Wednesday, November 10, 2021

နှင်းပြောင်းတဲ့ နွေငယ်မှာလေ


 ❝ နှင်းပြောင်းတဲ့ နွေငယ်မှာလေ ❞


မယ်ဇယ်ပင် တန်းပေါ်က ငှက်ကလေးတွေ၏ အိပ်တန်း ထသံနှင့်အတူ မြဖူး လန့်နိုးလာသည် ။ အိပ်မက်ထဲက အမောကြောင့် ရင်တွေ တဆတ်ဆတ် တုန်နေမိသော်လည်း သည်အချိန် မြဖူး မျက်လုံး ပွင့်သည်နှင့် ငှက်ကလေးတွေ အသံနှင့်အတူ ရောပြီး ကြားနေကျ ဂန္ဓာရုံကျောင်း လေးနာရီ တုံးခေါက်သံကို မကြားရတော့ မိုးများ လင်းနေရော့လား ဆိုတဲ့ အပူက ရင်ထဲ တိုးဝင်ကာ ကပျာကယာ ထထိုင် မိသည် ။ အကျင့် ပါနေသော တံတောင်နှင့်လည်း ဘေးက တခေါခေါ အသံပေးနေသည့် လင်တော်မောင့်ကို တွက်လိုက် ရသေးသည် ။ ဒါပေမယ့် ကိုရွှေပိုက်ထွေး တို့ကတော့ အဟောက်တောင် မပျက် ။


ကိုယ်ပေါ်က စောင် တစ်ဝက်ကို ပိုက်ထွေးဘက် ဖယ်ချရင်း ကွပ်ပျစ် ခြေရင်းမှာ ညက တင်ထားသည့် ထဘီနှင့် အင်္ကျီကို မြဖူး လျှောက်စမ်းသည် ။ ဪ ဒုက္ခပါပဲ ။ ညက သေချာ တင်ထားတာကို မတွေ့တော့ဘူး ။ ဘေးဘီတွေကိုပါ စမ်းကြည့်လို့ မရတော့ ကွပ်ပျစ်အောက်များ ကျသွားလာဆိုပြီး မြဖူး ကုန်းစမ်းဖို့ လိုက်သည်နှင့် ဗိုက်ထဲက တစ်မျိုးကြီး ဖြစ်သွားသည် ။ ဘုရား ဘုရား တော်ပါသေးရဲ့ ။ ငါ့ နှယ် ဈေးရောင်းသွားချင်တဲ့ လောဘဇောနဲ့ ခုနှစ်လ ဗိုက် ကို သတိ မရနိုင်တော့ဘူး ။


“ ကိုပိုက်ထွေး .. ကိုပိုက်ထွေး .. "


ပိုက်ထွေး ကတော့ တုတ်တုတ်တောင် မလှုပ် ။ ငှက်ကလေးတွေ အသံ ပို ဆူညံလာတာ နှင့် အမျှ မြဖူး ပူပင်လာကာ တစ်သက်လုံး မှောင်ခဲ့မြဲ သူ့ပတ်ဝန်းကျင် အမှောင်တိုက်ထဲကို ယောင်ယမ်းလို့တောင် ကြည့်မိသည် ။ ဟင်းနော် .. ဒီ မမြင်ရတဲ့ မျက်လုံးကြောင်တွေက မိုးလင်းမလင်း ဘယ်လိုလုပ် သိနိုင် မှာတဲ့လဲ ။ ပိန်းပိတ်စွာ မှောင်မဲဖြစ်သော အမှောင်ကို မြဖူး ကြည့်ရင်း ပိုက်ထွေး ကို လှုပ်နှိုးဖို့ စမ်းနေ မိဆဲမှာ လေးနာရီ တုံးခေါက်သံတွေ အဆက်မပြတ် ဆူညံလာသည် ။ အမယ်လေး တော်ပါသေးရဲ့ ၊ ကိုယ့်ဘာသာ ကိုယ့်အိပ်မက်ကြောင့် အစောကြီး လန့်နိုးလာပြီးတော့ ပူလိုက်ရတာ ။ ခုမှပဲ အိပ်မက် အမောကြောင့် တုန်နေသော ရင်ကို သတိပြန်ရပြီး အိပ်ရာပေါ် ပြန်လှဲလိုက်ရသည် ။ တုံးခေါက်သံတွေနှင့် အတူ သံစုံကျူးရင့်သော ဂန္ဓာရုံ နာရီစင်က နာရီထိုးသံကို မျက်စိမှိတ် နားထောင်ရင်း မြဖူး အိပ်မက်ကို သတိရလာသည် ။ ဟောဒီလိုပါပဲ ။ အိပ်မက်ထဲမှာ နာရီထိုးသံနဲ့ တုံးခေါက်သံတွေက ဆူညံနားကွဲ မတတ် ။ ဘယ်နှစ်ချက် ထိုးမှန်း မသိ ၊ ဘယ်နှစ်နာရီမှန်းလည်း မသိဘဲ ပွတ်လော ရိုက်နေသော အသံတွေ ကြားမှာ ပိုက်ထွေးကြီးတော် နှင့် မြဖူး တို့ တအားအော်ပြီး ရန်ဖြစ်ကြရသည် ။


ပိုက်ထွေးကြီးတော် က နေ့လယ်က လာသွားသည့် မျက်နှာကြီးအတိုင်း ပြောတာတွေလည်း အများကြီး ။ ဒါပေမယ့် အိပ်မက်ထဲမှာတော့ စကားတွေက မပီဝိုးတဝါး ဖြစ်နေသော မြဖူး ကို ဒေါသ ဖြစ်စေသော စကားတစ်ခွန်းပဲ ပီလေသည် ။ “ ဟဲ့ ကောင်မ ရဲ့ ၊ မျက်မမြင်မ ရဲ့ ၊ နင့်ကြောင့်မို့ ငါ့ တူဟာ ကျောင်းထမင်း ကျောင်းဟင်းစားရမယ့် ဘဝ ရောက်ရတော့မှာ ။ ငါတို့က ဆင်းရဲပေမယ့် နင်တို့လို ဂန္ဓာရုံ ထမင်းဟင်းစား ကြီးတာ မဟုတ်ဘူး ဟေ့ ” ဆိုတဲ့ စကားကို မြဖူး နားထဲက မထွက် ။ နေ့လယ်တုန်းကလည်း ဒီစကားတွေနဲ့ မြဖူး မျက်ရည် တောက်တောက် ကျခဲ့ရသည် ။ ကိုယ့်ကို လာပြီး ဆွဲလွဲ လုပ်လိုက်ရင် ဗိုက်ထဲက ကလေး ဒုက္ခလေ ဆိုပြီး အောင့်ခံသမှုတွေကို အိပ်မက်ထဲမှာ ကျမှ မြဖူး ကလည်း တအား အော်အော် ပြောပစ်လိုက်တာ ။ အသံတွေကို ပြာ လို့ ။ နိုးလာတော့ လူလည်း မောလို့ ။


တုံးခေါက်သံတွေ တဖြေးဖြေး စဲသွားပေမယ့် ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ် နေတုန်းပင် ။ ငှက်ကလေးတွေ အသံကသာ ပိုပြီး ညံစာလာသည် ။ အင်း .. မနက်ကိုးနာရီ ခေါက်တဲ့ တုံးသာဆို ဒီလို ဘယ်ငြိမ် နေလဲ ။ တုံးခေါက်ပြီးတာနဲ့ ချိုင့်သံ ၊ ပလုံးသံတွေနဲ့ လူတွေ ခပ်သုတ်သုတ် လာနေတဲ့အသံ ။ ငါးဆယ် ၊ ခြောက်ဆယ် ထက် မနည်းရှိတဲ့ ခွေးအုပ်ကြီး ပြေးလာတဲ့ အသံတွေနဲ့ ဆူညံ လှုပ်ရှားနေမှာ ။ သံဃာအပါး ထောင်ချီ ရှိတဲ့ ဂန္ဓာရုံ ကျောင်းကြီးရဲ့ အမြဲတမ်းပေါများ ပိုလျှံနေတဲ့ ဆွမ်းတွေ ၊ ဆွမ်းဟင်းတွေ ၊ ထမင်းရည်တွေက လူတွေက အိမ်ယူကြဖို့ ၊ ခွေးတွေက နေရာတွင် စားကြဖို့ ၊ ဂန္ဓာရုံကျောင်းကြီး ရဲ့ စွန့်နေကျ နေရာမှာ လူတွေ နဲ့ ခွေးတွေ ရောထွေး ဆူညံပြီး အသက်ဝင်နေမှာ ။


တကယ်တော့ ကိုးနာရီ တုံးခေါက်သံဟာ မြဖူး အဖို့ မမေနိုင်တဲ့ အသံ ။ မြဖူး အဒေါ် ၊ မြဖူး ရဲ့ တစ်ဝမ်းကွဲမောင် ၊ ညီမလေးတွေ နဲ့ ရွာနီးချုပ်စပ်က တချို့ လူတွေ များစွာသော ခွေးလေခွေးလွင့်တွေကို ညှို့ငင် ခေါ်ယူတဲ့အသံ ။ ပြီးတော့ အနံ့နှင့် လျှာကိုသာ အားကိုးရသော မြဖူး အဖို့ လောဘကြီးပြီး မြဖူး အပေါ်မှာ အမြဲ စွာတတ်တဲ့ ညီမဝမ်းကွဲ မိပုတ် ရလာတတ်သည့် ဟင်းမျိုးစုံ ပေါင်းထားသော ဟင်းပေါင်းနံ့ ၊ စွန်တာနီ ပဲပြုတ်နံ့ ၊ ဘိုစားပဲပြုတ်နံ့ ၊ ပဲထောပတ်ပြုတ်နံ့ ၊ ခရမ်းချဉ်သီး ငါးပိချက်နံ့ ၊ ဝက်သားဟင်းလေး အနှစ်နံ့တို့ကို ဘယ်တော့မှ မမေ့နိုင်ပါ ။


တဖြေးဖြေး ကျပ်တည်းပြီးရင်း ကျပ်တည်းလာသော မြဖူး တို့လို ဆင်းရဲသား လက်လုပ်လက်စား အတော်များကို ထမင်းနပ်မှန်အောင် အထောက်အပံ့ပေးသော ကျောင်းတော်ကြီး ၏ ကျေးဇူးကိုလည်း မြဖူး ကျေးဇူး မကန်းနိုင်ပါ ။


ဒါပေမယ့် ဘာလို့မှန်း မသိ ။ ဘေးပတ်ဝန်းကျင်က ကျောင်းထမင်း ကျောင်းဟင်းစားတွေ ဆိုပြီး မေ့ငေါ့ ခံရမှာ ၊ ဝိုင်းပယ် ခံရမှာကိုတော့ မြဖူး ရှက်သည် ။ ကြောက်သည် ။ အဒေါ်မုဆိုးမ နှင့် ကလေး လေးယောက် ။ လူပို မြဖူး နဲ့ ဆို ခြောက်ယောက် ရှိသော မိသာစုအဖို့ ညီမတစ်ယောက် ရက်ကန်းခတ်သည့် ဝင်ငွေ နှင့် ဘယ်လိုမှ မစား လောက်လို့သာ ။ နို့မို့များဖြင့် ဘယ်သူ လုပ်ချင် ပါ့မလဲကွယ် ။ အင်း .. မြဖူး ကိုတော့ ရှေးအတိတ် ကုသိုလ်ကံကြောင့် တွေ့ခဲ့ရတဲ့ လင်တော်မောင် ကိုပိုက်ထွေး က ကျောင်းထမင်း ကျောင်းဟင်း ကို မြဖူး ဘယ်တော့မှ မစားစေရ တဲ့ ။ ဆီနဲ့ဆားနဲ့ စားရ စားရ ။ သူ ရှာကျွေးမတဲ့ ။ ပြောတော့သာ လွယ်တာ ။ ဆီ နဲ့ ဆားဖိုး ရှာဖို့ကိုက ဘယ်လောက် ခက်ခဲလဲဆိုတာ မြဖူး သိပါသည် ။ ခုပဲကြည့် ။ သူ ပင်ပန်းပြီး တအား အိပ်ပျော်နေတာ ။ သူ့ ကြီးတော် ကလည်း ပြောသွားသေးတယ် မဟုတ်လား ။ သူ့ တူမှာ အလုပ်စုံ လုပ်ရတာ လူရုပ်တောင် မပီ တော့ဘူးတဲ့ ။ ဒါပေမယ့် အဲ့ဒါ ညည်းကြောင့် ၊ မြဖူး ကြောင့် ဆိုတာကတော့ ဘာဆိုင်လို့လဲ ။ သူ့ တူ ဘာသာ မျက်မမြင်မ ကို ချစ်လှချည်ရဲ့ ဆိုပြီး အတင်းယူတာ ။ သူ့တူကို ယူပါရှင်လို့ ဘယ်သူကမှ ...


“ မြဖူး .. မြဖူး ။ ထတော့ ဟ ”


ပိုက်ထွေး က ထုံးစံအတိုင်း ကမူးရှူးထိုး နှင့် ထလိုက်သည် ။


“ အမယ်လေး ၊ ကျွန်မ က ရှင့်ကြီးတော်ကောင်းမှုနဲ့ ကြာလှပြီ နိုးနေတာ ”


အိပ်မက် အရှိန်နဲ့ အငေါ် တူးသော မြဖူး ကို ပိုက်ထွေး က ခပ်ကြောင်ကြောင် ကြည့်ရင်း တဟဲဟဲ ရယ်ကာ ....


“ ဘာတွေပြောနေတာလဲ ဟ ။ ထ - ထ မျက်နှာ သစ်ရအောင် ။ အဲ - စမ်းမနေနဲ့ဗျ ။ နင့် အင်္ကျီ နဲ့ ထဘီ ကို ငါ ညက ကြွက်ရန်ကြောက်လို့ သေတ္တာထဲ ထည့်ထားတာ ။ ပြီးတော့ ထုတ်ပေးမယ် ။ လာဟာ ။ မြန်မြန်လုပ် ။ နင့် သနပ်ခါးလည်း သွေးပေးရဦးမှာ ။ ဒီမှာ ဖိနပ်က ”


စကားသံ တတွတ်တွတ်နှင့် အတူ မြဖူး လက်တွေကို ကြင်နာစွာ ဆွဲငင် ခေါ်ယူတော့လည်း မဆီမဆိုင် စူထားမိသော မြဖူးနှုတ်ခမ်းတွေ အလိုလို ပြေလျော့ကာ သူ့ကြီးတော် အိပ်မက်သည်လည်း လွင့်စဉ် ပျောက်ပျက်ရပြန်သည် ။


°°°°°   °°°°°   °°°°°


" x ထည့်ကာ x  ထည့်ကာ x ယကွင်းရယ် x ထမင်းတွေပုံ x ဟင်းတွေပုံ x ထည့်ကာ ထည့်ကာ ယကွင်းရယ် နဲ့ ထမင်းတွေပုံ x ဟင်းတွေပုံ - "


မယ်ဇယ်ပင် ရွက်ခတ်သံတွေ ကြားမှာ ၊ နှင်းစက်ဖြောက်ဖြောက် သံလေးတွေကြားမှာ အချိုး မပြေသော ပိုက်ထွေး သီချင်းအော်ဆိုသော အသံ ပျံ့လွင့်နေသည် ။ မြဖူး က ပိုက်ထွေး လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး လက်တစ်ဖက်က စမ်းလျှောက်သည့် တုတ်ကို ကိုင်ထားသည် ။ လက်တစ်ဖက် က မြဖူး ကို ဆွဲ ၊ တစ်ဖက်က အကြော် ကြော်တဲ့ ပစ္စည်း ပစ္စယတွေနှင့် လေးလှသော တောင်းကို ထိန်းပြီး ထမ်းထားရသည့် ကြားထဲက ပိုက်တွေး သီချင်း ဆိုနိုင်သေးသည် ။ နေ့စဉ် နေ့တိုင်း အကြော်တဲသွားရာ လမ်းတစ်လျှောက်လုံး ထပ်တလဲလဲ ဆိုတတ်သော သည်သီချင်း ပိုဒ်လေးကို မြဖူး မှာ မရိုးနိုင်သလို သည်းခံ နားထောင်ရမြဲ ။


" ထည့်ကာ x ထည့်ကာ x ယကွင်းရယ် နဲ့ ထမင်းတွေပုံ ”


" သီချင်းကလည်း ဒီက မတက်တော့ဘူး ။ ရှင့်ဥစ္စာ က "


“ ဟဲ - ဟဲ ။ သီချင်းအော်ဆိုတာ အချမ်းပြေတယ်ဟ "


ဟုတ်သားပဲလေ ။ သူ့ မှာမှ အနွေးထည် မရှိဘဲ ။ ဗိုက်နှင့် မြဖူး က သူ့ လူပျိုဘဝက အနွေးထည်ကို ယူဝတ်ရတာ အကြော်ဖိုကျ မီး နဲ့ နွေးသွားတာပဲဆိုပြီး သူ နေ နေတာ ။ နှုတ်ဆိတ်ငြိမ်သက်သွားသော မြဖူး ကို ပိုက်ထွေး က စောင်းကြည့်ရင်း ...


" မြဖူး .. နင့် ဗိုက်ထဲက ဟာလေး လှုပ်သေးလား "


" လှုပ်တာပေါ့ ။ ကျွန်မ ဘယ်တော့လောက်မှ မွေးမှာလဲ မသိဘူးနော် ။ ဆောင်းကုန်မှ မွေးပါစေ ။ ကိုယ့်မှာက စောင်တွေ ဘာတွေ လုံလောက်တာ မဟုတ်ဖူး ”


“ ဟာ .. နင်ကလဲ ဘယ်တော့ မွေးနေ  ။ စောင် မရှိ ဝယ်ရမှာပေါ့ဟ "


“ ပါးစပ်ဝယ်ကတော့ လွယ်တာပေါ့ ကိုပိုက်ထွေး ရယ် ။ ရှင့် မှာ ပိုက်ဆံ ရှာရတာ လွယ်တာ မဟုတ် ။ မနက် အကြော် ရောင်းတော့လည်း ရှင် ။ ထမင်းချက်တော့လည်း ရှင် ။ နေ့ခင်း အလုပ်ကလည်း တစ်မျိုး ။ နေဦး - နေဦး ၊ နေ့ခင်း အလုပ်ဆိုလို့ ရှင် - နေ့လယ် နေ့လယ်မှာ ပလတ်စတစ်တွေ လိုက်ကောက်နေတယ် ဆို ။ အိမ်ကြို အိမ်ကြားတွေမှာတဲ့ ၊ ရှက်စရာကြီး တဲ့ "


“ ဘယ်သူကတုံး ”


" ကိုပိုက်ထွေး ကြီးတော် ကပေါ့ ။ ဟိုတလောကတော့ ရှင် ရက်ကန်းသွား ခတ်တယ်ဆိုပြီး ခုကျ ဘာဖြစ်လို့လဲ "


" ကြီးတော်ပြောတာတွေ စိတ်ထဲ မထားစမ်းနဲ့ ဟာ ။ အလကား ။ နင် ဘာမှ မပူနဲ့ ။ ငါ့ အလုပ် ကို ငါ သိတယ် "


“ ကိုပိုက်ထွေး သိတာက ကိစ္စ မရှိဘူး ။ အပြော ခံရတော့ ကျွန်မ ခေါင်းချည်းပဲ ။ ကိုပိုက်ထွေး ကြီးတော် က သူ့ တူ က မိဘ မရှိပေမယ့် ဆင်းရဲပေမယ့် လူပျိုတုန်းက ဒီလို မစုတ်ပြတ်ဘူးတဲ့ ။ နာရီ နဲ့ ဘာနဲ့ တဲ့ ။ ခုကျမှ ကျွန်မ ကြောင့် .... ”


မြဖူး ငိုသံ ပါစပြုလာသည် ။


" မြဖူး ကလဲဟာ ။ စောစောစီးစီး ဟိုမှာ တောင်လေးလုံးက ဦးဇင်းဌေး ဆွမ်းခံထွက်လာပြီနော် ။ ငါ တိုင်လိုက်ရမလား ”


" တိုင်ပါလား ။ ကျွန်မ ကလည်း ပြန်တိုင်ပြစ်မှာပေါ့ဟင်း ဘာဖြစ်ဖြစ် မိမြဖူး ကြောင့်ချည်းပဲ ။ မျက်မမြင်ဘာသာ မျက်မမြင် နေတာကို ဘယ်သူ က အတင်းယူတာလဲ "


ပိုက်ထွေး က ချော့မော့သံနှင့် တဟဲဟဲရယ်သည် ။


" အတင်း ယူမှာပေါ့ဟ .. နင်က လှတာကိုးနော် မြဖူး ငါ့ မှာ မြင်ကတည်းက တစ်ခါတည်း ကြိုက်ပြီး လိုက်လာရတာလေ ။ အမယ်လေး ... အဲ့ဒီတုန်းက ငါ့ မှာလေ ပွဲ မကြည့်နိုင်ဘူး ။ ပွဲခင်းထဲက နင့် ဆီပဲ လှမ်းလှမ်း ကြည့်ရတာအမော ။ နင်ကလဲ ဘေးက မိန်းမ ကို လက်တို့တို့ပြီး မေးလိုက်တာ ။ အားလပ်ချိန်က နင်တစ်ယောက်တည်း ဖျာပေါ် ကျန်ရစ်တော့ ဟန်ပြီဟ ဆိုပြီး နင့် နောက် လာထိုင်မှပဲ ငါ့ မယ် သနားလိုက်ရတာ ။ ဖျာပေါ် လက်ကလေးနဲ့ ဟိုစမ်း သည်စမ်းနဲ့ ကျွန်မ တဘက်လေး ဘယ်ရောက် သွားပါလိမ့် တဲ့ ” ကျုပ်မယ် ဖျားစွန်းက တဘက်လေး လက်ထဲ ထည့်ပေးရင်း သနားပြီး တစ်ခါတည်း ယူမယ်ဟလို့ .. ဟားဟား ၊ နော် .. မြဖူး ။ အဲ ... မှတ်မှတ်ရရ ... ဒီသီချင်း ၊ ငါ ... အဲ့ဒီ ပွဲက ရတာဗျ ”


မျက်ရည်ဝိုင်းသော မျက်လုံးကြောင်လေးကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း မသိမသာ ပျော့ပျောင်း လာသော မျက်နှာလေးကို ကြည့်ကာ ပိုက်ထွေး သက်ပြင်းချသည် ။ သူကလေး တစ်ခါဖူးမျှ မမြင်တွေ့ဖူးတဲ့ အပြင်လောကကြီးရဲ့ ခါးသီးနေတဲ့ ဘဝအခက်အခဲတွေ အကြောင်းကို မသိပါစေနဲ့တော့ ။ ဒီ အကြောင်းလေးကို ပြောရင် မြဖူး စိတ်ပြေ သဘောကျတတ်သလို ကိုယ်ကိုယ်တိုင်လည်း ပွဲခင်း မြင်ရရင် ကြည်နူး တတ်ခဲ့ပေမယ့် ခုချိန်မှာတော့ ဗလာပွဲ တွေ့ရင် ထမင်းဖြစ်စေမယ့် ၊ ပိုက်ဆံ ဖြစ်စေမယ့် ငွေစက္ကူ စုပ်လေးတွေ ၊ ပလတ်စတစ် အိပ်လေးတွေကိုပဲ စိတ်ဝင်စားတော့တာကို မြဖူး မသိပါစေနဲ့တော့ ။


°°°°°   °°°°°   °°°°°


“ တိတ်ပါတော့ မြဖူး ရာ ၊ ငါ တောင်းပန်ပါတယ် ”


“မတိတ်ဘူး ၊ မတိတ်ဘူး ။ ဒီကတော့ ဒီကတော့ တစ်နေ့လယ်လုံး တစ်ညနေလုံး ပြောချင်လွန်းလို့ စောင့်လိုက်ရတာ ပြီးတော့ ပြီးတော့ ”


မြဖူး က ထိန်းမရ သိမ်းမရ ငိုပြန်သည် ။ ပိုက်ထွေး က ခေါင်းကိုသာ တဗျင်းဗျင်း ဆွဲကုတ်လိုက်မိသည် ။


" ကဲ ဝမ်းသာပါတယ်လို့ နင့် ကို ငါ မပြောဘူးလား ဟာ နင် ကလဲ ၊ ဟုတ်ပါ့မလားလို့တော့ စဉ်းစား ရတာပေါ့ဟ ။ မွေး ကတည်း က ဖြစ်တဲ့ မျက်စိ ပြန်မြင်နိုင်တယ် ဆိုတော့ ”


" ဦးဇင်းဌေး ကိုယ်တိုင်က လာပြောတဲ့ ဥစ္စာကို ရှင် မယုံရင် သွားမေးပါလား ။ ဆရာတော် ဦးပညာ ကိုယ်တိုင် သွားမေးခဲ့တာပါ ဆိုနေမှ ။ နာမည်ကျော် မျက်စိကုဆရာဝန်ကြီး တဲ့ ။ ဦးမောင်မောင်အေး တဲ့ ၊ မည်းမည်းပုပု သဘောကောင်း တဲ့ ။ ကျွန်မ မျက်စိက သုံးနှစ်သမီး ၊ အမေ ဆုံးပြီးမှ ကွယ်တာဥစ္စာ ရတယ်တဲ့ ။ အားနည်းပြီး ဂရုမစိုက်နိုင်လို့ တဖြည်းဖြည်း ဖြစ်သွားတာတဲ့ ။ ဆေးရုံ တက် ခွဲလိုက်ရင် ”


" တော်ပါတော့ မြဖူး ရာ ငါ ဘယ်နှစ်ခါ နားထောင် ပြီးပြီလဲ ။ စိတ်ချ နက်ဖြန်ကျ ဦးဇင်း သေချာ သွားမေးပါ့မယ် ။ ငါ ခု ထမင်းသိပ်ဆာနေပြီ လာဟာ "


“ မလာဘူး ”


မြဖူး မပြေနိုင် ။ ဒီကတော့ မျှော်လိုက်ရတာ ။ ဒီ စကားကို ပြောချင်လွန်းလို့ စောင့်လိုက်ရတာကို ၊ သူ ကတော့ မလှုပ်တလှုပ် ၊ မပွင့်တပွင့်နဲ့ ။


" မြဖူး လာဟာ ငါ ဆာလှပြီ ”


" လာလို့ဆို ”


မြဖူး လက်မောင်းတွေကို ပိုက်ထွေး လာဆွဲ ခေါ်ပြန်သည် ။ “ မစားဘူး ” လို့ အော်ရင်း ဒီတစ်ခါ မြဖူး တွန့်လိမ် လိုက်ချိန်မှာတော့ ထမင်းဆာနေသည့် ပိုက်ထွေး ဒေါသတွေ ပေါက်ကွဲသွားသည် ။ “ နေဟာ ” ဆိုပြီး ပိုက်ထွေး ဆောင့်တွန်းလိုက်သော အရှိန်နှင့် ကွပ်ပျစ်ပေါ်မှာ မြဖူး ခွေခွေလေး ။


“ ကိုပိုက်ထွေး ”


စူးစူးဝါးဝါး အော်ရင်း ၊ ရှိုက်ငိုရင်း ၊ ဒေါသနှင့် ပိုက်ထွေး ကို ရန်ဖြစ် သတ်ပုတ်ချင်သလို လိုက်လံ စမ်းရှာနေသော သူကလေးကို မြင်ရပြန်တော့ ပိုက်ထွေး သနား ကျင်နာရပြန်သည် ။ အို ... သူ့မှာ မွေးခါနီး ၊ ဖွားခါနီးလေး ။ မြဖူး နားသို့ ပိုက်ထွေး ပြန်ကပ်ရင်း မြဖူး လက်တွေကို အသာ ဆွဲယူလိုက်သည် ။


" မြဖူး... မြဖူး.. ငါ မှားသွားတယ်ဟာနော် ။ ငါ ဆာနေလို့ပါဟာ ၊ သိလား ။ နင် ငါ့ကို ပြန်ရိုက်ချင်တယ် မဟုတ်လား ။ရိုက်လေ မြဖူး ရိုက် …. " 


" ဒီမှာလေ ငါ့ ပါး ... "


မြဖူး လက်တွေကို ပါးပေါ်သို့ တင်ပေးနေသော သူ့အသံ တုန်တုန်ရယ် ။ သူ့ ပါးရိုး ငေါငေါ တွေရယ် ။ ပြီးတော့ .. ပြီးတော့ .. သူ ပြင်ထားတဲ့ ထမင်းပွဲ က ( သူက မပြောပေမယ့် ) အနံ့ယဉ်နေတဲ့ မြဖူး သိပ်သိတဲ့ ဂန္ဓာရုံ ဟင်းနံ့တွေရယ်က မြဖူး ရဲ့ ဒေါသလက်တွေကို အလိုလို ပြေလျော့စေကာ တစ်စုံတစ်ရာကို နားလည် နေသလို မြဖူး မျက်ရည်တွေ လိမ့်ကျရပြန်သည် ။


မှိုင်းပျပျ မြူမှုန်တွေက မီးခိုး ငွေ့ငွေအူသော ပိုက်ထွေး တို့ အကြော်တဲလေးကို လွှမ်းခြုံစ ပြုလာပြီ ။ ဖိနပ် မပါသော ပိုက်ထွေး ခြေထောက်တွေမှာ ဖုန်တွေနှင့် ဖွေးနေသည် ။ အကြော်ဗန်း နောက်က တဲတိုင်ကို မှီထိုင်သော မြဖူး ရဲ့ မျက်လုံးကြောင်လေးများက တဲတဲဝင်လာသော ပိုက်ထွေး ကို မျှော်လင့်တကြီး စောင့်ကြိုကြတယ် ။


" ဦးဇင်းနဲ့ တွေ့ခဲ့လားဟင် ”


" အေး … တွေ့တယ်... ။ ပြောပါတယ် ။ ဦးဇင်းက နင်ပြောသလိုပဲ ကုလို့ ရတယ်တဲ့ ”


သည်မှာတင် စကားရပ်သွားသော ပိုက်ထွေးကို မြဖူး က စိတ်လှုပ်ရှားစွာ ခဏစောင့်နေပြီးမှ


" ဦးဇင်းကိုလား ”


မြဖူး ရဲ့ မျက်လုံးကြောင်လေးတွေကို ကြည့်ပြီး ပိုက်ထွေး ခဏ တွေဝေနေမိသေးတယ် ။


" မကုတော့ဘူး ဘုရား လို့ ငါ ပြောခဲ့တယ်လေဟာ ”


တမင်ပေါ့ပါး ထားရတဲ့ ကိုယ့် အသံကို ငြိမ်သက် ညှိုးကျ သွားရှာသူလေး သိသွားမှာ ပိုက်ထွေး ကြောက်လှသည် ။ ရန်မထောင် စိတ်မဆိုးရှာဘဲ မျက်ရည်လေးတွေသာ ဝဲတတ်လာသော သူကလေးကိုပင် မုန်းတီးဖို့ကောင်းသော ခပ်ရွှင်ရွှင်လေသံနှင့်ဆက်ပြီး -


" ဘာပြုလို့ဆိုတာ မြဖူး သိလား ”


မြဖူး က မဖြေဘဲ ပိုက်ထွေး ပခုံးကို ဆုပ်ကိုင်ကာ


" ကျွန်မကို ကုမပေးချင်လို့တော့ မဟုတ်ဘူး မဟုတ်လားဟင် ”


မြဖူး ရယ် ။ ပိုက်ထွေး ရင်ထဲမှာ စူးနင့်သွားသည် ။


“ ဟင် လို့ ကိုပိုက်ထွေး ၊ ကုမပေးချင်လို့ မဟုတ်ဘူးနော် ”


“ မဟုတ်ပါဘူး မြဖူး ရာ ”


ပိုက်ထွေး ပခုံးကို ဆုပ်ကိုင်ထားသော မြဖူးလက်တွေ ပိုပြီး တင်းကျပ်လာသည် ။


“ ဟို ... ဟို ပိုက်ဆံကြောင့် မဟုတ်လား ဟင် ”


အို … နှုတ်ခမ်းတွေကိုပဲ ပိုက်ထွေး ကိုက်ထားမိသည် ။ သိပ် ကုချင်တာပေါ့ ဦးဇင်းရယ် ။ သူ တစ်ခါမှ မမြင်ဖူးတဲ့ ယောက်ျားကို မြင်ချင်ရှာမှာ ။


မွေးလာမဲ့ သူ့ ကလေးကို သူ မြင်ချင်ရှာမှာ ။ တပည့်တော် သိတာပေါ့ဘုရား ….. ဒါပေမယ့် ဦးဇင်း ရယ် ၊ ကျရာ အလုပ် လုပ်ရတဲ့ တပည့်တော် ဝင်ငွေနဲ့က ။ ခုလေ သူ မစားချင်တဲ့ ၊ သူ ရှက်တတ်တဲ့ ဂန္ဓာရုံ ထမင်းဟင်းတွေကို သူ မသိအောင် တပည့်တော် ညာ ကျွေးနေရပြီ ။ အို ....ဆေးရုံတက်ဖို့ ငွေရှာဖို့ ဆိုတာက ၊ မြဖူး ရယ် ဦးဇင်း ရှေ့မှာ ရင်ဖွင့် ငိုပစ်ခဲ့တဲ့ ခါးသီးနာကြည်း စရာတွေကို မင်း ဘယ်တော့မှ မသိစေရပါဘူး ။


" ဟင် လို့ ကိုပိုက်ထွေး ပိုက်ဆံကြောင့် မဟုတ်လား "


ပိုက်ထွေး သက်ပြင်းကို ရိုက်ရပြန်သည် ။ ပြီးတော့ အသံအက်အက်နှင့် ရယ်လိုက် ရသေးသည် ။


" ပိုက်ဆံကြောင့် မဟုတ်ဘူးဟ သိရဲ့လား ။ ငါ က အရုပ် ဆိုးတယ် ။ နင် က လှတယ် ။ နင် မျက်စိ မြင်သွားရင် ငါ့ ကို ပစ်သွားမှာစိုးလို့ သိပြီးလား ”


“ အို ”


ပျော့ပျောင်း သွားရှာတဲ့ မျက်နှာ ပြုံးမဲ့မဲ့လေးကို ပိုက်ထွေး မကြည့်ရက်ပါ ။ ပခုံးပေါ်က လက်ကလေးတွေကို အသာ ဖယ်ချရင်း ...


" ပြန်စို့နော် ... မြဖူး နေတောင် မြင့်နေပြီ "


" နေဦးလေ ”


" ဘာဖြစ်လို့ ”


ပိုက်ထွေး အမေး မဆုံးခင်မှာပင် နီးကပ်စွာ ကြားလိုက်ရတာ တုံးခေါက်သံ ။ ကိုးနာရီ တုံးခေါက်သံ ။ ပြီးတော့ ….. တစ်ဟုန်ထိုး ပြေးလာကြတဲ့ခွေးတွေ ။ ပိုက်ထွေး ရင်တွေ တဒိတ်ဒိတ် ခုန်လာဆဲ မြဖူး က ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည် ။


“ ကဲ ... မကြားဘူးလား ဒါကြောင့် ကျွန်မပြောတာ ၊ တုံးခေါက်နေပြီလေ ကိုပိုက်ထွေးရဲ့ ၊ ထမင်းဟင်း ယူပြီးမှ တစ်ခါတည်း ပြန်မယ်လေ ”


“ မြဖူး ”


အထိတ်တလန့် ခေါ်တဲ့ ပိုက်ထွေး ကို မြဖူးကတော့ ဂရုမစိုက်ပါ ။ သူ့ လက်တွေ နှင့် ပိုက်ထွေး ကို စမ်းရင်း ။


“ တွဲလေ ကိုပိုက်ထွေး ရဲ့ ၊ မြန်မြန် သွားကြရအောင် ။ အမယ် နောက်ကျရင် ပဲပြုတ် ပဲ ရတာနော် ဘာမှတ်လဲ "


မြဖူး လက်တွေကို တွဲခေါ်သော ပိုက်ထွေး လက်တွေက အေးစက် တုန်ယင်နေသည် ။ သူ့ လက်တွေကို မြဖူး တင်းနေအောင် ဆုပ်ထားရင်း တရွေ့ရွေ့ စလျှောက်သည် ။


ဟော ... လူတွေ လာနေတဲ့ အသံ ။ ခွေးတွေ မာန်ဖီသံ ။ နေပူခံဘုရား က ဆည်းလည်းသံ ။ ဒီကြားထဲမှာ အဆက်မပြတ် ပေါ်ထွက်နေသော တုံးခေါက်သံ ၊ နာရီသံတွေကလည်း တောင်သမန် တစ်ခွင်လုံး ပွက်ပွက်ညံအောင် ဆူပဲ ဆူနိုင်လွန်းပါသည် ။


◾ နုနုရည် ( အင်းဝ )


📖 ပေဖူးလွှာမဂ္ဂဇင်း


       ၁၉၈၆ ခုနှစ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment