Sunday, November 21, 2021

ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် အခန်း ၂၁ + ၂၂


 

အခန်း ( ၂၁ )

ရန်ကုန် က စထွက်ကတည်းက မျက်စိနောက်လာတဲ့ အနောက် ပြောမနေနဲ့တော့ ။ သူ က ငါ့ ကို မခေါ်ချင်ဘူး ။ အောင်သိန်း လေ ။ မမ နားနားနေနေ အိမ်မှာပဲ နေရစ်ခဲ့ပါတဲ့ ။ သူ တလှည့် လုပ်ကျွေးပါ့မယ်တဲ့ ။

ခေါင်းပုံလဲ မဖြတ်ဘူး ပြောသေးရဲ့ ။ ကောင်မတွေ သဒ္ဓါသလောက် ပေးတာကလေးတွေလောက်နဲ့တော့ ငါ့ ကျွေးဖို့ နေနေသာသာ သူ တောင် အာ စွတ်ယင် ကံကောင်း ။

ဘာကြောင့် သူ ငါ့ ကို မခေါ်ချင်ပါလိမ့် ။ ဪ ... ဘယ် ခေါ်ချင်မှာလဲ ။ ငါ နဲ့ ကိုအောင်သိုက် နဲ့ ပြန်ဆက်မိမှာ စိုးရိမ်တယ်နဲ့ တူပါရဲ့ ။

ဟဲ့ ... သူ တောင် ငါ့ ကို စိတ်မချသေးတာ ။ ငါ ကကော သူ့ ကို စိတ်ချရမှာလား ။ သူ ကကော ခြောက်ပစ်ကင်း သဲလဲစင်လားလို့ ။ ကောင်မ တကောင်ကို ငါ မရှိတုန်း အခန်းမှာ ခေါ် အိပ်ဖူးခဲ့တယ် မဟုတ်လား ။ အဲသည်တုန်းက ငါ ပဲ ပါး ဆွဲရိုက်ခဲ့ရသေးတယ်လေ ။ ခံရတဲ့ လူက အမှတ် မရှိတောင် ပါးရိုက်ခဲ့ရတဲ့ ငါ ကတော့ မမေ့ဘူး ။ ဘယ်တော့မှလဲ မေ့မှာ မဟုတ်ဘူး ။

ခု ပါမယ့် ကောင်မတွေ ကတော့ ရန်ကုန် မှာ ငါ နဲ့ တွဲဖော် တွဲဘက်တွေပါပဲ ။ ဒေါင်းမ တို့ ၊ ဒိုးကလေး တို့ ၊ ချိုချဉ် တို့ ၊ မိသက် တို့ ဆိုတာ မျက်နှာစိမ်းတွေမှ မဟုတ်ပဲ ။

ဒါပေမယ့် မိသက် နဲ့ ဒေါင်းမ ရဲ့ အချိုးကို ငါ သိပ်မကြိုက်ဘူး ။ ငါ့ လင် မှန်း သိလျက်နဲ့ ငါ့ အရှေ့မှာ ဆက်ဆံတာ ပိုလွန်းတယ် ။ ချွဲလွန်းတယ် ။ ကိုအောင် .... ကိုအောင် နဲ့ ... တချိန်လုံး ကိုအောင် နေတယ် ။ မြင်ပြင်း ကပ်တယ် ။ နား ကလောတယ် ။

ငါ့ အပြင် ကောင်မ က လေးကောင် နဲ့ အောင်သိန်း ဆိုပါတော့ ။ ပေါင်း ခြောက်ယောက် ။ သူတို့ လေးယောက် က မျက်နှာချင်းဆိုင် နှစ်ခုံမှာ ထိုင်ယင် ပြီးရောပေါ့ ။ အောင်သိန်း နဲ့ ငါ က တစ်ခုံ ထိုင်ရမယ် မဟုတ်လား ။

ဒါပေမယ့် အောင်သိန်းက ငါ နဲ့ လာ မထိုင်ဘူး ။ ငါ့ ဘေးမှာ ဒိုးကလေး လာ ထိုင်တယ် ။ အောင်သိန်း နဲ့ ကောင်မ သုံးကောင် နဲ့ က တဖွဲ့ ။ လမ်း မှာတင် ထ ပြဿနာ မတက်အောင် မနည်းထိန်းထားရတယ် ။

ကောင်မတွေ က အိန္ဒြေ မရဘူး ။ သိပ် လူသိတယ် ။ ဘေးနားက ကောင်လေး နှစ်ယောက် နဲ့လဲ သွား ရောလိုရော ။ စကားတွေ ပြောလို ပြော ။ စားပါဦးလားလို့ မေးလား မေးရဲ့ ။ ဟိုကကျွေးယင်လဲ ဟန်ကလေးမှ မဆောင်ဘူး ။ ယူစား လိုက်တာပဲ ။ ဘယ်လာ ကောင်းပါတော့မလဲ ။

သည် ကောင်မ ဒေါင်းမ ကြောင့်ပဲ ပြဿနာ တက်ရတယ် ။ လက်မှတ်ယူပါ ဆိုတာ မဟုတ်ဘူး ။ အဲသည် ကောင်မ ကို စောင့်နေရတာနဲ့ပဲ လက်မှတ် မရတော့ဘူး ။ မန္တလေး အထိ လက်မှတ် က ကုန်ပြီ ။ ပျဉ်းမနား အထိပဲ ရတော့တယ် ။

ပျဉ်းမနားဘူတာ ဆိုက်ပြီ ဆိုတော့ နေရာ ဖယ်ပေးလိုက်ရပြီ ။ ပျဉ်းမနား က တက်တဲ့ ခရီးသည်တွေ ကို ဖယ်ပေးလိုက်ရတယ် ။

သည်တော့ တွဲစောင့် ကို လာဘ်ထိုးပြီး ဖြစ်သလို ဆက်စီးခဲ့ရတယ် ။ ဒါပေမယ့် လက်မှတ်စစ်တွေ လာတော့ ခက်ကရော ။ ဒဏ်ငွေဆောင်လိုက်ရင်တော့ ပြေလည်ကောင်း ပြေလည်မယ် ။ ဒါပေမယ့် ဒေါင်းမ က ပြဿနာ ရှာတယ် ။ တွဲစောင့် ကို နားလည်မူ နဲ့ ငွေပေးပြီးသား ဘာညာ သွားပြောတယ် ။ သည်တော့ ဒဏ်ငွေ ဆောင်ပါ့မယ် ဆိုတာတောင် လက်မှတ်စစ် ကလဲ ဘယ် လွယ်လွယ် နဲ့ ခွင့်ပြုတော့မှာလဲ ။ ဆက် လိုက်ခွင့် မပြုတော့ဘူး ။ သာစည်ဘူတာ ရောက်ရင် ရုံပိုင်ကြီးလက် အပ်ရမယ်တဲ့ ။

သာစည် ကျတော့ ဆင်းနေရစ်ခဲ့ကြရရော ။ ဒါပေမယ့် ရုံပိုင်ကြီး က ငါ့ အဖေ မိတ်ဆွေဟောင်း ဖြစ်နေတယ် ။ သည်တော့ ပြေလည်သွားတယ် ။ သာစည် ရောက်တာနဲ့ ညနေ စောင်းနေပြီ ။ ပြဿနာ ပြေလည်ပြီးတာနဲ့ ပဲ မိတ္ထီလာ ကို ကား နဲ့ ခရီးဆက်ကြရတယ် ။

မိတ္ထီလာ မှာက မိသက် တို့ အဒေါ် ရှိလို့ တော်သေးတယ် ။ အဲသည် အိမ်မှာပဲ ရေမိုးချိုးပြီး ထမင်း ထွက် စားကြတယ် ။ ထမင်းစားပြီး မိတ္ထီလာ ကန်ဘောင်ဘေးမှာ လမ်းလျှောက်ကြတယ် ။ သည် အချိန်ထိလည်း ငါ နဲ့အောင်သိန်း မပြေလည်ကြဘူး ။ ရထားပေါ်မှာတုန်းက လိုပဲ ။ ငါ နဲ့ ဒိုးကလေး က တတွဲ ။ အောင်သိန်း နဲ့ ကောင်မသုံးကောင် က တတွဲ ။

နောက်တနေ့ မနက် ငါးနာရီ ထွက်တဲ့ ပထမဆုံး ကားနဲ့ တောင်ကြီး ကို ဆက်တက်ခဲ့ကြတယ် ။ ဂျစ်ကားပေါ်မှာ ပါလာတဲ့ ခပ်ရွယ်ရွယ် အကောင် နှစ်ယောက် က ငါတို့ ဘာတွေလဲ ဆိုတာကို ရိပ်မိတယ် ထင်ပါရဲ့ ။

ငါတို့ မှာ အတောင်ပံ လဲ ပါတာ မဟုတ်ဘူး ။ အမြီးလဲပဲ ပေါက်နေတာ မဟုတ်ဘူး ။ သူလို ကိုယ်လို လူထဲက လူတွေပဲ ။ ဒါပေမယ့် အဲ့သည့် ဒေါင်းမ နဲ့ ဒိုးကလေး က ခပ်ကဲကဲရယ် ။ သည်တော့ ဟိုနှစ်ကောင် က ရိပ်မိတယ် ။ ရိပ်မိတော့ ချိတ်မိရော ဆိုပါတော့ ။

တောင်ကြီး ရောက်တဲ့ အထိ တကောက်ကောက် လိုက်လာကြတယ် ။ အနားကကို မခွာ တော့ဘူး ။ ( ၃၆၉ ) စားသောက်ဆိုင် မှာ ငါတို့ ဆင်းတယ် ။ အဲသည်ကောင် နှစ်ကောင် က လဲပဲ ဆိုင်ထဲ အထိ လိုက်လာတယ် ။

ချိတ်မိတာကတော့ ဒေါင်းမ နဲ့ ဒိုးကလေး ပဲ ။ ဒါပေမယ့် ငါ့ ကို ပို သဘောကျတယ် တဲ့ ။ အောင်သိန်း ကို ချဉ်းကပ် စုံစမ်းတယ် ။ ညအိပ် ခေါ်ချင်တယ် ။ ကြေး ဘယ်လောက် ပေးရမလဲ တဲ့ ။

တယောက် က မျက်ခွက် တခုလုံး ဝက်ခြံဘုတွေ ချည်းပဲ ။ သွားကလဲ ခေါသေးတယ် ။ ဘယ်ဘက်မျက်လုံး ပေါ်က အမာရွတ်ကလဲ အလျား တလက်မ ကျော်တယ် ။ အသားကလဲ မည်းတယ် ။

နောက် တစ်ယောက် ကတော့ မျက်နှာ ဝိုင်းဝိုင်းပြည့်ပြည့် ။ မျက်လုံး ပြူးပြူး ။ နှုတ်ခမ်းထူထူ ။ မျက်မှန် နဲ့ ။ ဟို တယောက်ထက် စာယင် နည်းနည်းတော့ သာတယ် ။ ဒါပေမယ့် ဗိုက်ကလဲ ရွှဲသေး ။ ပုကလဲ ပုသေး ။ မျက်စိထဲ တယ် အကြော မတည့်ချင်ဘူး ။

တယောက် မှတော့ စိတ် မလာဘူး ။

ဒါပေမယ့် ဘော်စာ တော့ ဘော်စာ တွေပဲနဲ့ တူတယ် ။ မှောင်ခို စီးပွားရေးသမားတွေ ဖြစ်နိုင်တယ် ။

အောင်သိန်း ကတော့ ငါ့ ကို ဘယ် ထည့်လိုက်ချင် မလဲ ။ သည်တော့ ငါ ကလဲ အလုပ် မလုပ်ဘူးလို့ပဲ ပြောလိုက်တယ် ။ ပြတ်ကရော ။

အဲ ... ဒေါင်းမ က သူ လိုက်မယ် ပြောတယ် ။ ဈေး စကား ပြောတာကတော့ အောင်သိန်း နဲ့ပဲ ပြောတယ် ။ ညအိပ် သုံးရာ ။ သည် နှစ်ယောက် အပြင် နောက်ထပ် လူ ပို မပါစေရဘူး ။ အောင်သိန်း လက်ထဲ ငွေသုံးရာ ထည့်လိုက်တယ် ။ ဒေါင်းမ ကောက်ကောက်ပါအောင် လိုက်သွားရော ။

စားသောက်တုန်းမှာပဲ နောက်ထပ် ပစ္စည်းတစ်ခု အလုပ် ဖြစ်ပြန်တယ် ။ မိသက် ။ ဈေးကတော့ ဒေါင်းမ လောက် မရဘူး ။ နှစ်ရာ့ငါးဆယ် ။ ညအိပ်ပဲ ။ မိသက် ကလဲ ငွေနှစ်ရာ့ငါးဆယ် ကို အောင်သိန်း လက်ထဲပဲ အထည့်ခိုင်းလိုက်တယ် ။

လုပ်နည်းလုပ်ဟန် ကတော့ အမှန်ပဲ ။ မိန်းကလေးတွေချည့် ဆိုယင် မလွယ်ဘူး ။ အနိုင်ကျင့် ခံရချင် ခံရတတ်တယ် ။ ငွေ ရဖို့ သေချာချင် မှ သေချာမယ် ။ စိုးရိမ်ရတယ် ။ ဘာပဲပြောပြော ယောက်ျား တယောက် မားမားမတ်မတ် ပါတော့ အရေးဆို အားကိုးရတယ် ။

ဒါပေမယ့် အောင်သိန်း ကတော့ ထုံးစံအတိုင်း ဝေစုယူမှာ မဟုတ်ဘူး ။ စေတနာ့ဝန်ထမ်း အထိန်းအကျောင်း ဝင်လုပ်တာ သက်သက် ။

' ချယ်ရီမြေ ' ဟိုတယ် မှာ သွား တည်းကြတယ် ။ ဧည့်ကြိုဌာနမှာ အလုပ် လုပ်တာကိုက မိန်းကလေးတွေ ချည့်ပဲ ။ ပြီးတော့ သည် ဟိုတယ်က စည်းကမ်းကြီးတယ် ။ တောင်ကြီး မှာ အခမ်းနားဆုံး ။ ဈေး ကလဲ အမြင့်ဆုံး ။ တယောက်ခန်း က နှစ်ဆယ့်ငါးကျပ် ။ နှစ်ယောက်ခန်း က ငါးဆယ် ။

အမျိုးသမီး သုံးယောက် နဲ့ အမျိုးသား တစ်ယောက် ဆိုတော့ ဧည့်ကြိုဌာန အမျိုးသမီး ကလဲ သံသယ ရှိပုံ ရတယ် ။ ပြီးတော့ ငါ နဲ့ အောင်သိန်း ကလဲ ကြည်ကြတာ မဟုတ်ဘူး ။ သည်တော့ လူခွဲပြီး တည်းကြတယ် ။

အောင်သိန်း က အောက်ထပ် တယောက်ခန်း မှာ သူ့ ဘာသာ သူ တည်းတယ် ။ ငါ တို့ အမျိုးသမီး သုံးယောက် က အပေါ်ထပ်မှာ နှစ်ယောက်ခန်း ခွဲ တည်းကြတယ် ။

အောင်သိန်း နဲ့ ငါ နဲ့ လင်မယား ဆိုပြီး နှစ်ယောက်ခန်း မှာ တည်းမယ် ဆိုယင်လဲ လွယ်တော့ မလွယ်ဘူး ။ လင်မယား ဖြစ်ကြောင်း ထောက်ခံစာ ပြရမယ် ။ ဒါမှမဟုတ် လက်ထပ်စာချုပ် ပြရမယ် ။ ဘယ်မလဲ ထောက်ခံစာ ။ ဘယ်မလဲ လက်ထပ်စာချုပ် ။

ပြောပြီးပါပကော အညှီ ရှိယင် ယင် အုံ ပါတယ်လို့ ။

' ချယ်ရီမြေ ' ဟိုတည် က စည်းကမ်းကြီးတာတော့ မှန်တယ် ။ ဒါပေမယ့် ငါတို့ ကလဲ ဉာဏ်များတယ် ။ ချိတ်ချိတ်ချင်းတော့ ရအောင် ချိတ်ကြတယ် ။

ရှေ့မှာ က ဧည့်ကြိုဌာန ။ ဧည့်ကြိုဌာန ရဲ့ တဘက်ခန်းမှာ က ဘားခန်း ။ နောက်ဘက် အဆောင်ကြီး ထဲမှာက စားသောက်ခန်း ။

အဲသည် စားသောက်ခန်း ကနေ ညာဘက် အပြင် ထွက်သွားလိုက်တော့မှ ဧည့်သည်တွေ တည်းရတဲ့ နှစ်ထပ်အဆောင် ကို ရောက်တယ် ။

အောက်ထပ်မှာ အစောင့် တယောက် ထားတယ် ။ အပေါ်ထပ်မှာ အစောင့် တယောက် ထားတယ် ။ ည ဆယ်နာရီ ထိုးယင် အဆောင်တံခါးမကြီး ကို ပိတ်လိုက်တယ် ။ ည ဆိုယင် အစောင့် နဲ့ ဧည့်သည် တွေပဲ ရှိတော့တယ် ။

အဲသည်တော့ ကိုယ့် အဆက်အသွယ် နဲ့ ကိုယ် အလုပ် လုပ်ကြတယ် ။ ကိုယ့် ဧည့်သည် ကို ကိုယ့် အခန်းထဲ စောစော သွင်းထားပြီး အခန်းတံခါး ပိတ်လိုက်ယင် ပြီးပြီပဲ ။ အဲသည် ပထမ ညက ငါ လဲပဲ ဧည့်သည် ရတယ် ။ ညစောင့် ကို လက်ဖက်ရည်ဖိုး ငါးဆယ် စုပြီး ပေးလိုက်တယ် ။ ဇေ ပဲ ။

နောက်ည မှာတော့ ဧည့်သည် မရတော့ဘူး ။ ပထမည က ရတဲ့ ဧည့်သည်တွေလဲ မန္တလေး ကို ခရီး ဆက်ကြပြီ ။

ညတံခါး ပိတ်ချိန် ရောက်တော့ ဒေါင်းမ အောက်ဆင်းတာကို ငါ မြင်လိုက်တယ် ။ သည်ကောင်မ အောက်ဆင်းသွားစရာ အကြောင်း မရှိဘူး ။

မသင်္ကာတာနဲ့ ငါ ဆင်းလိုက်သွားတယ် ။ အောင်သိန်း ရဲ့ အခန်းတံခါး လက်ကိုင်ဘုကို လှည့်ကြည့်လိုက်တော့ ဖွင့်လို့ ရတယ် ။ အထဲမှာ အောင်သိန်း အရက်မူးပြီး ပက်လက် အိပ်နေတယ် ။ ကိုယ်ပေါ်မှာ အဝတ်အစား မရှိဘူး ။ ဒေါင်းမ က သူ့ ဘေးမှာ ထိုင်လို့ ။

ငါ့ မျက်စိထဲမှာ ပြာ သွားတယ် ။ ဒါပေမယ့် ငါ့ လဲ မြင်ရော ဒေါင်းမ က ချက်ချင်း ထပြီး ပြန်ထွက်ဖို့ ကြိုးစားတယ် ။

အောင်သိန်း ဆံပင် ကို ငါ ဆောင့်ဆွဲ လိုက်တယ် ။ ပါး ကို ဗယ်ပြန် ညာပြန် ရိုက်ချပစ်လိုက်တယ် ။

ဟင်း ... ဒါက ဘာသဘောလဲ ပြောစမ်းဆိုတော့... ဘာမှ ပြန်မပြောဘူး ။ မျက်လုံး အပြူးသား နဲ့ ငါ့ ကို ကြောင် ကြည့်နေတယ် ။ ဆက်ပြီး လုပ်မိမှာ စိုးလို့ ငါ အပေါ်ထပ်ကို ပြန်တက်ခဲ့ရတယ် ။

နောက်နေ့ ( ၃၆၉ ) စားသောက်ဆိုင် ရောက်ကြတော့ တယောက် တခွန်း စကားများကြ စိတ်ဝမ်းကွဲကြတယ် ။ ဒေါင်းမ နဲ့ မိသက် က တတွဲ လမ်းခွဲ ထွက်သွားတယ် ။

စရိတ် ကလဲ ထောင်း ၊ အလုပ် ကလဲ အဆင်မပြေ ဆိုတော့ နောက်တည အိပ်ပြီး ငါတို့ ပါ ချယ်ရီမြေဟိုတယ် က ပြောင်းလာခဲ့ကြတယ် ။ ဈေးနှုန်း သက်သာတဲ့ မြို့မတည်းခိုခန်း ကို ရောက်ကြတယ် ။

မိသက် နဲ့ ဒေါင်းမ ကတော့ ' မော ' တည်းခိုခန်းကို ရောက်သွားတယ် ။

အဲ ... ကံကောင်းချင်တော့ ညဈေးမှာ ကိုအောင်သိုက် ကို သွားတွေ့တယ် ။ သိတဲ့ အတိုင်းပဲ မစွမ်းရင်းကလဲ ရှိ ၊ ကန်စွန်းခင်းကလဲ ငြိ ဆိုသလိုပေါ့ ။

ကိုအောင်သိုက် က ညအိပ် ခေါ်တယ် ။ အောင်သိန်း က မထည့်ဘူး ။ ငါ က ဇွတ်လိုက်မယ် လုပ်တော့ သူ ကလဲ ဇွတ် တားတယ် ။

ဒိုးကလေး က ကိုအောင်သိုက် ကို ဘာ သွားပြောတယ် မသိဘူး ။ ကိုအောင်သိုက် ရှောင်ထွက်သွားတယ် ။

မြို့မတည်းခိုခန်း လဲ ရောက်ရော အောင်သိန်း နဲ့ ငါ နဲ့ ပွဲကြီး ပွဲကောင်း ပေါ့ ။ သတ်ကြ ပုတ်ကြတဲ့ အထိ ဖြစ်တယ် ။

ငါ က မေးတယ် ။ သည်မယ် ... နင် ဘာ လိုချင်တာလဲ ။ ငွေ လိုချင်တာလား ။ ငွေ လိုချင်တယ် ဆိုယင် အေးအေး နေ ၊ ငါ ရှာပြမယ် ။ နင့် ကို ဖို့သတ်လို့ ရအောင် ရှာပြမယ် ။ အေး ... ဒေါင်းမ ကို လိုချင်တာ ဆိုယင်တော့ ၊ ခုပဲ ' မော ' ကို ပြောင်း ။ နင့် မျက်နှာ ကို ဆက် မကြည့်ချင်ဘူး ။

' နင်ကော ဘာထူးလို့လဲ ၊ ငွေ ရဖို့ ငွေ ရဖို့ ပြောပြီး အဆိပ် တက်တာပဲ မဟုတ်လား ... ဟင် ...' တဲ့ ။ ပြန်ပြောတယ် ။

ငါ သူ့ ပါး ကို ကောင်းကောင်း ရိုက်ပစ်လိုက်တယ် ။

သည် တခါတော့ သူ ကလဲ မခံတော့ဘူး ။ ပြန် ရိုက်တယ် ။ အခန်းထဲမှာ နှစ်ယောက်သား သတ်လိုက်ကြတာ မပြောနဲ့တော့ ။ ငါ ဆိုယင် ကိုယ်ပေါ်မှာ အဝတ် မကပ်ဘူး ။

နောက်နေ့ ... ငါ ရယ် ၊ ဒိုးကလေး ရယ် ၊ ချိုချဉ် ရယ် ... မန္တလေး ကို ဆင်းတယ် ။ မန္တလေး ကနေ ရန်ကုန် ကို ရထား နဲ့ ပြန်ခဲ့တယ် ။

သည်ခရီး တခေါက် ကတော့ မှန်းခြေ မပေါက်ဘူး ။ အိမ်ထောင်ရေးပါ ပျက်လုလု ဖြစ်လာတယ် ။ အောင်သိန်း တောင်ကြီး မှာ သောင်တင် ကျန်ရစ်ခဲ့တယ် ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်

အခန်း ( ၂၂ )

လာချင်ယင်လဲ လာ ။ သဘော ။

လာချင်မှလဲ လာ ။ သဘော ။

စွန့်ခွာချင်ယင်လဲ ရတယ် ။ သဘော ။

တသတ်မတ်တည်းတော့ ကောင်း မနေနိုင်ဘူး ။ တသတ်မတ်တည်းတော့ ပျော့ မနေနိုင်ဘူး ။ ငါ က ပျော့ပြီဟေ့ ဆိုယင်လဲ ဖယောင်း ။ မာပြီဟေ့ ဆိုယင်လဲ သံချောင်း ။ အေး နှလုံးသားမှာတော့ ဒဏ်ရာ ဒဏ်ချက်ကလေးတွေ ရှိလာပြီ ။

ငါ က တေးထားတတ်တဲ့ ကောင်မတော့ မဟုတ်ဘူး ။ ဒါပေမယ့် နှစ်ကြိမ် ရှိပြီ ။ တကြိမ် ကတော့ ဘယ်က ကောင်မ နဲ့မှန်း မသိဘူး ။

ငါ မရှိတုန်း အိမ်ခန်းမှာ ခေါ်အိပ်တာ ။ နောက် အခု တခါတော့ ဒေါင်းမ နဲ့ ။

စိတ်ကလဲပဲ ဘယ့်နှယ့် ပြောင်းလာတယ်တော့ မပြောတတ်ဘူး ။ ဒေါသ ဖြစ်ယင် မျက်စိထဲ ဘာမှ မမြင်တော့ဘူး ။ ဒါပေမယ့် ငါ့ ဒေါသက ကောက်ရိုးမီးပါ ။ ကြာကြာတော့ မခံပါဘူး ။

တခုတော့ ရှိတယ် ။ သိပ်တော့ မကြောနဲ့ ။ ငါ က ကိုယ် နဲ့ ရင်းပြီး ရှာကျွေးနေတယ် မဟုတ်လား ။ အေးအေးဆေးဆေး စားနေ ။

ငါ့ ကို နို့စားနွားမ တကောင် လို သဘောထား ။ ရတယ် ။ ခိုင်းနွား လိုတော့ သဘော မထားနဲ့ ။ ငါ ခံနိုင်မှာ မဟုတ်ဘူး ။ ငါ နဲ့ပေါင်းရလို့ အောင်သိန်း ဘာ နစ်နာသလဲ ။ စားဖို့သောက်ဖို့ အတွက်လဲ သူ မပူရဘူး ။ သွေးသားဆန္ဒ အတွက်လဲ သူ မပူရဘူး ။ သူ ပူရတာ ဘာ ရှိသေးလို့တုံး ။

သူ့ ရည်မှန်းချက် ပန်းတိုင်ကိုကော မရောက်ရလို့လား ။ ကျောင်းပြီးသွားပြီ ။ စာမေးပွဲလဲ အောင်ပြီ ။ အချိန်တန်ယင် အလုပ်ရမှာ ၊ အိမ်ထောင် ကျမှာပဲ ။

ငါ ကတော့ သူ့ အတွက် လှေကားထစ် တထစ်လောက် သဘောရယ်ပါ ။

ရွှေငွေ ပစ္စည်းဥစ္စာ ဆိုတာ ကို ငါ မမက်မောပါဘူး ။ သင်္ခါရ ဘာညာ သိလို့တော့ မဟုတ်ဘူး ။ ဘယ်လိုကြောင့်ရယ် မသိဘူး ။ ငါ့ စိတ်ကကို မခုံမင်တာ ။

အေး ... လမ်းခွဲသွားကြရလို့လဲ လိုက်ပြီး နှောက်ယှက်လိမ့်မယ် မထင်နဲ့ ။ ဝေးသေးတယ် ။

ငလွင် နဲ့ တုန်းက သာဓကတွေ ရှိသားပဲ ။ မပေါင်းချင်တော့ဘူး ဆိုတော့လဲ သဘောပဲ ။ ကွာရှင်းစာချုပ် ကို လက်မှတ်ရေးထိုးပေး ဆိုတုန်းကလဲပဲ သူ့ သဘော အတိုင်းပါပဲ ။ ငါ ဘာတခု တောင်းဆိုခဲ့ဖူးလို့လဲ ။

ခုတခေါက် တောင်ကြီး က အပြန် ငါ့ လက်ထဲ ဘယ်မှာ ငွေ ပါတော့လို့လဲ ။

အဲဟို ညက ရခဲ့တဲ့ ငွေသုံးရာ နဲ့ မုန့်ဖိုး ဆိုပြီး ပေးခဲ့တဲ့ ငွေ အစိတ် ပဲ ပါတယ် ။ အဲသည် ငွေ တောင် သူ့ လက်ထဲ အပ်တော့မယ့် ဆဲဆဲ ။ စကား များကြ ပြီးတဲ့ နောက် မပေးဖြစ်တော့ဘူး ။ အဲဒါကလေး စရိတ် လုပ်ပြီး ပြန်ခဲ့ရတာပဲ ။

ငါ ရှာတာပဲ ဆိုပြီး ချွေတာဖို့ ငါ့ ပါးစပ်က မဟခဲ့ဖူးဘူး ။ ငွေ တောင် သူ့ လက်ထဲ ပုံ အပ်ထားမှပဲ ။ သူ့ သဘောပါ ။ သုံးချင်သလို သုံး ။ ဖြုန်းချင်သလို ဖြုန်း ။ ငါ မပြောခဲ့ဘူး ။

အမှန်အတိုင်း ပြောရယင် ငါ့ သဘောကတော့ အသုံးအစွဲ မကျစ်လစ် နိုင်ယင်တောင် ဖွာလန် မကြဲစေချင်ဘူး ။ စုဆောင်းစေချင်တယ် ။

နာမကျန်း ဖြစ်တဲ့အခါ ဘယ်သူ့ သွား အားကိုးရမှာလဲ ။ ကိုယ့် မှာ မရှိယင် ခက်မယ် ။

ဒါပေမယ့် ငါ့ ဝမ်းထဲ မှာပဲ ထားတယ် ။

အေး ... ကောင်းရောင်းကောင်းဝယ် လုပ်စားရအောင် မောင် ရယ် ... ဆိုတဲ့ စကားမျိုးလောက်တော့ ငါ ပြောပြခဲ့မိတယ် ။ ရေနံသာလမ်း အခန်းကိုပဲ ငါ ပြန်တယ် ။ စပေါ်ငွေလဲ ပြန် မတောင်းတော့ဘူး ။ တောင်းလဲ ပြန်ရမှာ မဟုတ်ဘူး ။

သည်တော့ ပစ္စည်းကလေးတွေ ယူပြီး ငါ့ အမေ အိမ် ဆင်းမယ်ပေါ့ ။

သိမ်းဆည်းနေတုန်း မှာပဲ အောင်သိန်း ရောက်လာတယ် ။ အံ့ရော ။ ငါတို့ နောက်က ထပ်ကြပ် လိုက်လာတာ ကိုး ။ တ ရထား တည်း အတူတူ ပါလာတာတောင် ငါ မသိဘူး ။

ငါ့ စိတ်ကလဲ တမျိုး ။ အခုလို လိုက်လာပြန်တော့လဲ မတောင်းပန်ခင် ကတည်းက ခွင့်လွှတ်ချင် နေပြန်ပြီ ။

ဖြစ်ခဲ့တဲ့ အကြောင်းတွေ နှစ်ယောက်စလုံး ဘယ်သူမှ ပြန် မပြောကြဘူး ။ အစ ပြန်မဖော်ကြဘူး ။ ဘာမှ မဖြစ်ခဲ့ကြတဲ့ အတိုင်းပဲ ။ ပစ္စည်းတွေ ပြန်ထားပြီး ရေမိုးချိုးတယ် ။ ရုပ်ရှင် ကြည့်ရအောင် မြို့ထဲ ထွက်လာခဲ့ကြတယ် ။

◾မောင်သာရ

📖ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment