန်ချားလည်း မဆွဲ ။ သို့သော် ကျွန်တော်ကား တက္ကသိုလ်ကို ဘယ်သို့
ဘယ်လို သွားမည်ဟု စဉ်းစား မနေ ။ ကျွန်တော့် ခြေလှမ်းများသည် နောက် မတုံ့ ။ ကျွန်တော့်
ခြေလှမ်းများသည် မမြင့်ဦး ထံသို့သာ ဦးတည်နေကြလေသည် ။
တက္ကသိုလ်ဘက်မှာ ဗုံးတစ်လုံးမျှ မကျ ။
အပျက်အစီး လုံးဝ မရှိ ၊ မီးလောင်ကျွမ်းခြင်းကိုလည်း မတွေ့ရ ။ အခါတိုင်းလိုပင် သာယာ
စိုပြည်သည် ။ တက္ကသိုလ်နယ်မြေကို တွေ့မြင်ရသောအခါ များစွာ စိတ်သက်သာရာ ရသွားလေသည် ။ ရန်ကုန်ထဲမှာ မြင်ခဲ့ရသော ရှုခင်းများနှင့် တက္ကသိုလ်နယ်မြေရှုခင်း ခြားနားပုံသည်
မီးတုတ်ကိုင်ထားသော ဘီလူး နှင့် ရေချမ်းအိုး ကိုင်ထားသော အမျိုးသမီး တို့၏ ခြားနားပုံနှင့် တူနေလေသည် ။ ကံ့ကော်ပင်များကား စိမ်းလန်းမြဲ စိမ်းလန်းနေသည် ။ သစ်တိုပင်ကြီးများ ၊ ပိန္နဲ ၊
သရက် ၊ မရန်း နှင့် တညင်းပင်ကြီး များကား ခါတိုင်းလိုပင် တည်ငြိမ်စွာ ထီးမိုးနေကြသည် ။
တက္ကသိုလ် နယ်မြေတွင် မြို့ထဲမှာ ဗုံးကြဲထားသော လှိုင်းဂယက်များမှ ကင်းရှင်းသည် မဟုတ်ချေ ။
ဟိုနား သည်နားမှာ မြို့ထဲမှ ပြောင်းရွှေ့လာသော သူများကို တွေ့ရ၏ ။ ဝန်စည်စလယ်များ အပြည့်
တင်ထားသော ကားများ ၊ အိမ်ထောင်ပစ္စည်းတွေ တင်ထားသော ချယ်ဂါရီများ ၊ ထင်းရှူးသေတ္တာ ၊
ဖျာလိပ်နှင့် ထမင်းအိုးဟင်းအိုးများ တင်ထားသော လန်ချား များ စသည်တို့ကို ဟိုအိမ်သည်အိမ်
ဟိုသစ်ပင်သည်သစ်ပင် အရိပ်များအောက်တွင် ထိုးဆိုက်ထားကြလေသည် ။
တက္ကသိုလ်ကျောင်းကြီး ကို ဒီဇင်ဘာလ ၈ ရက် နေ့ စစ်ဖြစ်ပြီး နောက်တစ်ရက် တွင် ပိတ်လိုက်ပြီ
ဖြစ်သဖြင့် ကျောင်းသားများကိုကား မတွေ့ရတော့ပြီ ။
မမြင့်ဦး နေထိုင်ရာ ဂေဟာလေးကား ခါတိုင်းလိုပင် အေးရိပ်သာကလေး ဖြစ်၏ ။ ရေလောင်း
ထားခြင်း မရှိသော်လည်း ပန်းပင်ကလေးများမှာ လန်းရွှင်စွာသာ ရှိနေကြ၏ ။ ရောင်စုံပွင့်တွေ
လည်း ဝေနေလေသည် ။
ခါတိုင်းလိုပင် ပိတ်ထားသော အိမ်ရှေ့ တံခါးမကြီးကို ခေါက်လိုက်ရ၏ ။ ခါတိုင်းလိုပင် ' အေးခင် '
ဆိုသော အစေခံမကလေး သည် ပြေးလာပြီး တံခါးဖွင့်လေသည် ။
အေးခင် ကား ကျွန်တော့် အား ကောင်းစွာ သိနေပြီဖြစ်၍ “ ဘာကိစ္စပါလဲရှင် ” ဟု မမေးတော့ချေ ။
သို့ရာတွင် ကျွန်တော် က အခန်းတွင်းမှာ ရှိနေမည်ဖြစ်သော မမြင့်ဦး အား အသံပေးလိုက်သည့်
အနေနှင့် -
“ မမြင့်ဦး ရှိရဲ့လား ” ဟု မေးလိုက်သည် ။ အေးခင် က ခေါင်းကိုသာ ညိတ်သည် ၊ ဘာမျှ ပြန်မပြော ။
အခန်းတွင်းက မမြင့်ဦး ထံမှလည်း ဘာသံမျှ မလာ ။ အခါတိုင်းဆိုလျှင် ကျွန်တော့် အသံကို
အမြဲတမ်း နားစွင့်နေဟန်တူသော မမြင့်ဦး သည် “ ကိုတင်ထွန်းလား ၊ ဝင်ခဲ့လေ ” ဟု ခေါ်လေ့ရှိသည် ။ ယခု ဤသို့သော ကြိုဆိုဖိတ်ခေါ်သံ မပေါ်လာပေ ။ ကျွန်တော့် စိတ်ထဲမှာ ဟာတာတာကြီး
ဖြစ်သွားသည် ။
“ ဟဲ့ အေးခင် ၊ မမြင့်ဦး နေကောင်းရဲ့လား ”
အေးခင် သည် စိတ်မချမ်းသာသော ခွေးကလေး ကြည့်သလို မျက်စိသငယ်နှင့်သာ ကြည့်နေလေသည် ။ ကျွန်တော့် ရင် ခုန်လာသည် ။
ကျွန်တော် သည် စိုးရိမ်ခြင်းဖြင့် တုန်လှုပ်ချောက်ချားလာပြီး အိမ်ထဲ မှာ ဟိုဟိုသည်သည်
ကြည့်လိုက်လေသည် ။
ဧည့်ခန်း ၏ ခေါင်းရင်းဘက် စင်္ကြန်တွင် ကုလားထိုင်ပေါ်၌ မတ်မတ်ထိုင်နေသော လူကြီး
တစ်ယောက်ကို တွေ့မြင်ရလေသည် ။ သျှောင်ကြီးဗွေ နှင့် လူကြီး ။ သူသည် ဖျင်အင်္ကျီလက်ရှည် နှင့်
ချည်လုံချည်ကို ဝတ်ထားသည် ။ သူ့ ကို ကျွန်တော် မြင်ဖူး၏ ။ ရုတ်တရက်သော် ဘယ်တုံးက
မြင်ဖူးသည်ဟု မမှတ်မိ ။ သူကလည်း ကျွန်တော့် အား မြင်ဖူး တွေ့ဖူးဟန်ဖြင့် ကြည့်နေလေသည် ။
မှတ်မိပါပြီ ။ သူကား မမြင့်ဦး ၏ ဦးလေး ဖြစ်လေသည် ။ ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံ အတွင်းက
မြို့မကျောင်း မှာ ကျောင်းသားကျောင်းသူတွေ အစာငတ်ခံနေကြစဉ် မမြင့်ဦး အား နေရပ်ဌာနီသို့
ပြန်ခေါ်သွားသော လူကြီးပေတည်း ။
“ ဦးလေး ဘယ်တုံးက ရောက်နေသလဲ ”
သူက ထိုင်ရာမှ ထရင်း -
“ မနေ့ကပါပဲ တူမောင်ရာ ”
“ ဘာကိစ္စလဲ ၊ အလည်ပဲလား ”
“ ကိုကြီး က သူ့ သမီး ခေါ်ခဲ့ရမယ်ဆိုလို့ လာခဲ့တာပဲ ”
“ ကြုံရပလေတယ် ဦးလေး ရယ် ၊ ဦးလေး ရောက်တုန်း ဗုံးကြဲတာနဲ့ ဆုံနေတယ် ၊ ဘယ့်နှယ်လဲ
မမြင့်ဦး နေကောင်းရဲ့လား ”
ဦးလေး ၏ မျက်နှာ အိုသွားသည် ။
“ ဝင်ကြည့်လေကွယ် ၊ တို့လည်း မင်းကို မျှော်နေကြတာပါပဲ ။ မမြင့်ဦး ကတော့ မနေ့ညကပဲ
မင်းလာလိမ့်မယ် ထင်နေတာပဲ ”
ဦးလေး သည် ကုလားထိုင်မှာ ပြန်ထိုင်ပြီး နေရစ်ခဲ့သည် ။ ကျွန်တော်က အခန်းတွင်းသို့ ဝင်သွား၏ ။
မနေ့ညကပင် မျှော်နေသော်လည်း မပေါ်လာသဖြင့် ကျွန်တော့် အား မမြင့်ဦး စိတ်ကောက်နေပြီလော သို့ကြောင့်သာ စောစောက ကျွန်တော် ၏ အသံပေးပါလျက် မတုံ့ပြန်ဘဲနေခြင်းပင် ဖြစ်လေသလော ။
မမြင့်ဦး အား မြင်လိုက်ရရုံဖြင့်ပင် ကျွန်တော့်မှာ အထိတ်တလန့် ဖြစ်သွားသည် ။ အိပ်ရာပေါ်၌
ပက်လက်ကလေးနေပုံမှာ အိပ်နေသည်နှင့် မတူ ၊ မြောနေသည်နှင့် တူသည် ။ မမြင့်ဦး၏ မျက်နှာ
မှာ ဝါပြီးဖျော့နေသည် ။ နားထင်က ကျ ၊ မျက်တွင်းက ဟောက် ။
အသက်မှ ရှူသေးရဲ့လား ။ သေသေချာချာ စိုက်ကြည့်တော့မှ အားနည်းစွာ အသက်ရှူနေသည်ကို
မြင်ရ၏ ။ ကျွန်တော် က မျက်နှာကို စေ့စေ့စိုက်ကြည့်နေစဉ် မမြင့်ဦး သည် မှိန်းထားသော မျက်လုံး
ကလေးများကို ဖွင့်လိုက်လေသည် ။ မျက်လုံးကြီးများကား ခါတိုင်းလိုပင် ဝိုင်းစက်လျက်ရှိပါ၏ ။
သို့သော် ခါတိုင်းလို မကြည်လင်တော့ချေ ။ သည့်ထက်ပို ဆိုးသည်မှာ ခါတိုင်း ကျွန်တော့်အား
ညှို့လေ့ရှိသော ထိုမျက်လုံးများ သည် ယခုအခါ ကျွန်တော့် အား သိပင် မသိတော့သလို ကြောင်နေ
ကြခြင်း ဖြစ်၏ ။ ကျွန်တော် ရင်ဆို့လာသည် ။ လေသံဖြင့် -
“ မမြင့်ဦး ”
သူမ သည် အားယူပြီး ကြည့်နေသည် ။
တိုးတိုးသက်သာဖြင့် -
“ မမြင့်ဦး ဘယ့်နှယ်နေသလဲ ဟင် ”
သူမ သည် ကျွန်တော့် ဘက်သို့ ခေါင်းကို အနည်းငယ်ရွှေ့လျက် လက်ဟန်ဖြင့် အထိုင်ခိုင်းသည် ။
ကျွန်တော် သည် ကုလားထိုင်တစ်လုံး ကို ခုတင်အနီးသို့ ဆွဲယူပြီး ထိုင်သည် ။
ကျွန်တော် က သူမ၏ နဖူးကို လက်ဖြင့် စမ်းသည် ။ သူမ၏ လက်ကို ယုယစွာကိုင်ပြီး သွေးတိုးလည်း
စမ်းသည် ။ မမြင့်ဦး သည် ကျွန်တော် ၏ ယုယစွာ စမ်းသပ်ခြင်းကို ကျေနပ်စွာ ခံနေသည် ။
အပူဒီဂရီ ဘယ်မျှ ရှိသည် ၊ သွေး ဘယ်မျှ တိုးနေသည်ကို ဆရာဝန် လို တပ်အပ် မသိသော်လည်း
အဖျား အပြင်းတက်နေပြီကိုကား ကျွန်တော် သိ၏ ။
ကျွန်တော် က ခပ်ဆတ်ဆတ် အသံဖြင့် -
“ အေးခင် ဒီခဏလာဦး ”
ကောင်မကလေး မှာ ဗြုန်းခနဲ ဆို ရောက်လာပြီး လက်ပိုက်၍ ရပ်နေသည် ။
“ ဒီနေ့ ဆရာဝန် လာသေးသလား ”
“ မလာဘူးရှင့် ”
“ အေးလေ ဘယ်လာလိမ့်မှာလဲ ၊ ဗုံးကြဲတော့ ဆရာဝန်လည်း လန့်ပြေးနေမှာပေါ့ ၊ ဒီနေ့ညနေ
ဆေးကော တိုက်ပြီးပလား ”
“ ဆရာမက ဒီနေ့ ဆေးလည်း မသောက်ဘူး ၊ ဘာမှလည်း မစားဘူး ဆရာရဲ့ ”
“ အို ဘာ့ကြောင့်လဲ ”
မမြင့်ဦး သည် ဘာမျှ မပြော ၊ ပြူးကြောင်သော မျက်စိဖြင့် ကျွန်တော့် အား ကြည့်လိုက် ၊ အေးခင် အား
ကြည့်လိုက် လုပ်နေ၏ ။
အေးခင် သည် လက်ပိုက်လျက်သားပင် ကျောင်းသူကလေး ဖြေသလို ဖြေနေ၏ ။
“ မနက်က ဆရာရဲ့ ၊ ဆရာမ ဟာ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး နွားနို့သောက်မယ် လို့ လုပ်နေတယ် ။ ကျွန်မ က နွားနို့ပန်းကန် ယူလာတယ် ။ ဗြုန်း ဆို လေယာဉ်ပျံသံတွေ ကြားရတာပဲ ၊ ပြီးတော့
မိုးကြိုး ပစ်သလိုပဲ ၊ နောက်ခဏကြာတော့ ဗုန်းဒိုင်း နဲ့ ဆူနေတာပဲ ။ လမ်းပေါ်မှာ လူတွေကလည်း
ဗုံးကြဲနေပြီဟေ့ လို့ အော်ပြီး ပြေးကြတာပဲ ။ ဆရာမ လည်း ဗြုန်းဆို ကုလားထိုင်က ထပြီး ပြေးတာပဲ ။ ကျွန်မလည်း ဆရာမနောက် လိုက်ပြေးတာပဲ ။ ဒါပေမဲ့ အဝေးကြီး မပြေးနိုင်ဘူး ၊
ဆရာမလေ ချောင်းတွေ ဆိုးလာပြီး လမ်းထိပ်က ငုပင်ကြီး အောက်မှာ ထိုင်နေရတာပဲ ။ သွေးတွေလည်း အန်တယ် ဆရာရဲ့ ၊ နောက်ပြီး ဦးလေးကြီး လည်း လိုက်လာတယ်“
အေးခင် က ပြောနေစဉ် ကျွန်တော် သည် မမြင့်ဦး အား ကြင်နာစွာ ကြည့်ပြီး -
“ ဖြစ်မှဖြစ်ရလေ မြင့်ရယ် ”
အေးခင် -
“ အိမ်ပြန်ရောက်တော့လည်း သွေးတွေ အန်သေးတယ် ဆရာရဲ့ ”
“ ဒီနေ့ တစ်နေ့လုံး ဘာဆေးမှ မတိုက်ရသေးဘူး ၊ ဘာမှလည်း မကျွေးရသေးဘူး ၊ ဟုတ်လား
အေးခင် ”
“ ဟုတ်ကဲ့ရှင် ”
“ ကဲ သွား ၊ ရေနွေးကျိုလိုက်စမ်း ”
“ ဟုတ်ကဲ့ရှင် ”
အေးခင် ထွက်သွားသော အခါ ကျွန်တော် သည် ဆေးပုလင်းများကို လျှောက်ကြည့်သည် ။ အားတိုးဆေးပုလင်းကို ယူခဲ့ပြီး -
“ ဆေးသောက်လိုက်ဦးနော် မြင့် ”
မမြင့်ဦး သည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည် ။ ကျွန်တော် သည် သူမ အား ထူမပေးပြီး
ဆေးတစ်ခွက် တိုက်သည် ။ ပြီးတော့ ကျောနောက်မှာ ခေါင်းအုံးများ ခုပေးပြီး မှီ၍ ထိုင်စေလေသည် ။
“ မြင့် ရဲ့ ဗုံးဆိုတာ အရမ်း မကြောက်ရဘူး ။ လမ်းပေါ်လျှောက်ပြေးတာထက် ရေချိုးခန်းထဲ ဝင်ပုန်းတာက ကောင်းသေးတယ် သိလား ။ ပြီးတော့ တက္ကသိုလ်နယ်မြေ တို့လို နေရာတွေကို ဗုံးကြဲတာ
မဟုတ်ပါဘူး ။ မီးရထား တို့ ၊ သင်္ဘောဆိပ် တို့ ၊ စက်ရုံ တို့ ၊ စစ်အဆောက်အအုံ တို့ ကိုသာ ဗုံးကြဲတာပါ မြင့် ရယ် ။ ခု ဘယ့်နှယ်နေသေးသလဲ ”
မမြင့်ဦး က ခြောက်ကပ်သော လေသံ တိုးတိုးဖြင့် -
“ မနက်ကလောက်တော့ မဆိုးပါဘူး မနက်ကဖြင့်လေ ... ”
ရှေ့မဆက်ဘဲ ငေးနေသည် ။
“ မနက်က ဘယ်လို နေသလဲ ၊ ပြောပြစမ်းပါဦး ”
သူမ၏ မျက်လုံးများမှာ စိုလာသည် ။
“ မနက်ဖြင့် သေတော့မှာပဲလို့ ထင်တာပဲ ”
“ အို ဘာဖြစ်လို့ ဒီလို ထင်ရတာလဲ မြင့်ရယ် ၊ အမြဲတမ်း အားတင်းထားမှပေါ့ ”
မမြင့်ဦး က ရေ တောင်းသဖြင့် ရေတိုက်ရသည် ။
ကျွန်တော် သည် မမြင့်ဦး အား မနက်ဗုံးကြဲပုံအကြောင်းများ ပြောပြချင်သည် ။ မြို့ထဲမှာ လူတွေ
သေပုံ ၊ အဆောက်အအုံတွေ ပျက်စီးပုံ ၊ မီးတွေ လောင်ပုံ ၊ လူတွေ ပြေးကြပုံ ၊ ဒါတွေကို
ပြောပြချင်၏ ။ သို့သော် ဤလူမမာမျိုးကို စိတ်မချမ်းသာစရာသတင်းတွေ မပြောအပ်ဟု သဘောရပြီး အခြားစကားကို စဉ်းစားပြန်လေသည် ။ နိုင်ငံရေးအခြေအနေ ပြောရ မကောင်းပေဘူးလား ။
နိုင်ငံရေးစကား သည် လူကောင်းကိုပင်လျှင် မောစေမည်ဖြစ်ရာ မမြင့်ဦး အားဆိုလျှင် အမောဆို့
စေမည် ထင်သည် ။ ဘေးဥပဒ်အကင်းဆုံးသော စကားကို ရှာရ၏ ။
“ မြင့် ဒီနေ့ ဘာမှ မစားသေးဘူးနော် ”
“ မစားချင်ဘူး ”
“ တစ်ခုခု စားမှပေါ့ ၊ အစားများများ စားနိုင်မှ ဒီရောဂါ ကို ခုခံတိုက်ခိုက်နိုင်မယ် မဟုတ်လား ၊
အဖတ် မစားချင်တောင် ဟောလစ် သောက်ပါလား မြင့်ရယ် ”
မမြင့်ဦး က ပြုံးပြသည် ။ အခုမှပဲ အပြုံးကလေးကို မြင်ရတော့သည် ။ သို့သော် ဝိုင်းစက်သော
မျက်လုံးကြီးများ ဝင်းလက်ပြီး ပါးချိုင့်ကြီးများ ပေါ်သာသည့်တိုင်အောင် ပြုံးလေ့ရှိသော အပြုံးကား မဟုတ်တော့ပေ ။ ပြုံးရောင်ကလေးသာ ပြနိုင်တော့၏ ။
ကျွန်တော် သည် အေးခင် ရေနွေးကျိုနေရာသို့ လိုက်သွားလေသည် ။ လေမီးဖိုက တရှူးရှူး မြည်နေ၏ ။ ရေနွေး ကျက်သောအခါ ကိုယ်တိုင်ပင် ဟောလစ်ဖျော်ပြီး မမြင့်ဦး ထံသို့ ယူလာခဲ့လေသည် ။
မမြင့်ဦး ကား ကျောမှီထားသော ခေါင်းအုံးပေါ်မှာ ဇက်ကျိုးခွေကျနေလေသည် ။ မြင်ရပုံ မသက်သာလှချေ ။ ကျွန်တော် က ထူပေးရပြန်ပါ၏ ။ ထို့နောက် ဟောလစ် ကို ပန်းကန်ပြားမှ ထည့်ကာ
ထည့်ကာ တိုက်ရ၏ ။
အတန်ကြာတော့ မမြင့်ဦး ၏ နဖူးမှာ ချွေးကလေးများ စို့လာရာ ကျွန်တော် က လက်ကိုင်ပဝါ
နုနုကလေးနှင့် သုတ်ပေးလေသည် ။ ထိုအခါ မမြင့်ဦး သည် ပြုံးလိုက်ပြန်၏ ။ မျက်နှာသည်
အနည်းငယ် လန်းဆတ်လာသည်ဟု ထင်ရသည် ။
သို့သော် ထိုအပြုံးနှင့် ထိုမျှသော လန်းဆတ်ခြင်းတို့ကြောင့် ကျွန်တော် အားမတက်ပါ ။
၎င်းတို့သည် ရေနစ်နေရာမှာ နောက်ဆုံးအကြိမ် ပေါ်လာခြင်းနှင့်သာ တူသည် ။ ကျွန်တော့် အထင်
အားဖြင့် မမြင့်ဦး သည် ဆယ်လို့ မရနိုင်အောင် နစ်နေပြီ ။
မမြင့်ဦး က အားယူပြီး-
“ ထွန်းကလေး မြင့်ကြီး ကို ဘယ်တော့ မဒရပ်စ် ခေါ်သွားမှာလဲ ”
ကျွန်တော် က မမြင့်ဦး အား အိန္ဒိယပြည် မဒရပ်စ်မြို့ သို့ ခေါ်သွားပြီး ဆေးကုပေးမည်ဟု ပြောဖူးသည် ။
နေဝင်သွားလေပြီ ။ မှောင်ကလည်း တရိပ်ရိပ်ကျလာနေပြီ ။ သို့သော် မီးတွေကား မလင်းလာသေး ။
ရန်ကုန် ၏ လျှပ်စစ်အားပေးရေးစနစ်ကား ဖရိုဖရဲ ဖြစ်သွားခဲ့ဟန် တူသည် ။
မမြင့်ဦး ၏ အမေးကို ဖြေရန်ခက်သည် ။ အမှန်ကို ပြောဖို့ခက်သည် ။ ကျွန်တော် ကား တစ်သက်မှ
တစ်ခါ ကြုံသော အခွင့်အရေးကို ယူပြီး အရေးတာ်ပုံကြီးထဲတွင် ပါဝင်ဆင်နွဲရတော့မည် ဖြစ်သည် ။
ကောင်းကင် မှ ချပေးမည်ဆိုသော လက်နက်များ ကို လက်ခံရန် ခရီးထွက်သွားရတော့မည်
ဖြစ်ပေသည် ။ ထိုကိစ္စ မရှိဘူးပင် ထားဦးတော့ ၊ မမြင့်ဦး အား မဒရပ်စ် သို့ ဆေးကုခေါ်သွားရမည်
ဆိုလျှင် မသွားခင် လက်ထပ်လျှင်သော်လည်း လက်ထပ် ၊ သို့မဟုတ် လက်ထပ်ရန် အပြီးအပိုင်
စေ့စပ်ကြောင်းလမ်းထားလျှင် သော်လည်း ထားရလိမ့်မည် ။ သို့ဖြစ်နိုင်ပါမည်လား ။ မမြင့်ဦး ၏
မိဘ ဆွေမျိုးတွေက သဘောတူပါမည်လော ၊ ဆရာဝန် က ခွင့်ပြုပါမည်လော ၊ ကျွန်တော့် မိတ်ဆွေတွေနှင့် ရဲဘော်တွေက ဘယ်သို့ ပြောကြမည်နည်း ။
ကျွန်တော် သည် အဖြေရ ခက်နေသည်နှင့် ထိုင်ရာမှထပြီး ဖယောင်းတိုင် ကို ရှာ၍ ထွန်းသည် ။
ဖယောင်းတိုင် ထွန်းပြီးနောက် သူမ ၏ အိပ်ရာဘေးတွင် ထိုင်မိပြန်သောအခါ မမြင့်ဦး က -
“ မြင့် တော့ ဒီမှာ လုံးလုံး မနေချင်တော့ဘူးကွယ် ၊ တစ်နေရာရာ သွားမှ ဖြစ်မယ် ၊ တစ်ခါတုန်းက
ပြောသလို မဒရပ်စ် ကို သွားတာ အကောင်းဆုံးပဲ ထင်တယ် ”
ကျွန်တော့် မှာ မဖြေဘဲ မနေသာပြီ ။ သို့သော် မမြင့်ဦး အား အမှန်ပြောပြီး မနှိပ်စက်ချင်တော့ပြီ ။
ဤ အခြေအနေတွင် မျှော်လျင့်ချက် ပေးထားခြင်းသည်သာ အကောင်းဆုံး မဟုတ်ပါလား ။
“ မြင့် အဖေ နဲ့ မြင့် ဦးလေး က သဘောတူမှာလား ”
“ ဦးလေး ကိုတော့ ပြောပြပြီးသားပဲ ၊ သဘောတူပါတယ် ။ အဖေ ကလည်း သဘောတူမှာပါပဲ ”
မမြင့်ဦး သည် သူမ၏ ဦးလေး ကိုပင် ပြောပြထားပြီး ဖြစ်သည် ဆို၍ ကျွန်တော့် မှာ အံ့ဩနေသည် ။
ကျွန်တော့် အပေါ်ဝယ် မမြင့်ဦး ယုံကြည်စိတ်ချထားပုံမှာလည်း အံ့ဩစရာပင်ဖြစ်သည် ။ ကျွန်တော်
ကား လုံးဝ ယုံစားခြင်းခံထိုက်သူ မဟုတ် ။ ကျွန်တော့် ကို ဘယ်မိန်းမ မှ စိတ်ချထားထိုက်သည်
မဟုတ် ။ မမြင့်ဦး အား လက်ထပ်ယူမည် ၊ အချစ်ဖြင့် အသက်ကယ်မည် စသည်ဖြင့် ကတိပြုပြီး
ခါမှပင် မမြမှီ နှင့် နောက်ဆုံး တွေ့ကြတုန်းက ကျွန်တော် နှင့် မမြမှီ တရားဝင် အကြင်လင်မယား
အဖြစ်ဖြင့် နေရမည်ဟုအတင်းအကြပ် တောင်းဆိုခဲ့သေးသည် မဟုတ်ပါလော ။ သနားလှပါသည် ၊ ချစ်လှပါသည်ဆိုသော မမြင့်ဦး အား သစ္စာဖောက်ရန် ကြိုးပမ်းခဲ့သည် မဟုတ်ပါလား ။
မမြမှီ က ငြင်းပယ်၍ သာ ထို သစ္စာဖောက်မှုကြီး မအောင်မမြင် ဖြစ်ခဲ့ရပေသည် ။
ကျွန်တော် သည် ကျွန်တော့် အပေါ်တွင် ဤမျှ ယုံစားရှာသော မမြင့်ဦး အား ပိုလို့ သနားလာသည် ။
ကျွန်တော့် အား ဤလို စိတ်ချထားသော မမြင့်ဦး ၏ ရိုးသားခြင်း ကို အတိုင်းမသိ မြတ်နိုးလာလေသည် ။ ဤသို့ ကျွန်တော့် အား ယုံကြည်စိတ်ချစွာ ချစ်ရှာသော မမြင့်ဦး အား အရင်တုန်းက
ဘာကြောင့် တစ်ဦးတည်းသော ချစ်သူအဖြစ်ဖြင့် သစ္စာပန္နက် ရိုက်နှက်ချည်နှောင်ခြင်း မပြုခဲ့မိ
လေသနည်း ။
ကျွန်တော် ယူကျုံးမရဖြစ်မိသည် ။ နှမြောမိသည် ။ ကိုယ့်ကိုယ်ကိုယ်လည်း စက်ဆုပ်မိသည် ။
တကယ်တော့ ကျွန်တော် သည် မမြင့်ဦး ကိုသာ အချစ်ဆုံး မဟုတ်ပါလား ။
ခြောက်နှစ် လုံးလုံး သူငယ်ချင်းလည်း မက ၊ ရည်းစားလည်း မကျ ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းခဲ့ကြသော မမြင့်ဦး နှင့် ကျွန်တော်တို့မှာ တစ်ယောက် အကြောင်း တစ်ယောက် အသိဆုံး ဖြစ်သည် ။
တစ်ယောက်အပေါ် တစ်ယောက် လိုတာရှိ ဖြည့် ၊ လွန်တာရှိသည်းညည်းခံကာ အေးအတူ ပူအမျှ
နေနိုင်ကြသောစုံတွဲ ဖြစ်ကြသည် ။
သူမ နှင့် ကျွန်တော် တွေ့ခါစက ကတောက်ကဆတ် ဖြစ်ပြီး စကားများခဲ့ပုံ ၊ နောက် သင့်မြတ်ပြီး
ခင်မင်ရင်းနှီးသွားပုံ ၊ သွားအတူ လာအတူ စားအတူ နေခဲ့ကြပုံ ၊ စိတ်ထဲက ချစ်နေကြသော်လည်း
ဖွင့်ဟ မပြောဖြစ်ပုံ ၊ မမြင့်ဦး က ဖွင့်ဟပြောဆိုရန် စကားစပုံ ၊ အားလုံးကို သတိရနေလေသည် ။
ကျွန်တော် သည် မမြင့်ဦး အား ဖြစ်ခဲ့သမျှ အကြောင်းစုံတွေကို ဖွင့်ဟပြောချင်နေလေသည် ။
မမြင့်ဦး အား သစ္စာဖောက်ခဲ့သော ကျွန်တော် ၏ ဇာတ်ရှုပ်ကို ဖော်ထုတ်ပြီး ဝန်ချတောင်းပန်ရလျှင်
မကောင်းပါလော ။
မမြင့်ဦး ယုံကြည်စိတ်ချစွာ ချစ်နေသော ကျွန်တော် သည် တစ်ဆိတ်စာမျှ ယုံကြည်စိတ်ချထား
အပ်သူ မဟုတ်ကြောင်း မမြင့်ဦး အား အသိ မပေးလျှင် တရားရာ ကျပါမည်လော ။
သို့သော် ဒါတွေပြောနေခြင်းအားဖြင့် မမြင့်ဦး စိတ်ရှုပ်သွားမှာ စိုးရသေးသည် ။ စိတ်ကို ထိခိုက်ပြီး
ယခုပင် အခြေအနေ ဆိုးသော ရောဂါ သည် ပိုလို့ ဆိုးသွားမည်ကို စိုးရိမ်ရသေးသည် ။
ကျွန်တော် က စိတ်ထဲမှာ ချီတုံချတုံဖြစ်ပြီး ဘာမျှ မပြောဘဲနေစဉ် မမြင့်ဦး သည် နူးညံ့သက်သာသော အသံဖြင့်-
“ ငွေကြေးကုန်ကျမယ့် အခက်အခဲအတွက် ကြံရာ မရ ဖြစ်နေသလား ထွန်းကလေး ရယ် ၊ ဒီအတွက်တော့ ဘာမှ မပူနဲ့ ၊ မြင့် မှာလည်း စုထားတာ ရှိတယ် ၊ အဖေ့ ဆီကလည်း ထပ်တောင်းနိုင်တယ်
သိလား ”
မမြင့်ဦး သည် ထိုမျှသော စကားကိုပင် ခဲယဉ်းစွာ ပြောရ၏ ။ ပြောပြီး မောလာ၏ ။ ခဏကြာတော့
ချောင်းဆိုးလာလေသည် ။ တကယ်တော့ ကျွန်တော် က ပို့နိုင်ဦးတော့ သူမ ၏ ရောဂါ မဒရပ်စ်
သွားချိန်မှ ပေးပါဦးမည်လော ဟု စိုးရိမ်မိပေသည် ။ ထို့ကြောင့် ကျွန်တော့် တာဝန်မှာ နောက်အချိန် ၊
နောက်တစ်နေ့ ဘာဖြစ်မည် မဖြစ်မည်ထက် ထိုအချိန် ၊ ထိုနေ့ ၊ ထိုခဏ၌ မမြင့်ဦး စိတ်
သက်သာရာရအောင် အလိုက်အထိုက် ပြောရေးသာ ဖြစ်သည်ဟု သဘောရလေသည် ။
“ ငွေရေးကြေးရေး ကိစ္စကြောင့် မဟုတ်ပါဘူး မြင့် ရယ် ၊ နိုင်ငံရေး ကိစ္စတွေကြောင့် စဉ်းစားနေတာပါ ။
ကဲ နိုင်ငံရေးကိစ္စတွေ ၊ တာဝန်တွေကိုလည်း ထည့် မစဉ်းစားတော့ပါဘူး ။ မြင့် အတွက်ဆိုရင်
ဘာမဆို လုပ်မယ် ၊ မြင့် အဖေ သဘောတူအောင်သာ အပြောလွှတ်ပေတော့ ။ လူကြီးတွေ သဘော
တူပြီဆိုရင် မြင့် နဲ့ ကိုယ် နဲ့ ချက်ချင်း သွားကြမယ် ”
မမြင့်ဦး ၏ နှုတ်ခမ်းပေါ်ဝယ် အပြုံးကလေး သမ်းလာသည်ဟု ထင်ပေသည် ။ ကျွန်တော့် စကားကြောင့် အားတက်လာဟန် ရှိပေသည် ။
“ မြင့် နဲ့ ကိုယ် သင်္ဘောကြီး စီးပြီး သွားကြမယ် ။ ခု အချိန်ဟာ လှိုင်းလေငြိမ်သက်တဲ့အချိန် ဖြစ်တယ် ။
သင်္ဘောကြီးပေါ်မယ် အလွန် သန့်ရှင်းတဲ့ ပင်လယ်လေညင်းကို ခံသွားရမယ် ၊ မြစိမ်းရောင်
ထနေတဲ့ ပင်လယ်ရေပြင်ကို ကြည့်နေရတာကိုက မြင့် ရဲ့ စိတ်ကို အေးမြစေလိမ့်မယ် ။ ပြီးတော့
စစ်မီးခိုးတွေနဲ့ အသက်ရှူကျပ်လာတဲ့ ရန်ကုန် ၊ ဗုံးသံတွေ ထစ်ချုန်းနေတဲ့ ရန်ကုန် နဲ့ ဝေးဝေး
သွားတာကိုက မြင့် ရောဂါ ပျောက်ဖို့ နီးနီးသွားတာပဲ ။ မဒရပ်စ် ရောက်တယ် ဆိုရင် အတော်
သက်သာသွားမယ် ၊ ခြောက်လလောက် ဆေးကုလိုက်ရင် လုံးလုံးကြီး ပျောက်သွားမှာပဲ သိလား ။
ပြီးတော့ နှစ်ယောက်သား အိန္ဒိယ မှာ စိတ်အေးလက်အေး သုံးလေးလ လျှောက်လည်ကြမယ် ။
ကျောင်းတုန်းက နှစ်ယောက်သား တစ်ရက်တလေ လျှောက်လည်ရတာတောင် ဘယ်လောက်
ပျော်စရာ ကောင်းသလဲ ၊ စဉ်းစားကြည့်ပါလား ။ ပျော်ပျော်ပါးပါး လည်ပြီးတော့မှ မြန်မာပြည်
ပြန်လာကြမယ် ။ အဲဒီ အခါကျတော့ စစ်ကြီးလည်း ပြီးနေရော့မယ် ၊ ငြိမ်းချမ်းနေရော့မယ် ။ အဲဒီ
အခါ ကျတော့လေ မြင့် ရယ် ကိုယ် ရယ် ဟာလေ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်း ၊ ငြိမ်းချမ်းခြင်း ၊ အကုန်ပြည့်စုံကြမှာပဲ ”
ကျွန်တော် က ပြောကောင်းကောင်း နှင့် ပြောနေစဉ် မမြင့်ဦး သည် မှိန်း၍ နားထောင်နေရာက
အိပ်ပျော်သွားလေသည် ။ ကျွန်တော့် စကားများသည် ကလေးချော့တေးဂီတနှင့်ပင် တူသေးတော့၏ ။
မမြင့်ဦး သည် ခေါင်းအုံးများ ကို မှီထားရင်း အိပ်ပျော်သွားခြင်း ဖြစ်၏ ။ ကျွန်တော် သည် သူမအား
ပွေ့လျက် ကျောအောက်က ခေါင်းအုံးတွေ ခွာပြီး ခေါင်းအောက်သို့ ပြောင်းပေးကာ ယုယစွာ
သိပ်ပေးရလေသည် ။ မမြင့်ဦး နိုးသွားမှာ အင်မတန် စိုးသည် ။ အိပ်ပျော်နေတော့မှ သူ့ခမျာ ဝေဒနာ
ကို မေ့နိုင်သည် မဟုတ်ပါလော ။ တည်ငြိမ်နေသော သူမ၏ မျက်နှာပေါ်ဝယ် အပြုံးရောင်ကလေး
သမ်းကျန်ရစ်ခဲ့သည်ကား မှန်၏ ။ ကျွန်တော် ၏ နှစ်သိမ့်စကားများကြောင့် မမြင့်ဦး စိတ်
သက်သာရာ ရသွားသည်ကား မှန်၏ ။ သို့သော် ကျွန်တော့် စကားများသည် သူမ ၏ ခန္ဓာကိုယ်မှ
စွန့်ခွာစပြုနေပြီဖြစ်သော အသက်ကိုကား ရက်ကြာစွာ တားမထားနိုင်တော့ပါ ။
ထို့နေ့ ဒီဇင်ဘာလ ၂၃ ရက် နေ့ ၊ နောက် တစ်နေ့ခြား နာတာလူးပွဲတော် နေ့ ၊ ဒီဇင်ဘာလ ၂၅ ရက်
နေ့တွင် ဂျပန်များ သည် ရန်ကုန်မြို့ အား ခရစ်စမတ်လက်ဆောင် ပေးသည့် အနေဖြင့် ဗုံးကြဲချပြန်လေသည် ။ ထိုအကြိမ်တွင်လည်း တက္ကသိုလ်နယ်မြေ တွင် ဗုံး မကျပါ ။ သို့သော် အခြားနေရာတွင်
ကျသော ဗုံး ၏ တုန်ခါမှုသည် ဂယက်ရိုက်ခတ်လာလေသည် ။ ဗုံးသံများ ၊ စက်သေနတ်သံများ
ထစ်ချုန်းနေသည့်ကြားဝယ် မမြင့်ဦး သည် ကွန်လွန်အနိစ္စ ရောက်ရှာလေတော့သည် ။
ကျွန်တော် ကား မမြင့်ဦး ၏ အလောင်း ကိုပင် မမြင်လိုက်ရတော့ပါ ။ သူမ ၏ ဦးလေး သည် စစ်ဖြစ်နေသည့်အတွင်း ဖြစ်နိုင်သမျှသော နည်းဖြင့် သူမ၏ မွေးရပ်ဌာနီသို့ အလောင်းကို ဆောင်ယူသွား
လေသည် ။ ကျွန်တော့် အဖို့ မမြင်လိုက်ရသည်က ကောင်းပါသေး၏ ။ ကျွန်တော့် ကလေးချော့
ဂီတသံကြောင့် အိပ်ပျော်သွားသော မမြင့်ဦး ၏ အပြုံးရောင်သမ်းဟန်ရှိသော မျက်နှာသည်သာ
ကျွန်တော့် စိတ်ထဲမှာ စွဲကျန်ရစ်လေသောကြောင့် ပါတည်း ။
ကျွန်တော့် ဘဝလမ်းကြောင်း သည် လုံးဝပြောင်းလဲသွားသည်ဟု ထင်လိုက်မိ၏ ။ ဤ နှစ်ရက်
သုံးရက် အတွင်းမှာ အတွေ့အကြုံ အမျိုးမျိုးဖြင့် ရင့်ကျက်လာသော လူကြီး တစ်ယောက် ဖြစ်လာသည်ဟု သဘောရပေသည် ၊ ယခင်က အခုလို သွေးစိမ်းရှင်ရှင် နှင့် အတုံးအရုံး သေခြင်းမျိုး
တွေကို မတွေ့ကြုံဖူးခဲ့ ။ မျက်စိရှေ့မှာ ဤလို ကြီးမားသော ပြိုကျပျက်စီးမှုမျိုးတွေ ကို ရင်မဆိုင်
ဖူးခဲ့ ။ တစ်ခါမှ ဤမျှ ချစ်သူနှင့် သေကွဲ မကွဲဖူးခဲ့ ။ အမှန်ဆိုသော် မမြင့်ဦး ကွယ်လွန် အနိစ္စရောက်ခြင်းကြောင့် ကျွန်တော့် ကိုယ်ကိုယ် မုဆိုးဖိုတစ်ဦး လို ထင်မြင်ယူဆနေမိလေတော့သည် ။ အချစ် နှင့်
ပတ်သက်ပြီး လိပ်ပြာကလေး ပျံဝဲသလို ဟိုပျံသည်ဝဲ မလုပ်အပ်တော့ပြီ ။ လေးနက်တည်ကြည်ဖို့
လိုသည်ဟူသော အသိသည် ဝင်လာခဲ့လေသည် ။ စစ်ကြီး ကို စွန့်စားခန်းတစ်ရပ် အနေနှင့်
ကြည့်မြင်ပြီး ပေါ့ပေါ့တန်တန် သဘောထားခဲ့ခြင်းမျိုးသည်လည်း လွင့်စဉ်သွားနေလေပြီ ။ စစ်
ဆိုသည်ကား တကယ့် ဆင်းရဲဒုက္ခပါကလားဟု နားလည်စပြုပါလေပြီ ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment