“ ဖျောက်လေ ယားလေ ၊
ယားမပြေတည့် ၊
ယားသေ သေမည့်နှယ် ၊
နန်းသူ့ ကိုယ်ထည်း ၊
ယားမပြီးသည် ၊
ယားကြီး ယားခါဝယ်၌ .... ”
◾ မန်လည်ဆရာတော်
ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း အပိုင်း ( ၁ )
❝ ပဲ့ပြင် က လှုပ် လှိုင်း က ပုတ် ❞
အနောက်တောင် လေအသွေး ၊ သင်းမွှေးသော စံပယ်ရနံ့ ၊ မြတ်လေးပန်းရနံ့များတို့သည် လေနုလှိုင်းကလေးကို စီးခိုရင်း လွင့်ပြန့်မျောပါလာပါသည် ။ ပြည့်ဝင်းသော လအရောင်အောက် တိတ်ဆိတ်ညိမ်သက်ချင်းတို့ စိုးမိုးနေသော နန်းရင်ပြင်တော်ပေါ်တွင် ရွှေပြဿဒ်တို့ အကြား လှုပ်ရှားသွားလာနေရသော အိပ်ဖန်တော်မှူးမှာ ပတ်ဝန်းကျင်၏ တွေ့ထိကြည်စားသည့် ကလိခြင်းဒဏ်ကို မခံမရပ်နိုင်တော့သည့်အတွက် ကြည်နူး ဆွတ်ပျံ့ဖွယ်တို့ကို ခံစားမိပါလေတော့သည် ။
တာဝန်ထမ်းဆောင်နေရသည်ကိုပင် အခိုက်အတန့် မေ့လျော့သွားမိတော့ခါ ဂရုဏာရသ အပြည့် ပါရှိသည့်
မြန်မာစာပေ လောကတွင် ထင်ရှားသော ဥတုကို လေသံမျှဖြင့်
“ သိမ်ကန်မိန်တွင် ၊ ဆယ့်နှစ်ခွင်ကို ၊ လွမ်းပင်စည်ဖြင့် ၊ ကြာရှည်တာအကူး ၊ တပေါင်းမင်းလွင် ၊
ရွက်ကျင်တောင်လေကမြူး ၊ ပြတ်ဖွယ်နု စီးသွယ်ဖြာ ၊ မတတ်သာချေ ၊ ဤထွေထွေကို ”
ရွတ်ဆိုနေရင်း လျှောက်၍ အိပ်ဖန်တော်သားများကို လိုက်လံစစ်ဆေးနေသူမှာ အိပ်ဖန်တော်မှူး ကဖိုးညွန့်
ဖြစ်ပါလေသည် ။ ကဖိုးညွန့် မှာ လအရောင် အောက်တွင် မိမိထံ တူရူလာနေသော လူရိပ် နှင့် ခြေသံ ကြားသယောင် ရှိ၍ တပိုင်းတစနှင့် ဥတု အဆို ရပ်သွားပါသည် ။
အိပ်ဖန်တော်မှူး တစ်ယောက် အနေဖြင့် အိပ်ဖန်တော်သားများ ကို တာဝန် ကြေပွန်စွာ ထမ်းဆောင်ခြင်း
ရှိ ၊ မရှိ ကို နှစ်ပဟိုရ် လျှင် တကြိမ်ကျ လှည့်ပတ်စစ်ဆေးရိုးထုံးစံအတိုင်း ကင်းစစ်ထွက်ခဲ့ခြင်း ဖြစ်ပါသည် ။
သို့စစ်ဆေးရင်း အနောက်တော်ကြီး အဆောင်ကူးလမ်းကူးအရောက်တွင် သူ့ ထံသို့ ဦးတည့်လာနေသူကို
မြင်မိ၍ ရန်သူလော ၊ မိတ်ဆွေလော မခွဲခြားနိုင်သေးသဖြင့် ဆောင်ဓါး ကို ဆွဲ၍ အရိပ်အကဲ ခပ်ရင်း
စောင့်ဆိုင်းနေပါသည် ။ သူ့ တပည့် အိပ်ဖန်တော်စောင့် ငအောင်ခင် မှန်း ကွဲကွဲပြားပြား သိရတော့မှ “ ငအောင်ခင် ဘယ်သို့ အကြောင်းကြောင့် နင်ရပ်သည့် တာဝန်မရှိ ရဘိသနည်း ” ဟု ပြတ်သားစွာနှင့် ခပ်အုပ်အုပ် အမေးလိုက်တွင် .....
“ မှန်လှပါ ကျွန်တော်မျိုး တာဝန် ထမ်းဆောင်ရသည့် သစ်ဆိမ့် မိဖုရား အဆောင်တော်ဝမှ ဗိုလ်မင်း
လာသည်ကို မြင်မိ၍ တင်ကြားရန် အကြောင်းထူးကြောင့် လာရခြင်းပါ ”
“ ဘယ်လို အရေးလဲ ငအောင်ခင် ၊ မင်းတရားကြီး ကြွလာသခိုက် အဆောင်တော်ဝ နေရာ ၊ ဟင်းလင်း ဖြစ်လျှင်
နင့် ခေါင်းရော ငါ့ ခေါင်းပါ ဖြတ်ရော့မယ် ၊ နင့် နေရာ ရောက်လေမှ ပြောလိုရာ ပြောဘဲ ”
ကဖိုးညွန့် ရဲ့ အမိန့်ကြောင့် ငအောင်ခင် လည်း နောက်ဆုတ်ရင်း ကိုယ်ကို ကိုင်းညွတ် အရိုအသေ ပြုကာ
ထွက်ခွာသွားပါသည် ။
ငအောင်ခင် သွားရာ နောက်သို့ ကဖိုးညွန့် လည်း စိုက်စိုက်မကွာ လိုက်ပါလာရင်း ငအောင်ခင် ပုခုံး ကိုပုတ်၍ ..... “ ဆိုစမ်းပါ နင့်အရေး ” ဟု တီးတိုး လေသံဖြင့် မေးလိုက်လေသည် ။
“ မှန်လှပါ ။ ဗိုလ်မင်း မလာမီ တဗဟိုလ် မရှိ တရှိလောက် အဆောင်တော် တွင်းသို့ ဝင်ရောက်သူ အပျိုတော်ချောချော တယောက် ပေါင်တော် မှ မှင်သေ့မှင်ကြောင် ပေါ်သွားသည်ကို မြင်ပါသည် ။ ကျွန်တော်မျိုး တာဝန်ရွက်ရသော အဆောင်တော် ကျည့်ရှင် တံခါး အကျော် ထိုးကွင်းမှင်ကြောင် ပေါ်သွားသည်ကို ငွေလရောင် အောက်တွင် ထင်းထင်း တွေ့ပါသည် ဗိုလ်မင်း ”
“ ဟယ် ... ငအောင်ခင် သေချာအောင် နင် ဆိုဝံ့ရဲ့လား ။ အခုကော သည် အပျိုတော် ဘယ်မှာ ရှိပ ”
“ ဗိုလ်မင်း အပြစ်ပေးရင်လဲ ခံရမည်ပ ။ သည် အဆောင်တော် တံခါးဝက ကျွန်တော်မျိုး တဖဝါး မှ
မရွှေ့သေး၍ သည် အဆောင်အတွင်း ရှိရမည်ပါ ”
ငအောင်ခင် လည်း တီးတိုး လေသံဖြင့်ပြောရင်း အဆောင်တော် အတွင်း သို့ မေးငေါ့ မျက်ရိပ် ပြပါလေသည် ။
ရှေးနန်းတွင်း အဆောင်များ ဝင်လျှင် တံခါးစီး အဖြစ်ဖြင့် တတောင်လောက် ရှိသော တံခါးခြေချုပ် အတားများ ကို ကျော် ဝင်ရသည် ။ မန္တလေးနန်းတွင်း ဝင်ရောက်ကြည့်ဘူးသူများ သိပါသည် ။ ( ထမီ ဝတ်ဆင်ရသူ တို့မှာ ထို တံခါးများ ကျော်ဝင်ရတိုင်း ရင်ခွဲ ထမီများ ဖြစ်၍ တပေါင် ပေါ်လေ့ရှိပါသည် ။ ... စာရေးသူ )
ကဖိုးညွန့် လည်း မစဉ်းစားတတ်အောင် ရှိနေသဖြင့် ငအောင်ခင် ပြောဆိုချက် မှန် မမှန် သိရှိရန် အချိန် အတော်ကြာ စောင့်ဆိုင်း ကြည့်မိပါသည် ။ ထိုးကွင်းမှင်ကြောင် ပေါ်သွားသော အပျိုတော် မှာ ထွက် မလာပါ ။ မိုးလင်းခါနီး ရောက်လေတော့မှ တခြား တာဝန်ရှိသူများ ပေါ့လျော့မှု ရှိ မရှိ စစ်ဆေးရမည့် အတွက် ထို အဆောင်တော် မှ ထွက်ခွာခဲ့ရပေသည် ။
အိပ်ဖန်တော်သားများ မှ အပ တောင်ဆောင်တော် ၊ မြောက်ဆောင်တော် ၊ ၎င်းနောက် အနောက်နန်းမစဉ် ၊ အနောက်ဆောင်တော် တို့တွင် ယောက်ျား များ ဝင်ထွက်သွားလာခွင့် မရှိရပေ ။ ခြေ က ကြူးလျှင် ဒူး ကို ဖြတ်ရမည် ဟု အမိန့်တော် မှတ်ထားသည် ။ အဆောင်တော်တွင် ထိုးကွင်းမှင်သေ့ ပါရှိသော အပျိုတော် ရှိသည် ဟု အိပ်ဖန်တော်မှူး ကဖိုးညွန့် အဖို့ တခါဘူး မှ မကြားမိခဲ့ပေ ။ ထိုးကွင်းမှင်ကြောင် ထိုးနှံခြင်း အလုပ်မှာလည်း မိန်းမများ အတွက် မဟုတ်ပါပေ ။ မှင်သေ့ဆရာ ကိုယ်တိုင်ကလည်း မှင်သေ့ထိုးနှံ သည့် စုပ်အပ် ကို အသားနာခံ၍ ထိုးပေးမည် မဟုတ်ဟုလည်း ကဖိုးညွန့် စဉ်းစားမိပါသည် ။
ကဖိုးညွန့် အနေဖြင့် ထိုးကွင်းမှင်သေ့ ပြဿနာကြောင့် အတော် စိတ်မော လူမော ဖြစ်နေမိပေသည် ။
သူ သည် အိပ်ဖန်တော်မှူး မဖြစ်မီ ယမန်နှစ် ဆီက ကနောင်အိမ်ရှေ့ကိုယ်တော်ကြီး ၏ လူပျိုတော်သား တယောက် ဖြစ်ခဲ့ပါသည် ။ ဘဝရှင်မင်းတရားကြီး အလိုတော် အရ မင်းညီမင်းသားများ ထံပါး ခစားနေသော လူပျိုတော်သားများ နှင့် သူ ၏ နန်းတော်ကြီး မှ လူပျိုတော်သားများ ပါ စုစုပေါင်း ငါးကျိပ် နှင့် အဆောင်ရနန်းဦး မိဖုရားကြီး တို့ထံ ခစားသူ အပျိုတော် ငါးကျိပ် တို့ကို တပြိုင်တည်း လက်ထပ်မင်္ဂလာပွဲ ကျင်းပပေးခဲ့ပါသည် ။ ထိုသို့ လက်ထပ်မင်္ဂလာပွဲ တွင် ပါဝင်ခဲ့ရသူများကို တန်ရာတန်ရာ ရာထူးရာခံများ ပေးအပ်ခဲ့ပါသည် ။ ထို ငါးကျိပ် ထဲတွင် ပါဝင်ခဲ့သည့် ကဖိုးညွန့် မှာ အိမ်ရှေ့စံဥပရာဇာ ကနောင်ကိုယ်တော်ကြီး ၏ လက်စွဲ ဖြစ်၍
ဘုန်းတော်ကြီးဘုရား ယုံကြည်တော်မူသဖြင့် အိပ်ဖန်တော်မှူး အဖြစ် မြှောက်စားခဲ့ခြင်း ဖြစ်ပါသည် ။
ကဖိုးညွန့် မှာ မဟာသွေး မဟာနွယ် မကင်းသော မင်းဆွေမင်းမျိုး တယောက် မဟုတ်ရိုး မှန်သော်လည်း ရွှေနန်းတော်ကြီး နှင့် နီးစပ်သူဖြစ်၍ နန်းတွင်းတွင် ဆယ်နှစ်သား ဘဝကတည်းက သူငယ်တော်သားလေး အဖြစ် အမှုတော် ကို ထမ်းခဲ့ဖူးပါသည် ။ သူငယ်တော် ထမ်းဆောင်ရသည့် တာဝန်ဆိုသည်မှာ မိဖုရား အဆောင်တော် တွင်းရှိ မိန်းမများ နှင့် မအပ်စပ်သော ဝတ္တရားများ ကို ထမ်းရွက်ရန် ဖြစ်ပါသည် ။ သူငယ်တော်များ ကို မိဖုရားဆောင်တော် များတွင် အမှုထမ်းခိုင်းရန် အတွက် နန်းသုံးဆရာကြီးများ ထံ အပ်နှံ၍ ရတု ဆိုနည်း ၊ ရကန် ဆိုနည်း ၊ ကြိုး ၊ ဘွဲ့ ၊ ယိုးဒယား ၊ ဘောလယ် ၊ တေးထပ် စသည်တို့ကို စနစ်တကျ သင်ကြားပေးပါသည် ။ အစအန ရှိသူများ ဖြစ်ခဲ့လျှင် သူငယ်တော်ကလေးများ နှင့် အပ်စပ်မည်ဟု နန်းသုံးဆရာကြီးများ က ယုံကြည်စိတ်ချရသော တူရိယာငါးပါး ( ကြေး ၊ ကြိုး ၊ သားရေ ၊ လေ ၊ လက်ခုပ် ) ထည်းမှ အနည်းဆုံး တပါး တော့ သင်ကြားပေးပါလေသည် ။ ဖြေဖျော်ရန် အသင့်လျော်ဆုံး ဟု ထင်ရသော စောင်းတီး ၊ ပတ္တလားတီး စသော တူရိယာမျိုး တို့ကို သင်ကြားပေးပါသည် ။ အပြောအဆို အနေအထိုင်မှ စ၍ နန်းတွင်း အသုံးအနှုန်းများ ကို သင်ပြပေးပါသည် ။
ထို ပညာရပ်များ တတ်မြောက်ပြီးသူများသည် မိဖုရား အဆောင်များတွင် ရှင်ပြုချိန် ၁၄ နှစ် အရွယ် မျှခန့် အထိသာ အမှုတော် ထမ်းစေပါသည် ။ ထို အသက်အရွယ် ထက် ပို၍ မိဖုရားဆောင်တော်များ တွင် အမှုတော် ထမ်းခွင့် မရကြတော့ပါ ။
ထို ဘဝများမှ နေ၍ အိပ်ဖန်တော်မှူး ရာထူး အထိ တိုးတက်လာခဲ့သော ကဖိုးညွန့် အဖို့ နန်းတော်ကြီး နှင့် နန်းတွင်း အကြောင်း အတွင်းသိ အစင်းသိ သိရှိသူ ဖြစ်ပါသည် ။ ထီးသုံး နန်းသုံး နည်းထုံးပေါင်းစုံ တို့ကို နှုတ်ငုံရသူပင် ဖြစ်ပါသည် ။ နန်းတွင်းတွင် အင်မတန် စည်းကမ်းကြီးပုံတို့ကိုလည်း စဉ်းစားရင်း သတိရလာပါလေသည် ။
အရှေ့တော်ကြီး ၊ အနောက်တော်ကြီး ဟူ၍ နှစ်ပိုင်း ရှိပါလေသည် ။ အရှေ့တော်ကြီး ဆိုသည် မှာ ဘဝရှင်မင်းတရားကြီး နှင့် သာ ဆိုင်၍ အသျှင်နန်းမတော် မိဖုရားခေါင်ကြီး တပါးသာ အချိန်မရွေး
ဝင်ခွင့် ထွက်ခွင့် ရှိပါလေသည် ။ တနည်းဆိုရပါလျှင် ဘုန်းတော်ကြီးဘုရား ကြီးစိုးသည့် အတွက် ယောကျာ်းများ နှင့် သာ ဆိုင်ပါသည် ။ အနောက်တော်ကြီးမှာ အသျှင်မိဖုရားခေါင်ကြီး ( အဂ္ဂမဟေသီ စကြာဒေဝီ တောင်နန်းစံမိဖုရား ) စိုးပိုင်သောကြောင့် မိန်းမများ နှင့် သာ သက်ဆိုင်၍ ယောက်ျားများ မဝင် မထွက် ရပါ ။ မိဖုရား မိန်းမများ နှင့် သက်ဆိုင်သော အနောက်ဝန် ( မိန်းမစိုး ) အနောက်ဝန် အမှုထမ်း ၊ အရာထမ်းများပင် အကြောင်းထူး မရှိပဲ မဝင် မထွက် ရပါ ။ အိပ်ဖန်တော်သားများ နှင့် အိပ်ဖန်တော်မှူးများ အစရှိသော လုံခြုံရေးတာဝန် ထမ်းဆောင်နေရသူများပင် အဆောင်တော်အတွင်း သို့ လုံးဝ ဝင်ခွင့် မရှိပါ ။
“ ခြေကကျူးရင် ဒူးဖြတ် ” အမိန့်တော်မြတ် မှတ်၍ တားမြစ်ပိတ်ပင်ထားသည့် နေရာတွင် တွေ့ရပါသည် ဆိုသော ထိုးကွင်းမှင်ကြောင် ပြဿနာကြောင့် ကဖိုးညွန့် မှာ မည်ကဲ့သို့ ပြုလုပ် ဆောင်ရွက်ရမည် ကို မသိနိုင်အောင် အကြံအိုက်နေပါသည် ။
သည်ကိစ္စကို အနောက်ဝန်မင်း ထံ လျှောက်ထားတိုင်ကြားရမည်လား ၊ သို့တည်းမဟုတ် အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီး ကို လျှောက်ထား တိုင်ကြားရမည်လား ၊ မဝေခွဲတတ်အောင် ဖြစ်နေ ပါသည် ။ မိမိ ကိုယ်တိုင် တင်လျှောက်ဖို့ရန်မှာလည်း သက်ဆိုင်ရာ အကြီးအကဲများ ကျော်လွန်ရကောင်းလား ဟု အပြစ်တော် ရှိမည်ကိုလည်း စိုးရိမ်မိပါသည် ။ မိမိ တင်လျှောက်ချက်ကို အရေးမယူပဲ နေတော်မူ၍ သစ်ဆိမ့်အဆောင်တော်မိဖုရား ကြားသိ၍ အမျက်သိုမည် ကိုလည်း စိုးရွံ့ရပြန်လေသည် ။ သည်အတိုင်း ဥပေက္ခာပြု လျစ်လျူရှုထားရမည် ဆိုပြန်ကလည်း ရွှေနားတော် အရောက် သည် သတင်း ပေါက်ကြားသွားပါလျှင် မိမိ ကိုပင် စိတ်တော် ခုပေဦးမည် ။ မဆိုစကောင်း ဆိုစကောင်း ကြံရာပါ ဟု ထင်မှတ်မှားပြန်ပါလျှင် ကွပ်မျက်ခြင်း ခံရမည်က မုချ ။
မင်းခယောကျာ်း ပီပီ နီးရာဓါး ကို ကြောက်ရသဖြင့် ချွေးစေးများပင် ပြန်လာပါလေသည် ။ညအိပ်ဖန်တော်သားများ ကိုယ်စား နေ့ကင်းလှည့်တာဝန် လူလဲများ ရောက်ရှိလာချိန်ထိ ကဖိုးညွန့် မှာ မည်ကဲ့သို့ ပြုမူဆောင်ရွက်ရမည်ကို မဆုံးဖြတ်နှိင်သေးပေ ။ နေ့ခင်းစောင့်အမှူး တို့ တာဝန်များ လွဲပြောင်းအပ်နှံပြီး၍ တရေးတမော အိပ်ရင်း စဉ်းစားပြီး မှ လုပ်သင့်ရာရာ ကို ပြုလုပ်တော့မည် ဟု ဆုံးဖြတ်ချက်ချအပြီး ပြန်လာသည် ။ ထိုသို့အပြန် ဘောင်းတော်ဆောင် မှ ထွက်၍ မှန်နန်းစနုဆောင် ဖြတ်လျက် မှန်နန်းတော်ဆောင် ဘက် သို့ ကူးဝင်သွားသော ပင်တလဲမြို့စားကြီး ဦးရွှေမောင်ကြီး ၏ နောက်ပိုင်း ကို မြင်လိုက်ရတော့မှ ပင်တလဲစားကြီး မှ တဆင့် ဘဝရှင်မင်းတြားကြီး ရွှေနားတော် အရောက် တင်ရလျှင် ကောင်းမည်ကို သဘောပေါက်သွားပါသည် ။
ဦးရွှေမောင်ကြီး ဝင်ရောက်သွားသည့် မှန်နန်းဆောင်တွင်း သို့ အသော့နှင်း၍ လိုက်ပါသွားလေသည် ။ ဦးရွှေမောင်ကြီး ကို တွေ့လျှင် ကဖိုးညွန့် လည်း ရိုသေစွာဒူးတုပ်ပြီး “ ဝန်မင်း ကို တိုင်ကြားရမည့် ကိစ္စ အထူး ရှိပါ၍ ခွင့်ပြုတော်မူပါ ”
“ အလို .. အိပ်ဖန်တော်မှူး ပါလား ၊ ဘယ်လို အရေးအခင်းနဲ့ ကြုံကြိုက်ရသည်လဲ ၊ ကျုပ်ကို ပြောရမှ
ကျုပ် နဲ့ သက်ဆိုင်သပ ဆိုရင်လဲ ပြောပါဘိ ”
“ မှန်လှပါ မနေ့ ညဉ့်သန်းခေါင် မတိုင်မှီ တဗဟိုလ်လောက် အလိုတွင် အိပ်ဖန်တော်သား ငအောင်ခင် စောင့်ရှောက်နေရသည့် သစ်ဆိမ့်မိဖုရားကြီး အဆောင်တော် နန်းတွင်း သို့ မှင်သေ့ထိုးကွင်း ပါသသူ အပျိုတော် တယောက် ဝင်ရောက်သွားသည် ကို တွေ့ရကြောင်းပါ ဝန်မင်း ”
ကဖိုးညွန့် လျှောက်ထားချက်ကို ကြားရသော ပင်တလဲစား ဦးရွှေမောင်ကြီး မှာ ရုတ်ချည်း စကား မပြန်နိုင်သေးပဲ အတန်ကြာ စဉ်းစားဟန် ပြုပြီးမှ “ စိတ်ဝမ်းချချ ရှိရပါမလား ၊ အိပ်ဖန်မှူး ရဲ့ ၊ ကျုပ် အနေနဲ့ က မင်းတြားကြီးဘုရား ကို ရွှေနားတော် အရောက် ဝင်လျှောက်ဖို့ ဝန်မလေးလှပေမယ့် စစ်ဆေး လို့ မမှန်တော်မူဘူး ဆိုရင် အိပ်ဖန်တော်မှူး ကို အမျက်သို နေမှမယ် ”
“ မှန်လှပါ ငအောင်ခင် ဟာ ရိုးသားပြီး တာဝန်ကျေချေသူ တယောက် ဖြစ်ကြောင်း ကျွန်တော်မျိုး သိသပ ၊
သူ့ အသက်ထက် ဘုန်းတော်ကြီးဘုရား ရဲ့ အရှက်တော် ငဲ့ကွက် လို့ ကျွန်တော်မျိုး တိုင်ကြားခဲ့ခြင်းပါ ”
“ အိမ်း ... သည်လို စိတ်ဝမ်းချချ လျှောက်ထားဝံ့သပ ဆိုရင်လဲ အိပ်ဖန်တော်မှူး အလိုတော် အတိုင်း
ရွှေနားတော် ကို ချက်ချင်း ဆိုသလို တင်လိုက်ပမယ် ”
ပင်တလဲမြို့စားကြီး ဦးရွှေမောင်ကြီး ထံမှ ပြန်ကြားချက် ရရှိလေတော့မှ စိတ်အေးသွား၍ အရိုအသေပေးလျက် နှုတ်ဆတ်ပြန်ခဲ့ပါတော့သည် ။ အပြန်လမ်းတွင် ပင်တလဲဝန် ဦးရွှေမောင်ကြီး အကြောင်း ကြားဘူးခဲ့သည် တို့ကို ပြန်လည် သတိရလာပါသည် ။ ဦးရွှေမောင်ကြီး သည် အသည်ကြီးမျိုးရိုး မှ ဆင်းသက်လာသူ တယောက် ဖြစ်ပါလေသည် ။ အိုးအိမ်ထောင် ပြုပြီးသည့် တိုင်အောင် အလုပ် လုပ်သူ မဟုတ်ဟု ကြားဘူးပေသည် ။
သူ ၏ ဇာတာစန်းလာဘ် ကောင်းသည်ဟု ယုံကြည်ပြီး ဂုဏ်ယူနေသူ တယောက် ဖြစ်ကြောင်း သိရသည် ။ မြို့စားကြီး ၊ နယ်စား ၊ ပါယ်စား ဖြစ်မည် ဟူသော ယုံကြည်ချက်ကြောင့် မည်သည့် အလုပ် ကိုမျှ မလုပ်ပဲ မိဘ အိမ် တွင် အခန့်သား ထိုင်၍ စားသောက်နေသူ တယောက် ဖြစ်ပါလေသည် ။ မည်သည့် အလုပ်ကို မျှလည်း မိခင် ဖြစ်သူ က လက်ကြောတင်းအောင် မလုပ်စေရပေ ။ သား ၏ ရုပ်ရည် ရူပကာ အသွယ်သွယ် တို့မှာ တင့်တယ် ရှုမောဖွယ်ရာ ဖြစ်ပေသည် ။ ဇာတာစန်းလာဘ် မှာလည်း ကောင်းမွန်လှပေသည် ။ ဥုစ်ကသစ် တို့လည်း လူသာမာန် တို့ အတွက် တခုတလေပါရန် မလွယ်ကူပေမင့် သူမ ၏ သားချစ် သည် ဥုစ်သုံးချပ် နှင့် ကသစ် နှစ်ပွင့် ရထားသည် ။ ထို့ပြင် နိစ် ပြ လည်း ကင်း၍ မှူးကြီးမတ်ရာ သေနာပတိ အမှန်စစ်စစ် ဧကန်ဖြစ်ရမည့် ရာဇယုဂ် ပါသူ ဟု ရွာဦးကျောင်းဆရာတော် ဦးကေတု မကြာမကြာ မိန့်ဆိုခဲ့ပေသည် ။
မိတ္ထီလာမြို့ အရှေ့မြောက် ကန်ကျိုးရ ရွာ အတွင်း ရှိ ရဟန်းရှင်လူ ပရိတ်သတ် အပေါင်း သည် သူ့ သား ရွှေမောင်ကြီး ၏ ဇာတာ ကို မှီမည့် သူ မရှိကြောင်း သူ့ မိဘများက သိသည် ။ ဥပဒိရုပ် ကောင်းပုံမှာလည်း သူမ ၏ သား ရွှေမောင်ကြီး ကို ယှဉ်နိုင်သူ မရှိဟု အထင် ရှိနေပါသည် ။ ဦးရွှေမောင်ကြီး ၏ ဖခင်မှာ
ရိုးသားသူ တယောက် ဖြစ်၍ အေးချမ်းစွာ နေလိုသူတို့ သဘာဝအတိုင်း အလုပ် လုပ်သူ မှသာ
ကြီးပွားမည် ဟူသော အစွဲကြောင့် သား ဖြစ်သူ၏ နေပုံထိုင်ပုံ ကို သဘော မကျပေ ။ မိန်းမ ရပြီးသည့်တိုင်အောင် မိဘ မှီခိုစားရသည့် ဘဝက မလွတ်ကင်းသေးသည့် သား အဖြစ် ကို မကျေမနပ်နှင့် တနေ့သော နံနက်ခင်းတွင် သူ့ သား ကို ဂရုဏာဒေါသော ဖြင့် မည်တွန်တောက်တီးလိုက်ပါသည် ။
ဆူပူကြိမ်းမောင်းခြင်း ခံရသော ဦးရွှေမောင်ကြီး သည် ခရင်း ကို ထမ်းရင်း ဖခင် ၏ လယ်ငုတ်လပ် ကို အလုပ် လုပ်အံ့ ဟု နေအိမ် မှ ထွက်ခဲ့ပါလေသည် ။
လယ်ပွဲ ရှိရာ အသွား ရွာပေါက် ရောက်သည်တွင် ကိုရွှေမောင်ကြီး ထမ်းလာသော ခရင်းရိုး ကို မိုးကြိုး ခ ပါသည် ။ ထင်ရှားသော ထို အတိတ်နိမိတ် ကြောင့် ခရင်း ကို နေအိမ်သို့ပင် ပြန် မပို့တော့ပဲ ရွာလယ်ဇရပ် တွင် စိုက်ထောင်ထားခဲ့ပြီး အမရပူရ သို့ ထွက်ခွာလာခဲ့ရာ မှ မင်းတုန်းမင်းသား နှင့် အဆက်ရ၍ ခစားရပါတော့သည် ။ ဘဝရှင်မင်းတရားကြီး အဖြစ် အမြင့် သို့ ရောက်ရှိလာချိန် တွင် လက်စွဲတော်ကြီး ကျွန်ယုံ ဦးရွှေမောင်ကြီး ကို ပင်းတလဲမြို့ ကို စားစေ၍ ဘုရင့်အပါးတော် ကို ခစားရသူ ဖြစ်သည် ။ ညီတော် အိမ်ရှေ့ဥပရာဇာ ကနောင်ကိုယ်တော်ကြီး ကလည်း ယုံကြည်တော် မူ၍ အရေးပေးတော်မူခဲ့ပေသည် ။
ပုဂံမင်း ထံ မှ ထီးနန်း ကို လုပ်ကြံစဉ် က ကိုယ်တိုင်ကိုယ်ကျ စွန့်စားပါဝင်ခဲ့သူ ဖြစ်ပါသည် ။ အတွင်းအပြင်ရေးမှ စ၍ ဘုန်းတော်ကြီးဘုရား နှင့် ညီတော်ကနောင် အိမ်ရှေ့စံကိုယ်တော် ပါ ၊ မင်းနှစ်ပါးစလုံး အရေးတယူ တိုင်ပင်ခြင်း ခံရသူ ဖြစ်လေသည် ။ ( ပင်တလဲ မြို့စား ဦးရွှေမောင်ကြီး ကို နောင်နှစ် အနည်းငယ်အကြာ ရေနံ့သာမြို့ ကိုပါ အပိုင်စားပေးသနားတော် မူပြန်လေသည် ။ မင်းတုန်းမင်းတရားကြီး နတ်ရွာစံ၍ သီပေါမင်းကလေး နန်းတက်ချိန်တွင် နန်းတွင်းအရေးတော်ပုံကြောင့် ကွက်မျတ်ခံရလေသည် ။ ... ။ စာရေးသူ )
အိပ်ဖန်တော်မှူး ကဖိုးညွန့် လည်း ဦးရွှေမောင်ကြီး အကြောင်း စဉ်းစားရင်း သူ့ ဘုန်း သူ့ ကံ က ပါသောကြောင့် မြို့စားကြီး ဖြစ်ရသည့် အပြင် ဘဝရှင်မင်းတရားကြီး ၏ အရေးယူ မြှောက်စားခြင်း ခံရပုံတို့ကို သုံးသပ်မိ၍ မအံ့ဩတော့ပါပေ ။
ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား ကို နံနက်ညီလာခံ အပြီးမှ ရွှေမျက်နှာတော် ကို ကြည့်၍ တင်လျှောက်လျှင် တင်လျှောက်မည် ဟု ရည်စူးထားပါလေသည် ။ နံနက်ညီလာခံကို မှန်နန်းဆောင် တွင် ကျင်းပလေ့ ရှိပါသည် ။ နေ့ခင်းပိုင်းညီလာခံ ကိုတော့ မှန်နန်းစံဆောင်တွင် ပြုလုပ်ပါသည် ။ နိုင်ငံတော် ၏ အမြင့်ဆုံး တရားရုံးတော်ကြီး ဖြစ်သော ရွှေလွှတ်တော်ကြီး ကို မြေစိုက်နန်း တွင် သတ်မှတ်ပြုလုပ်ပါသည် ။ ၎င်း ရွှေလွှတ်တော်ကြီး တွင် ပြည်မှုပြည်ရေး ၊ ကြီးလေးသော တရားများ ကို မင်းတရားကြီး ကိုယ်တိုင် ထွက်တော်မူ၍ တရားစီရင်တော် မူပေသည် ။ ရွှေလွှတ်တော်ကြီး ကို အကြောင်းထွေအထူး မရှိခဲ့ပါလျှင် အဖိတ်နေ့များ မှသာ ကျင်းပပြုလုပ်လေ့ရှိပါသည် ။
ထိုနေ့ နံနက်ညီလာခံ စတင်သည့်အချိန်မှ စ၍ ညီလာခံစဲချိန် တိုင်အောင် မည်သည့် ကိစ္စများ ကို မည်သူက စတင်တင်သွင်း လျှောက်ထား၍ မည်ကဲ့သို့ ဆုံးဖြတ်တော်မူလေသည် ၊ မည်သည့် ဝန်ကြီး က မည်ကဲ့သို့ အမိန့်တော်ချ မှတ်တော်မူသည် တို့ကို ဦးရွှေမောင်ကြီး လုံးဝ မကြားမိပါ ။ ညီလာခံချိန်တွင် ဘဝရှင်မင်းတရားကြီး အား မည်ကဲ့သို့ စတင် လျှောက်ထားရမည် ဆိုသည် ကို စဉ်းစားတွေးတောခါ ကရဝေးသား ဖြင့် ထုလုပ်ရသည့် ပိတုန်းရုပ်ခံ ရတနာများ စီချယ် ထားသည့် ဘမယာသန ပလ္လင်တော် ပေါ် ထိုင်တော်မူရင်း ဝန်ကြီးဝန်ကလေးများ တို့ လျှောက်တင်ချက်များ ကို အဆုံးအဖြတ်ပေးတော်မူနေသော ဘဝရှင်မင်းတုန်းမင်းတရားကြီး ၏ မျက်နှာရိပ် ၊ မျက်နှာကဲ ကိုသာ ဖူးမျှော်စောင့်စား ငံ့လင့်နေမိပါတော့သည် ။
ညီလာခံ စဲ၍ လူစုခွဲခါနီး တခဏဝယ် တောင်ဆောင်တော် အဂ္ဂမဟေသီ စကြာဒေဝီ မိဖုရားကြီး စိန်တုန်းမိဖုရား အပါအဝင် အလယ်နန်းမတော် ဆင်ဖြူမရှင် မိဖုရားနှင့် လောင်းရှည်မိဖုရား ( သီပေါမင်း မယ်တော် ) ၊ သရစိန်းမိဖုရား ၊ သက်ပန် မိဖုရားစသော မိဖုရားကြီး ၆ ပါး တို့ ထုံးတမ်းစဉ်လာ အတိုင်း အခစား ဝင်ရောက်လာကြပါလေသည် ။
ထို မိဖုရားကြီးများ တို့ အခစား ဝင်ရောက်ချိန်တိုင်းတို့တွင် မင်းခစားယောကျာ်း ၊ မှူးမတ် သေနာပတိ ၊ အတွင်းဝန်ကြီး ဝန်ကလေးများပါ မကျန် တဦးတယောက် မှ မရှိစေရပါ ။ သားရေး ၊ သမီးရေး နှင့် ကိုယ်တော် ၏ အတွင်းရေးတော်များ ကို လျှောက်ထားရသည် ဖြစ်၍ မည်သူမျှ ထိုညီလာခံတွင် နေခွင့် မရှိပါပေ ။ ပင်းတလဲဝန် ဦးရွှေမောင်ကြီး မှာ လက်သုံးတော်ကြီး အိမ်တော်ပါ ငယ်ကျွန်ရင်း တယောက်ဖြစ်၍ တံခါး မရှိ ဆောင်တော် အတွင်း အချိန်မရွေး ဝင်ထွက်စေ အမိန့်တော် ရသူ ဖြစ်သဖြင့် သာ မထွက်မူဘဲ ခစားလျက် နှင့် ရှိနေပါသည် ။
မိဖုရားကြီး များ ခစား လျှောက်ထား အရေးဆိုသမျှ အကြားမှ ဘဝရှင်မင်းတရားကြီး သည် တယောက်ထည်းတည်း ခစားတော် မူနေသော အိမ်တော်ပါလက်စွဲတော်ကြီး ဦးရွှေမောင်ကြီး အား တွေ့ရှိ သတိချပ်မိတော်မူသဖြင့် .... “ အလို .. ပင်တလဲစား လက်စွဲတော်ကြီး ငရွှေမောင်ကြီး ပါလား ၊ ဝိသေသထူးဟန် ရှိသည်ပ အခစားတော် ထူးသည့် အကြောင်း အရာကို တင်လျှောက်ခွင့် ရှိစေ မောင်မင်း”
( ဆက်ရန် )
koaungnaingoo.blogspot.com
.
No comments:
Post a Comment